“အင်ရောင်းမျောက်”
မိမိတို့၏ ရွာဦးကျောင်းဆရာတော်သည် သူ၏တပည့်များကို ပညာတတ်များဖြစ်စေချင်သည်။ သို့ဖြစ်၍ ဆရာတော်သည် သူ၏ တပည့်တော်ကျော် ကိုရင်ပဏ္ဍိစ္စကို ကျောက်ပန်းတောင်းမြို့မှ စာချရာတွင် နာမည်ကျော်ကြားသော ခေမာသီဝံစာသင်တိုက်သို့ ကိုယ်တိုင်ပင် သွားပို့လိုက်လေသည်။ ကိုရင်ပဏ္ဍိစ္စကို ပို့ခဲ့ပြီးနောက် ဆရာတော်သည်
“ငါကောင်ကြီးတော့ ပညာတတ်ကြီးဖြစ်လာတော့မှာဘဲ”ဟု တွေးတောရင်း ပီတိအပြည့်ဖြင့် ပြန်ကြွလာခဲ့လေသည်။ ဆရာတော်သည် ရွာအပြန်တွင် ရွာကို အရင်ပြန်ကြွတော်မမူဘဲ မိတ္ထီလာမြို့သို့ ခေတ္တခဏ လိုအပ်သော ပစ္စည်းများဝယ်ယူလလေသည်။ ထို့နောက် ရွာသို့ ပြန်ကြွလာခဲ့လေသည်။ ဆရာတော်သည် ရွာရောက်လျှင်ရောက်ချင်းဘဲ ကျောက်ပန်းတောင်းမြို့ကို စာသင်ရန်ပို့လိုက်သော ကိုရင်ပဏ္ဍိစ္စသည်ကား ရွာကျောင်းကို ဆရာတော်ရှေ့မှ ပြန်ရောက်နေလေသည်။ ဆရာတော်သည် ခရီးရောက်မဆိုက်ဘဲ သူ၏ပစ္စည်းများကိုပင် မချနိုင်တော့ဘဲ
“အော် မင်းက ငါ့အရင်တောင် ရွာကို ပြန်ရောက်နေတယ်၊ ဘာဖြစ်လို့ပြန်လာတာလဲ”
ဟုမေးရာ
ကိုရင်ပဏ္ဍိစ္စက
“တပည့်တော်ဆရာတော်နဲ့ ရွာကို လွမ်းလို့ပါဘုရား”ဟုလျှောက်ထားလိုက်ရာ ရိုက်ရန်အလို့ငှာ ဟန်ပြင်လိုက်သော ဆရာတော်သည် “အလျှောက်ကောင်းတော့ အထောင်းသက်သာ”ဟူသော ဆိုရိုးစကားအတိုင်း ကိုရင်ပဏ္ဍိစ္စသည် အထောင်းသက်သာသွားလေတော့သည်။
တစ်နေ့ မိမိ၏ ဒါယကာကြီးသည် ဆရာတော်နှင့် အလ္လာပသလ္လာပစကားပြောရာ ကိုရင်ပဏ္ဍိစ္စ၏ စာသင်တိုက်မှ ထွက်ပြေးလာခြင်းအကြောင်းသို့ ရောက်ရှိသွားသည်။
ဆရာတော်က
“ဒီကောင်တော်တော်ဆိုတဲ့ အကောင် စာသင်တိုက်ကို ပို့တာ ကျုပ်က မရောက်သေးဘူး၊သူက ကျုပ်အရင် ပြန်ရောက်နေတယ် ဒကာကြီးရာ”ဟု ငြီးညူပြောကြားလေတော့သည်။
ဤတွင် မိမိ၏ ဒါယကာကြီးမှ
“ဒါဆိုရင် အရှင်ဘုရားတပည့်က အင်ရောင်မျောက်လို ဖြစ်နေပြီပေါ့” ဟု လျှောက်ထားလေသည်။ ထိုနောက် ဆရာတော်က
“ဒကာကြီးရဲ့ အင်ရောင်းမျောက်ကဘယ်လိုလဲ ပြောစမ်းပါအုံး” ဟု တောင်းဆိုလာသည်။
ဤတွင် မိမိ၏ ဒါယကာကြီးမှ အောက်ပါအတိုင်း ရှင်းပြလေသည်။ “ဆရာတော်! ကျောက်ဆည်မြို့နယ်အတွင်း အင်ရောင်းရွာ အင်းရောင်းရွာဦးကျောင်းမှာ ဆရာတော်က မျောက်တစ်ကောင်မွေးထားတယ်။အဲဒီမျောက်ဟာ အလွန်ဆိုးသွမ်းတယ်။ ကျောင်းကို လာရောက်ကြတဲ့ ဒါယကာ ဒါယကာမတွေကို ကုတ်တယ်၊ ဖဲ့တယ်၊ ပြီးတော့ ခန္ဓာကိုယ်ပေါ်ကို တက်စီးတယ်၊ တက်ခွတယ်၊ ကြာတော့ ဒကာ ဒကာမတွေက
‘ဆရာတော်ရဲ့ မျောက်ကြီးရှိနေရင်တော့ ဆရာတော်ဆွမ်းငပ်လိမ့်မယ်၊ တော့ထဲပို့လိုက်ပါ ဆရာတော်၊’ လျှောက်ထားကြတယ်။ ဆရာတော်လဲ မျောက်ကြီးကို ချစ်သော်လဲ မိမိဆွမ်းငပ်မယ့်ဘေးကို မြင်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထိုမျောက်ကြီးကို တောထဲကို ပို့လိုက်လေသည်။ ပို့တဲ့ဆရာတော်က ကျောင်းမရောက်သေးဘူး ဘုရား၊ အဲဒီ မျောက်ကြီးက ကျောင်းပြန်ရောက်နေတယ်ဘုရား”ဟု ရှင်းပြလေသည်။ ဤတွင် ဆရာတော်က
“အင်း ကျုပ်ကောင်လဲ အင်ရောင်းမျောက်လိုဖြစ်နေပါပြီ” ဟု မိန့်ကြားလိုက်လေသည်။ ဆရာတော်သည် ထို့နေမှ စ၍ ကိုရင်ပဏ္ဍိစ္စကို “အင်ရောင်းမျောက်” လို့ ခေါ်လေတော့သည်။ ဆရာတော်က ခေါ်သည်ကို အစွဲပြု၍ ကျောင်းမှ ကိုရင် ကျောင်းသားများကလဲ ကိုရင်ပဏ္ဍိစ္စကို “အင်ရောင်းမျောက်ကြီး”ဟု၍ ခေါ်ဝေါ်လေတော့သတည်း။
“အော် ကိုရင်ပဏ္ဍိစ္စ တော်တော်ကံကောင်းတာပဲ၊ သူများတွေက နာမည်တစ်ခု ရဘို့အရေး ငွေကုန်းကြေးကျခံပြီး ရယူကြရတယ်၊ သူ့မှာတော့ ဘာငွေမှ မကုန်ဘဲ နာမည်တစ်လုံးကို ကောင်းကောင်းရလိုယ်တယ်။”ဟူ၍ပင် မိမိ ချီးကျူးမိပါတော့သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment