Pages

Wednesday, June 2, 2010

“ပြဿနာဖြေရှင်းနည်း”

ခက်ခဲသော ပြဿနာကို နည်းလမ်းနှစ်မျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ပထမနည်းသည်ကား ထိုခက်ခဲသော ပြဿနာကို ပြောင်းလဲသွားစေရန် တစ်ခုခုပြုလုပ်ရမည်။ ဒုတိယနည်းသည်ကား ထိုပြဿနာကို ရင်ဆိုင်ရမည်။ (ဤနေရာ၌ စကားစပ်လာသဖြင့် မိမိသူငယ်ချင်းဖြစ်သူ၏ ပြောပြချက်ကို အနည်းငယ်ဖေါ်ပြပေအံ့။ မိမိ၏ သူငယ်ချင်းဖြစ်သူသည် ဆရာတော်ဦးဥာဏိဿရ၏ တပည့်တစ်ပါးဖြစ်လေသည်။ သူသည် ပြဿနာတစ်ရပ် ကြုံလာသဖြင့် ဆရာတော်ထံ သွားရောက်ညည်းညူ လျှောက်ထားခဲ့သည်။ ထိုအခါ ဆရာတော်က သူ့ကို
“ ငါတပည့် ပြဿနာတစ်ရပ်တွေ့ကြုံလာလျှင် ထိုပြဿနာကို ဘယ်လိုပြေလည်အောင် ဖြေရှင်းရမည်ဆိုတာကို နည်းလမ်းရှာရမယ်၊ နည်းလမ်းမရှာဘဲ ထိုပြဿနာကို အရှုံးပေးသွားခြင်းဟာ လူပျော့ လူညံ့တွေ့ရဲ့ အလုပ်ဘဲ၊ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်လျှင် လူတော် လူကောင်းတို့၏ အလုပ်ဘဲ။”တဲ့။ ဆရာတော်၏ သြ၀ါဒ သည်ကား အလွန်ပင် မှတ်သားလောက်ပါပေ၏။ ထိုပြဿနာကို အမှန်ပင်ဖြေရှင်းရမည်ဖြစ်ပေသည်။ မြတ်ဗုဒ္ဓ လက်ထက်တော်အခါက မြတ်ဗုဒ္ဓနှင့် တပည့်သားတို့ကို ကောသမ္ဘီပြည်သူပြည်သားများက ဆဲဆိုကြသည်။ ကြိမ်း မောင်းကြသည်။ ထိုအခါ ရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးက
“ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား! တပည့်တော်တို့ တစ်ခြားတစ်နေရာကို ရွေ့ပြောင်းရင်ကောင်း မယ်ထင်တယ်ဘုရား၊ ဒီမှာဆဲဆိုနေတာ မကြားဝံ့ မနာသာပါဘဲဘုရား၊”ဟု လျှောက်ထားသောအခါ မြတ်ဗုဒ္ဓက
“ချစ်သားအာနန္ဒာ တစ်ခြားတစ်နေသွားလို့ကော ဒီလိုပြဿနာတွေ ရင်မဆိုင်ရတော့ဘူးလို့ သင်ထင်နေသလား၊ ဘယ်နေရာသွားသွား ပြဿနာဆိုတာ ကြုံတွေ့နေရမှာဘဲ၊ ထိုဆဲဆိုမှုများဟာလဲ (ရ)ရက်ပါဘဲ၊ (ရ)ရက်ရှိလျှင် ငြိမ်းသွားမှာပါ၊” သို့ဖြစ်သဖြင့် မြတ်ဗုဒ္ဓသည် ဖြစ်လာသော ပြဿနာကို သည်းခံခြင်းဖြင့် ရင်ဆိုင်လိုက်ရာ ထိုပြ ဿနာငြိမ်းအေးသွားလေတော့သည်။) ဒေါက်တာကေသရီဓမ္မာနန္ဒ၏ စကားကို ပြန်ဆက်ပေအံ့။ထိုပြဿနာကို ဖြေရှင်းဘို့ရန် အကျွန်ုပ်တို့ သည် တစ်ခုခုကို ပြုလုပ်နိုင်မည်ဆိုလျှင် ဘာကြောင့်စိုးရိမ်ပူပန်နေကြသလဲ? ထိုအ ခြေအနေကို ပြောင်းလဲပစ်ရုံပါ။ အကျွန်ုပ်တို့ ဘာမှမပြုလုပ်နိုင်လျှင် ဘာကြောင့် စိုးရိမ်ပူပန် နေကြသလဲ? သောကနှင့် ဒေါသတို့ကြောင့် မိမိတို့၏ အခက်အခဲများကို ပိုမိုကောင်းမွန်မလာနိုင်ပါ။ လူသားရင်ဆိုင်နေရသော ဆင်းရဲအားလုံးသည် ဘ၀၏ ရေစီးကြောင်းများကို ဖြတ်သန်းရန် ဘယ်လိုဘယ်ပုံ ကောင်းမွန်စွာ ကြိုးစား ရမည့် အပေါ်တွင်မူတည်ပေသည်။ လူသားသည် လေကြောင်းအားလျှော်စွာ လိုက်လျှက် ရွက်လှေဖြင့် ပင်လယ်ကို ဖြတ်ကျော်နိုင်သည်။ ထိုသို့မဟုတ်ဘဲ လေကြောင်းအား ဆန့်ကျင်သွားလာလျှင် သူသည် ပင်လယ်ပြင်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ နေမင်းကြီးသည် သူ့လမ်းကြောင်းသူ သွားနေသည်။ ထိုနည်းတူစွာ လူသား၏ ဘ၀ရေစီးကြောင်းသည်လည်း ပုံမှန် သူ့လမ်းကြောင်းသူ သွားနေသည်။ ထိုလမ်းကြောင်းကို လက်လျှောညီ ထွေရှိရန် ညှိပေးရမည်။ သို့မှသာ မိမိ သူတစ်ပါးအတွက် နှစ်ဦးသားအတွက် အဆင်ပြေချောမွေ့မည်ဖြစ်ပေ သည်။ လူသားသည် ငြိမ်းချမ်းမှုရရန် ဆုတောင်းနေသည်၊ သို့သော် သူ၏ အတွင်းသန္တာန်တွင်ရှိသော ပဋိပက္ခ များကို မငြိမ်းသတ်နိုင်သရွေ့ ဒီကမ္ဘာမှာ ငြိမ်းချမ်းရေးဆိုတာ ရရှိနိုင် မည်မဟုတ်ပေ။ ငြိမ်းချမ်းရေးရရန် မိမိစိတ်ကို ယဉ်ကျေးအောင် လေ့ကျင့်ပေး ရမည် ဖြစ်ပေသည်။ မိမိ၏ အရည်အသွေးနှင့် စိတ်ဖွင့်ဖြိုးတိုးတက် စေမှုကို သတ်သော တရားခံသည်ကား အတ္တဆန်မှုပင်ဖြစ်သည်။ ထိုအတ္တသည် သူ့အဖို့သာ အသက်ရှင်နေ သည်။ အတ္တဆန်သော သူသည်ကား အခြားသူများကို ကြည်ညိုရကောင်းမှန်းမသိ၊ မေတ္တာထားရ ကောင်းမှန်း မသိပေ။ သူသည် အသေးအဖွဲကိစ္စလေးများကိုပင် အငြင်းအခုံလုပ်သည်။ သို့အတွက် သူသည် အဆုံးမသတ်နိုင် သော သာယာပျော်ရွင်ဖွယ်မရှိသော ခရီးကို လျှောက်လှမ်းနေရသည်။ အတ္တဆန်သော သူသည် ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လောဘ၏ သားကောင်သာဖြစ်နေရသည်။ သူသည် ဘယ်အရာနှင့်မျှ မရောင့် ရဲနိုင်၊ မကျေနပ်နိုင်ပေ။ မဟတ္တမဂန္ဓီက
“ကမ္ဘာကြီးသည် လူသားတစ်ယောက်အတွက် လုံလောက်သည်။ သို့သော် လူသား၏ လောဘအတွက်တော့ မလုံလောက်ပေ။”(ဆက်ရန်= ဒေါက်တာကေသရီဓမ္မာနန္ဒ၏ Why Worry စာအုပ်ကို အခြေခံကာ ရေးထား သည်။

0 comments:

Post a Comment

Pages (143)1234 Next
 

Go Up အပေါ်သို့