Pages

Sunday, August 22, 2010

“မိမိတို့၏ ရွာမှ ဦးဆာမိ”

ယခုတလောဦးဆာမိတစ်ယောက်သည် ထူးထူးခြားခြား ဥပုသ်နေ့တိုင်း ကျောင်းကို အစောကြီးရောက်လာလေ့ ရှိသည်။ မိမိသည်ကား
“ ဦးဆာမိကြီးတော့ ဇရာ(အိုခြင်း) ဗျာဓိ(နာခြင်း)တို့ကြောင့်လည်းကောင်း၊ လက်ရှိမျက်မှောက်ဘ၀တွင် တွေ့ကြုံ ရင်ဆိုင်နေရသော အခက်အခဲအကြတ်အတည်းစသည်တို့ကြောင့်လည်းကောင်း ၊ သံဝေဂတရားတွေရလာသည့် အတွက်ကြောင့် တရားကို တကယ်ရှာတော့မည်ဟူသော ရည်ရွယ်ချက်နဲ့ ဥပုသ်လာ စောင့်တာဖြစ် မယ်”ဟုထင်မြင်နေမိသည်။ ဥပုသ်သည် ဒါယကာ ဒါယိကာမကြီး များပြောမှ မိမိအမှန်အတိုင်းသိရှိခဲ့ရလေသည်။
“ဦးဇင်းက ဆာမိများ သံဝေဂရလို့ ဥပုသ်လာစောင့်တယ်လို့ထင်တာ အံ့လဲ အံ့ပါရဲ့ ဦးဇင်းရယ်၊ ဒီကောင်ကခွေး မြည်းကောက်ခြေတောက်စွပ်၊ ခုဥပုသ်ယူတယ်၊ ပြီးရင် မကောင်းတာလုပ်တာ၊ ပြီးခဲ့တဲ့အပတ်ဥပုသ်က ဒီ ကောင်ဥပုသ်ကျိုးတယ်လေ၊ အပြင်ဘက်ရေအိုင်မှ သူများတွေငါးဖမ်းတာမြင်တော့ မနေနိုင်လို့ ဥပုသ်နေ့ တောင်မရှောင်ဘူး ရေအိုင်ထဲငါးဆင်းဖမ်းတယ်လေ”ဟု ဆိုသဖြင့် မိမိသည်ပင် သံသယ၀င်လာလေသည်။ သို့သော် လက်တွေ့မမြင်သေးသည့်အတွက် အယုံအကြည်မရှိသေးပါ။
တစ်ခုသော ဥပုသ်နေ့တွင် မိမိသည် ဥပုသ်သည်များအား တစ်ယောက်လျှင် ငါးလုံးနှုန်းဖြင့် ထန်းလျှက်ခဲများကို ဒါနပြုနေသည်။ ဦးဆာမိအလှည့်ရောက်သောအခါ ထန်းလျှက်ခဲငါးလုံးကို သူ၏ လက်အတွင်းသို့ထည့်ကာ စွန့်ကြဲလိုက်သည်။ ဤတွင် ဦးဆာမိ အတွန့်တက်လာသည်ကား
“ဦးဇင်းကလဲ ငါးလုံးထည်း ဘယ်လိုလုပ်ဝမှာလဲ”ဟူ၍ပင်ဖြစ်သည်။ သို့ဖြစ်သဖြင့် မိမိက
“ဦးဆာမိ ခင်ဗျားက တကယ်ကော ဥပုသ်ရအောင် နေကုန်စောင့်မှာလား”ဟု မေးလိုက်သောအခါ
“ဦးဇင်းက ထန်းလျှက်ခဲပိုလှူရင် တပည့်တော်ဥပုသ်ရအောင်စောင့်မယ်ဘုရား”ဟု ကတိများပင်ပေးလာသဖြင့် မိမိသည် ဦးဆာမိအား ထန်းလျှက်ခဲအလုံးနှစ်ဆယ်ကို အခြားဥပုသ်များရှေ့တွင်ပင် ရက်ရက်ရောရော လှူဒါန်းစွန့်ကြဲလိုက်လေသည်။ အခြားဥပုသ်များက
“ဦးဇင်း ဒီကောင်များသွားယုံတယ်၊ ကြည့်နေ၊ ဦးဇင်းလှူလိုက်တဲ့ ထန်းလျှက်ခဲတွေ သူလဲစားမှာလဲ မဟုတ်ဘူး သူ့တူမ “တစ်တောင်”လက်ထဲရောက်မှာ”ဟု ၀ိုင်းဝန်းတားကြပါသေးသည်။ သို့သော် မိမိသည် သဒ္ဓါတရားထက် ထက်သန်သန်နှင့်ပင်လှူဒါန်းစွန့်ကြဲလိုက်လေသည်။
ညနေအချိန်တွင်ကား ဥပုသ်သည်များလည်းပြန်သွားကြလေပြီ၊ မိမိသည် ပျင်ပျင်းရှိသည်နှင့် အပြင်ဘက်လမ်း ထွက်လျှောက်ထွက်မိသည်။ ကျောင်းအပြင်ဘက် ထမင်းဆိုင်နားရောက်သွားသောအခါတွင်ကား ဦးဆာမိ တစ်ယောက် ကို တွေ့လိုက်ရပါပြီး။ သူသည်မိမိကို မမြင်ပေ၊
“ ဥပုသ်ရအောင်စောင့်ပါမယ်၊ တပည့်တော်ကို ထန်းလျှက်ခဲကို ပိုစွန့်ပါဘုရား”ဟုဆိုသော ဦးဆာမိတစ်ယောက် ထမင်းကို အ၀အပြဲကြိတ်နေလေသည်။ မိမိသည်
“ဦးဆာမိကိုတော့ လူကြားသူကြား အရှက်ရအောင် သွားစလို့အုံးမယ်”ဟု အကြံဖြစ်ကာ ဦးဆာမိနားကို ကပ်သွား ကာ
“ဦးဆာမိ ခင်ဗျားပြောတော့ ဥပုသ်မကျိုးအောင် စောင့်မယ်ဆို၊ ခုတော့ ထမင်းတွေဘာတွေခိုးစားလို့ပါလား”ဟု နောက်လိုက်သည်။ ခိုးထုတ်ခိုးထယ်နှင့်တကွမိသော ကိုဆာမိတစ်ယောက်ဘာမျှမပြောရှာပေ။ ခေါင်းငိုက်စိုက်ချ လျှက်ပင်။ ဤတွင်ဘေးမှာ ထိုင်နေသော ရွာသားများက
“ဦးဇင်းက ကိုဆာမိများယုံတာ အံ့လဲ အံ့ပါရဲ့”ဟု မိမိကိုပင် အပြစ်ဝိုင်းတင်ကြလေသည်။ ဤတွင် ဦးဆာမိက အလျှော့မပေးပါ။
“မင်းတို့ကောင်တွေ ဦးဇင်းကို မဟုတ်တာတွေလျှောက်မပြောနဲ့နော်၊ မင်းတို့ကို ဘယ်သူကမှ အကယ်ဒမီလာပေးမှာမဟုတ်ဘူး၊ ငါက ဒီတစ်ခါပဲစားသေးတာ၊ ရွာတောင်ပိုင်းက ပြုံးကြည်ဆို ဥပုတ်တိုင်း ဥပုသ် ကျိုးတယ်၊ ထမင်းအမြဲတမ်းစားတာကွ၊ ငါက ဒီနေ့ဗိုက် အလွန်ဆာလို့ပါကွ”ဟုဆိုသောအခါ ရွာသားများက ထမင်းဆိုင်ရှင်ကိုသိန်းဆောင်ဘက်လှည့်ကာ
“ဟေ့ သိန်းဆောင် ကိုဆာမိ ဒီတစ်ခါဘဲ ဥပုသ်နေ့မှာ ညစာခိုးစားတယ်ဆိုတာဟုတ်လားကွ”ဟုမေးသောအခါ မလိမ်တတ် မညာတတ်သော ကိုသိန်းဆောင်က
“အွန်းတစ်ခါလား နှစ်ခါလားတော့ ကျုပ်လဲအတိအကျမသိဘူး၊ ဦးဆာမိ ကျုပ်ဆိုင်ကို ထမင်းလာစားနေတာတော့ နေ့စဉ်ပဲဗျ”ဟု ဆိုလိုက်သဖြင့် ဦးဆာမိတစ်ယောက် မည်သည့်စကားမျှပင် ဆက်မပြောနိုင်တော့ပေ၊ လစ်ထွက် သွားလေတော့သတည်း။
မှတ်ချက်=တစ်တောင်ဟူသည်ကား ဦးဆာမိ၏ တူတော်မောင်၏ ဇနီးပင်ဖြစ်သည်။ ဦးဆာမိအား ပိုက်ဆံများ များရမလာလျှင် ဒဏ်ခတ်လေ့ရှိသော အမျိုးသမီးပါပေတည်း။ အော် ရက်စက်မှုအပေါင်းသရဖူ ဆောင်းနိုင် ခဲ့ပါပေ၏။

0 comments:

Post a Comment

 

Go Up အပေါ်သို့