Pages

Tuesday, July 27, 2010

“နံရံကပ်စာ”

တစ်ခါက မြန်မာပြည်အထက်ပိုင်းတွင် ဘုတလင်ဟုအမည်ရသော ရွာကြီးတစ်ရွာရှိလေသည်။ ထိုရွာ၏ ဂုဏ်သ တင်းသည်ကား အလွန်အင်မတန်မှ မွှေးလှပါပေ၏။ ထိုဂုဏ်သတင်းမွှေး၏ဟူသည်ကား အဘယ်နည်း? ထိုရွာ အနီးတွင် နွားပျောက်သွားပါက ပြန်မရှာလေနှင့်၊ ရှာပါက မောရုံသာအဖတ်တင်မည်။ရေထဲကို လွှတ်လိုက်သော စူဠလိပ်ကို ပြန်ရကောင်း ရနိုင်ပါပေ၏။ ကျောက်ခဲကို ညှစ်၍ အဆီထုတ်ပါက ရကောင်း ရနိုင်ပါပေရာ၏။ ထို ရွာအနီးတွင် ပျောက်သွားသော နွားကို ပြန်ရရန် မလွယ်ကူတော့ပေ။ အဘယ့်ကြောင့်နည်းဟူသည်ကား ရွာသား များသည် ထိုနွားကို သတ်၍ ရွာအတွင်းဝယ် ဝေမျှစားလိုက်သောကြောင့်ပေတည်း။ ရွာ၌ အလေ့အထ တစ်ခုရှိ သည်။ မကောင်းမှုလုပ်လျှင် အတူတကွပြုလုပ်လေ့ရှိကြသည်။ ရလာသော အကျိုးဆက်ကိုလည်း အတူတကွခံစားကြသည်။ ထို့ကြောင့် သူတို့ပြုလုပ်လေ့ရှိသော မကောင်းမှုသည် ဘယ်သောအခါမှ ပေါ်သည်ဟူ၍ မရှိပေ။ ရွာ၏ ၀န်းကျင်တွင် သစ်ပင်ကြီးများ၊ရေချိုးရန် ရေဆိပ်များ၊ နားခိုစရာဇရပ်တို့ဖြင့် ပြည့်စုံနေသောကြောင့် အကြောင်းမသိသော အဝေးမှရောက်လာသော ခရီးသည်များအတွက် နားခိုလိုစိတ်ဖြစ်ပေါ်မည်မှာ မလွဲပေ။ အ ကြောင်းသိခရီးသည်များကတော့ မိုးချုပ်နေ၀င်သည်နှင့်တစ်ပြိုင်နက် ထိုရွာအနီးအနားကိုပင် ဖြတ်မသွားရဲ တော့ပေ။ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးကပင် ရှောင်ကြဉ်ကြလေ၏။ တစ်နေ့သော နွေခေါင်ခေါင် နေ့လည် ခင်းတွင် အဝေးမှ ခရီးသည်တစ်ယောက်သည် လှည်းမောင်းကာ ထိုရွာအနီးသို့ ရောက်ရှိလာလေသည်။ အလွန် အင်မတန်မှ ဝေးသော ခရီးမှ လာရောက်ခဲ့ရသည့်အတွက် အလွန်အင်မတန်မှ ပင်ပန်းလာသည်။ ရေချိုးရန် အနားယူရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သစ်ရိပ်ကောင်းသော သစ်ပင်ကြီးအောက်၌ သူ၏ နွားလှည်းကို ရပ်လိုက်သည်။ စမ်းချောင်းတွင် ရေးဆင်းချိုးသည်။ ထို့နောက် သစ်ပင်အောက်တွင် ဖျာခင်းကာ တရေးတမောအိပ်လိုက်သည်။ တစ်နာရီခန့်ကြာမည်ထင်၏။ အိပ်ယာမှ နိုး၍ ကြည့်လိုက်သောအခါ သူ့၏ နွားနှစ် ကောင်မရှိတော့ပေ။ နွားလှည်း၏ ဒေါင့်ကို ဖြုတ်ကာ နွားနှစ်ကောင်လုံး အခိုးခံလိုက်ရလေသည်။ ရွာလူကြီးကို အကူအညီတောင်းသော်လည်း ဘယ်လိုမှ ရရန်လမ်းစ မမြင်တော့ပေ။ အဆုံးမတော့ သူသည် ထိုရွာ၏ ရွာထိပ် ဇရပ်တွင် စာရေးကာ ကပ်သွားလေသည်။ ထိုစာသည်ကား
“ရွာတစ်ကာတွင် ဘုတလင်
ဝင်သာဝင် မအိပ်နဲ့
အိပ်သာအိပ် မမှိတ်နဲ့
မှိတ်သာမှိတ်မပျော်နဲ့
ပျော်လျှင်ဒေါက်ဖြုတ်နွားခိုးတတ်သတည်း” ဟူ၍ပင် ဖြစ်သတည်း။
ဇရပ်တွင် စာရေးကပ်သွားမှုနဲ့ပတ်သက်လာသဖြင့် ဆက်နွယ်မှုအဖြစ်အပျက်ပုံပြင်တစ်ပုဒ်ကို ဖော်ပြပေအံ့။
တစ်ခါက ရွာတစ်ရွာရှိလေသည်။ ရွာ၏ ထိပ်တွင် အဝေးမှ ဧည့်သည်များ တည်းခိုနိုင်စေရန်အလို့ငှာ ဇရပ်တစ် ဆောင်ကို တည်ဆောက်ထားလေသည်။ တစ်နေ့ ငမှုံဟုအမည်ရသော ဧည့်သည်တစ်ယောက်သည် ထိုဇရပ် တွင် ၀င်ရောက်တည်းခိုလေသည်။ဇရပ်တွင် ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ရာ နံရံတွင် ရေးထားသော စာတမ်းကို တွေ့ရှိလေတော့သည်။ စာတမ်းသည်ကား
“သတိ, နှုတ်ခမ်းမွှေးရှည်သောသ၊ူ ဆေးလိပ်တိုကို မသောက်နဲ့၊
ဆေးလိပ်တိုကို သောက်က နှုတ်ခမ်းမွှေးကို မီးလောင်တတ်သည်”ဟူ၍ပင် ဖြစ်သတည်း။ထိုစာကို ဖတ်ပြီးသော အခါ ငမှုံသည် စိတ်တိုသွားသည်။ သူသည် ဆေးလိပ်လည်း သောက်တတ်သည်။ နှုတ်ခမ်းမွှေးကလည်း ရှည်နေ လေသည်။
“ဒီစာက ငါ့ကို စောင်းရေးတာပဲ၊ ဘယ်ကောင်ရေသွားတယ်မသိ၊”ဟူ၍ပင် အတွေးဝင်လာသည်။ ထို့ကြောင့် စိတ် တိုတိုဖြင့် ဆေးလိပ်တိုကို မီးညှိကာ
“နှုတ်ခမ်းမွှေရှည်တယ်ကွာ၊ ဆေးလိပ်တိုကို မီးညှိသောက်တယ်ကွာ၊ ဘာဖြစ်လဲ၊”ဟုဆိုကာ ဆေးလိပ်တိုကို မီးညှိကာ သောက်လိုက်လေသည်။ မကြာလိုက်ပါ။ သူ၏ နှုတ်ခမ်းမွှေး မီးလောင်းသွားလေသည်။ ထိုအခါမှ ငမှုံ သည် အထက်ပါစာတမ်း၏ အောက်တွင် သူ၏ ကိုယ်တွေ့အတွေ့အကြုံကို အခြေခံကာ
“မယုံမရှိနဲ့ ငမှုံကိုယ်တွေ့”ဟူသော စာသားကို ဆက်လက်ရေးသားလိုက်လေသည်။ နှစ်ရပ်ပေါင်းသော်
“သတိ, နှုတ်ခမ်းမွှေးရှည်သောသူသည် ဆေးလိပ်တိုကို မသောက်နဲ့၊
ဆေးလိပ်တိုကို သောက်က နှုတ်ခမ်းမွှေးကို မီးလောင်တတ်သည်၊
မယုံမရှိနဲ့ ငမှုံကိုယ်တွေ့”ဟူ၍ပင် ဖြစ်သတည်း။



0 comments:

Post a Comment

 

Go Up အပေါ်သို့