Pages

Friday, July 30, 2010

“မောင်ဖြူရဲ့ မေ့တတ်ပုံကလဲ တော်တော်ဆိုး”

တစ်ခါက ရွာတစ်ရွာတွင် မောင်ဖြူအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်။ သူ၏ ငယ်စဉ်ကတည်းက မေ့တတ်သော အကျင့်သည် ယခုအိမ်ထောင်ကျသည့်အထိ မပျောက်သေးပေ။ တစ်နေ့ မှောင်မိုက်သော ညတစ် ည၀ယ် သူသည် အခြားရွာ၌ ပွဲကြည့်ရန်အလို့ငှာ တစ်ယောက်တည်း ထွက်လာခဲ့လေသည်။ ပွဲကြည့်လိုဇောဖြင့် ထွက်လာခဲ့ရာ ရေကိုပင် မချိုးခဲ့ရပေ။လမ်းတွင် အလွန်အင်မတန်မှ ကြည်လင်အေးမြသော ရေမြောင်းတစ်ခုကို တွေ့ရာ ရေဆင်းချိုးလိုက်လေသည်။ ရေချိုးပြီးနောက် မောင်ဖြူသည် ပွဲခင်းဆီသို့ သုတ်ခြေတင်ခဲ့လေသည်။ ပွဲခင်းသို့ရောက်သောအခါ မောင်ဖြူတစ်ယောက်ဇာတ်စင်နားတွင် ရပ်နေလေသည်။ သူသည် ဇာတ်စင်နား ရောက်သည်နှင့်တစ်ပြိုင်နက် ပွဲကြည့်ပရိသတ်သည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ ပရိသတ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသောအခါ မောင်ဖြူစဉ်းစားလိုက်သည်ကား
“ယနေ့ ပရိသတ်ဟာ ရုတ်ရုတ်သဲသဲနဲ့တော့ ပွဲတော့ဆူလိမ့်မယ်နဲ့တူ”ဟု အကြံဖြစ်ကာ ဇာတ်စင်ပေါ်သို့ တက် သွားလေသည်။ မောင်ဖြူတစ်ယောက်ဇာတ်စင်ပေါ်ရောက်သွားသောအခါမှ ပရိသတ်သည် ပိုမိုရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။ ဤတွင် မောင်ဖြူစဉ်းစားလိုက်မိသည်ကား
“ဒီနေ့ ပရိသတ်ရုတ်ရုတ်သဲသဲနဲ့တော့ ပွဲတော့ တကယ်ဆူမှာ ရန်တွေဖြစ်ကြမှာ သေချာတယ်၊ အိမ်ပြန်တာပဲ ကောင်းတယ်”ဟု လမိုက်မိုက် အိမ်ကို ပြန်လာခဲ့လေသည်။ သူအိမ်ရောက်သောအခါ ဇနီးဖြစ်သူသည် တံခါးကို ပိတ်ကာ အိပ်ယာဝင်နေပြီဖြစ်သည်။ သို့ဖြစ်သဖြင့် မောင်ဖြူသည် တံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်ရသည်။ ထိုအခါမှ ဇနီးဖြစ်သူသည် နိုးလာကာ တံခါးကို လာဖွင့်ပေးလေသည်။ တံခါးဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုက်နှင့် သူမ၏ ယောင်္ကျား၏ အဖြစ်ကို တွေ့လိုက်ရသော ဇနီးဖြစ်သူသည် ခွက်ထိုးခွက်လန် ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ မောင်ဖြူသည်ကား
“ဒီမိန်းမ ငါက ပွဲမကြည့်ခဲ့ရလို့ စိတ်တိုလာတာ၊ နင်က ငါ့ကို ကြည့်ပြီး လှောင်နေတယ်ပေါ့လေ”ဟု စိတ်ဆိုးသွား လေသည်။ သူသည်
“ဒီလောက်တောင်ရှိလှတဲ့မိန်းမ အားရှိပါးရှိရိုက်လိုက်အုံးမယ်” ဟု ပုဆိုးကို ခါးတောင်းကြိုက်ရန် ပြင်လိုက်သော အခါမှ မောင်ဖြူတစ်ယောက်အဖြစ်မှန်ကိုသိလိုက်ရသည်။ သူ၏ ခါးမှာ ပုဆိုးမပါ ကိုယ်တုံးလုံးချည်ဖြစ် နေလေတော့သည်။ ထိုအခါမှ အဖြစ်မှန်ကို သိကာ ရှက်ရှက်နှင့် အိမ်နောက်ခန်းသို့ ၀င်ပြေးလေတော့သတည်း။ အကယ်စင်စစ် ပုဆိုးသည်ကား သူရေချိုးသော ရေမြောင်းအနီးတွင် မေ့ကျန်နေခဲ့လေ၏။ ပုဆိုးဝတ်ဘို့ရန်ပင် မေ့နေလေသည်။ ပုဆိုးမပါပဲ ပွဲသို့ သွားသော မောင်ဖြူ၏ အဖြစ်သည်ကား တွေးကြည့်လေ ရယ်စရာကောင်း လေပါ။(ကြာနီကန်ဆရာတော်၏ တရားမှ)

“အော် ဒီလောက်တောင် မေ့လည်းမေ့တတ်ပါပေ မောင်ဖြူရယ်၊” ဒါကြောင့်လည်း မြတ်ဗုဒ္ဓက ပရိနိဗ္ဗာန်စံ ခါနီးတွင် “မမေ့မလျှော့ မပေါ့မဆ ထက်သန်သော သတိတရားဖြင့် ကုသိုလ်ကောင်းမှုတရားတို့ကို ပြုကာ နေရစ် ကြကုန်လော့ ချစ်သားတို့”ဟု သူ၏ တပည့်သားများကို နောက်ဆုံးသြ၀ါဒစကားကို မိန့်ကြားတော်မူခဲ့ခြင်းပေ သည်။ သတိတရားသည်ကား ပိုသည်မရှိ အမြဲတမ်းလိုနေသည်သာဖြစ်သည်။ မြတ်ဗုဒ္ဓက
“သတိရှိခြင်းသည် မသေရာနိဗ္ဗာန်သို့ ရောက်ရာ ရောက်ကြောင်းနည်းလမ်းကောင်းပါပေတည်း။ သတိမေ့ လျှော့ခြင်းသည်ကား သေခြင်းတရားဆီသို့ သွားရာလမ်းကြောင်းပါပေတည်း။ မမေ့မလျှော့သတိရှိကြသော သူတို့သည်ကား မသေတော့ပေ။ သတိမရှိကြသော သူတို့သည်ကား သေသော သူများကဲ့သို့ ဖြစ်ကြပါပေကုန်၏။
သတိတရားသည်ကား အဆုံးတွင် ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန် နိဗ္ဗာန်ကိုပင် ပို့နိုင်ပါပေ၏။ အဘယ်သို့ ပို့နိုင်ပါသနည်းဟူမူကား မိမိ၏ ခန္ဓာကိုယ်ကို သတိမပြတ်စောင့်ကြည့်မည်ဆိုလျှင် ခန္ဓာကိုယ်၏ ဖြစ်မှု ပျက်မှု သဘောတရားတို့ကို သိမြင်ကာ၊ သဘောမှန်ကို သိမြင်မှန်သော ယထာဘူတဥာဏ်၊ ခန္ဓာကိုယ်၏ ဖြစ်ပျက် သဘောတို့ကို ရွံမုန်းသော နိဗ္ဗိန္ဒဥာဏ်၊ ဖြစ်ပျက်ဆုံးသွားသော မဂ်ဥာဏ်တို့ကို ရရှိမည်ဖြစ်ပေသည်။ စာရှုသူ အပေါင်း သတိရှိပြီး နိဗ္ဗာန်သို့ ရောက်နိုင်ကြပါစေသတည်း။

Tuesday, July 27, 2010

“နံရံကပ်စာ”

တစ်ခါက မြန်မာပြည်အထက်ပိုင်းတွင် ဘုတလင်ဟုအမည်ရသော ရွာကြီးတစ်ရွာရှိလေသည်။ ထိုရွာ၏ ဂုဏ်သ တင်းသည်ကား အလွန်အင်မတန်မှ မွှေးလှပါပေ၏။ ထိုဂုဏ်သတင်းမွှေး၏ဟူသည်ကား အဘယ်နည်း? ထိုရွာ အနီးတွင် နွားပျောက်သွားပါက ပြန်မရှာလေနှင့်၊ ရှာပါက မောရုံသာအဖတ်တင်မည်။ရေထဲကို လွှတ်လိုက်သော စူဠလိပ်ကို ပြန်ရကောင်း ရနိုင်ပါပေ၏။ ကျောက်ခဲကို ညှစ်၍ အဆီထုတ်ပါက ရကောင်း ရနိုင်ပါပေရာ၏။ ထို ရွာအနီးတွင် ပျောက်သွားသော နွားကို ပြန်ရရန် မလွယ်ကူတော့ပေ။ အဘယ့်ကြောင့်နည်းဟူသည်ကား ရွာသား များသည် ထိုနွားကို သတ်၍ ရွာအတွင်းဝယ် ဝေမျှစားလိုက်သောကြောင့်ပေတည်း။ ရွာ၌ အလေ့အထ တစ်ခုရှိ သည်။ မကောင်းမှုလုပ်လျှင် အတူတကွပြုလုပ်လေ့ရှိကြသည်။ ရလာသော အကျိုးဆက်ကိုလည်း အတူတကွခံစားကြသည်။ ထို့ကြောင့် သူတို့ပြုလုပ်လေ့ရှိသော မကောင်းမှုသည် ဘယ်သောအခါမှ ပေါ်သည်ဟူ၍ မရှိပေ။ ရွာ၏ ၀န်းကျင်တွင် သစ်ပင်ကြီးများ၊ရေချိုးရန် ရေဆိပ်များ၊ နားခိုစရာဇရပ်တို့ဖြင့် ပြည့်စုံနေသောကြောင့် အကြောင်းမသိသော အဝေးမှရောက်လာသော ခရီးသည်များအတွက် နားခိုလိုစိတ်ဖြစ်ပေါ်မည်မှာ မလွဲပေ။ အ ကြောင်းသိခရီးသည်များကတော့ မိုးချုပ်နေ၀င်သည်နှင့်တစ်ပြိုင်နက် ထိုရွာအနီးအနားကိုပင် ဖြတ်မသွားရဲ တော့ပေ။ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးကပင် ရှောင်ကြဉ်ကြလေ၏။ တစ်နေ့သော နွေခေါင်ခေါင် နေ့လည် ခင်းတွင် အဝေးမှ ခရီးသည်တစ်ယောက်သည် လှည်းမောင်းကာ ထိုရွာအနီးသို့ ရောက်ရှိလာလေသည်။ အလွန် အင်မတန်မှ ဝေးသော ခရီးမှ လာရောက်ခဲ့ရသည့်အတွက် အလွန်အင်မတန်မှ ပင်ပန်းလာသည်။ ရေချိုးရန် အနားယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သစ်ရိပ်ကောင်းသော သစ်ပင်ကြီးအောက်၌ သူ၏ နွားလှည်းကို ရပ်လိုက်သည်။ စမ်းချောင်းတွင် ရေးဆင်းချိုးသည်။ ထို့နောက် သစ်ပင်အောက်တွင် ဖျာခင်းကာ တရေးတမောအိပ်လိုက်သည်။ တစ်နာရီခန့်ကြာမည်ထင်၏။ အိပ်ယာမှ နိုး၍ ကြည့်လိုက်သောအခါ သူ့၏ နွားနှစ် ကောင်မရှိတော့ပေ။ နွားလှည်း၏ ဒေါင့်ကို ဖြုတ်ကာ နွားနှစ်ကောင်လုံး အခိုးခံလိုက်ရလေသည်။ ရွာလူကြီးကို အကူအညီတောင်းသော်လည်း ဘယ်လိုမှ ရရန်လမ်းစ မမြင်တော့ပေ။ အဆုံးမတော့ သူသည် ထိုရွာ၏ ရွာထိပ် ဇရပ်တွင် စာရေးကာ ကပ်သွားလေသည်။ ထိုစာသည်ကား
“ရွာတစ်ကာတွင် ဘုတလင်
ဝင်သာဝင် မအိပ်နဲ့
အိပ်သာအိပ် မမှိတ်နဲ့
မှိတ်သာမှိတ်မပျော်နဲ့
ပျော်လျှင်ဒေါက်ဖြုတ်နွားခိုးတတ်သတည်း” ဟူ၍ပင် ဖြစ်သတည်း။
ဇရပ်တွင် စာရေးကပ်သွားမှုနဲ့ပတ်သက်လာသဖြင့် ဆက်နွယ်မှုအဖြစ်အပျက်ပုံပြင်တစ်ပုဒ်ကို ဖော်ပြပေအံ့။
တစ်ခါက ရွာတစ်ရွာရှိလေသည်။ ရွာ၏ ထိပ်တွင် အဝေးမှ ဧည့်သည်များ တည်းခိုနိုင်စေရန်အလို့ငှာ ဇရပ်တစ် ဆောင်ကို တည်ဆောက်ထားလေသည်။ တစ်နေ့ ငမှုံဟုအမည်ရသော ဧည့်သည်တစ်ယောက်သည် ထိုဇရပ် တွင် ၀င်ရောက်တည်းခိုလေသည်။ဇရပ်တွင် ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ရာ နံရံတွင် ရေးထားသော စာတမ်းကို တွေ့ရှိလေတော့သည်။ စာတမ်းသည်ကား
“သတိ, နှုတ်ခမ်းမွှေးရှည်သောသ၊ူ ဆေးလိပ်တိုကို မသောက်နဲ့၊
ဆေးလိပ်တိုကို သောက်က နှုတ်ခမ်းမွှေးကို မီးလောင်တတ်သည်”ဟူ၍ပင် ဖြစ်သတည်း။ထိုစာကို ဖတ်ပြီးသော အခါ ငမှုံသည် စိတ်တိုသွားသည်။ သူသည် ဆေးလိပ်လည်း သောက်တတ်သည်။ နှုတ်ခမ်းမွှေးကလည်း ရှည်နေ လေသည်။
“ဒီစာက ငါ့ကို စောင်းရေးတာပဲ၊ ဘယ်ကောင်ရေသွားတယ်မသိ၊”ဟူ၍ပင် အတွေးဝင်လာသည်။ ထို့ကြောင့် စိတ် တိုတိုဖြင့် ဆေးလိပ်တိုကို မီးညှိကာ
“နှုတ်ခမ်းမွှေရှည်တယ်ကွာ၊ ဆေးလိပ်တိုကို မီးညှိသောက်တယ်ကွာ၊ ဘာဖြစ်လဲ၊”ဟုဆိုကာ ဆေးလိပ်တိုကို မီးညှိကာ သောက်လိုက်လေသည်။ မကြာလိုက်ပါ။ သူ၏ နှုတ်ခမ်းမွှေး မီးလောင်းသွားလေသည်။ ထိုအခါမှ ငမှုံ သည် အထက်ပါစာတမ်း၏ အောက်တွင် သူ၏ ကိုယ်တွေ့အတွေ့အကြုံကို အခြေခံကာ
“မယုံမရှိနဲ့ ငမှုံကိုယ်တွေ့”ဟူသော စာသားကို ဆက်လက်ရေးသားလိုက်လေသည်။ နှစ်ရပ်ပေါင်းသော်
“သတိ, နှုတ်ခမ်းမွှေးရှည်သောသူသည် ဆေးလိပ်တိုကို မသောက်နဲ့၊
ဆေးလိပ်တိုကို သောက်က နှုတ်ခမ်းမွှေးကို မီးလောင်တတ်သည်၊
မယုံမရှိနဲ့ ငမှုံကိုယ်တွေ့”ဟူ၍ပင် ဖြစ်သတည်း။



Monday, July 26, 2010

"The Full Moon Day of Vaso"

The full moon day of Vaso is one of the most important days for Buddhists. We Buddhists regard this day
as the auspicious and noble day. Why do we Buddhists regard this day as the auspicious and noble day?
It has four reasons:
(1) On this day Queen Mahamaya was pregnant with Bodhisatta(Bu Yar Laung),
(2) On this day Siddhattha Bodhisatta went to the forest to search for the truth for His own sake or convenience but for the sake of suffering humanity,
(3) On this day the Buddha preached Dhammacakkapavattana Sutta Deva(gods) and Brahma leading His five friends, sush as Koddanna, Vappa, Baddaya, Mahanan, and Assaji and,
(4) On this day Buddhist monks go into the rains retreat.
That’s why we Buddhists regard this day as the auspicious and noble day.
On this special day, Buddhists offer food, shelter, robes and medicines to the monks whom are going into the rains retreat. And then, on this day, Buddhists offer food, fragrant sticks, candles, water, flowers, cakes,various kinds of fruit, golden robes and so on and so forth to pagodas and the images of the Buddha.
Some Buddhist count beads and practice meditation by honouring the Buddha on this day. I admonish all Buddhists “Please do good deeds from this day onward.
I conclude my Dhamma message while I wise “May my Dhammafellows who pay a visit to my site be the noble persons who can support the Buddha’s Sasana and finally attain Nibbana which is free from suffering!
With infinite Metta
A Shin Javana

Saturday, July 24, 2010

“ဇင်ယော်တွေကွာ”

တစ်ခါက ပင်လယ်ကမ်းခြေအနီး ရွာတစ်ရွာတွင် ဇနီးမောင်နှံနှစ်ယောက်တို့ရှိကြလေသည်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အလွန်အင်မတန်မှ ချစ်ခင်ကြသည်။ “မောင်တစ်ထမ်း မယ်တစ်ရွက်” တက်ညီလက်ညီဖြင့် လုပ်ကိုင်စားသောက်ခဲ့ကြလေသည်။

တစ်နေ့သော ညချမ်းအချိန်ဝယ် သူတို့ သည် တစ်နေတာ ပင်ပန်းမှုများပြေပျောက်စေရန်အလို့ငှာ ပင်လယ် ပြင်သို့ လမ်းလျှောက်ထွက်ကြလေသည်။သူတို့သည် ပင်လယ်ပြင်မှ ဖြတ်ကာ တိုက်ခတ်လာသော လေအေးများ ကို တစ်ဝကြီးရှုရှိုက်ကြသည်။ ထိုစဉ် ဇနီးသည်ဖြစ်သူသည် ပင်လယ်ထဲတွင် ပျော်ပါးနေသော ငှက်ကလေးများ ကို မြင်သောအခါ
“မောင်ရယ် အဲဒီငှက်ကလေးတွေက ဘာငှက်ကလေးတွေကွယ်”ဟု မေးလေသည်။ထိုအခါ ခင်ပွန်းသည် ယောင်္ကျားက
“အချစ်ရယ် အဲဒီငှက်ကလေးတွေက ဇင်ယော်ငှက်ကလေးတွေပေါ့ကွယ်”ဟု ကြင်နာသော ကရုဏာသံပါသော လေသံဖြင့် ဖြေကြားလေသည်။ ဒီလိုနှင့် ဇနီမောင်နှံနှစ်ယောက်တို့သည် ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်လာကြ သည်။နှစ်အနည်းငယ်ကြာပြီးနောက် ထိုဇနီးမောင်နှံတို့သည် လမ်းလျှောက်ထွက်ဖြစ်ခဲ့ကြပြန်သည်။ ဇနီးဖြစ်သူ သည် ဇင်ယော်ငှက်ကလေးတွေကိုမြင်သောအခါ
“ဘာငှက် ကလေးတွေလဲ မောင်ရယ်”ဟု မေးပြန်လေသည်။ ခင်ပွန်းယောက်ျားသည်လည်း
“ဇင်ယော်ငှက်ကွာ၊ဇင်ယော်ငှက်ကွာ”ဟုစိတ်တိုစွာဖြေလိုက်လေသည်။ ခင်ပွန်းသည်ယောက်ျား၏ လေသံသည် ပထမဖြေသောလေသံနှင့် မတူတော့ပေ။ အနည်းငယ် ကြမ်းတမ်းလာ၏။ ဒီလိုနှင့် ဇနီးမောင်နှံနှစ်ဦးတို့သည် ပေါင်းသင်းလာခဲ့ရာ
ကလေးနှစ်ယောက်ပင်လာရခဲ့လေပြီ။ ကလေးများရပြီးနောက် တတိယအကြိမ်မြောက် ပင်လယ်ကမ်းခြေသို့ လမ်းလျှောက်ထွက်ခဲ့ကြပြန်သည်။ ထိုအချိန်အတွင် ဇင်ယော်ငှက်ကလေးများသည်လည်း အုပ်စုလိုက် ပျံသန်း နေကြသည်။ အစာရှာနေကြသည်။ ထိုငှက်ကလေးများကို မြင်သောအခါ ဇနီးဖြစ်သူက
“မောင်ရယ် ငှက်ကလေးတွေ တစာစာနဲ့အော်နေတာ ဘာငှက်ကလေးတွေလဲကွယ်”ဟု တတိယအကြိမ် မြောက်မေးရာ ယောက်ျားဖြစ်သူက
“ခွီးမှပဲ ဇင်ယော်ငှက်ကွာ၊ ဇင်ယော်ငှက်ကွာ”ဟု ဆဲဆိုပြီး ဖြေဆိုလိုက်လေတော့သတည်း။

ရခါစတွင်တော့ ပထမအဖြေသည်ကား“ဇင်ယော်ငှက်ကလေးတွေပေါ့ အချစ်ရယ်”တဲ့၊ ပြာသကာကပင် အရှုံး ပေးရပေမည်။ အလွန်ပင် ချိုမြိန်လှပေသည်။ “ဇင်ယော်ငှက်ကွာ၊ဇင်ယော်ငှက်ကွာ၊” ဒုတိယအကြိမ် မြောက်ဖြေ ဆိုလိုက်သောအသံသည် အနည်းငယ်ကြမ်းတမ်းလာသည်။ ပထမအဖြေကဲ့သို့ နူးညံ့သိမ်မွေ့မှုမရှိတော့ပေ။ အချိုဓာတ်တွေပျောက်သွားပေသည်။ တတိယအဖြေသည်ကား “ခွီးမှပဲ ဇင်ယော်ငှက်ကွာ၊ ဇင်ယော်ငှက်ကွာ၊”ဟု ကြမ်းတမ်းမှုအပြင် ဆဲဆိုမှုများပင် ပါလာလေသည်။
လင်ချစ်မယားချစ်သည်ကား တစ်ထောင့်ငါးရာ (၁၅၀၀) ကိလေသာမေတ္တာအချစ်ပင်ဖြစ်သည်။ ကိလေသာ အချစ်သည်ကား ပူပန်စေတတ်နှိပ်စက်တတ်သော အချစ်ပင်ဖြစ်သည်။ ထိုအချစ်သည် မခိုင်မြဲပေ။ ရှေးပညာရှိ များသည်ကား (၁၅၀၀)မေတ္တာအချစ်ကို မြေသားကို လုံးထားသော လောက်စာလုံးနှင့် နှိုင်းယှဉ်ထားပေသည်။ လောက်စာလုံးသည် လေဒဏ် မိုးဒဏ်မခံရသရွေ့ မပျက်စီးပေ။ သို့သော် လေဒဏ်မိုးဒဏ်ခံလိုက်ရလျှင်ကား ကြေမွပျက်စီးသွားပေသည်။ထိုနည်းတူစွာ(၁၅၀၀)မေတ္တာချစ်သည်လည်း လောကဒဏ်တရားတွေနှင့် ကြုံကြိုက် လာရသောအခါ ပျက်စီးသွားရလေ၏။ခိုင်မြဲခြင်းမရှိပေ။
နောက်တစ်နည်းမေတ္တာသည်ကား(၅၂၈)သွယ်မေတ္တာပင်ဖြစ်သည်။ ယင်မေတ္တာတရားသည်ကား မိဘနှင့်သား သမီးကြားအချစ်မျိုး၊ မောင်ချစ်နှမချစ် အချစ်မျိုးကိုဆိုသည်။ ထိုချစ်ခြင်းကို ရှေးပညာရှိများက ကျောက်ပေဒိုး ဖြင့်နှိုင်းထားသည်။ ကျောက်ပေဒိုးသည် လေဒဏ်မိုးဒဏ်ဘယ်လောက်ပင် ခံရသော်လည်း ပျက်စီးမသွားပေ။ ထို နည်းတူစွာ မိဘနှင့် သားသမီးအကြားချစ်ခြင်း၊ မောင်ချစ် နှမချစ် (၅၂၈)သွယ်မေတ္တာသည်ကား ဘယ်လိုပင် လောကဒဏ်တွေနှင့် ရင်ဆိုင်ရသော်လည်း ပျက်ပျယ်မသွားပေ။ အလွန်အင်မတန်မှ ခိုင်မြဲလှပါပေသည်။ လူသားတိုင်း ဤ(၅၂၈)သွယ်သော မေတ္တာတရားဖြင့် တစ်ဦးပေါ်တစ်ဦး ကျင့်သုံးနေထိုင်ကြမည်ဆိုလျှင်ဖြင့် လောကကြီးသည် ငြိမ်းချမ်းသာယာသွားမည်မှာ ဧကန်စင်စစ်ဖြစ်ပါပေသည်။ လူသားတိုင်း စစ်မှန်သော မေတ္တာ တရားကို ကျင့်သုံးနိုင်ကာ ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို ဖန်တီးနိုင်ပါစေသတည်း။ စစ်မဲ့ကင်းသော ကမ္ဘာ ကြီးကို ဖန်တီးနိုင်ပါစေသတည်း။

၁၅ဝဝ-ကိလေသာ တစ်နည်း ၁၅၀၀ မေတ္တာ မြှောက်ပွားပုံကို ဤသို့သိလေ။
''နာမ် တေပညာသ (၅၃)၊ နိပ္ဖန္နရုပ် (၁၈)၊ လက္ခဏရုပ် (၄)၊ ယင်းတို့ကိုပေါင်းသော် နာမ်ရုပ်ပေါင်း
၇၅-ပါး ရသည်။ ယင်းကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့်မြှောက် (၁၅ဝ) ရသည်။ ယင်းကို
ကိလေသာ ၁ဝ-ပါးနှင့်မြှောက်သော် (၁၅ဝဝ) ဖြစ်သည်။

ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ။ ။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၁၃။ ဋ္ဌ။ ဒု-အုပ်။ ၂ဝ၇။
မေတ္တာစစ် မေတ္တာမှန်များ၊ အနောဓိသ မေတ္တာ ၅-ပါး၊ သြဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂-
ပါးကိုတည်၊ အဝေရာဟောန္တု , အဗျာဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရ န္တု,
၎-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊ ယင်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈ဝ-ဖြစ်၏။ ယင်း
၄၈-နှင့် ၄၈ဝ-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။


Thursday, July 22, 2010

“ရတနာလေးပါးရှိခိုးကြရအောင်”

ဤပုံပြင်လေးသည် မိမိ သထုံမြို့ ဟိတကာရီကျောင်းတိုက်၌ ပညာသင်ကြားစဉ် တွေ့ကြုံရသော အဖြစ်အပျက် ကလေးပါပေတည်း။ သထုံမြို့တွင် ဟိတကာရီစာသင်တိုက်သည် နာမည်ရှိသော စာသင်တိုက်တစ်တိုက်ဖြစ် သည်အားလျှော်စွာ ဒါယကာ+ဒါယကာမများသည် အလွန်ပင်ကြည်ညိုကြလေသည်။ မိမိတို့သည် ဆွမ်းစာ ကွမ်းစာကို မပြတ်တမ်းလိုက်နေခဲ့ရသည်။ အထူးအားဖြင့် မန္တလေးမြို့ တောင်ပြုံးပွဲကြီးနီးလာပြီဆိုလျှင် ဆွမ်းစား ကွမ်းစားများကို ပိုမိုကြွကြရလေသည်။အဘယ်ကြောင့်ဆိုသော် သထုံမြို့မှ နတ်ကတော်များ၊ အခြောက်များ သည် တောင်ပြုံးပွဲတွင် သူတို့၏ လုပ်ငန်းကိစ္စများအဆင်ပြေစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် သံဃာတော်များ ကို ပင့်၍ ဆွမ်းကပ်လေ့ရှိကြသည်။

တစ်နေ့ မိမိသည် လမ်းမတော်ကျောင်းဆရာတော် ဦးမာလာ, သူ၏ တပည့်တော်သုံးပါးတို့နှင့်အတူ နတ်ကတော် အိမ်တစ်အိမ်သို့ ဆွမ်းစားကြွခဲ့ရသည်။ ထိုအိမ်သို့ ရောက်ပြီဆိုသည်နှင့် ဆွမ်းဒါယကာ+ဆွမ်းဒါယကာမများ သည် ဆရာတော်ဦးမာလာထံမှ သီလယူရန် သံဃာတော်များထံသို့ စုဝေးရောက်ရှိလာကြလေသည်။တရား နာပရိသတ်များ စုံသောအခါ နတ်ကတော် ဆွမ်းဒါယကာမကြီးက
“ကဲ ကဲ ရတနာလေးကို ညီညီညာညာ ရှိခိုးကန်တော့ကြပါစို့ရှင်”ဟု တရားနာပရိသတ်ကို တိုက်တွန်းလေသည်။
ဤတွင် ဆရာတော်မာလာက သီလမပေးသေးမူ၍
“ဒကာမကြီး ရတနာသုံးပါးရှိတာ ဘယ်ကရတနာတစ်ပါးက တိုးလာတာလဲ ဒကာမကြီးရဲ့”ဟု မေးလေသည်။ ထိုအခါ ဒါယကာမကြီးက
“ဆရာတော်ကလဲ တပည့်တော်တို့က တောင်းပြုံးအရှင်နှစ်ပါး၊ ကိုကြီးကျော်၊ ဦးရှင်ကြီးစသော ပုဂ္ဂိုလ်တို့ကိုလည်း ရတနာတစ်ပါးအဖြစ်သတ်မှတ်ထားတယ်ဘုရား၊ ဒါကြောင့် ရတနာလေးပါါးလို့ ဆိုပါတယ်ဘုရား”ဟု လျှောက် ထားသောအခါ ဆရာတော်က
“ဒကာမကြီး ဘုရားစကားတော်တွေကို မဖျက်ပါနဲ့၊ ရတနာဆိုတာ ဘုရား တရား သံဃာလို့ သုံးပါးရှိတာပါ၊ မြတ်ဗုဒ္ဓ၀ါဒက ဒကာမကြီးပြောတဲ့ နတ်တွေကို ရတနာလို့မသတ်မှတ်ဘူး ၊ ဒကာမကြီးသူတို့ကို ပူဇော်လိုက ပူဇော်နိုင်တယ်၊ ရတနာလုပ်ပြီးကိုးကွယ်လို့မရပါဘူး၊ နောက်ကို အဲဒီလို ဘုရားစကားတော်တွေကို မဖျက်စီးပါနဲ့ ဒကာမကြီး”ဟု သြ၀ါဒပေးလေ၏။ လူကြားသူကြားတွေ သြ၀ါဒအပေးခံရသော နတ်ကတော် ဆွမ်းအမကြီးသည် မျက်နှာများနီရဲကာ ရှက်သွားလေသည်။ စကားကိုပင် ကောင်းကောင်းမပြောနိုင်ရှာတော့ပေ။ မိမိတို့သည်လည်း ခပ်သုတ်သုတ်ဆွမ်းစားကာ ပြန်ကြွလာခဲ့ကြရလေတော့သည်။

အကျိုးဆက်သည်ကား နောင်နတ်ကတော်ဆွမ်းအမကြီးက ဆွမ်းကပ်တိုင်း ဆရာတော်ဦးမာလာကို ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးက ရှောင်သွားလေတော့သတည်း။ “အော် ဆရာတော်ကြီး၏ စကားသည်ကား မှန်ပါပေ၏၊ိသို့သော်လည်း မှန်တိုင်းလဲ မကောင်းပါပေစွတကား။”

ဤနေရာတွင် အခြောက်များနှင့် ပတ်သက်လာသဖြင့် နောက်ထပ်အတွေ့အကြုံလေးတစ်ခုကို တင်ပြပေအံ့။ မိမိသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့မစာသင်တိုက်တွင် သီတင်းသုံးနေထိုင်စဉ် ရန်ကုန်မြို့မှ “ကိုကို ညီညီ မိတ်ကပ်ပညာရှင်များအဖွဲ့သည် မိမိတို့၏ ကျောင်းသို့ ကထိန်လာခင်းလေသည်။ ကိုကို ညီညီ တို့သည် မိတ်ကပ်ပညာရှင်များဖြစ်သည်အားလျှော်စွာ သူတို့၏ မိတ်ဆွေများ တပည့်များသည်ကား အခြောက် များသာဖြစ်ကြလေသည်။ ကထိန်ခင်းသော ညကဖြစ်ပါပေ၏။ အချိန်သည်ကား ညကိုးနာရီ လောက်ဖြစ် မည်ထင်သည်။ မိမိတို့၏ ကျောင်းတိုက်သည် အခြောက်များနှင့်သာ ပြည့်နေလေသည်။ သူတို့သည် အထူး အားဖြင့် ဘုရားဝိုင်းအတွင်းသို့ သွားရောက်ကြကာ ဘုရားကို ရှိခိုးကြလေသည်။ ထိုတွင် ကိုရင်ကေလာသက ဘုရားရှိခိုးပြီးပြန်လာသော အခြောက်အုပ်စုတစ်စုကို
“ဒကာမလေးတို့ ဘုရားရှိခိုးပြီး ဘာဆုတွေများတောင်းခဲ့သလဲ ”ဟု မေးလိုက်ရာ အခြောက်အုပ်စုတစ်စုလုံးက
“တပည့်တော်မတို့ကလေ ကိုရင်လေးတို့နဲ့ အတူတူအိပ်ရပါလို၏ဟု ဆုတောင်းခဲ့တယ် ကိုရင်လေးတို့ရဲ့”ဟု ဆိုကာ ကိုရင်လေးတွေကို အတင်းပြေးဖက်ကြလေသည်။ ကိုရင်လေးများသည်လည်း အတင်းအကုန်ရုံးကာ ထွက်ပြေးသွားကြရလေသည်။ ထိုနေ့ညသည်ကား အခြောက်ကထိန်ဒါယကာလေးများဆိုမလား ကထိန် ဒါယိကာမလေးများဆိုမလားတော့မသိ။ သူတို့တစ်စု သောင်းကျန်းသဖြင့် ကိုယ်တော်လေးများသည်ပင် ဟိုပြေး ဒီပြေး ထွက်ပြေးနေကြရလေတော့သတည်း။
“အော် တော်တော်လေးဆိုတဲ့ ကထိန့်ဒါယကာ+ဒါယကာမလေးများတို့ပေတည်း။”

Tuesday, July 20, 2010

“ဦးဇင်းကြီးဂျင်မီအဖြစ်ကတော့”

မိမိ၏ သီတင်းသုံးဖေါ် သူငယ်ချင်းတစ်ပါးသည် သာသနာပြုရေးကိစ္စတစ်ခုဖြင့် မြစ်ကြီးနားသို့ ကြွချီခဲ့ရသည်။ သူသည် မြစ်ကြီးနားတွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကို သွားရောက်တည်းခိုလေသည်။ သူတည်းခို သော ညတွင်ပင် မြို့အတွင်းမှ ဒါယကာ+ဒါယိကာမများက ဆွမ်းစားလာရောက်ပင့်လေသည်။ ကျောင်းထိုင် ဆရာတော်အပါအ၀င် သံဃာတော်ငါးပါးကို လာရောက်ပင့်ကြလေသည်။ ကျောင်းထိုင်ဆရာတော်သည်ကား မအားသဖြင့် မလိုက်နိုင်ပေ။ မိမိ၏ သူငယ်ချင်းဖြစ်သူကိုသာ ခေါင်းဆောင်အဖြစ်တင်ကာ မြို့တွင်းမှ ဆွမ်းကပ် ပွဲကို ကြွခိုင်းလိုက်လေ၏။ သို့ဖြစ်သဖြင့် မိမိ၏ သူငယ်ချင်းအပါအ၀င် သံဃာတော်ငါးပါးတို့သည် ဆွမ်းကပ်ပွဲသို့ ကြွခဲ့ကြလေသည်။ အိမ်သို့ရောက်သောအခါ ဆွမ်းဒါယကာ+ဒါယိကာမများသည် သံဃာတော် များကို သဒ္ဓါ ကြည်ဖြူ ရိုသေစွာ ဆွမ်းကို ကပ်ကြလေ၏။ ဆွမ်းဘုဉ်းပေးနေစဉ် ဦးဇင်းကြီးတစ်ပါးသည် ဆွမ်းဒါယကာကြီးကို
“ဒကာကြီး ဦးဇင်းကို မှတ်မိလား”ဟု လှမ်းမေးလေ၏၊ ထိုအခါ ဆွမ်းဒါယကာကြီးသည်
“ဦးဇင်းရေ တပည့်တော်က မျက်စိက မကောင်းတော့ မမှတ်မိတော့ဘူးဘုရား”ဟု ထလျှောက်လေ၏။ ဤအဖြစ် ကို ဦးဇင်းကြီးသည်အားမရ
“ဒကာကြီးရဲ့ ဦးဇင်းကို မမှတ်မိတော့ဘူးလား သေချာကြည့်ပါအုံး”ဟု နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် မေးလာ လေသည်။ ဆက်ကာ ဆက်ကာ မေးလာသည့်အခါဒါယကာကြီးသည် မျက်မှန်တပ်ပြီး ဦးဇင်းကြီးကို သေချာစိုက် ကြည့်လိုက်လေသည်။ ထို့နောက် ဒါယကာကြီးလျှောက်ထားလိုက်သည်ကား
“အော် တပည့်တော်အရှင်ဘုရားကို မှတ်မိပြီးဘုရား၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သမ၀ါယမဂိုထောင်ကို ဖောက်ထွင်းလို့ အဖမ်းခံလိုက်ရတဲ့ ဂျင်းမီ မဟုတ်လားဘုရား”ဟူ၍ပင်ဖြစ်သတည်း။ ထိုအခါမှ ထိုဦးဇင်းကြီးသည် လည်း ငယ်ကျိုးငယ်နာကို သံဃာတော်များအကြား လူပရိသတ်များအကြားတွင် ထုတ်ဖေါ်ပြောကြားလိုက်သဖြင့် အရှက်ရကာ ငျြိမ်ကျသွားလေတော့သည်။ ဆွမ်းစားအပြီး အပြန်လမ်းခရီးတွင်ကား
“ဦးဇင်းကြီး! ကိုယ်ဖာသာ အသာမနေဘူး ၊မမှတ်မိတဲ့သူ ကို အတင်းနှုတ်ဆက်တယ်၊ ဆွမ်းဒကာကြီး လူကြားထဲ ပြောချလိုက်တာများ ဘယ်လောက်ရှက်ဘို့ကောင်းလဲ”ဟု သံဃာတော်ငယ်များက ၀ိုင်းဝန်းအပြစ်တင်ကြလေ သည်။ ဤတွင် ဦးဇင်းကြီးက
“တပည့်တော် ဒီဒကာကြီးနဲ့ကောင်းတာတွေ အတူတကွ အများကြီးလုပ်ခဲ့ပါတယ်ဘုရား၊ အဲဒီကောင်းတာတွေကို ပြောလိုက်မယ်အထင်နဲ့ တပည့်တော်လဲ နှုတ်ဆက်ခဲ့တာပါပဲဘုရား၊သူကလဲ ကြံကြံဖန်ဖန် ဒီမကောင်းတာ လေး တစ်ခုကိုမှ မှတ်မိပြီ လူကြားသူကြားကို ထုတ်ဖေါ်ပြောကြားရတယ်လို့ဘုရား၊ တပည့်တော်လဲရှက်တာပါပဲ ဘုရား”ဟု ပြောကာ ဆွမ်းစားအပြန်လမ်းခရီးတွင်ကာ ဦးဇင်းကြီးသည် ခပ်ကုတ်ကုတ်သာ ပြန်ကြွလာခဲ့လေသ တည်း။
“အော် နာမည်ကောင်းလေးများ ရမလားလို့ နှုတ်ဆက်လိုက်ကာမှ ငယ်ကျိုးငယ်နာကို လူကြားသူကြား ဖေါ်ထုတ်ခံ့ရသော ဦးဇင်းကြီးဂျင်မီတဖြစ်ကလဲ သနားစရာပင် ဖြစ်ပါပေသည်တကား”။

Saturday, July 17, 2010

“သတ်ပုံကျမ်းပြုအကျော် ဒို့မထေရ်မော်”

တစ်ခါက တောကျောင်းတစ်ကျောင်းတွင် ဦးဇင်းကြီးတစ်ပါးရှိလေသည်။ ထိုဦးဇင်းကြီးသည် သတ်ပုံကျမ်းကို ပြုစု နေလေ၏။ သူ၏ သတ်ပုံကျမ်း မှန်မမှန်ကို ဥပဇ္ဈာယ်ဆရာတော်ကို စစ်ဆေးခိုင်းရန် အကြံဖြစ်လေ၏။ ပထမနေ့ ဦးဇင်းကြီးသည် ဆရာတော်ထံသို့ သွားရောက်ကာ
“ဆရာတော်ဘုရား တပည့်တော်ရဲ့ သတ်ပုံကျမ်းလေးကို မှန်မမှန်စစ်ဆေးပေးပါအုံးဘုရား”ဟု စစ်ဆေးခိုင်း လေ၏။ ဦးဇင်းကြီး၏ သတ်ပုံကျမ်း လင်္ကာသံပေါက်သည်ကား
“ငါမွေးသည့်မျောက် ငါ့ကိုချောက်၊
ပယ်ဖျောက်ကိုလည်း ပင့်ရမည်၊
ဇမ္ဗုသပြေ အသီးကြွေ၊
မိုးမြေကိုလည်း ရစ်ရမည်။ ဖြစ်လေသည်။ ဆရာတော်ကြီးသည် ထိုသတ်ပုံလင်္ကာသံပေါက်ကို ဖတ်ပြီးသောအခါ
“ကောင်းတယ် ဦးဇင်းကြီးရေ၊ ဆက်ပြီးပြုစုပါ”ဟု တိုက်တွန်းလိုက်လေသည်။ ဦးဇင်းကြီးသည်လည်း သူ၏ သတ်ပုံကျမ်းကို ဆရာတော်က ကောင်းကြောင်းထောက်ခံလိုက်သောအခါ သတ်ပုံကျမ်းလေးကို ကိုင်ကာ ပီတိ စိတ်ဖြင့် သူ၏ ကျောင်းဆီသို့ ကြွသွားလေ၏။ပထမနေ့တွင်ကား ဦးဇင်းကြီးသည် အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ လေပြီ။ သုံးလေးရက်ကြာပြီးနောက် ဒုတိယမြောက် သတ်ပုံလင်္ကာသံပေါက်ကို ဆရာတော်အား စစ်ဆေးခိုင်းပြန်လေ၏။ သတ်ပုံလင်္ကာသံပေါက်သည်ကား
“စုန်လှေဆန်လှေ၊ ခက်သည့်လှေ၊ လှော်လှေကိုလည်း သဝေထိုး”ဟူ၍ပင်ဖြစ်သည်။ ထိုသတ်ပုံလင်္ကာသံပေါက် ကို ဖတ်ပြီးသောအခါ ဆရာတော်သည်
“လှော်လှေမှ သဝေမထိုးရင် နင်ကြီးတော်ကြီး သွားထိုးရမှာလားဟ”ဟု မိန့်တော်မူကာ စိတ်ပေါက်ပေါက်နှင့် ထွေးခံဖြင့် ပစ်ပေါက်လိုက်ရာ ဦးဇင်းကြီးသည် ဖနောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေ တော့သတည်း။

Thursday, July 15, 2010

“သွားနှစ်ချောင်းကျိုးပြန်ပြီ”

တစ်ခါက ရွာတစ်ရွာတွင် ဆရာတော်ကြီးတစ်ပါးကျောင်းထိုင်တော်မူသည်။ ထိုဆရာတော်ကြီးသည်ကား ဒွေးချိုး လေးချိုး လင်္ကာ သံပေါက်စသည်တို့ကို စပ်ဆိုခြင်း၌ အလွန်ဝါသနာပါတော်မူသည်။ ဆရာတော်သည် မျက်မှောက်ရှေ့၌ ဖြစ်ပျက်နေသော အရာကိုပင် လက်တမ်းထိုးစပ်ဆိုနိုင်ပေသည်။ ထိုကြောင့်လည်း ထိုနယ် တစ်လွှားတွင် ဒွေးချိုး လေးချိုးစသည်တို့ကို စပ်ဆိုရာ၌ နာမည်ကြီးလှပေသည်။ ထိုသို့စာစပ်တော်သောကြောင့် လည်း အနီးအနားရှိ ရွာများမှ ဆရာတော်သံဃာတော်များနှင့်တကွ ဒါယကာ+ဒါယကာများက သူ့ကို လေးစား ကြည်ညိုတော်မူကြလေသည်။

တစ်နေ့ ရွာအတွင်းမှ “ငမိုး”အမည်ရှိသော ဒါယကာတော်တစ်ဦးသည် ကြက်သားကို ကိုယ်တိုင် ကြော်ကာ ကျောင်းသို့ လာပို့လေသည်။ ဒကာမိုး၏ ကြက်သားကြော်သည်ကား လောလောလတ်လတ် ဒယ်အိုးမှ ထည့်လာသည်ထင်၏။ ဒကာမိုးသည် ကျောင်းအတွင်းသို့ ၀င်လာလိုက်သည်နှင့် တစ်ကျောင်းလုံး အလွန်အင်မ တန်မှ သင်းရနံ့မွှေးကြိုင်သွားလေသည်။ ကြက်သားပန်းကန်ကို လှယ်ထည့်သော ကပ္ပိယကြီးဦးရန်ပသည်ပင် တံတွေးကို မျိုချနေရသည်။ သူ၏ အတွင်းစိတ်မှာ စားလိုစိတ်များ တဖွားဖွားဖြစ် ပေါ်လာခဲ့ပေ၏။ ဆရာတော် သည်ကား အနီးအနားရှိနေပေလို့ပေါ။ ဆရာတော်သာ အနီးအနားမရှိခဲ့လျှင် ကပ္ပိယကြီးလည်း သေချာပေါက် ကြက်သား တစ်တုံးလောက်တော့ မျိုချမိမှာ မြေကြီးလက်ခတ်မလွဲပေ။ ကပ္ပိယကြီးဦးရန်ပသည် ဒကာမိုးပန်း ကန်မှ ကျောင်းရှိပန်းကန်အတွင်းသို့ လှယ်ထည့်ပြီးသောအခါ ဆရာတော်ကို ဆက်ကပ်လေသည်။ နဂိုကမှ ဘုဉ်း ပေးလိုစိတ် တဖွားဖွားဖြစ်ပေါ်နေသော ဆရာတော်သည်ပင် ဟန်ပင်မဆောင်နိုင်တော့ပေ။ ဒကာတော် မိုးရှေ့ မှာပင် အားရပါးရဘုဉ်းပေးတော်မူလိုက်လေသည်။ အကျိုးဆက်သည်ကား ဆရာတော်၏ သွားတော်နှစ်ချောင်း ကျိုးတော်မူသွားလေ၏။ ဆရာတော်သည် ထိုအဖြစ်ကို ကြက်သားကြော်အလှူရှင်ဒကာမိုးရှေ့မှာပင် စာကောက် စပ်တော်မူလိုက်လေ၏။
“စေတနာသဒ္ဓါဖြိုး၊ တကာမိုးလှူလိုက်တာ
မွှေးရနံ့ထုံးသင်းရယ်နှင့် အသားဟင်းမာတာတာ
စားဘွယ်ရာ ဧရာမကြက်ညို
ကောင်းလိမ့်မယ်အထင်နှင့် အာစောက်တွင်ကြိတ်ခါဝါးမှ
သွားနှစ်ချောင်းကျိုး။

ကြက်သားနှင့်ပတ်သက်လာဖြင့် မိမိ၏ အတွေ့အကြုံလေးကို တင်ပြပေအံ့၊ မိမိသည် သာသနတက္ကသိုလ်၌ ပညာသင်ကြားစဉ် ဒုတိယနှစ်တွင် အစာအိမ်ရောဂါပြန်လည်ဖေါက်လာသဖြင့် ရုတ်တရက် ဆေးရုံးတက်လိုက်ရ လေသည်။ ထိုရောဂါကြောင့်ပင် တပိန်ပိန် တလိန်လိန်ဖြစ်လာသည်။ ရွာမှ မိဘဆွေမျိုးများသည် ပိန်လိန် နေသော မိမိကို ပြန်လည်အသားအရေပြည့်ဖြိုးလာစေရန်လာအလို့ငှာ ကြက်ပေါင်းရည်ကို နေ့စဉ်ဆက်ကပ်ကြ လေ၏။ ထိုကြက်ပေါင်းရေ၏ တန်ခိုးကား အစွမ်းထက်လှပေ၏။ မိမိသည်ပင် တစ်လအတွင်းသိသိသာသာ ပြန်လည် အသားအရေပြည့်ဖြိုးလာသည်။
တစ်နေ့တော့ ကိစ္စတစ်ခုဖြင့် ရွာပြန်သွားသည်။ ရွာရောက်သောအခါ ကြက်ပေါင်းရေ တော့ပစ်သို့ ရောက်ရှိသွား ရာ မိမိက ဆွေမျိုးများကို
“ဒကာကြီး ဒကာမကြီးတို့ ဦးဇင်းကို ကြက်ပေါင်းရေကပ်တာတော့ ဟုတ်ပါပြီ၊ ကြက်ဘယ်ကရလို့လဲ” ကပ်သည်ကို အသားမဘုဉ်းပေးမူ၍ လျှာရှည်ကာ သွားမေးလေတော့ ဆွေးမျိုးများ
“ဦးဇင်းကလဲ ဈေးထဲက ကြက်သွားဝယ်နေရင် ကောင်းလဲကောင်းမှာလဲမဟုတ်ဘူး၊ ဒီတော့ ဆွေမျိုးတွေအိမ်မှာ ရှိတဲ့ကြက်ကို အလှည့်ကျ တစ်ကောင်စီ သတ်ပြီ ကြက်ပေါင်းရည်လုပ်ကပ်လိုက်ရတာပေါ့ ဦးဇင်းရဲ့” သံပြိုင် လျှောက်ထားကြရာ မိမိက
“ဟာ အဲလိုကြီးလား၊ နောက်တော့အဲလိုမဟုတ်ပါနဲ့ဗျာ၊ ဦးဇင်းက ဈေးက ကြက်ကို ၀ယ်ပြီး ကြက်ပေါင်းရည်လုပ် ကပ်တယ်ထင်နေတာ၊” ဤတွင် ဆွေမျိုးများ
“ဈေးကမွေးမြူရေးကြက်တွေ၊ ဘယ်လိုလုပ်အဟာရပြည့်မှာလဲ ဦးဇင်းရဲ့၊ ဒါကြောင့် ဦးဇင်းကျန်းမာရေးမြန်မြန် ကောင်းအောင် အကောင်းဆုံးစီစဉ်လိုက်တာပေါ့ ဦးဇင်းရဲ့၊ ” ဟု ဆိုလိုက်သောအခါ ဘာမျှမပြောသာ တော့ပေ၊ အသာလေးငြိမ်နေလိုက်ရလေတော့သည်။

ထိုအကြောင်းကို ကျောက်ပန်းတောင်နယ်မှ မိမိသူငယ်ချင်းတစ်ပါးကို ပြောပြရာ သူငယ်ချင်းက အောက်ပါ အတိုင်း သူ၏ ကြက်နှင့်ပတ်သက်သော ကြားဖူးနားဝလေးကို ဖေါက်သည်ချပေ၏။
“ရှေးပါတီကောင်စီခေတ်ကဖြစ်ပါပေ၏။ ပါတီကောင်စီလူကြီးများသည် ရွာများသို့ စစ်ဆေးရေးဝင်ကြသောအခါ သူတို့၏ လက်သုံးတော် လက်ဆွဲသားရေအိတ်ကလေးများကို ကိုင်ကာ ရွာအတွင်းဝင်ရောက်စစ်ဆေးကြ လေ၏။ အထက်လူကြီးများ လာတိုင်း ရွာမှ လူကြီးများက တစ်အိမ်ကို ကြက်တစ်ကောင်နှုန်းတောင်းကာ ချက်ပြုတ်ဧည့် ခံရလေ၏။လူကြီးများသည် မကြာခဏဆိုသလို ရွာအတွင်းသို့ လက်ဆွဲအိတ်များကို ဆွဲကာဝင်လာလေသည်။ ထိုလူကြီးများလာတိုင်း ကြက်များကို အလှည့်ကျ သတ်ဖြတ် ချက်ပြုတ်ဧည့်ခံနေရလေသည်။ ကြာတော့ တိရစ္ဆာန် ဖြစ်သော ကြက်များပင်သိလာသည်။ ရွာအတွင်းသို့ လက်ဆွဲအိတ်ကို ဆွဲလာသော လူကြီးများကို မြင်တိုင်း ကြက် များသည်လည်း အော်ဟစ်ကာ ထွက်ပြေးသွားကြလေ၏။ ထိုအချိန်မှစ၍ ရွာသားများက ပါတီကောင်စီလူကြီးများ ကိုင်သော လက်ဆွဲအိတ်ကို “ကြက်ကြောက်အိတ်” ဟူ၍ အမည်ပေးကြတော့လေသတည်း။
တစ်ဆက်တည်းမှာပင် သူငယ်ချင်းဖြစ်သူက
“ခုလဲ ဦးဇ၀နရေ ကိုယ်တော်ရွာအတွင်းက ကြက်တွေက ကိုယ်တော်ကို မြင်တိုင်း ပြေးများပြေးကုန်ကြမ လားမသိ”ဟူ၍ မိမိကိုယ်ပင် ကြက်ကြောက်အိတ်စာရင်းထဲသို့ ထည့်သွင်းသွားပြန်သေး၏။ ထည့်မည်ဆိုလျှင် ထည့်ထိုက်ပါပေ၏။ မိမိကို အကြောင်းပြုပြီး ရွာအတွင်းက ကြက်များသည်လည်း တော်တော်လေးသေကုန် ကြ၏။

အသားနှင့်ပတ်သက်လာသဖြင့် ကြားဖူးနားဝပုံပြင်လေးကို ဆက်လက်ဖေါ်ပြလိုက်ရပေသည်။
တစ်ခါက ၀က်သားအမိနှစ်ကောင်သည် ရွာထိပ် အမှိုက်ပုံတွင် အစာရှာနေလေ၏။ ထိုစဉ် ဦးဇင်းငယ်တစ်ပါး သည် ထိုဝက်သားအမိအနီးမှ ဖြတ်ကာ ရွာအတွင်းသို့ ကြွသွားလေ၏။ ၀က်ပေါက်စလေးသည် ထိုဦးဇင်းနောက် သို့ လိုက်သွားရန် ဟန်ပြင်နေစဉ် မိခင်ဝက်မကြီးက
“ဟဲ့ငါ့သား အဲဒီကိုယ်တော်နောက်ကိုများ လိုက်မသွားလေနဲ့၊ အန္တရာယ်များပါဘိသနဲ့၊ အဲဒီကိုယ်တော် ရဟန်း တက်တုံးက မင်းအဖေပါသွားတယ်၊ ဒီတစ်ခါ အဲဒီကိုယ်တော်ပြန်လွန်တော်မူရင် ငါ့သားလေးပါ ပါသွားလိမ့်မယ်၊ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးက ရှောင်လေလော့ ငါ့သားရေ”ဟူ၍ မှတ်သားဖွယ်ရာ သားငယ်ကို ဆုံးမလိုက်ပါ ပေသတည်း။“အော် မိဘမေတ္တာတရား တယ်ကြီးပါပေစွတကား၊ မှတ်သားထိုက်ပါပေစွတကား”။

Tuesday, July 13, 2010

“ဒီကျောင်းကြီးကြောင့်ပေါ့”


“ဇာတိမြေမှ ရွာဦးကျောင်းတော်”
ခရစ်သက္ကရာဇ် ၂၀၀၄ ခုနှစ်က ဖြစ်ပါပေ၏။ မိမိသည် သီရိလင်္ကာနိုင်ငံတွင် သုံးနှစ်ကြာ ပညာသင် ကြားပြီး နောက် အမိမြန်မာပြည်သို့ ပြန်လာခဲ့ပေသည်။ မြန်မာ ပြည် ပြန်ရောက်သည်ဆိုသည်နှင့်တစ်ပြိုင်နက် ရဟန်း ဒါယကာ+ရဟန်းဒါယိကာများရှိရာ သထုံသို့ တစ်ပတ် ကြာ ကြွရောက်ခဲ့လေသည်။ သထုံမှ ဒါယကာ+ ဒါယိကာ များတွေ့ဆုံပြီး နောက် ဆရာသမား မိဘဆွေမျိုးများရှိရာ ဇာတိရွာသို့ ခပ်သုတ်သုတ်သာလျှင် ပြန်ကြွခဲ့လေသည်။ မိမိရွာသို့ ရောက်ပြီးဆိုသော သတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် မိဘဆွေမျိုးများသည် အဆောတလျှင် သာလျှင် မိမိထံသို့ ရောက်ရှိလာကြသည်။ မိမိသည် ရောက်ရှိလာသော ဆွေမျိုးများနှင့် အားရ၀မ်းသာ အလ္လာပ သလ္လာပစကားပြောဖြစ်ခဲ့ပေသည်။ သူတို့မရောက်ဖူးသော နိုင်ငံခြားအကြောင်းကို အားပါးတရ ရှင်းပြနေလေ တော့သည်။ သူတို့သည်လည်း မိမိပြောသမျှကို ၀မ်းမြောက်ဝမ်းသာ စိတ်ဝင်းတစား နားထောင်ကြပေသည်။

စကားအနည်းငယ် ပြောကြားပြီးနောက် မိမိသည် ဆွေမျိုးများကို အကဲခတ်မိလိုက်သည်။ ဆွေမျိုးအားလုံးတို့ သည် မိမိနှင့် သုံးနှစ်ကြာ ခွဲခွါရသော်လည်း ရုပ်သိသိသာသာ ပြောင်းသွားသူဟူ၍ သိပ်မတွေ့မိပါ။ သို့သော် ထူးထူးခြားခြား ရုပ်ပြောင်းလဲသွားသော သူသည်ကား မိမိ၏ ဒေါ်လေးဖြစ်သူ “မတရုပ်”ပင်ဖြစ်သည်။ ဒေါ်လေး ဖြစ်သူသည် အသက်အလွန်ဆုံးရှိမှ ငါးဆယ်ကျော်လောက်သာ ရှိမည်ထင်သည်။ သူ၏ ရုပ်သည်ကား အသက် (၇၀)ကျော် အဖွားကြီးတစ်ယောက်ပမာ ပါးရေနားရေများပင် တွန့်လေနေသည်။ မျက်နှာသည်လည်း အရင် ကဲ့သို့ ပြည့်ပြည့်၀၀မရှိတော့ပေ။ ချောင်ကျလေလေတော့သည်။ ရှေ့သွားနှစ်ချောင်းသည်လည်း ကျိုးနေလေ သည်။ မိမိသည်
“ကျန်တဲ့သူတွေတော့ ရုပ်ရေသိသိသာသာ ကျမသွားဘူး၊ ဒေါ်လေးကတော့ သိသိသာသာ ရုပ်ရေကျသွားတယ်၊ ပြီးတော့ သွားနှစ်ချောင်းလဲကျိုးလို့ အဖွားကြီးတစ်ယောက်ပမာ ဘယ်လိုဖြစ်တာလဲ ဒေါ်လေးရဲ့”ဟု မေးလိုက် လေသည်။ ဤတွင် ဒေါ်လေးဖြစ်သူက
“ဒီသွားတွေကျိုးသွားတာရယ် တပည့်တော် အဖွားအိုတစ်ယောက်ပမာဖြစ်သွားတာကတော့ ဒီကျောင်းကြီး ကြောင့်ပေါ့ ဦးဇင်းရဲ့”လို့ ထူးဆန်းစွာ ဆိုလာလေသည်။ သို့ဖြစ်သဖြင့် မိမိက
“ဒေါ်လေးရဲ့သွားကျိုးတာနဲ့ အဖွားအိုတစ်ယောက်ပမာဖြစ်တာနဲ့ ဒီကျောင်းကြီးနဲ့ ဘာဆိုင်လို့လဲ ဒေါ်လေးရဲ့”ဟု ဆက်ကာ မေးခွန်းထုတ်မိတော့သည်။ ဤတွင် ဒေါ်လေးဖြစ်သူက
“တပည့်တော်တို့တစ်ရွာလုံးဟာ ဒီကျောင်းကြီးဆောက်မယ်ဆိုတော့ တစ်ရွာတည်းလဲမတတ်နိုင်၊ ဒီတော့ ဘုန်းကြီးက တပည့်တော်တို့ကို မြစ်သားနယ်အတွင်း တစ်နယ်လုံးထွက်ပြီး အလှူခံခိုင်းတယ်လေ၊ ဒါနဲ့ တပည့်တော်တို့တတွေ လွန်ကျော်ရွာကို အလှူခံထွက်ကြတယ်လေ။ တပည့်တော်တို့တတွေ ထိုရွာကို မြင်းလှည်းနဲ့ သွားကြတယ်၊ လမ်းမှာ နွားအုပ်တစ်အုပ်နဲ့ သွားတွေ့တယ်လေ။ မြင်းက နွားအုပ်ကို မြင်တော့ လန့်ပြီး နောက်ပြန် ခုံလိုက်တယ်၊ အဲဒါကို သတိမထား စကားပြောနေတဲ့ တပည့်တော်ဟာ မြင်းလှည်းရဲ့သံဒိုင်နဲ့ တပည့်တော်ရဲ့ ရှေ့သွား နှစ်ချောင်းဟာ သွားရိုက်မိတယ်၊ ဒီမှာတင် သွားနှစ်ချောင်းနဲ့ပြီး ကျိုးသွားတော့တာပါပဲ ဦးဇင်းရယ်၊ ဒါကြောင့် တပည့်တော်ရဲ့ သွားနှစ်ချောင်းကျိုးတာဟာ ဒီကျောင်းကြီးကြောင့်လို့ပြောတာပေါ့ ဦးဇင်းရယ်”ဟု သူ၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းကို ပြောပြလေသည်။ ပြီးသောအခါ ဒေါ်လေးဖြစ်သူက ဆက်လက် ပြောလိုက်သည်ကား
“ဦးဇင်းရေ တပည့်တော် သွားတပ်ဘို့ စုံးစမ်းကြည့်တော့ တစ်သိန်းလောက်ကျမယ်ပြောတယ်၊ တပည့်တော်လဲ မတတ်နိုင်ဘူး၊ ဦးဇင်းက ကမ္ဘာပတ်နေတာဆိုတော့ ဒီလောက်ငွေတော့ တတ်နိုင်မှာပါ၊ တပည့်တော်ကို သွား စိုက်ဘို့ စွန့်အုံးဘုရား”ဟု အလှူခံလေတော့သည်။ ဤတွင် မိမိက
“ဒေါ်လေးရေ ဦးဇင်းက နိုင်ငံခြားမှာနေတယ် ဆိုတာက စီးပွားရေးလုပ်နေတာ မဟုတ်ဘူး၊ ပညာသင်ကြားနေ တာ၊ ဒေါ်လေးအထင်ကြီးသလို ငွေမရှိတာတော့ အမှန်ပါပဲ၊ သို့သော် ဦးဇင်းက ဒေါ်လေးကို သွားစိုက်ဘို့အတွက် အကုန်မစွန့်နိုင်သော်လည်း နှစ်သောင်းတော့ စွန့်ပါမယ် ဒေါ်လေးရယ်၊” ဟု တောင်းတောင်းပန်ပန် ပြောကာ (ဥာတကာနဉ္စ သင်္ဂဟော= ဆွေမျိုးတို့ကို ထောက်ပန့်ချီးမြှင်းခြင်းသည်လည်း မင်္ဂလာတစ်ပါး၊ ကောင်းသောြ်မတ်သော လုပ်ရပ်ပါပေတည်း) ဥာတကာနဉ္စ သင်္ဂဟော လုပ်လိုက်ရလေ၏။

Thursday, July 8, 2010

”ရက်ရက်စက်စက် ပေးလိုက်ကြပါပေ့”

တစ်ခါက အညာအထက်ပိုင်းမှ လူဓမ္မကထိကတစ်ဦးသည် မိုးကုတ်ရိပ်သာများသို့ တရားဟောပြောနေလေ သည်။ အသံကောင်းသည်က တစ်ကြောင်း၊ အာဝဇ္ဇန်းရွှင်သည်ကတစ်ကြောင်း သူတစ်ခါဟောပြီးလျှင် နောက် တစ်ကြိမ်မရ ရအောင်ပင့်ကြလေသည်။ အထူးအားဖြင့် မော်လမြိုင်မိုးကုတ်ရိပ်သာ၊ မုဒုံ၊ သံဖြူဇရပ်စသော မြို့များတွင်အလွန်အင်မတန်မှ နာမည်ကြီးလှပေ၏။
ထို့မှတစ်ဆင့် တစ်နှစ်တွင် သထုံမြို့ မိုးကုတ်၇ိပ်သာတွင် တရားဟောရာ သထုံမြို့မှ ရွှေဆိုင်ပိုင်ရှင် သူဌေးမိသား စုတို့က သဘောကျသွားကား သထုံမြို့တွင် ထိုတရားဟောဆရာကြီးကို ရဟန်းခံပေးလိုက်ကာ မိုးကုတ်ရိပ်သာကြီးကို ဆောက်လုပ်လှူဒါန်းလေ၏။ ထိုအချိန်မှစကာ လူဓမ္မကထိက ဆရာတော်ကြီးသည် ဦးဇင်းကြီးအဖြစ်သို့ ရောက်ရှိသွားလေ၏။ ဦးဇင်းကြီးသည် သထုံရောက်စတွင် ညဘက်ပျင်းပျင်းရှိလျှင် သူ၏ ရဟန်းဒါယကာအိမ်သို့ အလည်ကြွရောက်လေ့ရှိသည်။ ရဟန်းဒါယကာအိမ်သည်ကား ညဘက်တွင် လူစု လူဝေး နှင့်အလွန်ပင် ပျော်စရာကောင်းလှပေ၏။ ညအခါ သူတို့သည် စကားပြောရင်း ဗွီဒီယိုဇာတ်ကားများကို ကြည့်လေ့ ရှိကြသည်။ ဦးဇင်းကြီးရောက်သောအခါ
“မင်းတို့ဇာတ်ကားတွေကလဲ ဘာကားတွေမှန်းလဲမသိဘူး၊ ငါတော့မကြည့်တတ်ပါဘူးကွာ”ဟု အမြဲတမ်းငြီး နေသဖြင့် ရဟန်းဒါယကာသည် အားနာတတ်သူဖြစ်သည်အားလျှော်စွာ
“အရှင်ဘုရားက ဘာကားကြိုက်တတ်တာလဲဘုရား”ဟု မေးလျှောက်သောအခါ ဦးဇင်းကြီးက
“ငါက ခွေးလိမ္မာကားကိုမှ ကြည့်တတ်တာ ဒကာရ”ဟု မိန့်တော်မူသဖြင့် ခွေးလိမ္မာကားကိုသာ ရှာပြီး ပြပေးရှာ လေသည်။ သို့သော် တစ်ရက်မဟုတ် နှစ်ရက်မဟုတ် အမြဲတမ်းပင် ရဟန်းဒါယကာက
“အရှင်ဘုရား ဘာဇာတ်ကားပြပေးရမလဲ” မေးတိုင်း
“ငါကတော့ ခွေးလိမ္မာဇာတ်ကားပဲ ကြိုက်တာ ဒကာရ”ဟု ဆိုလေသောကြောင့် အနီးရှိ ရဟန်းဒါယကာ၏ မိတ်ဆွေ၊ တပည့်ကျော်များက ဦးဇင်းကြီးကို ရက်ရက်စက်စက် အမည်ပေးလိုက်သည်ကား
“ခွေးကိုယ်တော်”ဟူ၍ပင် ဖြစ်လေသတည်း။

“ကိုကျော်”

မိမိရွာမှ ဆရာတော်သည် သိပ္ပံဇာတ်ကြမ်း ဗွီဒီယိုဇာတ်ကားများကို အလွန်ကြိုက်နှစ်သက်တော်မူသည်။ ဆရာ တော်၏ တပည့်ကျော်ကိုရင်များနှင့် ကျောင်းသားများသည် ဆရာတော်ကြိုက်တတ်သော ဇာတ်ကားများကို ကူမဲမြို့မှ ငှားလာကာ ပြခိုင်းလေ့ရှိကြသည်။ မြို့နှင့်နီးသော်လည်း လျှက်စစ်မီးကား အလှမ်းဝေးနေသဖြင့် ကျောင်းတွင်ရှိသော မီးစက်ဖြင့် ဗွီဒီယိုကို ကြည့်ကြရသည်။
ကျောင်းမှ မီးလင်းပြီဆိုသည်နှင့် ရွာအတွင်းမှ ကလေး လူကြီးတို့သည် ကျောင်းသို့ ရောက်လာကြကာ ဗွီဒီယိုကို ကြည့်ရှုအားပေးကြလေ၏။အချို့သော ရွာအတွင်းမှ ငမူးများသည်ကား ဗွီဒီယိုကို အလကားကြည့်ရုံနှင့် အားမရသေး၊ ကျောင်းပေါ်တွင် မူးကန်းကန်းနှင့် ကျင်ငယ်များပင် စွန့်သွားကြပြန်သေး၏။ အချို့ကလည်း ကျောင်းပေါ်တွင် နေကြာစေ့များကို စားပြီး အခွံများကို ကျောင်းပေါ်တွင် ပစ်ထားခဲ့ကြလေသည်။ သူတို့သည် ဘုန်းကြီးကျောင်းကို ဗွီဒီယိုရုံများထင်မှတ်နေကြသလားမသိပေ။
ဒါတွင်မက ဆရာတော်ကိုလည်း ရက်ရက်စက်စက် နာမည်ပြောင်ပေးသွားကြပြန်သေး၏၊ ဆရာတော်သည်ကား နာမည်ပြောင်းပေးမည်ဆိုလျှင်လည်း ပေးထိုက်ပါပေ၏။ ဇာတ်လမ်းသဘောတွေ ဘာတွေကို အဓိကမထား။ စကားပြောခန်းများကို ရမုဖြင့် ကျော်ပစ်လေ့ရှိသည်။ရွာအတွင်းမှ လူငယ်များသည်ကား ဇာတ်လမ်းသဘော လေးတွေကို အဓိကထားကြည့်ရှုလိုကြသည်။ သို့သော် ဆရာတော်သည်ကား ဗွီဒီယိုကားကို ဟိုကျော်သည် ကျော် ကျော်ပစ်လေ၏။ ဗွီဒီယိုကား၏ အနှစ်သာရကိုကား ဘယ်လိုနည်းနှင့်မျှ ခံစား၍ မရကြပေ။ ရွာသားများ သည် အလကားလာကြည့်သည်ကတစ်ကြောင်း ဆရာတော်ဖြစ်နေသည်ကတစ်ကြောင်း ဆရာတော်ကို ဘာမျှမပြောရဲကြပေ။ အသာလေးသာ ကြည့်ပြီးပြန်သွားကြလေ၏။
ဆရာတော်၏ ကွယ်ရာတွင်မူကား ရွာသားများသည် ဆရာတော်ကို“ကိုကျော် ”ဟူ၍ နာမည်ပေးလိုက်ကြလေ တော့သတည်း။ ရွာသားများက ရွာဦးကျောင်းဆရာတော်ကို “ကိုကျော် ”ဟူ၍ ခေါ်ကြောင်းကို မိမိက ဂဃနန မသိသဖြင့် မိမိ၏ ခမည်းတော်ကြီးအား မေးကြည့်ရာ ဖခင်ကြီးက အောက်ပါအတိုင်းရှင်းပြလေ၏။
“ကိုယ်တော်ရဲ့ဆရာသမားကို “ကိုကျော်”လို့ ရွာသားတွေက ခေါ်တာ ကျော်ဟိန်းနဲ့တူလို့ “ကိုကျော်”လို့ခေါ် တယ်မထင်နဲ့၊ဗွီဒီယိုဇာတ်ကားကြည့်ရင် ဇာတ်ကားမှ စ,မယ်မကြံသေးဘူး၊ သူက ရမုကြီးကိုင်ပြီး ဇာတ်ကားကို ဟိုကျော်ဒီကျော် ကျော်လို့ သူ့ကို “ကိုကျော်”လို့အမည်ပေးလိုက်တာကိုယ်တော်ရေ”ဟူ၍ပင်ဖြစ်လေသတည်း။

Friday, July 2, 2010

“မယားတရူး ရူးနေသူကိုမှ တရားဟောမိတဲ့ မိမိအဖြစ်”

မိမိသည် ရန်ကုန်တိုင်း အလုံမြို့နယ် အောင်မင်္ဂလာစာသင်တိုက်တွင် စာပေသင်ကြားခဲ့စဉ်က ဒီအဖြစ်အပျက် ကလေးကို လက်တွေ့ကြုံခဲ့ရခြင်းဖြစ်ပေသည်။ မိမိသည် ထိုကျောင်းတိုက်၌ သီတင်းသုံးနေစဉ် တစ်နေ့ သူငယ်ချင်းဖြစ်သူ၏ ဖခင်ကြီးသည် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်သို့ ဆေးကုသရန် ရောက်ရှိလာ ခဲ့လေသည်။သူငယ်ချင်းဖြစ်သူ၏ ဇာတိသည်ကား ညောင်တုန်းမြို့နယ်အတွင်း ရွာတစ်ရွာကဖြစ်သည်။

သူသည် သူ၏ ဖခင်ကြီးကို နေ့စဉ် ပြုစုလုပ်ကျွေးနေရလေ၏။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ရက်ပေါင်းများ စွာကြာ ပြုစုလုပ်ကျွေးနေရလေသည်။ ထိုအခါ မိမိသည်ပင် ထိုဒါယကာနှင့် ရင်းနှီးသွားလေသည်။ မရင်နှီးလို၍ မရပေ။ မိမိနှင့် သူငယ်ချင်းသည်ကား အိပ်ယာကုဋင်ချင်းကပ်လျှက်ဖြစ်ပေသည်။ ဒီလိုနှင့် မိမိသည် ထိုဒါယကာ ကြီးနှင့် နေ့စဉ် စကားပြောဖြစ်သည်။ ဒါယကာကြီးသည် စကားပြောတိုင်း တရားစကားကို ပြောလေ့မရှိပေ။ အမျိုးသမီးကိစ္စ ကာမဂုဏ်ကိစ္စကိုသာပြောလေ့ရှိသည်။ အခြား ဘာအကြောင်းအရာမျှပြောလေ့မရှိပေ။ တစ်နေ့ ၀ါဆိုလပြည့်အခါရက်ကြီးပင်ဖြစ်သည်။ ရပ်ကွက်အတွင်းမှ ဒါယကာ ဒါယိကာမများသည် ကျောင်းတွင် ဥပုသ် စောင့် တရားနာရောက်လာကြသည်။ ထိုနေ့မှာပင် မိမိသည် ဒါယကာကြီးနှင့်စကားပြောဖြစ်ကြပြန်သည်။ ဒါယ ကာကြီးသည် စကားမှ ပြောမည်မကြံသေး၊ ကာမဂုဏ်ကိစ္စ အမျိုးသမီးကိစ္စကို စပြောလေတော့သည်။ ဤတွင် မိမိက
“ဒကာကြီး ဒီနေ့ဝါဆိုလပြည့်အခါရက်ကြီးဖြစ်တယ်၊ သူများတွေက ဥပုသ်စောင့်နေတာ ဒကာကြီးက မိန်းမအ ကြောင်းတွေပဲ ပြောနေတာ၊ အသက်လဲကြီးလှပြီ၊ တရားစကားလေး ဘာလေးပြောပါအုံး ဒကာကြီး”ဟု တရား စကားပြောလိုက်ရာ ဒါယကာကြီးက
“ငါမ ကိုရင် မင်းက အငယ်လေးရှိသေးတယ်၊ ငါ့လာပြီး ဆုံးမနေတာ” ဟု သံဃာတော်အများအကြားဆဲလေတော့ သည်။ ဘေးမှ ကြားရသော သံဃာတော်များက
“မောင်ဇ၀နတို့တော့ တရားဟောကောင်းလို့ အဆဲခံရပြီ” ဟု နောက်ပြောင်ကာ ရယ်ကြလေသည်။ မိမိသည်ပင် အတော်လေးအရှက်ရခဲ့လေသည်။ ထိုအခါ သူငယ်ချင်းဖြစ်သူက
“ဒကာကြီး ကိုရင်ကို အဲလိုမဆဲရဘူးလေဗျာ ငရဲကြီးတတ်တယ်၊ အပြစ်သင့်တတ်တယ်”ဟု ဆုံးမယူရလေသည်။ နောက်မှ မိမိသည် သူငယ်ချင်း၏ ပြောပြချက်အရ သူ၏ ဒါယကာကြီးအကြောင်းကိုကောင်းကောင်း သိရလေ သည်။ သူ၏ ဖခင်သည် အသက်ငယ်ငယ်အရွယ် အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျရာ ထို အမျိုးသမီး ကလေးမှ အိမ်ရှိ အတွင်းအပသုံးဆောင် များမြောင်ကြွယ်ဝကုန်သော ပစ္စည်းများယူ၍ ထွက်ပြေးသွားသော ကြောင့် ထိုအမျိုးသမီးကလေးကို စွဲပြီး မယားတရူး ရူးနေကြောင်းသိရလေသည်။
“အော် မောင်ဇ၀နရယ် မယားတရူး ရူးနေတဲ့သူကိုမှ တရားသွားဟောတာ၊ အဆဲခံရနည်းသေး၊ အရိုက်မခံရ ကံကောင်း၊ အဆဲခံပေအုံးတော့ မင်းထိုက်နှင့်မင်းကံ၊ နောင်တခါဆိုရင်တော့ မယားတရူး ရူးတဲ့သူကို တရား ဟောခြင်းမှ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးမှ ရှောင်ကြဉ်ပါ၏ဘုရား”
တစ်ဆက်တည်းမှာပင် မိမိသည် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော ပရာဘ၀သုတ်တော်ကို သတိရမိလေသည်။ ထိုသုတ်တွင် မြတ်ဗုဒ္ဓက အမျိုးသားများ ပျက်စီးရခြင်း၏ အကြောင်းကို ဟောထားရာ ကိုးခုမြောက်ပျက်စီးခြင်း၏ အကြောင်းသည်ကား ထိုဒါယကာကြီး၏ အ ဖြစ်နှင့် ကိုက်ညီလှပါပေ၏။ အကြောင်းအရာသည်ကား
“အသက်ရှစ်ဆယ် ကိုးဆယ်အရွယ်ရှိသော အဘိုးကြီးသည် သူ၏ မြေးအရွယ် အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော အမျိုးသမီးကလေးနှင့် အိမ်ထောင်ကျလေသည်။ အဘိုးကြီးသည် သူ၏ လှပသော ဇနီးသည်အား အခြားအမျိုးသားလေးများနှင့် ဖေါက်ပြားမှာကို စိုးရိမ်သည်။ ဣဿာ(ငြူစူခြင်း)ဖြစ်သည်။ ထိုသို့စိုးရိမ်သည့် အတွက် မအိပ်နိုင်၊ မစားနိုင်ဖြစ်လေသည်။ ကာမရာဂတည်းဟူသော အကြောင်းအကြောင့်လည်းကောင်း ဣဿာတည်းဟူသော အကြောင်းကြောင့်လည်းကောင်း သူသည် အိမ်၏ စီးပွားရေးကိစ္စတို့ကိုလည်း မလုပ်နိုင် တော့ပေ၊ နောက်ဆုံးပျက်စီးခြင်းသို့ ရောက်သွားပေသည်။

ဤနေရာ၌ စကားစပ်လာသဖြင့် နောက်အဖြစ်အပျက်တစ်ခုကို တင်ပြပေအံ့။ တရားဟောကောင်းသဖြင့် မိမိသည်သာ အဆဲခံရသည် မဟုတ်ပါ၊ ကျောက်ပန်းတောင်းနယ်အတွင်း ရွာတစ်ရွာက ဆရာတော်တစ်ပါးသည် လည်း အဆဲခံခဲ့ရလေသည်။ ထိုဆရာတော်သည် တစ်ရက်သော ဥပုသ်နေ့တွင်
“ကာမေသုမိစ္ဆာစာရကံဆိုတာ ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုကျင့်တာ၊ ဥပမာပြောရမယ်ဆိုရင် ရွာထဲက တင်မောင်ကြီးတို့လိုပေါ့၊ ဒီကောင်က ဟိုအမျိုးသမီးကောက်ယူ၊ ဒီအမျိုးသမီးကောက်ယူနဲ့၊ ကောင်းကောင်းလဲ လုပ်ကိုင်မကျွေး၊ ပြီးရင် ပစ်ထားခဲ့တာ၊ ဒါဟာကာဂုဏ်တို့၌ မှားမှားယွင်းယွင်းကျင့်တာပဲ ဥပုသ်သည်အပေါင်း သူတော်ကောင်းတို့”ဟု ကာမေသုမိစ္ဆာစာရကံအကြောင်းကို ဥပုသ်သည်များအား ဟောပြောရာတွင် ရွာအတွင်းမှာ သူဖာသာနေသော ဦးတင်မောင်ကိုပါ ဆွဲထည့်လိုက်သေးသည်။ ထိုအကြောင်းကို ဦးတင်မောင် ကြားသွားရာ ဦးတင်မောင်က
“ငါမဘုန်းကြီး ကိုယ့်တရားကို ကောင်းကောင်းမဟောဘူး၊ ရွာထဲနေတဲ့ ငါ့ပါဆွဲထည့်လိုက်သေး” ဟု ဆဲဆိုနေ လေတော့သတည်း။ဤနေရာတွင်ကား ဆရာတော်ကြီးသည် ဦးတင်မောင်ကို ဆွဲထည့်ရာတွင် အဆွဲမတတ် သောကြောင့် အဆဲခံရလေ၏။ ဆွဲထည့်နည်း ထည့်ဟန်ကား လိုသေးပေသည်တကား။




 

Go Up အပေါ်သို့