Pages

Monday, August 31, 2009

“အင်္ဂလိပ် စာသင်ခန်းမှ ဟာသများ (အပိုင်း ၂)”

အကျွန်ုပ်တို့ သာသနတက္ကသိုလ်မှ ဆရာတော်တစ်ပါးသည် ကျန်းမာရေးအတွက် မန္တလေးတောင်ပေါ်တက်၍ လမ်းလျှောက်လေ့ရှိသည်၊ တစ်နေ့သူသည် ဒါယကာတစ်ယောက်နှင့် မန္တလေးတောင်ပေါ်တွင် တွေ့ရှိလေသည်၊ ထိုဒါယကာကပင် ဆရာတော်ကို
“အရှင်ဘုရား, ဘယ်ကျောင်းတိုက်ကပါလဲဘုရား” ဟု စတင်နှုတ်ဆက်လေသည်၊ ထိုအခါ ဆရာတော်က
“ဦးဇင်းက သာသနတက္ကသိုလ်ကပါ ဒကာကြီး” ဟု ဖြေကြားလေသည်၊ ထိုအခါ ဒါယကာကြီးက
“သာသနတက္ကသိုလ်က ကိုယ်တော်လေးတွေ တပည့်တော်တို့ မန္တလေးတောင်ပေါ်ကို တက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားပြောနေတာ တော်တော်တွေ့နေရတယ်ဘုရား” ဟု လျှောက်ထားလေသည်၊ ဤတွင်ဆရာတော်က
“ဒကာကြီးရေ! အဲဒါ ဦးဇင်းရဲ့ တပည့်လေးတွေပေါ့ ဒကာကြီးရဲ့” ဟု အားရ၀မ်းသာဖြေကြားလိုက်လေသည်၊ ထိုအခါ ဒါယကာကြီးက
“အင်္ဂလိပ်စကားကောင်းကောင်းတော့ မပြောတတ်ကြပါဘူးဘုရား”ဟု ဆက်၍ လျှောက်ထားလိုက်ရာ ဤတွင်
ဆရာတော်က
“အော် ဒကာကြီးရေ! ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းက ကိုယ်တော်တွေလဲပါသေးတယ် ဒကာကြီးရ” ဟု ပါးနပ်စွာဖြေကြားလိုက်လေသတည်း။

Sunday, August 30, 2009

“အင်္ဂလိပ် စာသင်ခန်းအတွင်းမှ ဟာသများ”

မိမိတို့၏ သာသနတက္ကသိုလ်မှ အဖြစ်ပျက်ကလေးတစ်ခုဖြစ်ပါသည်၊ သာသနတက္ကသိုလ်၌ ဘာသာ(ရ)ရပ်ပြဌာန်းထားသည်၊ ထိုအထဲတွင် အင်္ဂလိပ်စာဘာသာလည်းပါဝင်လေသည်၊ တစ်နေ့ အင်္ဂလိပ်စာပြသော ဆရာတော်သည် အသံထွက်များပြောင်းလဲသွားပုံကို ရှင်းပြလေသည်၊ ထိုအထဲတွင် ဆရာတော်သည် (T)၏ အသံထွက်ပြောင်းသွားပုံကို အောက်ပါအတိုင်း အာဘောင်အာရင်း သံသံနှင့် ရှင်းပြလေသည်၊
“အရှင်ဘုရားတို့ အင်္ဂလိပ်စာက မိမစစ် ဖမစစ်ဘာသာ ဆိုတော့ အသံထွက်က မတည်ငြိမ်ဘူးဘုရား၊ အမြဲတမ်းပြောင်းလဲနေတယ်၊ ဥပမာ (T) ကိုပြောကြပါစို့ဘုရား၊ T ကို အရင်က (တီ) ဟူ၍ အသံထွက်တယ်၊ ယခုပြောင်းသွားပြီ ဘုရား၊ ယခု T ကို (ထီ) လို့အသံထွက်ပါတယ်ဘုရား၊”ဟု ဆရာတော်က အားကြိုးမာန်တက်ရှင်းပြနေလေသည်၊
ထိုအခါ အင်္ဂလိပ်စာကို လုံးဝမသင်ဖူးသေးသော စာသင်သားရဟန်းတစ်ပါးက
“ဆရာတော်ဘုရား, အကယ်၍ (T) ကို (ထီ)လို့ အသံပြောင်းထွက်ရမယ်ဆိုလျှင် “တက်တိုးအဘိဓာန်”ကို “ထက်ထိုး အဘိဓာန်” လို့ အသံပြောင်းထွက်ရမှာလားဘုရား”ဟု မေးလျှောက်သောအခါ ဆရာတော်က “အဲဒီလိုလဲ တရားသေ မမှတ်နဲ့လေ၊ ဒီက အင်္ဂလိပ်စာကို ပြောနေတာ၊ မြန်မာစာကို ပြောနေတာမဟုတ်ဘူးလေ”ဟူ၍ ဖြေသွားလေသည်၊ ထို့နောက် ဆရာတော်သည် အသံထွက်အသစ်နှင့် ပတ်သက်၍ အောက်ပါအတိုင်းဆက်လက် သင်ကြားလေသည်၊
“ နောက်ပုံစံတစ်ခု သွားကြအုံးစို့၊ ဥပမာ Table ကို ဆိုကြပါစို့ဘုရား၊ ယခင် Table ကို (တေးဘယ်) လို့ အသံထွက်ပါတယ်၊ အေး ယခု ပြောင်းသွားပြီဘုရား၊ အသံထွက်အသစ်က (ထေးဘား)တဲ့ဘုရား ဟူ၍ သင်ကြားပေနေလေသည်၊ ထိုအခါ ကိုယ်တော်တစ်ပါးက
“ဘုန်းကြီးဘုရား, (ဌေးပေါ) လို့ကော အသံထွက်လို့ မရဘူးလားဘုရား၊” ဟူ၍ ထမေးလေသည်၊ ထိုအခါ ဆရာတော်က
“စာသင်နေတာ မနောက်နဲ့ မနောက်နဲ့၊” ဟူ၍ မိန့်ကြားလေသည်။ ကိုထေပေါဟူသည်ကား သာသနတက္ကသိုလ်၌ ဓာတ်ဆီ ဒီဇယ်ဆီများကို ပေးဝေရာတွင် ဦးစီးဦးကိုင် လုပ်ဆောင်နေသော အရာရှိတစ်ယောက်ပင်ဖြစ်လေသတည်း။
နောက် အင်္ဂလိပ်စာဆရာတော်တစ်ပါးသည်ကား အင်္ဂလိပ်စာသင်ကြားမှုနှင့် ပတ်သက်လို့ အောက်ပါအတိုင်းရှင်းပြသွားလေသည်၊
“အရှင်းဘုရားများ, အင်္ဂလိပ်စာသင်ရာမှာတော့ ကျောက်မီးသွေးရထားလို သဘောထားပြီး သင်ရပါမယ်ဘုရား၊ ကျောက်မီးသွေးရထားကြီးဟာ မမြန်ပါဘူး၊ တအိအိနဲ့ခုတ်မောင်းနေတာပါဘဲ ၊ 'ဟုတ် ဟုတ် မဟုတ်ဟုတ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ်' ဆိုပြီး အသံထွက်ပြီး ခုတ်မောင်းလာလိုက်တာ နောက်ဆုံးတော့ အဲဒီရထားကြီး ဘူတာကို ဆိုက်သွားတာပါဘဲ၊ အေး အရှင်ဘုရားတို့ အင်္ဂလိပ်စာလေ့လာရာမှာလဲ ကျောက်မီးသွေးရထားကြီးလိုပါဘဲ “ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်ဟုတ် မဟုတ်ဟုတ်” လေ့လာကြပါ၊ ကြိုးစားကြပါ၊ တစ်ချိန်ချိန်မှာတော့ ကျောက်မီးသွေးရထားကြီးဟာ ဘူတာကြီးကို ဆိုက်သွားသလို အရှင်ဘုရားတို့လဲ အလိုရှိတဲ့ ပန်းတိုင်ကို ရောက်သွားကြမှာပါဘဲ၊” တဲ့

Saturday, August 29, 2009

”အကျွန်ုပ်နှင့် အကျွန်ုပ်ဘကြီး (အပိုင်း ၃)”

တစ်နေ့ အကျွန်ုပ်သည် ဘကြီးအိမ်သို့ အလ္လာပသလ္လာပစကားပြောရန် ရောက်ရှိသွားလေသည်၊ အိမ်ရောက်သွား သောအခါ ဘကြီးသည် အကျွန်ုပ်အား စတုမဓူကပ်လေသည်၊ ဟိုရောက်သည်ရောက်နှင့် စကားပြောရင်း ကူမဲမြို့မှ သူ၏ သူငယ်ချင်းသူဌေးတစ်ဦး၏ အကြောင်းဆီသို့ရောက်သွားလေသည်၊ ထိုသူဌေးသည် ယခုအခါ မုဆိုးဘိုကြီးဖြစ်နေလေသည်၊ ဇနီးမယားဆုံးသွားသည်မှာလည်း ကြာပြီဖြစ်သည်၊ သားသမီးများကလည်း အိမ်ထောင်ကျသွားကြ၍ ထိုသူဌေးကြီးသည် တစ်ယောက်တည်း အထီးကျန်ဖြစ်နေလေသည်၊ သို့ဖြစ်သည့်အတွက် သားသမီးများက ဖခင်ဖြစ်သူကို အရွယ်ငယ်ငယ် ချောမောလှပသော မိန်းခလေး တစ်ယောက်နှင့် လက်ထပ်ပေး လိုက်လေသည်၊ မိမိ၏ ဘကြီးဖြစ်သူသည် သူ၏ သူငယ်ချင်းကို အားကျနေလေသည်၊ သူလဲ အိမ်ထောင်ပြုချင်ဟန်ရှိ၏၊ သို့ဖြစ်၍ ဘကြီးဖြစ်သူက မိမိအား
“ဦးဇင်းရေ, ကူမဲက တပည့်တော်သူငယ်ချင်းကတော့ ကံကောင်းပါတယ်၊ အားကျဘို့ ကောင်းလိုက်တာ၊ သူ့သားသမီးတွေက ကောင်းမလေးချောချောလေးနဲ့ သူ့ကို လက်ထပ်ပေးလိုက်တာ၊ ယခုတော့ အဆင်ပြေ နေတယ်”၊ ဟု အားရ၀မ်းသာ သူငယ်ချင်းဖြစ်သူအကြောင်း ပြောကြားလာလေသည်၊ ဆက်ပြောသည်မှာ
“တပည့်တော်သားသမီးတွေလဲ အဲဒီလို အလိုက်သိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ” ဟု သူ့၏ ဆန္ဒကို ထုတ်ဖေါ်ပြောကြားလာလေသည်၊ အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်သော မုဆိုးဘိုကြီးဖြစ်သော မိမိ၏ဘကြီး သည် နောက်ထပ်အိမ်ထောင်ပြုချင်ဟန်ရှိ၏။ သို့ဖြစ်၍ မိမိက
“ဘကြီးရာ မလိုချင်စမ်းပါနဲ့၊ ကိုယ့်အရွယ်ကိုလည်းထောက်ပါအုံး၊ ဘကြီးတို့အရွယ်က တရားအားထုတ်ရ တော့မယ့် အရွယ်ရောက်နေပြီ၊ အများကလက်ညှိုထိုးပြောစရာဖြစ်နေပါအုံးမယ်” ဟုမိမိက ပြောသောအခါ ဘကြီးဖြစ်သူက
“စစ်ကူးရမလားလို့ ပြောကြည့်ပါတယ်၊ ဦးဇင်းကလဲ သားသမီးတွေဘက်ကပါနေတယ်၊ ဦးဇင်းလဲ မစွံပါဘူး၊ ဘုန်းကြီးပီပီ တရားဟောဘို့ဘဲ သိတယ်၊” ဟု စိတ်ဆိုးမာန်ဆိုး ပြောလေတော့သည်၊ ကပ်လက်စဖြစ်သော စတုမဓူလေးကိုပင် ပြန်လည်ယူမည့် အနေအထားရှိနေလေသည်၊ မိမိလည်း ပြန်လည်တွေး မိသည်။ တဏှာဆိုတဲ့ တရားကို အနာဂါမ် ရဟန္တာသူတော်ကောင်းကြီးများမှ စွန့်နိုင်သည့်တရားဖြစ်လေသည်၊ သို့ဖြစ်၍ မိမိဘကြီး နောက်အိမ်ထောင်ပြုလိုသည်ကို အပြစ်ဟူ၍ မဆိုသာပေ၊
သည်အကြောင်းနှင့် စပ်၍ ပုံပြင်တစ်ပုဒ်ကြားဖူးသည်၊
တစ်ခါက အသက်ရှစ်ဆယ်ကျော် ဇနီးမောင်နှံနှစ်ယောက်ရှိကြလေသည်၊ သူတို့သည် တစ်ဦးကို တစ်ဦးချစ်ကြသည်၊ အဘိုးကြီးသည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားလေသည်၊ ထိုအခါ ဇနီးဖြစ်သူက ရောက်ပါအတိုင်း ငိုယိုလေသည်။
“အမေလေး သွားလေသူကြီးရယ်, ကျမကို ပစ်ထားခဲ့ပြီပေါ့၊ အော် ကျမတို့ ချစ်လို့မှ မ၀သေးဘူး၊” တဲ့
“အော် တဏှာဆိုတဲ့ တရားဟာ အကြီးအငယ်မရွေး အမြဲတမ်းနှိပ်စက်နေပါကလား” ဟု မိမိ သံဝေဂပင်ဖြစ်မိခဲ့သည်၊
မိမိဘကြီးသည် သူအိမ်ထောင်ပြုလိုသော အကြောင်းကို တိုက်ရိုက်လည်း သူ၏သားငယ်ကို မပြောရဲပေ၊ သူ၏ မိတ်ဆွေများကို ပြောခိုင်းလေသည်၊ တစ်နေ့ သားဖြစ်သူက ထိုအကြောင်းသိလေရာ အရက်ကလဲနည်း နည်းသောက်ထားလေသည်၊ သို့ဖြစ်၍ ဖခင်အား တိုက်ရိုက်မေးချလိုက်သည်၊
သူမေးသည်က
“အဖေ အိမ်ထောင်ပြုချင်နေတယ်လို့ ပြောသံကြားတယ်၊ အဲဒါဟုတ်လား”၊ တဲ့၊ အဖေဖြစ်သူကလဲ
“ဟုတ်တယ်လေ၊ မင်းတို့က အလိုက်သိပြုပေးရင်တော့ ငါလဲ အိမ်ထောင်ပြုချင်တာပေါ့ကွ၊” ဤတွင် မူးနေသော သားဖြစ်သူက
“ကျုပ်အဖေကိုတာ့ ရိုးရိုးမိန်းခလေးနဲ့တော့ မပေးစားနိုင်ဘူး၊ ရုပ်ရှင်မင်းသမီး မိုးမိုးမြင့်အောင်နဲ့မှ သဘောတူ နိုင်မယ်၊ ကျုပ်ကိုယ်တိုင် ရန်ကုန်ဆင်းပြီး သွားပြောပေးမယ်၊ သူလက်ခံရင် လက်ထပ်ပေးမယ် အဖေ၊” ဟု သားဖြစ်သူက မူးမူးကန်းကန်းနှင့် ပြောကြားသည်ကို ဖခင်ဖြစ်သူသည် တကယ်ယုံကြည်နေ လေတော့သည်၊ မိမိနှင့်တွေ့တိုင်း
“ဦးဇင်းရေ, တပည့်တော်ကို မိုးမိုးမြင့်အောင်နှင့် လက်ထပ်ပေးမယ်လို့ ပြောနေတာဘဲ ၊ ဘယ်နေ့ရယ်တော့ မသိဘူး ”ဟု ဘကြီးခမျာ ပြောနေရှာသည်၊ မိမိ၏ စိတ်အတွင်းမှ ပြောလိုက်မိသည်က
“ကောင်းကင်က ကြယ်ကို ယူရင် ရကောင်းရလိမ့်မယ်၊ မိုးမိုးမြင့်အောင်တော့ မလွယ်ဘူးထင်တယ် ဘကြီးရေ၊ ကံကောင်းလို့ ဘကြီးရခဲ့ရင်တော့ ဦးဇင်းလဲ ဂုဏ်ယူရတာပေါ့၊ ဒို့ဘကြီးက ရုပ်ရှင်မင်းသမီး မိုးမိုးမြင့်အောင်ရဲ့ ယောက်ကျား”ဟူ၍ပင်ဖြစ်လေတော့သတည်း။ ဆက်ရန်


“ကြည်ညိုပါတယ်ဘုရား”

သာသနတက္ကသိုလ်မှ သူငယ်ချင်းရဟန်းနှစ်ပါသည် မန္တလေးမြို့တွင်းမှ နာမည်ကြီးသော တရုတ်ကြီးထမင်းဆိုင်သို့ ဆွမ်းဘုဉ်းပေးကြလေသည်၊ အလွန်ကောင်းသော အစားအစာများကို မှာ၍ မြိန်ရည်ယှက်ရည်ဘုဉ်းပေးကြလေသည်၊ ဘုဉ်းပေးကောင်းကောင်းနှင့် ဘုဉ်းပေးလိုက်ကြသည်၊ ပန်းကန်ပြား ရှစ်ချပ်နည်းပါးကုန်သွားသည်၊ ပြီးသောအခါ ငွေရှင်းလိုသည့်အတွက် ဆိုင်ရှင်တရုတ်ကြီးအား
“ဒကာကြီး ငွေရှင်းမယ်ဗျာ၊ ဘယ်လောက်ကျလဲ” ဟုမေးလေသည်၊ ထိုအခါ ဆိုင်ရှင်တရုတ်ကြီးက
“အရှင်ဘုရားတို့လို ခွေးလို ၀က်လိုစားတဲ့ ပုဂ္ဂိုလ်တွေကို ကြည်ညိုပါတယ်ဘုရား၊ တပည့်တော်လှူပါတယ်ဘုရား” ဟု အားရ၀မ်းသာလျှောက်ထားလေသည်။ ခွေး ၀က်အဖြစ် အနှိုင်းခံလိုက်သော သူငယ်ချင်းများသည် ကျေးဇူးတင်ရခက်၊ စိတ်ဆိုးရခက်ဖြစ်နေလေသည်၊ နောက်ဆုံး
“တရုတ်ဖြစ်တော့ စကားအပြောမတတ်တာလဲ ဖြစ်နိုင်ပါတယ်လေ”ဆိုပြီး အကောင်းဆုံးတွေးကာ ဆိုင်အတွင်းမှ ထွက်လာခဲ့လေတော့သတည်း

“အလင်းတန်းနှင့် အခါနှစ်ဆယ်”

အကျွန်ုပ်တို့ သာသနတက္ကသိုလ်၌ နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များသည် မဖြစ်မနေ (၁၅) ရက် တရားထိုင်ကြရသည်၊ နေ့စဉ် စိန်ပန်းမဟာစည်ရိပ်သာမှ ဆရာတော်ဦးပညာဝံသသည် စာသင်သားရဟန်းများ၏ ဥာဏ်စဉ်များ တိုးတက်မှု ရှိ မရှိ လာရောက်စစ်ဆေးလေ့ရှိသည်၊ တစ်နေ့ ဆရာတော်သည် ရဟန်းများအား သူတို့၏ တရားအားထုတ်မှု အဘယ်မျှလောက် တိုးတက်နေပြီလဲ ဆိုသည်ကို သိလိုသောကြောင့်တစ်ပါးစီ စစ်ဆေး မေးမြန်းလေသည်၊ ကိုယ်တော်လေးတစ်ပါးအလှည့်ရောက်သော အခါ ဆရာတော်သည်
“အရှင်ဘုရား! အရှင်ဘုရားတရားအားထုတ်တဲ့အခါ ဘာတွေမြင်ပါသလဲဘုရား” လို့ မေးလေသည်၊ ထိုအခါ စာသင်သားရဟန်းကလေးက
“မှန်လှပါဆရာတော်ဘုရား, တပည့်တော်တရားအားထုတ်နေစဉ် အလွန်အင်မတန်မှ လင်းလက်သော အလင်းတန်ကြီးတွေကို တပည့်ရဲ့ မျက်စိဖြင့် တိုက်ရိုက်တွေ့လိုက်ရပါတယ်ဘုရား” ဟု အားရ၀မ်းသာ ဖြေကြားလိုက်လေသည်၊ ထိုအခါ ဆရာတော်သည်
“ဆက်ကြိုးစားပါ ဦးပဇင်း၊ ဒါဟာ သမာဓိအားကောင်းလာလို့ အလင်းတန်းတွေ ပေါ်လာတာ၊ ဒါပေမယ့် ဦးပဇင်း ဒါတွေကို သွားပြီး မသာယာလိုက်နဲ့ ၊ဒါတွေဟာ ၀ိပဿနာညစ်ညူးကြောင်းတွေ၊ ဖောင်းပိန်ကို ဆက်မှတ်ပါ၊ ဖြစ်ပေါ်လာတဲ့ အရာကို သတိကပ်ပြီးရှုပေးပါ၊ အရှင်ဘုရားမကြာခင်မှာပဲ ဥာဏ်စဉ်တွေတက်လာပါလိမ့်မယ်၊” ဟု အားကြိုးမာန်တက် မိန့်သွားရှာသည်၊ အမှန်စင်စစ် ထိုကိုယ်တော်လေး၏ မျက်စိများအတွင်းမှ အလင်းတန်များထွက်လာခြင်း၏ အကြောင်းကို ရှာရသော် ကြီးကြပ်ရေး ဆရာတော်များသည် အိပ်ငိုက်နေသောသူအား ဓာတ်မီးများဖြင့် ၀ိုင်းဝန်းထိုးလိုက်သောကြောင့်ပေတည်း။
ထိုနောက်ဆရာတော်သည် နောက်တစ်ပါးအား ဆက်လက်မေးမြန်းလေသည်၊
“အရှင်ဘုရား တရားထိုင်လျှင် တစ်နာရီအတွင်း ဘယ်နှစ်ကြိမ်လောက် ဣရိယာပုထ်ကို ပြောင်းပါသလဲ” တဲ့ ၊ ထိုကိုယ်တော်လေးက
“တပည့်တော် တစ်နာရီမှာ အကြိမ် (၂၀)ဆယ်လောက်ပြောင်းရပါတယ်ဘုရား”တဲ့ ထိုအခါ ဆရာတော်က
“အရှင်ဘုရား တော်တော်သဒ္ဓါတရားကောင်းတာပဲ၊ မဂ်ဖိုလ်နိဗ္ဗာန်နဲ့တော့ တော်တော်လေနီးစပ်ပါပေတယ်”ဟု ဆရာတော်က ချီးကျူးသွားလေသည်၊
(ဤစာမျက်နှာ၏ အဆုံးတွင် older post နှိပ်ပါ၊ ပုံပြင်များကို ဆက်တွေ့ပါလိမ့်မည်၊)



Friday, August 28, 2009

“အရှင်ဘုရားက ဘဒ္ဒန္တဘွဲ့ရလို့လား”

အကျွန်ုပ်တို့၏ သာသနတက္ကသိုလ်ကြီးမှ နောက်ဆုံးနှစ်(စတုတ္ထနှစ်) အောင်မြင်သော စာသင်သား ရဟန်းတော်များသည် အကယ်၍ မဟာတန်းမ၀င်လျှင် တောင်တန်းဒေသများသို့ သာသနာပြုခရီး (၂) နှစ် ကြွရောက်ကြရသည်၊ ထို(၂) နှစ်ပြီးနောက်မှသာ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ကို ဆက်ကပ်လေသည်၊ ထိုသာသနာပြုကြွရောက်သော ရဟန်းတော်များကို သာသနာရေးဌာနမှ သာသနာပြုကတ်များထုတ်ပေးသည်၊ ထိုကတ်တိုင်း၌ ရဟန်းဘွဲ့များ၏ရှေ့တွင် ဦး,အရှင်, တို့အစား ဘဒ္ဒန္တဟုအစားထို၍ သုံးထာသည်၊ ဥပမာ ဘဒ္ဒန္တခေမိန္ဒ, ဘဒ္ဒန္တဇ၀နစသည်ဖြင့် သုံးထားသည်၊ အကျွန်ုပ်သူငယ်ချင်းနှစ်ပါးသည်လည်း သာသနာပြုခရီး ထွက်ရမည်ဖြစ်သည်၊ သူတို့သည် သာသနာပြုတာဝန်ကျသည့် ဌာနကို မြစ်ကြီးနားမှ တစ်ဆင့်ကြွရောက် ကြရမည်ဖြစ်သည်၊ သို့ဖြစ်၍ သူငယ်ချင်းနှစ်ပါးတွင် ပထမတစ်ပါးသည် ရှေးစွာ မန္တလေးရုံပိုင်ကြီးထံ မိမိ၏ ဘဒ္ဒန္တဟုပါသော သာသနာပြုကတ်ဖြင့် အထက်တန်းအိပ်စင်တန်းလက်မှတ်ကို ၀ယ်ခဲ့လေသည်၊ လွယ်ကူစွာပင် ၀ယ်ယူရရှိခဲ့လေသည်၊ ထိုနောက် ပထမသူငယ်ချင်းတစ်ပါးနှင့်အတူ နောက်တစ်ပါးသည်လည်း အတူကြွ လိုသည် ဖြစ်၍ ရုံပိုင်ကြီးထံ ကတိုက်ကရိုက်ကြွသွားလေသည်၊ ရုံပိုင်ကြီးထံ ရောက်သောအခါ
မိမိ၏ ဒုတိယသူငယ်ချင်းဖြစ်သူက
“ရုံပိုင်ကြီး! မနေ့က ဦးဇင်းရဲ့သူငယ်ချင်း ဦးအာလောကဟာ အထက်တန်းအိပ်စင်လက်မှတ်ဖြတ်သွားတယ်၊ ဦးဇင်းလဲ သူနဲ့အတူ အထက်တန်းအိပ်စင်လက်မှတ်တစ်စောင် ရောင်းပေးပါ၊” ဟု ပြောကြာလေသည်၊ ထိုအခါ ရုံပိုင်ကြီးက
“အရှင်ဘုရားက ဘဒ္ဒန္တဘွဲ့ရလို့လား၊ အရှင်ဘုရားရဲ့ သူငယ်ချင်းက ဘဒ္ဒန္တအာလောကဆိုပြီ ဘဒ္ဒန္တဘွဲ့ရတယ်ဘုရား၊ တပည့်တော်တို့က ဘဒ္ဒန္တဘွဲ့ရတဲ့ ဆရာတော်များကိုသာ အထက်တန်းအိပ်စင် လက်မှတ်များကို ရောင်းပေးလေ့ရှိပါတယ်ဘုရား” ဆိုလေသည်၊ ထိုအခါ အခြေအနေကို အကဲခတ်မိသော မိမိရဲ့ ဒုတိယသူငယ်ချင်း ဦးခေမိန္ဒက
“ရုံပိုင်ကြီး! ဦးဇင်းလဲ ဒီမှာ ဘဒ္ဒန္တဘွဲ့ရပါတယ်ဗျ” ဟု သူကပ်ကို ထုတ်ပြလေသည်၊
ထိုအခါ ရုံပိုင်ကြီးသည် ကပ်ကို ကြည့်၍
“ဘဒ္ဒန္တခေမိန္ဒ” ဟု ကျယ်လောင်စွာ အော်ဖတ်၍ အောက်ပါအတိုင်းပြောကြားပြီး အထက်တန်းအိပ်စင်လက်မှတ် တစ်စောင်ကို ရောင်းလိုက်လေသည်၊
ရုံပိုင်ကြီးပြောလိုက်သည်က
”အရှင်ဘုရားလဲ ဘဒ္ဒန္တဘွဲ့ရတဲ့ ဆရာတော်တစ်ပါးပဲ၊ အထက်တန်းအိပ်စင်လက်မှတ်ရောင်းပေးရမှာပေါ့ဘုရား” ဟူ၍သာဖြစ်လေတော့သတည်း။



"အကျွန်ုပ်နှင့် အကျွန်ုပ်၏ ဘကြီး(အပိုင်း ၂)"

တစ်နေ့ အကျွန်ုပ်၏ အမေကြီးသည် အကျွန်ုပ်အား သိက္ခာထပ်လိုကြောင်း အကြောင်းကြားလာသည်၊ ရက်လည်းသတ်မှတ်ပြီးဖြစ်သည်၊ အမေကြီး၏ဇာတိသည်ကား မြစ်သားမြို့နယ် ဒါးရဲကောင်းရွာပင်ဖြစ်သည်၊ ထိုရွာသည်ကား ကမ္ဘောဇဘဏ်ပိုင်ရှင် သူဌေးကြီးဦးအောင်ကိုဝင်း၏ ဇာတိရွာပင်ဖြစ်သည်၊ထိုရွာသည် မြင်းခြံမြိုသို့သွားရာ လမ်းမကြီးနှင့် ငါးမိုင်ခန့် ဝေးမည်ထင်ပါ၏၊ သို့ဖြစ်၍ မိမိနှင့် ဆွေမျိုးတစ်သိုက်သည် ရွာမှ မြင်းခြံသို့ အမြဲပြေးဆွဲနေသော ဘကြီး၏ကားကို မဖြစ်မနေ စီးကြရမည်ဖြစ်သည်၊ မိမိကို သိက္ခာထပ်မည့်ရက် အကြိုနေ့ကဖြစ်သည်၊ အကျွန်ုပ်နှင့် ဆွေမျိုးတစ်သိုက်သည် ကျန်ခရီးသည်များက ကားပေါ်သို့ မရောက်သေးမီ မိမိတို့က ဘကြီး၏ကားပေါ်တွင် အစောရောက်နှင့် နေကြသည်၊ ကုလားထိုင်ခုံပေါ်တွင် ထိုင်နေသော ဘကြီးသည် မိမိတို့အား ကြည့်ရင်း အောက်ပါအတိုင်းပြောကြားလိုက်သည်၊
"အင်း ဒီနေ့ ငါ့ကားပေါ်မှာတော့ (၇၅)ကျပ်တန်တွေချည်းပဲ" ဟု ပြောကြားလိုက်သည်၊ ကားပေါ်တွင် ကျယ်လောင်စွာ စကားပြောနေကြသော ဆွေမျိုးတစ်သိုက်သည် သူတို့အား သုံးမရသော (၇၅)ကျပ်တန်နှင့် အနှိုင်းခံလိုက်သည့်အတွက်ကြောင့် အားလုံး မခံချည်း မခံသာ မီးကိုရေနှင့် လောင်းလိုက်သကဲ့သို့ ငြိမ်ကျသွား လေသည်။ မိမိ၏ ဘကြီးပြောသည်မှာလဲ လွန်သည်ဟု မဆိုအပ်သည်ပေ၊ အဘယ်ကြောင့်ဆိုသော် မိမိနှင့် ဆွေမျိုးတစ်သိုက်သည် ကားခမပေးမူ၍ အလကား စီးမည့်သူများသာဖြစ်ကြပေသည်။
အကျွန်ုပ်၏ ဘကြီးသည် အလွန်ပင် ကပ်စေးနှဲပေသည်၊ သူသည် အိမ်၌ နေစဉ် ဟင်းကောင်းကို ဘယ်သော အခါမှ ချက်စားလေ့မရှိပါ၊ သူသည် အမြဲတမ်းပြောလေ့ရှိသည်။
“ငါမှာ သွေးတိုးရောဂါရှိတယ်၊ ဒါကြောင့် ဟင်းချက်ရင် ဆီနည်းနည်းသာထည့်ချက်၊ အချဉ်ရည်ရေဟင်း များများချက်၊ ၀က်သားကို ဘယ်တော့မှ မချက်နဲ့၊ ငါနဲ့ မတည့်ဘူး” တဲ့။ သို့သော် ဘကြီးသည် ၀က်သားကို အလွန်ကြိုက်သည်၊
တစ်နေ့ ကျောက်အိုးရွာ၌ အလှူပွဲတစ်ခုရှိသည်၊ အလှူ့ရှင်များသည် အလှူပွဲသို့ လာရောက်ကြသော ဧည့်သည် အပေါင်းအား ၀က်သားနှပ်နှင့် ကျွေးလေသည်၊ ထိုအလှူပွဲသို့ အကျွန်ုပ်၏ ဘကြီးဖြစ်သူ သွားရောက်ခဲ့လေသည်၊ အလှူပွဲမှ ကျွေးသော ၀က်သားများကို အလွန်အကျွံစားခဲ့သော ဘကြီးသည် သွေးတက်ပြီး မူးကာ စက်ဘီးနှင့် လူအပါအ၀င် ချောင်းထဲသို့ ထို;ဆင်းသွားလေသည်၊ အနီးအနားရှိ လူအများက ၀ိုင်းဝန်းကယ်၍ အသက်မပျောက်ခဲ့ပေ။ “အော် အလွန်အင်မတန်မှ ၀က်သားကို ကြောက်သော အကျွန်ုပ်ဘကြီးသည် ဘယ်အတွက်ကြောင့် ၀က်သားကို မဆင်မခြင်စားခဲ့သလဲ၊” ဟု အကျွန်ုပ် စဉ်းစားမရဖြစ်နေမိသည်၊
သို့သော်လည်း “အချို့သော သူများသည် အလကားရလျှင် ရေကို အ၀သောက်သည်၊ တောမီးကို ချွေးထွက်အောင်လှုံသည်” ဟူသော စကားပုံတစ်ခုကိုတော့ မိမိကြားဖူးပါသည်၊ “မိမိ၏ ဘကြီးသည် ထိုစကားပုံလာ လူစားမျိုးတော့ မဟုတ်တန်ရာ၊ သူသည် အသက်ကြီးလာသည်ဖြစ်၍ မေ့သွားသည့်အတွက် ကြောင့်သာ စားမိသည်”လို့မိမိယူဆမိပါ၏.

Thursday, August 27, 2009

"အကျွန်ုပ်နှင့် အကျွန်ုပ်ဘကြီး"

အကျွန်ုပ်မှာ ဘကြီးနှစ်ယောက်ရှိသည်၊ ဘကြီးတစ်ယာက်သည် အသက် (၈၁) နှစ်ဖြစ်သည်၊ သူကတော့ ချမ်းသာတယ်၊ ပြီးတော့ ဘုန်းကြီးလူထွက်ဖြစ်သည်၊ ဘကြီးအငယ်ကတော့ အသက် (၇၀) ခန့်ဖြစ်သည်၊ သူကတော့ ဆင်းရဲတယ်၊ တစ်နေ့ ဘကြီး အငယ်ဖြစ်သူသည် ကံဆိုးချင်တော့ သွေးတိုးရောဂါဖြင့် ဆုံးသွားရှာသည်၊ ဘကြီးအငယ်ဆုံးသောအချိန်၌ အကျွန်ုပ်သည် ရန်ကုန်မြို့တွင် ၀ါဆိုလေသည်၊ အကျွန်ုပ်သည် ဦးလေးဖြစ်သူ လာပင့်သဖြင့် ဘကြီးငယ်၏ အသုဘပွဲသို့ ကြွရောက်ခဲ့ရလေသည်၊ ရွာကို ရောက်လျှင် ရောက်ချင်းဘဲ အဒေါ်ဖြစ်သူက သူရဲ့ ငိုချင်းထဲကို အကျွန်ုပ်ပါဆွဲထည့်နေသဖြင့် မိမိသည်ပင်လျှင် ငိုချင်စိတ်များ ပေါက်လာလေသည်၊ ကြာလျှင်မိမိပါ ငိုရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာသဖြင့် ကျောင်းသို့ ခပ်သုတ်သုတ်ကလေးပြန်ကြွခဲ့ရသည်၊ ဖခင်ရဲ့အလောင်းက သုဿန်မရောက်သေး ကျန်ရစ်သူ သားသမီးများက အမွေကိစ္စဖြင့် တစ်ယောက်နှင့် တစ်ယောက်စကားမပြောနိုင် မဆိုနိုင်ဖြစ်နေကြသည်၊ ဒီကိစ္စအဆင်ပြေရေး ဆွေမျိုးအချို့က မိမိအား ချဉ်းကပ်လာပါတော့သည်၊ သူတို့က မိမိအား အကြံပေးလာသည်မှာ
"ဦးဇင်းရေ ရက်လယ်တဲ့နေ့ တရားဟောရင်း ဦးဇင်းရဲ့ဦးလေး အဒေါ်တွေကို ဆုံးမလိုက်ပါအုံး၊"တဲ့ မိမိလည်း မိမိအား အားကိုးတကြီး လာရောက်ပြောလာကြသော ဆွေမျိုးများအား မပူပါနဲ့ ဆုံးမလိုက်ပါ့မယ်ပေါ့၊
ဒီလိုနဲ့ ဘကြီးဖြစ်သူ၏ ရက်လည်သောနေ့ ရောက်ရှိလာပြီးဖြစ်သည်၊ မိမိလည်း ဦးလေး ဒေါ်လေးတို့အား တရားဟောရင်း အနည်းငယ် ဆုံးမခဲ့ပြီးဖြစ်သည်၊ မိမိတရားပောာပြီး ကျောင်းသို့ မပြန်မကြွသေးဘဲ ရေနွေးသောက်၇င်း ဒကာ ဒကာမများနှင့် စကားပြောနေလေသည်၊ ထိုအချိန်မှာ ရပ်ရွာလူကြီးတွေက
"ဦးဇင်းကတော့ သူ့ရဲ့ ဦးလေး အဒေါ်တွေကို ဆုံးမပြီးပြီ၊ ဦးတင်ညွန့်! ခင်ဗျားကလဲ ခင်ဗျားရဲ့ တူတွေ တူမတွေကို ဆုံးမလိုက်အုံးလေ၊ သေသွားတဲ့ ခင်ဗျားရဲ့ ညီကိုယ်စားပေါ့၊" တဲ့ ထိုအခါ မိမိ၏ ဘကြီးဖြစ်သူ ပြောလိုက်သော စကားက မိမိ၇င်ဘတ်ကို တစ်ပိဿာလောက်ရှိသော အလေးဖြင့် ပစ်သကဲ့သို့ ခံစားလိုက်ရပါ တော့သည်၊ ဘကြီးပြောလိုက်သည်က
"ငါကတော့ သေသွားတဲ့ ငါ့ညီကိုယ်စား တူတွေ တူမတွေကို ဆုံးမသြ၀ါဒလေးပေးချင်တာပေါ့ကွ၊ သို့သော် ဦးဇင်းက ရှိနေတော့ နွားရှေ့ထွန်းကျူသလို ဖြစ်နေမှာပေါ့ကွ" ထိုအချိန်မှာ တရားနာပရိသတ်သည် “ဘိုးတင်ညွန့်ကတော့ လုပ်ချလိုက်ပြန်ပြီ”၊ ဆိုပြီး ၀ိုင်း၇ယ်ကြသည်၊ နွားအဖြစ် အနှိုင်းခံလိုက်ရသော အကျွန်ုပ်သည် အဘယ်မှာလျှင် ရယ်နိုင်ပါ့မလဲ၊ ဒါနဲ့ မိမိလည်း အရှက်ပြေ
"ဘကြီးရေ ခင်ဗျား ပုံနှိုင်းကောင်းတာနဲ့ ကျုပ်နွားလုံးလုံးဖြစ်ရပြီ"ဟု အရှက်ပြေပြောပြီး
ခပ်သုတ်သုတ် ကျောင်းသို့ ပြန်ကြွခဲ့ရလေသည်၊ တွေ့မှ တွေ့ရ ကြုံမှ ကြုံရ မောင်ဇ၀နဘ၀ပါလားနော်ဟု ညည်းချင်းသာထုတ်မိပါတော့သည်၊
အကျွန်ုပ်မှာ ထိုဘကြီးနှင့် စပ်၍ ပြောစရာတွေရှိသေးသည်၊ တစ်နေ့သော ဥပုသ်နေ့တွင် အကျွန်ုပ်တရားဟောသည်၊ တရားဟောရာတွင် ၇န်သူမျိုးငါးပါးအကြောင်းပါနေသဖြင့် မိမိက
"ဒကာကြီး ဒကာမကြီးတို့ ၇န်သူမျိုးငါးပါးဆိုတာ ရေ, မီး, မင်း,"ဆိုပြီး သုံးပါးသာ ရေတွက်ရသေးသည်၊ ဘကြီးဖြစ်သူက
"မချစ်မနှစ်သက်သော သားဆိုး သမီးဆိုး, ခိုးသူ ဆိုပြီး မိမိရှေ့ကနေ ရေတွက်ပြနေတော့သည်၊ ဤတွင် ဦးသာကျော်ဆိုသော ဒကာကြီးက" ဦးတင်ညွန့် ခင်ဗျားက တရားဟောမှာလဲ၊ ဦးဇင်းကဟောမှာလား" ဆိုပြီး ထမေးလိုက်သည်၊ ထိုအခါ ဘကြီးဖြစ်သူက
"ငါ့ ဦးဇင်း မေ့နေမှာ စိုးလို့ စေတနာနဲ့ ရှေ့ကပြောပေးနေတာကွ" တဲ့ ဒါကြောင့်လဲ စကားပုံပေါ်လာတာဖြစ်လိမ့်မယ်၊ "ရွာနားကမြက် ရွာနွားမစား၊ ရွာဘုရား ရွာသားမကိုးကွယ်" တဲ့။
ထိုဘကြီးနှင့် စပ်၍ ပြောပြစရာတွေ၇ှိသေးသည်၊ ဆက်ရန်

Wednesday, August 26, 2009

"မိမိရွာမှ တိပိဋ္ဋကမရ ကျမ်းပြုအကျော် ဦးဇင်းကြီး"



မိမိတို့၏ သာသနတက္ကသိုလ်ကြီးသည် ခြောက်လတစ်ကြိမ် ကျောင်းပိတ်ပေးလေ့ရှိသည်၊ တက္ကသိုလ်ကြီးပိတ်လျှင် အကျွန်ုပ်သည် မိမိရပ်ရွာပြန်၍ ကိုရင် ကျောင်းသားများကို စာပြပေးလေ့ရှိသည်၊ အကျွန်ုပ်တို့ ကျောင်း၌ ကိုရင် ကျောင်းသားများအပြင် ဦးဇင်းကြီးတစ်ပါးနှင့် ဦးဇင်းငယ်တစ်ပါးရှိသည်၊ ဆရာတော်သည် ထိုနှစ်ပါးကို အသက်ကြီးမှ သာသနဘောင်အတွင်းဝင်ရောက်လာသည်ဖြစ်၍ စာသင်မပေးတော့ချေ၊ "ကိုယ်တော်တို့ ကိုယ်တိုင်သာ လေ့လာကြတော"့ ဟု မိန့်တော်မူပြီး စာအုပ်များထုတ်ပေးထားလေသည်၊ ထိုနှစ်ပါးတွင် ဦးဇင်းကြီးကတော့ စိတ်ပါဝင်စားစွာဖြင့် စာပေများကို လေ့လာနေသည်၊ သူသည် စာဖတ်သောအခါ အသံနေအသံထား တရားသံဖြင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဖတ်လေ့ရှိသည်၊ နိုင်ငံကျော် ဓမ္မကထိကများကို အားကျနေသည် ထင်ပါ၏၊ တစ်နေ့ မိမိ စာကြည့်နေစဉ် စာရွက်တစ်ရွက်ကို ကိုင်၍
"ဦးဇင်း ဒီစာလေး မှန် မမှန်စစ်ဆေးပေးပါအုံး"ဟု လာရောက် စစ်ဆေးခိုင်းသည်၊သူ၏ စာကတော့
"ယနေ့ ယခု လှူဒါန်းရသော ကောင်းမှုကြောင့် ဒကာ ဒကာမအပေါင်းတို့သည် ကာမ (၁၁) ဘုံသို့ ရောက်ကြလေ တော့သတည်း" တဲ့ မိမိသည် စာကို ဖတ်ပြီးသော အခါ
"ဦးဇင်းကြီး ဒီစာဘယ်က ရခဲ့သလဲ" ဟု မေးသောအခါ ဦဇင်းကြီးက
"တပည့်တော် ကိုယ်တိုင် ရေးထားတာ"တဲ့ ဒါနဲ့ မိမိက
"ဦးဇင်းကြီး ကာမ (၁၁)ဘုံဆိုတာ နတ်ပြည်ခြောက်ထပ်၊ လူ့ဘုံ၊ ပြီးတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် လို့ခေါ်တဲ့ အပါယ်လေးဘုံး တို့ကိုပြောတာ၊ ဦးဇင်းကြီးရဲ့ စာက ဒကာ ဒကာမတွေက လှူလဲ လှူရသေးတယ် ၊ ထို လှူတဲ့ တမ်းတဲ့ ဒကာ ဒကာမတွေကို ငရဲဘုံ တိရစ္ဆာန်ဘုံတွေကို ရောက်ပါစေလို့ဆုတောင်းပေးသလို ဖြစ်နေပြီ၊ " ဟု မိမိက ပြောလိုက်လေသည်၊ ဤတွင်မှ ဦးဇင်းကြီးက
"တင့်ပါ့ တင်ပါ့ "ဆိုပြီး သူ့စာရွက်သူ ယူ၍ ပြန်သွားလေတော့သည်၊
ထိုအကြောင်းနှင့် ပတ်သက်၍ မိမိသည် ဆရာတော်အား လျှောက်ထားမိသည်၊ ထိုအခါ ဆရာတော်က
" ဒီဦးဇင်းကြီး တယ်ခက်တာဘဲ၊ ဟိုတစ်နေ့ကလဲ အသံကျယ်ကြီးနဲ့ဘုရားဝတ်တက်နေတယ်၊ သူ့ ဘုရားဝတ်တက်မှာ ပါတဲ့စာက မဂ်လေးတန် ဖိုလ်လေးတန်တို့ရဲ့ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သို့ လျှင်မြန်စွာ ရောက်ရပါလို၏တဲ့ကွာ၊ ဒါနဲ့ ငါက ဦးဇင်းကြီး ဒီစာကို ဘယ်ကရသလဲလို့ မေးတဲ့ အခါ "တပည့်တော်ကိုယ်တိုင်ရေးထားတာ" တဲ့ ငါလဲ ဦးဇင်းကြီး နိဗ္ဗာန်ဆိုတာ မဂ်လေးတန် ဖိုလ်လေးတန် တို့ဖြင့် မျက်မှောက်ပြုအပ်တဲ့တရား၊ ဘုရားဟောတရားတွေလဲ ဦးဇင်းကြီးလုပ်မှ ပျက်ကုန်တော့မှာဘဲ၊ ပညာတတ်ဆရာ တော်တွေ ရေးထားတဲ့ စာတွေရှိတယ်၊ အဲဒီစာတွေကိုဘဲ ကုန်အောင်ဖတ်ပါအုံး၊ ဘာကြောင့် မတတ်ဘဲနဲ့ ကိုယ့်ဘာသာကို တီထွင်ပြီးရေးချင်ရတာလဲ။ "လို့ ဆုံးမထားသေးတယ်ကွ" ဟုဆရာတော်က မိမိအား ပြောကြားလေသည်၊
တစ်နေ့ ဆရာတော်နှင့် မိမိသည် ဆရာတော်၏ ဇာတိရွာသို့ ကထိန်ကိစ္စဖြင့် ကြွသွားကြသည်၊ ထိုဦးဇင်းကြီးသည် ကျောင်းတွင် ကျန်နေခဲ့သည်၊ ထိုနေ့ကား ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်သည်များက သူ့ကို သီလပေးခိုင်းလေသည်၊ ဥပုသ်သည်များ၏ ကန်တော့ကျိုးပြီးသွားသည်မှာ ဆယ်မိနစ်လောက်ရှိပြီ၊ ဦးဇင်းကြီး၏ ဆုပေးအသံက ထွက်မလာသေး၊ ဤတွင် မိမိ၏ ဘကြီးဖြစ်သူ ဘိုးတင်ညွန့်က
"ဦးဇင်းကြီး ဆုပေးတော့လေ ဘာလုပ်နေတာလဲ"လို့ လျှောက်ထားသောအခါ
'ဒကာကြီး ဦးဇင်း ဆုပေးမေ့သွားလို့ သွားကြည့်လိုက်ပါအုံးမယ်" ဆိုပြီး သိမ်တိုက်ထဲ ၀င်သွားတာ ပြန်ပေါ်မလာ တော့ချေ၊ ထိုအခါ ဦးအေးသောင်းကလိုက်ပြီး အကျိုးအကြောင်းမေးကြည့်သောအခါ
"အေးသောင်ရေ ဥပုသ်များကို ပြောလိုက်ပါ၊ ဦးဇင်း ငှက်ဖျားတက်နေလို့ သီလမပေးနိုင်တာကို ခွင့်လွှတ်ဘို့ ပြောပေးပါကွာ"တဲ့ ဦးအေးသောင် အပြောအရတော့ "ဦးဇင်းကြီးဟာ တကယ်ငှက်ဖျားတက် မတက်တော့ မသိဘူး တုန်နေတာတော့ သေချာဘဲ"တဲ့ ဒါနဲ့ဘဲ ထိုနေ့က ဥပုသ်သည်များ သီလမယူလိုက်ရတော့ပေ၊
မိမိကောက်ချက်ချလိုက်မိသည်ကတော့
' ဦးဇင်းကြီး ငှက်ဖျားကြောင့် တုန်တာတော့ မဖြစ်နိုင်ချေ၊ ဒီအတုန်သည်ကား ကြောက်ဒူးတုန်ခြင်းသာ ဖြစ်ချေမည်၊" "မယုံမရှိနဲ့ ငမှုံ ကိုယ်တွေ့"လို့သာ ပြောလိုက်ချင်ပါတော့သည်။
ဤတွင် အကျွန်ုပ်တို့ရွာမှ တိပိဋ္ဋကမရ ကျမ်းပြုအကျော် ဦးဇင်းကြီး ဦးအောင်သောင်း၏ အကြောင်းအတ္ထုပ္ပတ် နိဂုံး ကပတ်အဆုံးသတ်ပေတည်း။

Monday, August 24, 2009

"ကိုယ့်အထုပ် ကိုယ်ထမ်း"

တခါက ဆရာတော်တစ်ပါးသည် သူ့၏ ကပ္ပိယတစ်ယောက်နှင့်အတူ ခရီးထွက်လာခဲ့သည်၊ ကပ္ပိယကတော့ ထုံးစံအတိုင်း ဆရာတော်၏ ပစ္စည်းအထုပ်များထမ်း၇န်အတွက်လိုက်ပါလာခြင်းဖြစ်ပေသည်၊ ခရီးက တောလမ်း ခရီးဆိုတော့ သွားရသည်မှာတော်တော်လေးပင်ပန်းလှသည်၊ တတောဝင် တတောင်တက်ပေါ့၊ ဆရာတော်က ရှေ့ကကြွသည်၊ ကပ္ပိယက အထုပ်ထမ်းရင်း နောက်ကလိုက်သည်၊ ဒီလိုနှင့် ဆရာတပည့် ခရီးထွက်လာ ကြသည်၊ လိုရာခရီးက မရောက်နိုင်သေးပါ၊ နေဆွမ်းစားချိန်လဲ နီးပြီဖြစ်၍ ဆရာတော်နှင့် ကပ္ပိယတို့သည် အရိပ်ကောင်းသော သစ်ပင်တစ်အောက်၌ နားကြသည်၊ ထိုသစ်ပင်အောက်၌ဆရာတော်သည် နေဆွမ်းဘုဉ်း ပေးလေသည်၊ ကပ္ပိယကတော့ ဝေယျာဝစ္စပြုလို့ပေါ့၊ ဆရာတော်သည် ပါလာသည့် ဆွမ်းဂျိုင်းထဲမှ ဆွမ်းနှင့် ဆွမ်းဟင်းများကို အားပါးတရ ဘုဉ်းပေးနေလေသည်၊ ခရီးကလဲဝေး ခြေလျှင်ခရီးလဲ ဖြစ်ပြန်တော့ နံနက်ကစားထားတဲ့ အစားအစာတွေလဲ မရှိတော့ပြီထင်ပါရဲ့၊ ကပ္ပိယကလည်း ဘေးမှကြည့်ရင် ယပ်ခပ်ပေးနေလေသည်၊ ကြည်ညိုလို့လားတော့ မသိ၊ ဆရာတော်သည် အထူးအားဖြင့် ၀က်သားဟင်းကို ဘုဉ်းပေးနေသည်၊ ဘုဉ်းပေးကောင်းကောင်းနှင့် ဘုဉ်းပေးလာလိုက်တာ နောက်ဆုံး ၀က်သားက တစ်တုံး(တစ်ဖတ်သာ) သာကျန်တော့သည်၊ ကျန်နေသော ၀က်သားတုံးကို ခပ်မည်လို့ ဆရာတော်လက်ပြင်လိုက်စဉ် ကပ္ပိယပြောလိုက်သော စကားကြောင့် ဆရာတော်သည် လက်ကို နောက်ပြန် ဆုတ်လိုက် ရလေသည်၊ ကပ္ပိယပြောလိုက်သည်က
"အလိုက်သိရင်သိ မသိလို့ကတော့ အပြန်ခရီးတော့ ကိုယ့်အထုပ် ကိုယ်ထမ်းဘဲ" တဲ့ သံဃာတော်အရှင်မြတ်များ သတိထားဖွယ်ရာပေါ့ဘုရား။

"ဆောင်းတွင်းမှာ အင်္ကျ`ီ(အပေါ်အ၀တ်) မ၀တ်သူ"

အကျွန်ုပ်တို့၏ သာသနတက္ကသိုလ်ကြီးသည် လဆန်း(၈)၇က် လဆုပ်(၈)ရက်ဥပုသ်ရက်များတွင် ကျောင်းနှစ် ရက်ပိတ်ပေးလေ့ရှိသည်၊ ထိုနေ့များတွင် အကျွန်ုပ်သည် ရွာပြန်လည်ပတ်လေ့ရှိသည်၊ ပြာသိုလ်လဆန်း(၈) ရက် ဥပုသ်နေ့ဖြစ်သည်၊ အကျွန်ုသည် ထိုနေ့ နံနက်စောစော (ရ)နာရီလောက်တွင် နေပူဆာလှုံရင်း ဥပုသ်သည် ဒါယကာ ဒါယိကာမကြီးများနှင့် စကားပြောနေလေသည် ၊ ထိုစဉ် ရွာအတွင်းမှ အလွန်လျှင် အကြွားသန်လေ့ ရှိသော မောင်ညွန့်ဝင်း တစ်ယောက်စက်ဘီးအသစ်ကလေးစီးပြီး အပြင်ထွက်လိုက်၊ ရွာအတွင်း ၀င်သွားလိုက်နှင့် အလုပ်ရျှပ်နေလေသည်၊ အကျွန်ုပ်နှင့် ဥပုသ်သည်များသည် ထိုအခြင်းအရာကို မြင်နေကြရသည်၊ သူသည် အလွန်အင်မတန်မှ ချမ်းအေးလှသော ဆောင်းတွင်းမှာ အင်္ကျ`ီ(အပေါ်အ၀တ်)မ၀တ်ဘဲ လျှောက်သွားနေသည်က ပို၍ပင်ထူးဆန်းပေစွ၊ သို့ဖြစ်၍ အကျွန်ုပ်လည်း ဥပုသ်သည်များအား
"ဒကာကြီး ဒကာမကြီးတို့ ဟိုမှာ ညွန့်ဝင်းကြည့်ပါအုံး၊ ဒီလောက်အေးတဲ့ ဆောင်းတွင်းကြီးမှာ အင်္ကျ`ီ(အပေါ်အ၀တ်) မပါဘဲ လျှောက်သွားနေတာ ဒီကောင် ဘာဖြစ်နေတာလဲ" လို့ မိမိက မေးသောအခါ ဥပုသ်သည်များက
"ဦးဇင်းက ရွာမှာ အမြဲမရှိတော့ ဘယ်သိပါ့မလဲ၊ ဒီကောင် ဟိုတစ်ပတ်က ချဲထီငါးရာဖိုးပေါက်တယ်လေ၊ ချဲထီးပေါက်တော့ စက်ဘီးအသစ်တစ်စီးဝယ်တယ်၊ ပြီးတော့ ဆွဲကြိုးတစ်ကုံးဝယ်တယ်လေ၊ သူ့ဆွဲထားတဲ့ ဆွဲကြိုး လူမမြင်မှာ စိုးလို့ အင်္ကျ`ီ(အပေါ်အ၀တ်) မ၀တ်တာ၊ ကြွားချင်တာကိုး ဦးဇင်းရဲ့"တဲ့ ဥပုသ်သည်များပြောမှဘဲ ရှင်းသွားတော့သည်၊ အကျွန်ုတို့၏ ရွာမှ ရွာသားများသည်ကား ကြွားသည့်နေရာမှာတော့ ကမ္ဘာတွင် စံတင်လောက်ပါပေ၏၊ ဘာကြောင့်လဲ ဆိုတော့ မိမိကျန်းမာရေးနှင့် အသက်ကိုပင် ပဓာနမထားဘဲ ကြွားနေကြသည်၊ အလွန်ပင်ထူးဆန်းပေစွ၊ ဒါကြောင့်လဲ ကျောက်ပန်းတောင်းနယ်မှ မိမိရွာတွင် ကျောင်းထိုင်နေသော ဆရာသမားက
"မောင်ဇ၀နရေ မင်းရွာက ရွာသူရွာသားတွေကတော့ အ၀တ်အစားဝတ်တဲ့ နေရာမှာတော့ ရုပ်ရှင်မင်းသမီး မင်းသားက အရှုံးပေးရလိမ့်မယ်၊ ဒါပေမယ် အိမ်သွားကြည့် ညစာ စားစရာ ဆန်မရှိဘူး"တဲ့
"ဆရာတော်ပြောမယ်ဆိုလဲ ပြောပေရာ၏၊ မိမိရွာသူရွာသားတွေကလဲ မိမိရွာသူရွာသားတွေပဲကိုး၊သူတို့ကလဲ ကြွားတဲ့နေရာမှာ လွန်ကို လွန်ပါပေတယ်၊" ဟူ၍သာ မိမိငြီးတွားမိပါတော့သည်။

Sunday, August 23, 2009

"တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမယ်"

ရန်ကုန်မြို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ သီတင်းကျွတ်ပြီ ဆိုသည်နှင့် မြို့နယ်အသီးသီး ရပ်ကွက်အသီးသီး၌ မဟာဒုတ်စာရေးတန်မဲများဖေါက်၍ မဲကျသည့် ကျောင်းမှ သံဃာတော်များကို မိမိတို့ အိမ်အသီးသီးသို့ ပင့်၍ ဆွမ်းကပ်လေ့ရှိကြသည်၊ မရမ်းကုန်းမြို့နယ် တက္ကသိုလ်တစ်ခှုမှ သံဃာတော်များသည်လည်း မနက်ဖြန်ဆိုလျှင် အိမ်အသီးသီးသို့ ဆွမ်းစားကြွကြရတော့မည်၊ဆွမ်းဒါယကာ ဒါယိကာမများဝမ်းမြောက်မှုဖြစ်စေရန် ဒါနအနု မောဒနာကထာတရားများကိုလည်း ဟောကြားပေကြရမည်ဖြစ်သည်၊ သို့ဖြစ်၍ စာသင်သား သံဃာတော်များ ပြင်ဆင် နေကြလေသည်၊ ထိုအထဲတွင် သံဃာတော်လေးတစ်ပါးသည် တရားများကို အကြီးအကျယ်ကျက်မှတ် နေလေသည်၊ သူက သူ့၏ သူငယ်ချင်းများအားလည်း
"အရှင်ဘုရားတို့ တပည့်တော်ကတော့ မနက်ဖြန် တရားဟောရရင်တော့ တစ်ပွဲတည်းနဲ့ ပေါက်အောင် (နာမည်ကျော်)အောင် ဟောမှာ" တဲ့
"အေး မင်းပေါက်အောင်ဟောနိုင်ရင်တော့ ကောင်းတာပေါ့ကွာ" ဟု သူငယ်ချင်းများက အားပေးကြလေသည်။
နောက်နေ့ နံနက်မှာတော့ တက္ကသိုလ်မှ စာသင်သားသံဃာများသည် မိမိတို့ မဲကျရာ ရပ်ကွက်အသီးအသီးမှ အိမ်အသီးသီးသို့ ဆွမ်းစားကြွကြရလေသည်၊ တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမည်ဆိုသော ကိုယ်တော်လေးကတော့ အလွန်အင်မတန်မှ ဆင်းရဲသော မဟာဒုတ်အိမ်သို့ စာရေးတန်မဲကျလေသည်၊ ဘယ်လောက်တောင်ဆင်းရဲသလဲဆိုရင် အိမ်ပေါက်စလေး တစ်အိမ်လုံးကိုမျှ ၀ါးထရံဖြင့် မကာနိုင်သေးပါ၊၊ သို့ဖြစ်၍ အ၀တ်ဖြင့် အိမ်ကို ယာယီကာထားလေသည်၊ တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမည်ဆိုသော ကိုယ်တော်လေးသည် နောက်ပါသံဃာသုံးပါးဖြင့် ကြွလာလေသည်၊ တရားမဟောမီ ဒါယကာ ဒါယိကာမများနှင့် အလ္လာပသလ္လာပစကားပြောနေလေသည်၊ စကားပြောရင် ကိုယ်တော်လေးသည် နောက်၌ နံရံ ရှိသည်အထင်နှင့် ကျောမှီလိုက်လေသည်၊ အ၀တ်ကိုသာ နံရံအဖြစ် အသုံးပြုထားသော အိမ်ပေါ်၌ ထိုင်နေသော ကိုယ်တော်လေးသည် အောက်သို့ ကျွမ်းပြန်ကျသွားလေသည်၊ ထိုအခါ ကိုယ်တော်လေးသည် ရှက်လဲရှက် စိတ်လဲဆိုးတော့
"တော်ပြီဗျာ နံရံတောင် မကာနိုင်တဲ့ အိမ်မှာ ဆွမ်းလဲမစားတော့ဘူး၊ တရားလဲ မဟောတော့ဘူးဗျာ"ဆိုပြီး ပြန်ကြွဘို့ရန် သူ့ရဲ့ ဖိနပ်ကို ရှာနေလေတော့သည်၊ ကံဆိုးချင်တော့ အိမ်က ကလေးက ထိုကိုယ်တော်ဖိနပ်ကို စီးပြီး သံဃာတော်များကပ်ဘို့ရန် လဘက်ရည်သွားဝယ်နေလေသည်။ တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမည်ဆိုသော ကိုယ်တော်လေးသည် မိမိဖိနပ်ကိုတောင် မစီးတော့ဘဲ ရှက်လဲရှက် စိတ်လဲဆိုးစွာဖြင့် ပြန်ကြွသွားလေတော့သည်၊ ထိုကိုယ်တော်လေး၏ အဖြစ်သည်ကား သူရည်မှန်းထားသော တရားဟောခြင်းဖြင့် မပေါက်ဘဲ အိမ်ပေါ်က ဂျွမ်းပြန်ကျသွားခြင်းဖြင့် တက္ကသိုလ်ကြီးတစ်ခုလုံး၌ ဟိုလေးတကျော်ကျော်ပေါက်ကြားသွားလေတော့သတည်း။

Saturday, August 22, 2009

"သံလိုက်တောင်"

အကျွန်ုပ်တို့ရွာ၌ ဇော်လင်းအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်၊ သူသည် အကြာင်းအရာတစ်ရပ်ကို အတိအကျမသိဘဲ ရပ်းသမ်း ပြောတတ်သော အလေ့ရှိသည်၊ တစ်နေ့ ရွာအတွင်းစကားဝိုင်းတစ်ခုမှာ သူသည် သူငယ်ချင်းများအား ဂျပန်ပြည်မှ သံလိုက်တောင်အကြောင်းပြောကြားလေသည်၊ သူပြောသည်မှာ
"ဂျပန်ပြည်မှာ သံလိုက်တောင် တစ်တောင်ရှိတယ်၊ အဲဒီသံလိုက်တောင်ကြီးက သံဓာတ်ပါတဲ့ အရာဝတ္ထုမှန်သမျှကို ဆွဲယူပစ်တယ်၊ ကား ရထား မှန်သမျှ အဲဒီနားက ဖြတ်သွားလို့ မရဘူး၊ ဖြတ်သွားရင် အကုန်ဆွဲယူပစ်တာ"၊ဟု မောင်ဇော်လင်းသည် သူငယ်ချင်းများအား အာဘောင်အာရင်း သံသံနှင့် ပြောကြား လေသည်၊ နဂိုကထဲက ဇော်လင်းအကြောင်းသိနေကြသော သူငယ်ချင်းသည် သူပြောသည်ကို မယုံကြည်ကြပါ၊
"မဖြစ်နိုင်ပါဘူး ဇော်လင်းရာ၊ မင်းဒီအကြောင်းကို ဘယ်က ဘယ်လိုသိလဲ၊" စသည်ဖြင့် အမေးခံရသောအခါ ရမ်းသမ်းပြောတတ်သော မောင်ဇော်လင်းတစ်ယောက် ယုတ္တိရှိရှိ ဖြေဆိုဘို့ရန် အကြပ်ရိုက်နေလေတော့သည်၊ ဒီအခါ သူသည် သူ့၏ အရှက်ကို ကာကွယ်ရန် ရွာသူရွာသားများ၏ အထင်ကြီးလေစားမှုကို ခံနေရသော အကျွန်ုပ်ကို သူ့၏ သံလိုက်တောင် တော့ပစ်(topic) ထဲသို့ ဆွဲထည့်ပါတော့သည်၊
"မင်းတို့ မယုံရင် ဦးဇင်း ဇ၀နလာရင် မေးကြည့်၊"တဲ့ ဒီတော့ သူငယ်ချင်းတွေလဲ မောင်ဇော်လင်း ပြောသည့်စကားကို ယုံကြည်မှုမရှိကြပါ၊ သို့သော် အများ၏ အထင်ကြီးလေးစားမှုကို ခံနေရသော အကျွန်ုပ်အမည်ကို ဆွဲသုံးထားသောကြောင့် ဆက်မငြင်းဖြစ်ကြတော့ပါ၊ ဦးဇင်းလာမှဘဲ မေးတော့မည်ပေါ့၊ အဲဒီလို သူတို့ရဲ့ သံလိုက်တောင်ငြင်းခုန်ပွဲကြီးဖြစ်ပွားပြီးနောက် မကြာခင် အကျွန်ုပ်သည် ရှင်ပြုအလှူပွဲတစ်ခု ရှိသောကြောင့် ရွာရောက်သွားသည်၊ အလှူပွဲပြီးဆုံးသော နောက်နေ့တွင် ထိုသံလိုက်တောင် အကြောင်းပြန်စလာပြန်သည်၊ ဒီအခါတွင် ရွာသူရွာသားများက အကျွန်ုပ်အားမေးပါတော့သည်၊
"ဦးဇင်း ဇော်လင်းကပြောတယ် ဂျပန်ပြည်မှာ သံလိုက်တောင်ကြီးရှိတယ်၊ သံလိုက်ဓာတ်အားကြီးလွန်းလို့ ကား ရထားတွေတောင် အနားက ဖြတ်သွားလို့ မရဘူး၊ ဆွဲစုတ်ပစ်တယ်ဆိုတာ ဟုတ်ပါသလား" တဲ့ မိမိကလဲ မကြားဖူးတော့ "ငါတော့ မကြားမိပါဘူးကွာ" ဟုပြန်ပြောလိုက်လေသည်၊ ဤတွင် ရွာသူရွာသားများက
"ဇော်လင်းကပြောတော့ ဦးဇင်းကပြောတာ၊" တဲ့
"ဟာဗျာ ဦးးဇင်း သူ့ကို မပြောမိပါဘူး" ထိုအခါကျမှ ရွာသူရွာသားများလဲ ဇော်လင်း မသိဘဲ ရမ်းသမ်းပြောသည်ကို သိသွားကြလေသည်။ သည်နောက်မှာတော့ ဇော်လင်းနာမည်ပျောက်၍ "သံလိုက်တောင်"ဟု အမည်တွင်သွားလေတော့သည်၊ ရွာသားများက သူ့ကို သံလိုက်တောင်ဟု နောက်ပြောင်၍ ခေါ်ဆိုကြသည်၊ မခံနိုင်၍ ရန်ဖြစ်ကြရာ ထိပ်ပေါက်ခေါင်းကွဲများလဲ များစွာဖြစ်ကြလေသည်၊ မိမိကောက်ချက်ချလိုက်မိသည်က
"အော် ရက်စက်လိုက်တဲ့ သံလိုက်တောင်ကြီးရယ်၊" ဟူ၍ပင် ဖြစ်လေတော့သတည်း။
(`ဤစာမျက်နှာအဆုံး 0lder p0st နှိပ်လိုက်ပါ နောက်ထပ်ပုံပြင်များတွေ့ရပါလိမ်မည်)


Friday, August 21, 2009

"အဲဒီလိုတော့ မပြောပါနဲ့ ဆရာမ"

မိမိ၏ ရွာမှ ကျောင်းသားအတော်များများသည် ကူမဲ အထက်တန်းကျောင်းတွင်း ပညာသင်ကြားနေကြသည်၊ တစ်နေ့ ထိုကျောင်းသားတွေထဲက ပေါက်ပေါက်အမည်ရှိသော ကျောင်းသားကို ဆရာမက စာမေးရာ မဖြေဆိုနိုင်၍၊ ဆရာမက အောက်ပါအတိုင်း ပြောကြားလေသည်၊
"ပေါက်ပေါက် နင်တို့ ရွာသာသားတွေ တစ်ယောက်မှ အသုံးမကျဘူး"တဲ့
ထိုအခါ မောင်ကျောင်းသား ပေါက်ပေါက် ပြန်ပြောလိုက်သည်မှာ
"ဆရာမ အဲဒီလိုတော့ မပြောပါနဲ့၊ ကျွန်တော်တို့ ရွာက နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်မှာ M.Aတန်းတက်နေတဲ့ ဦးဇင်းရှိတယ်၊ ဦးဇင်းက မတရားတော်တာ၊ အင်္ဂလိပ်စကားလဲ ကောင်းကောင်းပြောနိုင်တယ်၊" တဲ့ ၊ထိုအခါ ဆရာမက
"အော် အဲဒီလို တော်တဲ့ ဦးဇင်းလဲ ရွာသာသားထဲက ရှိသေးသားဘဲ" ဟု ဆရာမသည် ခေါင်းတညိတ်ညိတ်နှင့် ချီးကျူးနေလေတော့သည် ၊ မောင်ကျောင်းသား ပေါက်ပေါက်က မိမိအား ထိုအကြောင်းကို ပြန်ပြောပြရာ မိမိက
"အော် ငါ့အတွက်ကြောင့် ငါ့ရွာရဲ့ဂုဏ်တက်သွားတာ ငါဝမ်းသာပါတယ်၊"ဟု ပြောလိုက်ပါသည်၊ သို့သော် မိမိသည် စိတ်အတွင်းမှ မောင်ပေါက်ပေါက်အား
"မောင်ပေါက်ပေါက်ရေ မင်းထင်သလောက်လဲ မဟုတ်ပါဘူးကွာ၊" ဟု ပြောလိုက်မိပါတော့သည်။

"ဒါဆို ရွာက ပညာတတ်နှစ်ယောက်ထွက်ပြီပေါ့ဘုရား"

အကျွန်ုပ် အိန္ဒိယမှာ ဒေါက်တာဘွဲ့ဆက်လက်ပြုလုပ်ရန်အတွက် ပြင်ဆင်နေစဉ် ရွာမှ ဒါယကာမကြီး ဒေါ်ခင်ကြည်က ဘုံဘေမှာ အမျိုးတွေရှိကြောင်း၊ ထိုအမျိုးများ၏ အကူအညီရရန် ရန်ကုန်မှ သူ့အကိုကြီးဆီကို ၀င်စေလိုကြောင်းတိုက်တွန်းလာသည်။ မိမိရဲ့ မယ်တော် ခမည်းတော် ဆရာသမားများကလဲ ထိုဒကာကြီးဟာ ရန်ကုန်မှာ ပညာတတ်ကြီးတစ်ယောက်ဖြစ်၍ ၀င်ရောက်တွေ့ဆုံရန်တိုက်တွန်းလာသည်၊ သို့ဖြစ်၍ မိမိကလဲ ၀င်လိုက်ပါမည်ဟု ၀န်ခံကတိပေးခဲ့ပါသည်၊ ထိုဒကာကြီးသည် မိမိ၏ ခမည်းတော် မယ်တော်များနှင့် ငယ်စဉ်က သူငယ်ချင်းများဖြစ်ကြသည်၊ ထိုဒကာကြီးက ကံကောင်းတော့ ရန်ကုန်မြို့မှာ ပညာတတ်ကြီးတစ်ယောက်ဖြစ်၍ နေသည်၊ မိမိ၏ မယ်တော် ခမည်းတော်များကတော့ ပုံမှန်အတိုင်း လယ်သမားများဘ၀က မလွတ် မြောက်ကြသေးပါ၊ ဒီလိုနှင့် အကျွန်ုပ်သည် ရန်ကုန်ရှိ ထိုဒကာကြီးအား သွားရောက်တွေ့ဆုံလေသည်၊ ထိုဒကာကြီးသည် အမှန်ပင် ပညာတတ်ကြီးပေတည်း၊ မဂ္ဂဇင်းများမှာ အင်္ဂလိပ်လိုဆောင်းပါးများရေးသည်၊ ဘုန်းကြီးကျောင်းတိုက်များသွား၍ အခမဲ့ အင်္ဂလိပ်စာ သင်တန်းများပို့ချပေးသည်၊တစ်အိမ်သားလုံး အင်္ဂလိပ်လို ပြောကြသည်၊ မိမိရောက်သွားသောအခါ တစ်အိမ်သားလုံး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါသည်၊ သူတို့လဲ ရွာမရောက်သည်မှာ ကြာပြီဖြစ်၍ ရွာ၏အကြောင်းများကို မေးကြမြန်းကြပေါ့၊ ထိုရွာအကြောင်းတွေ မေးပြီးနောက် ဒကာကြီးမေးလိုက်သည်က
"အရှင်ဘုရား ဓမ္မာစရိယဘွဲ့ ရပြီးပြီလား" တဲ့ မိမိကလဲ
"'ဒကာကြီး ဦးဇင်းက အစိုးရဓမ္မာစရိယဘွဲ့တော့ မရသေးပါ၊ သို့သော် ဦးဇင်း သာသနတက္ကသိုလ်က တက္ကသီလဓမ္မာစရိယ(B.A)ဘွဲ့နဲ့ သီရိလင်္ကာက M.A. ဘွဲ့တော့ ရပြီးပါပြီ" ဟု ဖြေကြားလိုက်ပါသည်။
ထိုအခါ ဒကာကြီးပြောလိုက်သော စကားက
"'ဒါဆိုရင် ရွာက အရှင်ဘုရားရယ် တပည့်တော်ရယ် ပညာတတ်နှစ်ယောက်ထွက်ပြီပေါ့ဘုရား "တဲ့ မိမိကို ပညာတတ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်သော ထိုဒကာကြီးအား စိတ်အတွင်းမှ ကြိတ်၍ ကျေးဇူးတင်နေမိတော့သည်။ သို့သော် မိမိ ကောက်ချက်ချလိုက်မိသည်က
"အော် ဒကာကြီးလဲ လိပ်မျိုးဘဲ၊ သူဘက်သူတော့ ရက်တတ်သားဘဲ" ဟူ၍ပင်ဖြစ်လေတော့သတည်း။




Thursday, August 20, 2009

"ရွှေအိုးလေး မစတော်မူပါ"

အကျွန်ုပ်၏ မယ်တော် ခမည်းတော်များ၏ ဇာတိဖြစ်သောမြစ်သားမြို့နယ် ရွှေမင်းဝန်ရွာမှ အဖြစ်အပျက်ကလေးတစ်ခုဖြစ်သည်၊ ထိုရွာ၌ နွားကျောင်းသားလေး မောင်ငမှုံသည် နှစ်ပေါင်းများစွာကြာ သူတပါးနွားများကို အငှားကျောင်းပေးနေရသည်၊ နွားကျောင်းလာရသည်မှာ ကြာပြီဖြစ်သော်လည်း မချမ်းသာခဲ့ပါ၊ ရွာအတွင်းမှာ သူ့နောက်မှ အလုပ်လုပ်ကိုင်ကြသော သူငယ်ချင်းတစ်ချို့ ကားတွေဝယ်ပြီး စီးနေကြသည်၊ သူလဲ သူငယ်ချင်းများကဲ့သို့ ချမ်းသာလိုသည်၊ သို့ဖြစ်၍ ကြံရာမရသည့်အဆုံး သူ၏ နွားကျောင်းစားကျက်ဖြစ်သော ရွှေမင်းဝန်တောင် နတ်မင်းကြီးထံ အပူကပ် ဆုတောင်းလေတော့သည်၊ သူ့၏ ဆုတောင်းက
"အို ဘုန်းတော်ကြီးတော်မူလှသော ရွှေမင်းဝန်တောင်ပိုင် နတ်မင်းကြီ! အကျွန်ုပ်မောင်ငမှုံသည် အလွန်အင်မတန်မှ ဆင်းရဲလှပါတယ်၊ သို့ဖြစ်တဲ့အတွက် အကျွန်ုပ်အား ရွှေအိုးလေး မစတော်မူပါဘုရား၊"တဲ့
သူလည်း ဆုတောင်းပြီ နွားများမောင်းနှင်လျှက် ရွာသို့ပြန်လာခဲ့လေသည်၊ ပီတိစိတ်များတဖွားဖွား မျှော်လင့်ချက်များဖြင့်ပေါ့၊ ညအခါ မောင်ငမှုံ အိပ်နေသောအခါ ရွှေမင်းဝန်တောင်ပိုင် နတ်မင်းကြီးက ရက်ရက် စက်စက် အိမ်မက်ပေးလိုက်သည်မှာ
"ငါက မင်းကို ရွှေအိုးပေးရအောင်(ရွှေအိုးမစရအောင် ) မင်းအမေလင်လက်ထက်က မြှတ်ထားလို့ ပေးရမှာလား" တဲ့ ထိုသို့ အိမ်မက်ရသည့်နေ့မှစ၍ မောင်ငမှုံတစ်ယောက်လဲ ရွှေမင်းဝန်တောင်သို့ နွားကျောင်းတောင် မသွားရဲတော့ပေ၊
"အော် မောင်ငမှုံ အဖြစ်က ဖွတ်မရ ဓားမအဆုံးပါလားနော်" ဟူ၍ မိမိ ကောက်ချက်ချလိုက်မိသည်။
(ဤစာမျက်နှာ၏ အဆုံးတွင် 0lder post နှိပ်လိုက်ပါ၊ နောက်ထပ် ပုံပြင်များ တွေ့ရပါလိမ့်မည်)

Wednesday, August 19, 2009

"အရှင်ဘုရားနဲ့ တပည့်တော်တို့က ရုပ်ဆိုးတော့ ကြိုးစားရမယ်"

ဒီအဖြစ်အပျက်ကလေးကတော့ မိမိသာသနတက္ကသိုလ်မှာ နေစဉ်က အဖြစ်အပျက်ကလေးပါဘဲ၊ မိမိတို့သည် နောက်ဆုံး စတုတ္ထနှစ် ဖိုင်နယ်စာမေးပွဲကြီး ဖြေပြီးသည်ဖြစ်၍ မိမိတို့၏ ဇာတိရပ်ရွာသို့ ပြန်ကြရတော့မည်။ မပြန်ခင် ပါမောက္ခချုပ်ဆရာတော်ကိုလည်း ဦးတိုက်သွားချင်သေးသည်။ သို့ဖြစ်၍ မိမိနှင့် ဘွဲ့တူ ဇာတိတူ သူငယ်ချင်းဦးဇင်းတစ်ပါးနှင့် အတူ ဆရာတော်ကို ဦးတိုက်ရန်သွားခဲ့ကြပေသည်။ မိမိတို့သည် ဆရာတော်အား ဦးတိုက်ကြလေသည်၊ ဦးတိုက်ပြီးသောအခါ ဆရာတော်က မိမိတို့အား မေးလေသည်။
"ဦးဇင်းလေးတို့က ဘယ်ဇာတိကလဲတဲ့" 'ဒါနဲ့ မိမိတို့က
တပည့်တော်တို့က ဖြစ်သားမြို့နယ်ထဲကပါဘုရား" လို့ လျှောက်ထားကြလေသည်။ ထိုအခါ ဆရာတော်က အောက်ပါအတိုင်းပြောကြားလေသည်။
"လယ်တွင်းသားတွေဘဲ လယ်တွင်းသားတွေက အရာအရာအဆင်ပြေတော့ ပျင်းတယ်၊၊ မြေကလဲစိုးတာကိုး၊ စိုက်ရာရတယ်လေ၊ အေး ဦးဇင်းလေးတို့ မပျင်းကြနဲ့၊ ကြိုးစားကြ၊" တဲ့ မိမိတို့လည်း ဆရာတော်ကိုယ်တိုင်က မိမိတို့ အရပ်အား အမွှန်းတင်နေလေတော့ မိမိအရပ်အတွက် ဂုဏ်ပင်ယူနေမိတော့သည်။ သို့သော်ဆရာတော်ဆက်ပြောလိုက်သော စကားက မိမိရဲ့နံဘေးကို ဆောင့်ကန်လိုက်သလို ခံစားလိုက်ရလေသည်။ ဆရာတော်က မိမိသူငယ်ချင်းဘက်လှည့်ပြီး
အောက်ပါတိုင်း မိန့်ကြားလေသည်။
"အရှင်ဘုရားက ရုပ်ချောတော့ ဒကာ ဒကာမတွေကို ရုပ်နဲ့ ညာစားလို့ရတယ်"၊ နောက်မိမိဘက်လှည့်၍ မိန့်ကြားလိုက်တာက
"အရှင်ဘုရားနှင့် တပည့်တော်တို့က ဥပဓိရုပ်ဆိုးတော့ ဥပဓိရုပ်နဲ့ လုပ်စားလို့မရဘူး၊ ကြိုးစားရမယ် ဦးပဇင်းလေးတဲ့။" မိမိကောက်ချက်ချလိုက်တာက
"ဆရာတော်နှယ် သူရုပ်ဆိုးတာနဲ့ ငါကိုပါဆွဲထည့်တယ်"၊ ဟူ၍ပင်ဖြစ်လေတော့သည်။
တစ်နေ့ ထန်းတပင်မြို့နယ်ထဲက ရွာတစ်ရွာမှာ တရားဟောရင်း ဒီအကြောင်း စပ်မိလို့ တရားထဲမှာ ထည့်ဟောတယ်၊ ဒီအခါ ဒကာမကြီးတစ်ယောက်က မိမိအား ကောက်ချက်ချသွားလေသည်၊
"ဦးဇင်းလေးက လူသာသေးနေတာ၊ သူ့ဆရာတော်ပြောသလို ရုပ်ကတော့ မဆိုးပါဘူး၊" တ.ဲ "ဤကဲ့သို့ အမှန်ကို မြင်တတ်သော ဒကာမကြီးတွေလဲ ရှိသေးသားဘဲ" ဟု တွေးရင်း မိမိကိုယ်ကို ဂုဏ်ယူမိနေတော့သည်။
(ဤစာမျက်နှာရဲ့ နောက်ဆုံးမှာ older post ကို နှိပ်ပါ ဟာသပုံပြင်များဆက်တွေ့ပါလိမ်မယ်)

Tuesday, August 18, 2009

"ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောတတ်တာကိုက မဆိုးပါဘူး"

ိအကျွန်ုပ်ရန်ကုန်မှာနေစဉ်က အဖြစ်အပျက်ကလေးတစ်ခုပါဘဲ။ အကျွန်ုပ်တို့ သူငယ်ချင်းတစ်စုသည် နံနက်စောစော ဒကာတစ်ယောက်အိမ်သို့ ဆွမ်းစားကြွကြလေသည်။ မိမိက တရားအနည်းဟောပြီးနောက် ဆွမ်းစားရင်း ဒကာ ဒကာမများနှင့် စကားပြောကြလေသည်။ မျက်နှာကြီး ဆွမ်းဒကာဆိုတော့ လာရောက်ကြတဲ့ ပရိသတ်ကလဲ အလွန်ဘဲများလှချေ၏။ ထိုတွင် သူငယ်ချင်းဖြစ်သူက မိမိအား ဂုဏ်တက်စေလိုသည့်အတွက် ဒကာများကို မိတ်ဆက်ပေး၇င်း ကြွားပြလေ၏။
"ဒကာကြီး ဒကာမကြီးတို့ ခုတရားဟောသွားတဲ့ ဦးဇင်းလေးက လူသေးတယ်ဆိုပြီး အထင်မသေးလိုက်နဲ့ ၊ သူက အိန္ဒိယမှာ ဒေါက်တာလုပ်နေတာ၊ အင်္ဂလိပ်စကားလဲကောင်းကောင်းပြောနိုင်တယ်၊ ပြီးတော့ ဖြတ်ထိုးဥာဏ်လဲကောင်းတယ်၊ တစ်နေ့က ဦးဇင်းတို့ကျောင်းကို စပိန်နိုင်ငံက ဇနီးမောင်နှံနှစ်ယောက်လာတယ်၊ သူတို့က မေးတယ်၊
ဒီကျောင်းဝိုင်းအတွင်းမှာ တပည့်တော်တို့ကြတော့ ဖိနပ်မစီးရဘူး အရှင်ဘုရားတို့ကြတော့ ဖိနပ်စီးတယ်၊ ဘာကြောင့်လဲတဲ့ အဲဒီအချိန်မှာ ဒီဦးဇင်းလေက ဖြတ်ထိုးဥာဏ် ကောင်းကောင်းနဲ့ဖြေလိုက်တယ်လေ၊ ဒို့က မင်းတို့လို အိမ်ထောင်မပြုဘူး၊ ပြီးတော့ ညစာလဲမစားဘူး၊ ဒါကြောင့် ဒီကျောင်းဝိုင်းအတွင်းမှာ ငါတို့က ဖိနပ်စီးခွင့်ရတယ်၊ အဲဒီလိုရှင်းပြလိုက်တယ် ဒကာကြီးတို့ရေ" တဲ့ မိမိအကြောင်း အာဘောင်အာရင်းသံသံနှင့် ဂုဏ်တင်ပြောကြားနေသော သူငယ်ချင်းအား စိတ်ထဲမှ ကျေးဇူးပင် တင်မိနေတော့သည်။ မိမိရင်တွင်း၌လည်း ပီတိစိတ်များ တဖွားဖွားပင်ဖြစ်၍ နေလေတော့သည်။ သို့သော် ပရိသတ်အတွင်းမှ ဒကာကြီးတစ်ယောက်ပြောလိုက်သောစကားကြောင့် ဖြစ်လက်စပီတိစိတ်များပင် လွင့်ပျောက်သွား ရလေတော့ သည်။ ဒကာကြီးပြောလိုက်သော စကားသည်ကား
"ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောတတ်တာကိုက မဆိုးပါဘူး" တဲ့ ဒကာကြီးပြောလိုက်သော စကားက မိမိရဲ့ သီလကိုပင် ယုံကြည်ဟန်မရှိပေ။ အော် ဒါမျိုးလဲ ကြုံဦးမှပေါ့ မောင်ဇ၀နရေ လို့ပင် ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရပေတော့သတည်း။

Sunday, August 16, 2009

ဦးဇင်းသာရွာမှာ ရှိရင် ပွဲပြတ်တာပေါ့

အကျွန်ုပ်သည် သာသနတက္ကသိုလ်၌ ပညာသင်ကြားနေစဉ်က အဖြစ်အပျက်ကလေးတစ်ခုပါ အကျွန်ုပ်တို့၏ ဇာတိရွာကလေးသည် ရန်ကုန် မန္တလေး ကားလမ်းမကြီးဘေးမှာ တည်ရှိပါသည်တစ်နေ့ နိုင်ငံခြားသားများ တင်ဆောင်လာသော ကားတစ်စီးသည် အကျွန်ုပ်တို့၏ ရွာအနီး၌ ပျက်သွားလေသည်ထိုစဉ် နိုင်ငံခြားသားများ သည် အကျွန်ုပ်တို့၏ ရွာဦးကျောင်းသို့ ၀င်လာကြလေသည်ရွာမှာ အင်္ဂလိပ်စကားပြောတတ်သော ပုဂ္ဂိုလ် တစ်ယောက်မှ မရှိလေတော့ တော်တော်လေး အခက်တွေ့နေကြလေသည်မိမိကိုပင်တမ်းတနေကြလေသည်။ သို့သော်လည်း ချက်ချက်ချာချာ သွက်သွက်လက်လက်ရှိသော မိမိရဲ့ အမဖြစ်သူကပင် (ဟန်ပန်အမူအရာ) ဖြင့် ဦးဆောင်သွားလေသည်အင်္ဂလိပ်စကားတော့ မပြောတတ်ပါ၊ တစ်နေ့ မိမိသည် ကိစ္စတစ်ခုဖြင့် ရွာပြန်လာရာ ရွာရောက်လျှင်ရောက်ချင်းဘဲ ရွာသားများကတော့ အကျွန်ုပ်အား

"ဦးဇင်းရာ ဟိုတစ်ပတ်က နိုင်ငံခြားသားတွေ ရွာရောက်လာတာ အင်္ဂလိပ်လို ပြောတတ်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ ဦးဇင်းကို မျှော်နေကြတာ ဦးဇင်းသာရှိရင် ပွဲပြတ်တာပေါ့" တဲ့ အားရပါးရ မိမိအား အထင်ကြီးစွာဖြင့် ပြောနေကြသည်။ မိမိသည်လည်း သူတို့၏ မိမိအပေါ် အထင်ကြီး အားကိုးမှုများကို အမှန်တကယ် ၀န်ခံရလေသော် သဘောကျနေမိပါတော့သည်။

မိမိကတော့ စိတ်ထဲမှာ

"အော် ငါရွာမှာ မရှိလိုက်တာ ကံကောင်းတာဘဲ၊ ရှိလို့ကတော့ ပွဲမပြတ်ဘဲ ပွဲပျက်တော့မှာ၊ အဘယ်ကြောင့် ဆိုသော် မိမိသည်ကား သူတို့ အထင်ကြီးသလို အင်္ဂလိပ်စကားကို ကောင်းကောင်းမှ မပြောတတ်ဘဲကိုး အော်သူတို့ကလဲ မိမိနိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး)မှာ နေတာဆိုတော့ အထင်ကြီးမယ်ဆိုလဲ ကြီးပေရာ၏။

ဒီတခါတော့ အကျွန်ုပ်ကံကောင်းသွားပြီ။

Friday, August 14, 2009

ဒါဆိုရင် အရှင်ဘုရားက ဘဒ္ဒန္တဘွဲ့ ရတော့မှာပေါ့ဘုရား

အကျွန်ုပ်သည် သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့ရလာပြီးနောက် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့ပေသည်။ မိမိရဲ့ရည်မှန်း ချက် အောင်မြင်လာသည့်အတွက် လူငယ်ပီပီ ကြွားချင်စိတ်ကလဲ အပြည့်ပါဘဲ။ ရန်ကုန်ရောက်တယ်ဆိုရင်ဘဲ ကြာကြာ မနေချင်တော့၊ ရဟန်းဒါယကာ ရဟန်းဒါယိကာမများရှိရာ သထုံသို့ သွားချင်စိတ်ကပြင်းထန်နေသည်။ ဘွဲ့လေးရလာတော့ ကြွားချင်တာကိုး၊ ဒါနဲ့ မြန်နိုင်သမျှ မြန်မြန်လက်မှတ်ယူပြီး ၀င်းကားနှင့် သထုံသို့ ချီတက် ခဲ့လေသည်။ ကားပေါ်မှာတော့ မိမိဘေးက အတူအတူစီးလာသော ပုဂ္ဂိုလ်က ၀တ်ကောင်းစာလှနဲ့ဆိုတော့ လူကြီးလူကောင်းတစ်ယောက်လို့ဘဲ မိမိက ကောက်ချက်ချလိုက်မိတယ်။ လမ်းတွင် သူလဲ သူ့အတွေူနဲ့သူ မိမိအား စကားတစ်လုံးတစ်ပါဒမျှ မပြောပါ၊ မိမိကလဲ မိမိအတွေးနဲ့ မိမိဆိုတော့ တစ်ယောက်တစ်ယောက် စကားမပြောဖြစ်ခဲ့ပါ၊ သထုံရောက်ခါ နီ်းမှ သူက စပြီးလာမေးသည်
"အရှင်ဘုရားက ဘယ်ကြွမှာလဲ"တဲ့
ဒါနဲ့ ဦးဇင်းလဲ ပြန်ဖြေလိုက်ပါတယ်
"သထုံကို ကြွမလို့ပါ"
"ဒါနဲ့ ဒကာတော်ကကော ဘယ်သွားမှာလဲ "လို့ မေးလိုက်လေသည်
"တပည့်တော်လဲ သထုံပါဘဲ" လို့ သူကဖြေပါတယ်။
ဒါနဲ့ သူက ထပ်မေးပြန်တယ်
"ဘာကိစ္စနဲ့ သထုံကို ကြွမှာလဲ"တဲ့
နဂိုက မိမိ သီရိလင်္ကာမှ M.A ဘွဲ့ရရှိကြောင်းကို ကြွားဘို့ ၇န် ဆန္ဒပြင်းပြနေသော အကျွန်ုပ်သည် ကြွားဘို့၇န် မိမိဂွင်သို့ ၀င်ရောက်လာချေပြီ၊ သို့ဖြစ်သည့်အတွက် အကျွန်ုပ် အောက်ပါအတိုင်း စတင်ကြွားပါလေတော့သည်
"ဦးဇင်းက ယခု သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့ရရှိတယ် အိန္ဒိယနိုင်ငံမှာ ဒေါက်တာဘွဲ့ ဆက်လက်ယူနိုင်ရန်အတွက် သထုံက ရဟန်းဒါယကာ ရဟန်းဒါယိကာမများကို အသိပေးတိုင်ပင်ဘို့ လာခဲ့တာပါ ဒကာတော် ဟု ဖြေကြား လိုက်လေသည်။ မိမိလဲ ထို့သို့ဖြေကြားလိုက်ရသည့်အတွက် အလွန်ပင် ပီတိဖြစ်နေလေတော့သည် သို့သော် ဒကာတော် မေးလိုက်သော မေးခွန်းကြောင့် မိမိစကားတောင်မပြောနိုင်တော့ဘဲ စိတ်ဓာတ်အကျကြီး ကျသွားရလေတော့သည် ဒကာကမိမိအား အောက်ပါအတိုင်းမေးလိုက်လေသည်
"အရှင်ဘုရား အဲဒီ M.A ဘွဲ့တို့ ဒေါက်တာဘွဲ့တို့ ရပြီးရင် အရှင်ဘုရားက ဘဒ္ဒန္တဘွဲ့ ရတော့မှာပေါ့ဘုရား" တဲ့
ခဲလေသမျှ သဲရေကျ မိမိကြွားခဲ့သမျှလဲ အလကားဖြစ်ချေပြီ။ ဒါနဲ့ပဲ ပြီးသွားအေးတာဘဲဆိုပြီ
"ဟုတ်တယ် ဒကာတော်ရေ" လို့ဘဲ စိတ်အပျက်ကြီးပျက်ခါ ဖြေကြားလိုက်လေတော့သတည်း။
လမ်းမှာတော့ အကျွန်ုပ်တွေးလျှက်သာကျန်နေခဲ့တော့သည်။ ဒီဒကာက မသိလို့လား သိလျှက်သားနဲ့ ဒေါက်ဖြုတ်လိုက်တာလား စသည်ဖြင့်ပေါလေ၊
အမှန်တော့ ဘဒ္ဒန္တဆိုတာ ဘွဲ့မဟုတ်ပါ၊ ပါဠိစကားပါဘဲ မြန်မာလိုကတော့ အရှင် သို့မဟုတ် ဦး သို့မဟုတ် ဆရာတော်လို့ ဘာသာပြန်လို့ရပါတယ်။
အကျွန်ုပ်မှားပါပြီ တစ်ခါ

Wednesday, August 12, 2009

ငါအော်ပရေးရှင်း(operation)သွားမလို့

Inside International Center, University of Pune, Pune, India

ဒီအဖြစ်အပျက်ကလေးဟာ ရွာတစ်ရွာမှ တကယ့်အဖြစ်အပျက်ကလေး ပါ၊ သူကြီးသားတစ်ယောက်ဟာ မြို့မှ ပညာသင်ပြီး ရွာသို့ပြန်ရောက် လာလေသည်၊ သူကြီးသားသည် စကားပြောသောအခါ အင်္ဂလိပ်စကား လုံးများကို ကြားညှပ်သုံးလေ့ရှိသည်။ ထိုရွာတွင် သူကြီးသားကို အားကျနေသော နွားကျောင်းသား ဖိုးသံချောင်း တစ်ယောက်ရှိ လေသည်။ တစ်နေ့ဖိုးသံချောင်းတစ်ယောက် နွားများမောင်းပြီး တောသို့ထွက် လာခဲ့လေသည်။ လမ်းတွင်သူ့ရဲ့သူငယ်ချင်း များနှင့် တွေ့ဆုံလေရာ သူငယ်ချင်းများက
"ဟ ဖိုးသံချောင်းကြီး ဘယ်သွားမလို့"လဲ လို့ မေးကြလေသည်။
ထိုအခါ သူကြီးသား အားကျနေသော ဖိုးသံချောင်းက ခပ်တည်တည် နှင့် ပြောလိုက်လေသည်။
"အေး ငါ အော်ပရေးရှင်း (operation)သွားမလို့ "တဲ့

အဆင့်မြင့်မြင့်သုံးချလိုက်သော ဖိုးသံချောင်းစကားလုံးကြောင့် သူငယ်ချင်းတစ်သိုက်နားမလည် ဖြစ်သွား ကြသည်။ ထို့ကြောင့် သူငယ်ချင်းများက ပြန်မေးရလေသည်။
"ဟ ဖိုးသံချောင်းရ အော်ပေ၇းရှင်း(operation) ဆိုတာ ဘာလဲကွ ဒို့က မင်းရဲ့ မော်ဒန်စကားလုံးကို နားမလည်ဘူးကွ"တဲ့
ထိုအခါ ဖိုးသံချောင်းက
အေး အော်ပေ၇းရှင်း(operation)ရဲ့ မြန်မာလိုဘာဆိုလိုတယ်ဆိုတာ ငါလဲမသိဘူးကွ၊ ရွာထဲက သူကြီးသားပြော လို့သာ ငါပြောလိုက်တာ ငါသွားမှာကတော့ နွားကျောင်းဘဲ"တဲ့
ဖိုးသံချောင်းရဲ့ ပြောစကားကြောင့် သူငယ်ချင်းတစ်သိုက်လဲ အူလှိုက်သဲလှိုက်ရယ်ကြရလေတော့သတည်း

Tuesday, August 11, 2009

အရှင်ဘုရားကံကောင်းတယ်

(အိန္ဒိယနိုင်ငံ ပုနေမြို့ ပုနေတက္ကသိုလ် မိန်းအဆောက်အဦးရှေ့ အစိုးရလွှတ် ကွန်ပြူတာကျောင်းသား ကျောင်းသူတစ်စုနှင့် အမှတ်တရ)
သူငယ်ချင်းတစ်ပါးသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှ သီရိလင်္ကာနိုင်ငံသို့ကြွလိုသည့်အတွက်ကြောင့် လေယာဉ် လက်မှတ်ရုံသို့ လက်မှတ်သွားဝယ်ခဲ့လေသည်။
လက်မှတ်ရုံသို့ ရောက်သောအခါ အရောင်းစာရေးအား
အကျွန်ုပ်၏ သူငယ်ချင်းက
"အိုသူငယ်ချင်း ဦးဇင်း သီရိလင်္ကာကို ကြွမှာဖြစ်တဲ့ အတွက် လက်မှတ်တစ်ဆောင်လောက် ရောင်းချပေးပါ" လို့ပြောကြားခဲ့လေသည်။
ထိုအခါ ကုလားအရောင်းစာရေးလေးက "အရှင်ဘုရား လက်မှတ်ကုန်သွားပြီးဘုရား" ဟုလျှောက်ထားလေသည်
ထိုအခါ သူငယ်ချင်းရဟန်းက
"ဦးဇင်းအရေးတကြီး သွားစရာကိစ္စရှိတဲ့အတွက်ကြောင့် လက်မှတ်တစ်ဆောင်လောက် ကျေးဇူးပြုပြီး ရောင်းပေးပါ သူငယ်ချင်း" ဟုအကြိမ်အကြိမ်ပြောသော်လည်း မရှိတော့ကြောင်း အကြိမ်အကြိမ်ငြင်း ဆိုနေသည့်အတွက်ကြောင့် သူငယ်ချင်းလဲ ခရီးစဉ်တောင်ဖြတ်ရတော့မညိ့အခြေအနေသို့ ရောက်ရှိနေတော့သည်။ သူဟာ စိတ်ပျက်လက်ပျက်ပင်ဖြစ်လာတော့သည်၊ နောက်ဆုံး အကြံတစ်ခုခေါင်းထဲသို့ ၀င်လာလေသည်။
ထိုအကြံအတိုင်း သူငယ်ချင်းဖြစ်သူက အရောင်းစာရေးအား ကပ်ပြီး တိုးတိုးလေးပြောလိုက်လေသည်။
"သူငယ်ချင်း ငါလဘက်ရည်ဘိုးပေးပါ့မယ်" ဆိုပြီး ရူပီး ၃၀ ကို ကပ်ပေးလိုက်လေသည်။
ထိုအခါ ကုလားအရောင်းစာရေးက
"ဟုတ်ပြီ ဒါဆိုရင် တပည့်တော် ကျန် မကျန်ကြည့်လိုက်အုံးမယ်" ဟုပြောလိုက်လေသည်။ ငါးမိနစ်လောက် ကွန်ပြူတာကို တဒေါက်ဒေါက် ရိုက် စစ်ဆေးပြီး အာဘောင်အာ၇င်သံသံနှင့် ပြောကြားလိုက်လေသည်။
"အို အ၇ှင်ဘုရား! အ၇ှင်ဘုရား တော်တော်ကံကောင်းတာပဲ၊ လက်မှတ်က တစ်ဆောင်ပဲ ကျန်တော့တယ်" ဟု ကုလားအရောင်းစာရေးက ပြောကြားလိုက်လေသည်။
သူငယ်ချင်းဖြစ်သူလဲ ကုလားအား ငွေပေးချေ၊ လက်မှတ်ယူပြီး ထွက်လာခဲ့လေသည်၊ လမ်းတွင် မိမိဘာသာပြုံးပြီး ကောက်ချက်ချလိုက်လေသည၊် "အမောင်ကုလားရေ ငါကံကောင်းတာတော့ မဖြစ်နိုင်ဘူး ၊ရူပီး ၃၀ ရဲ့ တန်ခိုးကြောင့်သာ ငါလက်မှတ်ရခဲ့တာပါကွာ" ဟူ၏်။





Monday, August 10, 2009

"ဦးဇင်း ဒီနေ့ ဟင်းခွက်တွေကတော့ ပောာလီဒေး(Holiday) ဘဲတဲ့"


Remembrance at my friend, Thailand monk's viva day, University of Pune, India

အကျွန်ုပ် သာသနတက္ကသိုလ်တက်နေစဉ်က အဖြစ် အပျက် ကလေးတစ်ခုပါဘဲ၊ အကျွန်ုပ်တို့၏ သာသန တက္ကသိုလ်(မန္တလေး)သည် ခြောက်လတစ်ကြိမ်ပိတ်ပေးလေ့ရှိသည်၊ ကျောင်းပိတ်သောအခါ မိမိရဲ့ ဇာတိရပ်ရွာသို့ ပြန်ကြရလေသည်။ အကျွန်ုပ်သည်လည်း ကျောင်းပိတ်သော အခါ မိမိရွာသို့ ပြန်၍ ကျောင်းမှ ကိုရင် ကျောင်းသားများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာ စာပေများနှင့် အင်္ဂလိပ်စာပေများကို သင်ကြားပေးခဲ့ပေသည်၊ အကျွန်ုပ်သည် စကားပြောသောအခါ အင်္ဂလိပ်စကားလုံးများကို ထည့်ထည့်သုံးလေ့ရှိသည်၊ တပည့်ကျော်များထဲမှ အကျွန်ုပ်စကားပြောသည်ကို အားကျနေသော ကိုရင်တစ်ပါးရှိလေသည်။ သူသည် မိမိပြောသော အင်္ဂလိပ်စကားလုံးများကို မှတ်ထား၍ အခွင့်ကြုံရင်တော့ ဦးဇင်းကို ပြောလိုက်မယ်လို့ ကြိုက်ကြံနေဟန်ရှိသည်။ တစ်နေ့ ရွာအတွင်းမှ ဆွမ်းခံပြန်လာစဉ် မိမိနှင့် ကျောင်းမှာ ပက်ပင်းတိုလေသည်၊အမောင်ကိုရင်က အားရ၀မ်းသာ မိမိအားပြောချလိုက်လေသည်။
"ဦးဇင်း ဒီနေ့ ဟင်းခွက်တွေကတော့ ဟောလီဒေး(Holiday)ဘဲ"တဲ့ ဒါနဲ့ဘဲ မိမိက ပြန်မေးရလေသည်။
ဟ မောင်ကိုရင်ရ ဟောလီဒေး(Holiday) ဆိုတာဘာ အဓိပ္ပယ်နဲ့ပြောတာလဲဟ" ဟုမိမိက မေးသောအခါ ကိုရင်ပြောချလိုက်တာက
"ဦးဇင်း ဟောလီဒေးဆိုတာ ဟင်းခွက်တွေ အများကြီးရတာကို ဆိုလိုတာ မဟုတ်ဘူးလားဘုရား"တဲ့ ဒါနဲ့ မိမိက ပြန်၍ သြ၀ါဒပေးရချေ၏။
"မောင်ကိုရင် မသိရင်လဲ မသုံးပါနဲ့ကွာ၊ ငါ့နဂိုက မရှိမဲ့ ၇ှိမဲ့ သိက္ခာလေးတွေ ကျကုန်ပါအုံးမယ်ကွာ" ဟုပြောထားရလေ၏။
ဆရာကောင်းတပည့် ပန်းကောင်းပန်တဲ့ သဘောမျိုးလားတော့မသိပေ။
 

Go Up အပေါ်သို့