“ခါးနာရောဂါ စတင်စွဲကပ်လာခြင်း၏ အကြောင်း”
သာလွန်ဆရာတော်သည် မြန်မာ့တိုင်းရင်းဆေးဖြင့် ကုသပေးရာတွင် ကျော်ကြားသော ဆရာတော်တစ်ပါးဖြစ်သည်။ အနီးအနားမှ ရောဂါသည်များ ထိုဆရာတော်ထံသို့ သွားရောက်၍ အကုသခံယူကြသည်။ ကူမဲမြို့မှ ဒါယိကာမတစ်ဦးသည် ခါးနာရောဂါစွဲကပ်လာသဖြင့် သာလွန်ဆရာတော်ထံရောက်ရှိသွားသည်။ ထိုဒါယိကာမကြီးသည် ဆရာတော်ကို ဦးတိုက်လေသည်။ ထို့နောက် ဆရာတော်သည် ဒါယိကာမကြီးကို အောက်ပါအတိုင်း မေးမြန်းလေသည်။
“ဘာကိစ္စရှိလို့ပါလဲ ဒကာမကြီး”ဟု မေးမြန်းလေသည်။ ထိုအခါ ဒါယိကာမကြီးက
“တပည့်တော် ခါးနာရောဂါဖြစ်နေလို့ပါဘုရား၊ ဆရာတော်တတ်စွမ်းသလောက်ကုသပေးပါအုံးဘုရား၊” လျှောက်ထားလေသည်။ ဤတွင် ဆရာတော်က
“ဘယ်အချိန်ကစပြီး ခါးနာရောဂါစွဲကပ်လာပါသလဲ ဒကာမကြီး၊” ဟု မေးမြန်းလေသည်။ ထိုအခါ ဒါယိကာမကြီးက
“တပည့်တော်ရဲ့ ခါးနာရောဂါဝေဒနာဟာ ကုက္ကိုစုဆရာတော်ရဲ့ဝါတွင်းဥပုသ်သီလတရားကို နာပြီးနောက် စတင်စွဲကပ်လာတာပါဘဲဘုရား၊”ဟု လျှောက်ထားလေသည်။ ထို့နောက် ဆရာတော်သည် ဒါယိကာမကြီးအား သင့်တော်သော ဆေးဝါးများကို ပေးလိုက်လေသည်။ များမကြာမီ သာလွန်ဆရာတော်သည် ကုက္ကိုစုဘုန်းကြီးနှင့်တွေ့ သောအခါ ထိုအကြောင်းကို ပြောပြလေသည်။ ထို့နောက် သာလွန်ဆရာတော်သည်
“အရှင်ဘုရားရဲ့တရားနာပြီး ခါးနာသွားတယ်ဆိုရလောက်အောင် အရှင်ဘုရားက ဘယ်လောက်တောင်ကြာအောင်တ၇ားကို ဟောပစ်သလဲကိုယ်တော်”ဟု မေးလေသည်။
ကုက္ကိုစုဆရာတော်သည် အောက်ပါအတိုင်း မိန့်တော်မူလိုက်လေသည်။
“တပည့်တော်လဲ ဟောကောင်းကောင်းနဲ့ ဟောချလိုက်တာ နှစ်နာရီကျော်သွားတယ်ဘုရား၊ အရှင်ဘုရားရဲ့လူနာ ဒကာမကြီးခါးနာမယ်ဆိုလဲ နာလောက်ပေရာ၏၊”
ထို့ကြောင့်လည်း ဆရာတော်အချို့မိန့်တော်မူကြလေသည်။
“တရားရေစက် နာရီဝက် ထို့ထက်ကြာက မုန်းတတ်သည်၊”
0 comments:
Post a Comment