Pages

Friday, May 7, 2010

“သာသနပါလကျောင်းမှ ဟာသများ အမှတ်(၂)

တစ်နေ့ ကိုရင်နန္ဒသာမိတို့သည် ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်နှင့် ဘုရားဝတ်တက်ကျသည်။ ထိုဘုရားဝတ်တက်ပြီးနောက် ဆရာတော်ဦးဂန္ဓမာက
“အေးမင်းတို့တတွေ ဒီကျောင်းရောက်လာတာဟာ စာသင်ဘို့ရောက်လာတာဖြစ်တယ်၊ စာကိုဘဲ စိတ်ဝင်တစားသင်ကြပါ၊ အပြင်ထွက်ပြီး ပွဲတွေဘာတွေ ထွက်ကြည့်လား ပြုလားမလုပ်နဲ့၊ ကြည့်ရင်တော့ ငါနဲ့တွေ့မယ်။”ဟု သြ၀ါဒပေးလေသည်။ ထိုသြ၀ါဒပေးပြီးမကြာပါ ဘုရားကြီးတွင် တပိုတွဲလဘုရားပွဲရှိလေသည်။ ကိုရင်နန္ဒသာမိတို့အုပ်စု ပွဲသွားကြည့်ချင်ကြသည်။ သို့သော် ဆရာတော်က သြ၀ါဒပေးထားသဖြင့် မသွားရဲကြပေ။ သို့သော် တစ်ခြားကျောင်းကကိုရင်တွေ ကြွနေသည်ကိုတွေ့တော့ သူတို့ မနေနိုင်တော့ပေ။ သို့ဖြစ်သဖြင့် သူတို့သည် ဒီညတော့ ဆရာတော်အိပ်သည်နှင့်တစ်ပြိုင်နက် ပွဲခိုးကြည့်မည်ဟု ဆုံးဖြတ်ချက်တက်ညီလက်ညီချလိုက်ကြလေသည်။ည (၁၁)နာရီထိုးချိန် စာအံကျောင်းဆင်းပြီးနောက် သူတို့သည် အပြင်ထွက်ပွဲကြည့်ရန် ဆရာတော်ကို အကဲခတ်ကြလေသည်။ ဆရာတော်၏ အခန်းသည် မီးအမှောင်ကျနေပြီးဖြစ်သည်။ ဆရာတော်သည် ကျိန်းစက်သွားသည်မှာ သေချာပြီးဖြစ်သည်။ သို့ဖြစ်သဖြင့် ကိုရင်နန္ဒသာမိတို့တစ်စုသည် ပွဲခင်းသို့ သုတ်သုတ်ဘဲ လစ်ထွက်သွားကြလေသည်။ ဇာတ်ရုံအတွင်းသို့ ၀င်လိုက်သောအခါတွင်ကား သူတို့သည် ဆရာတော်ဦးဇင်းကျော်စိန်နှင့် ပက်ပင်းသွားတိုးလေသည်။ ဆရာတော်သည် ဘာမျှမပြောချေ။ သူ့ဣနြေ္ဒနှင့် သူနေလေသည်။ သူ၏ သြ၀ါဒနှင့်သူ မိနေလေသည်။
“မင်းတို့ ပွဲမသွားနှင့် ပွဲသွားရင်ငါနဲ့တွေ့မယ်”ဟူသောသူ၏ သြ၀ါဒအတိုင်း ယခုအခါတွေ့ရှိနေလေပြီ။ ကိုရင်နန္ဒသာမိတို့သည်ကား ပွဲကိုပင် ဖြောင့်ဖြောင့်မကြည့်ရဲတော့ပေ။ ဆရာတော်ကို ကြည့်လိုက်၊ ဇာတ်ပွဲကိုကြည့်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေကြသည်။ မကြာလိုက်ပါ၊ ဦးဇင်းကျော်စိန်လဲ ပျောက်သွားလေပြီး။ ပြဇာတ်ပြီးသောအခါ သူတို့တတွေ ပြန်လာကြသည်။ ဆရာတော်သည် ယခုအချိန်ထိ ပွဲကြည့်မှု နှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မိန့်တော်မမူသေးပါ။ စာတက်ချိန်ရောက်သောအခါတွင်ကား ဦးဇင်းကျော်စိန်ပညာပြလေပြီ။ ကို၇င်နန္ဒသာမိတို့ကို တစ်ခါမျှ မတွေ့ဘူးသေးသော စာအသစ်တွေကို ဆိုခိုင်းသည်။ မရသောအခါတွင်ကား
“မင်းတို့ကောင်းတွေ ပွဲကျတော့ ခိုးကြည့်တယ်၊ ဒီစာကျတော့ မရဘူးလားဆိုပြီး အတင်းရိုက်လေတော့သည်။ ထိုအထဲတွင် ပအို့ကိုရင်ကြီးတစ်ပါးပါသည်။ သူသည် လူမျိုးခြားဖြစ်သည်ကတစ်ကြောင်း၊ ဥာဏ်ထိုင်းသည်က တစ်ကြောင်း၊ အထက်ပါအကြောင်းတို့ကြောင့် ပိုအရိုက်ခံရလေသည်။ ရက်ရက်စက်စက်ရိုက်နေလေသောအခါ ပအို့ကိုရင်ကြီးထပြေးသည်။ ခဏနေ ဒါးကို ယူကာပြန်ရောက်လာလေသည်။ ဦးဇင်းကျော်စိန်ကြီးသည် နည်းနည်းတော့လန့်သွားသည်။
“ဒီကောင်ငါ့ကိုများ ဒါးနဲ့ခုတ်လေမလားပေါ့၊” ပအို့ကိုရင်ကြီးသည် ဆရာတော်ထံကို သွားကာ
“ဆရာတော် တပည့်တော်ကို ရိုက်နေတာ စာကို တကယ်ရစေချင်လို့ ရိုက်တာလား၊ မုန်းလို့ရိုက်တာလား၊ မုန်းရင်တော့ ရိုက်မနေပါတော့နဲ့ဘုရား၊ တစ်ခါတည်း ဒီဒါးနဲ့သာ ခုတ်သတ်လိုက်ပါတော့ဘုရား”ဟုဆိုကာ ဒါးကို ကပ်လေသည်။ ထိုအခါမှ ဦးဇင်းကျော်စိန်ကြီးသည်လည်း သက်ပြင်းများချနိုင်လေသည်။ ဆက်၍
“မင်းက လူကြည့်တော့ လအော်လအဲနဲ့ ဒါမျိုးတော့ အဖြစ်သားဘဲ”ဟု ပြုံး၍ မိန့်တော်မူကာ အခန်းထဲဝင်သွားလေတော့သတည်း။
ဤနေရာ၌ ပွဲကြည့်မှုနှင့် ပတ်သက်လာသဖြင့် မန္တလေးမှ ကိုယ်တော်လေးတစ်ပါးအကြောင်းကို တင်ပြပေအံ့။
မန္တလေးတွင် ကျောက်တော်ကြီးဘုရားပွဲကို ခြိမ့်ခြိမ့်သဲသဲစည်းကားသိုက်မြိုက်စွာကျင်းပလေသည်။ မန္တလေးမှကိုယ်လေးများသည်လည်း လူငယ်များဖြစ်သည်အားလျှော်စွာ တစ်နှစ်မှ တစ်ခါသာ ကျင်းပသော ပွဲဖြစ်သဖြင့် ကြွရောက်ကာ အားပေးတော်မူကြလေသည်။ ထိုအထဲတွင် ကိုယ်တော်လေးတစ်ပါးသည် မိုးမင်း၏ ဇာတ်ရုံအတွင်းဝယ် သူငယ်များနှင့် တပျော်တပါးပွဲကြည့်နေလေသည်။ ထိုကိုယ်တော်လေး၏ အဖြစ်ကို ဘေးမှ သူ၏ ဆွမ်းဒါယိကာမကြီးက အခဲခတ်နေလေသည်။ ဘာမျှတော့ မပြောပေ၊ နောက်နေ့ နံနက်(၁၀)နာရီခန့်တွင် ထိုကိုယ်တော်လေးသည် ထိုဒါယိကာမကြီးအိမ်သို့ မျက်လွှာလေးချကာ ဆွမ်းခံကြွလေသည်။ သပိတ်ကို ရောက်သည်နှင့် ပုံမှန်အတိုင်း စားပွဲပေါ်တင်လိုက်သည်။ ထိုအခါ ဒါယိကာမကြီးသည်
“ကိုယ်တော် မနေ့ညက ပွဲကြည့်တုံးက ဒီမျက်နှာမျိုးမဟုတ်ပါဘူး၊”ဟု စကာ သပိတ်အတွင်းမှ ဆွမ်းခွက်ယူအပြီး မီးဖိုချောင်အတွင်းဝင်သွားလေသည်။ ကိုယ်တော်လေးသည် ထို့သို့အပြောခံလိုက်ရသောအခါ သူ၏ ဆွမ်းဟင်းခွက်ကိုပင် မစောင့်တော့ဘဲ ရှက်ကိုးရှက်ကန်းနဲ့ ကမန်းကတန်း ဆွဲမိဆွဲရာကို ဆွဲကာ ရင်ဝယ်ပိုက်ပြီး ထိုအိမ်မှ ထွက်လာခဲ့လေသည်။ ခပ်လှမ်းလှမ်းရောက်မှ သတိထားမိသည်။ ထိုကိုယ်တော်လေး ရင်ဝယ်ပိုက်လာသောအရာသည်ကား သပိတ်မဟုတ်မူ၍ အိမ်မှ ကွမ်းအစ်ကြီးဖြစ်နေလေတော့သတည်း။
“အော် ဖြစ်မှ ဖြစ်ရလေ ကိုယ်တော်လေးရယ် သပိတ်နှင့် ကွမ်းအစ်ကိုတောင်မှ မခွဲခြားနိုင်လောက်အောင် အရှက်ကလဲကြီးပါပေ၏၊ လွဲလဲ လွဲတတ်ပါပေ့၊”

0 comments:

Post a Comment

 

Go Up အပေါ်သို့