Pages

Saturday, August 14, 2010

“တယ်လဲဆိုးတဲ့ လောင်းကစားသမားပါလားနော်”

တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးရှိလေသည်။ ထိုဘုရင်ကြီးအုပ်ချုပ်သော တိုင်းပြည်တွင် အမူး သမားများ ဘိန်းစားများ လောင်းကစားသမားများ အလွန်ပေါများနေလေသည်။ ဘုရင်ကြီးသည် ထိုပုဂ္ဂိုလ်များကို အကျွတ်တရားရစေလိုသည်။ သို့ဖြစ်သဖြင့် ဘုရင်ကြီးသည် အကျွတ်တရားရစေလိုသော နည်းလမ်းကို ရှာရန် အလို့ငှာ နန်းတွင်းရှိ ပညာရှိအမတ်များနှင့် တိုင်ပင်လေသည်။ အဖြေတစ်ခုထွက်လာသည်ကား
“အရက်သောက်တတ်သော ပုဂ္ဂိုလ်ကို အရက်ကို သူကြိုက်သလောက် ၀အောင်တိုက်လိုက်ပါ၊ ဘိန်းကြိုက်တတ် သော ပုဂ္ဂိုလ်ကိုလည်း ဘိန်းကို တစ်ထိုင်းတည်းဖြင့် အ၀ရှုခိုင်းလိုက်ပါ၊ လောင်းကစားလုပ်တတ်သော သူကို လည်း လောင်းကစားကို တစ်ဝကြီးလုပ်ခိုင်းလိုက်ပါ၊ ဒါဆိုလျှင် သူတို့၏ အမူအကျင့်တွေ ပျောက်သွား မှာပါ”ဟူ၍ ပင်ဖြစ်သည်။
သို့ဖြစ်သဖြင့် ဘုရင်ကြီးသည် ပထမနေ့တွင် အရက်သမားကို နန်းတွင်း ခေါ်ကာ သူကြိုက်တတ်သော အရက်ကို မုန်းသွားအောင် တစ်ခါတည်း အလွန်အကြူးတိုက်လေသည်။ အရက်သမားသည် သူကြိုက်တတ်သော အရက်ကို အလွန်းအကြူးသောက်လေသည်။ သောက်စတွင် ကောင်းနေလေသည်။ နောက်ဆုံး များလာသောအခါ ဆက် လက်မသောက်နိုင်တော့မူ၍ မုန်းသည်အထိဖြစ်သွားသည်။ အရက်သမားသည် ဘုရင်ကြီးကို လက် မြှောက်အရှုံး ပေးသွားသည်။ ထိုနေ့မှစ၍ အရက်သမားသည် အရက်မသောက်တော့မူ၍ တိုင်းပြည်အတွက် သားကောင်းတစ် ယောက်ဖြစ်သွားလေသည်။
ဒုတိယနေ့တွင်ကား ဘိန်းစားကို ခေါ်ကာ ဘိန်းကို အလွန်အကြူးဘိန်းရှုခိုင်းလေသည်။ ဘိန်းစားသည် ပထမရှု နေစဉ် အလွန်ပင်ကောင်းနေလေသည်။ ဘုရင်ကြီးသည် ဘိန်းစားကို တစ်နေကုန် အလွန်အကြူရှုခိုင်းလေ သည်။ ဘိန်းစားသည် ဘုရင်ကြီးကိုသာ ကြောက်၍ ဘိန်းရှုနေရလေသည်။ ရှုလိုစိတ်ကား လုံးဝမရှိတော့ပေ။ အလွန်အကြူရှုရသောအခါ ဘိန်းကို မုန်းသွားလေသည်။ ထိုနေ့မှစ၍ ဘိန်းစားသည် ဘိန်းပြတ်သွားကာ တိုင်းပြည်အတွက် သားကောင်းရတနာတစ်ယောက်ဖြစ်သွားလေသည်။
တတိယနေ့တွင်ကား လောင်းကစားသမား၏ အလှည့်သို့ ရောက်ရှိလာလေသည်။ ဘုရင်ကြီးသည် လောင်း ကစားသမားကို
“အမောင် မင်းဒီနေ့ ကြိုက်သလောက်ငါ့နန်းတော်မှ ငွေယူပြီး ကြိုက်သလောက် လောင်းကစားလုပ်စမ်းကွာ”ဟု ခွင့်ပြုလိုက်လေသည်။ လောင်းကစားသမားသည် ဘုရင်ကြီး၏ ဘဏ္ဍာတိုက်မှ ငွေများယူကာ တခြားနိုင်ငံမှ အရာရှိများနှင့် လောင်းကစားလုပ်လေသည်။ တစ်နေ့ကုန် လောင်းကစားလုပ်ရာ ဘုရင်ဘဏ္ဍာတိုက်ရှိငွေများ ကုန်သွားလေတော့သည်။ နောက်ဆုံးတွင် ငွေမရှိတော့သဖြင့် ဘုရင်စံမြန်းနေသော နန်းတော်ကြီးကို ပေါင်ကာ လောင်းကစားလုပ်လိုက်ရာ အရှုံးပေါ်သဖြင့် နန်းတော်ကြီးတစ်ခုလုံးကိုပင် တစ်ခြားနိုင်ငံသို့ ထိုးအပ်လိုက်ရ လေသည်။ ဘုရင်ကြီးသည်ပင် စံမြန်းစရာနန်း တော်မရှိတော့ပေ။ အဆုံးတွင် ဘုရင်ကြီးညည်းညူချက်ထုတ် လိုက်သည်ကား
“ငါကိုယ်တော်မြတ် စံမြန်းတဲ့ နန်းတော်ကိုတောင် ပေါင်ကာ လောင်းကစားလုပ်ပစ်တယ်၊ အော် တယ်လဲဆိုးတဲ့ လောင်းကစားသမားပါလားနော်”ဟူ၍ပင်ဖြစ်သတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့