Pages

Monday, June 28, 2010

“ကုသိုလ်ရချင်လို့ ရေလှူထားတယ်”

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်ရေလှူလျှင် ရေအကျိုးဆယ်ပါး ရသည်ဟုယုံကြည်ချက်ရှိကြသည်။ ထို့ ကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် မိမိတို့၏ အိမ်ရှေ့မှာဖြစ်စေ၊ ရွာထိပ်မှာဖြစ်စေ သောက်ရေအိုးစင် များတည်ဆောက်ကာ ရေအလှူတော်ကို ပြုလေ့ရှိကြသည်။ အခြားသူများ ရေအလှူပေးနေသည်ကို မြင်သော အခါ မိမိရွာမှ ဦးဇင်းလေးသည်လည်း ရေအကျိုးဆယ်ပါးကို ရရန်အလို့ငှာ ရန်ကုန်+မန္တလေးကား လမ်းမကြီးဘေးတွင် ရေချမ်းစင်လေးတစ်ခုတည်ကာ ရေအလှူပေးနေလေသည်။ နေ့စဉ်မပြတ် ရေအလှူ တော် ကို ပြုလုပ်နေလေသည်။

တစ်နေ့သော နွေခေါင်ခေါင် နေ့လယ်ခင်းတွင် ကူမဲမြို့တွင် နွားရောင်း/၀ယ်ပွဲတော်ဈေးရှိရာ အနယ်နယ်အရပ် ရပ်မှ နွားကုန်သည်များသည် မိမိတို့၏ ရွာထိပ်ခဏနားကြပြီး၊ ဦးဇင်းလေး၏ ရေချမ်းစင်ကို အားပေးသွားရာ ရေသည် ညနေခင်းထိတောင်မခံဘဲ ပြတ်လပ်သွားလေတော့သည်။ ညနေလေးနာရီထိုးတွင်ကား ဦးဇင်းလေး သည် သူ၏ ရေချမ်းစင်သို့ ရေရှိ မရှိလာရောက်အကဲခတ်ရာ ခပ်ထားသော ရေအိုးနှစ်လုံးသည် မိကျောင်း ဆင်းမတတ် ပြတ်လပ်နေလေတော့သည်။

အခြားရက်များဆိုလျှင် နောက်ရက် နံနက်ခင်းထိ သောက်ရေများ ကုန်လေ့မရှိချေ။ ဒီနေ့တော့ ထူးထူးဆန်းဆန်း အစောကြီး ပြတ်လပ်နေသည့်အဖြစ်ကို သိသောအခါ ဦးဇင်းလေးသည် “ကုသိုလ်ရချင်လို့ ရေအလှူလုပ်ထားတယ်၊ ဘယ်ခွေးမသားတွေက ကုန်အောင်သောက်သွားတယ်မသိ”ဟု ကျိန်ဆဲနေ လေတော့သတည်း။

မှတ်ချက် ။ အလှူတစ်ခုပြုလုပ်ပြီဆိုလျှင် မလှူခင်မှာ ၀မ်းသာဝမ်းသာဖြစ်နေမှုကို “ပုဗ္ဗစေတနာ”ဟုခေါ်သည်။
လှူဆဲ ၀မ်းမြောက်နေမှုကို မုဉ္ဇစေတနာ”ဟုခေါ်သည်။ လှူပြီး ၀မ်းမြောက်နေမှုကို “အပရစေတနာ”ဟုခေါ်သည်။ အထက်ပါ စေတနာသုံးပါးနှင့်ညီလျှင် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးလုံးပင် အကျိုးပေးနိုင်လေသည်။

ရေအကျိုးဆယ်ပါး
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ စင်ကြယ်ခြင်း၊ ကျော်စောခြင်း၊ခြွေရံပေါခြင်း၊ ဖြတ်လတ်ခြင်း၊ ရေငတ်ခြင်းကင်းခြင်းတို့ပင်ဖြစ်ပေသည်။

ဆောင်ပုဒ်လင်္ကာ
(က) “ကိတ္တိ, သုဒ္ဓေါ၊ ခြွေရံပေါ၊ လျင်ဆောမွတ်သိပ်ကွာ၊ (ခ) သန့်ရှင်း, ဆင်းလှ၊
ချမ်းသာရ၊ ဗလ, ဥာဏ်ပညာ၊ (ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ်တိုင်စပ်လင်္ကာ
“သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဥာဏ်ပညာ၊
စင်ကြယ် ကျော်စော၊ ခြွေရံပေါ၊ ဖျတ်လတ်ရေငတ်ကင်းလေတာ၊
ရေလှူရကျိုး၊ ဤဆယ်မျိုး၊ မတောင်းပဲနှင့်ရလေတာ။”

ကျမ်းညွှန်း သုတေသနသရုပ်ပြအဘိဓာန်၊ စာမျက် (၃၀၉)။သို့သော် ထိုဆယ်ပါးကို တစ်ပေါင်းထည်း တစ်စုထည်း ပါဠိတော်၊ အဋ္ဌကထာများ၌ မတွေ့ရချေ၊ ရှေးဆရာတော်ကြီးများက ထိုထိုကျမ်းဂန်များမှ စုစည်းထားဟန်ရှိ၏။

Saturday, June 26, 2010

“မသာ ကိုယ်တော်”


်္တမိမိသည် ဤပုံပြင်လေးရေးမည်ကြံတော့ မြတ်ဗုဒ္ဓဟောကြားထားတော်မူခဲ့သော စကားလေးတစ်ခုကို သွားသတိရလိုက်သည်။
“ဖြစ်ခြင်းပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော ရုပ်နာမ်ဓမ္မသင်္ခါရတရားအားလုံးတို့သည် မမြဲလေကုန်စွတကား၊ ဖြစ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထိုသင်္ခါတရားအားလုံးတို့၏ ငြိမ်းခြင်းသည်သာ ချမ်းသာပေလိမ့် မည်တကား။”

ထိုမြတ်ဗုဒ္ဓ၏ စကားသည် မှန်ပါပေ၏။ အကြောင်းအကျိုးသင့်လျော်လှပါပေ၏။ သက်ရှိသတ္တ၀ါအားလုံးတို့သည် အဆုံးမတော့ အိုခြင်း(ဇရာ)၊နာခြင်း(ဗျာဓိ) သေခြင်း(မရဏ)တရားတို့၏ ၀ါးမျိုခြင်းကို ခံကြရသည်။ မိမိတို့ရ ရှိထားသော ခန္ဓာသည် အိုခြင်း၊နာခြင်း၊သေခြင်းတို့၏ စာဖတ် ၀ါးဖတ်များပင်ဖြစ်ကြရသည်။ ထိုတရားအားလျော် စွာပင် ယခုတလော မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ကူမဲမြို့တွင် ဒါယကာ+ဒါယိကာမများ အလွန် ပင် သေဆုံးနေကြသည်။

သေဆုံးသည်ကို မိမိ၏ အရပ်တွင် “မသာ” သို့မဟုတ်“အသုဘ”ဟု ခေါ်ဝေါ်သုံးစွဲ လေ့ရှိကြသည်။ မသာ သို့မဟုတ် အသုဘရှိ၍ ဒါယကာများသည် ဆရာတော်ကြီးများကို သွားပင့်တိုင်း ဆရာတော်ကြီးများက“ဒို့က အသက်ကြီးပြီ၊ ဘုရားစုကျောင်းက မောင်ကလျာဏကို ပင့်သွားပါကွာ၊ သူက လူငယ်ဆိုတော့ ဖျတ်ဖျတ် လတ်လတ်ရှိတာပေါ့”ဟု မိန့်သဖြင့် ဒါယကာများသည် မိမိ၏ သူငယ်ချင်းဖြစ်သူ ဦးကလျာဏကိုသာလျှင် ပင့်ကြ တော့သည်။ မသာရှိတိုင်း ဦးကလျာဏချည်းကြွနေရသည်။

မသာရှိတိုင်း ဦးကလျာဏချည်းမြင်နေကြရာ နောက်ဆုံးတွင် ကူမဲမြို့မှ ဒါယကာ+ဒါယိကာမအပေါင်းက ဦးကလျာဏကို “မသာ ကိုယ်တော်” ဟုအမည်ကင်ပွန်းတပ်ပေးလိုက်လေတော့သည်။

ထိုအကြောင်းကို သူကိုယ်တိုင်ပင် သံဃာတော်များကို ပြောပြရာ သံဃာတော် အရှင်သူမြတ်များကလည်း သူ့ကို မြင်တိုင်း “မသာ ကိုယ်တော်ကြွလာပဟေ့” ဟု မိန့်တော်မူလေ့ရှိကြ၏။“အော် ဘာမှမကုန်ဘဲ ရလိုက်တဲ့ နာမည်ပါပေတကား။”

ဤနေရာ၌ အသုဘအကြောင်းနှင့် စပ်လာသဖြင့် မိမိ၏ အတွေ့အကြုံ အဖြစ်အပျက်ကလေးတစ်ခုကို တင်ပြပါရ စေအုံး။ မိမိသည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မြို့မပရိယတ္တိကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သည်။ ထိုကျောင်းမှာနေစဉ် ရပ်ကွက်အတွင်းမှ ဒါယကာ+ဒါယိကာများဆုံးသွားလျှင် ကျောင်းမှ မိမိထက် အသက်၊ ၀ါအားဖြင့် ကြီးသော မထေရ်ကြီးမှ “ဦးဇ၀န သက်ပျောက်ဆွမ်းလာပင့်နေတယ် လိုက်သွားလိုက်ပါကိုယ်တော်” ဟု မိန့်သဖြင့် မိမိသည် အမြဲလိုလို သက်ပျောက်ဆွမ်း၊ မြေချဆွမ်း၊ ရက်လည်ဆွမ်းတို့ကို လိုက်ပေးနေရလေသည်။

တစ်နေ့မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ နှစ်ပေါင်းများလာတော့ မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်အတွင်းမှ ဒါယကာ+ ဒါယိကာမများနှင့် လှိုင်မြို့နယ် မာလာမြိုင်အမှတ် (၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀လမ်းတို့မှ ဒါယကာ+ဒါယိကာမများသည် မိမိအား မှတ်မိနေကြလေသည်။

ထို့ကြောင့်ပင် သူတို့သည် မိမိကို မြင်တိုင်း “အင်း ကိုယ်တော်လေးတော့ ကြွလာပြန်ပြီ၊ ဘယ်အိမ်က ဆုံးပြန်ပြီလဲတော့မသိဘူး၊”ဟု တီးတိုးတီးတိုး မှတ်ချက် ပေးနေကြသည်။

တစ်နေ့ မိမိသည် သက်ပျောက်ဆွမ်းတစ်ခုတွင် သီလပေး၊ တရားဟော၊ ရေစက်ချပြီး ကျောင်းသို့ အလှူရှင်ဒါယကာများနှင့်အတူ စကားပြောရင်း ပြန်ကြွလာခဲ့လေသည်။ ကျောင်းအပေါက်ဝ ရောက်သောအခါ တပည့်ဖြစ်သူ ကိုရင်ပေါက်စမှ “ဦးဇင်း ဒီနေ့ တွက်ခြေ ဘယ်လောက်ကိုက်ခဲ့လဲ”ဟု လှမ်းမေးလေသည်။

ဒါယကာများ၏ ရှေ့တွင် အမေးခံရသောအခါ မိမိသည် အလွန်ပင် ရှက်မိသည်။ ဒါယကာများ ပြန်သွားပြီးနောက် ကိုရင်ကို ခေါ်ကာ “ကိုရင် နောက်ကို ဒီလိုဘယ်တော့မှ မမေးရဘူးနော်၊ နောက်တစ်ခါမေးရင်တော့ မင်းနာမယ်သာပြင်”ဟု ခေါ်ငေါက်ချိန်းခြောက်ထားရလေသည်။

တစ်နေ့ မိမိနှင့် အလွန်ရင်နှီးသော ဒါယကာကြီးဦးကျော်သည် မိမိထံမှောက် ရောက်လာကာ “ငွေရေး ကြေးရေကော သုံးရ စွဲရတာ အဆင်ပြေရဲ့လား၊” ဟု မေးလေတော့သည်။ ထိုအခါ မိမိက “သေခြင်းတရားတွေရှိနေသရွေ့၊ ငွေရေးကြေးရေးမပူပါဘူး ဒကာကြီး၊”ဟု နောက်လိုက်လေသည်။ ထိုအခါ ဒါယကာကြီးက “ဟုတ်ပါတယ်လေ၊ ကိုယ်တော်က အသုဘကိုယ်တော်ဆိုတော့”ဟု ဆက်နောက်လေသည်။

ဆရာ+ဒကာ တစ်ယောက်နှင့် တစ်ယောက် ပြောမနာ ဆိုမနာများဖြစ်သဖြင့် မိမိက “ဟုတ်တယ်ဒကာကြီးရေ၊ ကျုပ်က အသုဘကိုယ်တော်၊ အသုဘပွဲပဲလိုက်နေရတာကိုး၊ အင်း အဲဒါအရေးမကြီးဘူး ဒါယကာကြီးတို့ အိမ်ဘက်လဲ မျက်စောင်းထိုးလာပြီနော်၊ ဒါယကာကြီးလဲ သတိထားနေအုံး” စလိုက်ရာ “ကိုယ်တော် တော်တော်၊ နမိတ်မရှိ၊ နမာမရှိ၊ အဟုတ်မှတ်လို့ နားထောင်နေတာ”ဟု ပြောကာ ဒါယကာကြီး ဦးကျော်လည်း တစ်ချိုးတည်း လစ်သွားလေတော့၏။

“အော် ဒကာကြီးဦးကျော် ဘယ်အရာကို စစ၊ သူသည်းခံလေ့ရှိတယ်၊သေခြင်းတရားနဲ့ စလိုက်တော့ အသက် (ရ၅) နှစ်ရှိပြီး ဖြစ်သော မိမိ၏ ဒကာကျော်လည်း လစ်ပြေးတော့တာပဲ၊ ပုထုဇဉ်ဖြစ်တော့လည်း ကြောက်ပေအုံးမှာပေါ့၊ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က “အရိယာပုဂ္ဂိုလ်တို့မှတစ်ပါး အားလုံးသော လူသား တိရစ္ဆာန်ကအစ သက်ရှိ သတ္တ၀ါအားလုံးတို့သည် သေဘေးကို ကြောက်ကြကုန်၏”ဟု မိန့်တော်မူတာပေပဲ။

သေဘေးမှ လွတ်ရန် နည်းလမ်းသည်ကား မဂ်လမ်းစဉ်ကို ကျင့်ခြင်းမှတစ်ပါး အခြားမရှိတော့ပါပေ။ ထို့ကြောင့် မဂ်လမ်းစဉ်ကို လိုက်သဖြင့် သတ္တ၀ါအားလုံး သေဘေးမှ လွတ်မြောက်နိုင်ကြပါစေ”ဟု ဆုတောင်းပတ္ထနာပြုရင်း ဤအကြောင်းအရာကို နိဂုံးချုပ်လိုက်ရပေသည်။

Thursday, June 24, 2010

“အာဂသတ္တိရှင်ပါပေတကား”

ွှဤအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်လောက်က ဖြစ်မည်ထင်၏။ မုတ္တမမှ မော်လမြိုင်သို့ သွား မည့်ခရီးသည်များသည် ဇက်ဖြင့် မော်လမြိုင်ဘက်သို့ ကူးကြရသည်။ မိနစ်သုံးဆယ်လောက် အချိန်ယူရသည် ထင်၏။ ထိုအချိန်က ယခုကဲ့သို့ မုတ္တမ+မော်လမြိုင် မြစ်ကူးတံတားကြီးမပေါ်သေးပါ။ သို့ဖြစ်သဖြင့် ခရီးသည်များ သည်ကားပေါ်မှ ဆင်းသည်နှင့်တပြိုင်နက်၊ ရထားပေါ်မှ ဆင်းသည်နှင့်တပြိုင်နက် ဇက်ဆီသို့ အပြေးအလွှားပြေး တက်ကြရသည်။ သို့မှသာ မိမိတို့၏ တန်ဖိုးရှိလှသော အချိန်လေးကို (save)နိုင်မည်ဖြစ်ပေသည်။

ဒီနေ့တော့ ဇက်ပေါ်တွင် ကလေးများစွာကို တွေ့ရလေသည်။ ထိုကလေးများစွာတွင် ကလေးတစ်ယောက်သည် ဟိုပြေးသည်ပြေး ပြေးနေလေသည်။ ထိုကလေးသည် ထိုသို့ပြေးရင်း သံလွင်မြစ်ထဲသို့ ထိုးကျသွားသည်။ ထိုအချိန်မှ ကလေးအမေသည် “ကယ်ကြပါအုံး ကယ်ကြပါအုံး ကျမ သားလေး မြစ်ထဲကျသွားလို့”ဟုအော်ဟစ်ငိုယိုကာ အကူအညီတောင်းနေလေတော့သည်။ ထိုသို့ အကူအညီ တောင်းနေစဉ်မှာပင် လူငယ်တစ်ယောက်သည် ၀ုန်းကနဲရေထဲထိုးဆင်းသွားလေသည်။ မကြာလိုက်ပါ ထိုကလေးကို ဆယ်ယူလာလေသည်။

သင်္ဘောပေါ်မှ ခရီးသည်များနှင့် ကလေးအမေသည် ထိုလူငယ်လေးကို ကျေးဇူးတင်မဆုံးရှိကြလေသည်။ တစ်နေ့ မော်လမြိုင်တွင် ကလေးမိခင်နှင့် အစိုးရတာဝန်ရှိ လူကြီးများက ထိုလူငယ်လေးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုပွဲလေးတစ်ခုလုပ်ပေးလေသည်။

ထိုဂုဏ်ပြုပွဲတွင် ကလေးမိခင်နှင့် တာဝန်ရှိလူကြီးများက “မိမိ၏ သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ရမှုနှင့်ပတ်သက်လို့ စကားအနည်းငယ် ပြောပါအုံး”ဟု တိုက်တွန်းလေသည်။ ထိုအခါ လူငယ်သည် “ကျွန်တော်ဟာ မြစ်ထဲကျသွားတဲ့ ကလေးကို ကြည့်နေစဉ် သင်္ဘောပေါ်က ကျွန်တော်ကို တွန်းချလိုက်တဲ့သူကို ဖော်ထုတ်ပေးဖို့ လူကြီးမင်းများကို တောင်းဆိုပါတယ်ခင်ဗျ”တဲ့။

“အော် ဤကဲ့သို့သော အာဂသတ္တိရှင်မျိုးလဲရှိသေးပေသဗျ၊ ပရိသတ်က မျှော်လင့်သည်ကတစ်ခြား၊ သူပြောချ လိုက်သည်က တစ်ခြား။”

Tuesday, June 22, 2010

The Buddha open here! (မြတ်ဗုဒ္ဓက ဒီမှာပွင့်တော်မူတာလေ)

အိန္ဒိယနိုင်ငံသို့ ကမ္ဘာအရပ်ရပ်က ဘုရားဖူးများလာရောက်လည်ပတ်လေ့ရှိကြသည်။ အကြောင်းသော်ကား မြတ် ဗုဒ္ဓသည် အိန္ဒိယနိုင်ငံတွင် ပွင့်ထွန်းပေါ်ပေါက်မူတော်မူခဲ့သောကြောင့် ဖြစ်ပေသည်။ အိန္ဒိယသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က မဟာလူသားတစ်ယောက်ပေါ်ပေါက်ခဲ့သော နေရာဖြစ်ပေသည်။

ထိုမျှမက ထိုမဟာလူသား မြတ်ဗုဒ္ဓသည် ထိုမြေပေါ်မှာတွင် ဓမ္မစင်္ကြာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုမြေပေါ်မှာပင် ပရိနိဗ္ဗာန် စံတော်မူခဲ့လေသည်။ ထိုမြေပေါ်မှာပင် မွေးဖွားတော်မူခဲ့လေသည်။ သို့သော် ယခုအခါ မွေးဖွားတော်မူခဲ့သော နေရာသည်ကား နီပေါနိုင်ငံပိုင် ဖြစ်သွားလေပြီး။ ထိုလေးပါးကို သံဝေဇနိယလေးဌာန ဟုခေါ်ဆို ပါသည်။

အထူးအားဖြင့် မြန်မာပြည်မှ ဘုရားဖူးများသည် ထိုလေးဌာနနှင့် အခြားသော မြတ်ဗုဒ္ဓသီတင်းသုံးတော်မူခဲ့ဖူး သော မြတ်ဗုဒ္ဓဒေသစာရီကြွချီတော်မူခဲ့ဖူးသော မြင့်မြတ်သော နေရာများကိုလည်း လှည့်လည်ဖူးမျှော်လေ့ရှိကြ သည်။ တစ်နှစ် ဒီဇင်ဘာလလောက်တွင် မြန်မာပြည်မှ ရုပ်ရှင်မင်းသမီးမိုးမိုးမြင့်အောင်၏ အမဖြစ်သူ ဒေါ်သဇင် မြင့်အောင်ဦးဆောင်သော ဘုရားဖူးအဖွဲ့သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ရောက်ရှိလာလေသည်။

ထိုအဖွဲ့နှင့်အတူ သံဃာတော်ငါးပါးလည်း ပါလာလေသည်။ ထိုသံဃာငါးပါးတွင် ခပ်ငယ်ငယ် ကိုယ်တော်လေး တစ်ပါးလည်းပါလာသည်။ အင်္ဂလိပ်စကားအနည်းငယ်ပြောတတ်လေသည်။ သူသည် အင်္ဂလိပ်စကားပြောတတ် ကြောင်းကို သူနှင့်အတူပါလာသော ဘုရားဖူးအဖွဲ့များ သိစေရန်အလို့ငှါ လူရှုပ်ရှုပ်ရှိမှ ပြောလေ့ရှိ သည်။

တစ်နေ့သော ညနေခင်းတွင် မဟာဗောဓိရင်ပြင်တော်ပေါ်ဝယ် မြန်မာဘုရားဖူးခရီးသည်များဖြင့် ပြည့်နေချိန် တွင် သူသည် နိုင်ငံခြားသားတစ်ယောက်ကို သွားရောက်နှုတ်ဆက်လေသည်။ သူတို့သည် မိတ်ဆွေဖြစ်သွားကြ လေပြီ။ အနည်းငယ် အလ္လာပသလ္လာပ စကားပြောကြားပြီးနောက် ထိုကိုယ်တော်လေးသည် မဟာဗောဓိညောင် ပင်ကြီးကို လက်ညှိုးညွှန်ကာ
“The Buddha open here”ဟု ဘေးမှ ဘုရားဖူးများကြားသိစေရန်အလို့ငှါ ကြာလောင်စွာပင်လျှင် ပြောကြား လိုက်လေသည်။ ဘုရားဖူးအချို့တွင် အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်သော ဒါယကာ ဒါယိကာမများကတော့ ကိုယ်တော်လေးပြောသည်ကို လှောင်ပြုံးပြုံးကြသည်။ အချို့သော တောနယ် တောမြို့ လေးမှ ဒါယကာ ဒါယိကာမများသည်ကား အထင်ကြီးသော အကြည့်ဖြင့် ကိုယ်တော်လေးကို ၀ိုင်းဝန်း ကြည့်နေ ကြလေသည်။
“အော်မြန်မာ့အတွေး မြန်မာ့ဟန်နဲ့တော့ မှန်ကောင်းမှန်ပေမည်။ “The Buddha open here. (မြတ်စွာဘုရားက ဒီမှာ ပွင့်တာလေ)” ပညာရှင်များကြားရင်တော့ ဟားတိုက်ရယ်ကောင်း ရယ်နိုင်ပါပေသည်တကား။ အမှန်ဝါကျ ဖြစ်သင့်သည်ကား “The Buddha attained Enlightenment here. မြတ်စွာဘုရားက ဒီမှာပွင့်တော်မူတာ”

အင်္ဂလိပ်စကားပြောနှင့် ဆက်စပ်လာသဖြင့် အခြားအဖြစ်အပျက်တစ်ခုကို တင်ပြပေအံ့။
တစ်ခါက ကိုယ်တော်လေးတစ်ပါးသည် ပြည်ပတွင်စာသင်နေလေသည်။ တက္ကသိုလ်ပိတ်ချိန်တွင် သူသည် ဗဟု သုတရရန်အလို့ငှာ အခြားနိုင်ငံများသို့လည်း သွားရောက်လေ့လာလေသည်။ သို့ဖြစ်သဖြင့် သူသည် နိုင်ငံအ တော်များများကို ရောက်ဖူးပြီးဖြစ်လေသည်။ သူသည် မြန်မာပြည်တွင် သူ၏ မိဘဆွေမျိုးများရှိရာ ဇာတိရွာ သို့ရောက်သောအခါ သူ၏ နိုင်ငံခြားအတွေ့အကြုံများကို ရွာသူရွာသားများကို စီကာပတ်ကုံး ပြောပြလေတော့ သည်။ ရွာသူရွာသားများလည်း သူတို့မရောက်ဖူးသော နိုင်ငံခြားအကြောင်းပြောပြသဖြင့် အပ်ကျသံမျှပင်ကြားရ ပေလိမ့်မည်။ တိတ်တဆိတ် စိတ်ဝင်းတစား နားထောင်းနေကြလေသည်။

သူ၏ နိုင်ငံခြားအတွေ့အကြုံကို ပြောကြား၍ ခဏရပ်နားနေစဉ် စပ်စုတတ်သော ဒါယိကာမကြီးတစ်ယောက်က
“အရှင်ဘုရား အဲဒီလို ကမ္ဘာပတ်နေတော့ အခက်အခဲတွေ ဘာတွေများ မကြုံရဘူးလားဘုရား”ဟု မေးလေ သည်။ ထိုအခါ ကိုယ်တော်လေးက “အွန်း ကျုပ်အတွက်တော့ အခက်အခဲ ဘာမှ မဖြစ်ပါဘူး၊ ကျုပ်နဲ့တွေ့တဲ့ နိုင်ငံခြားသားတွေတော့ အခက်အခဲတွေ များစွာ တွေ့တာပေါ့ ဒကာမကြီးရာ”ဟု ဖြေကြား တော်မူလိုက်လေသတည်း။

“အော်ဒါလည်းပဲ မှတ်သားဖွယ်ရာပါပေ တကား”

Saturday, June 19, 2010

ကြောက်ရွံ့မှုနှင့် စိုးရိမ်းမှု အပိုင်း(၂)

သားသမီးများစွာရှိသော ဇနီးမောင်နှံတို့သည်လည်း “သားသမီးများကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ၊ ငါ့ရဲ့ဇနီး/အမျိုးသားက ငါ့ကို အရင်ကလို မချစ်တော့ဘဲ ခွဲခွါသွားလေမလား၊ ငါ့အရွယ်ကြီးလာတဲ့အခါ ငါ့သားသမီးတွေက ငါ့ကို စောင့်မှ စောင့်ရှောက်ပါ့မလား”ဟု အမြဲမပြတ်စိုးရိမ် ပူပန်နေကြရသည်။

အချို့မိဘများသည် မလိုအပ်ပဲ သားသမီးတို့၏ လုံခြုံမှုအတွက် စိုးရိမ်ပူပန်နေကြလေသည်။ “နေ့စဉ်သုံးငွေအတွက် အိမ်မှာလုံလောက်မှုရှိရဲ့လား၊ အိမ်မှာကော လုံခြုံမှုရှိရဲ့လား၊ ချစ်ခင်နှစ်သက်ရသော ပုဂ္ဂိုလ်များကော ကျန်းမာရေးမှာ ကောင်းကြပါရဲ့လား”ဟု စိုးရိမ် ပူပန် နေကြလေသည်။ သူတို့သည် လုပ်ငန်းခွင်၌ အလုပ်လုပ်ဆောင်ရာမှုနှင့် ဆုံးဖြတ်ချက်များချရာတွင် အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ကြရသည်။

“ငါ့၏ ဆုံးဖြတ်ချက်မှားများသွားရင် ဘယ်လိုလုပ်မလဲ၊ စတော့ရှယ်ယာတွေ အစု ဈေးကွက်တွေကို ယခုရောင်းရရင်ကောင်းမလား၊ နောက်မှ ရောင်းရရင်ကောင်းမလား၊ အလုပ်သမားတွေက ကော ငွေရေးကြေးရေနဲ့ပတ်သက်လို့ စိတ်ချရပါ့မလား၊ ငါ့မရှိတုန်းမှာ လိမ်သွားလေမလား” လူအချို့သည် ဖြစ်ပေါ်လာမည့် ဆုံးရှုံမှုများကို တွေးပူနေကြလေသည်။

သူတို့သည် ရာထူးမတိုးမှာ အလုပ်တာဝန်တွေကို များ စွာ ပေးအပ်မှာကိုလဲ စိုးရိမ်ပူပန်နေကြသည်။ အချို့သည် ရုံးလုပ်ဖေါ် ကိုင်ဖက်များက သူတို့ကို မနာလိုဖြစ်နေကြ သည်ကိုလဲ တွေးပြီး စိုးရိမ်ပူပန်နေကြလေသည်။ အော် အကယ်စင်စစ် လူတို့ရင်ဆိုင်နေရသော စိုးရိမ်ပူပန်မှု များကို စာရင်းပြုစုလိုက်လျှင် ကုန်ဆုံးတော့မည်မဟုတ်ချေ။

လူ့ဘ၀သည် စိုးရိမ်မှု ကြောက်ရွံ့မှု များနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်လေသည်။ မှန်ပါပေ၏။ ကြောက်ရွံ့မှုများစွာတို့သည်ကား မလုံခြုံမှုမှလာသော ကြောက်ရွံ့မှု၊ ရန်သူကို ကြောက်ရွံ့မှု၊ ငတ်မွတ်မည့်ဘေးကို စိုးရိမ်မှု၊ ဆင်းရဲမွဲတေမှာကို စိုးရိမ်မှု၊ ဖျားနာမှာကို စိုးရိမ်မှု၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးမှာကို စိုးရိမ်းမှု၊ ချစ်သောပုဂ္ဂိုလ်များနှင့် ခွဲရမှာကို စိုးရိမ်မှု၊ လှနေသော ရုပ်ကလေးများ ပျက်သွားမှာကို စိုးရိမ်မှု၊ အကယ်၍ ငါ့ရုပ်သာ ပျက်သွားလျှင် ငါ့ချစ်သောသူက ငါ့ကို ချစ်မှ ချစ်တော့ပါ့မလားဟု တွေးတောကာ စိုးရိမ်မှု၊ အိုမှာကို စိုးရိမ်မှု၊ သေမှာကို စိုး၇ိမ်မှု၊ နောက်ဘ၀သေသွားရင် ကောင်းရာသုဂတိသို့ ရောက်မှ ရောက်ပါ့မလားဟု ကြိုတင်စိုးရိမ်မှုစသည်တို့ပင်ဖြစ်လေသည်။

အထက်ပါ အခြေအမြစ်မရှိသော စိုးရိမ်ပူပန်မှုများသည် လွန်ကဲသော ကြောက်ရွံ့မှုကို ဖြစ်စေတတ်သည်။ ဤစိုးရိမ် ပူပန်မှုတရားတွေကတော့ လူသားဆီသို့ ရောက်ရှိလာမည်မှာ ဧကန်မလွဲဖြစ်ပေသည်။ ဤကဲ့သို့သော စိုးရိမ်မှု များမှ မည်သူတစ်ဦးတစ်ယောက်မှ မလွတ်မြောက်နိုင်ချေ။ စိတ်ထားဖြူစင်သော ပုဂ္ဂိုလ်တို့သည်သာ အကယ် စင်စစ် ထိုအခြေအနေများမှ လွတ်မြောက်နိုင်မည်ဖြစ်ပေသည်။

ဆက်ရန်(ဒေါက်တာကေသရီဓမ္မာနန္ဒ၏ Why Worry ကို အခြေခံ ရေးသားထားသည်။)

Friday, June 18, 2010

သပြေတစ်ခက်ကယ်နဲ့

တစ်ခါက မြန်မာပြည်အထက်ပိုင်းတွင် အမျိုးသမီးငယ်လေးများသည် သင်္ဘောဖြင့် ခရီးထွက်ခဲ့ကြလေသည်။ ထို အမျိုးသမီးလေးများသည် ဗဟုသုတရရန်အလို့ငှာ တစ်နေရာတွင် ထိုင်မနေမူရန် သင်္ဘောပေါ်တွင် လှည့်ပတ် ကြည့်ရှုနေကြလေသည်။ ထိုသို့လှည့်လည်စဉ် သူတို့သည် ဦးလေးကြီးတစ်ယောက်နှင့်တွေ့ကာ စကားလက်ဆုံး ကျပြီး ရင်းနှီးသွားကြလေသည်။ စကားတွေများစွာ ပြောကြားပြီးနောက် ဦးလေးကြီးက
“ငါ့တူမတို့ရဲ့ ဇာတိရွာနာမည်ကကော ဘယ်လိုခေါ်ပါသလဲ”ဟု မေးလေသည်။ ထိုအခါ အမျိုးသမီးလေးများက
“ကျောက်စရစ်ပတ်လည်၊ သာမျိုးကွယ်၊ ဒိုင်းလည်ရွာကရှင့်”ဟု ကာရန်နဘေနှင့် တက်တက်ကြွကြွ သံပြိုင် ဖြေဆိုလိုက်ကြလေသည်။ ဤသို့တက်တက်ကြွကြွ ကာရန်နဘေနှင့် သူတို့၏ ဇာတိရွာနာမည်ကို ပြောကြား သည်ကို ဦးလေးကြီးတစ်ယောက်အလွန်ပင် သဘောကျသွားလေသည်။ သူစဉ်စားလိုက်သည်က
“ဒီခလေးမလေးတွေတောင် သူတို့ရဲ့ဇာတိရွာကို ကာရန်နဘေနှင့် အချက်ကျကျ ဖြေတတ်သေးတယ်၊ ငါဘာလို့ မဖြေတတ်ရမှာလဲ၊ မေးလို့ကတော့ ကာရန်နဘေတွေနဲ့ ငါ့ဇာတိရွာနာမည်ကို ဖြေထည့်လိုက်မယ်”ဟု စဉ်းစား နေစဉ်၊ စဉ်းစားခန်းမပြီးသေးပါ၊ အမျိုးသမီးကလေးများက
“ဒါနဲ့ ဦးလေးကြီးရဲ့ ဇာတိရွာနာမည်ကကော ဘယ်လိုခေါ်ပါသလဲရှင့်”ဟု မေးလိုက်ကြလေသည်။ ဦးလေးကြီး လည်း အားကျမခံ
“သပြေတစ်ကယ်နဲ့၊ သပြေတစ်ခက်ကယ်နဲ့” ဟု ရှေ့ဆက်မရဖြစ်နေသည်။ ဤတွင် အမျိုးသမီးကလေးများက
“ဦးလေးကြီး မဆုံးသေးဘူး၊ ဆက်ဖြေအုံးလေ”ဟု ၀ိုင်းဝန်းတိုက်တွန်းလိုက်ရာ ဦးလေးကြီးလည်း
“ချောင်းခွရွာကကွ”ဟု ရောက်မိရောက်ရာ ဖြေချလိုက်လေသည်။ ဤတွင်ကလေးမလေးများက ၀ိုင်းရယ်ကာ
“ဟွန်း ဦးလေးကြီးလင်္ကာကလဲ ကာရန်နဘေအချီအချလဲမကိုက်ဘူး”ဟု ၀ိုင်းဝန်းအပြစ်တင်ကြလေသည်။ နောက်ဆုံးတွင် ဦးလေးကြီးက
“အေး ငါလဲ ညည်းတို့လို ကာရန်နဘေတွေနဲ့ ဖြေချင်တာနဲ့ ဖြေချလိုက်တာ၊ အော်တကယ်တော့ မလွယ်ပါလား ဟေ” ဟု ပြော၍ ဦးလေးကြီးလဲ ရှက်ကိုးရှက်ကန်းဖြစ်ကာ လစ်ထွက်သွားလေတော့သတည်း။
ဤနေ၌ ကာရန်အချီအချမတည့်မှုနှင့်ဆက်စပ်လာသဖြင့် မိမိ၏ ကိုယ်တွေ့ဖြစ်ရပ်ကိုလည်း တင်ပြလိုက်ရပေ သည်။ မိမိသည် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ ထို့သို့ပညာသင် ကြားရာတွင် ဘာသာ(၇)ရပ်ကို လေ့လာသင်ကြားကြရသည်။ ထိုအထဲတွင် ဗုဒ္ဓသာသနာပြန့်ပွားရေးဘာသာ ရပ်တစ်ခုပါရှိသည်။ မြတ်ဗုဒ္ဓ၏ သာသနာသည် မည်သည့်မင်းလက်ထက်တွင် မည်သို့ပြန့်ပွားလာသည်။ မည့်သည့်မင်းလက်ထက်တွင် မည်သို့ဆုတ်ယုတ်သည်ကို သက္ကရာဇ်အတိအကျနှင့် လေ့လာကြရသည်။ သင် ကြားပို့ချပေးသော ဆရာတော်ကလည်း
“အရှင်ဘုရားတို့ ခုတပည့်တော်ပို့ချသင်ကြားပေးထားတာတွေကို စာမေးပွဲမှာ မေးလာရင် အကြောင်းအရာကို သက္ကရာဇ်အတိအကျနဲ့ ဖြေရမှာနော်၊ သက္ကရာဇ်မပါလို့ကတော့ အမှတ်နည်းပြီးသာမှတ်” ဟု ရက်ရက်စက်စက် မိန့်ကြားတော်မူလိုက်ရာ စာသင်သားတော်တော်များများ တော်တော်လေးစိတ်ဓာတ်ကျသွားကြသည်။
“သင်ထားတဲ့ သင်ခန်းစာတွေကလဲ တစ်ပုံတစ်ပင်ကြီး၊ သက္ကရာဇ်တွေကလည်း အများကြီး၊ ဘယ်လိုလုပ်မှတ်မိ မှာလဲ”ဟု ငြီးချင်းထုတ်နေကြသည်။ နောက်ဆုံးအကြံရလိုက်ကြသည်ကား
“သက္ကရာဇ်များကို မှတ်မိလွယ်အောင် သံပေါက်လင်္ကာတွေစီးပြီးကျက်ရင်ကောင်းမယ်”ဟု အကြံရကြလေသည်။ သို့ဖြစ်သဖြင့် စာသင်သားများသည် သက္ကရာဇ်များကို မှတ်မိစေရန်အလို့ငှာ သံပေါက်လင်္ကာအဖြစ်သို့ ပြောင်း ကာစပ်ဆိုကျက်မှတ်ကြလေသည်။ အချို့စာသင်သားများ သံပေါက်လင်္ကာစပ်ကြရာတွင် အလွန်ပင် တော်ကြ ပေ သည်။ ကဗျာပါရဂူ တေးထပ်ပါရဂူ လင်္ကာပါရဂူ စလေဆရာကြီးဦးပုညကပင် ချီးကြူးရလောက်မည်ထင်ပါပေ၏။ အခြားသူငယ်ချင်းများက သံပေါက်လင်္ကာတွေစပ်ကြသည့်အခါ မိမိသည်လည် အားကျမခံ စပ်ဆိုလို စိတ်များဖြစ် ပေါ်လာသည်။ ပထမစပ်ဆိုရမည်ဖြစ်သော အကြောင်းအရာသည်ကား
“ဂုတ္တမင်းဆက်သည် သက္ကရာဇ် (၄၄၄)ခုနှစ်တွင် တက်ရောက်မင်းဖြစ်လာသည်။ ထိုဂုတ္တမင်းဆက်နန်းစံသော နှစ်ပေါင်းသည်ကား (၆၄)နှစ်ပင်ဖြစ်သည်” သို့ဖြစ်သဖြင့် မိမိသည် အထက်ပါအဖြစ်အပျက်ကို အောက်ပါအတိုင်း စပ်ဆိုလိုက်သည်။
“ရီဝင်းလေးမှာ၊ ဂုတ္တလာ၊ ကြာရှည်နှစ်ပေါင်းဦးသာရိုး”
အဓိပ္ပာယ်သည်ကား “ယရလ၀ ဗုဒ္ဓဟူးနံ့ လေးကိုယူလေပါ”ဟူသည်နှင့်အညီ ရီဝင်းလေးကို (၄၄၄)ဟု ယူလိုက်သည်။ ရီဝင်းလေးမှာ၌ မှာကား ကာရန်ပြည့်ရန်ထည့်ထားသည်။ “ရီဝင်းလေးမှာ၊ ဂုတ္တလာ”ဟူသည်ကား သက္ကရာဇ် (၄၄၄)နှစ်တွင် ဂုတ္တမင်းဆက်တက်လာသည်ဟူလို။ ကြာရှည်နှစ်ပေါင်းဦးသာရိုး၌ ဦးသည် ကာရန်ပြည့်ရန်ထည့်ထားသည်။ သာရိုးသည်ကား “သ ဟ သောကြာနံ ခြောက်ကိုယူလေပါ” ဆိုသည့် အတိုင်းသကိုခြောက်ဟုယူ၍ ရိုးကို ဗုဒ္ဓဟူးနံလေးယူသည်။ သို့ဖြစ်၍ သာရိုးသည် (၆၄)ဖြစ်လာသည်။ ကြာရှည်နှစ်ပေါင်းဟူသည်ကား နန်းစံသက်ကို ဆိုလိုသည်။ သို့ဖြစ်သဖြင့် နန်းစံနှစ်သည် (၆၄)ဖြစ်သည်။
မိမိ၏ သံပေါက်သည် ကာရန်ညီသည် မညီသည်မသိ၊ တက္ကသိုလ်တစ်ခုလုံး ဟိုဟိုကျော်သွားလေသည်။
သီတင်းသုံးဖေါ်ရဟန်းများကလည်း
“ဦးဇ၀နရာ ကိုယ်တော်လင်္ကာက အစကောင်းမလိုလိုနဲ့၊ အဖျားရှုးသွားတယ်ကိုယ်တော်၊ စလေဆရာဦးပုညသာ ကြားသွားလို့ကတော့ ငိုလောက်ပေရာ၏”ဟု ချီးမွမ်းခန်းများပင် ဖွင့်ကြလေသည်။
“စုံဒေါက်ကြီး ဦးစံရှား၏ ငြီးချင်းရှိပါပေ၏၊ ထိုငြီးချင်းသည်ကား “အော် မှားတဲ့အခါလဲ မှားပေမပေါ့၊” မိမိသည်လည်း စုံဒေါက်ကြီးဦးစံရှားနည်းတူ “မှားတဲ့အခါလည်းမှားပေမပေါ့”ဟုငြီးချင်းသာထုတ်လိုက်ပါတော့ သတည်း။

Thursday, June 17, 2010

ရောက်ရာ ပေါက်ရာဟာသများ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းဝယ် ရွာတစ်ရွာရှိလေသည်။ ထိုရွာသားဖြစ်သော သူငယ်ချင်းတစ်ပါးမှ ပြောပြသဖြင့် စာရှုသူများ ဟာသရသခံစားနိုင်စေရန် အလို့ငှာ ထိုရွာအကြောင်းကို တင်ပြလိုက်ရပေသည်။ ထို ရွာသားများသည် စကားကို ကတ်ကတ်သတ်သတ် ပြောတတ်သော အလေ့ရှိကြလေသည်။
တစ်နေ့သော နံနက်ခင်းတွင် ထိုရွာသားမျာသည် မန္တလေးမြို့သို့ သွားရန် ကားစောင့်နေကြလေသည်။ ထိုစဉ် ကားတစ်စီးသည် သူတို့၏ ရှေ့မှ ဖြတ်မောင်းသွားသည်။ ထိုအခါ ဆယ်တန်းကျောင်းသားတစ်ယောက်သည် ထိုကားတွင် ရေးထားသော 'Made in Japan' ဟူသော စာတမ်းကို ဖတ်လိုက်ရသဖြင့် သူ့ရွာသားများကို ဗဟုသုတရရှိကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်
“ခုနက ကျုပ်တို့ရှေ့က ဖြတ်မောင်းသွားတဲ့ကားက ဂျပန်ကလာတာပဲ”ဟု ပြောလိုက်လေသည်။ ထိုအခါ စကား ကတ်ပြောတတ်သော ရွာသားတစ်ယောက်က
“ဟာ ဒီကားက ဂျပန်ကလာတာဆိုတော့ တော်တော်စောသားပဲ၊ ဘယ်အချိန်ကများ ထွက်လားသလဲမသိဘူး”ဟု
စကားကတ်ကာ မေးလေသည်။ သူ၏ ရွာသားများအကြောင်းကို သိသော ဆယ်တန်းကျောင်းသားသည်လည်း စကားဆက်မပြောတော့မူ၍ အသာလေးငြိမ်းနေလိုက်လေသတည်း။
တစ်ခါတွင်လည်း ထိုရွာသားတစ်ယောက်သည် အရက်မူးပြီး သူ့အိမ်သို့ ပြန်လာလေသည်။ မူးကန်းကန်းနှင့် အိမ် ထဲဝင်လိုက်ရာ အိမ်၏ တံစက်မြိတ်နှင့် သူ၏ ခေါင်းနှင့် သွားဆောင့်လေသည်။ ထိုအခါ မူးနေသည်က တစ်ကြောင်း သူ၏ ခေါင်းကို တံစက်မြိတ်နှင့် အတိုက်ခံလိုက်ရသည်ကတစ်ကြောင်း၊ အကြောင်းပေါင်းများစွာတို့ ကြောင့် စိတ်တိုသွားကာ သူသည်
“ငါမအရပ် ငါမအရပ်”ဟု အရပ်ကို အော်ဆဲနေလေတော့သည်။ ဤအရာကို သည်းမခံနိုင်သော လူငယ်တစ် ယောက်က
“ဟေ့ကောင် အရပ်ကိုတော့ ဆဲမနေနဲ့၊ သတ္တိရှိရင် ဖိုက်မယ်၊ ဒီဘက်ကို လာခဲ့စမ်း”ဟု စိန်ခေါ်လိုက်လေသည်။ ထိုအခါ အမူးသမားက
“အရပ်ဆိုတာ ငါ့အရပ်ကို ဆဲတာကွ၊ ငါ့အရပ်က ရှည်တော့ အိမ်ရဲ့ တံစက်မြိတ်နဲ့သွားတိုက်တယ်၊ ငါ့ခေါင်းကွဲ သွား၊ ဒါကြောင့် ငါ့ရပ်ကို ငါဆဲနေတာကွ”ဟု ပြန်လည်ဖြေရှင်းချက်ပေးလိုက်သောအခါ တစ်ဖက်မှ လူငယ်သည်လည်း သူမှားသွားသည်ကို သိရှိကာ စုံဒေါက်ကြီး ဦးစံရှားနှင့် ဦးဒိန်းဒေါင်းတို့ကဲ့သို့ ဒီနေ့ကံကောင်း မကောင်းပါလား”ဟု ငြီးချင်းထုတ်ကာ ငြိမ်သွားလေတော့သတည်း။
မှတ်ချက်= ထိုအရက်သမားသည် အိမ်၏ တံစက်မြိတ်နှင့် တိုက်မည်ဆိုလျှင်လည်း တိုက်ပေရာ၏။ သူ၏ အရပ်ကို ဆဲမည်ဆိုလျှင် ဆဲပေရာ၏။ စင်စစ် သူ၏ အရပ်သည်ကား ခြောက်ပေနည်းပါးမျှရှည်လေသတည်း။
တစ်နေ့သော ညအခါတွင် ရွာသားများသည် စုပေါင်းကာ ဗွီဒီယိုကြည့်ကြလေသည်။ ပရိသတ်သည် ဗွီဒီယိုကို စိတ်ဝင်တစား ကြည့်နေစဉ် တစ်ယောက်သူသည် မသိမသာ လေလည်လေလိုက်သည်။ ထိုသို့လေလည် လိုက်သောကြောင့် အနံ့ဆိုးသည် ဗွီဒီယိုရုံအတွင်းရှိ ပရိသတ်အလယ်သို့ တခဏချင်း ပြန့်နှံ့သွားလေသည်။ ထိုအ ခါ သည်းမခံနိုင်သော လူငယ်တစ်ယောက်က
“လေလည်တာဘယ်ကောင်လဲကွ”ဟု အော်မေးလိုက်လေသည်။ သူစကားသည်ကား လေလည်သောသူကို သိလျှင် ဖိုက်မည့်လေသံမျိုးဖြင့် မေးလိုက်ခြင်းဖြစ်လေသည်။ ထိုအခါ လေလည်သောသူက စိတ်တို သွားကာ
“ငါကွ” ဟု သတ္တိရှိသောလေသံ တင်းမာသော လေသံဖြင့် ဖြေလိုက်လေသည်။ ဗွီဒီိယိုကြည့်သော ပရိသတ်က “ဒီးခလေးတွေတော့ တစ်ယောက်နှင့် တစ်ယောက်ရန်ဖြစ်ကုန်တော့မှာပဲ ”ဟုစိုးရိမ်နေကြလေသည်။ သို့သော် တစ်ဖက်က မေးသောသူ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ပရိသတ်မှာ “ဟင်ကနဲ”ဖြစ်သွားလေသည်။ သူတုံ့ပြန်လိုက်သော အရာသည်ကာ
“အေး မင်းဆိုရင် ပြီးတာဘဲကွ”ဟူသတည်း။
“အော် သတ္တိကတော့ မဟာဗန္ဓုလကတောင် အရှုံးပေးရလောက်ပါပေသည်တကား၊ မှတ်သားပေစွ၊ အတုယူ လောက်ပါပေစွတကား”။

Tuesday, June 15, 2010

ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု

လောကီလူဘောင်မှာ နေသောလူသားတစ်ယောက်သည် ထိုကြောက်ရွံ့မှုနှင့် စိုးရိမ်မှုကို မဖြစ်မနေ ရင်ဆိုင်ရ မည်မှာ သေချာပေါက်ပင်ဖြစ်ပေသည်။ လောကီနယ်တွင် နစ်မြုပ်နေသော လူသားသည် ဤမနှစ်မြို့ဖွယ်ရာ အခြေအနေများမှ ရှောင်ဖယ်သွား၍ မရပါ။ လူသားသည် အဘယ်ကြောင့် အဘယ်အရာကို စိုးရိမ်နေကြသလဲ။ ထိုစိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုသည် လူသား၏ တာဝန်နှင့် ကတိက၀တ်ပေးမှုတို့ကြောင့် ဖြစ်ပေါ်လာသည်။

လူသားဆီသို့ စိုးရိမ်းပူပန်မှုနှင့် အကြောက်တရားသည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ၀င်ရောက်လာသည်။ လူသားသည် သူ့ကိုယ်သူ အခြားသူများနှင့် နှိုင်းယှဉ်လိုက်သောအခါ “ဟိုအလုပ်ကို လုပ်ဖို့ ငါ့မှာအရည်အသွေးမရှိသေးဘူး၊ ဟိုအလုပ်ဟာ ငါနှင့် မထိုက်တန်ဘူး၊ သူတို့အထင်ကြီး လောက်အောင် ငါ့မှာ ကျွမ်းကျင်လုံလောက်မှုမရှိသေးဘူး”ဟု အခြားသူများ၏ ရှေ့မှောက်တွင် သူ၏ အရည် အသွေးများကို ပြရန်ပင် စိုးရိမ်ကြောက်ရွံ့နေလေသည်။

ထိုအခါ လူသားသည် သူ့ကိုယ်သူ “လူတွေကို ငါ့အဖြစ်မှန်ကို အသိပေးလို့မဖြစ်ဘူး၊ ငါအသိပေးလိုက်ရင် သူတို့ဟာ ငါကို အယုံအကြည် ကင်းမဲ့ သွားကြလိမ့်မယ်”ဟု ပြောဆိုပြီး အဆုံးသတ်သော အခြေအနေသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူသည် အမှန်တကယ် မဟုတ်သော အခြားသူတစ်ယောက်၏ အသွင်အပြင်ဖြင့် ပြုမူ ဟန်ဆောင်နေရလေသည်။ လူ သားသည် သူ၏ ရုပ်အသွင်နှင့်ပတ်သက်၍ များစွာ စိုးရိမ်းနေရလေသည်။

အမျိုးသားသည် ဆံပင်ဖြူလာ ကျွတ် လာ ထိပ်ပြောင်လာတာကို စိုးရိမ်းလာသည်။ အမျိုးသမီးကတော့ အလွန်ဝမှာ အလွန်ပိန်မှာ အလွန်အသားဖြူမှာ အလွန်အသားမည်းမှာ အလွန်ရှည်မှာ အလွန်ပုမှာ စသည်တို့ကို စိုးရိမ်လာသည်။ လူသားသည် အခြားသူများက သူ့ကို ဝေဖန်မှာ ပုတ်ခတ်မှာ ကဲ့ရဲ့မှာကို အလွန်ပင် စိုးရိမ်သည်။ သူ၏ အထက်လူကြီးများက သူ့ကို အပြစ်ပေးမှာကိုလည်း အလွန်ကြောက်ရွံ့သည်။ သူသည် လူအများရှေ့၌ပြောင်လှောင်သရော်ခံရမည်ကို စိုးရိမ်သောကြောင့် သူ၏ အယူအဆများကို တင်ပြရန် ကြောက်ရွံ့နေလေသည်။

သို့သော် အခြားသော သူတစ်ယောက်က မိမိနှင့် အိုင်ဒီယာတူ အယူအဆတစ်ခုကို တင်ပြလိုက်သဖြင့် လူအများက ချီးကြူးသောအခါ သူ့ကိုယ်သူ ပြန်လည်စိတ်ဆိုးနေတော့သည်။ သူသည် သူ့ကို ဝေဖန်သော ဝေဖန်ချက်များက မထိုက်တန် မမှန် ကန်ဟု သိပါသော်လည်း ဤဝေဖန်ချက်များက သူ့ကို အဟန့်အတားဖြစ်စေသည်ဟု ခံစားမိသည်။

လူသားသည် “အားလုံးခြုံကြည့်လျှင် ငါဟာ ကောင်းတဲ့ ဖခင်၊မိခင်၊ သာ၊ သမီး မဟုတ်ဘူး”ဟု မိသားစုအတွက်လည်း စိုးရိမ်သည်။ အချို့သော အမျိုးသားများသည် သူတို့၏ ငယ်ရွယ်လှပသော ဇနီးမယားများက အခြားယောက်ျား များနှင့် တွဲသွားမည်ကို စိုးရိမ်ကြသည်။ ထိုအတူပင် အချို့သော အမျိုးသမီးများကလည် သူတို့၏ ငယ်ရွယ်လှပ သော အမျိုးသားများက သူတို့ကို ပစ်၍ အခြားအမျိုးသမီးများနှင့်တွဲသွားမှာကို စိုးရိမ်ကြသည်။

လက်မထပ်ရသေး သော သူများက လက်ထပ်နိုင်အောင် ဘယ်လိုလုပ်မလဲဟု စိုးရိမ်နေကြသည်။ လက်ထပ်ပြီးသော အချို့သော ဇနီးမောင်နှံများကလည်း သားသမီးမရှိသဖြင့် သူတို့၏ အထီးကျန်လှသော ဘ၀ကြီးကို တွေးတောကာ စိုးရိမ် နေကြသည်။

ဆက်ရန်(ဒေါက်တာ ကေသရီဓမ္မာနန္ဒ၏ Why Worry စာအုပ်ကို အခြေခံကာ ရေသားထား သည်။)





Friday, June 11, 2010

အကြွားသန်သော ကိုယ်တော်လေးများ

အကြွားသန်သော ကိုယ်တော်
တစ်ခါက အကြွားသန်သော ကိုယ်တော်လေးတစ်ပါးရှိလေသည်။ သူသည် ဘုန်းကံကြီးသည်အားလျှော်စွာငယ် ငယ်ရွယ်ရွယ်နှင့်ပင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်လာလေသည်။ သို့ဖြစ်သည့်အတွက် ပါဠိစာပေကိုလည်း ဟုတ်တိပတ်တိမသင်လိုက်ရပေ။သို့သော် အကြွားကားသန်လှချေသည်။ စကားပြောရာတွင်ပါဠိစကား လုံးများ ညှပ်၍ သုံးလေ့ရှိသည်။ တစ်နေ့ လူအများစည်ကားသော အခါရက်ကြီးတွင် ကျောင်းသို့ ရောက်လာသော သူ၏ ဒါယကာ ဒါယိကာမများကို
“ဒကာ+ဒကာမတို့ ဒီအရပ်မှာ မေဃကောင်းရဲ့လား”ဟု ပါဠိစကားလုံးတစ်လုံးကို ညှပ်သုံးကာ မေးလိုက်လေ သည်။ အမေးခံရသော သူ၏ ဒါယကာ+ဒါယိကာမများက
“အရှင်ဘုရား မေဃဆိုတာဘာပြောတာလဲဘုရား၊ တပည့်တော်တို့က နားမလည်ဘူးဘုရား၊”လျှောက်ထား သောအခါ ကိုယ်တော်ကြွားက
“အော် ဒကာ+ဒကာမတို့ တော်တော်ညံ့သေးတာပဲ၊မေဃဆိုတာ ပါဠိစကား၊ မြန်မာလို“မိုး”လို့အဓိပ္ပာယ်ရတယ်၊ ခင်ဗျားတို့ကို မိုးကောင်းလားလို့ မေးတာဗျ။”ဟု အဖြေပေးကာ ငေါက်ငန်းတော်မူလိုက်သေးသည်။ ထို့နောက် ကိုယ်တော်ကြွားက
“ဒါနဲ့ ခင်ဗျားတို့ သူရိယကောကောင်းကြလား။”ဟုဆက်မေးသောအခါ ဒါယကာတစ်ယောက်က
“အရှင်ဘုရားကတော့လုပ်ပြီး၊ ပါဠိစာတွေတတ်တိုင်း စွတ်မေးနေတော့တာပဲ၊ တပည့်တော်တို့ တောသားတွေ ပါဠိစာမပြောနဲ့ မြန်မာစာတောင်မနည်း၊ ဘယ်လိုလုပ်နားလည်မှာလဲ။”ဟု ထလျှောက်လေသည်။ ထိုအခါ ကိုယ်တော်ချောက
“ခင်ဗျားတို့ ဒါကြောင့် တောမှာလူဖြစ်နေရတာ၊ သူရိယဆိုတာ ပါဠိစကား၊ အဓိပ္ပာယ်က “နေ”လို့ အဓိပ္ပာယ် ရတယ်၊ခင်ဗျားတို့ကို နေကောင်းလားမေးနေတာဗျ။”ဟု ဆက်လက်ကြွားလုံးများပင် ထုတ်လိုက်သေးသည်။ ထိုကြွားလုံးထုတ်သော ပွဲကြီးပြီးသော အခါတွင်ကား ရွာမှ ဒါယကာ+ဒါယိကာမများက
“အော် ကိုယ်တော်လေးငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော် တော်တာပဲ၊ ပါဠိစာပေတွေကလဲ တတ်လိုက်တာ၊ ဒို့ရွာ က လူကြီးတွေတောင် တစ်ယောက်မှမသိဘူး၊ ဒီလိုပညာတတ်ကိုယ်တော်လေးရလိုက်တာ ဒို့ရွာတော့ တော် တော်ကံကောင်းတာပဲ၊”ဟု ချီးမွမ်းခန်းထုတ်ကာ ပီတိကိုယ်စီဖြင့် ပြန်သွားကြလေတော့သတည်း။
နောက်အကြားသန်သော ကိုယ်တော်တစ်ပါးရှိသေးသည်။ ထိုကိုယ်တော်လေးသည်ကား မြို့တွင် ကျောင်းထိုင် နေသော ကျောင်းထိုင်ဘုန်းကြီးလေးတစ်ပါး ပါပေတည်း။ သူ၏ကျောင်းသို့ ရောက်ရှိလာကြသော ဒါယကာ+ ဒါယိကာမတိုင်း ရှေးဦးစွာ တွေ့ရမည်ဖြစ်သောအရာများသည်ကား ဓာတ်ပုံများစွာပင်ဖြစ်လေသည်။ ထိုဓာတ်ပုံ များသည်ကား သူနှင့် နိုင်ငံခြားသားများတွဲရိုက်ထားသော ပုံများပင်ဖြစ်လေသည်။ ထိုပုံများကို ကြည့်လိုက်သော အခါ ထူးခြားစွာ တွေ့ရမည်ဖြစ်သောအခါသည်ကား သူသည် နိုင်ငံခြားသားများကို လက်ညှိုးထိုးကာ တစ်ခုခုကို ရှင်းပြနေဟန်ပင်ဖြစ်လေသည်။ ထိုဓာတ်ပုံများ၏အောက်တွင်
ရေးထားသော စာတမ်းသည်ကား
“ဆရာတော်သည် နိုင်ငံခြားသားများအား မြတ်ဗုဒ္ဓ၏ ဓမ္မကို အသေးစိတ်ရှင်းပြနေပုံ၊” ဟူ၍ပင်ဖြစ်သည်။
မှတ်ချက်= သူငယ်ချင်းတစ်ပါး၏ ပြောပြချက်အရ ထိုဆရာတော်လေးသည်ကား အင်္ဂလိပ်စကားလုံးဝမပြော တတ်ကြောင်း သိရလေ၏။“အော် ဘယ်လိုများရှင်းပြနေပါလိမ့်ဟူ၍ မိမိစိတ်ဝယ် အတွေးတစ်ခုဝင်လာမိသည်။



Wednesday, June 9, 2010

”ထွေရာလေးပါး ဟာသများ”

မိမိတို့၏ သူငယ်ချင်းများသည် တစ်ခါတစ်လေ စုမိပြီဆိုလျှင် ထွေရာလေးပါး စကားပြောကြရာမှ ဟာသ အဖြစ်အပျက်ကလေးများပါလာတတ်သည်။ ထိုဟာသပုံပြင်လေးများကို မိမိ၏ စာဖတ်ပရိသတ်များ သိစေရန် တင်ပြပေအံ့။
တစ်ခါက ဆရာတော်တစ်ပါးသည် သူ၏ တပည့်များကို ပိဋကတ်စာပေများကို အင်္ဂလိပ်လိုသင်ကြားပေနေ သည်။ ထိုသို့စာပေပို့ချနေရာတွင် ဆရာတော်ကြီးသည် အင်္ဂလိပ်ဝါကျတစ်ခုကို ထူးဆန်းစွာ တွေ့ရလေသည်။ ထိုဝါကျသည်ကား
“When the Buddha passed away, the Venerable Ananda cried.” ဆရာတော်ကြီးသည် ထိုဝါကျကို အောက်ပါအတိုင်း သူ၏ တပည့်များကို ဘာသာပြန်ပေးသည်။
“မြတ်စွာဘုရားအဝေးထွက်သွားတော်မူတော့ ရှင်အာနန္ဒာငိုတော်မူတယ်။”
ဆရာတော်ကြီးသည် သူ၏ တပည့်သားများကို အထက်ပါအတိုင်း ဘာသာပြန်ပေးလိုက်သော်လည်း အဆောင် ရောက်သောအခါ တစ်ပါးတည်း
“အွန်းပိဋကတ်မှာတော့ “မြတ်စွာဘုရား အဝေးထွက်သွားတော်မူလို့ ရှင်အာနန္ဒာငိုတော်မူတယ်”ဟူသော စကား မျိုးကို မတွေ့ဖူးပါ။ မှားများမှား နေမ လားတော့မသိ၊”ဟု တစ်ပါးတည်းတွေးတောနေလေသည်။ နောက်တစ် ပတ်လောက်ကြာမှ ဆရာတော်ကြီးသည် အမှန်ကို သိကာ တပည့်သားများကို
“အေး ကိုယ်တော်တို့ တပည့်တော်ပြီးခဲ့တဲ့ အပတ်က ဘာသာပြန်လိုက်တဲ့ ၀ါကျတစ်ခုမှားသွားတယ်ဘုရား၊ အဲဒီဝါကျကတော့ When the Buddha passed away, the Venerable Ananda cried.” ပါပဲ။ တပည့်တော် အရှင်ဘုရားတို့ကို “မြတ်စွာဘုရားအဝေးထွက်သွားတော်မူလို့ အရှင်အာနန္ဒာငိုတော်မူသည်၊”ဟု ဘာသာပြန် ပေးလိုက်တယ်ဘုရား၊ တပည့်တော်က pass awayရဲ့ ၀ိဘတ်တွဲအီရီယံသဘောကို မသိတော့ pass away ကို တပည့်တော်က ရမ်းပြီး အဝေးထွက်သွားသည်။လို့ယူပြီးဘာသာပြန်ပေးလိုက်တယ်ဘုရား၊အမှန်က Pass awayက ၀ိဘတ်တွဲအီရီယံဘုရား၊ နှစ်လုံးပေါင်းမှ သေသည်ဟု အဓိပ္ပာယ်ထွက်တယ်ဘုရား၊ ဒါကြောင့် အထက် ပါ“When the Buddha passed away, the Venerable Ananda cried.”၀ါကျကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလို့ ရှင်အာနန္ဒာငိုတော်မူသည်။လို့ ဘာသာပြန်အမှန်ကို မှတ်တော်မူပါဘုရား”ဟု တပည့်များ ကို မိန့်ကြားတော်မူလေသည်။ ဆရာတော်သည် တဆက်တည်းမှာပင် မိန့်တော်မူလိုက်သည်က
“အင်္ဂလိပ်စာက မိမစစ် ဖမစစ်ဘာသာဆိုတော့ သူပြန်ချင်ရာ ပြန်တော်မူတာပါဘုရား။” ဟုပင်ဖြစ်သတည်း။
မိမိကောက်ချက်ချမိလိုက်သည်က
“အော် ဆရာတော်ကြီး သူမသိတာနဲ့ သူများဘာသာရပ်ကို မိမစစ် ဖမစစ်လို့ဆိုလိုက်တာဘဲ။”ဟူ၍ပင်ဖြစ်သ တည်း။
နောက်အဖြစ်အပျက်တစ်ခုသည်ကား
“ဆရာတော်တစ်ပါးသည် စင်္ကာပူသို့ ခရီးကြွတော်မူလာလေသည်။ ထိုဆရာတော်သည် အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်ပါ။ သို့သော် သူသည်ကား သူ့ကိုယ်သူ အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ် သည်ဟု ထင်ကာ ငယ်ထိပ်သို့ သွေးရောက်နေလေသည်။ စင်္ကာပူလေဆိပ်ရောက်သောအခါ ထိုဆရာတော် သည် အခြားနိုင်ငံခြားသားများနှင့်အတူ အင်မီဂရေရှင်းငှာနတွင် တန်းစီရလေသည်။ အရာရှိသည်ကား အနောက်ဥရောပနိုင်ငံမှ နိုင်ငံခြားသားများ၏ ပတ်စ်ပို့ကို ဘာမျှမေးခွန်းမထုတ်မူ၍ တဒုန်းဒုန်းနှင့် ၀င်ခွင့်ဗီဇာများကို ထုပေးလိုက်လေသည်။ ထိုအခြင်းအရာကို မြန်မာဆရာတော်ကြီးသည်ကား မြင်နေလေသည်။ သူ၏ အလှည့်ရောက်သောအခါ ဗီဇာဝင်ခွင့်ကို ထုမပေးမူ၍ မေးခွန်းပေါင်းများစွာ မေးနေလေသည်။ ထိုအခါ ဆရာတော်ကြီးသည်
“Other persons' passports တဒုန်းဒုန်း၊ My passport no တဒုန်းဒုန်း၊”ဟု စိတ်မရှည်စွာဖြင့် အော်ပြော လိုက် လေသည်။ ထိုအခါမှ အရာရှိသည်လည်း လန့်ဖြန့်သွားကာ ဆရာတော်ကြီး၏ ပတ်စ်ပို့ကို “No တဒုန်းဒုန်းမလုပ်မူ၍ တဒုန်းဒုန်း”ထုပေးလိုက်ရလေတော့သတည်း။
တစ်ခါကတော့ စင်္ကာပူရောက်ရွှေမြန်မာတစ်ယောက်သည် သူ၏ အလုပ်ရုံသို့ သွားလေသည်။ အလုပ်ရုံရောက် သောအခါ စင်္ကာပူသား အရာရှိက
“why did you come to work yesterday?ဟုမေးလေသည်။ ထိုအခါ ရွှေမြန်မာက ကောင်းကင်က နေကို လက်ညှိုးဖြင့် ထိုးပြကာ
“Because the sun was not good.ဟု ဖြေကြားလိုက်လေသည်။ ရွှေမြန်မာ၏ ပြောင်မြောက်သော အင်္ဂလိပ်စကားပြောကို ကြားလိုက်ရသော အရာရှိသည် ခေါင်းရှုပ်သွားကာ ဘာမျှဆက်မမေးတော့မူ၍
“Ok, Ok”ဟု ပြောကာ အလုပ်ခွင်ဆီသို့ ခပ်သုတ်သုတ်သွားခွင့်ပြုလိုက်လေတော့သည်။
မြန်မာတွေး မြန်မာ့ဟန်အနေဖြင့်တော့ ရွှေမြန်မာ၏ စကားသည် မှားသည်ဟု မဆိုသာ။ အမှန်ရွှေမြန်မာ၏ ဆိုလိုဟန်ကား“Because I was not well.” ကျွန်တော်နေမကောင်းလို့ပါ”ဟူ၍ပင်ဖြစ်လေသည်။


Sunday, June 6, 2010

“ပျော်ရွှင် အောင်မြင်သော နေထိုင်နည်း”

ပျော်ရွှင်ဘွယ်ကောင်း၍ အောင်မြင်သော နေထိုင်နည်းဟူသည် ယခုလက်ငင်း ပြုလုပ်ရမည်ဖြစ်သော အလုပ်ကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ လွန်ခဲ့ပြီးသော အတိတ်၊ မရောက်သေးသော အနာဂါတ်ကို တွေးပူနေ၍ မဖြစ်ပါ။ အတိတ်က ပြုလုပ်ခဲ့သော
အရာများကို ပြန်လည်ပြုပြင်၍ မရတော့ပါ။ ကမ္ဘာကြီးအတွင်းဝယ် ရှိသော အရာများဟာ အမြဲမပြတ်ပြောင်း လဲနေသည့်အတွက်ကြောင့် အနာဂတ်ကိုလည်း ကြိုတင်ခန့်မှန်၍ မရနိုင်ပါ။ အသိစိတ်ဖြင့် ထိန်းချုပ်နိုင်သော အခိုက်အတန့်လေးသည်
ကား ပစ္စုပ္ပန်ပင်ဖြစ်လေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက
“ယံ ပုဗ္ဗေ တံ ၀ိသောသေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္စျေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။
အတိတ်က အကြောင်းအရာတွေအပေါ် ပြန်လည်အောက်မေ့ ခင်တွယ်နေတဲ့ တဏှာအစေးကို ခန်းခြောက်စေ နိုင်ရမည်။ အနာဂတ်ဝယ်ဖြစ်ပေါ်လာမည့် အကြောင်းအရာတွေကိုလည်း ကြိုတွေးပြီး တဏှာဖြင့် ကြောက်ကြ မစိုက်နဲ့။ပစ္စုပ္ပုန်အလယ်တည့်တည့်မှာလည်း သက်ရှိသက်မဲ့တွေအပေါ် တဏှာဖြင့် မခင်တွယ်လေနဲ့။” မိန့်တော်မူလေသည်။
အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် ကဗျာဆရာ ပြဇာတ်ရေးဆရာကြီး ကာဠီဒါသကတော့
“မနေ့ကသည် အိမ်မက်တစ်ခုမျှသာဖြစ်သည်၊
မနက်ဖြန်ဆိုသည်ကား စိတ်ကူးယဉ်မျှသာ၊
သို့သော် ယနေ့ကို ကောင်းမွန်စွာ နေထိုင်ပါလျှင်
မနေ့ကတိုင်းလို ပျော်ရွှင် ချမ်းမြေ့ခြင်း၏ အိမ်မက်ဖြစ်စေလိမ့်မည်
မနက်ဖြန်တိုင်းကိုလည်း မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့၏
စိတ်ကူးရုပ်ပုံလွှာအဖြစ် ထင်မြင်လာစေလိမ့်မည်
ထို့ကြောင့် ယနေ့မှာပင် ကောင်းမွန်စွာ ရှုမြင် နေထိုင်လိုက်ပါ။

Friday, June 4, 2010

စကားဝိုင်းမှ ထွက်ပေါ်လာသော ဟာသများ

မနေ့က သူငယ်ချင်းတစ်စု ဆုံမိကာ ဟိုရောက်သည်ရောက် အလ္လာပ သလ္လာပ စကားပြောဖြစ်ကြသည်။ ထို့သို့ ပြောနေရာက မိမိတို့ရေးသားနေသော ကျမ်းဆီသို့ ရောက်သွားသည်။ ပထမသူငယ်ချင်းတစ်ပါးက
“အရှင်ဘုရားကျမ်းပြုစုတာ ပြီးသွားပြီလို့ကြားတယ်၊ အဲဒါဟုတ်လား။”ဟု မေးလေသည်။ ထိုအခါ အမေးခံရသူ သူငယ်ချင်းက
“ပြီးပြီလို့တော့ ပြောလို့ရပါပြီ ကျမ်းစာတစ်အုပ်လုံး အကြမ်းဖျင်းတော့ ဆရာကို အပ်ထားတယ်။”ဟု သူ့ကျမ်း၏ အခြေအနေကို ပြောပြလေသည်။ အမေးခံရသောသူငယ်ချင်းကလည်း ပထမသူငယ်ချင်းကို
“အရှင်ဘုရားရဲ့ ကျမ်းကကော ဘယ်လောက်ထိပြီးသွားပြီလဲ”ဟု မေးသောအခါ ပထမသူငယ်ချင်းက
“တပည့်တော်ကတော့ သုံးခန်းလောက်တော့ ဆရာကို အပ်ထားပြီးပြီး”ဟု ဖြေကြားလေသည်။ နောက်သူငယ် ချင်းတစ်ပါးက
“ဦးဇ၀နကြီးကော ဘယ်လောက်ပြီးပြီလဲ။”ဟု မေးသောအခါ မိမိက
“အစကတော့ အားကြိုးမာန်တက်ရေးနေတာပါပဲ၊ နှစ်ခန်းပဲပြီးသေးတယ်၊ ဆရာမက မအားလို့ မစစ်တာနဲ့ ရှေ့ဆက်မရေးဖြစ်ကြောင်း။”ဖြေကြားလိုက်သောအခါ ကြားမှ သူငယ်ချင်းတစ်ပါးက
“ဦးဇ၀နက အရေးမကြီးပါဘူး၊ သူက ပန်းချီဆရာလိုဘဲ၊ဆေးစက်ကျရာ ပန်းချီဖြစ်တာပါ၊ ဘယ်အချိန်မှ ရေးရေး ရပါတယ်။”ဟုမိမိကို ပင့်ပေးလေသည်။ ထိုအခါ မိမိက
“အမလေး အရှင်ဘုရားတို့ သိပ်မမြှောက်နဲ့ အဲဒီလိုမြှောက်လို့ တပည့်တော် တော်တော်လေးမောပန်းခဲပြီးပြီ၊ ပြီးတော့ အရင်က တပည့်တော်ရဲ့သူငယ်ချင်းတစ်ပါးလို ဖြစ်သွားမှာ စိုးရိမ်ရသေးတယ်၊”ဟုအစချီးကာ တိုင်ဆိုင်လာသဖြင့် သူငယ်ချင်းတစ်ပါး၏အကြောင်းကို ပြောပြလိုက်လေသည်။ သာသနတက္ကသိုလ်တက်စဉ်က မိမိ၏ သူငယ်ချင်းဖြစ်သူကို အခြားသူငယ်ချင်းများက
“မောင်ဝိစိတ္တကြီးကတော့ ဥာဏ်ကောင်းတယ်ဟေ၊ စာကို မကျက်ဘူး၊ စာမကျက်ပဲနဲ့ စာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်တာ”ဟု ချီးမွမ်းခန်းဖွင့်ကြလေသည်။ သူငယ်ချင်းဖြစ်သူ ဦးဝိစိတ္တသည်လည်း တစ်နေ့မိမိနှင့်ဆုံရာ
“ဦးဇ၀နရေ သူငယ်ချင်းတွေက တပည့်တော်ကို စာမကျက်ပဲ စာမေးပွဲအောင်တယ်လို့ ၀ိုင်းဝန်းချီးမွမ်းခန်းဖွင့်နေ လေတော့ သူတို့ရှေ့မှာ စာမကျက်ရဲတော့ဘူး၊ အော် ဥာဏ်ကောင်းတယ်ဆိုတဲ့ ဂုဏ်လေးလဲ ထိန်းချင်တာကိုး၊ ညအခါ သူများအိမ်ချိန်မှ စာထကျက်ရတယ်ကိုယ်တော်ရေ၊ တပည့်တော်လဲ ဇီးကွက်မျိုးဖြစ်မှန်းမသိဖြစ်နေပြီ၊” ဟု ညည်းတွားပြခဲ့ဖူးကြောင်းပြောပြသောအခါ သူငယ်ချင်းတစ်ပါးကလည်း
“ဦးဇ၀နရေ အရှင်ဘုရားသူငယ်ချင်းမှမဟုတ်ဘူး၊ တပည့်တော်လဲ မြန်မာပြည်နေစဉ်က ဆရာဘုန်းကြီးက 'မောင်ပညာတို့ကတော့ စာကြိုးစားချက်ကတော့ ကမ်းကုန်တယ်၊ ခရီးဝေးကပြန်လာတာ တောင်မနားဘူး၊ စာတမ်းကျက်တာ'ဟု ဆရာသမားက ချီးမွမ်းခန်းဖွင့်နေလေတော့ ခရီးဝေးက ပြန်လာတာတောင် မောလို့ မနားရဲဘူး၊ စာကျက်ပြနေရတယ် ကိုယ်တော်ရေ၊ ကြိုးစားတယ်ဆိုတဲ့ ဂုဏ်ကို ထိန်းချင်တာကိုးဘုရား”ဟု ညည်းတွားပြောပြလေသည်။ ထိုအခါ မိမိကလည်း
“အရှင်ဘုရားတို့ချည်းကြုံရတာ မဟုတ်ပါဘူးဘုရား၊ တပည့်တော်တို့လဲ ကြုံရတာပါပဲ၊ တပည့်တော်ရဲ့ ဆရာ သမားက တပည့်တော်ရွာကျောင်းကို အလယ်ပြန်သွားရင် ကျောင်းမှာ အလှူပွဲရှိလို့ နယ်ခံဆရာတော်တွေ ကြွလာတိုင်း 'တပည့်တော်ရဲ့ တပည့်ကျော်မောင်ဇ၀နကတော့ တော်တော်လေးအားကိုးရပါတယ်၊ ကျောင်းမှာ အမှိုက်လဲတယ်၊ ကြမ်းတွေပြောင်နေအောင်တိုက်တယ်၊ ကိုရင်ကျောင်းသားတွေကိုလဲ ပုဂံခွက်ယောက်က အစ ပြောင်နေအောင် ဆေးကြောခိုင်းတယ်' စသည်ဖြင့် တပည့်တော်အကြောင်းကို ဆရာတော်တွေရှေ့ ချီးမွမ်းခန်းထုတ်နေလေတော့ တပည့်တော်လဲ ကြမ်းတိုက် တံမြက်စည်းလှည်းအခုချိန်ထိလုပ်နေရတယ်ဘုရား ၊အော် အချီးမွမ်းခံချင်တာကိုးဘုရား” ဟု ပြောပြလိုက်ရာ သူငယ်ချင်းတစ်စု ဟက်ဟက်ပက်ပက် ရယ်မောကြ လေသည်။
“အော် အချီးမွမ်းခံရခြင်းဟာ နောက်ဆုံးတော့ ပင်ပန်းတဲ့ အလုပ်တစ်ခုပါလား၊” မိမိ နားလည်သဘောပေါက် လိုက်သည်။


Wednesday, June 2, 2010

“ပြဿနာဖြေရှင်းနည်း”

ခက်ခဲသော ပြဿနာကို နည်းလမ်းနှစ်မျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ပထမနည်းသည်ကား ထိုခက်ခဲသော ပြဿနာကို ပြောင်းလဲသွားစေရန် တစ်ခုခုပြုလုပ်ရမည်။ ဒုတိယနည်းသည်ကား ထိုပြဿနာကို ရင်ဆိုင်ရမည်။ (ဤနေရာ၌ စကားစပ်လာသဖြင့် မိမိသူငယ်ချင်းဖြစ်သူ၏ ပြောပြချက်ကို အနည်းငယ်ဖေါ်ပြပေအံ့။ မိမိ၏ သူငယ်ချင်းဖြစ်သူသည် ဆရာတော်ဦးဥာဏိဿရ၏ တပည့်တစ်ပါးဖြစ်လေသည်။ သူသည် ပြဿနာတစ်ရပ် ကြုံလာသဖြင့် ဆရာတော်ထံ သွားရောက်ညည်းညူ လျှောက်ထားခဲ့သည်။ ထိုအခါ ဆရာတော်က သူ့ကို
“ ငါတပည့် ပြဿနာတစ်ရပ်တွေ့ကြုံလာလျှင် ထိုပြဿနာကို ဘယ်လိုပြေလည်အောင် ဖြေရှင်းရမည်ဆိုတာကို နည်းလမ်းရှာရမယ်၊ နည်းလမ်းမရှာဘဲ ထိုပြဿနာကို အရှုံးပေးသွားခြင်းဟာ လူပျော့ လူညံ့တွေ့ရဲ့ အလုပ်ဘဲ၊ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်လျှင် လူတော် လူကောင်းတို့၏ အလုပ်ဘဲ။”တဲ့။ ဆရာတော်၏ သြ၀ါဒ သည်ကား အလွန်ပင် မှတ်သားလောက်ပါပေ၏။ ထိုပြဿနာကို အမှန်ပင်ဖြေရှင်းရမည်ဖြစ်ပေသည်။ မြတ်ဗုဒ္ဓ လက်ထက်တော်အခါက မြတ်ဗုဒ္ဓနှင့် တပည့်သားတို့ကို ကောသမ္ဘီပြည်သူပြည်သားများက ဆဲဆိုကြသည်။ ကြိမ်း မောင်းကြသည်။ ထိုအခါ ရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးက
“ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား! တပည့်တော်တို့ တစ်ခြားတစ်နေရာကို ရွေ့ပြောင်းရင်ကောင်း မယ်ထင်တယ်ဘုရား၊ ဒီမှာဆဲဆိုနေတာ မကြားဝံ့ မနာသာပါဘဲဘုရား၊”ဟု လျှောက်ထားသောအခါ မြတ်ဗုဒ္ဓက
“ချစ်သားအာနန္ဒာ တစ်ခြားတစ်နေသွားလို့ကော ဒီလိုပြဿနာတွေ ရင်မဆိုင်ရတော့ဘူးလို့ သင်ထင်နေသလား၊ ဘယ်နေရာသွားသွား ပြဿနာဆိုတာ ကြုံတွေ့နေရမှာဘဲ၊ ထိုဆဲဆိုမှုများဟာလဲ (ရ)ရက်ပါဘဲ၊ (ရ)ရက်ရှိလျှင် ငြိမ်းသွားမှာပါ၊” သို့ဖြစ်သဖြင့် မြတ်ဗုဒ္ဓသည် ဖြစ်လာသော ပြဿနာကို သည်းခံခြင်းဖြင့် ရင်ဆိုင်လိုက်ရာ ထိုပြ ဿနာငြိမ်းအေးသွားလေတော့သည်။) ဒေါက်တာကေသရီဓမ္မာနန္ဒ၏ စကားကို ပြန်ဆက်ပေအံ့။ထိုပြဿနာကို ဖြေရှင်းဘို့ရန် အကျွန်ုပ်တို့ သည် တစ်ခုခုကို ပြုလုပ်နိုင်မည်ဆိုလျှင် ဘာကြောင့်စိုးရိမ်ပူပန်နေကြသလဲ? ထိုအ ခြေအနေကို ပြောင်းလဲပစ်ရုံပါ။ အကျွန်ုပ်တို့ ဘာမှမပြုလုပ်နိုင်လျှင် ဘာကြောင့် စိုးရိမ်ပူပန် နေကြသလဲ? သောကနှင့် ဒေါသတို့ကြောင့် မိမိတို့၏ အခက်အခဲများကို ပိုမိုကောင်းမွန်မလာနိုင်ပါ။ လူသားရင်ဆိုင်နေရသော ဆင်းရဲအားလုံးသည် ဘ၀၏ ရေစီးကြောင်းများကို ဖြတ်သန်းရန် ဘယ်လိုဘယ်ပုံ ကောင်းမွန်စွာ ကြိုးစား ရမည့် အပေါ်တွင်မူတည်ပေသည်။ လူသားသည် လေကြောင်းအားလျှော်စွာ လိုက်လျှက် ရွက်လှေဖြင့် ပင်လယ်ကို ဖြတ်ကျော်နိုင်သည်။ ထိုသို့မဟုတ်ဘဲ လေကြောင်းအား ဆန့်ကျင်သွားလာလျှင် သူသည် ပင်လယ်ပြင်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ နေမင်းကြီးသည် သူ့လမ်းကြောင်းသူ သွားနေသည်။ ထိုနည်းတူစွာ လူသား၏ ဘ၀ရေစီးကြောင်းသည်လည်း ပုံမှန် သူ့လမ်းကြောင်းသူ သွားနေသည်။ ထိုလမ်းကြောင်းကို လက်လျှောညီ ထွေရှိရန် ညှိပေးရမည်။ သို့မှသာ မိမိ သူတစ်ပါးအတွက် နှစ်ဦးသားအတွက် အဆင်ပြေချောမွေ့မည်ဖြစ်ပေ သည်။ လူသားသည် ငြိမ်းချမ်းမှုရရန် ဆုတောင်းနေသည်၊ သို့သော် သူ၏ အတွင်းသန္တာန်တွင်ရှိသော ပဋိပက္ခ များကို မငြိမ်းသတ်နိုင်သရွေ့ ဒီကမ္ဘာမှာ ငြိမ်းချမ်းရေးဆိုတာ ရရှိနိုင် မည်မဟုတ်ပေ။ ငြိမ်းချမ်းရေးရရန် မိမိစိတ်ကို ယဉ်ကျေးအောင် လေ့ကျင့်ပေး ရမည် ဖြစ်ပေသည်။ မိမိ၏ အရည်အသွေးနှင့် စိတ်ဖွင့်ဖြိုးတိုးတက် စေမှုကို သတ်သော တရားခံသည်ကား အတ္တဆန်မှုပင်ဖြစ်သည်။ ထိုအတ္တသည် သူ့အဖို့သာ အသက်ရှင်နေ သည်။ အတ္တဆန်သော သူသည်ကား အခြားသူများကို ကြည်ညိုရကောင်းမှန်းမသိ၊ မေတ္တာထားရ ကောင်းမှန်း မသိပေ။ သူသည် အသေးအဖွဲကိစ္စလေးများကိုပင် အငြင်းအခုံလုပ်သည်။ သို့အတွက် သူသည် အဆုံးမသတ်နိုင် သော သာယာပျော်ရွင်ဖွယ်မရှိသော ခရီးကို လျှောက်လှမ်းနေရသည်။ အတ္တဆန်သော သူသည် ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လောဘ၏ သားကောင်သာဖြစ်နေရသည်။ သူသည် ဘယ်အရာနှင့်မျှ မရောင့် ရဲနိုင်၊ မကျေနပ်နိုင်ပေ။ မဟတ္တမဂန္ဓီက
“ကမ္ဘာကြီးသည် လူသားတစ်ယောက်အတွက် လုံလောက်သည်။ သို့သော် လူသား၏ လောဘအတွက်တော့ မလုံလောက်ပေ။”(ဆက်ရန်= ဒေါက်တာကေသရီဓမ္မာနန္ဒ၏ Why Worry စာအုပ်ကို အခြေခံကာ ရေးထား သည်။
 

Go Up အပေါ်သို့