Pages

Saturday, March 27, 2010

“နတ်တိအွန်နယ်ဆရာတော်”

မင်းကွန်းဆရာတော်ဘုရားကြီးဦးဝိစိတ္တသည် ပြည်တွင်းပြည်ပတွင် သာသနာပြုရဟန်းတော်များ ပေါ်ထွန်းရန် ဟူသော ရည်ရွယ်ချက်ဖြင့် သာသနတက္ကသိုလ်ကြီးနှစ်ခုကို တည်ထောင်တော်မူခဲ့ပါသည်။ ရန်ကုန်မြို့တွင် သာသ န တက္ကသိုလ်တစ်ခုတည်ထောင်တော်မူ၍ မန္တလေးမြို့တွင် သာသနတက္ကသိုလ်တစ်ခုကို တည်ထောင် တော်မူခဲ့ပါသည်။ ထိုတက္ကသိုလ်ကြီးများတွင် ပါဠိဘာသာအပြင် တခြားအင်္ဂလိပ်ဘာသာ သက္ကတဘာသာ စသည် တို့ကို လည်း သင်ကြရလေသည်။ အထူးအားဖြင့် တက္ကသိုလ်ရောက်မှ အင်္ဂလိပ်စာကို ABCမှ စသင်ကြရ သည်။ ဤသည်ကို သိသော ဆရာများသည် သံဃာတော်များကို အသံထွက်သင်္ကေတဖြင့် အသံကို ဘယ်လို ထွက်ရမည်ဆိုသည်ကို အထူးအားဖြင့် သင်ကြားပေးတော်မူခဲ့ပေသည်။ ဆရာနည်းကို လေ့လာလိုက်စားသော သံဃာတော်များအတွက် အင်္ဂလိပ်စာကို အထူးပင် တော်သွားကြကာ အသံထွက်သည်လည်း နားဝင်ချိုဖွယ် ပင်ဖြစ်ပါပေသည်။ သို့သော် အချို့သော သံဃာတော်များသည် ဆရာသင်ပြပေးသည်ကိုလည်း နားစိုက်၍ မထောင်ပေ။ အသံထွက်ကိုလည်း ထင်ရာထွက်ကြပေသည်။ ထို့သို့ထင်ရာထွက်သဖြင့် ဈေးချိုမှ နာရီရောင်း သော ဒါယိကာမလေးများ မျက်စိလည်သွားပုံကို တင်ပြပေအံ့။ တစ်နှစ်က မန်းသာသနတက္ကသိုလ်မှ ကိုယ်တော် လေး တစ်ပါးသည် ဈေးချိုသို့ ရေဒီယိုဝယ်ရန် ကြွသွားလေသည်။ ရေဒီယိုဆိုင်ရောက်သောအခါ အရောင်းစာ ရေးမလေးများက
“အရှင်ဘုရား ဘာအလိုရှိပါသလဲ ဘုရား။” ဟု မေးလျှောက်လေသည်။ ဤတွင် ကိုယ်တော်လေးမှ
“ဒကာမလေးတို့ ဦးဇင်း “နတ်တိအွန်နယ်အမျိုးစားရေဒီယို”တစ်လုံးလိုချင်တယ်၊ အဲဒီအမျိုးအစား ရေဒီယိုကို ဦးဇင်းကို ပြပေးပါ။ ”ဟု အမိန့်ရှိလေသည်။ စာရေးမလေးများကြောင်သွားသည်။ ထိုအခါ
“အရှင်ဘုရား တပည့်တော်တို့ ရေဒီယိုဆိုင်မှာ အလုပ်လုပ်လာတာ ကြာပြီ “နတ်တိအွန်နယ်အမျိုးစားရေဒီယို”ကို တစ်ခါမှ မကြားဖူးပါဘူး။”ဟု စားရေးမလေးများက လျှောက်ထားလေသည်။ ဤတွင် ကိုယ်တော်လေးမှ သူပြော သည်ကို နားမလည်ရကောင်းလားဆိုပြီး
“နင်တို့ကလဲ ဆိုင်မှာ အလုပ်လုပ်နေတာကြာပြီး ဒါတောင်မသိဘူးလား၊ ဟိုမှာလေ ငါပြောတဲ့ ရေဒီယိုက ဆိုပြီး national အမျိုးအစားရေဒီယိုကို ထိုးပြလေတော့သည်။ ထိုအခါမှ စာရေးမလေးတွေ သဘောပေါက်သွားသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်လျှက် ပြုံးကာ နေရှင်နယ်အမျိုးအစားရေဒီယိုကို ထုတ်ပြလေတော့သည်။ ကိုယ်တော်လေးသည်
“နင်တို့ ဆိုင်က, စာရေးမတွေဖြစ်ပြီး 'နတ်တိအွန်နယ်ရေဒီယို' တောင်မသိဘူး၊ မှတ်ထား ဒါ “နတ်တိအွန်နယ် ရေဒီယို”လို့ခေါ်တယ်”ဟု စာရေးမလေးတွေကို သင်ပြပေးလိုက်သေးသည်။ ဤတွင် စားရေမလေးများက
“အရှင်ဘုရားအသံထွက်က အစစ်ကြီးလိုဖြစ်နေတော့ လိုက်မမှီလို့ပါဘုရား”ဟု လျှောက်တင်သောအခါ
“ဒါတောင် ငါတက္ကသိုလ်မှာ အင်္ဂလိပ်စာသင်တာ တစ်နှစ်မပြည့်သေးဘူး၊ ခြောက်လဘဲရှိသေးတယ်။”ဟု ပြန် ကြွားလိုက်သေးသည်။ တက္ကသိုလ်ရောက်ပြန်တော့လည်း အေးအေးမနေ။ သူနတ်တိအွန်နယ်ရေဒီယိုဝယ်လာ ကြောင်း လိုက်ကြွားလေသည်။ ထိုအခါ
“ဟာ ဘယ်ကလာ နတ်တိအွန်နယ်ရေဒီယိုရမှာလဲ၊ နေရှင်နယ်ရေဒီယိုပါဟ၊ ငါ့ကောင်ကြီး အသံထွက်မသိရင်လဲ ဘေးကသိတဲ့သူကို မေးအုံးဟ၊ မင်းလုပ်ပုံနဲ့ ဒို့တက္ကသိုလ်သိက္ခာကျနေအုံးမယ်၊” ဟု အသံထွက်မှန်ကို သိသော သူ့ထက် အသက်သိက္ခာအားဖြင့်ကြီးသော ဆရာတော်များက ၀ိုင်းဝန်းဆုံးမလေသည်။ ထိုအခါမှ ကိုယ်တော် လေးသည်လည်း သူ၏ အသံထွက်သည် အတော်ပင်မှားကြောင်းသိရှိသွားကာ သူဝယ်ခဲ့သော “နတ်တိအွန်နယ်
ရေဒီယို”ကို မြင်တိုင်း သူ့ကိုယ်သူ ဒေါသထွက် ရှက်စိတ်များဖြစ်ပေါ်မစဲ တဖွဲဖွဲပင် ဖြစ်၍နေလေတော့သည်။ “အသံထွက်ကို မသိဘဲ ၇မ်းမထွက်သင့်ကြောင်း၊ ရမ်းထွက်က မှားတတ်ကြောင်းသိရှိသွားကာ” နောင်တတရား များပင်ရခဲ့လေသည်။ သို့သော် နောင်တကား အရနောက်ကျသွားလေပြီး။ ထိုအချိန်မှစ၍ တက္ကသိုလ်က သူငယ်ချင်းများက သူ့ကို “နတ်တိအွန်နယ်ဆရာတော်” ဟု အမည်ကင်းပွန်းတပ်ပေးလိုက်လေတော့သတည်း။




Friday, March 26, 2010

“ပန်းပဲဆရာကြီး ဦးစံဖူး”

တစ်ခါက အညာအထက်ပိုင်း ရွာတစ်ရွာတွင် ဦးစံဖူးအမည်ရ ပန်းပဲဆရာကြီးတစ်ယောက်ရှိလေသည်။ သူသည် ဓား အမျိုး မျိုးလုပ်၍ ရောင်းလေ့ရှိသည်။ အော်ဒါမှာလျှင်လည်း ဓားအမျိုးမျိုးကို လုပ်ပေးလေ့ရှိသည်။ သူ့ရွာဝန်း ကျင်မှ တောင်သူလယ်သမားဦးကြီးများသည် ဦးစံဖူး၏ ပန်းပဲဖိုကိုသာအားကိုးနေရသည်။ သူ့ဝန်းကျင်တွင် ပန်းပဲ အလုပ်ကို လုပ်ကိုင်သော သူဟာ သူတစ်ဦးတည်းသာ ရှိသည်။ ဤသည်ကို အခွင့်ကောင်းယူကာ ဓားဖိုးကို ကျ သော နှုန်းထားထက် ပိုတောင်းလေ့ရှိသည်။ ဈေးကြီးစွာ ပေးရသဖြင့် ဓားက ပိုးကောင်းလာဆိုတော့ ဓားက ကြာ ရှည်မခံ၊ ခုတ်လည်း ခဏသာပြတ်သည်။ တစ်လလောက်သုံးပြီးနောက် အဲဒီဓားဟာ သုံးမရတော့ပေ။ သူ့ကိုသာ ပြန်အပ်ပြီး ပြန်လည်သခိုင်းရလေသည်။ သူ့လက်ရာ၏ မကောင်းကြောင်းကလည်း အရပ်တကာ အတော် ပြန့်နှံနေလေသည်။ သို့ဖြစ်သဖြင့် နီးစပ်သူတို့က
“ဘကြီးစံဖူး ဘကြီးစံဖူးရဲ့ ဓားမကောင်းကြောင်းကို ဒီနား နီးစပ်ရာ ရွာတွေက တော်တော်ပြောနေကြပြီ၊ ဘကြီး အနေနဲ့ ဓားကို အရည်အသွေးကောင်းအောင် ကြာရှည်ခံအောင် လုပ်ပေးသင့်နေပြီနော်”ဟု အကြံပေးကြလေ သည်။ သို့သော် ပန်းပဲဆရာကြီးဦးစံဖူးက
“ဓားကို ကြာရှည်ခံအောင်လုပ်ရင် စံဖူးတို့ ငတ်တာကြာပြီ။” ဟု ဒီလိုဘဲ ဘုပြောလွှတ်သည်။ သို့ဖြစ်သဖြင့် ရွာအတွင်းမှ နီးစပ်သူတို့ကလည်း မပြောတော့ချေ။ လျှစ်လျှုရှုထားလေသည်။ သူ့ပန်းပဲဖိုသို့လည်း သွားလည် သူမရှိတော့ပေ။ ဤသည်ကို သိသော ပန်းပဲဆရာကြီးစံဖူးသည် ရွာသားများကို အရွဲ့တိုက်သည့်အနေဖြင့် လမ်းဘေးတွင်
“ပန်းပဲဆရာကြီးစံဖူး
ဓားအမျိုးအမျိုးလုပ်သည်။
မြန်သည်၊ ကောင်းသည်။”ဟု ဆိုင်းပုဒ်ချိတ်ထားလေသည်။ ရွာသူရွာသားများသည် ဆိုင်းပုဒ်ကို ကြည့်ကာ ပြုံးသွားကြသည်။ သူ၏ ဆိုင်းပုဒ်ချိတ်ထားပြီးနောက် မကြာမီ တန်ခူးလသင်္ကြန်ကျရောက်လေတော့သည်။ သင်္ကြန် အတက်နေ့ ညရောက်ပြီဆိုလျှင် ရွာများ၏ ဓလေ့ထုံးစံအရ ရွာအတွင်းမှ ရွာသူရွာသားများ ကောင်း ကောင်း မအိပ်ရတော့ချေ။ သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည့်အတွက် အိမ်တိုင်ရာရောက်လိုက်ပြီး ရေပတ်လေ့ ရှိသည်။ သန်းခေါင်းယံချိန် ရောက်ြပီဆိုလျှင်ဖြင့် ကာလသားများက တောင်ပိုင်းမှ လှည်း ခုံ စားပွဲ လုံချည် နွားစ သည်တို့ကို မြောက်ပိုင်း လမ်း၏ အလယ်တည့်တည့်သို့ ပို့ထားလေသည်။ မြောက်ပိုင်းမှ ပစ္စည်းများကိုလည်း တောင်ပိုင်း လမ်း၏ အလယ်တွင် ပို့ထားလေသည်။ နှစ်ဆန်းတစ်နေ့ မနက်ခင်းမှာတော့ ပစ္စည်းတွေဟာ လမ်း လယ်ခေါင်တွင် ပုံအောနေသည်။ ထူးခြားသည်မှာ သူများတွေ နှစ်ဆန်းတစ်၇က်နေ့ နံနက်ခင်းမှာ ဥပုသ်စောင့် ကောင်းမှုပြုလုပ် ခြင်းဖြင့် ကြည်နူးနေကြသည်။ ပန်းပဲဆရာကြီးဦးစံဖူးတစ်ယောက် မကြည်နူးနိုင်ပေ။ ရွာအတွင်း ၀ယ် လှည့်ကာ စိန်ခေါ်နေလေသည်။အကြောင်းသော်ကား သူ၏ ကြော်ညာဆိုင်းပုဒ်ပေါ်တွင် သူရေးထားသည့်
“ပန်းပဲဆရာကြီးဦးစံဖူး
ဓားအမျိုးမျိုးလုပ်သည်၊
မြန်သည်၊ ကောင်းသည်။” ဟု အစား
“ပန်းပဲဆရာကြီးဦးစံဖူး
ဓားအမျိုးမျိုးလုပ်သည်၊
ကြာသည်၊ ညံ့သည်။”
“ရေခုတ်လေခုတ် အလွန်ဟုတ်၊
ကြက်ဆူး ပဒိုင်း ထင်ရာပိုင်း၊
ပျဉ်းကတိုးတွေ့က ရှောင်ကာရှား၊
စံဖူးလုပ်တဲ့ဓား။”ဟု တစ်ယောက်ယောက်က သင်္ကြန်အတက်နေ့ညတွင် လက်ဆော့သွားသောကြောင့်ပေ တည်း။

Wednesday, March 24, 2010

“သံဃာတော်များ၏ စာမေးပွဲမှ အတွေ့အကြုံများ”

ယခုအခါ မြန်မာပြည်တွင် သံဃာတော်များသည် ငယ် လတ် ကြီး စာမေးပွဲဖြေကြားနေပြီဖြစ်လေသည်။ မြန်မာ ပြည်တွင် သံဃာတော်များသည် စာမေးပွဲဖြေဆိုနေပြီဖြစ်သည်ဟု ကြားသိရသောအခါ မိမိငယ်စဉ်က ကြားဖူးခဲ့ သော စာမေးပွဲနှင့် ပတ်သက်သော ဟာသများကို ရေးရန် အကြံဖြစ်ပေါ်လာခဲ့လေသည်။တစ်ခါက ကိုယ်တော် လေးတစ်ပါးရှိသည်။ ထိုကိုယ်တော်လေးသည် နှစ်စက စာပေကို မကြိုးစားခဲ့ပေ။ စာမေးပွဲနီးလာခါမှ ဟိုစာအုပ် ကြည့် ဒီစာအုပ်ကြည့်နှင့် သူ၏ ဘေးပတ်ပတ်လည်တွင် စာအုပ်တွေ ပုံထိုးနေသည်။ ဒလဗွဖြစ်နေလေသည်။ နီးမှကြည့်သည်ဖြစ်သည့်အတွက် ဘယ်စာကိုမျှ ကောင်းကောင်းမရတော့ချေ။ မစွဲတော့ချေ။ သို့ဖြစ်သဖြစ် လက်လျှော့အရှုံပေးကား အောက်ပါအတိုင်း ကျောက်သင်ဘောတွင် ရေးသားထားလေတော့သတည်း။
“စာမေးပွဲကြီးနီးလာပြီ
စာအုပ်တွေကြား ဗျာများသည်
ဒီနှစ်ကျ နောက်နှစ်ဖြေအုံးမည်။”
နောက်ဟာသပုံပြင်တစ်ပုဒ်သည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
ဤပုံပြင်သည် လွန်ခဲ့သော ၂၅နှစ်ခန့် လောက်က ဖြစ်ပါပေ၏။ မန္တလေးမြို့တွင် သံဃာတော်များနှင့် သီလရှင် ဆရာလေးများသည် ဓမ္မာစရိယတန်း စာမေးပွဲ ကို ဖြေဆိုကြလေသည်။ ထိုနှစ်က မေးခွန်းပုစ္ဆာသည် အလွန်ခက် သောကြောင့် အချို့သံဃာတော်များနှင့် ဆရာလေးများသည် တစ်နာရီထိုးသည်နှင့်တစ်ပြိုင်နက် အဖြေလွှာ များကို ကြီးကြပ်ရေးများကို အပ်နှံကာ စာမေးပွဲခန်းမှ စောစောပင်လျှင်ထွက်ခွါသွားကြသည်။ ဦးနှောက်အ ခြောက်မခံတော့ပေ။ ထိုင်ပြီးအညောင်းမခံတော့ပေ။ သို့သော် အချို့သော သံဃာတော်များနှင့် ဆရာလေးများ သည်ကား ရလို့ရငြား အညောင်းခံကာ ပုစ္ဆာကို စဉ်းစားနေကြလေသည်။ ထိုအထဲတွင် ဆရာလေးတစ်ပါးသည် မေးခွန်းတော်တော်များများကို ဖြေပြီးဖြစ်သည်။ နံပါတ်(ရ)ပုစ္ဆာအတွက် အကြပ်ရိုက်နေသည်။ ဘယ်လိုမှ စဉ်းစား မရပေ။ ထိုပုစ္ဆာဖြေဆိုနိုင်မှသာ အောင်မှတ်ကို ကျိန်းသေပေါက်တွက်ဆနိုင်မည်ဖြစ်ပေသည်။ မရ၍ ထားခဲ့ပြန် လျှင်လည်း နောက်နှစ် ပြန်ဖြေနေရလျှင် အချိန်ကုန်မည်။ လူပန်းမည်။ ငွေကလဲကုန်အုံးမည်။ သို့ဖြစ်သဖြင့် အနီးအနားရှိ ကိုယ်တော်ကို မေးကြည့်မယ်ဟု ဆုံးဖြတ်ချက်ချကာ
“အရှင်ဘုရား နံပါတ်(ရ)ပုစ္ဆာ၇ပါသလား၊ ရ၇င်တပည့်တော်မကို ပြောပေးပါအုံးဘုရား”ဟု ရို၇ိုသေသေဘဲ ပုစ္ဆာအဖြေကို တောင်းလေတော့သည်။ ထိုအခါ ကိုယ်တော်က
“ဆရာလေး အလကားတော့ ဖြေမပေးနိုင်ဘူး၊ 'မောင်' လို့ခေါ်မှ ဖြေပေးနိုင်မယ်။” ဟု အကြပ်ကိုင်လာလေသည်။ ဆရာလေးသည်လည်း
အရေးထဲ ဒီကိုယ်တော်က အသားယူနေပြန်ပါပြီ၊ ကဲလေ မထူးပါဘူး၊ နံပါတ်(ရ)ပုစ္ဆာရဲ့အဖြေလေးရရင် ပြီးတာပါဘဲ” ဆိုသောအတွေးဖြင့်
“မောင်ရယ် နံပါတ်(ရ)ပုစ္ဆာရဲ့အဖြေလေးပေးပါလား”ဟု တောင်းလေတော့သည်။ ထိုအခါကိုယ်တော်လေးသည် နံပါတ်(၇)အဖြေကို မောင်လို့ ခေါ်သည့်အတွက် အားရ၀မ်းသာဘဲ မဆိုင်းမတွ ဖြေကြားပေးလိုက်လေသည်။ ထိုကိုယ်တော်လေး၏ အဖြေသည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
“ဆရာလေးရေ ၀မ်းနည်းပါတယ်၊ မောင်လဲနံပါတ်(ရ)ပုစ္ဆာရဲ့အဖြေကို မရဘူးကွယ့်။”
ထိုကိုယ်တော်လေး၏ အဖြေကြောင့် ဆရာလေးသည် စာဖြေခန်းမအတွင်းကိုပင် ဆက်မထိုင်နိုင်တော့ဘဲ အဖြေလွှာကို အပ်ကာ ဒေါသတကြီး စာမေးပွဲခန်းမှ ၀ုန်းဝုန်း ဒိုင်းဒိုင်း ထွက်သွားလေတော့သတည်း။
“အော် တော်တော်ဆိုးတဲ့ကိုယ်တော်ပါလား၊ မရရင်လဲ မရဘူး လို့ မပြောဘူး၊ ဆရာလေးခမျာ လူကြားသူကြား 'မောင်' လို့လဲခေါ်ရသေး၊ ပုစ္ဆာအဖြေကလဲမရ၊ ဘယ်လောက်တောင် ဒေါသထွက်၊ ရှက်သွားမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ စာဖတ်သူတို့ရေ”။

Monday, March 22, 2010

“အပြောမတတ်သူတို့တစ်စု”

မိမိတို့ အညာဒေသ၏ ထုံးတမ်းစဉ်လာအရ အိမ်သို့ ဧည့်သည်ရောက်လာပြီဆိုလျှင် ထမင်း ဟင်း ရေနွေးကြမ်း လဘက်ရည် အမြည်း ကွမ်းတို့ဖြင့် ဧည့်ခံလေ့ရှိကြသည်။ တစ်နေ့ အညာအထက်ပိုင်း ရွာတစ်ရွာတွင် ဧည့်သည် တစ်ယောက် ရောက်လာလေသည်။ဧည့်သည်ရောက်လာတော့ အိမ်ရှင်တို့၏ တာဝန်ဝတ္တရားအရ ထမင်း ဟင်း လဘက်ရည် ကြမ်း ကွမ်းတို့ဖြင့် ဧည့်ခံလေသည်။ ထိုအိမ်မှ အိမ်ရှင်များသည် သဘောကား အလွန်အင်မတန်မှ ကောင်းလှပေသည်။ အပြောကား မတတ်ကြချေ။ မိမိပြောသော စကားသည် ဧည့်သည်အတွက် သင့်မသင့်ကို မစဉ်းစားပေ။ ထင်ရာကို ပြောလေ့ ပြောထရှိကြသည်။ ဒီနေ့ ရောက်လာသော ဧည့်သည်ကိုလည်း အလွန် ကောင်း သော ထမင်း ဟင်းတို့ဖြင့် ဧည့်ခံနေလေသည်။ ဧည့်သည်သည်လည်း အလွန်ကောင်းသော ထမင်းဟင်း တို့ကို စားပြီးနောက် ရေနွေးကြမ်းကို ဆက်သောက်လေသည်။ ထို့နောက် ကွမ်းကလည်း ကြိုက်တတ်တော့ ကွမ်း အစ်ကို ဆွဲယူလိုက် သည်။ ကွမ်းအစ်အတွင်းမှ ကွမ်းရွက်နှစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ ထိုကွမ်းရွက်ကို နှစ်ရွက်ထပ်ပြီး ထုံး ကွမ်းသီး ဆေးရွက်ကြီး စသည်တို့ကို ကွမ်းရွက်အတွင်းသို့ထည့်၍ စားရန်အလို့ငှာ ဟန်ပြင်နေစဉ် အိမ်ရှင်ကလေးမှ
“အဖေ! ဧည့်သည်ကြီးက ကွမ်းရွက်နှစ်ရွက် ထပ်စားနေတယ်” ဟူ၍ အော်လိုက်သောအခါ
ဖခင်ဖြစ်သူက
“ကွမ်းရွက်ကို နှစ်ရွက်ထပ်စားတာ နွားဘဲရှိတယ်ငါ့သားရ၊ ဧည့်သည်ကြီးက နွားမှမဟုတ်တာ၊ လူပါကွ၊ ဘာလို့ ကွမ်းရွက်ကို နှစ်ရွက်ထပ်စားမှာလဲ ငါ့သားရ” ဟု ပြောလိုက်လေသည်။ ဧည့်သည်ကြီးသည်
“အင်း ကွမ်းရွက်ကလေး နှစ်ရွက်စားတာနဲ့တော့ နွားအဖြစ်တော့ မခံနိုင်ဘူး။”ဟု စဉ်းစားကာ ကွမ်းရွက်တစ်ရွက်ကို အိမ်ရှင်များ မသိအောင် ပြန်ချလိုက်လေတော့သတည်း။ မိမိသည်ပင် “အော် တော်တော် အပြောမတတ်သော မိသားစုပါလား” ဟု စိတ်အတွင်းက ရေရွတ်မိပါတော့သတည်း။
ထို့ကဲ့သို့ အပြောမတတ်သော ပုဂ္ဂိုလ်များအကြောင်းကို ပြောရမည်ဆိုလျှင် “ပြောမဆုံးပေါင် တောသုံးတောင်” ဆိုးရိုးစကားကဲ့သို့ ပြော၍ကုန်မည်မဟုတ်ချေ။
ကရင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းက ရွာတစ်ရွာတွင် အိမ်တစ်အိမ်သို့ စစ်ဗိုလ်ကြီးတစ်ယောက်ရောက် လာလေသည်။ အိမ်ရှင်များသည် တောသူတောင်သား တိုင်းရင်းသား ကချင်လူမျိုးများဖြစ်ကြသည်။ သူတို့သည် ရိုးသားကြသည်။ ဧည့်သည်ရောက်လာလျှင်ကား ကြွေးရန်အလို့ငှာအဆင်သင့်ဖြစ်သည်။ သို့ဖြစ်၍ အိမ်သို့ ညစာ စားချိန်၌ ရောက်လာသော ဗိုလ်ကြီးကို အိမ်မှာရှိသော ထမင်း ဟင်းတို့ဖြင့် ညစာအဖြစ် ဧည့်ခံလေသည်။ ဗိုလ် ကြီးသည်ကား ခရီးဝေးမှ ခြေလျှင်လာရသဖြင့် ဗိုက်ဆာလာသည်ဖြစ်ရာ ကချင်အိမ်ရှင်များက ဧည့်ခံသော ထမင်းနှင့် ဟင်းကို မြိန်ရည် ရှက်ရည် အားပါးတရ စားနေလေသည်။ သို့သော် ကချင်မကြီးပြောလိုက်သော စကားကြောင့် စားလက်စ ထမင်းကိုပင် မစားနိုင်တော့ဘဲ ရပ်တန့်သွားလေသတည်း။ ကချင်မကြီးပြောလိုက်သော စကားသည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
“ဗိုလ်ကြီး စားပါ စားပါ၊ ဗိုလ်ကြီးစားတာ အားရတယ်၊ ကျမတို့ အိမ်က ခွေးကြီးစားသလိုဘဲ”။
အပြောမတတ်သူအကြောင်းနောက်ပုံပြင်တစ်ပုဒ် ထပ်၍ လာပြန်ပါပေ၏။
တခါက ဦးပဉ္ဇင်းလေးတစ်ပါးသည် တရုတ်မကြီးမိသားစုကို တရားဟောလေသည်။ တရုတ်မကြီးမိသားစုသည် လည်း ထိုကိုယ်တော်လေးဟောသော တရားကို စူးစူးစိုက်စိုက် အာရုံယူကာ နာနေလေသည်။ တရားဟောပြီး သောအခါ ကိုယ်တော်လေးက
“ဒကာမကြီး ဦးဇင်းဟောတဲ့ တရားကို နားလည်လား”ဟု မေးလေသည်။ ထိုအခါ ဒါယကာမကြီးသည်
“နားလည်းပါတယ်ဘုရား၊ လှူဘို့ဘဲ ဟောတာဘဲမဟုတ်လား ကိုယ်တော်”ဟု ပြန်လည်လျှောက်ထားလိုက်လေ သည်။ ထိုအခါ တရားဟောသောကိုယ်တော်လေးသည်လည်း ပရိသတ်အလယ်မို့ အလွန်ရှက်ကာ ထိုအိမ်မှ ခပ်သုတ်သုတ်လစ်သွားလေတော့သတည်း။
တရုတ်ကြီးနှင့် ကိုယ်တော်လေး
တစ်ခါက တရုတ်ကြီး၏ ဆိုင်သို့ ကိုယ်တော်လေးတစ်ပါးသည် ဈေးဝယ်ရန် ရောက်ရှိသွားလေသည်။ ပစ္စည်းဝယ်စဉ် ကိုယ်တော်လေးသည် တရုတ်ကြီးနှင့် အလ္လာပ သလ္လာပစကားပြောဖြစ်ကြသည်။ နောက်ဆုံးတွင် ဘာသာရေးဘက်ရောက်သွားကာ တရုတ်ကြီးက
“အရှင်ဘုရား ဘာရည်ရွယ်ချက်နဲ့ ဘုန်းကြီးဝတ်ပါသလဲဘုရား၊”ဟု ကိုယ်တော်လေးကို မေးလေသည်။ ထိုအခါ ကိုယ်တော်လေးက
“နောက်ဘ၀ နတ်သမီး တဖက်ငါးရားနဲ့ စံစားချင်လို့ ဘုန်းကြီးဝတ်ပါတယ်ဒကာကြီး။”ဟု ဖြေလိုက်သောအခါ
တရုတ်ကြီးမှ
“နတ်သမီးတဖက်ငါးရားက ဆေချာပါ့မလားကိုယ်တော်၊ လူထွက်လိုက်ရင် တစ်ယောက်တော့ ဆေချာတယ် ကိုယ်တော်”ဟု ပြောကြားလိုက်လေသည်။ ထိုအခါ ကိုယ်တော်လေးသည်လည်း ဘာမှပြန်မပြောနိုင်ဘဲ တရုတ် ကြီးပြောသည်ကို သဘောကျကာ ထိုဆိုင်မှ ထွက်လာခဲ့လေတော့သတည်း။
“အော် တရုတ်ကြီး ကြာလျှင်တော့ ကမ္မ၀ါဖတ်တော့မှာဘဲ”ဟုတွေးကာ မိမိသည်ပင် ပြုံးမိလေတော့သတည်း။

“သဗ္ဗပါပဿ အကရဏံ(အဆက်)”

(၅)သူများကို ကုန်းတိုက်ခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးသည်ကား မိတ်ဆွေများနှင့် အကြောင်းမဲ့ ကွေကွင်းရခြင်းပင်ဖြစ်ပေသည်။
(၆) ကြမ်းတမ်းစွာပြောဆိုခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများသည်ကား အခြားသူများ၏ မုန်းတီးမှုကို ခံရခြင်း ကြမ်းတမ်းသော စကားရှိခြင်း တို့သည်ပင်ဖြစ်သည်။
(၇) အကျိုးမရှိသော စကားကို ပြောဆိုခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများသည်ကား သူများမနှစ်သက်စရာ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ရှိခြင်း မိမိပြောသော စကားကို တခြားသူများက စိတ်မ၀င်စားခြင်းစသည်တို့ပင်ဖြစ်ပေသည်။
(၈) သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးတရားသည်ကား မိမိ၏ လိုအင်ဆန္ဒတို့ မပြည့်ခြင်းပင်ဖြစ်သည်။
(၉) သူတစ်ပါးကို ပျက်စီစေရန် အားထုတ်ခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများသည်ကား ရုပ်ဆိုးခြင်း ရောဂါများခြင်း မနှစ်သက်စရာ အမူအရာများရှိခြင်းတို့ပင်ဖြစ်ပေသည်။
(၁၀) မှားယွင်းသော အယူကို ယူခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများသည်ကာ ပြင်းပြသော လိုအင်ဆန္ဒရှိခြင်း ပညာချို့တဲ့ခြင်း ဥာဏ်ပညာနည်းခြင်း နာတာရှည်ရော၈ါများစွဲကပ်ခြင်း မိမိ၏ အကြံအဥာဏ်များကို သူတစ်ပါးလက်မခံခြင်းစသည်တို့ပင် ဖြစ်ပေသည်။

Sunday, March 21, 2010

“သဗ္ဗပါပဿ အကရဏံ”

“မကောင်းမှုကို ပြုခြင်းကြောင့် ရရှိသော အကျိုးများ”
ပြီးခဲ့သော အပတ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်း(ဘုံဘေ)မြို့imigration ဌာနမှ အရာရှိလေး၏ မေးလျှောက်ချက်အရ မြတ်ဗုဒ္ဓ၏
တရားတော်ကို အနှစ်ချုပ်အားဖြင့် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ယခုအခါ ထိုတရားများ အကျယ်အားဖြင့် ဖေါ်ပြပေအံ့။ ပထမ
တရားသည်ကား မကောင်းမှုကို မပြုနဲ့ဟူသည်ပင်ဖြစ်သည်။
မကောင်းမှုဟူသည် အကုသိုလ်တရားများကို ဆိုလိုသည်။
ထိုအကုသိုလ်တရားများသည်ကား
(၁) သူများအသက်ကို သတ်ခြင်း၊
(၂) သူများဥစ္စာကို ခိုးခြင်း၊
(၃) ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုကျင့်ခြင်း၊ ဤသုံးပါးကို ကာယကံ(ကိုယ်ဖြင့်ပြုလုပ်ခြင်း)သုံးပါးဟုခေါ် သည်။
(၄)မမှန်သော စကားကို ပြောဆိုခြင်း၊
(၅)သူတစ်ပါးကို သွေးကွဲအောင် ကုန်းတိုက်ခြင်း၊
(၆) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
(၇) မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်သော စကားကို ပြောဆိုခြင်း၊ ဤလေးပါကို ၀စီကံ(နှုတ်ဖြင့် ပြောဆိုခြင်း)
လေးပါးဟုခေါ်သည်။
(၈) သူတစ်ပါးကြီးပွားသည်ကို ငြူစူခြင်း၊ မနာလိုဖြစ်ခြင်း၊
(၉) သူတစ်ပါးကို ပျက်စီးအောင်ပြုလုပ်ခြင်း
(၁၀)အယူမှားခြင်း။ ဤသုံးပါးကိုတော့ မနောကံ(စိတ်ဖြင့် ကြံစည်ခြင်း) သုံးပါးဟုခေါ်သည်။
ထိုဆယ်သောတရားတို့တွင်

(၁) သူတစ်ပါးအသက်ကို သတ်ခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများသည်ကား အသက်တိုခြင်း, ကျန်းမာရေး
မကောင်းဖြစ်ခြင်း, ချစ်ခင်သော ပုဂ္ဂိုလ်တို့နှင့် ကွေကွင်းရခြင်း ပူဆွေးသောကဖြစ်ရခြင်း, အမြဲတမ်း အကြောက်တရားနှင့်
အသက်ရှင်နေထိုင်ရခြင်းစသည်တို့ပင်ဖြစ်ပေသည်။
(၂) သူတစ်ပါး၏ ဥစ္စာကို ခိုးခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးတရားများသည်ကား ပစ္စည်းဥစ္စာမရှိခြင်း, ဆင်းရဲခြင်း,
စိတ်ပျက်ရခြင်း, လွတ်လွတ်လပ်လပ် အသက်မွေးဝမ်းကြောင်းကို မပြုနိုင်ခြင်း စသည်တို့ပင်ဖြစ်သည်။
(၃) ကာမဂုဏ်မှားမှားယွင်းယွင်းပြုခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးတရားများသည်ကား ရန်သူပေါခြင်း, ဒေါသကြီးခြင်း,
မိမိအလိုမရှိသော ဇနီမယားများ လင်ယောက်ကျားများနှင့် ပေါင်းသင်းရခြင်းတို့ပင် ဖြစ်လေသည်။
(၄) လိမ်ညာပြောခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးတရားများသည်ကား အစွပ်အစွဲခံရတတ်ခြင်း, သွားပုပ်လေလွင့်
အပြောခံရခြင်း, တခြားသူတို့၏ ယုံကြည်မှုကို မခံရခြင်း, ခန္ဓာကိုယ်အနေအထားက အချိုးမပြေဖြစ်ခြင်း
တို့ပင်ဖြစ်လေသည်။(ဆက်ရန်)

Saturday, March 20, 2010

“တော်တော်ကောင်းတဲ့ လက်ရာ”

မြန်မာရဟန်းတော်များသည် အိန္ဒိယနိုင်ငံ ဒေလီမြို့ ဒေလီတက္ကသိုလ်တွင် ပညာသင်ကြားလျှက်ရှိကြသည်။ သူများ နိုင်ငံတွင် သီတင်းသုံး ပညာသင်ကြားနေရတော့ မြန်မာနိုင်ငံကဲ့သို့ ဆွမ်းကပ်မည့် ဒါယကာ ဒါယိကာမ များမရှိသည့်အတွက် ရဟန်းတော်များသည် ကိုယ်တိုင်ဝယ် ကိုယ်တိုင်ချက် စနစ်ကိုဘဲ ကျင့်သုံးနေကြရသည်။ တစ်ချို့ရဟန်းတော် များသည် မြန်မာပြည်မှာ သီတင်းသုံး နေထိုင်စဉ်ကပင် ချက်မှုပြုတ်မှုအလုပ်ကို ကိုယ်တိုင် ပြုလုပ်ခဲ့ကြရသည့်အတွက် ဟင်းချက်တော်တော်ကောင်းကြသည်။ အကယ်၍ ထိုကိုယ်တော်များသည် ထမင်းဆိုင်တည်ထောင်လိုက် မည်ဆိုလျှင်ဖြင့် လက်ရှိထမင်းဆိုင်များသည်ပင် ဒေ၀ါလီခံရမည့်အနေအထားမျိုး ထိ ရောက်ရှိသွားပေလိမ့်မည်။ ထိုမျှလောက်ပင် ကောင်းလှချေသည်။ သို့သော် အချို့ရဟန်းတော်များကတော့ အချက်အပြုတ်တွင် အတွေ့အကြုံမရှိသည့်အတွက် စိတ်ပျက်လောက် အောင်ပင် လက်ရာသည်ကား ဆိုးဝါလှ ချေသည်။ သို့သော် ကောင်းကောင်း မကောင်းကောင်း အလှည့်နှင့် ချက်ပြုတ်နေရသည့်အတွက် လက်ရာ ကောင်းသည့် ကိုယ်တော်၏အလှည့်ကျလျှင်ဖြင့် ကောင်းကောင်းဘုဉ်းရပေသည်။ လက်ရာမကောင်း သော ကိုယ်တော်၏ အလှည့်ရောက်လျှင်ကား တော်တော်လေး စိတ်ညစ်မှုအပေါင်းနှင့် ကြုံတွေ့ရပေသည်။ ဒီနေ့ တော့ ဒေလီတက္ကသိုလ်တွင် မြန်မာရဟန်းတော်များသည် အလှည့်ကျချက်လာရာ ဦးကောသလ္လအလှည့်သို့ ရောက်ရှိလာလေသည်။ သူသည် သူ့၏ လက်ရာကို ရဟန်းတော်များကြိုက်ရန် ချီးမွမ်းခန်းဖွင့်ရန်အလို့ငှာ ကြိုး စားပြီး ချက်ထားလေသည်။ ရဟန်းတော်များသည် နေ့လည်စာ ဘုဉ်းပေးကြလေသည်။ အချို့ရဟန်းတော်များ သည် ဦးကောသလ္လ၏ လက်ရာကို ဘုဉ်းလိုက်ရသောအခါ
“ကောသလ္လ, မင်းချက်တဲ့ ဟင်းကလဲ ဘာမှ မကောင်းဘူး၊ ဘယ်လိုများ ချက်ထားတာလဲကွာ။”ဟု ငြီးတွားကာ ငေါက်ငမ်းကြ လေသည်။ ဤတွင် သက်တော်ဝါတော် အကြီးဆုံး ဆရာတော်တစ်ပါးမှ
“ငါ့ရှင်တို့ ကောသလ္လချက်တဲ့ဟင်းကို မကဲ့ရဲ့ပါနဲ့ကွ၊ သူ့ဟင်းက ၀ိမုတ္တိရသပါကွ” ဟု မိန့်ကြားလိုက်သောအခါ ဦးကောသလ္လသည် တော်တော်သဘောကျသွားလေသည်။ အကြောင်းသော်ကား ၀ိမုတ္တိရသဟူသည်ကား လွတ်မြောက်မှု အရသာ ဟူ၍ အဓိပ္ပာယ်ရလေသည်။ လွတ်မြောက်မှုအရသာဟူသည်ကား ဆင်းရဲခပ်သိမ်းမှ လွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို ရရှိသွားသော အဓိပ္ပာယ်ကို ဆောင်လေသည်။ ဦးကောသလ္လသည် သူ၏ ဟင်းကို ဤအလွန်အင်မတန်မှ မြင့်မြတ်သော နိဗ္ဗာန်အရသာနှင့် အနှိုင်းယှဉ်ခံလိုက်ရသည့်အတွက် အလွန်ပင် ပီတိဖြစ်သွားလေသည်။ ဤတွင် ဆရာတော်က
“ဟ မောင်ကောသလ္လ ရမ်းပျော်မနေနဲ့အုံး၊ မင်းဟင်းကို ၀ိမုတ္တိရသလို့ ပြောတာက အဓိပ္ပာယ်က ဒီလိုကွ၊ မင်း ဟင်းကို ဘုဉ်းလိုက်တဲ့အခါ 'ချဉ် ဖန် ချို ခါး အငံ အစပ်' တည်းဟူသော အရသာခြောက်မျိုးမှ လွတ်ထွက်နေ တဲ့အတွက် ဘာအရသာမှ မရှိလို့ ၀ိမုတ္တိရသလို့ ပြောတာကွ၊ ခပ်ရှင်းရှင်းပြောရရင် မင်းချက်တဲ့ ဟင်းက ဘာမှ မကောင်းဘူးလို့ ပြောလိုက်တာဘဲကွ။” ဟု ရှင်းလင်းချက်ထုတ်လိုက်လေသည်။ ထိုအခါ ဦးကောသလ္လ၏ ဖြစ်လက်စ ပီတိများသည်ပင် ရုတ်တရက် အဝေးသို့ လွင့်စင်သွားလေတော့သည်။
မှတ်ချက်။ ၀ိမုတ္တိ၊ လွတ်မြောက်ခြင်း။ ရသ၊ အရသာ။ ၀ိမုတ္တိရသ၊ လွတ်မြောက်မှုအရသာ။

Friday, March 19, 2010

“ကိုးတောင်ပြည့်ဘုရား”

တစ်ခါက မကွေးတိုင်းအတွင်း ရွာတစ်ရွာဝယ် ရွာဦးကျောင်းဆရာတော်နှင့် ရွာသူရွာသားများသည် ရွာထိပ်က ရှေး ဟောင်း ကိုးထောင်ပြည့်ဘုရားစေတီကို ပြန်လည်မွန်းမံပြင်ဆင်ကြသည်။ ရွာသူရွာသားများသည် စေတီပြီးသော အထိမ်းအမှတ်အဖြစ် ဘုရားပွဲကျင်းပရန် ဆရာတော်ကို လျှောက်ထားကြသည်။ ဤတွင် ဆရာတော်က
“ရိုးရိုးရေစက်ချ တရားနာ သံဃာတော်တွေကို ဆွမ်းကပ်၊ ဒါဘဲ လုပ်ကြပါကွယ်၊ ပွဲထည့်ရင် ထိမ်းရသိမ်းရ မလွယ် ဘူး၊ ရန်ဖြစ်မယ်၊ ပြီးတော့ ငွေအကုန်အကျလဲ များမယ်။” စသည်ဖြင့် မိန့်ကြားလေသည်။ ရွာသူရွာသားများကလဲ
“ဆရာတော်ဘုရား တပည့်တော်တို့က တစ်နှစ်မှ တစ်ခါဘဲ ပျော်ရတာ၊ ပွဲလေးတော့ ထည့်ခွင့်ပြုပါဘုရား။”ဟု အတင်းလျှောက်ထားသဖြင့် ခွင့်ပြုလိုက်လေသည်။ သို့ဖြစ်သဖြင့် ကောင်းသော နာမည်ကြီးသော ဇာတ်တစ် ဇာတ်ကို ငှားကြလေသည်။ ထိုဇာတ်မှ မင်းသမီးသည် အလွန်လှသည်။ ညအခါ ရွာမှ ကာလသားများသည် (အမျိုးသားများသည်) ချောမောလှပသော မင်းသမီးကို သူပိုး ငါပိုး အပြိုင်ပိုးကြရာမှ ၇န်ဖြစ်ကြသည်။ ကာလသားတွေလဲ ထိပ်ပေါက်ခေါင်းကွဲဖြစ်ကြလေသည်။ ထိုအခါ မြို့နယ်ရဲက လာရောက်ကာ ရန်ပွဲတွင် ပါဝင်ကြသော ကာလသား (၃၀)ယောက်လောက်ကို ဖမ်းဆီးသွားလေသည်။ ဤတွင် ရွာဦးကျောင်းဆရာ တော်က
“ဘုရားလေးငယ်ငယ် ကိုးထောင်ပြည့်တည်၊
ငယ်သာငယ် တယ်တွယ်တဲ့ဘုရား
လူသုံးဆယ် ခေါင်းတွေကွဲတယ်ကွယ်
ရဲ ရဲဌာနသွား။”
စပ်ဆိုကာ ရွာထိပ်တွင် ကပ်ထားလေတော့သတည်း။

“အရက်သမား မောင်သံချောင်း”

ကျောက်ပန်းတောင်းမြို့ ရွာတစ်ရွာဝယ် မောင်သံချောင်းအမည်ရ အရက်သမားတစ်ယောက်ရှိလေသည်။ သူသည် အလုပ်မယ်မယ်ရရ မရှိ။ အထူးအားဖြင့် မိဘလုပ်စာ ညီအကို မောင်နှမများလုပ်စာကို ထိုင်စားနေ သူ တစ်ယောက်ဖြစ်သည်။ မိဘများနှင့် ညီအကို မောင်နှမများက သူ့ကို အစားအသောက်ကိုတော့ ကောင်းကောင်း ကျွေးကြသည်။ အ၇က်ဖိုးကိုတော့ လုံးဝမပေးကြပေ။ သို့ဖြစ်၍ အရက်ဖိုးရရန် ကြံရတော့မည်ဖြစ်ပေသည်။ သူသည် ရွာထဲလှည့်ကာ
“ရွာထဲမှာရှိတဲ့ကောင် ဘယ်ကောင်ဖြစ်ဖြစ်သတ္တိရှိရင် ထွက်ခဲ့၊ ငါနဲ့ချမယ်၊”စိန်ခေါ်လေတော့သည်။ ဘယ်သူမှ ထွက်မလာသည့်အခါ
“ရွာထဲက တစ်ကောင်မှ သတ္တိရှိတဲ့ကောင် မရှိဘူး၊ အားလုံး ထမီဝတ်ထားကြ၊ အားလုံး မိန်းမတွေချည်းဘဲ။ ”ဟု အော်နေလေသည်။ဤတွင် မခံမ၇ပ်နိုင်ဖြစ်သော မောင်ထွန်းနိုင်အမည်ရှိလူငယ်က ထွက်ရိုက်ပစ်လိုက်ရာ ခေါင်းငါးချက်လောက်ချုပ်လိုက်ရသည်။ သို့ဖြစ်သဖြင့် ရွာလူကြီးမှ မောင်ထွန်းနိုင်ကို
“မောင်ထွန်းနိုင် မင်းလုပ်ရက်ကတော့ မှန်ပါတယ်၊ သို့သော် သူခမျာလဲ ငါးချက်တောင်ချုပ်လိုက်ရတာဆိုတော့ နစ်နာကြေးသုံးသောင်းလောက်တော့ ပေးလိုက်ပါအုံးကွာ။”ဟု ဆိုသဖြင့် ငွေသုံးသောင်းပေးလိုက်ရပြန်သည်။ ငွေသုံးသောင်းရလာပြန်တော့ မောင်သံချောင်းတို့ အရက်ခလေးတမျှမျှနဲ့ပေါ့။ ငွေကုန်ပြန်တော့ ရွာထဲလှည့်ကာ စိန်ခေါ်ပြန်သည်။ ရွာထဲက မခံနိုင်လို့ ထွက်ရိုက်ပြန်တော့ သူ့ခမျာ ခေါင်းပေါက်ထိပ်ကွဲဖြစ်သည်။ ခေါင်းပေါက် ထိပ်ကွဲဖြစ်တော့ ငွေရလာပြန် သည်။ ငွေရလာပြန်တော့ အရက်သောက် ပြန်သည်။ ဒီလိုနှင့် မောင်သံချောင်း တစ်ယောက်သည် အသက်နှင့်ရင်းကာ အရက်ဖိုးရှာနေရရှာသည်။ အရက်ဖိုးပြတ်သည်နှင့် ရွာထဲလှည့်ကာ
“သတ္တိရှိတဲ့ကောင်ထွက်ခ၊ဲ့ တစ်ယောက်ချင်းဖိုက်မယ်။”ဟု စိန်ခေါ်ပြန်သည်။ သည်တစ်ခါတော့ ရွာအတွင်းမှ ဘယ်သူမှ ထွက်မရိုက်တော့ပေ။ အောက်ပါအတိုင်း ပြောကာ ငြိမ်နေလေတော့သည်။
“အော်မောင်သံချောင်းတစ်ယောက်တော့ အရက်ဖိုးပြတ်ပြီနဲ့တူတယ်၊ စိန်ခေါ်နေပြန်ပြီ၊ သွားမရိုက်ကြတော့ နဲ့ဟေ၊သူ့ကို အရက်ဖိုးပေးသလို ဖြစ်နေအုံးမယ်ဟေ”ဟု ပြောကာအသားလေးငြိမ်နေကြတော့သတည်း။

Tuesday, March 16, 2010

“သံဃာတော်များ၏ စကားဝိုင်းမှ ထွက်လာသော ဟာသများ”

တစ်နေ့ အိန္ဒိယနိုင်ငံ ဘုံဘေတက္ကသိုလ်မှ သူငယ်ချင်းတစ်ပါးသည် သူ၏ ကျမ်းတင်ပြီးသော အထိမ်းအမှတ် အဖြစ် ပုနေးမြို့ရှိ သံဃာတော်များကို ဆွမ်းကပ်လေသည်။ ထိုနေ့က ပုနေးမြို့ရှိ သံဃာအားလုံး စုပေါင်းကာ ဆွမ်း ဆွမ်းဟင်းများကို ၀ိုင်းဝန်းချက်ပြုတ်ကြသည်။ စုပေါင်း၍ နေ့ဆွမ်းကို ၀မ်းမြောက်ဝမ်းသာ ဘုဉ်းပေးကြ လေသည်။နေ့ဆွမ်းဘုဉ်းပေးပြီးနောက်လဲ ပြန်မကြွသေးပေ။တစ်ခါတစ်လေမှ ဆုံကြသည်ဖြစ်၍ အလ္လာပသလ္လာပ စကား ပြောနေကြသည်။ သံဃာတော်များသည် စကားကို အားရပါးရပြောနေကြသည်။ သို့သော် ဦးသုမန အမည်ရ ဆရာတော်တစ်ပါးသည် စကားမပြောမူ၍ နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ ထိုဆရာတော်သည် သံဃာတော်များအတွက် ဝေယျာဝစ္စဒါနကို အထူးပြုလိုက်ရသည်။ သို့ကြောင့် ပင်ပန်းကာ နှစ်ခြိုက်စွာ
အိပ်ပျော်နေလေသည်။ ထို့ကြောင့် မိမိက
“ဆရာတော်ဦးသုမနကတော့ ဒီလောက်သံဃာတွေ စကားပြောနေတာတောင် မနိုးဘူး၊ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော် နေတယ်၊ အံ့သြစရာကောင်းလိုက်တာ။” ဟု ပြောလိုက်သောအခါ ၀က်လက်မြို့နယ် လှတောရွာမှ ဆရာ တော်ဦးဝေပုလ္လက
“ဦးဇ၀နရေ ဦးသုမနအိပ်ပုံကတော့ ကာလနဂါးမင်းကို ဘာမီတွန်တိုက်ထားတာကျနေတာဘဲ။” ဟု မှတ်သား ဖွယ် မိန့်ကြားလိုက်လေသည်။ ထိုအခါ သံဃာတော်များသည် မပြုံးဘဲ ၀ါးလုံးကွဲရယ်ကြလေတော့သည်။
မှတ်ချက်။ ကာလနဂါးမင်းဟူသည် အလွန်အအိပ်ကြီးသည်။ ဘုရားတစ်ခါပွင့်မှ တစ်ခါနိုးသည်။
ထို့နောက် မိမိသည်
“ဆရာတော်ဦးဝေပုလ္လကတော့ လှတောသားဇာတိတော့ ပြနေပြီး။” ဟု ပြောကြားလိုက်သည်။ လှတောသားများ သည် ဥပမာမပါရင် စကားမပြောတတ်ကြပေ။ ဤတွင် ဦးဣန္ဒာစက္ကမှ
“ ဦးဇ၀နရေ စပ်မိလို့ လှတောသားအကြောင်းပြောရအုံးမယ်၊ တခါက လှတောသားမိသားစု မန္တလေးဘုရားဖူး လာတယ်၊ တည်းတာကတော့ တပည့်တော်တို့ကျောင်းပေါ့ဘုရား၊ သူတို့မိသားစုထဲမှာ လေးနှစ်သားအ ရွယ်ကလေးတစ်ယောက်ပါတယ်၊ ကလေးက ဘာမပြော ညာမပြော အပြင်ထွက်သွားတယ်၊ မိဘတွေက စိတ်ပူ လို့ လိုက်ရှာတော့ ကျောင်းအပြင်ဘက် ကားလမ်းဘေးမှာ ဆော့နေတယ်၊ ဤတွင် မိခင်က သွားခေါ်ပြီး
“သေးချင်းဆိုးလေ နင့်အဖေကားတိုက်သွားလို့ ကျောက်လမ်းပေါ်ပြားကပ်သွားရင် ပေါက်ပြားနဲ့ခွါထုတ်နေရအုံး မယ်”လို့ ဥပမာနဲ့ ပြောသွားတယ်ဗျ”ဟု ပြောပြသောအခါ အနီးအနားရှိသံဃာများသည် နဂိုက ရယ်လို့ အူနာမ ပျောက်သေး နောက်ထပ်ရယ်စရာ ပေါ်လာသဖြင့် အူနှိပ်ကာ ရယ်ကြရပြန်သည်။
ဒီနေရာတွင် လှတောသားအကြောင်းစပ်သဖြင့်ပြောရာ လှတောသားအကြောင်း မိမိအတွေ့အကြုံတစ်ခုကို
ပြောပြပါရစေအုံး။ မိမိသည် ရန်ကုန်မြို့ အောင်မင်္ဂလာစာသင်တိုက်မှာနေစဉ် လှတောရွာမှ ဦးဝိနယဆိုသော ဦးဇင်းနှင့်
ရင်းနှီးခွင့်ရရှိခဲ့သည်။ တစ်ခါတွင် မိမိက
“ဆရာတော်ဦးဝိနယ,ဦးဇင်းရွာက စာသင်တိုက်ကို ကိုရင်ဘယ်နှစ်ပါးပို့ထားသလဲဘုရား”ဟု မေးသောအခါ
“မောင်ဇ၀နရေ ရွာကျောင်းက ကိုရင်တွေက ငယ်သေးတယ်၊ ဘယ်လောက်တောင်ငယ်သလဲဆိုရင် ကမြင်းနီကို ပင် အဖေခေါ်ရလိမ့်မယ်။”ဟု ဆရာတော်ဦးဝိနယသည် လှတောသားပီပီ ဥပမာနှင့် ပြောသွားလေသည်။
မှတ်ချက်။ ကမြင်းနီသည် ပုရွက်ဆိတ်ထက်ပင် သေးငယ်သော အနီရောင်ရှိ ပိုးမွှားကောင်ကလေးပင်ဖြစ်သည်။
မြက်တောထဲတွင် နေလေ့ရှိသည်။


Monday, March 15, 2010

“အိမ်မက် မြင်မက်ခြင်း၏ အကြောင်းကို ရှာဖွေခြင်း”

ဒီနေ့တော့ ပုံပြင်အသစ်မတင်ဖြစ်တော့ပါ။ စင်္ကာပူမှ မိမိ၏ ကျေးဇူးရှင်ဒကာတော်မှ အိမ်မက်အကြောင်းမေးလာသဖြင့်
အိမ်မက်အကြောင်းကို တင်ပြသွားပေအံ့။ အိမ်မက် မက်ခြင်း၏ အကြောင်းကို ရှာရသော် လေးမျိုးတွေ့နိုင်ပေမည်။
(၁) ဓာတ်ခြောက်ခြားခြင်းကြောင့် သို့မဟုတ် သွေးသည်းခြေသလိပ်တို့၏ ခြောက်ခြားခြင်းကြောင့် အိမ်မက် မက်နိုင်သည်။
ထိုဓာတ်ခြောက်ခြားခြင်းကြောင့် (ဓာတ်ခြောက်ခြားစေတတ်သော အကြောင်းများသည်ကား မကောင်းသော စိတ် ဥတု
အာဟာရ သဘောမတူသောဆေး ကာမဂုဏ်ကို ထကြွစေတတ်သောဆေးတို့သည်ပင်ဖြစ်သည်) မြင်မက်သော
အိမ်မက်များသည်ကား တောင်ပေါ်မှ ကျသွားသကဲ့သို့လည်း မြင်မက်တတ်သည်။
ကောင်းကင်မှာ ပျံသွားသကဲ့သို့လည်း မြင်မက်တတ်သည်။ မိမိနောက်သို့ ခြင်္သေ့ သစ်ကျား ဆင်စသော သားရဲ၊
ဓားမြ သူပုန် စသော သူတို့ အစဉ်လိုက်သကဲ့သို့လည်း မြင်မက်တတ်သည်။ ထို့သို့ မြင်မက်သော အိမ်မက်မျိုးသည် မမှန်၊
မှားယွင်းသော အိမ်မက်များသာဖြစ်သည်။
(၂) ခံစားအပ်ဘူးသော အာရုံကြောင့်လည်း အိမ်မက် မြင်မက်သည်။
မိမိခံစားအပ်ဘူးသော အာရုံများကိုပင် မြင်မက်သည် ။ ထို့သို့ မြင်မက်သော အိမ်မက်မျိုးသည် မမှန်၊
မှားယွင်းသော အိမ်မက်များသာဖြစ်သည်။
(၃) နတ်တို့၏ ဆောင်ပြခြင်းကြောင့်လည်း အိမ်မက် မြင်မက်သည်။
နတ်တို့သည် အကျိုးကို လိုလားသောကြောင့်လည်းကောင်း အကျိုးမဲ့ကို လိုလားသောကြောင့်လည်းကောင်း အထူးထူး
သော အာရုံတို့ကို အိမ်မက် မြင်မက်သော ပုဂ္ဂိုလ်ထံသို့ ဆောင်ကြလေသည်။ နတ်တို့၏ အာနုဘော်ကြောင့် ထိုပုဂ္ဂိုလ်သည်
အထူးထူးသော အိမ်မက်ကို မြင်မက်၏။ အထူးထူးသော အာရုံကို မြင်မက်၏။ စိတ်ဆိုးသော နတ်တို့သည် ဥပါယ်တမည်
အားဖြင့် ပျက်စီးစေလိုကုန်သည်ဖြစ်၍ အမှန်ဖြစ်မည့်အကျိုးမှ ပြောင်းပြန်ကိုလဲ ပြတတ်ကြသည်။ အိမ်မက်ပေးတတ်ကြသည်။
ထိုအိမ်မက်သည်ကား တစ်ခါတစ်ရံ မှန်သည်။ တစ်ခါတစ်ရံမှားသည်။
(၄) ပုဗ္ဗနိမိတ်ကြောင့်သော်လည်းကောင်း ရှေးအဖို့၌ဖြစ်သော အရိပ်နိမိတ်ကြောင့်သော်လည်းကောင်း အိမ်မက်ကို မြင်မက်
နိုင်သည်။ ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိမ်မက်သည် သေချာပေါက်မှန်သည်။ ကောင်းကျိုးလည်း ဖြစ်နိုင်သည်။
ဆိုးကျိုးလည်းဖြစ်နိုင်သည်။ ဥပမာ ဘုရားအလောင်း၏ မယ်တော်မာယာဒေ၀ီ မိဖုရားသည် သားရခြင်း၏
အကြောင်းဖြစ်သော အိမ်မက်ကို (ဆင်ဖြူတော်ကလေး ၀မ်းတိုက်သို့ ၀င်၏ဟူသော အိမ်မက်ကို)
မြင်မက်သည်။ ဘုရားလောင်းသည် ငါးပါးသော အိမ်မက်ကို မြင်မက်သည်။ ထိုအိမ်မက်များသည် ကောင်းကျိုးအတွက် မြင်
မက်သော အိမ်မက်များဖြစ်သည်။ မြင်မက်သည့်အတိုင် သေချာပေါက်မှန်ကန်ပါပေသည်။
ကောသလမင်းသည် တစ်ဆယ့်ခြောက်ပါးသော အိမ်မက်များကို မြင်မက်သည်။ ဤအိမ်များသည် အနာဂတ်တွင် ဆိုးကျိုး
များပေးလတံ့သည်ကို ကြိုတင်နိတ်ပေးသည့်အနေဖြင့် မြင်မက်သော အိမ်မက်များပေတည်း။ သေချာပေါက် မှန်ကန်သည့်
အိမ်မက်ပင်ဖြစ်ပေသည်။ ထိုလေးပါးသော အိမ်မက်တို့ကို ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့သည်သာ မြင်မက်ကြသည်။ အကြောင်း
သော်ကား ထိုပုဂ္ဂိုလ်တို့သည် ၀ိပလ္လာသတရားတို့ကို မပယ်ရသေးသောကြောင့်ပေတည်း။ ရဟန္တာအရှင်မြတ်တို့သည်ကား
ဝိပလ္လာသတရားတို့ကို ပယ်ပြီးဖြစ်ကြောင့် အိမ်မက်ကို မမြင်မက်တော့ချေ။
(ကိုးကားသောကျမ်း ပါရာဇိကကဏ္ဍအဌကထာ ဒုအုပ် သုက္က၀ိဿဌိသိက္ခာပုဒ်အဖွင့်)




Saturday, March 13, 2010

“မိမိနှင့် အင်္ဂလိပ်စာ”

မိမိသည် (၂၀၀၂)ခုနှစ်တွင် M.A တန်းတက်ရန် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် သီရိလင်္ကာနိုင်ငံသားများနှင့် မြန်မာရဟန်းတော်အချို့တို့သည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနေကြ သည်ကို တွေ့ရှိရလေသည်။ သူတို့ကဲသို့ မိမိသည်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောတတ်လိုသည်။ သို့ဖြစ် သဖြင့် အင်္ဂလိပ်စာအားနည်းသော မိမိနှင့် သူငယ်ချင်းဦးဇင်းတစ်ပါးသည် Oxford collage သို့ အင်္ဂလိပ် သဒ္ဒါနှင့် အင်္ဂလိပ်စကားပြောကို တက်ကြလေသည်။ မိမိတို့သည် အင်္ဂလိပ်စာအားနည်းကြသည့်အားလျှော်စွာ တခါတလေ ဆရာဘာပြောသည်ကိုပင် မသိကြပေ။ listening skillကလဲ အလွန်ပင်အားနည်းကြပေသည်။ ထိုအပြင် ဆရာ၏ အင်္ဂလိပ်စကားပြောကလည်း အလွန်ပင် မြန်လှပေသည်။ အသံထက်မြန်သော လေယာဉ်ပင် အရှုံးပေးရမည်ထင်၏။ ဆရာက လေ့ကျင့်ခန်းပြုလုပ်ခိုင်းလျှင် အနီးအနားရှိ ကျောင်းသား ကျောင်းသူများကို မေး၍ လေ့ကျင့်ခန်းများလုပ်ကြရသည်။ တစ်နေ့ ဆရာသည် ကျောင်းသားတိုင်း၏ လေ့ကျင့်ခန်းစာအုပ်ကို စစ်ဆေးနေသည်။ မိမိသည် အနီးအနားရှိကျောင်းသားကို
“ဆရာက ဘာတွေစစ်ဆေးနေတာလဲ သူငယ်ချင်း“ ဟု မေးလိုက်မိသည်။
“ဘန္တေကြီး တပည့်တော်တို့ကို မနေ့က အိမ်စာပေးလိုက်တယ်လေ၊ အဲဒါစစ်ဆေးနေတာ” ဟု ကျောင်းသားက ပြောလိုက်သောအခါတွင် မိမိသည် တော်တော်ပင် တုန်လှုပ်ခြောက်ခြားသွားသည်။ ဆရာသည် စာနှင့်ပတ် သက်လာလျှင် ဘုန်းကြီးကိုလည်း ချန်မထား၊ အလွန်ပင် ဆူငေါက်တတ်သည်။ ဆရာသည် အိမ်စာများကို တစ်ယောက်ချင်းစစ်လာသည်။ မိမိအလှည့်ရောက်သောအခါ
“ဘန္တေဇ၀န အိမ်စာပြပါ”ဟု လေ့ကျင့်ခန်းစာအုပ်ကို တောင်းလေတော့သည်။
“ဆ၇ာ မနေ့က ဦးဇင်းခေါင်းကိုက်နေလို့ မရေးဖြစ်ခဲ့ပါဆရာ” ဟု ဖြေကြားလိုက်သောအခါတွင်ကား ဆရာသည် မိမိကို အစွမ်းကုန် ဆူလေနေတော့သည်။ နောက်ဆုံး ဆရာသည်
“ဘန္တေဇ၀န ငါးပါးသီလပါဠိကို ရလား၊ ရလျှင် ရွတ်ပြပါ ”ဟု တောင်းဆိုလာလေသည်။ မိမိသည် “ဆရာကြီးသည် ငါးပါးသီလကို သိလိုဟန်ရှိ၏။ လေ့ကျင့်ခန်းမလုပ်လို့ မိမိအပေါ်တွင် ဒေါသထွက်နေသော ဆရာကြီးကို ငါးပါး သီလပါဠိကို ရွတ်ပြခြင်းဖြင့် ကျေနပ်နှစ်သက်စေမည်”ဟူသော ရည်ရွယ်ချက်ဖြင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အသံနေ အသံထားဖြင့် ရွတ်ပြလိုက်သည်။ ပီပြင်စွာ ရွတ်ဆိုနိုင်သဖြင့် ပီတိစိတ်တွေပင် တဖွားဖွား ဖြစ်ပေါ်လာ ချေသည်။ ပါဏာတိပါတာမှ စ၍ ရွတ်ဆိုလာလိုက်ရာ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ဟူသော သိက္ခာပုဒ်ကို ရောက်သောအခါတွင်ကား
“ဘန္တေဇ၀န အဲဒီသိက္ခာပုဒ်၏ အဓိပ္ပာယ်ကို ပြောပါ၊”
“မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏”ဟု အဓိပ္ပာယ်ကို ချက်ချင်း ရှင်းပြလိုက်သည်။
“ဘန္တေဇ၀နက ခေါင်းကိုက်လို့ အိမ်စာ မလုပ်ခဲ့ဘူးလို့ ပြောတယ်၊ အဲဒါတကယ်လား၊ သို့မဟုတ် ရဟန်းဖြစ်လျှက် ညားတာလား၊”ဟု မေးလေပြန်သည်။ ထိုအခါမှ မိမိသည် သဘောပေါက်လိုက်ပါပြီ။
“ဆရာကြီးသည် ငါးပါးသီလသိက္ခာပုဒ်များကို သိလို၍ မေးခြင်းမဟုတ် မိမိအား ကျောင်းသားတွေအလယ်မှာ ဒေါက်ဖြုတ်လို၍သာ မေးခြင်းဖြစ်သည်”ဟု သဘောပေါက်ကာ ငြီးခြင်းကြီးတစ်မျိုးသာ ငြီးချလိုက်ပါတော့သ တည်း။
“အမောင်ဇ၀န မင်း ဒီနေ့ ကံမကောင်းပါလား”။
အိမ်စာမရေးရခြင်း၏ စစ်မှန်သော အကြောင်းကို ဆက်၍ ရှာရသော်ကား
“ခေါင်းကိုက်၍ မဟုတ်၊ ဆရာအိမ်စာပေးလိုက်သည်ကိုပင် နားမလည်သောကြောင့်ပေတည်း။”
တစ်နေ့ မိမိနှင့် သူငယ်ချင်းသည် အလွန်စောစွာပင်လျှင် ကောလိပ်သို့ ရောက်သွားကြသည်။ ကောလိပ်သို့ ရောက်သောအခါတွင်ကား
“ဘန္တေကြီးတို့ ဒီနေ့ ကျောင်းပိတ်တယ်လေ၊ မသိဘူးလား၊ မေ့သွားတယ်ထင်တယ်၊”ဟု စာရေးလေးက ပြောလေ သည်။ ဤတွင် မိမိက
“ဆောရီး သူငယ်ချင်းရေ ဒို့မေ့သွားလို့ပါကွယ်”ဟု ပြောကာ ခပ်သုတ်သုတ်လစ်ထွက်လာလေတော့သည်။
“အမှန်စင်စစ်ကား မေ့၍ ထိုကောလိပ်သို့ ရောက်ရှိသွားခြင်း မဟုတ်ပေ၊ ဆရာကား မနေ့က ကျောင်းပိတ်တယ် လို့ပြောလိုက်လေသည်၊ ကျောင်းပိတ်တယ်လို့ ပြောလိုက်သည်ကို နားမလည်ကြသော မိမိတို့သည်ကား ကော လိပ်သို့ ထို့နေ့မှပင် စောစောစီးစီး ရောက်ရှိသွားပေသည်။ဇွဲဆုပေးထိုက်ပါပေ၏။



Friday, March 12, 2010

“တိုက်သစ်တက် ဆွမ်းကပ်ချင်းလို့ပါဘုရား”

ဤအဖြစ်အပျက်သည်ကား မိမိသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့မစာသင်တိုက်တွင် သီတင်းသုံးစဉ်က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်ကလေးဖြစ်သည်။ မိမိတို့၏ ကျောင်းတိုက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ရှိခဲ့သော ရပ်ကွက်ကျောင်းတိုက် တစ်တိုက်ပင်ဖြစ်ပေသည်။ သို့ဖြစ်သဖြင့် သာရေး နာရေးရှိလျှင် ရပ်ကွက်အတွင်းမှ ဒါယကာ ဒါယိကာမများသည် ကျောင်းတိုက်ကို လာရောက်၍ သံဃာ တော်များကို ပင့်လေ့ရှိသည်။ စနေနေ့ တစ်ရက်က ဖြစ်သည်။ ထိုနေ့က ညနေခင်း ငါးနာရီလောက်တွင် ဒါယိကာမတစ်ဦးသည် သူ့မ၏ မွေးနေ့ပွဲအတွက် သံဃာငါးပါးပင့်ရန် ကျောင်းသို့ ရောက်ရှိလာလေသည်။ မိမိနှင့်တွေ့သဖြင့် ပင့်ဖိတ်မှုကို လက်ခံထားလိုက်သည်။ ထိုဒါယိကာမကြီးထံမှလည်း လိပ်စာအတိအကျ တောင်းထားလိုက်သည်။ ထို့နောက် မိမိထက် အသက်သိက္ခာကြီးသော မထေရ်ကြီးထံ သွားရောက်သတင်းပို့ လိုက်သည်။ မထေရ်ကြီးက
“ဦးဇ၀နရေ ဆွမ်းကပ်က ငါးပါးဆိုရင် အရှင်ဘုရားရယ် တပည့်တော်ရယ် ကျန်စာသင်သား သံဃာသုံးပါးရယ် ခေါ်ပြီး မနက်ကြွကြတာပေါ့ဘုရား။”ဟု မိန့်ကြားလေသည်။ ခေတ္တခဏကြာ တခြားဝိလာသ ဟုအမည်ရသော စာချဘုန်းကြီးတစ်ပါသည်လည်း ရောက်ရှိလာပြီး
“ဆရာတော်! ဒါယကာတစ်ဦးက သူ့အိမ်ရဲ့ တိုက်သစ်တက်ပွဲမှာ သံဃာငါးပါးပင့်သွားတယ်၊ တနင်္ဂနွေနေ့ မနက် ငါးနာရီတဲ့၊ တိုက်သစ်တက်မို့ တရားဟော ကောင်းတဲ့ ကိုယ်တော်ကြွပေးပါဘုရားလို့လဲ လျှောက်သွားတယ်၊ ပြီးတော့ ဆွေမ်း ဆွမ်းဟင်း ထည့်ဘို့ ကျောင်းက စတီငါးဆင့်ဂျိုင့်တစ်လုံး သပိတ်တစ်လုံး သင်္ကန်ငါးစုံ ထည့်ပေး လိုက်တယ်။ မနက်မှ သင်္ကန်းငါးစုံဖိုးကို ကပ်မယ်တဲ့ဘုရား။” ဟုလျှောက်ထားလေသည်။ ဤတွင် မထေရ်ကြီးမှ ပစ္စည်းတွေ ပေးလိုက်တာ မင်းက သူတို့ကို သိလို့လား။” မေးလေသည်။ ထိုအခါ စာချဘုန်းကြီးလေးဝိလာသမှ
“ကျောင်းမှာ ဆွမ်းချက်နေတဲ့ ဒါယိကာမကြီး ဒေါ်စန်းသားလဲ ပါတယ်ဆရာတော်။” ဟု ပြန်လည်လျှောက်ထား သောအခါ
“အေး အေး အသိပါရင်တော့အရေးမကြီးပါဘူး၊ ခုခေတ်က လူလိမ်တွေပေါလို့ ညာသွားမှာစိုးရိမ်လို့ပါ၊ ထို့နောက် မထေရ်ကြီးသည် မိမိဘက်လှည့်ကာ
“ဦးဇ၀နရေ မနက်ဖြန်ဆွမ်းစားက နှစ်ပွဲဆိုတော့ အရင်လာပင့်တဲ့ပွဲကို အရှင်ဘုရားက ဦးဆောင်ပြီးကြွသွားလိုက်၊ နောက်ပွဲ ကိုတော့ တပည့်တော်က ဦးဆောင်ကြွမှဖြစ်မယ်။” ဟု စီမံလေသည်။ နောက်နေ့ မနက် တနင်္ဂနွေနေ့ နံနက်စောစော မိမိတို့၏ အဖွဲ့သည် မွေးနေ့ရှင် ဒါယကာမကြီးအိမ်မှ ပင့်သော ပုဂ္ဂိုလ်လာရောက်သဖြင့် လိုက်သွားကြသည်။ မိမိတို့အဖွဲ့သည် ဆွမ်းစား တရားဟော ရေစက်ချပြီးနောက် (ရ) နာရီခန့်လောက်တွင် ပြန်ကြွလာ ကြသည်။ မထေရ်ကြီးဦးစီးသော အဖွဲ့သည်ကား သင်္ကန်းရုံလျှက် ဆွမ်းစားလာပင့်မည့် ဒါယကာကို စောင့်နေကြသည်။ “မေ့နေ၍ လာမပင့်တာဖြစ်မယ်ထင်တယ်”ဟု ယူဆပြီး ပေးထားသောလိပ်စာအတိုင်း လိုက် သွားကြသည်။ သိပ်မကြာလိုက်ပါ မထေရ်ကြီးတို့အဖွဲ့ ပြန်ကြွလာကြသည်။ ထိုအခါ မိမိက
“ဆရာတော် ဘယ်လိုဖြစ်တာလဲ၊ ဆွမ်းစားက မြန်လှချည့်လား။” ဟု စပ်စုလေသည်။ ဤတွင် ဆရာတော်က
“ပေးထားတဲ့ လိပ်စာအတိုင်းလိုက်သွားတာ၊ အိမ်လဲရှာမတွေ့ခဲ့ဘူး၊ ဒကာလဲ မတွေ့ခဲ့ဘူး၊ ဟိုလက်ခံတဲ့ ၀ိလာသ အသုံးမကျလို့ ဖြစ်ရတာ၊ ဆွမ်းမစားရတာ အရေးမကြီးဘူး၊ ကျောင်းရှိတဲ့ ပစ္စည်းတွေက ပါသွားပြီး။”ဟု ဒေါနှင့် မောနှင့် ပြောကာ ဆရာတော်သည် သူ့အဆောင်ဘက်ဆီသို့ ကြွသွားလေတော့သတည်း။
“အော် ရပ်ကွက်ထဲလဲ လိမ်စရာ လူမရှိလောက်အောင် မွဲကုန်ပြီထင်ရဲ့ ဘုန်းကြီးကျောင်းဘက်သို့ပင် လှည့်လာကြလေပြီ၊ သတိထားမှ တန်ကာကျချေတော့မည်။ မိမိဆရာတော်၏ အဖြစ်သည်ကား “ဖွတ်မရ ဓါးမအဆုံး” ဖြစ်လေတော့သည်။
လူတို့သည် ငတ်လာသည့်အခါ ပုဂ္ဂိုလ်မရွေးတော့ပေ တစ်နည်းနည်းဖြင့် လိမ်ကြတော့သည်။ တစ်နေ့ မိမိသည် ကျောင်းကြီး၏ အောက်ထပ် စာကြည့်နေစဉ် ဒါယကာတစ်ယောက်ရောက်လာသည်။ မိမိအား လာရောက် ၀ပ်ချလေသည်။ထို့ကြောင့် မိမိက
“ဒကာတော် ဘာကိစ္စရှိလို့လဲ” မေးသောအခါ
ဒကာတော်က
“ဆရာတော်နှင့် တွေ့ချင်လို့ပါဘုရား”
“ဘာကိစ္စရှိလို့လဲ ဒကာကြီး၊ ဆရာတော်မရှိဘူး၊ တော်တော်တန်တန်ကိစ္စလောက်တော့ ဦးဇင်းကို လျှောက်လဲ ရပါတယ်ဒကာကြီး”
“တပည့်တော်လျှောက်ရမှာလဲ ရှက်ပါတယ်ဘုရား၊ တပည့်တော်တောင်းစားတဲ့လူစားမျိုလဲ မဟုတ်ပါဘူးဘုရား၊ တပည့်တော်ဟင်္သာတကို သွားရမှာ လမ်းစရိတ်မရှိလို့ အဲဒါကျောင်းထိုင်ဆရာတော်ဆီကို စရိတ် စွန့်ခိုင်းမလို့ပါ ဘု၇ား၊”
“ဟင်္သာတစရိတ်က ဘယ်လောက်ရှိလဲ ဒကာကြီး”
“တစ်ထောင်လောက်ဆိုရင် ရပါတယ်ဘုရား”
“ဆရာတော်လဲ မရှိဘူး ဒကာကြီး၊ ဦးဇင်းတတ်နိုင်သလောက် ငါးရာစွန့်လိုက်မယ်၊ အဲဒါနဲ့သာ သွားပေတော့ ဒကာကြီး။”ဟုပြောကာ ငါးရာစွန့်ကြဲလိုက်လေသည်။ ဒကာကြီးသည် ငါးရာကို လက်ခံပြီးနောက် မိမိအား ပြားပြားဝပ် ရှိခိုးကာ
“အရှင်ဘုရားရဲ့ ဥပဓိရုပ်အသွင်အပြင်ကြည့်ရတာ နောင်အခါ ဘုန်းကြီးမယ့်ရုပ်မျိုးဘဲဘုရား။”ဟု မြှောက်သွား လိုက် ပြန်သည်။ မိမိကလည်း စိတ်အတွင်းမှ
“ဒကာတော်ရေ ဦးဇင်းက အ၇င်က ဘုန်းကြီးတစ်ပါးလို အမြှောက်မကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါး ဆိုတာ ကိုတော့ သိစေချင်တယ် ဒကာကြီး”ဟု ပြောလိုက်မိသည်။
ဤအကြောင်းနှင့်စပ်သဖြင့် ရှေးက အမြှောက်မကြိုက်တတ်သော ဘုန်းကြီးတစ်ပါးရှိသည်။ ထိုဘုန်းကြီးကို ဘယ် ပုဂ္ဂိုလ်ကမှ မြှောက်ပင့်မပြောရဲပေ၊ အကြောင်းသော်ကား သူသည် အမြှောက်မကြိုက်တတ်သော ကြောင့်ပေ တည်း။ သို့သော် တစ်နေ့ ဒကာတစ်ယောက်ရောက်လာကာ
“တပည့်တော်ဘုန်းကြီးတွေ တော်တော်များများတွေ့ဘူးတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေချည်းဘဲဘုရား၊ အမြှောက်မကြိုက်တတ်တဲ့ ဘုန်းကြီးဆိုလို့ အရှင်ဘုရားတစ်ပါးဘဲ တွေ့ဘူးသေးတယ်ဘုရား”ဟုလျှောက်သော အခါ ဆရာတော်က
“ဟုတ်တာပေါ့ ဒကာရ၊”ဟုလက်သီးလက်မောင်းတမ်းကာ အားရ၀မ်းသာထောက်ခံလေသတည်း။




Thursday, March 11, 2010

“အိုးထဲမှ ဆားကို ကြွက်စားသွားခြင်း”

တစ်ခါက ရွာတစ်ရွာတွင် ဇနီးမောင်နှံနှစ်ယောက်ရှိကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးပေါ်တစ်ဦး အလွန်ချစ်ကြ သည်။ နှစ်တွေကြာလာတော့လဲ နဂိုက အသဲပေါက်မတတ်ချစ်တယ်။ ငုံထားမတတ်ချစ်တယ်ဆိုသော စကားများ ဟာ သဲထဲရေသွန်လိုက်သလို ပျောက်ပျက်ကုန်ပြီ။ ဒါဟာ ပုထုဇဉ်တို့၏ သဘောသဘာဝဖြစ်သည်။ တစ်နေ့ သူငယ်ချင်းဖြစ်သူများက အမျိုးသားဖြစ်သူကို
“မင်းယူထားတဲ့ ဇနီးက မင်းအမေလောက်ရှိတယ်၊ မင်းမို့လို့ ကိုယ့်အမေလောက်ရှိတဲ့ မိန်းမကိုမှ ကောက်ယူထား တယ်။” ဟု ပြောကြလေသည်။ အမှန်ပင်ဖြစ်ပါပေသည်။ သူယူထားသော အမျိုးသမီးသည်ကား သူ့ထက် အသက်(၁၅) နှစ်လောက် ကြီးမည်ထင်၏။ သို့ဖြစ်သဖြင့် အမျိုးသားဖြစ်သူသည် သူ့ဇနီး၏ အသက်ကို သိချင် လာသည်။ တစ်နေ့ နှစ်ယောက်စုံညီ ညနေစာ ထမင်းစားချိန်တွင် အမျိုးသားက
“ရှင်မရေ ဒို့များ အိမ်ထောင်ကျလာတာကြာပြီ မင်းကလဲ ကိုယ့်အသက်ကို မသိ၊ ကိုယ်ကလဲမင်းအသက်ကို မသိ၊ အသက်ကလေးတော့ တစ်ယောက်နဲ့ တစ်ယောက်သိထားရင် ကောင်းတာပေါ့၊ ဒါကြောင့် ရှင်မအသက် ဘယ် လောက်ရှိသလဲ”ဟူ၍ မေးလေသည်။ အမျိုးသမီဖြစ်သူက
“တော့နယ်တော် ကျွန်မတို့ အိမ်ထောင်ပြုလာတာလဲ ကြာပါပြီ၊ ခုမှအသက်လာမေးနေတယ်။ အသက်က အဓိက မဟုတ်ပါဘူးတော်၊ တစ်ယောက်ကို တစ်ယောက် ချစ်တတ် ခင်တတ်ဘို့က အဓိကပါ။”ဟု အသက်ကို မဖြေဘဲ ဝေ့၀ိုက်သွားလေသည်။ အမျိုးသားဖြစ်သူက မကျေနပ်ပေ။ ကြုံတိုင်းမေးသည်။ အမျိုးသမီးသည်ကား သွယ်ဝိုက် ကာ မဖြေဘဲလျှက် ရှောင်ဖယ်သွားလေသည်။ သို့အတွက်ကြောင့် အမျိုးသားသည် စိတ်အတွင်က သူ့၏ ဇနီး သည်ကို အခဲ မကြေဖြစ်လာလေသည်။ တစ်နေ့ အမျိုးသားဖြစ်သူသည်
“ဒီမိန်းမတော့ မေးတာ မဖြေဘူး၊ အကြောင်းတစ်မျိုးမျိုးပြပြီ ရိုက်အုံးမှ ရမယ်” ဟု အကြံဖြစ်သည်။ အမျိုးသား ဖြစ်သူသည်ကား အကြောင်းတစ်မျိုးမျိုးပြကာ ရိုက်မည်ဟု ကြံသော်လဲ အကြောင်းကားရုတ်တရက်ရှာမရ၊ လူကလဲ လူရိုး၊ ဗဟုသုတကလဲ နည်းရှာပေသည်။ သို့ဖြစ်သဖြင့် ဇနီးမယားဖြစ်သူကို အကြောင်းရှာရိုက်ရန် မီးဖိုချောင်အတွင်းသို့ ၀င်သွားလေသည်။ မီးဖိုချောင်အတွင်းဝယ် ဆားအိုးသည်ကား ပွင့်လျှက်သား ရှိနေလေ သည်။ ထိုနောက် ဒေါနှင့် မောနှင့် ပြန်ထွက်လာကာ
“မိန်းမ မင်းဘာမှ အသုံးမကျဘူး၊ မီးဖိုချောင်ဦးစီးဖြစ်နေပြီး မီးဖိုချောင်ကို ဂရုမစိုက်ဘူး၊ ဆားအိုးလကဲ မပိတ်၊ ဒီအတိုင် ပွင့်လျှက်ကြီး။ ကြွက်တွေက ဆားတွေကို စားသွားတာ ခုဆားနည်းနည်းဘဲ ကျန်တော့တယ်၊ ဒါ နင်ပေါ့လို့ဖြစ်တာ”ဟု ပြောကာ မိန်းမဖြစ်သူအား ရိုက်လေတော့သည်။ ယောက်ကျားဖြစ်သူ၏ အရိုက်ကို ခံရရှာသော အမျိုးသမီးသည်ကား
“အမလေး ကျမအသက် လေးဆယ့်ငါးနှစ်ရှိပါပြီ၊ ဒီယောက်ကျားနဲ့ တွေ့မှဘဲ ကြွက်က ဆားကို စားတယ်လို့ ကြားဖူးပါတယ်၊ ကြွက်က ဆားကို စားလို့ ကျမကို ရိုက်နေပါတယ်တော့။” ဟု အော်ဟစ်ကာ ငိုယိုလေတော့ သည်။ အမျိုးသားလဲ တစ်ခါတည်းတွင် သူ့အမျိုးသမီး၏ အသက်ကို သိလိုက်ရသည်။ သို့သော် ကြွက်က ဆားကို စားရိုးထုံးစံမရှိဘူးဆိုတာကိုလဲ သိရော ရှက်ကာ တောသို့ လစ်ပြေးလေတော့သတည်း။
“အော် အကြောင်းပြသည်ကား ပညာရှိများသည်ပင် မမြင်နိုင်သော အကြောင်းပြမျိုးဖြစ်သဖြင့် အလွန်ပင် မှတ်သားထိုက်ပါပေသတည်း။”



Wednesday, March 10, 2010

“မြတ်ဗုဒ္ဓ၏ ဓမ္မအနှစ်ချုပ်ကို ဟောပြတော်မူပါ”

မိမိသည် ပြီးခဲ့တဲ့ သီတင်းကျွတ်လက မိဘနှစ်ပါး ဆရာသမားများ ဆွေမျိုးများ ဓမ္မမိတ်ဆွေများနှင့် တွေ့ရန်အ လို့ငှာ မြန်မာပြည်သို့ ပြန်ကြွသွားခဲ့သည်။ မြန်မာပြည်မရောက်တာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ခေါက် တော့ တော်တော် ကြာကြာနေလိုက်အုံးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော်လည်း ကြာကြာမနေ လိုက်ရပါ၊ စင်္ကာပူမှာ သာသနာပြုနေတဲ့ သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ဦးဝိစိတ္တမှ စင်္ကာပူကြွရန် ဖိတ်မန်တက ပြုလာသည့် အတွက် စင်္ကာပူဘက်လှမ်းခဲ့ရပြန်သည်။

စင်္ကာပူမှာနေစဉ် ဆမ်ဘာဝမ်းဘက်က သူငယ်ချင်းများ ဖြစ်ကြတဲ့ ဆရာတော်ဦးဣန္ဒာစရိယ ဦးပဏ္ဍ၀ ဦးသုနန္ဒတို့ရဲ့ကျောင်းဘက်သွားနေလိုက်။ ဆရာတော်ဦးဝိစိတ္တ ကျောင်းနေလိုက်နဲ့ တစ်လသည်ကား ဘယ်လိုပြည့်လို့ ပြည့်သွားမှန်းမသိလိုက်ပါ။ သူငယ်ချင်းများကလဲ မတွေ့တာကြာ ပြီဖြစ်တဲ့အတွက် သူတို့နဲ့ ကြာကြာနေစေချင်ကြသည်။ သို့ဖြစ်သည့်အတွက် နှစ်လလောက်တော့ နေလိုက်မယ် လို့ ဆုံးဖြတ်ချက်ချထားသည်။

သို့သော် နောက်တစ်ကြိမ် ဗီဇာအလျှောက် စင်္ကာပူအစိုး၏ ငြင်းပယ် ခြင်းကို ခံခဲရသည့်အတွက် အိန္ဒိယကို ပြန်လှမ်းကြွခဲ့ရပြန်သည်။ နောက်ဆုံးတော့ ဒီဘူတာဘဲ ပြန်လည်ဆိုက်ကပ်ရတော့တာပါဘဲ၊ သို့ဖြစ်သဖြင့် စင်္ကာပူမှ မနက်(၇)ခုနှစ်နာရီးထွက်သော လေယာဉ်ဖြင့် မွန်ဘိုင်းသို့ ခရီးဆက်ခဲ့ရပြန်သည်။

မွန်ဘိုင်း (ဘုံဘေ)လေဆိပ်ဆိုက်တော့ မိမိစဉ်းစာမိသည်ကား “အကယ်၍ imigration ဌာနကို ဖြတ်မယ်ဆိုလျှင် လူကြီးတွေထိုင်တဲ့ နေရာကို သွားတန်းလို့မဖြစ်ဘူး၊ သူတို့က ရစ်ချင်တယ်၊ လူငယ်ထိုင်တဲ့ နေရာမှာဘဲ တန်းမယ်”လို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ကံအားလျှော်စွာဘဲ လူငယ် တစ်ယောက်ကို အဝေးက မြင်လိုက်သည်။ သို့ဖြစ်၍ ထိုလူငယ်ထိုင်တဲ့ နေရာကို သွားတန်းလိုက်သည်။

လူငယ်သည် မိမိကို စစ်ဆေးသင့်တာများကို စစ်ဆေးပြီးနောက် မိမိအကြောင်း ဗုဒ္ဓဘာသာအကြောင်းများကို မေးလာလေသည်။ နောက်ဆုံး သူသည် “မြတ်ဗုဒ္ဓရဲ့ ဓမ္မကို အကျဉ်းချုပ်ကလေး ရှင်းပြခဲ့ပါအုံးဘုရား”ဟု တောင်းဆိုလာသဖြင့် မိမိသည် “သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ ဆိုတဲ့ ဂါထာဟာ မြတ်ဗုဒ္ဓ၏ တရားတော်တွေကို အနှစ်ချုပ်ထားတဲ့ ဂါထာဖြစ်တယ်။ အဓိပ္ပာယ်ကတော့
(၁) မကောင်းတာကို မပြုလုပ်နဲ့၊
(၂) ကောင်းတာကို ပြုလုပ်ပါ၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ ဒီတရားဟာ မြတ်စွာဘုရားတိုင်းရဲ့ အဆုံးအမပါဘ၊ဲ ဒါဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ အနှစ် ချုပ်ဘဲဖြစ်တယ် သူငယ်ချင်း ”ဟု ရှင်းပြကာ ထွက်ခွါလာခဲ့ပေသည်။

ထိုဒကာလေးသည်လည်း ပီတိ အပြည့်ဖြင့် ကျန်ခဲ့လေတော့သည်။ ဤနေရာတွင် မေးစရာအကြောင်းရှိလာသည်။ အရှင်ဘုရား (၁)နံပါတ်အရ မကောင်းမှု ဆိုတာ ဘာတွေကို ဆိုလိုတာလဲ ဘုရားဟု ဓမ္မအသိဥာဏ်နည်းသော ပုဂ္ဂိုလ်တစ်ဦးက မေးကောင်း မေးလာနိုင်သည်။ ထိုအမေးကို အနည်းငယ်ရှင်းပြပေအံ့။

မကောင်းမှုဟူသည် အကုသိုလ်တရားများကို ဆိုလိုသည်။ ထိုအကုသိုလ်တရားများသည်ကား
(၁) သူများအသက်ကို သတ်ခြင်း၊
(၂) သူများဥစ္စာကို ခိုးခြင်း၊
(၃) ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုကျင့်ခြင်း၊ ဤသုံးပါးကို ကာယကံ(ကိုယ်ဖြင့်ပြုလုပ်ခြင်း)သုံးပါးဟုခေါ် သည်။

(၄)မမှန်သော စကားကို ပြောဆိုခြင်း၊
(၅)သူတစ်ပါးကို သွေးကွဲအောင် ကုန်းတိုက်ခြင်း၊
(၆) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
(၇) မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်သော စကားကို ပြောဆိုခြင်း၊ ဤလေးပါကို ၀စီကံ(နှုတ်ဖြင့် ပြောဆိုခြင်း) လေးပါးဟုခေါ်သည်။

(၈) သူတစ်ပါးကြီးပွားသည်ကို ငြူစူခြင်း၊ မနာလိုဖြစ်ခြင်း၊
(၉) သူတစ်ပါးကို ပျက်စီးအောင်ပြုလုပ်ခြင်း
(၁၀)အယူမှားခြင်း။ ဤသုံးပါးကိုတော့ မနောကံ(စိတ်ဖြင့် ကြံစည်ခြင်း) သုံးပါးဟုခေါ်သည်။ ပေါင်း ဤတရား (၁၀)ပါးကို အကုသလကမ္မပထတရား(၁၀)ပါးဟု ခေါ်ဆိုပါသည်။

လူသားတိုင်းသည် ထိုတရား ဆယ်ပါးကို မလွဲ မသွေ ရှောင်ကြဉ်ရမည်ဖြစ်ပေသည်။ ယနေ့ ကမ္ဘာကြီးကို ကြည့်မည်ဆိုလျှင် ထိုတရားဆယ်ပါးကို ရှောင်ကြဉ်ရန် လျစ်လျှူရှုနေကြသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်ခိုက် နေကြသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓသည် လောကကြီးငြိမ်းချမ်းစေရန်အလို့ ငြိမ်းချမ်းရေးတရားများကို ကိုယ်တော်တိုင် ရှာဖွေဖော်ထုတ်ဟောကြားတော်မူခဲ့ပေသည်။ လိုက်နာရှောင်ကြဉ်ရန်သည်ကား မိမိတို့၏ တာဝန်သာ ဖြစ်ပါပေသတည်း။ (ဆက်ရန် ) ပုံပြင်တစ်ပုဒ် ဓမ္မဆောင်းပါး တစ်ပုဒ် အလှည့်ကျ တင်ပြသွား ပေအံ့။

Tuesday, March 9, 2010

“အားနာတတ်သော ကိုယ်တော်လေး”

တန့်ဆည်နယ်မှ ကိုယ်တော်လေးတစ်ပါးသည် မန္တလေးမြို့သို့ တက်၍ ပရိယတ္တိစာပေသင်ကြားသည်မှာ သုံးနှစ် လောက်ရှိသွားလေပြီ။ ရွာသူရွာသားများကလည်း ရွာမှာနေစဉ်က သူသည် အလွန်ရိုးသဖြင့် သူ့ကို သိပ်အထင်မကြီး ကြပါ။ ခုတော့ မန္တလေးတွင် သီတင်းသုံးသည်မှာလည်း ကြာပြီဖြစ်သဖြင့် သူ့ကို အထင်ကြီးစပြုလာကြသည်။ ရွာသူ ရွာသားမျာသည်
“ဒို့ရွာက ကိုယ်တော်လေးကတော့ မန္တလေးနေတာ သုံးနှစ်တောင်ရှိပြီဆိုတော့ တော်တော်လယ်နေလောက် ပြီ၊”ဟု ထင်မြင်ချက်ပေးနေကြသည်။ တစ်ချို့က ဘုရားဖူးလိုက်ပို့ခိုင်းရန် စိတ်ကူးကြသည်။ အချို့ကလည်း မန္တလေးဈေးဝယ်ရာတွင် ရွာက ဦးဇင်းရှိနေသဖြင့် အားကိုးရတော့မယ်လို့ထင်နေကြသည်။ လွန်ခဲ့သော နှစ်တွေကတော့ သူ့ကို ဘာမျှမခိုင်းကြပေ။ သုံးနှစ်ထဲဝင်လာတော့ လယ်လောက်ပြီအထင်နှင့် ရွာက ဆွေမျိုးတစ်ယောက်က ထိုကိုယ်တော်လေး ရွာအလည်ကြွလာစဉ်
“ဦးဇင်း တပည့်တော်မ ချောင်းတွေဆိုးနေလို့ ဦးဇင်းမန္တလေးကြွရင် လျှက်ဆား (၁၀)သားလောက် မှာချင်လို့ပါ၊ ၀ယ်ပေးနိုင်မလား။”ဟု မေးသောအခါ ကိုယ်လေးက
“လျှက်ဆားဝယ်တာများ ဘာခက်တာမှတ်လို့ ရပါတယ် ဒကာမကြီး” ဟု လွယ်ကူစွာပင် အာမဘန္တေခံလိုက်လေသည်။ သို့ဖြစ်သဖြင့် ထိုဒကာမသည်လည်း လျှက်ဆားတစ်ဆယ်သားကို မှာလိုက်လေသည်။ ကိုယ်တော်လေးသည် မန္တလေးပြန်ရောက်သောအခါ လျှက်ဆားဝယ်၇န် ပရဆေးဆိုင်သို့ ကြွသွားလေသည်။ ကိုယ်တော်ကို မြင်သည်နှင့်တပြိုင်နက် ဆိုင်ရှင်၏ သမီးနှင့် ဒါယကာမကြီးသည် ပြာပြာသလဲ ထွက်လာကာ
“အရှင်ဘုရား ဘာအလိုရှိပါလဲဘုရား၊ ဆိုင်ထဲဝင်ထိုင်ပါအုံးဘုရား၊ သမီးရေ ကိုယ်တော်လေး အပူထဲက ကြွလာ ရတာ အအေးလေး ကပ်ပါအုံးကွယ်”ဟု ဆိုင်ထဲပင့်ကာ အအေးကပ်လေတော့သည်။ ခေတ္တခဏကြာသောအခါ
အရှင်ဘုရား တပည့်တော်တို့ဆိုင်က မြန်မာဆေးအစုံရပါတယ်ဘုရား၊ဘာဆေးများအလိုရှိပါသလဲဘုရား”ဟု မေး လျှောက်သောအခါ ကိုယ်တော်လေးလည်း ဒါယကာမကြီးတွေက အအေးကပ်သည်ကတစ်မျိုး အပြောကောင်းသည်က တစ်မျိုးတို့ကြောင့် လျှက်ဆားတစ်ဆယ်သားလာဝယ်သည်ကိုပင် ပြောမထွက်တော့ချေ။ နောက်ဆုံး အားနာပါးနား မှာလိုက်သည်ကား
“ဒကာမကြီး ဦးဇင်းကို လျှက်ဆား (၁၀)ပိဿာပေးပါ၊”ဟူ၍ပင် ဖြစ်လေတော့သတည်း။
“အော် ဒီလိုကိုယ်တော်လေးတွေ များများရှိ၇င် မန္တလေးသွားပြီး ပရဆေးဆိုင်တည်ထောင်ရ ကောင်းမလား” ဟု ပင် စိတ်ကူးမိလေ၏ ၊ သို့သော်လဲ လျှက်ဆားဆယ်ပိဿာကို ပိုက်ပြန်လာသော ကိုယ်တော်လေးကို မြင်ရင်ဖြင့် ဆေးမှာလိုက်သော ဒါယကာမကြီးရဲ့ဘက်က တဖန်ပြန်တွေးကြည့်ပြန်တော့လဲ ဘာတွေဖြစ် လာအုံးမည်မသိ၊ တွေးကြည့်ရင်ဖြင့် ရင်လေးစရာပင် ဖြစ်မိပါတော့သတည်။”

“မြတ်ဗုဒ္ဓ၏ ကျေးဇူးဆပ် ဓမ္မခရီးစဉ် (၂)”

မြတ်ဗုဒ္ဓသည် ကာဠုဒါယီမထေရ်၏ လျှောက်ထားတောင်းပန်ချက်အရ ရာဇဂြိုဟ်ပြည်မှ ကပိလ၀တ်ပြည်သို့ နောက်ပါ ရဟန်းတော် နှစ်သောင်းနှင့်အတူ ကြွချီတော်မူခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလပြည့်ကျော်တွင် ခရီးစဉ်ကို စတင်တော်မူခဲ့ပါသည်။ ရာဇဂြိုဟ်ပြည်မှ ကပိလ၀တ်ပြည်သည် ယူဇနာ ပေါင်း (၆၀)ဆယ်ဝေးသဖြင့် တစ်နေ့ကို တစ်ယူဇနာနှုန်းဖြင့် ကြွချီတော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ကပိလ၀တ် ပြည်သို့ ကြွတော်မူစဉ် ကာဠုဒါယီမထေရ်သည်
“မြတ်ဗုဒ္ဓသည် ကပိလ၀တ်ပြည်သို့ ချီတော်မူလာပြီဖြစ်ကြောင်းကို ရှေးဦးစွာ မင်းကြီးကို သတင်းပို့ရရင်ကောင်း မှာဘဲ” အကြံဖြစ်တော်မူခဲ့လေ၏။ သူသည် အဘိညာဉ်တန်ခိုးဖြင့် ရှေးဦးစွာ နေပြည်တော်သို့ ကြွချီတော်မူ၍ နန်းတော်အတွင်းသို့ ဆင်းသက်တော်မူခဲ့ပါသည်။ သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီမထေရ်ကို မြင်လျှင် အလွန်ဝမ်းမြောက်စွာဖြင့် ပလ္လင်တော်ပေါ်မှ ဆင်းသက်ပြီး နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်တော်မူပါသည်။ “ချစ်သား ကာဠုဒါယီ မြင့်တဲ့ ပုဂ္ဂိုလ်များနဲ့ သင့်တော်တဲ့ ပလ္လင်တော်ပေါ်ဝယ်ထိုင်တော်မူပါ။” ဟု ပြောကြားပြီး နောက် မင်းကြီးသည်ကာဠုဒါယီမထေရ်ကို အလွန်အင်မတန်မှ ကောင်းမွန်သော ဆွမ်းနှင့် ဆွမ်းဟင်းတို့ကို ကပ်လှူတော်မူလေသည်။ ဆွမ်းကို ကပ်လှူပြီးနောက် ကာဠုဒါယီမထေရ်သည် ပြန်ကြွဘို့ရန် ပြင်ဆင်နေစဉ် မင်းကြီးသည်
“ချစ်သား ကာဠုဒါယီ ပလ္လင်တော်ပေါ်မှာဘဲ ဆွမ်းကို ဘုဉ်းပေးတော်မူပါဘုရား၊” လျှောက်သောအခါ ကာဠုဒါယီ မထေရ်သည်
“မြတ်သော မင်းကြီး ငါသည် မြတ်ဗုဒ္ဓရဲ့ထံတော်ပါးမှာဘဲ ဆွမ်းကို ဘုဉ်းပေးတော်မူမယ် ”ဟု
ပြန်လည် မိန့်တော်မူခဲ့လေသည်။ထိုအခါ မင်းကြီးသည်
“ချစ်သား ကာဠုဒါယီ ယခု ငါ့သားတော်ဘုရားက ဘယ်မှာလဲ” ဟု မေးမြန်းလေတော့သည်။ ကာဠုဒါယီမထေရ် သည်လည်း
“မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ယခုအခါ နောက်ပါရဟန်းတော် ၂၀၀၀၀နှင့်အတူ မင်းကြီးကို တွေ့ ၇န် ကြွလာပြီဖြစ်ကြောင်း ပြောကြားလိုက်သောအခါ မင်းကြီးသည် သတင်းကောင်းကို ကြားလိုက်ရတော့ အလွန် ပင်လျှင် ပီတိသောမနဿတွေဖြစ်ကာ
“တပည့်တော် အရှင်ဘုရားကို ရှိခိုးပါ၏၊ အရှင်ဘုရားကတော့ နေ့စဉ် နန်းတော်မှာဘဲ ဆွမ်းကို ဘုဉ်းပေး တော်မူ ပါ။ တပည့်တော်ရဲ့သားတော်ဘုရားခရီးစဉ် မပြီးဆုံးသေးသရွေ့ သူ့အတွက် ဆွမ်းကို အလှူခံဘို့၇န် နေ့စဉ် နန်း တော်သို့ ကြွတော်မူပါဘုရား။” ဟု လျှောက်ထားလေသည်။ ကာဠုဒါယီမထေရ်သည်လည်း ဆိတ်ဆိတ်နေခြင်း ဖြင့် မင်းကြီး၏ ဖိတ်ကြားမှုကို လက်ခံတော်မူခဲ့ပါသည်။ နန်းတော်တွင် မထေ၇်မြတ်ကို ဆွမ်းကပ်ပြီးနောက် မင်းကြီးသည် သပိတ်တော်ကို ပြောင်စင်စွာ နံ့သာရေတို့ဖြင့် ဆေးကြောစေပြီး အလွန်အင်မတန်မှ မွန်မြတ်လှစွာ သော ဆွမ်း ဆွမ်းဟင်းတို့ကို ထည့်ကာ
“အရှင်ဘုရား ဤဆွမ်း ဆွမ်းဟင်းတို့ကို မြတ်စွာဘုရားကို ဆက်ကပ်တော်မူပါဘုရား၊” ဟု လျှောက်ထားကာ မထေရ်မြတ်၏ လက်တော်သို့ သပိတ်ကို ဆက်ကပ်လိုက်လေတော့သည်။ ထို့နောက် မထေ၇်သည် သူ၏ သပိတ်ကို ပွေ့ကာ မင်းကြီးနှင့် အမတ်ကြီးများ တိုင်းသူပြည်သားများရှေ့မှာပင် ကောင်းကင်ခရီးဖြင့် ပြန်ကြွသွား တော်မူခဲ့ ပါသည်။


Saturday, March 6, 2010

“လွဲချော်သွားတဲ့ ပွဲတိုင်းကျော်”

တောရွာတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ရွာတိုင်း၌ မင်္ဂလာဆောင်ပွဲဖြစ်စေ၊ အလှူပွဲအမျိုးအမျိုးကိုဖြစ်စေ ဘယ် လိုပွဲမျိုးဖြစ်ဖြစ် အသံချဲ့စက်ထည့်၍ စည်းကား သိုက်မြိုက်စွာ ပျော်ပျော်ရွှင်ရွှင်နှင့် ကျင်းပလေ့ရှိသည်။ ယနေ့မှာ တော့ ပဲခူးတိုင်း ရေတာရှည်မြို့နယ် အောင်ချမ်းသာရွာတွင် အသံချဲ့စက်ကို အသံကုန်တင်၍ ဖွင့်နေလေပြီ။ အသံ ချဲ့စက်အသံကြားသည်နှင့်တပြိုင်နက် ဘေးနားကရွာတွေကလဲ
“ တချို့ကလဲ အောင်ချမ်းသာရွာမှတော့ ဘာပွဲများရှိသလဲမသိ၊ အလှူပွဲရှိတယ်ထင်တယ်၊ တချို့ကလဲ မင်္ဂလာ ဆောင်ရှိတယ်ထင်တယ်။” ဟု ထင်ကြေးအမျိုးအမျိုးပေးကြသည်။ ဘယ်အကြောင်းကြောင့် အသံချဲ့စက်ဖွင့် သည်ဖြစ်စေ အောင်ချမ်းသာရွာကနေ နှစ်မိုင်လောက်ဝေးသော ရွာတစ်ရွာမှ ကိုဖက်ကြီးသည်ကား အသံချဲ့စက် ဖွင့် သံကြား သည်နှင့် အောင်ချမ်းသာရွာသို့ ထွက်လာခဲ့လေသည်။ သူသည်ကား ပွဲတိုင်းကျော် ဖြစ်လေသည်။ အနီးအနားရွာများမှ အလှူပွဲ မင်္ဂလာဆောင်ပွဲတိုင်း လာရောက်စားသောက်လေ့ရှိသည်။ အနီးအနားရွာများရှိ လူတိုင်းကလဲ သူ့ကို သိကြလေသည်။ တောရွာတို့၏ ဓလေ့ထုံးစံအတိုင်း တခြားရွာမှ လာသူကိုလည်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ကျွေးမွေးလေ့ရှိလေသည်။ သို့သော်လဲ ထိုဓလေ့သည်ကား တချို့ကျေးလက်ဒေသများတွင် ပျောက်ပျက်နေလေပြီ။ ဘယ်ရွာတွေမှာ ထိုဓလေ့ပျောက် သည်ဖြစ်စေ အောင်ချမ်းသာရွာနှင့် အနီးအနားရှိရွာများတွင် မပျောက်သေးပါ။ သို့ဖြစ်၍ ကိုဖက်ကြီးတစ်ယောက်
ထိုရွာသို့ အားပေးရန် ရောက်လာခဲ့ပေသည်။ အိမ်မှ ဇနီးသည် ချက်ပြုတ်ထားသော ချဉ်ပေါင်ဟင်း ပဲပြုတ် ငပိရေ တို့စရာ ဟင်းတို့ကိုပင် ပစ်ထားခဲ့လေသည်။ အောင်ချမ်းသာရွာရောက်သည်နှင့် အသံချဲ့စက်ဖွင့်နေသော အိမ်သို့ တိုက်ရိုက်သွားလေသည်။ ရောက်သည်နှင့်တပြိုင်နက်
“မင်းတို့ ဒီနေ့က ဘာအလှူပွဲလဲ၊ ဘုန်းကြီးဆွမ်းကပ်လား၊ မင်္ဂလာဆောင်လား၊ မွေးနေ့ပွဲလား? စသည်ဖြင့် မေးလေတော့သည်။ထိုအခါ အိမ်ရှင်များနှင့် ရွာသားများက
“ကိုဖက်ကြီးရေ ပြောရမှာတော့ အားနာပါတယ်၊ ဘာပွဲမှ မဟုတ်ဘူး၊ ကျွန်တော်တို့က အသံချဲ့စက် အသစ်ဝယ်လာလို့ စမ်းနေတာဗျ၊”
ဤတွင် ကိုဖက်ကြီးက
“မင်းတို့ကလဲ အသံချဲ့စက်စမ်းရင်လဲ အသံချဲ့စက် စမ်းနေတယ်လို့ အော်ကြအုံးကွ၊ ငါ့မှာတော့ အလှူပွဲရှိတယ် ထင်ပြီးအဝေးကလာရတာ လွယ်တာမဟုတ်ဘူးကွ။” ထိုအခါမှ အနီးအနားရှိ ပုဂ္ဂိုလ်တိုင်းသည် ကိုဖက်ကြီး၏ အဖြစ်ကို ကြည့်ပြီး တခစ်ခစ် မသိမသာ ရယ်ကြလေတော့သည်။
“အော် ပွဲတိုင်းကျော်ကြီး ဒီတစ်ခါတော့ လွဲချော်သွားပြန်ပြီ၊ သနားစရာပင်။ သူ့ခမျာ အဝေးကနေလာရရှာသည်။ ဒါမျိုးလဲ ဖြစ်တတ်ပါပေတယ်။”

“မိမိရွာမှ တွေ့ရှိရသော ဟာသများ (အပိုင်း ၂)”

“သီလ သမာဓိရှိဘို့က အဓိကပါ”
တစ်နေ့ ကူမဲမြို့ ဘုရားကြီးလယ်ပြင်ကျောင်း၌ ပဌာန်းပွဲရှိလေသည်။မိမိတို့၏ ကျောင်းသည် ဘုရားကြီး လယ်ပြင် ကျောင်းနှင့် တစ်မိုင်ခန့်ဝေးလေသည်။ တစ်မိုင်ခန့်ဝေးလေသည်။ မိမိသည် ပဌာန်းရွတ်၇န်အလို့ငှာ ထိုကျောင်း သို့ လမ်းလျှောက်ပြီး ကြွသွားလေသည်။ လမ်းလျှောက်နေစဉ် ဂွေ့ကြီးရွာမှ ရူးနေသော ဦးအုံးမြိုင်သည် မိမိဆီသို့ ထိပ်တိုက်လာနေသည်ကို တွေ့နေရသည်။ သူနှင့်တွေ့နေလျှင် တောပြောတောင်ပြော ပြောနေမည်ကို စိုးရိမ်း သည့်အတွက် ခပ်ဝေးဝေးမှ ခွာ၍ လျှောက်ခဲ့လေသည်။ ထို့သို့ခပ်ဝေးဝေးမှ လမ်းလျှောက်နေသည်ကိုပင် ရူးနေသော ကိုအုံးမြိုင်က မိမိကို အောက်ပါအတိုင်း ပြောသွားသေးသည်။
“ကိုယ်တော်လေး! ငယ်ငယ်ရွယ်ရွယ်ဘဲရှိသေးတယ်၊ ကြီးကြီးကျယ်ကျယ် မျက်မှန်တွေ ဘာတွေတတ်လို့၊
မျက်မှန်တပ် ဘို့က အဓိကမဟုတ်ဘူး၊ သီလ သမာဓိရှိဘို့က အဓိကပါ၊”
မိမိကလည်း စိတ်ထဲက ပြောလိုက်မိသည်။
“အော် ဦးအုံးမြိုင်ရေ ဒကာကြီးပြောသလို သီလ သမာဓိရှိဘို့က အဓိကဆိုတာတော့ မှန်ပါတယ်။ သို့သော်ဦးဇင်း ကလဲ မျက်ရိုးကိုက်နေတော့ မျက်မှန်မတတ်မဖြစ်လို့ တတ်တာကိုတော့ ခွင့်လွှတ်ပါ ဒကာကြီးရေ”
တဆက်တည်းမှာပင် ရှေးလူကြီးတွေပြောကြသော “အရူးက တစ်မူးသာ၊” ဆိုသောစကားကိုပင်
ပြန်လည်သတိယမိလိုက်သည်။
(ဆက်၇န် ၊older post နှိပ်ပါ၊ ပုံပြင်ပေါင်းများစွာ တွေ့ရပါလိမ့်မည်။)

Friday, March 5, 2010

“မိမိရွာမှ တွေ့ရှိရသော ဟာသများ”

“ဂုဏ်ပလာသနတွေပါ“
တစ်နေ့ ရွာတွင် မင်္ဂလာဆောင်ပွဲလေး တစ်ပွဲရှိသည်။ သတို့သားအမည်သည်ကား ကူမဲမြို့မှ
မောင်ပုဖြစ်သည်။ သတို့သမီးသည်ကား ရွာမှ မိုးမိုးဟု အမည်ရသော ကလေးမတစ်ဦးပင်ဖြစ်သည်။
အများအားဖြင့် ရွာတွင် မင်္ဂလာဆောင်ပွဲကျင်းပသည်ဆိုပါက မဏ္ဍပ်ဆင်, အခြားအလှတန်ဆာများ, အသံချဲ့စက်များဖြင့် ငှားရမ်းကျင်းပလေ့ရှိသည်။ ဒီနေ့ မိုးမိုးနှင့် မောင်ပုတို့၏ မင်္ဂလာပွဲသည်ကား
အခြားမင်္ဂလာပွဲများနှင့်မတူပေ။ တစ်မူထူ;ခြားနေ၏။
မဏ္ဍပ်ဆင် အခြားအလှတန်ဆာများမပါပေ။ အသံချဲ့စက်တစ်လုံးသာပါသည်။ ထူးထူးဆန်းဆန်းဖြစ်နေ၍ မိမိသည် သတို့သမီး၏ ဦးလေးဖြစ်သူ မောင်ကျော်မင်းကြည်ကို မေးမြန်းစုံစမ်းလေတော့သည်။
“မောင်ကျော်မင်းကြည်! သူများမင်္ဂလာဆောင်တွေမှာ မဏ္ဍပ်ဆင်နဲ့ အခြားအလှတန်ဆာအမျိုးအမျိုးတွေ ဆင်ပြီး မင်္ဂလာပွဲကျင်းပကြတယ်၊ မင်းတူမရဲ့ မင်္ဂလာပွဲကတော့ ဘာအလှတန်ဆာမှ မပါပါလား၊ ဘာကြောင့်
မဏ္ဍပ်ဆင်တို့ အခြားအလှတန်ဆာအမျိုးမျိုးတို့ကို မထည့်တာလဲ?
`ဤတွင် မောင်ကျော်မင်းကြည်က အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပေသည်။
“ဦးဇင်းရာ အဲဒါတွေက ဂုဏ်ပလာသနတွေပါ၊ ဘာလုပ်မှာလဲ၊ ငွေကုန်တာရှိဘဲ။”

“သွားလမ်းများသာ၍ ပြန်လမ်းများလဲ ကင်းပါစေ”
တစ်နှစ်က ရွာဦး ဘုန်းတော်ကြီးကျောင်းကြီးသည် ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်သဖြင့် အသစ်တစ်ဖန်
ဆောက်လုပ်ရန်အတွက် ရန်ကုန် မန္တလေးကားလမ်းမဘေးတွင်
အလှူခံထွက်ကြလေသည်။ အလှူခံရာတွင် အလှူခံဖလားကို ကိုင်ရပ်နေရုံနှင့်မပြီးသေး။ အလှူရှင်များ
စေတနာပေါက်အောင်လည်း ဟောပြောပေးမည့်သူလဲရှိရပေမည်။ ပထမရက်တွင် မိုက်ကိုကိုင်မည့်သူ
တော်တော်ရှားသည်။ မျက်စိမမြင်ရသော မောင်ကိုထွေးမှလွဲ၍ အခြားသူများ မိုက်ကို မကိုင်ရဲကြပေ။
မောင်ကိုထွေး ထမင်းစား ရေချိုးချိန်တွင် အခက်နှင့်ကြုံရလေသည်။ ဘယ်သူမှ ဟောပြောမည့်သူမရှိပေ။
ဤတွင် ဦးအေးသောင်က
”ဒါလေးပြောဟောရတာများ မင်းတို့က ကြောက်နေသေးတယ်၊ ပေး ငါအော်မယ်”ဆိုပြီး မိုက်ကို ဆွဲကိုင်လိုက်လေသည်။
ဘေးမှ တူဖြစ်သူ ဦးဇင်း ဦးစာရိန္ဒနှင့် ဒါယကာများက
“ခင်ဗျားဟုတ်မှလဲ လုပ်ပါ၊ တော်ကြာ အမှားတွေပါလို့ ရွာလဲ သိက္ခာကျနေအုံးမယ်”ဟု ၀ိုင်းဝန်းပြောကြလေသည်။
သို့သော် ဦးအေးသောင်သည် မိုက်ကို ဆွဲကိုင်ကာ အောက်ပါအတိုင်း အလှူရှင်များ သဒ္ဓါတရားထက်သန်လာစေ၇န်ဆုပေးလိုက်လေသည်။
“ဤကဲ့သို့ လှူဒါန်းကြတဲ့ ကျောင်းဒကာ ကျောင်းအမအပေါင်းတို့သည် သွားလမ်းများသာ၍ ပြန်လမ်းများလဲ
ကင်းကြပါစေ” ဟု ဆုပေးလိုက်လေသည်။ ထိုအခါ တူဖြစ်သူ ဦးစာရိန္ဒမှ
“ပြန်လမ်းများ ကင်းပါစေဆိုကတည်းက အလှူ့ရှင်တွေကို သေပါစေလို့ ပြောတာနဲ့ အတူတူဖြစ်နေပြီဗျ၊ ဘာစာမှလဲ မတတ်ဘဲနဲ့”ဟု ပြောဆို ငေါက်ငန်းကာ ဦးလေးဖြစ်သူ၏ လက်အတွင်းမှ မိုက်ကို လူကြားသူကြား လုယူလိုက်လေသည်။ ဦးအေးသောင်လဲ ဘာမျှမပြောရှာပေ။သူသည် ရှက်ကိုးရှက်ကန်းနှင့် အိမ်ပြန်သွားလေတော့သည်။ ညနေအချိန်တွင်ကား ဦးအေးသောင်တစ်ယောက် အရက်မူးပြီး ကျောင်း၏ အပြင်ဘက် အနောက်တောင့်ဘက်ဒေါင့်တွင် အော်နေလေသည်။
“ဟေ အေးသောင်ကို စာမတတ်ဘူးလို့ ပြောကြတယ်၊ အေးသောင်စာတတ်တာပေါ့၊ ဆရာတော် ဦးဝင်းရွှေထံမှာ
ပိဋကတ်စာပေကို နှစ်ပေါင်းများစွာသင်လာခဲ့တာ၊”
မိမိသည် ကျောင်းမှ ထိုအော်သံကို ကောင်းကောင်းကြားနေရသည်။ တူဖြစ်သည် ဦးစာရိန္ဒကြားလျှင် ထွက်ရိုက်နေမည်ကို စိုးရိမ်သဖြင့် မိမိသွားရောက်ကာ နားချရလေသည်။
“ဒကာကြီးဦးအေးသောင် ဒကာကြီးစာတတ်တာ လူတိုင်းသိပါတယ်၊ အော် မနေပါနဲ့၊ ဆရာတော်ကြားရင်လဲ မကောင်းပါဘူး၊အေးအေးဆေးဆေး အိမ်ပြန် အိပ်ပါဗျာ”ဟု ချော့မော့ကာ လွှတ်လိုက်ရပေသည်။ ဦးအေးသောင်သည် အိမ်တော့ ပြန်သွားသည်။သို့သော် သူက
“ဟေ ဒီရွာထဲမှာ ငါ့စာအတတ်ဆုံးကွ၊ ဦးဇင်းဇ၀နကတောင် ငါစာတတ်ကြောင်း ထောက်ခံချက်ပေးတယ်၊ ကျန်တဲ့ကောင်တွေက ငါစာတတ်တာ မနာလိုလို့ မထောက်ခံတာ၊ မစ္ဆရိယများတဲ့ကောင်တွေ၊” ဟု အော်လျှက် ပြန်သွားလေတော့သည်။
”အော် ဒကာကြီးဦးအေးသောင်ရေ ဒကာကြီးမြန်မြန်ငြိမ်အောင်လို့သာ ဒကာကြီးက စာတတ်ပါတယ်လို့ ပြောလိုက်ရတယ်။ သို့သော် ဦးဇင်းရဲ့ ဖခမည်းတော်ကြီးပြောတဲ့ စကားကိုတော့ ကြားယောင်နေမိတယ်၊ “ဦးဇင်းရေ ဆရာတော်ဟာ မောင်အေးသောင်ငယ်စဉ်တုန်းက စာမရလို့ ကြိမ်နဲ့ရိုက်တာ ကျိုးသွားတဲ့ ကြိမ်တွေ ကို မေ၇တွက်နိုင်ဘူး၊ ဒီကောင် တော်တော်ဥာဏ်ထိုင်းတဲ့ကောင်။” မိမိ၏ ဒါယကာကြီးသည်ကား ဒါယကာကြီး ဦးအေးသောင်နှင့် ကျောင်းနေဖက်၊ ငယ်သူငယ်ချင်းဖြစ်သည်။သို့ဖြစ်သည့်အတွက် သူ့အကြောင်းကို ကောင်းကောင်းသိနေလေသည်။
(ဆက်၇န် ၊older post နှိပ်ပါ၊ ပုံပြင်ပေါင်းများစွာ တွေ့ရပါလိမ့်မည်။)


Monday, March 1, 2010

ဦးဇင်းကြီးက ဆိုးတာလား ကိုရင် ကျောင်းသားတွေက ဆိုးတာလား?

တစ်ခါက ရွာတစ်ရွာတွင် ဆရာတော်တစ်ပါးကျောင်းထိုင်တော်မူသည်။ ထိုဆရာတော်သည် ဒေါသအလွန်ကြီး သည်။ဒေါသကြီးသော်လည်း ၀ိနည်းကို အလွန်လေးစားသည်။ အနေအထိုင်မှန်သည်။ သို့ဖြစ်၍ ကျောင်းရှိ ဦးဇင်းကြီး ကိုရင် ကျောင်းသားများသာမက ရွာအတွင်းရှိ ဒါယကာ ဒါယိကာမများ၊ အနီးအနားရှိ ရွာများမှ သံဃာတော်များဒါယကာ ဒါယိကာမများကပင် ချစ်ကြောက်ရိုသေကြရသည်။ အထူးအားဖြင့် ကျောင်းတွင်ရှိ သော ဦးဇင်းကြီးသည် ဆရာတော်ကို ကြောက်သဖြင့် ဆရာတော်ကျောင်းတွင်ရှိလျှင် ဆွမ်းကိုပင် ကောင်းကောင်းမဘုဉ်းပေးရရှာပေ။ ထိုပြင် ကျောင်းရှိ ကိုရင် ကျောင်းသားများကလည်း အလိုက်မသိကြပေ။ ဆွမ်းပွဲပြင်လျှင် ကောင်းပေ့ဆိုသော ဟင်းခွက်များကို ဦးဇင်းကြီး၏ အနီးအနားကို ချမထားပေ။ ဆရာတော်၏ အနီးအနား၌သာ ချထားကြသည်။ သို့ဖြစ်၍ ဦးဇင်းကြီးသည် ကောင်းသော ဟင်းများကို နေ့စဉ်ပင် ရှောင်ကြဉ်နေ ရလေသည်။ သတ်သတ်လွတ်ဝါဒကိုပင် ကျင့်သုံးရမလိုဖြစ်နေလေသည်။ တစ်နေ့ ဆရာတော်သည် သူ၏ ဇာတိ ရွာမှ ဆရာတော်ကျန်းမာရေးမကောင်းသဖြင့် ကြွသွားရသည်။ ထိုအခါ ကျောင်းရှိဦးဇင်းကြီးသည် ခေတ္တခဏ ကျောင်းထိုင်ရာထူးကို ရထားလေသည်။ ဆရာတော်မရှိစဉ် သူသည် ဆရာတော်ဖြစ်လာသဖြင့် ကောင်းပေ့ ဆိုသော ဟင်းများကို အားရပါးရ ဘုဉ်းပေးလေသည်။ ကိုရင် ကျောင်းသားအတွက်ကိုပင် ချန်ထားရန် မေ့နေ လေသည်။ ကျောင်းရှိ ကိုရင် ကျောင်းသားများသည် ဆရာတော်ရွာပြန်ကြွသွားသည်မှစ၍ ဟင်းကောင်းနှင့် ဝေးရပြန်သည်။ တစ်ရက်မက ရက်များလာသည့်အခါ ကိုရင် ကျောင်းသား များသည် ဦးဇင်းကြီးကို ငြူစူလာ သည်။ သို့သော် ဦးဇင်းကြီးသည် ကောင်းပေ့ဆိုသော ဟင်းများကို အားရပါးရဘုဉ်းပေးလျှက်ပါ။ တစ်နေ့ နေ့ဆွမ်းစားချိန်ကျရောက်နေပြီ။ ဦးဇင်းကြီးသည်ကား ဆွမ်းစားကျောင်းသို့ ကြွမလာပေ။ သို့ဖြစ်၍ ကိုရင်တစ်ပါးသည် ဦးဇင်းကြီးရှိရာ အဆောင်သို့ သွားရောက်၍ ဆွမ်းစားကြွရန် ပင့်ဆောင်ရလေသည်။ ဦးဇင်းကြီးသည် ၀မ်းလျှောနေသည့်အတွက် ဆွမ်းစားမကြွနိုင်တော့ကြောင်း ကိုရင်ကို မိန့်ကြားလိုက်လေသည်။ ထိုနေ့က ဦးဇင်းကြီးသည် ၀မ်းအကြိမ်များစွာ လျှောသဖြင့် ဆေးရုံပင် တင်လိုက်ရလေသည်။ ဆရာတော် သည်ကား ပြန်ကြွလာလေပြီ။ဦးဇင်းကြီးသည်ကား ဆေးရုံမှ မဆင်းရသေးပေ။ ဆရာတော်သည် ဦးဇင်းကြီး၏ ဆေးရုံတက်ရခြင်းကို ကိုရင် ကျောင်းသားများကို စစ်ဆေးလိုက်ရာ အမှုမှန်ပေါ်လာခဲ့လေသည်။
“ဆရာတော်ရွာပြန်ကြွသွားကတည်းက ဦးဇင်းကြီးသည် ကောင်းသော ဟင်းများကို အကုန်စားပစ်သည်၊ ကျောင်းရှိ ကိုရင် ကျောင်း သားများသည် နေ့စဉ် ဟင်းကောင်းမစားရသည့်အတွက် ဦးဇင်းကြီးကို စိတ်ဆိုးလာ သည်။ သို့ဖြစ်သည့်အတွက် သူတို့သည် ကောင်းသော ဟင်းခွက်တိုင်း၌ ၀မ်းနှုတ်ဆေးများထည့်ထားလေသည်။ ဟင်းကောင်းမက်သော ဦးဇင်းကြီးသည် ဟင်းကောင်းများကို အလွန်အကျွံ
ဘုဉ်းပေးလိုက်ရာ ၀မ်းလျှောကာ ဆေးရုံတက်ရလေတော့သတည်း။”
ဆရာတော်သည် ထိုအဖြစ်မှန်ကို ကြားရသောအခါ လောလောဆယ် စိတ်ဆိုးသဖြင့် ကိုရင် ကျောင်းသားများကို ကြိမ်စာကျွေးလေတော့သည်။ သို့သော်ထိုအမှုနှင့်ပတ်သက်ပြီး ဆရာတော်နှင့် ရွာမှ ဒါယကာ ဒါယိကာမတို့သည်
“ဦးဇင်းကြီးက ဆိုးတာလား၊ ကိုရင် ကျောင်းသားတွေက ဆိုးတာလား၊” ဆိုသည်ကို ယခုအချိန်ထိ မဆုံးဖြတ်နိုင် ကြသေးသဖြင့် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့တရားရုံးသို့ တင်ရန်ပင် ဆုံးဖြတ်နေကြလေ၏။
(0lder posts နှိပ်ပါ၊ ပုံပြင် ၆၀ ကျော်ကို တွေ့ပါလိမ့်မည်။)

 

Go Up အပေါ်သို့