မိမိရွာမှ ဆရာတော်သည် သိပ္ပံဇာတ်ကြမ်း ဗွီဒီယိုဇာတ်ကားများကို အလွန်ကြိုက်နှစ်သက်တော်မူသည်။ ဆရာ တော်၏ တပည့်ကျော်ကိုရင်များနှင့် ကျောင်းသားများသည် ဆရာတော်ကြိုက်တတ်သော ဇာတ်ကားများကို ကူမဲမြို့မှ ငှားလာကာ ပြခိုင်းလေ့ရှိကြသည်။ မြို့နှင့်နီးသော်လည်း လျှက်စစ်မီးကား အလှမ်းဝေးနေသဖြင့် ကျောင်းတွင်ရှိသော မီးစက်ဖြင့် ဗွီဒီယိုကို ကြည့်ကြရသည်။
ကျောင်းမှ မီးလင်းပြီဆိုသည်နှင့် ရွာအတွင်းမှ ကလေး လူကြီးတို့သည် ကျောင်းသို့ ရောက်လာကြကာ ဗွီဒီယိုကို ကြည့်ရှုအားပေးကြလေ၏။အချို့သော ရွာအတွင်းမှ ငမူးများသည်ကား ဗွီဒီယိုကို အလကားကြည့်ရုံနှင့် အားမရသေး၊ ကျောင်းပေါ်တွင် မူးကန်းကန်းနှင့် ကျင်ငယ်များပင် စွန့်သွားကြပြန်သေး၏။ အချို့ကလည်း ကျောင်းပေါ်တွင် နေကြာစေ့များကို စားပြီး အခွံများကို ကျောင်းပေါ်တွင် ပစ်ထားခဲ့ကြလေသည်။ သူတို့သည် ဘုန်းကြီးကျောင်းကို ဗွီဒီယိုရုံများထင်မှတ်နေကြသလားမသိပေ။
ဒါတွင်မက ဆရာတော်ကိုလည်း ရက်ရက်စက်စက် နာမည်ပြောင်ပေးသွားကြပြန်သေး၏၊ ဆရာတော်သည်ကား နာမည်ပြောင်းပေးမည်ဆိုလျှင်လည်း ပေးထိုက်ပါပေ၏။ ဇာတ်လမ်းသဘောတွေ ဘာတွေကို အဓိကမထား။ စကားပြောခန်းများကို ရမုဖြင့် ကျော်ပစ်လေ့ရှိသည်။ရွာအတွင်းမှ လူငယ်များသည်ကား ဇာတ်လမ်းသဘော လေးတွေကို အဓိကထားကြည့်ရှုလိုကြသည်။ သို့သော် ဆရာတော်သည်ကား ဗွီဒီယိုကားကို ဟိုကျော်သည် ကျော် ကျော်ပစ်လေ၏။ ဗွီဒီယိုကား၏ အနှစ်သာရကိုကား ဘယ်လိုနည်းနှင့်မျှ ခံစား၍ မရကြပေ။ ရွာသားများ သည် အလကားလာကြည့်သည်ကတစ်ကြောင်း ဆရာတော်ဖြစ်နေသည်ကတစ်ကြောင်း ဆရာတော်ကို ဘာမျှမပြောရဲကြပေ။ အသာလေးသာ ကြည့်ပြီးပြန်သွားကြလေ၏။
ဆရာတော်၏ ကွယ်ရာတွင်မူကား ရွာသားများသည် ဆရာတော်ကို“ကိုကျော် ”ဟူ၍ နာမည်ပေးလိုက်ကြလေ တော့သတည်း။ ရွာသားများက ရွာဦးကျောင်းဆရာတော်ကို “ကိုကျော် ”ဟူ၍ ခေါ်ကြောင်းကို မိမိက ဂဃနန မသိသဖြင့် မိမိ၏ ခမည်းတော်ကြီးအား မေးကြည့်ရာ ဖခင်ကြီးက အောက်ပါအတိုင်းရှင်းပြလေ၏။
“ကိုယ်တော်ရဲ့ဆရာသမားကို “ကိုကျော်”လို့ ရွာသားတွေက ခေါ်တာ ကျော်ဟိန်းနဲ့တူလို့ “ကိုကျော်”လို့ခေါ် တယ်မထင်နဲ့၊ဗွီဒီယိုဇာတ်ကားကြည့်ရင် ဇာတ်ကားမှ စ,မယ်မကြံသေးဘူး၊ သူက ရမုကြီးကိုင်ပြီး ဇာတ်ကားကို ဟိုကျော်ဒီကျော် ကျော်လို့ သူ့ကို “ကိုကျော်”လို့အမည်ပေးလိုက်တာကိုယ်တော်ရေ”ဟူ၍ပင်ဖြစ်လေသတည်း။

0 comments:
Post a Comment