tag:blogger.com,1999:blog-41858093537879616562024-03-05T09:46:02.591-08:00အရှင်ဇ၀နဓမ္မရင်ခွင်၊ပျော်ရွှင်ကြည်သာ၊ခေမာသောင်ကမ်း၊လှမ်းနိုင်စေAShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.comBlogger191125tag:blogger.com,1999:blog-4185809353787961656.post-56416047298262646342012-09-02T06:17:00.002-07:002012-09-02T06:19:10.912-07:00တောင်းပန်းလွှာ

ယခုနှစ်အတွင်း မိမိသည် အလုပ်တွေများနေသည့်အတွက်ကြောင့် ဟာသပုံပြင်များ
မရေးဖြစ်သည်ကို ခွင့်လွှတ်ပါရန် မိမိ၏ စာဖတ်ပရိတ်သတ်များကို
ရှေးဦးအစတောင်းပန်ပါ၏။ ယနေ့မှ စ၍ မိမိသည် ဟာသ ပုံပြင်များကို
တတ်စွမ်းနိုင်သလောက် ပြန်လည်၍ ရေးသားပါတော့မည်ဟု မိမိ၏ စာဖတ် ပရိတ်သတ်ကို
အသိပေးအပ်ပါသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com1tag:blogger.com,1999:blog-4185809353787961656.post-19898507032141326102012-06-19T12:16:00.000-07:002012-06-19T12:16:02.831-07:00အရူးက တစ်မူးသာ

တစ်နေ့သ မိမိသည် ပဋ္ဌာန်းရွတ်ရန်အလို့ငှာ ကူမဲမြို့ ဘုရားကြီးလယ်ပြင်ကျောင်းသို့ ကြွသွားခဲ့လေသည်။ ထိုဘုရားကြီးလယ်ပြင်ကျောင်းသည် မိမိတို့၏ ကျောင်းနှင့် တစ်မိုင်ခန့်ကွာဝေးလေသည်။ ရွာမှ ကာလသားလေးများက

"ဦးဇင်းဘုရား တပည့်တော်တို့ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါမယ်ဘုရား"ဟုလာရောက်လျှောက်ထားကြသည်။ သို့သော်မိမိက

"ကျန်းမာရေးအတွက် တစ်ပါးတည်း ခြေလျှင်ပဲ ကြွပါတော့မယ်ကွာ"ဟုပြောကာ တစ်ပါးတည်းပင် ထွက်လာ ခဲ့မိသည်။မိမိသည် ညနေခင်း၏ လေပြေလေညှင်းလေးကို ခံရင်း လျှောက်လာလိုက်တာ ဘုရားကြီး လည်ပြင်ကျောင်းသို့ပင် ရောက်တော့မည်ဖြစ်ချေသည်။ ထိုစဉ် အမှတ်မထင် ကားလမ်း၏ ဘယ်ဘက်ဘေး လမ်းအတိုင်း လျှောက်လာနေသော ဂွေ့ကြီးရွာမှ စိတ်မနှံ့သော ကိုအုံးမြိုင်ကို ရုတ်တရက်မြင်လိုက်ရသည်။ မိမိသည်လည်း ဘယ်ဘက်ဘေးမှ လျှောက်နေလေရာ ကိုအုံးမြိုင်နှင့် ပက်ပင်းတိုးတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေလေသည်။

"အွန်း ကိုအုံးမြိုင်နဲ့တော့ တွေ့ပြင်ပြီ ငါ့ကို ဘာအန္တရာယ်ပြုမယ်မသိ "ဟု စိုးရိမ်စိတ်ပင် ၀င်လာမိသည်။ သို့သော်

"အို မထူးပါဘူးကွာ ဖြစ်ချင်ရာဖြစ်"ဟု ဆုံးဖြတ်ချက်ချကာ ဆက်လျှောက်လာမိသည်။ မိမိသည် သူ၏ အနီးနာကို ကပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်မနှံ့သော ကိုအုံးမြိုင်က

"ဦးဇင်းလေး မျက်မှန်တပ်ပြီး အလှဆင်ဘို့ မလိုဘူးနော်၊ သီလလုံခြုံဘို့က အဓိကပဲနော်ဘုရား"ဟု မိမိကိုပင် သြ၀ါဒကထာ မြွက်ကြားသွားလေသည်။ အော် ဒါကြောင့်လဲ ရှေးလူကြီးတွေက ပြောကြသည်။

"အရူးက တစ်မူးသာ "

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-47038225471760252242012-06-12T12:48:00.002-07:002012-06-12T12:48:48.815-07:00တော်တော်ဆိုးတဲ့ အရူး

တစ်ခါက ရွာတစ်ရွာတွင် ဦးသာကြွယ်ဟု အမည်ရသော အရူးတစ်ယောက်ရှိလေသည်။ ရွာရှိ လူအများက သူ့ကို အရူးပါးဟုခေါ်ကြသည်။ တစ်နေ့သ ဦးသာကြွယ်သည် သူ၏ဇနီးကို အောက်ပါအတိုင်းပြော ကြားလေ ၏။

"ငြိမ်းလှ နင်လဲ ဦးပြုံးကို ယူရင် ယူတော့၊ ငါလဲ မူလတန်းကျောင်းက ဆရာမလေးကို ယူတော့မယ်လေကွာ"

ဤတွင် ဇနီးဖြစ်သူက

" ကိုသာကြွယ် တော် ကိုယ့်ဖာသာကိုယ် ရူးတာ အသာရူးနော်၊ သူများကို တောပြော တောင်ပြော မပြောနဲ့"

မှတ်ချက် ဦးပြုံးသည် ဦးသာကြွယ်အိမ်သို့ ခဏ ခဏလာနေသဖြင့် ဦးသာကြွယ်သည် ဇနီးဖြစ်သူနှင့် ဦးပြုံးကို သံသယမကင်းဖြစ်နေဟန်ရှိ၏။

တစ်နေ့သ ညနေခင်းတွင် ဦးသာကြွယ်သည် တော်တော်လေး စိတ်ဖေါက်ပြန်နေ၏။ ဇနီးသည်နှင့် သားသမီး များကို ရန်ပြုရုံတင်မက အိမ်ရှိ အိုး ခွက် ပုဂံများကိုပါ ရိုက်ခွဲနေလေ၏။ ထိုအခါ အမကြီးဖြစ် သူ ဒေါ်ခင်ငွေက

"ဟဲ့ သာကြွယ် နင်ရူးနေလို့ နင့်ဇနီးကို ဆူတာ၊ သားသမီးတွေကို ဆူတာ ငါဘာမှမပြောဘူး၊ ခုဟာက အိမ်ရှိပစ္စည်းတွေကို ရိုက်ခွဲနေတာတော့ လွန်နေပြီ အရူးရဲ့"ဟု မြည်တွန်တောက်တီးလေသည်။ ထို့သို့ အရူးကို အရူးလို့ ပြောတာကို မခံနိုင်သော ဦးသာကြွယ်က အမဖြစ် သူကို အောက်ပါ အတိုင်းပြန်ပြော လိုက်လေသည်။

"ဟေ ခင်ငွေ နင်က ငါ့ကို ရာရာစစ လာဆုံးမရအောင် နင့်ကိုယ်နင် သူတော်ကောင်း များအောက်မေ့နေသ လား၊ နင့်အကြောင်း ငါမသိရင်ခက်မယ် ၊ နင်အရှေ့ဘက်ရွာက ထွန်းတင်နဲ့ လင်ငယ်နေတာ မသိဘူးများ မှတ်နေသလား"

ထိုသို့ လူကြား သူကြား ငယ်ကျိုးငယ်ငါကို ထုတ်ဖေါ်ပြောဆို ခံရသော ဒါယိကာမကြီး ဒေါ်ခင်ငွေသည် လည်း တစ်ခါတည်း လစ်ပြေးလေတော့သတည်း။

မှတ်ချက် အရူးစကား ကလေးစကား မှန်တတ်သတဲ့။အရူးကို ငေါက်ငမ်းမည်ဆိုပါက ဆင်ခြင်၍ ငေါက်လေ ရာ၏။"ကိုယ့်အမ အရင်ကိုတောင်မရှောင် အော် တော်တော်ဆိုးတဲ့ အရူးပါတကား၊ "

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-42948471413963638552011-12-30T04:06:00.000-08:002012-09-02T06:18:14.303-07:00သာမန္တဇပ္ပ

သာမန္တဇပ္ပ-ဟူသည်ကား (အလိုရှိသော ပစ္စည်းနှင့်) အနီးကပ်၍ ပြောဆိုခြင်းတည်း။ ဤအရာ၌ ကုလူပကရဟန်း ၏ ဝတ္ထုကို ပြောကြားသင့်၏။(ဆွမ်းခံ ထိုင်အိမ်အဖြစ်ဖြင့်) အိမ်သို့ကပ်သော(ကုလူပက) ရဟန်းတပါးသည် ဆွမ်းစားလိုသည်ဖြစ်၍ အိမ်တအိမ်သို့ ဝင်ပြီးလျှင် ထိုင်နေလေ၏။ အိမ်ရှင်မသည် ရဟန်းကို မြင်လျှင် မလှူလို သောကြောင့် ''ဆန်မရှိ''ဟု ဆိုကာ ဆန်ကို ဆောင်ယူလို၍ သွားသကဲ့သို့ အိမ်နီးချင်းအိမ်သို့ သွားလေ၏။ရဟန်းသည်လည်း အိမ်အခန်းအတွင်းသို့ဝင်၍ ကြည့်ရှုလတ်သော် တံခါးရွက်ထောင့်၌ ကြံကို၎င်း, အိုးထဲ၌ တင်လဲကို၎င်း, ခြင်းတောင်းထဲ၌ ငါးခြောက်ပြားခြမ်းကို၎င်း, ဆန်အိုးထဲ၌ ဆန်တို့ကို၎င်း တောပတ် အိုးထဲ၌ ထောပတ်ကို၎င်း တွေ့မြင်ပြီးလျှင် အပြင်သို့ ထွက်၍ ထိုင်နေလေ၏။ အိမ့်ရှင်မသည် 'ဆန်မရခဲ့'ဟု ညည်း တွားလျက် ပြန်လာ၏။ ထိုရဟန်းသည်

''ဥပါသိကာမရေ ယနေ့ဆွမ်းမပြည့်စုံလတံ့ဟု စောစောကပင် နိမိတ်ကို မြင်ခဲ့ပြီ''ဟု ဆို၏။

"အဘယ်သို့သော နိမိတ်ကို မြင်ခဲ့ပါသနည်း အရှင်ဘုရား"ဟုမေးလတ်သော်

''တံခါးရွက်ထောင့်၌ထားတဲ့ ကြံချောင်းကဲ့သို့သောမြွေကို မြင်ခဲ့ပါ၏၊ 'ထိုမြွေကို ပုတ်ခတ်အံ့'ဟု ကြည့်ရှုလိုက်တဲ့အခါ အိုးထဲမှာ ထည့်ထားတဲ့ တင်လဲခဲတွေနဲ့တူတဲ့ ကျောက်ခဲတို့ကို မြင်ခဲ့ပါ၏၊ အဲဒီကျောက်ခဲဖြင့် ပစ်ခတ်လိုက်တဲ့အခါ မြွေက ပါးပျဉ်းကို ပြုလိုက်ပါတယ်၊အဲဒီမြွေရဲ့ ပါပျဉ်းဟာ ခြင်းတောင်း၌ ထားသော ငါးခြောက်ပြာခြမ်းနှင့် တူစွာ မြင်ခဲ့ပါ၏၊ ခဲကို ကိုက်လိုတဲ့ မြွေ၏သွားတို့ကို ဆန်အိုးထဲက ဆန်တို့နှင့် တူစွာ မြင်ခဲ့ပါ၏၊ ထိုအခါ အမျက်ထွက်တဲ့ မြွေ၏ ပါးစပ်မှ ထွက်လာသော အဆိပ်နှင့် ရောသော တံထွေးကို ထောပတ်အိုးထဲ၌ ထည့်ထားသော ထောပတ်နှင့်တူစွာ မြင်ခဲ့၏''ဟု ဆို၏။ ထိုအိမ့်ရှင်မသည်

''ဦးပြည်းကတုံးကိုတော့ လှည့်စားခြင်းငှါ မစွမ်းနိုင်''ဟု ဆင်ခြင်၍ ကြံကိုကပ်ပြီးလျှင် ထမင်းကိုချက်၍ ထောပတ် တင်လဲ ငါးခြောက်တို့နှင့် တကွ အလုံးစုံကို ကပ်လှူလိုက်ရလေ၏၊ ဤသို့ (အလိုရှိအပ်သော ပစ္စည်းနှင့်) အနီးပြု၍၊ ဝါ၊ ပွတ်သီ၍ ပြောဆိုခြင်းကို သာမန္တဇပ္ပ-ဟု သိအပ်၏။ ရဟန်းကောင်းတစ်ပါးသည် ထိုသို့သော အမှုမျိုးကို မပြုအပ်ဟု ၀ိသုဒ္ဓိမဂ်တွင် ဖွင့်ဆိုထားလေသည်။ (မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိသုဒ္ဓိမဂ်မြန်မာပြန်)

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-20656561270353636782011-09-30T05:35:00.000-07:002011-09-30T07:18:58.184-07:00"ဆုကြီးပန်နှင့် ဆုငယ်ပန်"
တစ်ခါက ရွာတစ်ရွာတွင် ဦးသာဦးနှင့် ဒေါ်ချစ်ဥအမည်ရှိ ဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။ သူတို့နှစ်ဦးသည် ပစ္စုပ္ပုန် ဘ၀တွင် တစ်ဦးကို တစ်ဦး အလွန်ချစ်ခင်ကြသည်။ ကိစ္စကြီးငယ်ရှိတိုင်း နှစ်ဦးသဘောတူ ညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးနွေကာ ပြုလုပ်လေ့ရှိကြသည်။ သို့သော် သူတို့နှစ်ဦး တိုင်ပင်၍ မရသော အချက်တစ်ချက် ရှိလေသည်။ ဦးသာဦးသည်ကား ဆုကြီးပန်ဖြစ်သည်။ ဆုကြီးပန်ဟူသည်ကား ဘုရားဖြစ်ရန်အလို့ငှာ ဆုပန်ထား ခြင်းကို ဆိုလိုသည်။ ဒေါ်ချစ်ဥသည်ကား ဆုငယ်ပန်ဖြစ်သည်။ ဆုငယ်ပန်ဟူသည် ရိုးရိုးရဟန္တာအဖြစ်ကို ဆုတောင်းထားခြင်းပင်ဖြစ်သည်။ တစ်နေသတွင် ဘုရားလောင်းလမ်းစဉ်ကို ကြိုက်နေသော ဦးသာဦးက ပြောသည်-
"လောကမှာ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ထူးက အလွန်အင်မတန်မှ နည်းပါတယ်၊ ဘုရားတွေ ပွင့်ဘို့ အများကြီးလိုတယ်၊ ချွတ်ဖို့ သတ္တ၀ါတွေကလဲ အများကြီး မဟုတ်လား၊ဒါကြောင့် ဘုရားလောင်းသင်တန်းများ ဖွင့်ရင်တောင် ကောင်း မယ်"တဲ့။
သို့သော် ဇနီးသည် ဒေါ်ချစ်ဥကမူ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတွေကို နာထားသူဖြစ်၍ ဘ၀ရှည်လျား မည်ကို မကြိုက်၊ "ယခုပြတ်ရင် ယခု ကောင်းတာဘဲ"တဲ့၊ ဤသို့ ခံယူထား၏။
ဦးသာဦးက ဘုရားဆုပန်ထားသည်။ "သူပါရမီတွေ ဖြည့်နေမျှကာလပတ်လုံး သူ့နောက်က ရေပူ ရေချမ်းကမ်း လှမ်းပြီး လိုက်စမ်းပါ"ဟု ဇနီးအား စည်းရုံးကြည့်၏။ ဒေါ်ချစ်ဥက
"မလိုက်ချင်ပါဘူးတော် သူ့လမ်းစဉ်ကြီးက အရှည်ကြီး"ဟုဆိုသည်။ ပြောမရ၍ ဦးသာဦးက ရွာဦးကျောင်း ဘုန်းတော်ကြီး ဦးနန္ဒိယကို အကူအညီတောင်း၏။ ဘုန်းတော်ကြီးကလည်း ဦးသာဦးဘက်က ကူညီဟောပေးရှာ သည်။ သို့သော်မရပါ။ထိုအခါ ရွာဦးကျောင်းဆရာတော်ကြီးက
"ဒကာကြီးရေ ဟောမရဘူး၊ နောက်တစ်ယောက်သာ ရှာပေတော့"ဟု မိန့်တော်မူရသတတ်။
မှတ်ချက်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ (ဆရာတော်ဦးဃောသိတ)

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-7890680618628560822011-09-24T07:18:00.000-07:002011-09-24T11:31:14.481-07:00“အော် ဒီလိုကိုယ်တော်လဲ ရှိသေးသကိုး”
ပြီးခဲ့သော ဒီဇင်ဘာလက ဖြစ်သည်။ မိမိသည် စင်္ကာပူရှိ သူငယ်ချင်းများ၏ ကျောင်းတွင် ခေတ္တခဏ သီတင်းသုံး နေစဉ် မြန်မာပြည်မှ မေးတစ်စောင် မိမိထံသို့ ၀င်ရောက်လာသည်။ ထိုမေးတွင်
"ဦးဇင်းရဲ့ မျှားနတ်မောင် ဒကာကြီး ကားတိုက်ခံရလို့ ဆုံးသွားပြီ၊ အမြန်လာပါ"ဟူ၍ပင်ဖြစ်သတည်း။ မိမိသည် ထိုမေးကို ဖတ်လိုက်ရသောအခါ မိုက်ကနဲဖြစ်သွားသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ သော တာပန်အရိယာဖြစ်တော်မူသော အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးသည်ပင် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီဆို သည်ကို သိလိုက်ရသောအခါ ရုတ်တရက် အရှေ့အနောက် တောင် မြောက် အရပ်လေးမျက်နှာတို့ကို ခွဲ၍ မရလောက်အောင်ပင် တွေဝေမှုတွေဖြစ်သွားလေ၏။ ပုထုဇဉ်ဖြစ်သော မိမိ၏ အဖြစ်သည်ကား အဘယ်ဆို ဘွယ်ရာရှိမည်နည်း၊တစ်ဆက်တည်းမှာပင် မိမိ၏ အတွေးထဲတွင်
"အော် ငါ့ရဲ့ ဖခင်ဖြစ်တဲ့ ဒကာကြီးတော့ ကားတိုက်ခံရလို့ ဆုံးသွားပြီ၊ ငါလဲ ဒကာကြီးကို ကောင်းကောင်းတောင် မပြုစု မလုပ်ကျွေးလိုက်ရ၊ ငါဟာ ဒကာကြီးအပေါ်တာဝန်မကျေသူသာဖြစ်တယ်၊ ဒကာကြီးရယ် အဖြစ်ဆိုး လိုက်လေစွ၊ ကားတိုက်ခံရလို့မှ ဆုံးရတယ်လို့၊ ကျန်တဲ့ရောဂါဝေဒနာနဲ့ ဆုံးရင် ဖြေသာသေးတယ်။ ဘယ်ဘ၀က များ ၀ဋ်ကျွေးတွေပါလာသလဲမသိ"ဟုတွေးကာ ယူကြုံးမရပင်ဖြစ်နေမိသည်။ ဆွမ်းကိုလဲ ဘုဉ်းပေး၍ မရတော့ပါ။ တစ်လုပ် နှစ်လုပ် ဘုန်းပေး ပြီး ထလာခဲ့တော့သည်။
"ဒီနေ့ ဦးဇ၀နကြီး ဆွမ်းစားတာ နည်းလှချည်းလား၊ ဘယ်လိုဖြစ်လို့လဲ၊ နေမကောင်းလို့လား"ဟူသော သူငယ် ချင်း၏ အမေးကိုပင် မဖြေနိုင်တော့ပါ။ ဆွမ်းဝိုင်းမှ ရုတ်တရက်ထပြန်လာမိသည်။ဤတွင် ဆွမ်းဝိုင်းတွင် ရှိသော ဦးဇင်းလေးတစ်ပါးက
" သူ့ဒကာကြီး ကားတိုက်ခံရလို့ ဆုံးသွားတယ်ဆိုတဲ့ မေးဖတ်ပြီး စိတ်မကောင်းဖြစ်နေတာ ဆရာတော်"ဟု လျှောက်လိုက်သောအခါ သူငယ်ချင်းဖြစ်သော ကျောင်းထိုင်ဆရာတော်သည် မိမိထံသို့ ရောက်လာကာ
"ဦးဇ၀နရယ် သိပ်လဲ စိတ်မကောင်းဖြစ်မနေပါနဲ့၊ အရှင်ဘုရားက အရှင်ဘုရားရဲ့ မိသားစုထဲမှာ ရှေ့ဆောင် လမ်းပြရဟန်းတစ်ပါးဖြစ်တယ်၊ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ အရှင်ဘုရားက အဲဒီလို ခံစားနေရင် အရှင်ဘုရားရဲ့ မိခင်ကြီးနဲ့ မိသားစုကို ဘယ်လိုသွားပြီး သောကဖြေဆေးပေးနိုင်တော့မလဲ"ဟု မိမိအား ဖြေဆည်ရာစကား ပြော လာသဖြင့် မိမိ၏ ရင်တွင်းရှိ သောကတရားတွေ တဒင်္ဂအားဖြင့်ပျောက်ကွယ်သွားလေသည်။
"အော် သေခြင်းတရားကို ငါ့ဒကာကြီးတစ်ယောက်သာ ရင်ဆိုင်ရသည်မဟုတ် သက်ရှိသတ္တ၀ါတိုင်း ရင်ဆိုင်ကြ ရမည်သာ၊ ခန္ဓာရှိတဲ့ သူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပဲ၊ နတ္ထိ ဇာတဿ အမရဏံနာမ နတ္ထိ၊ ဖွေးဖွား လာသူတိုင်းဟာ သေဆုံးကြရမှာပဲ" ဟု မိမိကို ဆုံးမကာ ဖြေသိမ့်နိုင်ခဲ့လေပြီ။ထို့နောက် အကျိုး အကြောင်းကို တိတိကျကျ သိရန်အလို့ငှာ မိမိသည် မြန်မာပြည်ကို ဖုန်းဆက်လေသည်။ထိုအခါ ဦးလေးဖြစ်သူ၏ ဇနီးဖြစ်သူက ဖုန်းကို လာကိုင်လေသည်။ မိမိ စင်္ကာပူမှ ဆက်ကြောင်းကို သိလိုက်ရသောအခါတွင်ကား
‘‘အမလေး ဦးဇင်းရဲ့ ကိုဝင်းမြင့်ဌေး ၀မ်းတွင်းအနောက်ဖက်မှာ ရွှေစင်စင်္ကြာကားတိုက်လို့ ဆုံးသွားပါပြီဘုရား ``ဟု အော်ကြီး ဟစ်ကျယ် ငိုယိုကာ လျှောက်လေတော့သည်။ ဤတွင် မိမိ၏ စိတ်တွင် ဇဝေဇ၀ါဖြစ်သွားသည်။ ‘‘ကားတိုက်ခံရလို့ သေဆုံးသူများတွင် ငါ့ခမည်းတော်ကြီးသာမက ဦးလေးဖြစ်သူလည်း ပါသွားတယ်နဲ့ တူတယ်” ဟု သံသယ၀င်နေစဉ် နောက်ထပ် ဒါယကာတစ်ဦးက အဒေါ်ဆီက ဖုန်းကို ယူကာ
“ဦးဇင်း တပည့်တော် ဦးဇင်းရဲ့ ခမည်းတော် ငနီပါဘုရား``ဟူသော ဒါယကာကြီး၏ အသံကို ကြားလိုက်ရသော အခါ မိမိ သိလိုက်ပါပြီ၊ မိမိသည် နမော်နမဲ့ အီးမေးကို မှားယွင်းပြီး ဖတ်မိလိုက်ပြီဆိုသည်ကို သိလိုက်ရသည်။
အီးမေးတွင် ပါသော အကြောင်းအရာသည်ကား
“ဦဇင်းရဲ့ မျှားနတ်မောင် ဒါယကာကြီး ကားတိုက်ခံရလို့ ဆုံးသွားပြီ၊ အမြန်ပြန်ကြွလာပါ၊” သို့သော် မိမိ နမော်နမဲ့ ဖတ်လိုက်မိသည်ကား“ ဦးဇင်းရဲ့ ဒါယကာကြီး မျှားနတ်မောင်ကားတိုက်ခံရလို့ ဆုံးသွားပြီ”ဟူ၍ပင်ဖြစ်သတည်း။
မှတ်ချက် မျှားနတ်မောင် ဒါယကာကြီးဟူသည် မျှားနတ်မောင် အမည်ရသော ကားကို ပိုင်ဆိုင်သော မိမိ၏ ဦး လေးဖြစ်သူ (မိမိ၏ ရဟန်းဒါယကာ)ပင်ဖြစ်လေသည်။
သို့ဖြစ်သဖြင့် မိမိသည် မြန်မာပြည်ကို ပြန်ကြွခဲ့ရလေသည်။ မြန်မာပြည်ရောက်သောအခါ မိမိသည် ဦးလေးဖြစ် သူ ကားတိုက်ခံခဲ့ရသော ၀မ်းတွင်းအနောက်ဘက်သို့ ရောက်သွားခဲ့လေသည်။ လမ်းသည်ကား အလွန်ကျဉ်း သည်။ လူပေါင်းများစွာတို့သည်လည်း ထိုလမ်းကျဉ်းလေးတွင် သူတို့၏ အသက်များစွာတို့ကိုစွန့်သွားကြရ ပေသည်။ မိမိ၏ ဦးလေးဖြစ်သူ ရဟန်းဒါယကာသည်လည်း ထိုနေရာတွင် အသက်စွန့်ခဲ့ရပေသည်။ ထိုနေ ရာတွင် မိမိသည် ဦးလေး၏ ဇနီးသည်၊ ဆွေမျိုးများနှင့်အတူ ကုသိုလ်ကောင်းမှုပြုပြီး မကျွတ်မလွတ်ကြသေး သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှအတမ်းပေးဝေပေးခဲ့လေသည်။
တစ်နေ့ ဦးလေးဖြစ်သူ၏ ရက်လည် ဆွမ်းကပ်ပွဲသို့ အနီးအနားရှိ ရွာများမှ သံဃာတော်အပေါင်းတို့သည် ရွာဦးကျောင်းသို့ ကြွရောက်နေကြပြီးဖြစ်သည်။ နံနက်စောစော ဆွမ်းမကပ်မီ သံဃာတော်များသည် ဦးလေးဖြစ် သူ၏ ၀မ်းနည်းဖွယ်ဖြစ်ရပ်နှင့် ပတ်သက်လို့ စိတ်မကောင်းခြင်းများစွာဖြင့် ပြောနေကြလေသည်။ ထိုတွင် မိမိက
“ခုကားတိုက်မှုဖြစ်ခဲ့တဲ့ နေရာလေးက လမ်းက တော်တော်ကျဉ်းတယ်ဘုရား၊ ကားတိုက်ခံရလို့ လူအတော်များ များ အသက်တွေ ဆုံးရှုံးကုန်ပါပြီဘုရား၊ အဲဒီလမ်းကို ချဲ့လိုက်ရင်တော့ ကားတိုက်မှုတွေ နည်းသွားလိုက်မယ်လို့ ထင်တယ်ဘုရား” ဟုလျှောက်ထားလိုက်သောအခါ ဆရာတော်တစ်ပါးက
“ဟ မောင်ဇ၀နကြီးရ လမ်းကျဉ်းလို့ ကားတိုက်လို့ ဆုံးတော့လဲ မင်းတို့ ငါတို့ဘဲ စားရတာပဲမဟုတ်လားကွ၊ မပြင်ပဲ ဒီတိုင်းထားလဲ ကောင်းတာပဲ၊ ခုလဲ ဒို့ပဲ စားရတာပဲမဟုတ်လားကွ”ဟု ရယ်မောကာ မိန့်ကြားတော်မူလေသည်။ ထိုအခါ ဘေးမှ ဆရာတော်တစ်ပါးက
“ကိုယ်တော်ကြီး စကားပြောတာ ကြည့်ပြောနော်၊ ခုကားတိုက်ခံရလို့ ဆုံးသွားတဲ့ သူက မောင်ဇ၀နရဲ့ ဦးလေး (ရဟန်းဒကာ)ဗျ”ဟု ပြောလိုက်သောအခါ ထိုဆရာတော်သည် မိမိကို အားနာသွားကာ
“ဦးဇ၀နရေ တောင်းပန်ပါတယ်နော်၊ တပည့်တော်က အရှင်ဘုရားနဲ့ အခုဆုံးတဲ့ သူနဲ့ ဆွေမျိုးမတော်ဘူးထင်လို့ စ နောက် မိတာပါ”တဲ့။ အော် ဘယ်လိုပင် တောင်းပန်စေကာမူ မိမိသည် ထိုဆရာတော်ကို
“အော် ဒီလို ကိုယ်ကျိုးကြည့် ကိုယ်တော်လဲ ရှိသေးသကိုး”ဟူ၍ပင် မိမိရင်ထဲတွင် မှတ်ကျောက်တင်ထားမိ လေတော့သည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-59455783190564669292011-09-16T06:28:00.000-07:002011-09-16T11:27:51.529-07:00"ပြင်၍ မရတော့သော ဂေါပကလူကြီးများ"
မိမိတို့၏ ရွာအနီးအနားတွင် ရွာကလေးတစ်ရွာရှိလေသည်။ထိုရွာလေးသည် စည်းလုံးညီညွတ်မှုရှိသည်။ ရပ်ရေး ရွာရေး, သာရေး နာရေး, မည့်သည့်ကိစ္စမျိုးမဆို တိုင်တိုင်ပင်ပင် တက်ညီလက်ညီနှင့်ပင် ဆောင်ရွက်လေ့ရှိကြ သည်။ထိုရွာကလေးတွင် ဆွမ်းတော်ကြီးအလှူခံအသင်းလည်းရှိလေသည်။ အသင်းကြီးသည် အနီးအနားရှိရွာ များတွင် အဖိတ်နေ့တိုင်း ဆွမ်းတော်ကြီး အလှူခံထွက်လေသည်။ ဥပုသ်နေ့ နံနက် စောစောတွင် အဖွဲ့သားများ စုရုံးကာ ရရှိလာသော ခဲဘွယ် ဘောဇဉ်များကို မြတ်ဗုဒ္ဓကို ဆက်ကပ်လှူဒါန်းကြလေသည်။ ပြီးလျှင် ဘုရား ရှိခိုးကြလေသည်။ ထို့နောက် အဖွဲ့သားလုံးတို့သည် စားဖွယ်ရာများကို မြိန်ရေ ရှက်ရေဖြင့် မျှဝေ စားသုံးကြလေ သည်။ ရရှိလာသော အလှူငွေများကိုကား စေတီပုထိုးများ ဘုရားတန်ဆောင်များပြုပြင်ရန်အတွက် အဖွဲ့ကြီးက သိမ်းဆည်းထားလေသည်။ ဤသည်ကား ထိုရွာကလေး၏ လေးစားဖွယ်ရာ အတုယူဖွယ်ရာ ဂုဏ်ပုဒ်များပါပေ တည်း။
သို့သော် တစ်နေ့သ မိမိသည် ထိုရွာကျောင်း ဆရာတော်ထံသို့ ရောက်ရှိသွားလေသည်။ မိမိရောက်သော အချိန် သည်ကား ညရှစ်နာရီလောက်ဖြစ်ပေသည်။ ကျောင်းအတွင်းရှိ ဓမ္မာရုံအတွင်းဝယ် လူကြီးများ စုဝေးရောက်ရှိနေ ကြလေသည်။ မိမိက
"ဘုန်းကြီး ဒီနေ့ ထူးထူးခြားခြား ဘုန်းကြီးရွာမှာ ဘာရှိလို့လဲဘုရား၊ ရွာထဲက ဂေါပကလူကြီးတွေ ဓမ္မာရုံထဲ ရောက်လို့ပါလားဘုရား"ဟုမေးလိုက်ရာ ဆရာတော်က
"ဒီနေ့ ငါ့ရွာက ဂေါပကလူကြီးတွေ ဘုရားဝတ်တက်ကြမလို့ကွ၊ ရွာထဲက ဒကာမတစ်ယောက်မွေးနေ့လေ၊ သူက ဂေါပကလူကြီးတွေကို ဖိတ်ပြီး ဘုရားဝတ်တက်မယ်၊ ပြီးရင် ဂေါပကလူကြီးတွေကို ကြာဇံတိုက်မယ်ပေါ့ကွာ" `ဤတွင် မိမိက
"အွန်း ဘုန်းကြီးရွာက ဂေါပကလူကြီးတွေကတော့ တော်တော်လေးကို တော်ကြပါတယ်ဘုရား၊ စုပေါင်းပြီး ဘုရား ၀တ်တက်ကြတယ်၊ လုပ်စရာရှိရင် တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြတယ်၊ တပည့်တော်ရွာမှာတော့ ဒါမျိုး စုစု စည်းစည်း လုပ်လေ့လုပ်ထ မရှိဘူးဘုရား"ဟု လျှောက်ထားလိုက်လေသည်။ မိမိစကားသည်ပင် အဆုံးမသတ် သေးပါ။ ဆရာတော်က
"ဇ၀န မင်းက အဲဒါလောက်သိတာ၊ လူငယ်တွေကတော့ တော်ပါတယ်၊ ဂေါပက လူကြီးတွေက ဘုရားဝတ်တက် မယ်ဆိုရင် မိုက်လုနေတာ၊ ကလေးတွေကျနေတာပဲ၊ ပြီးတော့ သူတို့ အနှစ်နှစ်ကာလက မှားပြီး ရွတ်ဆိုလာတာ ပြင်ပေးတာတောင် လက်မခံဘူး၊ ငါ့ကို ပြန်ပြောတယ်ကွ"ဟုဆိုသောအခါ မိမိက သိလိုဇောဖြင့်
"ဘာပြန်ပြောတာလဲဘုရား"ဟု မေးလိုက်သောအခါ ဆရာတော်က
"ဒီလိုကွ၊ ဒို့ ပါဠိတော်မှာ ကောဋ္ဌာသ (၃၂)နှစ်ပါးရှိတယ်လေကွာ၊ အတ္ထိ ဣသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ လို့လာတယ်မဟုတ်လား၊ သူတို့ က အတ္ထိ ဣသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိလို့ မှားဖတ်နေတယ်ကွာ၊ ငါကလဲ ဒကာကြီးတို့ ဖတ်တာ မှားနေတယ်နော် ၊ ဒီမှာကြည့် ပါဠိစာအုပ်မှာက အဋ္ဌိ အဋ္ဌိမိဉ္ဇံလို့ရှိတယ် ဆိုပြီး စာအုပ်ထုတ်ပြတယ်၊ အဲဒီအချိန်မှာ ဒကာတစ် ယောက်က 'အရှင်ဘုရား စာအုပ်က မှားနေရင်ကောဘုရားတဲ့' ဒါတင်မကဘူး နောက်တစ်ယောက်က 'အရှင်ဘုရား တပည့်တော်တို့က တစ်ချိန်တုံးက ဒီနယ်မှာ နာမည်ကြီးနေတဲ့ စာချဘုန်းကြီး ဦးကောဏ္ဍညရဲ့ တ ပည့်တွေပါဘုရား'တဲ့ အဲဒီလို ကတ်ပြောနေတော့ ငါ့လဲ 'အေး ဒကာကြီးတို့ ဖတ်ချင်သလိုသာ ဖတ်ပါဗျာ၊ ခင်ဗျားတို့ကို ပြောမိတာက ကျုပ်ရဲ့အမှားပါဗျာ'ဟု စိတ်ပေါက်ပေါက်နဲ့ ပြောထည့်လိုက်တယ်ကွာ၊ အဲဒီအချိန်စပြီး သူတို့ဘာသာ ဘာရွတ်ရွတ် ငါဘာမှ မပြောတော့ဘူးကွာ။"ဟုဆရာတော်က သူနှင့် ဂေါပကလူကြီးတို့အကြား ဖြစ်စဉ်အကြောင်းကို ခရေစေ့တွင်းကျ ပြောပြလေသည်။မိမိ၏ စိတ်တွင် အတွေးတစ်ခု ၀င်ရောက်လာသည်ကား "အော် ပြင်၍ မရတော့သော ဂေါပကလူကြီးတွေပါတကား"ဟူ၍ပင် ဖြစ်လေတော့သတည်း။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-5042342902007453572011-07-22T06:10:00.000-07:002011-07-22T09:25:55.080-07:00“ဘဒ္ဒန္တဘွဲ့ရ ဆရာတော်ကြီးတွေ ကြွလာတော့လဲ ဂုဏ်ရှိတာပေါ့ဘုရား”
မိမိ၏ သီတင်းသုံးဖေါ် သူငယ်ချင်း ရဟန်းတော်များသည် စင်္ကာပူမှာ သာသနာပြုနေကြသည်မှာ နှစ်ပေါင်းပင် အတော်ကြာနေပြီးဖြစ်သည်။ ထိုဆရာတော်များသည် သာသနာတော်ကို ထိရောက်အောင် ပြုနိုင်ပါပေ၏။ စင်္ကာ တွင် မြန်မာ ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်းရှိရာ ထိုဆရာတော်များ၏ ကျောင်းသည် နာမည်ရသော
ကျောင်းတစ်ကျောင်းဖြစ်လေသည်။ လူငယ်ရဟန်းတော်များဖြစ်သည်အားလျှော်စွာ တက်တက်ကြွကြွ ခေတ်
အမြင်များဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်ကို လူငယ်များနာလည်နိုင်လောက်အောင် ဟောပြောပြသ သာသနာပြု
နေကြရာ အတော်ပင် အောင်မြင်နေပြီး ဖြစ်နေလေသည်။ အင်္ဂလိပ်စာသင်တန်း တရုတ်စာသင်တန်းများကို လည်း အခမဲ့ သင်တန်းဖွင့်ထားကြသည်။တနင်္ဂနွေနေ့ (Sunday School )အမည်ဖြင့် ကလေးများကို အင်္ဂလိပ် လိုတစ်မျိုး မြန်မာလိုတစ်မျိုး ဗုဒ္ဓ၀င်ကို သင်ပြပေးကြလေသည်။ အထူးအားဖြင့် စင်္ကာပူရောက် ရွှေမြန်မာတို့ကို ဓမ္မဗဟုသုတရရှိစေရန်အလို့ငှာ စင်္ကာပူနိုင်ငံ (Peninsula Plaza)တွင် ဓမ္မပန်းခင်းအမည်ရှိသော စာကြည့်တိုက်
ကို တည်ထောင်ထားလေသည်။ ထိုစာကြည့်တိုက်သည် အထူးအားဖြင့် တရားစာအုပ်အမျိုးမျိုးကို တင်ထား
လေသည်။ စင်္ကာပူရောက် မြန်မာတို့သည် မိမိတို့ အလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုစာကြည့်တိုက်သို့ လာ
ရောက်ကြကာ စာအုပ်များကို ဖတ်ကြသည်။ အချို့လူငယ်များးသည် မိမိတို့၏ အားလပ်သော အချိန်များကို အနားမယူ၍ လာရောက်ကာ လုပ်အားဒါနပြုကြသည်။ မိမိတို့၏ အားလပ်သော အချိန်များကို တန်ဘိုးရှိရှိ အသုံးပြုလိုက်ခြင်းပင်ဖြစ်လေသည်။ ဤသို့အားဖြင့် ဓမ္မပန်းခင်းစာကြည့်တိုက်၏ ဓမ္မပန်းရနံ့သည် စင်္ကာပူမြေ တွင် သင်းရနံ့မွှေးကြိုင်နေလေသည်။ ထိုသို့ ဓမ္မရနံ့အပေါင်းတို့ဖြင့် ထုံးသင်းရနံ့လှိုင်နေသော စာကြည့်
ုတိုက်သို့ စာဖတ်ရန်အလို့ငှာလည်းကောင်း ဗဟုသုတအလို့ငှာလည်းကောင်း ရောက်လာကြသော ပုဂ္ဂိုလ်တွေ များစွာရှိပေသည်။ထိုတွင် ထူးထူးခြားခြား ကြွရောက်လာတော်မူသော ဆရာတော်ကား ဆရာတော်ဦးကုမာရ ပင်ဖြစ်သည်။ထိုဆရာတော်ကြီးသည် ဓမ္မပန်းခင်းသို့ ကြွရောက်လာသောအခါ ဓမ္မပန်းခင်းဆရာတော်နှင့် အခြား
သော လူငယ်လေးများလည်း စာကြည့်၌ ရှိနေနှင့်ကြလေသည်။ ဆရာတော်ကြီးသည်လည်း ဓမ္မပန်းခင်း စာကြည့်တိုက်ဆရာတော်နှင့်တကွ လူငယ်လေးများကို အလ္လာပ သလ္လာပ စကားပြောပြီး ဆုံးမသြ၀ါ ဒများပေး ကာ ပြန်ကြွသွားလေသည်။ဆရာတော်ကြီး ကြွသွားပြီးနောက် လူငယ်ငယ်လေးများက
“ဘုန်းဘုန်း အဲဒါ ဘယ်က ဆရာတော်လဲ ဘုရား”ဟုမေးကြလေသည်။ထိုတွင် ဓမ္မပန်းခင်းဆရာတော်က

“ဟ ငါ့ဒကာတွေ ဒီလောက်နာမည်ကြီးတဲ့ ဆရာတော်ကြီးကို မသိကြဘူးလား၊ အဲဒီ ဆရာတော်ကြီးဘွဲ့က ဆရာတော်ဦးကုမာရလို့ ခေါ်တယ်၊ မြန်မာပြည် ကျမ်းဂန်တတ်ဆရာတော်တွေထဲမှာတော့ တစ်ပါးအပါ အ၀င်ပေါ့။နောက်မှ ပေါ်တဲ့ တိပိဋက အတော်များများကတော့ သူ့တပည့်ချည်းပါပဲ၊ ခုဆရာတော်ကြီးက
မြန်မာနိုင်ငံမှာ သံဃမဟာနာယကအဖွဲ့မှာတော့ အကြီးဆုံး ဥက္ကဋ္ဌဆရာတော်ကြီးပေါ့။”အားပါးတရ ဆရာတော်ကြီး၏ ဂုဏ်များကို တင်ကာ ရှင်းပြတော်မူနေလေသည်။ ဤတွင်ဓမ္မပန်းခင်းဆရာတော်၏ တပည့်
ကျော်တစ်ယောက်က
“အွန်း တပည့်တော်တို့ ဓမ္မပန်းခင်း စာကြည့်တိုက်ကို အဲဒီကဲ့သို့နာမည်ကြီး ဘဒ္ဒန္တဘွဲ့တံဆိပ်ရ ဆရာတော် ကြီးတွေ ကြွလာတော့လဲ စာကြည့်တိုက်ဂုဏ်တက်တာပေါ့ဘုရား”ဟု အားရပါးရ လျှောက်ကြားလေတော့သည်။
ဤတွင် ဓမ္မပန်းခင်းဆရာတော်သည်လည်း ဆက်မပြောနိုင်တော့မူ၍ ပြုံးလျှက်သာ နေလိုက်ရတော့သတည်း။
မှတ်ချက်။
ဘဒ္ဒန္တဟူသည်ကား ဘွဲ့တံဆိပ်လည်းမဟုတ် ဒီဂရီလည်းမဟုတ်ပေ။ ထိုဘဒ္ဒန္တပါဠိ၏ အနက်အမှန်သည်ကား “အရှင် သို့မဟုတ် ဦး”ဟုအဓိပ္ပာယ်ရလေသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-87288243164177612222011-07-17T10:34:00.000-07:002011-07-17T11:51:04.758-07:00"ကိုရင်လေး ဂုဏ်ထူးနဲ့ အောင်အောင်ဖြေနော်"
ပြီးခဲ့သော ဧပြီလလောက်ကဖြစ်သည်။ မိမိသည် ဧရာဝတီတိုင်း၊ ညောင်တုံးမြိုံ့ နယ်၊ပဲရုံဆိပ်ကျေးရွာသို့ ကြွရောက်ခဲ့ရပေသည်။ အကြောင်းမှာ ထိုပဲရုံဆိပ်ကျေးရွာ၌ နှစ်စဉ်နှစ်တိုင်း ညောင်တုံးမြို့လုံးဆိုင်ရာ စာမေးပွဲနှင့် တရားပွဲကျင်းပလေသောကြောင့် တရားဟောရန် ကိစ္စဖြင့် ကြွရောက်ခဲ့ရပေသည်။ မိမိသည် ထိုပဲရုံဆိပ်ကျေးရွာ ရွာဦးကျောင်းရှိ သိမ်ကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်ခဲ့ရလေသည်။ မိမိသည် နောက်နေ့နံနက် ညတရားဟောရန်အတွက် စာကြည့်နေသည်။ ထိုစဉ် ဒါယကာတစ်ဦးသည် အခင်းများယူရန် အတွက် သိမ်ကျောင်းပေါ်သို့ ရောက်ရှိလာသည်။ ထိုဒါယကာသည် မိမိစာကြည့်နေသည်ကို မြင်သောအခါ
"ကိုရင်လေး ဂုဏ်ထူးနဲ့အောင် အောင် ဖြေနော်"ဟု ပြောကာ သိမ်ကျောင်းပေါ်မှ ဆင်းသွားလေသည်။ စာကို စိတ်ဝင်တစား ကြည့်နေသော မိမိသည် တစ်ပါးတည်းပြုံးလျှက်ကျန်နေခဲ့တော့သည်။ ဆက်လက်၍ မိမိသည်
"အော် ငါ့အရပ်ကလည်း ကိုရင်လေးအခေါ်ခံရလောက် ပုပါပေ၏၊ ဒီအရပ်ကလည်း လူပုံအလယ်မှာ တော်တော်
လေးကို အရှက်တကွဲအကျိုးနည်းအောင် လုပ်ပါပေ၏”ဟု မိမိအရပ်ကိုပင် အပြစ်တင်မိလေတော့သည်။
ထို့နောက် သိမ်ကျောင်းထဲချည်း နေရသည်ကို ငြီးငွေ့သဖြင့် အောက်ဆင်းကာ လမ်းလျှောက်ခဲ့လေသည်။ ထိုစဉ်
ကျောင်းသားပေါက်စနှစ်ယောက်သည် သူတို့၏ ဦးဇင်းကို ရှိခိုးနေလေသည်။ ထိုကျောင်းသားပေါက်စနှစ်
့နှင့် သူတို့၏ ဦးဇင်းအကြားတွင် ဆင်ရုပ်ကြီးရှိနေလေရာ မိမိက ကျောင်းသားလေးများကို
“မောင်ကျောင်းသားတွေ မင်းတို့က ဦးဇင်းကို မရှိခိုးပဲနဲ့ ဘာကြောင့် ဆင်ရုပ်ကြီးကို ရှိခိုးနေတာလဲ”ဟု စ နောက် လိုက်လေသည်။ ထိုအခါ ကျောင်းသားလေးများက
“ဆင်ရုပ်ကို ရှိခိုးနေတာ မဟုတ်ပါဘူး၊ ဦးဇင်းကို ရှိခိုးနေတာပါ ကိုရင်လေး”ဟု ပြောသောအခါ ဆရာဖြစ်သော ကန်တော့ခံ ဦးဇင်းက မိမိကို အားနာသွားကာ
“ခွေးမသားတွေ ဦးဇင်းမှန်းမသိ၊ ကိုရင်မှန်းမသိ၊ အဲဒီဘုန်းဘုန်းက ဒီနေ့ည တရားဟောမဲ့ တရားဟောဆရာ
တော်ကွ”ဟု ဆဲဆိုကာ ငေါက်ငန်းလေတော့သည်။ ထိုအခါ မိမိက
“ဦးဇင်းရယ်မသိလို့ခေါ်တာခေါ်ပါစေ၊တပည့်တော်ရဲ့အရပ်ကိုကအလွန်ပုတာကိုး”ဟုကြားမှဝင်ကာ တောင်းပန်ရလေသည်။
ဆက်ကာ ညည်းချင်းထုတ်မိသည်ကာ
“တော်တော် အရှက်တကွဲ အကြိုးနည်းအောင် လုပ်တဲ့ ဒီအရပ်ပါပေသည်တကား”ဟူ၍ပင် ဖြစ်သတည်း။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-48936642966121708832010-12-16T02:28:00.000-08:002010-12-16T05:40:08.863-08:00“အပေါင်ပဲ ခံတယ်”
တစ်နေ့ မန္တလေးမြို့ပေါ်တွင် အလွန်အင်မတန်မှ ချမ်းသာသော မိသားစုတစ်စုမှ ကြီးကျယ်ခမ်းနားသော အလှူပွဲကြီးတစ်ခုကို ကျင်းပလေသည်။ အလှူ့ရှင်များသည်ကား လူချမ်းသာ မျက်နှာသိများဖြစ်ရာ မြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများ ကြွရောက် ချီးမြှောက်တော်မူကြသည်။ အချိန်သည်ကား နေ့လယ် ဆွမ်းဘုဉ်းပေးချိန်ဖြစ်သည်။ ဆရာတော်များ ဆွမ်းဘုဉ်းပေးကြသည်။ ဆွမ်းဘုဉ်းပေးပြီးနောက် လဘက်ရည် ဆုံးဆောင်တော်မူကြသည်။ ထိုအချိန်တွင် ဆရာတော်ငယ်တစ်ပါးသည်
“အရှင်ဘုရား ဆေးလိပ်သောက်ပါအုံးဘုရား”ဟု ဆိုကာ ဆရာတော်ကြီးတစ်ပါးကို ဆေးလိပ် ကပ်လိုက်လေ သည်။ ထိုအခါ ဆရာတော်ကြီးက
“တပည့်တော် ဆေးလိပ်မသောက်တတ်ပါ”ဟု ပြန်လည် မိန့်ကြားတော်မူလေသည်။ထို့နောက် ဆရာတော်ငယ် ကပင်
“ဒါဆိုရင် ကွမ်းလေးတော့ ဘုဉ်းပါအုံးဘုရား”ဟု ဆိုကာ ကွမ်းယာကို ဆက်ကပ်လေသည်။ ဤတွင် ဆရာတော် ကြီးက
“ကွမ်းလဲ မစားပါဘူးကွာ”ဟု မိန့်ကြားတော်မူလေသည်။ ထိုအခါ စကားအနည်းငယ်များသော စပ်စုတတ်သော ဆရာတော်လေးက
“အရှင်ဘုရားက ဒါဆိုရင် ရွှေကျင်နဲ့တူတယ်”ဟု အတွန့်တက်လာလေသည်။ ထိုအခါ ဆရာတော်ကြီးက
“ရွှေလဲ မကျင်ဘူး၊ ငွေလဲမကျင်ဘူး၊ အပေါင်တော့ ခံတယ်”ဟု ပြတ်ပြတ်သားသား မိန့်ကြားတော်မူလိုက်လေ သည်။ ထိုအခါ ဆရာတော်ငယ်လေးသည်လည်း ငြိမ်ကျသွားလေတော့သည်။
မှတ်ချက် နောက်မှ ထိုဆရာတော်လေးသည် ထိုဆရာတော်ကြီး၏ ဘွဲ့အမည်ကို သိရလေသည်။ ထိုခပ်ဆတ် ဆတ်မိန့်တော်မူလိုက်သော ဆရာတော်ကြီးသည်ကား မန္တလေးမြို့၏ ကျက်သရေဆောင် မစိုးရိမ်တိုက်မှ ဆရာ တော်ကြီးဦးရာဇဓမ္မာဘိဝံသပင်ဖြစ်လေတော့သည်။
ရွှေကျင်ဟူသည်ကား မြန်မာပြည်တွင် ရွှေကျင်ဂိုဏ်း သုဓမ္မာဂိုဏ်း ဒွါရဂိုဏ်းစသည်ဖြင့် သံဃဂိုဏ်းကြီး (၉)ဂိုဏ်း ရှိလေသည်။သုဓမ္မာဂိုဏ်းဝင်သံဃာတော်များသည်ကား အများအားဖြင့် ကွမ်းစား ဆေးသောက်တော်မူကြသည်။ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များသည်ကား အများအားဖြင့် ကွမ်းစား ဆေးသောက်သော အမှုကို ပြုတော်မမူကြချေ။ ထို့ကြောင့်ဆရာတော်ကလေးက ဆရာတော်ကြီးဦးရာဇဓမ္မကို
“အရှင်ဘုရားက ရွှေကျင်နဲ့ တူတယ်”ဟုမေးလေသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-21919380994809614652010-12-12T23:45:00.000-08:002010-12-13T04:37:43.609-08:00“အာဂဆရာတော်နှစ်ပါးပါပေသည်တကား”တစ်ခါက တောရွာကျောင်းတစ်ကျောင်းတွင် ဆရာတော်တစ်ပါးရှိလေသည်။ ဆရာတော်သည် “သူသည် အမြှောက်မကြိုက်”ကြောင်းကို လူရှုပ်ရှုပ်ရှိလျှင် အမြဲမပြတ်ပြောကြားလေ့၊ မိန့်တော်မူလေ့ရှိသည်။ တစ်နေ့ အလှူပွဲတစ်ခုတွင် ဆရာတော်သည် ဒါယကာအများနှင့် စကားလက်ဆုံကျရာ ဒါယကာတစ်ဦးမှ
“ဆရာတော် တရားဟော တော်တော်ကောင်းကြောင်း ဒီနယ်တစ်ဝိုက်မှာတော့ နာမည်ကြီးနေတယ်ဘုရား”ဟု လျှောက်ထားရာ ဆရာတော်က
“ဟေ ဒကာ! ဒကာ ငါ့ဆီက တစ်ခုခု လိုချင်ရင် ဒဲ့တိုးပြောပါ၊ ဟိုဝေ့ သည်ဝေ့ လုပ်မနေနဲ့၊ အဲဒါမျိုး ငါမကြိုက်ဘူး၊ မင်းငါ့ကို မြှောက်နေမှန်း ငါသိတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာ မင်း မြဲမြဲမှတ်ထား”ဟု မိန့်တော်မူသဖြင့်
“အော် ဆရာတော်ကတော့ တကယ်အမြှောက်မကြိုက်တဲ့ အာဂဆရာတော်တစ်ပါးပါ ပေသည်တကား”ဟု မြှောက်သော ဒါယကာသည်ပင် လက်ဖျားခါ ယုံကြည်သွားလေသည်။ သို့ဖြစ်သဖြင့် ထိုနယ်မှ ဒါယကာများသည် ထိုဆရာတော်အား ဘယ်လိုမှ မြှောက်ပင့်၍ မရကြောင်း နားလည်လိုက်သည်။မြှောက်ပင့်၍လဲ မပြောဝန့်ကြပေ။ ထိုနယ်တစ်ဝိုက်တွင် ထိုဆရာတော်သည် ဘယ်လိုမှ မြှောက်ပင့်၍ မရသော ဆရာတော်တစ်ပါးအဖြစ် နာမည်ကျော်ကြားနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
တစ်နေ့ ထိုဆရာတော်၏ မြှောက်ပင့်၍ မရကြောင်း အမြှောက်ကြိုက်သော ဆရာတော်မဟုတ်ကြောင်းကို အခြားနယ်မှ ဒါယကာတစ်ဦးသည် သိရှိလေသည်။ ထို့ကြောင့် ဒါယကာသည် ထိုအာဂဆရာတော်ကို ဖူးမြှော်ရန်အလို့ငှာ ရောက်ရှိလာလေသည်။ ဒါယကာသည် ရောက်လျှင် ရောက်ချင်း ဆရာတော်ကို ဦးချလေသည်။ ထို့နောက် အလ္လာပ သလ္လာပစကားပြောကြသည်။ ဒါယကာသည် စကားပြောစဉ်
“ဆရာတော်ကျောင်းကတော့ ပြသာဒ်အဆောင် ဘုံဆောင်တွေနဲ့ ဆောက်ထားတာ ဆိုတော့ နတ်ဘုံ နတ်နန်းတွေကျနေတာပဲဘုရား၊ ဥယျာဉ်ကြည့်ပြန်တော့လဲ တာဝတိံသာနတ်ပြည်က နန္ဒ၀န်ဥယျာဉ်တမျှပါပဲဘုရား၊တော်တော်လေးကို သာယာပါပေတယ်ဘုရား”ဟု မသိမသာ ဆရာတော်ကို မြှောက်ပင့်နေလေသည်။ ဆရာတော်သည်ကား
“ဒကာ မင်းလဲ ငါ့ကို လာမြှောက်နေတာလား၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာတော့ ဒကာသိတယ်နော်၊”ဟု မိန့်တော်မူသဖြင့် ဒါယကာသည် ဆက်မမြှောက်တော့ပေ။ ရိုးရိုးစကား တရားစကားပြောခြင်းဖြင့်သာ စကားဝိုင်းကို အဆုံးသတ်လိုက်လေသည်။ သို့သော် ပြန်ခါးနီတွင် ဒါယကာလျှောက်လိုက်သည်ကား
“တပည့်တော်တော့ ဘုန်းကြီးတွေ အတော်များများကို မြှောက်ဘူးတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေချည်းပါပဲဘုရား၊ အမြှောက်မကြိုက်တဲ့ ဘုန်းကြီးဆိုလို့ အရှင်ဘုရားတစ်ပါးပဲ တွေ့ဖူးသေးတယ်ဘုရား”ဟု ဆိုသောအခါ အမြှောက်မကြိုက်သော အာဂဆရာတော်သည်
“ဟုတ်တာပေါ့ ဒကာရ”ဟု လက်သီးလက်မောင်းတမ်းကာ အားရ၀မ်းသာ အော်ဟစ် မိန့်ကြားတော်မူလေသည်။
ထိုမိန့်ကြားသံကို ကြားရသော ဒါယကာသည်ကား
“အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု”ဖြင့် ကျောင်းပေါ်မှ ဆင်းကာ ပြန်သွားလေတော့သတည်း။

နောက်အာဂဆရာတော်တစ်ပါးရှိပါသေးသည်။ စပ်မိလာသဖြင့် တင်ပြလိုက်ရပေသည်။
တစ်နေ့ ရန်ကုန်မြို့တွင် ထင်းရှားသော ကျောင်းတိုက်တစ်တိုက်သို့ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ဒါယကာနှစ်ဦးရောက်ရှိလာလေသည်။ထိုဒါယကာနှစ်ဦးသည် ဆရာတော်ကို တွေ့သောအခါ
“ဆရာတော်ဘုရား ရုပ်ရှင်မင်းသား ကိုစိုးသူတို့မိသားစုက မနက်ဖြန် မွေးနေ့ဆွမ်း ကပ်မှာဖြစ်တဲ့အတွက် သင်္ကန်းငါးစုံ၊ ငါးဆင့်စတီချိုင့်တစ်လုံး၊ သပိတ်တစ်လုံး၊ ပုဂံခွက်ယောက်စသည်တို့ကို ငှားလိုက်ပါအုံးတဲ့ဘုရား၊ သင်္ကန်းဖိုးကတော့ အိမ်ကျမှ ကပ်ပါမယ်တဲ့ဘုရား”ဟု လျှောက်ထားကြသောအခါ ဆရာတော်က
“ဟေ ဒကာတွေ ရှပ်ရှင်မင်းသားစိုးသူကလွှတ်လိုက်တာဆိုဟုတ်ပါပြီး၊ စိုးသူနဲ့ ဒို့ကလဲ ဆရာ+တပည့်လိုနေနေတာ ငှားရမှာပေါ့ကွ၊ သို့သော် စိုးသူရဲ့ အိမ်လိပ်စာကိုတော့ ငါ့ပြောပြအုံးလေကွယ်”ဟု မေးသောအခါ ဒါယကာနှစ်ဦးက
“ကိုစိုးသူက ဗဟန်းမြို့နယ်၊၀င်ဒါမီယာ၊ ခြံအမှတ်(၅၅)မှာနေပါတယ်ဘုရား”လျှောက်လေသည်။ ထိုအခါ စိုးသူရဲ့ အိမ်လိပ်စာကို အတိအကျသိထားသော ဆရာတော်က
“မင်းတို့ လူလိမ်တွေပဲ၊ စိုးသူက အဲဒီမှာ နေတာမှ မဟုတ်တာ ၊ လိပ်စာက အလွဲချည်းပဲ၊ စိုးသူရဲ့ လိပ်စာကို ငါအတိအကျသိတယ်၊ ငါ့လားပြီး မလိပ်နဲ့ ၊ အေ နောက်တစ်ခါလာလိမ်လို့ကတော့ မင်းတို့နှစ်ယောက်ကို ရဲလက်ထဲအပ်ပစ်မယ်၊ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်”ဟု ဆိုကာ ငေါက်ငမ်းလွှတ်လိုက်လေသည်။ ဆရာတော်သည် တစ်ဆက်တည်းမှာပင် ဘေးနားမှာရှိနေသော သူ၏တပည့်များကို
“မင်းတို့လဲ ငါလို သူများအလိမ်မခံရအောင်ကြိုးစားကြ၊ ငါ ရန်ကုန်မှာနေတာ နှစ်ပေါင်း (၃၀)ရှိသွားပြီ၊ တစ်ခါမှ အလိမ်မခံရသေးဘူး၊ လူဆိုတာ လှစ်နေရတယ်ကွ၊ ယနေ့ခေတ်မှာ လူလိမ်လူညာက များပါဘိသနဲ့၊ ငါ့လိုလှစ်နေမှ တော်ကာကြမယ်ကွ”ဟု အောင်မြင်သော အသံဖြင့် မိန့်ကြားတော်မူနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
မိနစ်ဝက်ခန့် သြ၀ါဒပေးပြီးသောအခါ ဆရာတော်သည် ကျင်ငယ်(အပေါ့)စွန့်ရန်အလို့ငှာ အောက်သို့ ဆင်းသွားလေသည်။ သို့သော် ဆရာတော်၏ ယနေ့မှ ထုတ်စီးထားသော အသစ်စက်စက် ကတ္တီပါဖိနပ်သည်ကား မရှိတော့ပေ။ ထိုအခါမှ ဆရာတော်သည် ဒေါသူပုန်ထကာ
“ဟို ခွေးမသားနှစ်ကောင် ငါ့ဖိနပ်ကို အလစ်သုတ်သွားပြီနဲ့တူတယ် မရှိတော့ဘူး၊ ငါ့တစ်သက် တခါမှ အလိမ်မခံရဘူး၊ ဒီခွေးကောင်းနှစ်ကောင်နဲ့ တွေ့မှ အလိမ်ခံရတယ်ကွာ”ဟု ကြိမ်းမောင်းကာ အာဂဆရာတော်လဲ ဒေါသဖြစ်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ဘေးတွင် ရှိကြသော တပည့်များသည်ကား
ပြုံးစိစိဖြင့်ရှိနေကြသည်။ ထိုတပည့်တို့၏ အပြုံးသည်လည်း အဓိပ္ပာယ်များစွာ ရှိလှပေ၏။

ဤနေရာတွင် စကားစပ်မိလာသဖြင့် အနည်းငယ် ဓမ္မစကား တင်ပြပေအံ့။ မန္တလေးမြို့တွင် မစိုးရိမ်ကျောင်းတိုက်ကိုတည်ထောင်တော်မူသော ဆရာတော်ဦးသူရိယသည် ပစ္စည်းတစ်ခုပျောက်သွားလျှင် အခြားပုဂ္ဂိုလ်များကို ပြောရမည်ကို အလွန်ရှက်တော်မူလေ့ရှိသည်။ ဆရာတော်၏ အယူအဆအရ မိမိယခုဘ၀ ပစ္စည်းပျောက်ခြင်းသည် အတိတ်ဘ၀က သူများဥစ္စာကို ခိုးခဲ့သောကြောင့်သာ မကောင်းကျိုးဆက်အဖြစ် ပစ္စည်းပျောက်ခြင်းသည်။ဤသည်ကို မသိကြသော အချို့သော ပုဂ္ဂိုလ်တို့သည်
“ငါပစ္စည်းပျောက်တယ်၊ ငါပစ္စည်းပျောက်တယ်”ဟု လူအများသိရန် အလို့ငှာ အရပ်လေးမျက်နှာလှည့်လည်ပြောကြလေသည်။ ဤသို့ ပြောခြင်းသည်
“အတိတ်ဘ၀က ငါသူများဥစ္စာကို ခိုးခဲ့တာပဲဟေ”ဟူ၍ ပြောကြားနေသကဲ့သို့ပင် ဖြစ်သည်။ထို့ကြောင့် သူတော်ကောင်းဆရာတော်ကြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီးက ပစ္စည်းပျောက်လျှင် စိတ်တိုမည့်အစား ရှက်၍ပင်နေလေတော့သည်။
“အော် ရှေးဆရာတော်ဘုရားကြီးများသည်ကား အလွန်ပင် ကြည်ညိုဖွယ်ကောင်းလှပါပေသည်တကား”
မိမိတို့၏ ပစ္စည်းကို အခိုးမခံရစေရန်အလို့ငှာ သူများပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမည် သာဖြစ်ပေသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-89121327290624989832010-11-30T04:47:00.001-08:002010-12-08T02:30:55.885-08:00“ရှူရမှာလား သုံးရမှာလား”
ဤအဖြစ်အပျက်ကလေးသည် လွန်ခဲ့သော နှစ်ပေါင်း (၂၆)နှစ်လောက်က ဖြစ်ပါပေသည်။ နွေဦးပေါက်ပြီဆိုလျှင် သံဃာတော်များသည် အစိုးရက ကျင်းပပေးသော ဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲများကို ဖြေဆိုကြရ လေသည်။ သံဃာတော်များသည် စာမေးပွဲများဖြေပြီးသည့်နောက် ကျောင်းများ ခေတ္တခဏ ပိတ်သည်နှင့်တစ် ပြိုင်နက် သူတို့၏ အရပ်ဒေသများသို့ ပြန်ကြွကြလေသည်။ ထိုသံဃာတော်အပေါင်းတွင် ဦးဇင်းလေးတစ်ပါးသည် လည်း စာမေးပွဲကို ကောင်းစွာ ဖြေဆိုပြီးနောက်သူ၏ဇာတိရွာသို့ ပြန်ကြွသွားလေသည်။ဦးဇင်းလေးသည် ရွာတွင် သီတင်းသုံးနေထိုင်စဉ် လပေါင်းများစွာကြာ ကွဲကွာနေသော မိဘ၊ ဆရာသမားများ၊ ရဟန်းဒါယကာ+ ရဟန်း ဒါယိကာမများ၊ဆွေမျိုးအပေါင်း၊သူငယ်ချင်းအပေါင်းနှင့်တွေ့ကာအလွန်ပီတိဖြစ်နေခဲ့သည်။စကားများသည်လည်း ပြော၍ အားမရအောင်ဖြစ်နေခဲ့သည်။သူသည်နှစ်လကြာနေပြီးနောက် ကျောင်းပြန်လည်ဖွင့်သည့်အတွက် မြို့သို့ ပြန်ရတော့မည်ဖြစ်ပေသည်။သို့အတွက်ကြောင့် သူသည်မိဘ၊ဆွေမျိုး၊သူငယ်ချင်းများကို လိုက်လံနှုတ်ဆက်လေ တော့သည်။ထိုမိဘဆွေမျိုး သူငယ်ချင်းများသည် မြို့သို့ တစ်ဖန်စာသင်ကြွတော့မည်ဖြစ်သော သူတို့၏ ဦးဇင်းကို တတ်စွမ်းသလောက်ထောက်ပန့်လှူဒါန်းကြလေသည်။ ထိုဇင်းလေးသည် နောက်ဆုံးနှုတ်ဆက်ရန်ကျန်နေသော သူများသည်ကား သူ၏ ရဟန်းဒါယကာ+ရဟန်းဒါယိကာမများပင်ဖြစ်သည်။ သို့ဖြစ်သဖြင့် သူသည် သူ၏ ရဟန်း ဒါယကာ+ရဟန်းဒါယိကာမများအိမ်သို့ ကြွသွားလေသည်။ဦးဇင်းလေးသည် သူ၏ ရဟန်းဒါယကာ+ရဟန်းဒါယ ကာမများနှင့် ပက်ပင်းတိုးလေသည်။ထိုအခါ သူသည်
“ဒကာကြီး+ဒကာမကြီးတို့ ဦးဇင်း မနက်ဖြန် မြို့ကို စာသင်ပြန်ကြွတော့မယ်”ဟု နှုတ်ဆက်ပြောကြားလေသည်။
ဤတွင် ရဟန်းဒါယကာကြီးက
“ဦးဇင်းကို ငွေလှူအုံးမည်”ဟု ဆိုကာ ငွေနှစ်ကျပ်ကို လှူဒါန်းလေသည်။ ထိုအခါ ဦးဇင်းဖြစ်သူက ငွေနှစ်ကျပ်ကို ကြည့်ကာ
“ဒကာကြီးရယ် ဒီလောက် ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ ဒကာကြီးက ဦးဇင်းကို ငွေနှစ်ကျပ်လာလှူ တယ်၊ ဒီငွေနှစ်ကျပ်က ဘာအတွက်လဲ၊ သုံးဘို့လား၊ သို့မဟုတ် ရှူဘို့လား၊ သုံးဘို့ဆိုရင်တော့ ဘာမှသုံးရမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒကာကြီးပဲ ပြန်ယူလိုက်ပါ၊ ရှူဘို့ဆိုရင်တော့ နှစ်ကျပ်လှူစရာမလိုပါဘူး၊ ငါးပြားစေ့တစ်စေ့
ဆိုရပါတယ်၊ ငါးပြားပဲလှူပါ ဒကာကြီး”ဟု ဆိုလိုက်သောအခါ ဒါယကာကြီးသည်
“ရဟန်းအမကြီးရေ ငါလှူတာ နည်းတယ်တဲ့၊ နင်သာ ကြည့်လှူလိုက်ပေတော့”ဟု မျက်စိပျက် မျက်နှာပျက်ဖြစ် ကာ အိမ်ခန်းအတွင်းသို့ ၀င်ပြေးသွားလေတော့သတည်း။
မှတ်ချက်။။ ထိုခေတ် ထိုကာလက တက်ရွန်သင်္ကန်းတစ်စုံပင် နှစ်ရာ့ငါးဆယ်ပေးရသော ခေတ်ဖြစ်သောကြောင့် “နည်းသည်ဟု ပြောမလား၊ များသည်ဟု ပြောရမလား၊ မနည်း မများဟု ပြောရမလား ”စာဖတ်သူတို့ ဆုံးဖြတ်ကြ ကုန်ရာသတည်း။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-90320854852417739572010-11-23T16:50:00.000-08:002010-11-23T17:29:01.591-08:00“ကြက်သားထက်တောင် ကြိုက်သေး”ရမည်းသင်းမြို့ပေါ်ရှိ စာသင်တိုက်တစ်ခုတွင် ဦးဝံသသည် ဆွမ်းစာကျောင်းဘုန်းကြီးအဖြစ် တာဝန်ယူခဲ့သည်မှာ သုံးလခန့်ရှိပြီးဖြစ်သည်။ ဦးဝံသသည် ဒါယကာ ဒါယကာမများအပေါ် အပြောကောင်းသလို အမြှောက်လည်းကောင်းသည်။ ထို့ကြောင့် လှူမည့်တန်းမည့်သူများ မကြာခဏ ရောက်လာတတ်သည်။ တစ်နေ့ ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ယောက် ဆွမ်းချိုင့်လာပို့ရာ အပြောကောင်းသော ဦးဝံသမှာ မြင်မြင်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။
“ဟာ ဒကာမကြီး ဆွမ်းလာပို့တာလား”
“မှန်ပါဘုရား တပည့်တော် သဒ္ဓါဆွမ်းလာပို့တာပါဘုရား”
“အင်း သာဓုဗျာ သာဓု သာဓု-- ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“မှန်ပါ ကြက်သားဟင်းပါဘုရား”
“ဟေ ဟုတ်လား ဟန်ကြတာပဲ ကျောင်းက စာချဘုန်းကြီးတွေကို ကြက်သားနဲ့ မကပ်ရတာ ကြာပေါ့ဗျာ ကြက်သားထက် ကောင်းတဲ့ဟင်း မရှိတော့ဘူး”
“မှန်ပါဘုရား”ဟု ဒါယကာမကြီးမှာ ၀မ်းသာအားရဖြင့် ဆွမ်းဟင်းများလှယ်ပြီး ပြန်ရန် ကျောင်းအောက်ထပ်လှေကားအနီးမှ ဖိနပ်ဝင်ယူနေ၏။
မကြာမီ ဒါယကာမတစ်ယောက်ဆွမ်းချိုင့်လာပို့ပြန်၏။ ထုံးစံအတိုင်း နှုတ်ဆက်ပြန်၏။
“ဟာ ဒကာမကြီးဆွမ်းချိုင့်လာပို့တာလား”
“မှန်ပါဘုရား မွေးနေ့မို့ ဆွမ်းလာပို့တာပါဘုရား”
“သာဓုဗျာ သာဓု သာဓု ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“၀က်သားဟင်းပါအရှင်ဘုရား”
“ဟေ ဟန်ကျတာပဲ စာချဘုန်းကြီးတွေကို ၀က်သားနဲ့ကပ်ရတာပေါ့၊ ကျုပ်တို့က ၀က်သားဆို ကြက်သားထက်တောင် ကြိုက်သေးတယ်၊ ကြက်သားကမှ အရိုးထွင်နေရသေး”
ဦးဝံသသည် အရင်ကြက်သားဟင်းလာလှူသော ဒါယကာမကြီးပြန်သွားပြီထင်၍ နောက်ဝက်သားဟင်း လာပို့သော ဒါယကာမကြီးကို မြှောက်ပင့်၍ ပြောဆိုနေလေ၏။
လှေကားအနီးမှ ဖိနပ်ဝင်ယူနေသော ကြက်သားလှူသော ဒါယကာမကြီး ကြားသွားရာ
“ဘုန်းကြီးတန်မဲ့ တော်ကြာတစ်မျိုး ခုတစ်မျိုးပြောတတ်တဲ့ဘုန်းကြီး၊ နောက် အရှင်ဘုရားကျောင်းကို ဘယ်တော့မှ ဆွမ်းလာမပို့တော့ဘူး”ဟု ပြောကာ စိတ်ဆိုးထွက်သွားလေတော့သည်။ထိုဦးဝံသသည်လည်း နောက်တစ်ကြိမ် ထိုဒါယိကာမကြီးကို ပြန်လည်တွေ့ဆုံခွင့် မရတော့ချေ။

မှတ်ချက် ဥယျာဉ်တိုက်(ရန်ကင်းတောင်) အနှစ်(၂၀)ပုံရိပ် မဂ္ဂဇင်းမှ ထုတ်နှုတ်ပြင်ဆင်ရေးသားတင်ပြလိုက်ရပေသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-55502497390176012612010-11-22T15:53:00.000-08:002010-11-22T16:38:17.296-08:00“ခေါင်းဖြတ် လောင်းလိုက်”
တစ်ခါက မြို့တစ်မြို့၏ စာသင်တိုက်တစ်တိုက်တွင် ကိုရင်ပုညအမည်ရှိ စာသင်သားတစ်ပါးရှိလေသည်။ ကိုရင် ပုညသည် ည(၁၂)နာရီထိုးသည်အထိ စာကျက်ထားသောကြောင့် အတော်နေမြင့်မှ အိပ်ရာကနိုးသည်ခဲ့လေ သည်။ ထို့နောက် သွားတိုက်၊မျက်နှာသစ်ပြီး ရေးကြီးသုတ်ပြာနှင့် သင်္ကန်းမြန်မြန်ရုံကာ ဆွမ်းခံကြွသွားလေသည်။ ဆွမ်းခံအိမ် ငါးအိမ်ခန့်မျှ ကြွပြီးဖြစ်သော်လည်း ဆွမ်းဟင်းကား တစ်ခွက်သာ ရသေးသည်။ ထိုရထားသော ဆွမ်း ဟင်းသည်လည်း မက်လောက်သော ဆွမ်းဟင်းတော့မဟုတ်ချေ၊ ထို့နောက် ကိုရင်ပုညသည် ခြောက်အိမ် မြောက် အိမ်သို့ဝင်လိုက်ပါပြီ။ အိမ်ရှင်ဒါယကာမကြီးသည်ကား အ၀တ်လျှော်နေသဖြင့် ကိုရင်ပုညကြွလာသည် ကို မမြင်လိုက်ချေ။ အိမ်အတွင်းရှိ ဒါယကာမကြီး၏ သမီးဖြစ်သူက မြင်လိုက်သဖြင့်
သမီး
“အမေ ကိုရင်ဆွမ်းခံကြွလာတယ်”
အမေ
“အေး ငါအ၀တ်လျှော်နေတယ်၊ မအားသေးဘူး၊ ကြောင်အိမ်ထဲမှာ ငါးကြော်ရှိတယ်၊ ယူလောင်းလိုက်”
ထိုဒါယကာမကြီး၏ ငါးကြော်လောင်းလိုက်ဟု ပြောသံကို ကြားရသောအခါ ကိုရင်ပုညသည် စိတ်အတွင်းမှ ကြိတ် ကာပီတိဖြစ်နေတော့သည်။ ဘုဉ်းပေးလိုက်စိတ် တစ်ဖွားဖွားဖြစ်သဖြင့် မိမိတံတွေးများကိုပင် ပြန်လည်မျိုချလိုက် ရသည်။
သမီး
“အမေ ငါးကြော်က တစ်ကောင်တည်းရှိတာ တစ်ကောင်လုံးလောင်းလိုက်ရမှာလား”
ထိုအခါ မိခင်ဖြစ်သူ ပြန်လည်ပြောလိုက်သော စကားကြောင့် ကိုရင်ပုညအကြီးအကျယ် စိတ်ဓာတ်ကျသွားလေ တော့သည်။ မိခင်ဖြစ်သူ ပြောလိုက်သော စကားသည်ကား
“ဟဲ့ ငါးကြော်ကို အကောင်လိုက် လောင်းရအောင် အဲဒီကိုရင်က နင့်လင်များမှတ်လို့လား၊ ခေါင်းဖြတ်လောက် လိုက်”ဟူ၍ပင်ဖြစ်သတည်း။
မှတ်ချက်= ဤပုံပြင်သည် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ ဥယျာဉ်စာသင်တိုင်၏ နှစ်(၂၀) ပုံရိပ် မဂ္ဂဇင်းမှ ပြန်လည် ထုတ်နှုတ်ရေးသား ဖေါ်ပြလိုက်ရပေသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com1tag:blogger.com,1999:blog-4185809353787961656.post-5951892610378828002010-11-11T01:10:00.001-08:002010-11-11T01:46:23.760-08:00“ဘုရားပွင့်တောင် သွားမဖူးရဘူး”
မြန်မာပြည်တွင် နာမည်အကြီးဆုံး စာသင်တိုက်ကြီးတစ်တိုက်ကို ညွှန်ပြပါဆိုလျှင် မန္တလေးမြို့မှ မစိုးရိမ်ကျောင်း တိုက်ကြီးကို ညွှန်ပြရမည်ဖြစ်ပေသည်။ မစိုးရိမ်ကျောင်းတိုက်ကြီးသည် အဘယ်ကြောင့် နာမည်ကြီးသလဲဟုဆို လာလျှင် မစိုးရိမ်ကျောင်းတိုက်ကြီးသည် မြန်မာပြည်တွင် စာသင်သားသံဃာအများဆုံးဖြစ်သည်။ စာသင်နည်း စနစ်ကောင်းသည်။ အထူးအားဖြင့် အစိုးရဓမ္မာစရိယ၊ သကျသီဟ၊ စေတီယင်္ဂဏစာမေးပွဲများနှင့် ပတ်သက် သော စာဝါများကို ပို့ချရာတွင် အလွန်နာမည်ကြီးသည်။ ထို့ကြောင့် မစိုးရိမ်ကျောင်းတိုက်ကြီးသည်ကား မြန်မာ ပြည်တွင် အလွန်နာမည် ကြီးလှပေသည်။ ယခုအခါ ထိုစာသင်တိုက်ကြီးကို အုပ်ချုပ်နေသော ဆရာတော်ကြီး သည်ကား ဆရာတော်ကြီးဦး ရာဇဓမ္မာဘိဝံသပင်ဖြစ်ပေသည်။ ဆရာတော်ကြီးသည် စာချအလွန်ကောင်းသည်။ စကားပြောပြတ်သည်။ စကားပြောကောင်းသည်။ ဤနေရာ၌ ဆရာတော်ကြီး၏ ပြောင်မြောက်လှသော မှတ် သားလောက်သော သြ၀ါဒကို ဖေါ်ပြပေအံ့။တစ်နှစ်က မစိုးရိမ်တိုက်မှ စာသင်သားများသည်
“ဆရာတော်ဘုရား တပည့်ရဲ့ဆရာသမားပျံ့လွန်တော်မူသွားတဲ့အတွက်ကြောင့် တပည့်တော်ကို ရွာပြန်ခွင့်ပြု တော်မူပါဘုရား၊ ဒုတိယ စာသင်သားတစ်ပါးကလဲဆရာတော်ဘုရား တပည့်တော်ရဲ့ အမေကွယ်လွန်သွားပါ သဖြင့် တပည့်တော်ကို ရွာပြန်ခွင့်ပြုတော်မူပါဘုရား၊ တတိယစာသင်သားတစ်ပါးကလဲ ဆရာတော်ဘုရား တပည့်တော်ရဲ့ အဖေကွယ်လွန်သွားပါသဖြင့် ရွာပြန်ခွင့်ပြုတော်မူပါဘုရား” စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး ရွာပြန်ခွင့်ကို လျှောက်ကြလေသည်။တစ်ပါးလည်းမဟုတ် နှစ်ပါးလည်းမက စသည်ဖြင့် အလွန်အင်မတန်မှ များပြားလှပေသည်။ အချို့လည်း အမှန်ပင် မိဘကျန်းမာရေးကောင်းသဖြင့်လည်းကောင်း မိဘများကွယ်လွန် သွားသဖြင့်လည်းကောင်း ပြန်ခွင့်ကို ရရန် ဆရာတော်ထံမှ လျှောက်ထားကြလေသည်။ အချို့လည်း လူငယ်တို့ အလျှောက် ဟိုဟိုဒီဒီ ခရီးသွားလိုသောအခါ အကြောင်းအမျိုးမျိုးပြကာ လိမ်လည်လျှောက်ထားကြလေသည်။ စာသင်သားများစွာကို အုပ်ချုပ်လာသော ဆရာတော်ဦးရာဇသည်ကား အချို့တပည့်များ လိမ်လည်လျှောက် ထားကြသည်ကို သိရှိလာလေသည်။ တပည့်များထံမှ အတွေ့အကြုံများလည်း တော်တော်ပင် ရရှိလာပြီးဖြစ် လေသည်။ တပည့်များ၏ အလိမ်ခံရပေါင်းလည်း များလာပြီ ဖြစ်လေသည်။
ထို့ကြောင့် တစ်နှစ်သောကျောင်းပိတ်ချိန်ဝယ် အောက်ပါအတိုင်း ပြတ်ပြတ်သားသား မှတ်သားဖွယ်ရာသြ၀ါဒကို ပေးတော်မူလေတော့သည်။
“အေး မင်းတို့စာသင်သားတွေ စာဝါဖွင့်ပြီဆိုလျှင် စာဝါမတက်ချင်တာနဲ့ အဖေသေလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရား၊ အမေသေလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရား၊ ဆရာသမားပျန်လွန်တော်မူလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရားနဲ့ လာလျှောက် ကြတယ်၊အချို့လဲ တကယ်အမေ အဖေသေလို့ လာလျှောက်ကြတာတွေပါတယ်၊ တချို့လဲ စာဝါလိုက်ရမှာ ပျင်း တာနဲ့ ငါဆီလာပြီး သေသွားပြီးဖြစ်တဲ့ အဖေသေလို့ သေသွားပြီးဖြစ်တဲ့ အမေသေလို့ပါဘုရားဟု ညာလျှောက်ပြီး တောသွားတောင်သွား သွားကြတယ်၊ အေး ဒီနှစ် စါဝါဖွင့်လို့ကတော့ လာမလျှောက်နဲ့ တစ်ပါးမှ ပြန်မလွှတ်ဘူး သာမှတ်၊ မင်းတို့ အမေ+အဖေ+ဆရာသမားတွေကို ရွာပြန်တာနဲ့ တစ်ခါတည်းပြောခဲ့၊ “အမေတို့ အဖေတို့ရယ် သေမယ်ဆိုရင်လဲ ဦးဇင်းတို့ စာဝါမဖွင့်မီ ကျောင်းမဖွင့်မီစောစောစီးစီးသေထားကြပါ၊ ဒီနှစ်ကျောင်းဖွင့်မှ စာဝါ ဖွင့်မှ အမေတို့ အဖေတို့သေရင် ဆရာတော်က ပြန်မလွှတ်ဘူးတဲ့၊ ဒါကြောင့်သေစရာရှိရင်လဲ စောစောသေ ထားကြပါ၊”လို့တစ်ခါတည်းပြောခဲ့ကြကွာ၊ စာဝါဖွင့်ပြီဆိုမှတော့ ဘယ်လိုအကြောင်းပြပြ ဘယ်မှ ဘယ်သူ့ကိုမှ ပြန်ခွင့်မပေးတော့ဘူး၊ အေး ကုန်အောင်ပြောလိုက်မယ်ကွာ၊ ဒို့ကျောင်းဖွင်တဲ့အချိန် စာဝါချတဲ့အချိန်ကစပြီး မင်း တို့ အမေအဖေသေတာတွေ ဘေးဖယ်ထားလိုက်အုံး၊ ဘုရားပွင့်တောင် သွားမဖူးရဘူးကွာ” ဟူသည်ပင်ဖြစ် သတည်း။

ဤနေရာ၌ အကြောင်းတိုက်ဆိုင်လာသဖြင့် အလားတူ အခြားအဖြစ်အပျက်တစ်ခုကို ဖေါ်ပြပေအံ့။
ရန်ကုန်မြို့တွင် ထင်ရှားသော စာသင်တိုက်ကြီးတစ်တိုက်ရှိလေသည်။ ထိုစာသင်တိုက်ကြီးတွင် နယ်ပေါင်းစုံမှစာ သင်သားများ ပညာသင်ကြားလျှက်ရှိကြသည်။ တစ်နေ့ မြစ်ဝကျွန်းပေါ်မှ စာသင်သားကိုယ်တော်လေး တစ်ပါးသည်
“ဆရာတော်ဘုရား တပည့်တော်အဖေဆုံးသွားလို့ ရွာပြန်ခွင့် ပြုတော်မူပါဘုရား”ဟုလျှောက်ထားရာ ဆရာ တော်က
“မောင်ပဇင်းရ မင်းအဖေက ဘာကြောင့် ဆုံးသွားတာလဲကွ”ဟု သိလိုဇောဖြင့် မေးလေသည်။ တပည့်ဖြစ်သူက
“ပင်လယ်ထဲ ငါးရှာရင် စက်လေမှောက်ပြီး ဆုံးသွားတာပါဘုရား”ဟု ဆက်လျှောက်သောအခါ
“အော် ဖြစ်မှ ဖြစ်ရလေ မောင်ပဇင်းရယ်၊ မင်းရဲ့ ဖခမည်းတော်ကလဲ တော်တော်ကံဆိုးရှာတာပဲ၊ အွန်းစိတ်မ ကောင်းစရာ၊ဒါနဲ့မင်းက ဘယ်တော့ပြန်မှာလဲ မောင်ပဇင်း၊”ဟု မေးသောအခါတွင် တပည့်ဖြစ်သူက
“တပည့်တော် ဒီနေ့ ညနေ သင်္ဘောနဲ့ ပြန်ပါမယ်ဘုရား”လျှောက်ထားလိုက်လေသည်။ ထိုအခါ ဆရာတော်သည် ကရုဏာသက်စွာဖြင့်
“ရော့ မောင်ပဇင်းရေ သင်္ဘောခပေါ့၊ သိပ်တော့မများပါဘူးကွာ”ဟု မိန့်တော်မူကာ ခရီးစရိတ်ကို စွန့်လိုက်လေ သည်။ တပည့်ဖြစ်သူသည်လည်း ဆရာတော်ကို ရိုသေစွာ ဦးချပြီးနောက် အထုတ်အပိုများပြင်ကာ ထိုနေ့ညနေ ခင်းမှာပင် သင်္ဘောဆိပ်သို့ ဆင်းသွားလေတော့သည်။ ထိုကိုယ်တော်လေးကံဆိုးချိန် ရောက်လာပြီ ထင်၏။ ကိုယ်တော်လေးက ညနေခင်းအထွက် ပင်လယ်ထဲတွင် ငါးရှာရင်း သင်္ဘောမှောက် ဆုံးပြီးဆိုသော သူ၏ ဖခည်း တော်သည်ကား သူနေသော စာသင်တိုက်ကြီးသို့ မနိုင့်တနိုင့် အထုပ်အပိုးကြီးများထမ်းကာ ရောက်လာလေ တော့သည်။ထိုဒကာကြီးသည် ပင်ပက်ဆိုသလို သူ၏ သားဦးဇင်း၏ ဆရာသမားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် သွားဆုံ လေရာ
“ဆရာတော်ဘုရား၊ တပည့်တော်က မြစ်ဝကျွန် ဘယ်မြို့ ဘယ်ရွာကပါဘုရား၊ တပည့်တော်ရဲ့ ဦးဇင်းကို တွေ့ချင် လို့ပါဘုရား၊တပည့်တော်က သူရဲ့ ဖခင်ပါဘုရား”ဟု လုံးစိ ပတ်စီ လျှောက်ထားလိုက်ရာ
“ဟာ ဒီကောင် ကျုပ်ကို ညာသွားတာပဲ၊ တပည့်တော်ရဲ့ အဖေ ငါးရှာရင် ပင်လယ်ထဲ ရေနစ်ဆုံးသွားလို့ပါ ဘုရားလို့ ညာလျှောက်သွားတယ်၊ ကျုပ်က လမ်းစရိတ်တောင် စွန့်လိုက်သေးတယ် ဒကာကြီးရာ၊အွန်း ဒီကောင် မညာသင့်တာ ညာတယ်၊ ညာစရာ ရှားလို့ မသေတဲ့ အဖေကို သေအောင်ပြောလျှောက်တယ်၊ အွန်းလာမှ
ဆုံးမလိုက်အုံးမယ်၊”ဟုစိတ်ဆိုးစွာဖြင့် မိန့်ကြားလေတော့သည်။ ထိုအခါ ဒါယကာကြီးသည်လည်း
“ဟာ ဒီသားပဇင်း တခြားညာစရာရှားလို့၊ ကိုယ့်အဖေကိုများ ပင်လယ်ထဲ ငါးရှာရင် သင်္ဘောမှောက်ပြီး ဆုံးတယ် ပြောတယ်၊နမိတ်မရှိ နမာမရှိ၊ရွာရောက်မှ တွေ့သေးတာပေါ့” ဟု ထိုပဇင်းငယ်၏ ဖခမည်းတော်သည်လည်း ကျောင်းသို့ မတည်းနိုင်တော့မူ၍ ဆရာတော်ကို ဦးချ နှုတ်ဆက်စကားဆိုကာ သားဖြစ်သူ မောင်ပဇင်းနောက် လိုက်သွားလေတော့သတည်း။ ထိုကိုယ်တော်လေးသည်လည်း ထိုအချိန်မှစကာ စာသင်တိုက်ကြီးဆီသို့ ပြန်မ လားတော့ချေ။ အကြောင်းကိုလည်း ရှာမတွေ့ချေ။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-33555237089745122712010-11-05T04:45:00.007-07:002010-11-05T04:59:15.063-07:00“အမှိုက်တွေတော့ ရှင်းသွားပြီ ခွေးချီးတွေပဲ ကျန်တော့တယ်”
မုံရွာမြို့တွင် ဇောတိကအမည်ရှိ စာသင်တိုက်ကြီးတစ်တိုက်ရှိလေသည်။ ထိုစာသင်တိုက်ကြီးသည် အလွန်အင်မ တန်မှ နာမည်ကြီးသည်။ ဘာကြောင့်နာမည်ကြီးသလဲ အကြောင်းကို ရှာရသော် ထိုတိုက်ကြီးကို အုပ်ချုပ်တော် မူသော ဆရာတော် ကြီးသည်ကား ပရိယတ်အရည်အသွေးပြည့်ဝသည်။ စာချကောင်းတော်မူသည်။ ကိုယ်ကျင့် သီလနှင့် ပြည့်စုံတော်မူသည်။ အုပ်ချုပ်မှုလည်း အလွန်ကောင်းသည်။ ဆရာတော်ကြီးသည် တပည့်တစ်ပါးစည်း ကမ်းဖောက်ဖျက်သည်ကိုပက်ပင်းတွေ့ပါက အကြွေးမထား ချက်ချင်းဆုံးမတော်မူသည်။ ဘက်မလိုက် မှန်ကန်စွာ ဆုံးမလေ့ရှိသည့်အတွက် တပည့်ရဟန်းသံဃာတော်များက ဆရာတော်ကြီးကို ချစ်ကြောက်ရိုသေကြသည်။ ထိုဆရာတော်ကြီးသည်ကား စာပေနှင့် စည်းကမ်းပိုင်းသာမက စကားပြောလည်းအလွန်အင်မတန်မှကောင်း ကြောင်းနာမည်ကြီးသည်။တစ်နေ့ ဆရာတော်ကြီး၏ တပည့်အချို့တို့သည်
“ဆရာတော်ဘုရား တပည့်တော်တို့ကို ဇာတိရပ်ရွာသို့ မိဘများကို တွေ့ရန် ခေတ္တခဏ ပြန်ခွင့်ပြုတော်မူပါ ဘုရား”ဟုလျှောက်ကြလေသည်။ ထိုအခါ စကားပြောကောင်းသော ဆရာတော်ကြီးက
“အေး အေး ပြန်ကြပေါ့ကွာ၊ မင်းတို့တတွေ ရွာပြန်တော့ ငါ့ကျောင်းအတွင်း အမှိုက်တွေရှင်းသွားတာပေါ့ကွာ”ဟု
မိန့်ကြားလိုက်လေသည်။ ထို့သို့ ဆရာတော်ဘုရားကြီးက တသက်တာ မှတ်သားလောက်သော သြ၀ါဒပေး သည်ကို ဘေးတွင် ထိုင်ကာ နားထောင်နေကြသော ရွာမပြန်ကြသော တပည့်အချို့က
“အွန်း ဆရာတော်ကြီးက ရွာပြန်တဲ့ ကိုယ်တော်တွေတော့ အမှိုက်တွေနဲ့ နှိုင်းပြီး ပြောနေပြီ၊ ဒို့တတွေတော့ တော်သေးတယ်၊ ရွာမပြန်လို့ပေါ့၊ ရွာပြန်ရင် အမှိုက်ထဲ အထည့်ခံနေရအုံးမယ်၊ ခုတော့ ဒို့တတွေ ကောင်းတဲ့ စာ ရင်းပါသွားတာပေါ့”ဟု တီးတို တီးတိုး ပြောကာ ပျော်နေကြလေ၏။ သို့သော် ထိုကိုယ်တော်လေးများ၏ ပျော်ရွှင် မှုသည် သိပ်မကြာလိုက်ပါ။ ဆရာတော်ကြီး မိန့်ကြားတော်မူလိုက်သော စကားကြောင့် ရုပ်ချည်းပျောက်ကွယ်
သွားရလေသည်။ အဘယ်ကြောင့် ဆိုရသော်ကား ဆရာတော်ကြီးက
“အွန်း ကျောင်းမှာ ခွေးချီးတွေဘဲ ကျန်တော့တယ်”ဟု မိန့်ကြားလိုက်သောကြောင့်ပေတည်း။
မိမိသည် ထိုဆရာတော်ကြီး၏ စကားကို သဘောကျသဖြင့် တသက်တာ မှတ်သားထားလေသည်။ ထိုစကား ကိုတော့ တစ်တစ်နေရာရာ အသုံးချလိုက်အုံးမည်ဟု ကြံစည်ထားလေသည်။
စင်္ကာပူ၏ တစ်နေ့သော နေ့၏ နေ့လည်ခင်းတွင်ပင်ဖြစ်သည်။ မိမိသည် အလွန်ပင်ပန်းသဖြင့် အနားယူလို စိတ်ဖြစ်ပေါ်ပြင်းပြစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အနားမယူနိုင်ခဲ့ပါ။ ဘေးမှ ရန်ကုန်မှ ကြွလာသော ဆရာတော် သုံးပါးသည် စင်္ကာပူမြို့ထဲကြွရန် စကားပြောရင်း သူတို့၏ ဒကာကို စောင့်နေသောကြောင့်ပေတည်း။ မကြာ လိုက်ပါ။ မျှော်နေသော ဒါယကာရောက်လာသည့်အတွက် ထိုဆရာတော်များက
“ဦးဇ၀နရေ တပည့်တော်တို့ မြို့ထဲသွားလည်လိုက်အုံးမယ်လေ၊ အရှင်ဘုရား အေးအေးဆေးဆေး အနားယူ လို့ရတာပေါ့”ဟု ပြောသောအခါ မိမိက
“ကောင်းပါတယ် ဆရာတော်တို့ရယ်၊ တပည့်တော်လဲ ကောင်းကောင်း အနားယူလို့ ရတာပေါ့၊ နေအုံး၊ ဒီနေရာ စပ်မိလို့ ဆရာတော်ကြီးဦးဇောတိကက သူ၏ တပည့်များကို မိန့်တဲ့ သြ၀ါဒလေးပြောရအုံးမယ်”ဆိုကာ မိမိသည် ဆရာတော်ကြီး၏ အထက်ပါမိန့်ကြားချက်ကို ဖောက်သည်ချလိုက်လေသည်။ ထိုအခါ ဆရာတော်တို့သည် အလွန်ပင် ရယ်ကြလေသည်။ ထို့နောက် မိမိက ဆက်လက်ကာ ပြောလိုက်သည်ကား
“ခုလဲ ကိုယ်တော်တို့ သွားတော့ အမှိုက်တွေရှင်းသွားတာပေါ့ဘုရား”ဟု ပြောလိုက်ရာ ထိုဆရာတော်သုံးပါး တို့သည် တဟားဟားရယ်ကြလေသည်။ ဘေးက ကိုယ်တော်လေးများကလဲ
“ဟုတ်တယ် ဟုတ်တယ်”ဟု ထောက်ခံကာ ရယ်ကြလေသည်။ သို့သော် မိမိတို့အဖွဲ့သည် ရယ်လို့မှ မပြီးဆုံးသေး ပါ အပြင်ကြွမည့် ကိုယ်တော်များထဲမှ ကိုယ်တော်တစ်ပါးက
“တပည့်တော်တို့အမှိုက်တွေလဲ အပြင်သွားတော့မယ်၊ ခွေးချည်းတွေလဲ ကောင်းကောင်းနေခဲ့ကြ”ဟု ပြောကာ ကြွသွားကြလေတော့သည်။ ထိုအခါမှ ပိုမိုပွဲကျကာ အခန်းတစ်ခန်းလုံး ရယ်ရွှင်မှုတို့ဖြင့် ဖုံးလွှမ်းသွားလေ၏။ အဆုံးမတော့ “ဟုတ်မလားဟူ၍ ဆရာတော်ကြီး၏ စကားကို အသုံးချကြည့်လိုက်သည်။ သို့သော် အကယ်စင်စစ် ခွေးချည်းဖြစ်ကျန်ခဲ့သည်ကား မိမိတို့အဖွဲ့ပင်ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များမိန့်ဆိုကြသည်။ အခြားသူကို လက်ညှိုထိုးပြောလျှင် ကျန်သုံးချောင်းသည်ကား မိမိကို ပြန်လည်ထိုးနေကြောင်း၊ လေညာကို ပစ်လိုက်သော ဖုံမှုန့်သည်ကား မိမိဆီသို့ ပြန်လည်ရောက်
ရှိလာကြောင်း၊ ယခုလည်း မိမိသည် ဟုတ်မည်အထင်ဖြင့် ပြောလိုက်သော စကားသည် မိမိဆီသို့ ပြန်လည် ရောက်ရှိလာ၏။
“အော် သတိထားစရာပါတကား”

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-5340011423381928522010-10-29T23:09:00.000-07:002010-10-30T00:30:45.578-07:00“ပီကင်းလက်သီးလောက်တော့ မပြင်းပါဘူး”
တစ်ခါက မြန်မာပြည်သားတစ်ယောက်သည် တရုတ်ပြည် ပီကင်းမြို့တွင် ငါးနှစ်ကြာပညာသင်ကြားပြီးနောက် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ ထိုမြန်မာနိုင်ငံသားသည် ပီကင်းမှ ပြန်လာပြီးနောက် စကားပြောတိုင်း ပီကင်း၏ကောင်းကြောင်းနှင့် ပီကင်းအစားအသောက်များ၏ ကောင်းကြောင်းကို အမြဲတမ်းပြော နေလေတော့ သည်။ ဖခင်ဖြစ်သူသည် သားဖြစ်သူ၏ ထိုအတွေးများ ပျောက်သွားစေရန် မြန်မာ့ခေါက်ဆွဲ၏ ဘယ်လောက် ကောင်းကြောင်းသိရှိစေရန် သူကိုယ်တိုင် သားဖြစ်သူကို ခေါက်ဆွဲကြော်ကျွေးလေသည်။ ထို့သို့ခေါက်ဆွဲကြော် စားကြရာတွင် ဖခင်ဖြစ်သူက
“ငါ့သား ဘယ်လိုလဲ အဖေကိုယ်တိုင်ကြော်ထားတဲ့ ခေါက်ဆွဲကြော်နှင့် ငါ့သား ပီကင်းမှာ စားခဲ့ရတဲ့ ခေါက်ဆွဲ ကြော်ဘယ်ဟာက ပိုကောင်းသလဲ ပြောစမ်းပါအုံးကွ”ဟုမေးသောအခါ သားဖြစ်သူက
“အွန်း အဖေခေါက်ဆွဲကြော်လဲ ကောင်းတော့ ကောင်းပါတယ်၊ သို့သော် ပီကင်းခေါက်ဆွဲကြော်ကိုတော့ မမှီဘူး အဖေရာ”ဟု ဆိုလိုက်သောအခါ ဖခင်ဖြစ်သူသည် အနည်းငယ် နှာခေါင်းရှုံ့သွားလေသည်။ သို့သော် ဖခင်ဖြစ်သူသည် မကျေနပ်သေးပါ။သူ၏ လက်ရာသည် ပီကင်းလက်ရာထက်သာကြောင်းကို သားဖြစ်သူအား ပြလိုသေးသည်။ သို့ဖြစ်သဖြင့် တစ်နေ့ သူသည် ဘဲတစ်ကောင်းကို ၀ယ်ကာ ပေါင်းပြီး သားဖြစ်သူအား ကျွေးလေ သည်။ ထိုအချိန်ဝယ် ဖခင်ဖြစ်သူက
“ငါ့သား ပီကင်းဘဲပေါင်းလက်ရာနဲ့ အဖေရဲ့ ဘဲပေါင်းလက်ရာ ဘယ်လက်ရာကကောင်းသလဲ ပြောစမ်းပါအုံးကွ” ဟု မေးသောအခါ
“အွန်း အဖေရဲ့ဘဲပေါင်းလက်ရာလဲကောင်းပါတယ်၊ သို့သော် ပီကင်းဘဲပေါင်းလက်ရာတော့ မမှီသေးဘူး အဖေ ရာ”ဟု ဆိုလာပြန်သဖြင့် ဖခင်ဖြစ်သူသည် ဒုတိယအကြိမ်နှာခေါင်းရှုံ့ခဲ့ရပြန်လေသည်။ နောက်ဆုံးတွင် ဖခင်ဖြစ် သူအတွေးဝင်လာသည်ကား
“အွန်းငါ့သားတော့ မြန်မာသွေးမရှိတော့ဘူး၊ ပီကင်းသွေးတွေ ၀င်နေပြီ၊ ပီကင်းကောင်းကြောင်းပဲပြောနေတာ၊ ဒီအကျင့်ပျောက်သွားအောင်တော့ဆုံးမရမယ်”ဟု အတွေးဝင်လာလေသည်။ သို့ဖြစ်သဖြင့် တစ်ခုသော နက္ခတ် တာယာအပေါင်းနှင့် ပြည့်စုံသော တန်ဆောင်လပြည့်ည၀ယ် ဖခင်ဖြစ်သူက
“ငါ့သားရယ် ကောင်းကင်ကြီးကို ကြည့်စမ်းပါအုံး၊ လကြီးကလဲ သာလို့ နက္ခတ်တာယာအပေါင်းကလဲ ပြည့်စုံလို့၊ ဘယ်လောက်တောင်သာယာလဲ၊ မင်းရဲ့ ပီကင်းညနဲ့ မြန်မာပြည်ရဲ့ တန်ဆောင်မုန်းလပြည့်ည၊ ဘယ်ညက ပိုပြီး သာယာလဲပြောစမ်းပါအုံး ငါ့သားရယ်”ဟု မေးသောအခါ သားဖြစ်သူက
“အွန်းအဖေရယ် မြန်မာပြည်ရဲ့ နက္ခနတ်တာယာအပေါင်းနှင့် ပြည့်စုံတဲ့ တန်ဆောင်းမုန်းလပြည့်ညဟာ တော်တော်လေးသာယာပါတယ်၊ သို့သော် ပီကင်းရဲ့ နက္ခတ်တာယာအပေါင်းနဲ့ ပြည့်စုံတဲ့ တန်ဆောင်းမုန်း လပြည့်ညရဲ့ သာယာမှုကိုတော့ မမှီသေးဘူးအဖေ”ဟု ဆိုလာသဖြင့် ဖခင်ဖြစ်သူသည် အလွန်ဒေါပွသွားကာ
“ဒီလောက်တောင် ပီကင်းကို အကောင်းမြင်ပြီး မြန်မာပြည်ကို အကောင်းမမြင်တဲ့ကောင် သေပေတော့” ဟုဆိုကာ လက်သီးဖြင့် ခပ်ပြင်းပြင်း သားဖြစ်သူ၏ မျက်နှာကို ထိုးလိုက်လေတော့သည်။ အဆုံးတွင် သားဖြစ်သူ ပြောလိုက်သည်ကား
“အွန်း အဖေလက်သီးလဲ တော်တော်ပြင်းပါတယ်၊ သို့သော် ပီကင်းလက်သီးတော့ မမှီသေးဘူးအဖေ”ဟူ၍ပင် ဖြစ်သတည်း။
“အွန်း သားဖြစ်သူသည်ကား ဘယ်လောက်ပင် ဖခင်ဖြစ်သူက ဆုံးမစေတော့ ပီကင်းအပေါ်အကောင်းမြင်ဝါဒကို လျှော့တော့မည်မဟုတ်ပေ၊ အသက်သာ အသေခံလျှင် ခံသွားပေတော့မည်၊ အော် ဒီလိုလူမျိုးလဲရှိသေးပေသည် ကိုး ”။
မှတ်ချက် ဤပြင်ပုံကို သာသနတက္ကသိုလ်တက်စဉ် ဆရာတော်ကြီးဦးသန့်ဇင်ပြောပြသဖြင့် မိမိ၏ စာဖတ်ပရိ သတ်အပေါင်းကို ပြန်လည်တင်ပြလိုက်ရပေသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-80517253086249962162010-10-28T23:13:00.000-07:002010-10-29T01:39:39.904-07:00“ဟင်းတွေချန်ထားလိုက်ကွာ”
မြန်မာပြည်အထက်ပိုင်းမှဆရာတော်တစ်ပါးသည် ရခိုင်ပြည်နယ်အတွင်းရွာတစ်ရွာတွင်ကျောင်းထိုင်တော်မူလေ သည်။ မြန်မာပြည်အထက်ပိုင်းမှ ဘုန်းကြီးတစ်ပါးဖြစ်သည့်အတွက် ရခိုင်စကားကို မပြောတတ်သေးပါ။ ဆရာ တော်သည် ကျောင်း ထိုင်စတွင် ကျောင်း၌ ကိုရင်ပေါက်စသုံးပါး၊ ကျောင်းသားပေါက်စလေးယောက်လောက် သာရှိသေးသည်။ ဆရာတော်ထိုင်သော ရွာကလေးသည် အလွန်အင်မတန်မှ သေးငယ်လှသည့်အတွက်ဆွမ်း ကွမ်းကား လုံလောက်ရုံသာ အလွန်ကြီးမပေါလှချေ။ သို့သော် တစ်နေ့ ထိုရွာကျောင်းတွင် သဒ္ဓါဆွမ်းကပ်ပွဲ တစ်ခု ရှိရာ ဆွမ်းဟင်းများစွာပိုနေလေသည်။ ဆွမ်းဟင်းများသည်ကား သစ်သီးသစ်ရွက်ဖြင့် ချက်ထားသော ဟင်းမျိုးစုံ၊ ငါးဟင်း ကြက်သားဟင်း ၀က်သားဟင်း စသည်ဖြင့် ချက်ထားသောဟင်းများတို့ကို အလှူရှင်များက ဆက်ကပ်ကြ လေသည်။ ကိုရင် ကျောင်းသားများ ဘုဉ်းပေးပြီးနောက်တွင်ပင် ထိုဟင်းများစွာတို့သည် ပိုနေလေ၏။ ထို့ကြောင့် ဆရာတော်သည်
“ကိုရင် ဟင်းတွေချန်ထားလိုက်ကွာ၊ မနက်ဖြန် ပြန်နွှေးပြီး ဘုဉ်းရတာပေါ့၊”ဟု မိန့်တော်မူသဖြင့် ရခိုင်ကိုရင်လေး သည် ဟင်းများကို ချန်ထားလိုက်လေသည်။
နောက်နေ့တွင်ကား ဆွမ်းကပ်မရှိတော့သဖြင့် ဆွမ်း ဆွမ်းဟင်းသည်ကား ပုံမှန်အတိုင်းဖြစ်သွားလေသည်။ မပေါ များတောချေ။ သို့ဖြစ်သဖြင့် နံနက်ဆွမ်းစားချိန်ရောက်သောအခါ ဆရာတော်သည်
“ကိုရင်ရေ မနေ့က ငါချန်ထားခိုင်းတဲ့ဆွမ်းဟင်းတွေ နွှေးပြီးပြီးလား”ဟုမေးသောအခါ ချန်ထားသော ကိုရင်ပေါက်စ
“နွှေးပြီးပါပြီဘုရား”ဟု ပြန်လည်လျှောက်ထားလေသည်။ ဤတွင် ဆရာတော်က
“ဒါဆိုလဲ ကပ်ကွာ၊ ဘုဉ်းပေးရတာပေါ့”ဟု ဆိုကာ ကပ်ခိုင်းလေတော့သည်။ ဆရာတော်သည် ကိုရင်ကပ်သော ဟင်းများကို ကြည့်လိုက်သောအခါ ဟင်းသီးဟင်းရွက်ဖြင့် ချက်ထားသော သတ်သတ်လွတ်ဟင်းများကိုသာ တွေ့ရတော့သည်။ အခြားအလွန်ကောင်းသော ငါးဟင်း ကြက်သားဟင်း ၀က်သားဟင်းများကိုကား မတွေ့ရချေ။
ထိုအခါ ဆရာတော်က
“ကိုရင်မနေ့က ငါချန်ခိုင်းထားတာ၊ ဒါတွင်မကပါဘူးကွ၊ ငါးဟင်း ကြက်သားဟင်း ၀က်သားဟင်းတွေပါပါတယ်၊ အဲဒီဟင်းကောင်းတွေက ဘယ်ရောက်ကုန်လဲ”ဟုမေးလေသောအခါ ကိုရင်က
“ဆရာတော်က မနေ့က ဟင်းတွေဘဲချန်ထားဆိုလို့ တပည့်တော်တို့က ဟင်းတွေပဲချန်ပြီး ကျန်တဲ့ ငါးတွေကို မျှဝေပြီး တပည့်တော်တို့ရဲ့အိမ်တွေကို ပို့ပစ်လိုက်ပါတယ်ဘုရား”ဟုလျှောက်ထားသောအခါ ဆရာတော်က
“၀က်သား ကြက်သား ငါးတွေကကော ဟင်းမဟုတ်လို့ ဘာတွေလဲကွ”ဟု စိတ်ဆိုးစွာ မေးတော်မူသောအခါ
ကိုရင်က
“ဆရာတော်ဘုရား တပည့်တော်တို့ဘက်မှာ ဟင်းဆိုတာ သစ်သီး သစ်ရွက်တို့ဖြင့် ချက်ထားတာကိုသာ “ဟင်း”ဟု ခေါ်ပါတယ်ဘုရား၊ ကြက်သား ငါး ၀က်သားတို့ကိုတော့ “ဟင်း”ဟုမခေါ်ပါဘုရား၊ အဲဒါတွေကို “ငါး”လို့ သာ ခေါ်ပါတယ်ဘုရား”ဟုလျှောက်ထားသောအခါတွင်ကား ဆရာတော်သည် စိတ်ဓာတ်အကြီးအကျယ်ကျကာ
“အော် ဘာသာစကားမကျွမ်းကျင်တဲ့ငါ့ ဒီတစ်ခါတော့ ခံလိုက်အုံးပေါ့ကွာ”ဟု သူ့ကိုယ်သူ ပြောကာ ရှိမြဲဟင်း လေးဖြင့်သာ ဘုဉ်းပေးလိုက်ရလေတော့သတည်း။
မှတ်ချက် ရခိုင်ပြည်နယ်တွင်း သစ်သီး သစ်ရွက်တို့ဖြင့် ချက်ထားသော ဟင်းများကို ဟင်း ဟုခေါ်သည်။ ငါးကြက် ၀က်စသည့် သားငါးဟင်းများကိုကား ငါး ဟုသာခေါ်ဆိုကြသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-28741878700829956992010-10-27T19:33:00.000-07:002010-10-27T21:40:13.602-07:00“ငရဲပြည်ကို ပြန်ရတော့မယ်”
ပြီးခဲ့သော နှစ်က မြန်မာပြည် ကျေးလက်တောရွာမှ ဆရာတော်တစ်ပါးသည် စင်္ကာပူနိုင်ငံသို့ သူ၏ အသိဆရာ တော်တစ်ပါး၏ ပင့်ဖိတ်မှုကြောင့် အလည်အပတ်ကြွရောက်လာခဲ့သည်။ ထိုဆရာတော်သည် အလွန်အင်မ တန်မှ တိုးတက်သော သန့်ပြန့်သော စင်္ကာပူသို့ ရောက်လာပြီဆိုသည်နှင့်တစ်ပြိုင်နက် သူ့အတွက် အထူးအဆန်း တွေချည်းဖြစ်နေလေသည်။ ထိုဆရာတော်သည် စင်္ကာပူမှ တွေ့ရှိရသော အရာများအပေါ်၌ အထူးအဆန်းဖြစ် မည်ဆိုလျှင်လည်းဖြစ်ကောင်း ဖြစ်ပေရာ၏။ စင်္ကာပူနိုင်ငံသည်ကား မီးနှစ်ဆယ့်လေးနာရီရသည်။ ရေနှစ်ဆယ့် လေးနာရီရသည်။ တိုင်းပြည်ကားသပ်ရပ်သည်။ လှပသည်။ လူတွေကြည့်လိုက်လျှင်လည်း တောက်ပြောင် နေလေသည်။ လေဆိပ်ကြီးသည်ကားလည်း အလွန်အင်မတန်မှ ခမ်းနားလှသည်။ အလွန်အင်မတန်မှ ကြီးမား သော လေယာဉ်ကြီးများကိုလည်းတွေ့ရသည်။ မိနစ်တိုင်း နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နေသည်ကို တွေ့ရလေသည်။ မြေအောက်ရထားများကိုလည်း တွေ့ရပေသည်။ နောက်ထူးဆန်းသောအရာတစ်ခုသည်ကား မြန်မာ ဒါယကာ ဒါယိကာမများကပ်ကြသော ဆွမ်း ဆွမ်းဟင်းများပင်ဖြစ်သည်။ တစ်သက်မမေ့စရာ အလွန် အင် မတန်မှ ကောင်းလှပေသည်။ ဆရာတော်၏ ပတ်ဝန်း ကျင်နှင့်ယှဉ်လိုက်လျှင် စင်္ကာပူသည်ကား အလွန်တိုးတက် နေသော တိုင်းပြည်တစ်ပြည်ဖြစ်နေလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် စင်္ကာပူမှာ သုံးလကြာ သီတင်း သုံးနေထိုင်နေစဉ် ကျောင်းအတွင်းဝယ် ကုတ်နေသည် ဟူ၍မရှိပါ။ နေ့စဉ် အပြင်ထွက်ကာ ထူးဆန်းသော အရာ များကို လေ့လာလေ့ရှိသည်။ မှတ်သားလေ့ရှိသည်။ ဒီလိုနှင့် သီတင်းသုံးနေထိုင်လာခဲ့ရာ သုံးလပြည့်၍ မြန်မာပြည်ကို ပြန်ရမည့်နေ့တွင် ဆရာတော်သည် စင်္ကာပူမှ ကျောင်းထိုင်ဆရာတော်ကို အောက်ပါအတိုင်း မိန့် ကြားတော်မူခဲ့လေသည်။
“ယနေ့ တပည့်တော်တော့ နတ်ပြည်ကနေ လူပြည်၊ လူပြည်ကနေ ငရဲပြည်ကို ပြန်ရတော့မယ်၊အော် ၀မ်းတောင် နည်းမိပါတယ်ဆရာတော်ရယ်”ဟူ၍ပင်ဖြစ်သတည်း။
ရှင်းလင်းချက်
နတ်ပြည်ဟူသည်ကား စင်္ကာပူနိုင်ငံကိုဆိုလိုသည်။ လူပြည်ဟူသည်ကား မြန်မာပြည်ပင်ဖြစ်သည်။ ငရဲပြည်ဟူ သည်ကား အသွားရခက် အနေရခက်သော အလွန်အင်မတန်မှ တောကျသော ဆရာတော်၏ မဖွင့်ဖြိုးသေးသော ဇာတိရွာလေးကိုပင် ဆိုလိုရင်းဖြစ်ပေသည်။ “အော် ဆရာတော်၏ စကားသည်ကား အလွန်ပင် အဓိပ္ပာယ်လေးနက်လှပေ၏။ တော်တော်လေးပင်မှတ်သားဖွယ်ကောင်းလှပေ၏”။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com1tag:blogger.com,1999:blog-4185809353787961656.post-87733473522308215392010-10-23T05:55:00.000-07:002010-10-23T05:56:48.448-07:00“ဆားထမ်းတဲ့သူ ဆင်းနင်းခံရပြန်ပြီ”တစ်ခါက ရွာတစ်ရွာတွင် ဇာတ်ပွဲတစ်ပွဲကလေသည်။ ရွာတို့၏ ထုံးတမ်းစဉ်လာအရ တစ်နှစ်မှ တစ်ခါသာကျင်းပလေ့ရှိသည်။ တစ်နှစ်မှ တစ်ခါသာ ကျင်းပသော တောပွဲဖြစ်သဖြင့် အလွန်အင်မတန်မှ စည်းကားလှသည်။ ပွဲခင်းတစ်ခင်းလုံးသည် အရပ်လေးမျက်နှာရွာများမှ လာကြသော ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နေလေသည်။ ထိုပွဲကျင်းပသော ရွာမှ ဒကာတစ်ယောက်သည်လည်း ပွဲကို အလင်းပေါက်ကြည့်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် သွားလေသည်။ သို့သော် သူသည် အရက်ကို အလွန်အင်မတန်သောက်ထားသောကြောင့်
ပွဲကို မကြည့်နိုင်ပဲ ထိုပွဲခင်းတွင်ပင် အိပ်ပျော်သွားလေသည်။နံနက်မိုးလင်း၍ ပွဲပြီးသွားသောအခါမှ သူ၏ သူငယ်ချင်းများမှ နှိုးသဖြင့် အိပ်ချင်မူတူးထလာလေသည်။ ထိုအခါ
သူသည် နောင်တရလိုက်သည်။
“အော် ငါ အရက်အသောက်များသွားသဖြင့် ပွဲမကြည့်ရလိုက်ပါလား၊ ဇာတ်ကလဲ ဘာဇာတ်ထုတ်ကသွားတယ်မသိ၊တစ်ညလုံး အိပ်ပျော်သွားတယ်၊ အိမ်ရောက်လို့ ဘာဇာတ်ထုတ်ကလဲလို့ ငါ့အမျိုးသမီးက မေးလို့ မဖြေနိုင်ရင်တော့ အအော်ခံရအုံးမယ်၊ အော် မထူးပါဘူးလေ၊ ရှေ့ကပွဲကြည့်ပရိသတ်တွေနောက်လိုက်ပြီး နားထောင်အုံးမှ၊”ဟူ၍ပင်ဖြစ်သည်။ သူသည် အိပ်ချင်မူးတူးနှင့် ရှေ့လူများပြောသွားသည်ကို မှတ်သားလိုက်သည်။ အိမ်ရောက်သောအခါ သူ၏ ဇနီးဖြစ်သူက
“တော် ညက ပွဲသွားကြည့်တယ်၊ ဘာဇာတ်ထုတ်များကလဲ၊”ဟုမေးလေသည်။ ထိုအခါ အမျိုးသားဖြစ်သူက
“အေး ဇာတ်ထုတ်နာမည်ကတော့ ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့”ဟု ဖြေကြားလိုက်သောအခါ
“တော့ဇာတ်ထုတ်နာမည်ကလဲ ဟုတ်ကောဟုတ်ရဲ့လဲ၊ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့၊ ကြား မကြားဖူးပါဘူးတော်၊ တော် တစ်ခုခုတော့ မှားနေပြီထင်တယ်”ဟု အတွန့်တက်သောအခါ
“ငါတစ်ညလုံးအိပ်ရေးအပျက်ခံပြီး ကြည့်လာတာပါဟ”ဟု ဆိုလာသဖြင့် ဇနီးဖြစ်သူသည်
“အော် ဟုတ်မှာပါလေ”ဟု စဉ်းစားကာ ဆိတ်ဆိတ်နေလိုက်လေသည်။
မှတ်ချက် အမူးသမားရှေ့မှ ပွဲကြည့်ပရိသတ်များပြောသွားသော ဇာတ်ထုတ်၏ အမည်မှန်သည်ကား ”ဆဒ္ဒန်ဆင်မင်းဇာတ်”ဟူ၍ပင်ဖြစ်သတည်း။
“အော် အမူးသမားရယ် ကြားလဲ ကြားတတ်ပါပေ၊ ဆားထမ်းတဲ့သူ ဆင်းနင်းသွားလို့တဲ့”

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-16100717791193455932010-10-17T17:25:00.000-07:002010-10-18T00:59:02.863-07:00“မုသာဝါဒကို ဖော်ထုပ်သော စက်ရုပ်”
ယနေ့ခေတ်သည် သိပ္ပံခေတ်ဖြစ်သည်အားလျှော်စွာ သိပ္ပံပညာရှင်များသည် မုသာဝါဒကို ဖော်ထုပ်ပေးသော စက်ရုပ်တစ်ရုပ်ကို တီထွင်လိုက်လေသည်။ ထိုစက်ရုပ်၏ ထူးခြားချက်သည်ကား အကယ်၍ သူ၏ စစ်ဆေးမှုကို မှန်ကန်စွာ မဖြေဆိုပါက အစစ်ဆေးခံရသူကို လက်ဖြင့် ဖြတ်ရိုက်ပစ်လေသည်။ တစ်နေ့ မိသားစုတစ်စုသည် ထိုစက်ရုပ်ရှေ့တွင် အစစ်ခံကြရလေသည်။ ထိုမိသားစုသည် အရေအတွက်အားဖြင့် သုံးယောက်ဖြစ်လေသည်။ ပထမတွင် သားဖြစ်သူု အစစ်ဆေးခံရလေသည်။ စက်ရုပ်က
“မနေ့က မင်းဘယ်သွားနေလဲ”ဟု မေးလေသည်။ သားဖြစ်သူက
“ကျွန်တော်မနေ့က ရုပ်ရှင်ကား သွားကြည့်ပါတယ် စက်ရုပ်ကြီး”ဟု ဖြေကြားသောအခါ စက်ရုပ်ကြီးက
“မင်း ဘာကားကြည့်လာခဲ့သလဲ”ဟု ဆက်မေးသောအခါ သားဖြစ်သူက
“ကျနော် စစ်ကားကြည့်ခဲ့ပါတယ် စက်ရုပ်ကြီးဟု ဖြေဆိုလေသည်။ ထိုအခါ စက်ရုပ်ကြီးသည်
“မင်းငါ့ကို ညာတယ်၊ မင်းမနေ့က ညစ်ညမ်းတဲ့ ရုပ်ရှင်ကားကို ကြည့်ခဲ့တယ်မဟုတ်လား”ဟု ဆိုကာ လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်လေသည်။ ထိုအခါ သားဖြစ်သူက
“ဟုတ်ပါတယ် စက်ရုပ်ကြီးရယ်၊ကျွန်တော် ညစ်ညမ်းကားကြည့်ခဲ့ပါတယ်”ဟု အမှန်အတိုင်းဝန်ခံလေတော့သည်။ ထိုအခါ ဖခင်ဖြစ်သူက
“အော် ငါ့သား တော်တော် ပျက်စီးနေမှကိုး၊ အဖေတို့နဲ့တော့ ကွာပါကွာ၊ ဒို့တုန်းက ညစ်ညမ်းကားကို ကြည့်ဘို့မ ပြောနဲ့ ရိုးရိုးကားတောင် မကြည့်ခဲ့ဘူး၊”ဟု ပြောသောအခါ စက်ရုပ်ကြီးသည် ဖခင်ဖြစ်သူအား
“မင်းဘာညာတာလဲ”ဟု ဆိုကာ သူ၏ လက်ကြီးဖြင့် ဖြတ်ရိုက်လိုက်လေတော့သည်။ ထိုအခါ ဇနီးဖြစ်သူက
“တော်ကလဲ ကိုယ်သားကို ညှာညှာတာတာ ပြောမှပေါ့၊ တော်လဲ ငယ်ရာက ကြီးလာတာပဲ”ဟု ဆိုသောအခါ စက်ရုပ်ကြီးက
“နင်လဲ ညာတာပဲ ဒီသားက သူ့သားမှ မဟုတ်တာ၊ အခြားတစ်ယောက်ရဲ့ သားပဲဟု ပြောကာ ဇနီးဖြစ်သူကိုပင် ဖြတ်ရိုက်လိုက်လေတော့သည်။ ထိုအခါ ဖခင်ဖြစ်သူကော မိခင်ဖြစ်သူပါ သူတို့၏ အမှားများကို ၀န်ခံရလေတော့ သတည်း။
“အော် အဲဒီစက်ရုပ်သာ တကယ်ပေါ်လာလျှင်ကား မိမိအပါအ၀င် လူသားတွေတော့ ခက်ကုန်တော့မယ်”

ဝန်ခံချက်။ ။ ဤပုံပြင်ကို သူငယ်ချင်းဖြစ်သူ ဒေါက်တာ အရှင်ဥတ္တမ(Oke)မှ ပြောပြသဖြင့် တင်ပြလိုက်ရပေ သည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-70150862507158754402010-10-06T03:08:00.000-07:002010-10-06T03:22:30.199-07:00မန္တ္တလေးတိုင်းမြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာတွင် ဦးကျောက်လုံးအမည်ရ အနှိပ်သည်ကြီးတစ်ယောက်ရှိလေသည်။ သူသည် ထိုနယ်ဝန်းကျင်တစ်ဝိုက်တွင် အလွန်ဟိုလေးတစ်ကျော်ကျော်ဖြစ်
လေသည်။ တစ်နေ့ ဦးကျောက်လုံးသည် မိမိတို့ ကျောင်းသို့ ၀င်လာရာ သူနှင့် စကားများစွာ ပြောဖြစ်လေသည်။ မိမိကပင် စ၍
" ဒကာကြီးဦးကျောက်လုံး ဘယ်လိုလဲ ကောင်းကောင်း နှိပ်နေရပါသလား"ဟု မေးသောအခါ ဦးကျောက်လုံးက
"အော် ဦးဇင်းကလဲ လူသားတွေ ကိုယ်ကာယရှိနေသ၍ နာမှုဆိုတာရှိနေမှာပါ၊ နာမှုရှိနေသ၍တော့ ကျောက်လုံးတို့ မငတ်သေးပါဘူး ဦးဇင်းရယ်၊"ဟုမှတ်သွားဖွယ်ရာများကိုပင် ဖြေကြားခဲ့လေသည်။
မိမိသည် တစ်ဆက်တည်းမှာပင်
"အော် အနှိပ်သည်တစ်ပိုင်း ဂေါပကတစ်ပိုင်းဖြစ်နေတဲ့ ဒို့ဒကာကြီးဦးကျောက်လုံးကတော့ ကြာရင်ကမ္မ၀ါစာတောင် ဖတ်မည့်သဘောရှိပါပေ၏"ဟု အတွေးပင်ဝင်လာခဲ့သည်။ ထို့နောက်
"ဒကာကြီး, စကားမစပ် ခုဒကာကြီးက တစ်ခါနှိပ်ရင် ဘယ်လောက်ယူပါသလဲ" မေးလေသောအခါ
"ဦးဇင်းရေ အရင်ကတော့ နှစ်ရာ့ငါးဆယ်ကျပ်ယူပါတယ်၊ ခုတော့ ကုန်ဈေးနှုန်းတွေကတက်တော့ ငါးရာယူပါတယ်၊ ဒါပေမယ့် တစ်ချို့က နှစ်ရာ့ငါးဆယ်ပဲပေးတယ်၊ တစ်ခါတစ်လေ အကြွေးတောင်
ကျသေးတယ်၊ ငါးရာပေးတဲ့သူကိုတော့ ဆရာစားမချန်အကုန်နှိပ်ရတာပေါ့၊ နှစ်ရာ့ငါးဆယ်သမားတော့ နှစ်ရာ့ငါးဆယ်နဲ့တန်အောင်နှိပ်ပေးရတာပေါ့ဇင်းရယ်၊"ဟု အနှိပ်သည်ကြီး ဦးကျောက်လုံးသည်
သူ၏ ပါးနပ်မှုအကြောင်းတွေ့ကို ခရေစေ့တွင်းကျရှင်းပြနေလေသည်။ထိုစဉ် ရွာအတွင်းမှ ကလေးတစ်ယောက်သည်
"ဘကြီးဦးကျောက်လုံး ကိုသိန်းဟန်က အနှိပ်ခံချင်လို့တဲ့၊ သူ့အိမ်ကို လာခဲ့ပါအုံးတဲ့" ဟု လာရောက်ခေါ်သည်ကိုပင်
"ငါမအားဘူးလို့ပြောလိုက်ကွာ ဦးဇင်းနဲ့ စကားပြောနေတယ်လို့ ပြောလိုက်ကွာ" ဆိုသောအခါ မိမိက မနေသာတော့သဖြင့်
"လိုက်သွားပါ ဒကာကြီးရာ ဦးဇင်းနဲ့စကားပြောလို့ ဘာမှ ရလာမှာမှ မဟုတ်တာ၊ သွားနှိပ်လိုက်ရင် ငွေငါးရာဝင်မည့်အရေးလက်မနှေးနေပါနဲ့ ဒကာကြီးရာ"
"ဦးဇင်းက ဘာမှ မသိဘူး၊ သိန်ဟန်ဆိုတဲ့ကောင်က အနှိပ်သာ ခံချင်တာ ငွေပေးရမှာကျ တွန့်တိုတယ်၊ဟိုတစ်ပတ်က နှိပ်တာ နှစ်ရာငါးဆယ်ပဲပေးတယ်၊ ဒါတောင် အကြွေးတစ်ရာကျန်သေးတယ်၊သွား
တောင်းရင် နေ့ရွေ့ညရွေ့နဲ့ မပေးချင်ဘူး၊ ဒါကြောင့် ဒီကောင်ကို နှိပ်မပေးချင်တာ၊နေပေ့စေ့၊ ဒီကောင်ကို ပစ်ထားလိုက်အုံးမယ်၊"
လာခေါ်သော ကလေးသည်ပင် မပြန်သေးပေ၊ အနှိပ်သည်ကြီး ဦးကျောက်လုံးကို မရ ရအောင် ပေကပ်ခေါ်နေလေ၏။
ဦးကျောက်လုံးသည်ကား ထိုကလေးခေါ်သည်ကိုပင် ပဓာနမထားပေ၊ သူ၏ အနှိပ်သည်ဘ၀ အတွေ့အကြုံများကို ဆက်လက်ကာ ရှင်းပြနေလေသည်။ သို့ဖြစ်သဖြင့် မိမိက
" ဒကာကြီးဦးကျောက်လုံးရေ လူတွေတော့ နှစ်ရာ့ငါးဆယ် သို့မဟုတ် ငါးရာယူတာတော့ ဟုတ်ပါပြီ၊ ဦးဇင်းတို့ ဘုန်းကြီးတွေ နှိပ်ရင်တော့ ဘယ်လောက်ယူပါသလဲ"မေးသောအခါတွင်တော့
ဘုန်းကြီးတွေတော့ ကြေးရယ်လို့တော့ မပြောပါဘူးဘုရား၊ အရှင်ဘုရားတို့ ကြိုက်သလောက်သာ စွန့်ပါဘုရားလို့လျှောက်လိုက်တာပါပဲ၊ များသောအားဖြင့်တော့ ငွေတော့မစွန့်ကြပါဘူး၊ ဆန်နှစ်ပြည့်
သုးံပြည်လောက်တော့ စွန့်ကြတာပေါ့ဘုရား၊သို့သော် တစ်ချို့ဘုန်းကြီးတွေကလဲ ကပ်စေးနဲတယ်ဘုရား၊ ဘာမှမစွန့်ကြဘူးဘုရား၊ 'အေး ဒကာကြီး ဤကဲ့သို့ ပြုရသော ကောင်းမှုကြောင့် ကျန်းမာ
ချမ်းသာပါစေ'လို့ပဲ ဆုပေးလိုက်ကြတာပါပဲ၊ ဒါနဲ့ပဲ ကျေနပ်ခဲ့ရတာပါပဲဘုရား၊အများအားဖြင့် ဘုန်းကြီးတွေထဲမှာတော့ တပည့်တော်တို့ ဘုန်းကြီးကတော့ ကပ်စေးအနဲဆုံးပဲဘုရား၊နှိပ်ခိုင်းတာတော့
နေ၀င်လုနည်းပါးပဲ၊ တပည့်တော်က တိုက်ရိုက်တောင်းရတာ မကောင်းလို့ 'တောင်ကျောင်းကိုယ်တော်နှိပ်ရင်တော့ ဆန်နှစ်ပြည် သုံးပြည်စွန့််တာပဲဘုရား'လို့ သွယ်ဝိုက်လျှောက်တော့ သူက
ဘာပြန်မိန့်သလဲ မှတ်လဲ'ဒကာကြီးရေ တောင်ကျောင်းကိုယ်တော်က ချမ်းသာတယ်ဗျ၊ ဦးဇင်းက ဆင်းရဲတယ်ဗျ၊ဘယ်စွန့်နိုင်မလဲ၊ ကုသိုလ်ယူပေါ့ဗျ၊ ဒီတော့ တပည့်တော်ကလဲ 'ဟွန်း ကိုယ်တော်
စွန်ပါဘူးကိုယ်တော်'ဟုပြန်လျှောက်လိုက်တယ်လေ၊ အဲဒီလိုလျှောက်တော့လဲ မနာဘူးကိုယ်တော်ရေ၊ ရွာကျောင်းဘုန်းကြီးက တဟားဟားရယ်နေတာ၊သူကတော့ မစွန့်ရရင် ပြီးတာပဲ သူ့ကို
ဘာပြောပြော မနာဘူး။ကပ်စေးနည်းချက်ကလဲ ကမ်းကုန်းတယ် အာဂန္တုကသဌေးကတောင် အဖေခေါ်လောက်ပါပေတယ်၊"ဟု အနှိပ်ဆရာကြီးဦးကျောက်လုံးက သူ့၏ အနှိပ်သည်ဘဝ
ငွေမရပုံများကို ညည်းညူးပြောပြလာသဖြင့် မိမိကပင်
"ဒါဆိုရင် ဒကာကြီးအဖြစ်ကလဲ အရင်က မြင်းလှည်းဆရာကြီး တစ်ယောက်လိုဖြစ်နေပြီပေါ့" ဆိုလိုက်သောအခါ အနှိပ်ဆရာကြီးဦးကျောက်လုံးက
"မြင်းလှည်းဆရာကြီးက ဘယ်လိုဖြစ်တာလဲ မိန့်ပါအုံးဘုရား"ဟုဆိုလာသဖြင့်
"ဒကာကြီးရေ တစ်ခါ မြို့တစ်မြို့မှာ ကိုယ်တော်တစ်ပါးက မြင်းလှည်းဂိတ်ကို လာရောက်ပြီး မြင်းလှည်းငှားသတဲ့၊ဒီတော့ မြင်းလှည်းဆရာကြီးက
ကိုယ်တော်ဘယ်ကြွမှာလဲ မေးတော့ ကိုယ်တော်က ထင်းရှားတဲ့ စာသင်တိုက်ကြီးရဲ့နာမည်ကို ပြောသတ၊ဲ့ အဲဒီအခါ မြင်းလှည်းဆရာကြီးက
ကိုယ်တော့စာသင်တိုက်က တော်တော်ဝေးတယ၊် မြို့ပြင်မှာ၊ ဘယ်လောက်ပေးနိုင်မလဲ ပေးကြည့်ပါ၊'ဆိုတော့
ကိုယ်တော်က 'ဒကာမနာစေရပါဘူး'လို့ မိန့်တယ်လေ၊ ဒီတော့ မြင်းလှည်းဆရာကြီးလဲ 'ကြေးတော့ ကောင်းကောင်းရမှာပဲ'ဆိုတဲ့ အတွေးနဲ့ လိုက်သွားတယ်လေ၊ မြင်းလှည်းဆရာကြီးဟာ
လမ်းတွင် ကိုယ်တော်ပေးမည့် ငွေပမာဏကို သိလိုသောကြောင့်
ကိုယ်တော်ဘယ်လောက်လဲ အတိအကျပြောပါအုံးဘုရားဟု မေးပြန်တာပေါ့။ ထိုအခါ ကိုယ်တော်က
'ဒကာမနာစေရပါဘူးလို့ဆိုပြန်လေတယ်လေ။ သို့ဖြစ်သဖြင့် မြင်းလှည်းဆရာလဲ ကြေးကို ဆက်မမေးတော့ဘူးပေါ့၊ ဒီလိုနဲ့ ကျောင်းရောက်သွားရော ဒကာကြီးရာ။
ကျောင်းရောသောအခါတွင် ကိုယ်တော်က ဘာမှ မပြော၊ မြင်းလှည်းခလဲ မပေးပဲ ဆင်းသွားလေတော့၊ မြင်းလှည်းဆရာကြီးက
ကိုယ်တော်မြင်းလှည်းခလေး စွန့်ပါအုံးဘုရားဆိုတော့ ကိုယ်တော်က
'ဟာ ဒီ ဒကာနာချင်ပြီးထင်တယ်'လို့ မိန့်လိုက်တော့ မြင်းလှည်းဆရာလဲ မြင်းလှည်းခမရတဲ့အပြင် အရိုက်ခံရမည့်ကိန်းတောင်ကြုံတွေ့နေရလေတော့ တစ်ချိုးတည်း မြင်းလှည်းကို မောင်းပြေးလာရသ
တဲ့ ဒကာကြီးရေ၊ ဒကာကြီးအဖြစ်က အဲဒီလောက်တော့ မဆိုးသေးပါဘူး ဒကာကြီးရာ၊" ဟု ပြောလိုက်သောအခါ ဒကာကြီး ဦးကျောက်လုံးသည် ခွက်ထိုးခွက်လန်ရယ်ကာ
"အဲဒီ ကိုယ်တော်ကလဲ တော်တော်ဆိုးသားပဲ၊ အွန်းပြောသာပြောရ သူပြောတာလဲ ဟုတ်သားပဲ ဒကာမနာစေရပါဘူးတဲ့၊ မြင်းလှည်းခပေးမယ်လို့ ပြောတာမှ မဟုတ်တာ၊ မြင်းလှည်းဆရာကြီးအဖြစ်
နဲ့စာရင် သိန်းဟန်ကို နှိပ်လို့ရတဲ့ ငွေ၂၅၀က မဆိုးသေးပါဘူး၊ ကဲကိုယ်တော်ရေ လိုက်သွားလိုက်ပါမယ်"ဟုဆိုကာ လာခေါ်သော ကလေးနောက်သို့ လိုက်သွားလေတော့သတည်း။AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-72861950459443553072010-09-24T05:44:00.000-07:002010-09-24T06:54:48.406-07:00“အမြောက်နဲ့များပစ်ပြီး စားမလားမသိဘူး”
တစ်ခါက မြန်မာပြည်အထက်အပိုင်းတွင် ရွာသာရွာဟုအမည်ရသော ရွာကလေးတစ်ရွာရှိလေသည်။ ထိုရွာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိလေသည်။ ရွာ၏ အမည်ကို အစွဲပြုကာ ထိုဘုန်းတော်ကြီးကျောင်းကိုလည်း ရွာသာကျောင်းဟုအမည်ပေးကြလေသည်။ထိုကျောင်း၏ဓလေ့အရကိုရင်+ကျောင်းသားများသည်ကိုးနာရီထိုးလျှင် ဆွမ်းခံသွားကြရသည်။ဆယ်နာရီထိုးလျှင်ကျောင်းပြန်ရောက်ကြသည်။မိနစ်သုံးဆယ်ခန့်ခေတ္တခဏနားကြရသည်။ ဆယ်နာရီခွဲလျှင်ကား မြတ်စွာဘုရားအား ဆွမ်းတော်ကပ်ရန်အတွက်လည်းကောင်း ဆရာတော်အား ဆွမ်းကပ် ရန်အတွက်လည်းကောင်း ပြင်ဆင်ကြရသည်။ ဆယ်နာရီလေးဆယ့်ငါးမိနစ်တွင်ကား မြတ်စွာဘုရားအား ဆွမ်း တော်ကပ်ကြသည်။ ဆွမ်းတော်ကပ်ဆိုရိုးသည်ကား (၁၅)မိနစ်အကိုက်ပင်ဖြစ်သည်။ ပြီးသည်နှင့် ဆယ့်တစ်နာရီ ထိုးသည်။ ထို့နောက် ကြေးမောင်းခေါက်သည်။ ခေါင်းလောင်းထိုးသည်။ ကြေးမောင်းခေါက်+ခေါင်းလောင်း ထိုးခြင်း၏ အဓိပ္ပာယ်သည်ကား အရပ်လေးမျက်နှာတွင် ရှိကြသော ပုဂ္ဂိုလ်အပေါင်းတို့အား ကျောင်းမှ ပြုလုပ် လိုက်သော ကုသိုလ်၏ အဖို့ဘာဂကို ရကြစေရန်အလို့ငှာ အမျှဝေလိုက်ခြင်းဖြစ်သည်။ နောက်ရည်ရွယ်ချက် သည်ကား ကျောင်းအတွင်းရှိ သံဃာတော်များကို ဆွမ်းဘုဉ်းပေးရန်အလို့ငှာ ခေါင်းလောင်းတီးပြီး ပင့်လိုက်ခြင်း ပင်ဖြစ်သည်။ သံဃာတော်များသည် ဆွမ်းဘုဉ်းပေးတော့ဟူသော အဓိပ္ပာယ်ကိုလည်းဆောင်ပေး၏။ တစ်နေ့ ထိုသို့ ရွာဦးကျောင်းမှ ကြေးမောင်းခေါက်+ခေါင်းလောင်းထိုးသံကို ကြားရသောအခါ အခြားအရပ်မှ အသက်ကြီးကြီး လူစိမ်းတစ်ယောက်က
“ခင်းဗျားတို့ရွာက နေ့ခင်းကြောင်တောင်ကြီး ကြေးမောင်းတွေခေါက်၊ ကြေးစည်တွေတီး၊ ခေါင်းလောင်းတွေ ခေါက်နဲ့ ဘာလုပ်မလို့လဲဗျ”ဟု မေးသောအခါ ရွာမှ ကြေးမောင်းခေါက်ခြင်းစသည်တို့၏ အဓိပ္ပာယ်ကို အတိ အကျမသိသော ကိုလူလည် မောင်ကျော်မင်းကြည်က
“ဘကြီးကလဲ အဲဒါဘုန်းကြီးတွေ ဆွမ်းစားတော့မယ်ဆိုတဲ့ အကြောင်းကို သိစေရန်အချက်ပေးတာလေဗျ”ဟု ဖြေကြားလိုက်လေသည်။ ထိုအခါ အသက်ကြီးကြီးဒါယကာကြီးက
“အွန်း မောင်ရင်တို့ရွာက ဘုန်းကြီးကလဲ သူများလှူတဲ့ ဆွမ်းကို စားတာတောင် မောင်းခေါက်၊ကြေငြာပြီး စားလိုက်သေးတယ်၊ကိုယ်တိုင်အလုပ်လုပ်လို့ ကိုယ်တိုင်ရှာလို့ရလာတဲ့ ဆွမ်းကိုသာစားရလို့ကတော့ အမြောက် နဲ့ပစ်ပြီးတောင် စားလောက်တယ်ငါ့တူရေ၊ မင်းတို့ဘုန်းကြီးကတော့ ကြွားချက်ကတော့ သန်ပါပေ”ဟု ပြောကာ ထွက်သွားလေတော့သတည်း။ ကွမ်းယာရောင်း သမား လေးမောင်ကျော်မင်းကြည်တစ်ယောက်တော့ အတွေး တစ်ခုနဲ့ ကျန်ရစ်လေတော့သည်။ သူ၏အတွေးသည်ကား
“ဒီဘကြီးနယ် ပေါက်ပေါက်ရှာရှာပြောတတ်ပါပေ့”ဟူ၍ပင်ဖြစ်သတည်း။ မိမိအတွေးဝင်မိသည်ကား
“ဒီဒကာကြီးပြောလိုက်ပုံကတော့ သံဃာတော်များသည်ပင် ခေါင်းလောင်းထိုးပြီး ဆွမ်းမစားရဲအောင်ပင် ဖြစ် နေပြီ”ဟူသည်ပင်ဖြစ်သတည်း။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-41027110400022147492010-09-16T05:10:00.000-07:002010-09-16T16:53:55.176-07:00“နွားမ နွားမ နွားမ ယူတော်မူကြပါကုန်လော့”
တစ်ခါက ရွာတစ်ရွာတွင် အလွန်အင်မတန်မှ ဆင်းရဲသော ဒါယကာတစ်ယောက်ရှိလေသည်။ သူ၏ အမည်မှာ ကိုသောင်းရွှေဖြစ်သည်။ ကိုသောင်းရွှေသည် အလွန်ဆင်းရဲသည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် မိန်းမဆုံးပါးသွားသ ဖြင့် မုဆိုးဘိုတစ်ယောက်ဖြစ်နေလေသည်။သားများ သည်ပင် အရွယ်ရောက်နေပြီးဖြစ်သည်။ သားများကိုရှင်ပြု လိုသော်လည်း လက်ထဲတွင်ငွေကမရှိ။ သို့သော် အိမ်တွင် နို့စားနွားမလေးတစ်ကောင်ရှိလေသည်။ ထိုအဖြစ်ကို သိသော သူငယ်ချင်းများက
“မင်းကလဲကွာ မင်းမှာ နို့စားနွားမလေးတစ်ကောင်ရှိတာ၊ အဲဒါလေးရောင်းပြီးသားတွေကို ရှင်ပြုပေးလိုက်ပေါ့ကွ” ဟု အကြံပေးကြလေသည်။ ထို့သို့ အကြံပေးသဖြင့် ထိုဒါယကာသည်ပင်
“နွားမလေးကို ရောင်းပြီး သားတွေကို ရှင်ပြုပေးရရင်ကောင်းမလား၊ အော် ဒါလေးရောင်းပြန်လျှင်လည်း ငါ့တို့ မိသားစုအတွက် စားစရာမရှိတော့ပြီ၊ အွန်း ဘယ်လိုလုပ်ရရင်ကောင်းမလဲ”ဟု စဉ်းစားခန်းပင် ၀င်နေတော့ သည်။ အဆုံးတွင် ကိုသောင်းရွှေဆုံးဖြတ်ချက်ချလိုက်သည်ကား
“အို ဘာပဲဖြစ်ဖြစ် တစ်သက်မှာ တစ်ခါသာ ပြုရခဲဖြစ်တဲ့ သားရှင်ပြုခြင်းကိစ္စကို နွားမလေးကို ရောင်းပြီး ပြုတော့ မည်”ဟု ဆုံးဖြတ်ချက်ချကာ နွားမလေးကို ရောင်းလိုက်လေသည်။ ကိုသောင်းရွှေသည် နွားမလေးကို ရောင်းသာ ရောင်းလိုက်ရသည်။ စိတ်ကားမကောင်းလှချေ။ အကြောင်းသော်ကား ထိုနွားမလေးသည် တစ်သက်လုံးသူတို့ မိသားစုကို လုပ်ကျွေးခဲ့သောကြောင့်ပေတည်း။ အလှူမင်္ဂလာပြုလုပ်သော နေ့တွင် ရွာသူရွာသားများ၊ သားဖြစ် သူများကတော့ အလွန်ပင်ပျော်နေကြသည်။ ဒါယကာတော်ကိုသောင်းရွှေသည်ကား အလျှူပွဲအတွက် နွားမ လေးကို ရောင်းလိုက်ရသည့်အတွက် စိတ်မပျော်ရွှင်နိုင်ပါ။ရေစက်ချ တရားနာချိန်ရောက်ပါပြီ၊ ဆရာတော်ကြီး သည် အလှူဒါယကာ ကိုသောင်းရွှေတစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်စေရန်အလို့ငှာ တရားကို အစွမ်းကို ဟောပေးနေပါသည်။ သို့သော် ကိုသောင်းရွှေတစ်ယောက်၏ စိတ်သည်ကား ရောင်းလိုက်သော နွားမလေးဆီသို့ ရောက်နေလေတော့သည်။ အဆုံးတွင် အမျှအတမ်းပေးဝေရမည့်အချိန်ကို ရောက်သောအခါတွင်ကား နွားမထံ စိတ်ရောက်နေသော ကိုသောင်းရွှေတစ်ယောက် အမျှကို အောက်ပါ အတိုင်းဝေလိုက်လေတော့သည်။
“နွားမ နွားမ နွားမ ယူတော်မူကြပါကုန်လော့”ဟူ၍ပင်ဖြစ်သည်။ ထိုအခါ တရားဟောဆရာတော်နှင့် သံဃာ တော်များ တရားနာပရိသတ်များသည်ပင် ကိုသောင်းရွှေ၏ အမျှဝေသံကို ကြားကာ အူလှိုက်သည်းလှိုက် ရယ်ကြလေတော့သတည်း။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0tag:blogger.com,1999:blog-4185809353787961656.post-45679012902867961332010-09-11T02:19:00.000-07:002010-09-11T03:39:32.188-07:00
တခါကဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။သူတို့နှစ်ဦးတို့တွင် လင်ယောက်ျားဖြစ်သူသည်ကား အလွန်ကပ်စေး နှဲသည်။ဇနီးသည်ကားအလွန်စေတနာကောင်းသည်။တစ်နှစ်တွင်သူတို့သည် စပါး ကြက်သွန်ငရုတ်စသည်တို့ကို ထူးခြားစွာရလေသည်။ ထို့ကြောင့်သူတို့သည်ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ သားဖြစ်သူများကို ရှင်ပြု ပေးကြလေသည်။ လင်သားဖြစ်သူသည် ဇနီးသည်၏ အလိုအရလည်းကောင်း ထုံးတမ်းစဉ်လာဖြစ်နေသည်က တစ် ကြောင်း သားဖြစ်သူများကို ရှင်ပြုပေးလိုက်ရသည်။ ငွေကုန်မှာကိုကားအလွန် ကြောက်နေလေသည်။ ရှင်ပြု ပွဲကြီးကို ပြုလုပ်ပါပြီ။အလှူပွဲကြီးနေ့ နံနက်ခင်းတွင် ပရိသတ်များကို ထမင်း ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေနေစဉ် အလွန်ကပ်စေးနှဲသော အလှူဒါယကာကြီးသည် “ငါ့ဟာတွေကုန်ပါပြီ ငါ့ဟာတွေကုန်ပါပြီ”ဟု ထမင်းထည့်ထား သောပုတ်ကြီးကို မ,ကာ မ,ကာနေလေတော့သည်။ထိုအချိန်အခါ အလှူဒါယ ကာကြီး၏ ရင်ဝယ်ပုတ်မစေတနာ သည်ဖြစ်ပေါ်၍လာလေ၏။ ထို့နောက် အလှူဒါယကာကြီးသည် ထမင်းကို အလှူအကျွံစားသော သူများကို ကြည့် ကာ မုန်းစစေတနာသည် ဖြစ်ပြန်လေ၏။ နောက်ဆုံးတွက်ကား အလှူဒါယကာကြီးသည် အပါယ်ရစေတနာ ဖြစ်လေတော့သတည်း။

မှတ်ချက်=ဗုဒ္ဓဘာသာဝင်တို့၏ထုံးတမ်းစဉ်လာအရ အလှူတစ်ခုပြုတော့မည်ဆိုလျှင်မလှူခင်ရှေးဦးအစ၌လှူချင် စိတ်တွေတစ်ဖွားဖွားဖြစ်နေခြင်းသည် ပုဗ္ဗစေတနာဖြစ်သည်။ သို့သော် အလှူဒါယကာကြီးသည်ကား ထိုပုဗ္ဗ စေတနာမဖြစ်မူ၍ “ငါ့ဟာတွေကုန်သွားပါပြီ၊ ငါ့ဟာတွေကုန်သွားပါပြီ”ဟု ပုတ်ကြီးကို မ,ကာ မ,ကာဖြစ်နေ လေတော့ ထိုဒါယကာကြီး၏ ရင်ဝယ်ပုတ်မစေတနာသာဖြစ်လေတော့သည်။ လှူဆဲတွင် ၀မ်းမြောက်ဝမ်းသာဖြစ် နေသော စေတနာသည် မုဉ္ဇစေတနာဖြစ်သည်။ထိုစေတနာမဖြစ်မူ၍ အလှူဒါယကာကြီးသည်ကား အလွန်စား သော သူများကို ကြည့်ကာ မုန်းစစေတနာဖြစ်လေတော့သည်။ အလှူပွဲပြီးနောက် ၀မ်းမြောက်ဝမ်းသာဖြစ်နေရ မည်ဖြစ်သော စေတနာသည်ကား အပရစေတနာဖြစ်သည်။ သို့သော် အပရစေတနာမဖြစ်မူ၍ အလှူဒါယကာ ကြီးဖြစ်သွားသောစေတနာသည်ကား အပါယ်ရစေတနာဖြစ်သွားလေတော့သတည်း။
မှတ်ချက် ဤပုံပြင်ကို ဦးသုဝဏ် (ရမ်းဗြဲ သို့မဟုတ် ရမ်းပြည့်)မှ ပြောပြသည်။

AShin Javanahttp://www.blogger.com/profile/05489243455044414296noreply@blogger.com0