Pages

Sunday, September 2, 2012

တောင်းပန်းလွှာ

ယခုနှစ်အတွင်း မိမိသည် အလုပ်တွေများနေသည့်အတွက်ကြောင့် ဟာသပုံပြင်များ မရေးဖြစ်သည်ကို ခွင့်လွှတ်ပါရန် မိမိ၏ စာဖတ်ပရိတ်သတ်များကို ရှေးဦးအစတောင်းပန်ပါ၏။ ယနေ့မှ စ၍ မိမိသည် ဟာသ ပုံပြင်များကို တတ်စွမ်းနိုင်သလောက် ပြန်လည်၍ ရေးသားပါတော့မည်ဟု မိမိ၏ စာဖတ် ပရိတ်သတ်ကို အသိပေးအပ်ပါသည်။

Tuesday, June 19, 2012

အရူးက တစ်မူးသာ

တစ်နေ့သ မိမိသည် ပဋ္ဌာန်းရွတ်ရန်အလို့ငှာ ကူမဲမြို့ ဘုရားကြီးလယ်ပြင်ကျောင်းသို့ ကြွသွားခဲ့လေသည်။ ထိုဘုရားကြီးလယ်ပြင်ကျောင်းသည် မိမိတို့၏ ကျောင်းနှင့် တစ်မိုင်ခန့်ကွာဝေးလေသည်။ ရွာမှ ကာလသားလေးများက 
"ဦးဇင်းဘုရား တပည့်တော်တို့ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါမယ်ဘုရား"ဟုလာရောက်လျှောက်ထားကြသည်။ သို့သော်မိမိက
 "ကျန်းမာရေးအတွက် တစ်ပါးတည်း ခြေလျှင်ပဲ ကြွပါတော့မယ်ကွာ"ဟုပြောကာ တစ်ပါးတည်းပင် ထွက်လာ ခဲ့မိသည်။မိမိသည် ညနေခင်း၏ လေပြေလေညှင်းလေးကို ခံရင်း လျှောက်လာလိုက်တာ ဘုရားကြီး လည်ပြင်ကျောင်းသို့ပင် ရောက်တော့မည်ဖြစ်ချေသည်။ ထိုစဉ် အမှတ်မထင် ကားလမ်း၏ ဘယ်ဘက်ဘေး လမ်းအတိုင်း လျှောက်လာနေသော ဂွေ့ကြီးရွာမှ စိတ်မနှံ့သော ကိုအုံးမြိုင်ကို ရုတ်တရက်မြင်လိုက်ရသည်။ မိမိသည်လည်း ဘယ်ဘက်ဘေးမှ လျှောက်နေလေရာ ကိုအုံးမြိုင်နှင့် ပက်ပင်းတိုးတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေလေသည်။
"အွန်း ကိုအုံးမြိုင်နဲ့တော့ တွေ့ပြင်ပြီ ငါ့ကို ဘာအန္တရာယ်ပြုမယ်မသိ "ဟု စိုးရိမ်စိတ်ပင် ၀င်လာမိသည်။ သို့သော် 
"အို မထူးပါဘူးကွာ ဖြစ်ချင်ရာဖြစ်"ဟု ဆုံးဖြတ်ချက်ချကာ ဆက်လျှောက်လာမိသည်။ မိမိသည် သူ၏ အနီးနာကို ကပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်မနှံ့သော ကိုအုံးမြိုင်က
"ဦးဇင်းလေး မျက်မှန်တပ်ပြီး အလှဆင်ဘို့ မလိုဘူးနော်၊ သီလလုံခြုံဘို့က အဓိကပဲနော်ဘုရား"ဟု မိမိကိုပင် သြ၀ါဒကထာ မြွက်ကြားသွားလေသည်။ အော် ဒါကြောင့်လဲ ရှေးလူကြီးတွေက ပြောကြသည်။
"အရူးက တစ်မူးသာ "


Tuesday, June 12, 2012

တော်တော်ဆိုးတဲ့ အရူး

တစ်ခါက ရွာတစ်ရွာတွင် ဦးသာကြွယ်ဟု အမည်ရသော အရူးတစ်ယောက်ရှိလေသည်။ ရွာရှိ လူအများက သူ့ကို အရူးပါးဟုခေါ်ကြသည်။ တစ်နေ့သ ဦးသာကြွယ်သည် သူ၏ဇနီးကို အောက်ပါအတိုင်းပြော ကြားလေ ၏။
"ငြိမ်းလှ နင်လဲ ဦးပြုံးကို ယူရင် ယူတော့၊ ငါလဲ မူလတန်းကျောင်းက ဆရာမလေးကို ယူတော့မယ်လေကွာ"
ဤတွင် ဇနီးဖြစ်သူက
" ကိုသာကြွယ် တော် ကိုယ့်ဖာသာကိုယ် ရူးတာ အသာရူးနော်၊ သူများကို တောပြော တောင်ပြော မပြောနဲ့"
မှတ်ချက် ဦးပြုံးသည် ဦးသာကြွယ်အိမ်သို့ ခဏ ခဏလာနေသဖြင့် ဦးသာကြွယ်သည် ဇနီးဖြစ်သူနှင့် ဦးပြုံးကို သံသယမကင်းဖြစ်နေဟန်ရှိ၏။
တစ်နေ့သ ညနေခင်းတွင် ဦးသာကြွယ်သည်  တော်တော်လေး စိတ်ဖေါက်ပြန်နေ၏။ ဇနီးသည်နှင့် သားသမီး များကို ရန်ပြုရုံတင်မက အိမ်ရှိ အိုး ခွက် ပုဂံများကိုပါ ရိုက်ခွဲနေလေ၏။ ထိုအခါ အမကြီးဖြစ် သူ ဒေါ်ခင်ငွေက
"ဟဲ့ သာကြွယ် နင်ရူးနေလို့ နင့်ဇနီးကို ဆူတာ၊ သားသမီးတွေကို ဆူတာ ငါဘာမှမပြောဘူး၊ ခုဟာက အိမ်ရှိပစ္စည်းတွေကို ရိုက်ခွဲနေတာတော့ လွန်နေပြီ အရူးရဲ့"ဟု မြည်တွန်တောက်တီးလေသည်။ ထို့သို့ အရူးကို အရူးလို့ ပြောတာကို မခံနိုင်သော ဦးသာကြွယ်က အမဖြစ် သူကို အောက်ပါ အတိုင်းပြန်ပြော လိုက်လေသည်။
"ဟေ ခင်ငွေ နင်က ငါ့ကို ရာရာစစ လာဆုံးမရအောင် နင့်ကိုယ်နင် သူတော်ကောင်း များအောက်မေ့နေသ လား၊ နင့်အကြောင်း ငါမသိရင်ခက်မယ် ၊ နင်အရှေ့ဘက်ရွာက ထွန်းတင်နဲ့ လင်ငယ်နေတာ မသိဘူးများ မှတ်နေသလား"
ထိုသို့ လူကြား သူကြား ငယ်ကျိုးငယ်ငါကို ထုတ်ဖေါ်ပြောဆို ခံရသော ဒါယိကာမကြီး ဒေါ်ခင်ငွေသည် လည်း တစ်ခါတည်း လစ်ပြေးလေတော့သတည်း။ 
မှတ်ချက် အရူးစကား ကလေးစကား မှန်တတ်သတဲ့။အရူးကို ငေါက်ငမ်းမည်ဆိုပါက ဆင်ခြင်၍ ငေါက်လေ ရာ၏။"ကိုယ့်အမ အရင်ကိုတောင်မရှောင် အော် တော်တော်ဆိုးတဲ့ အရူးပါတကား၊ "

Friday, December 30, 2011

သာမန္တဇပ္ပ


သာမန္တဇပ္ပ-ဟူသည်ကား (အလိုရှိသော ပစ္စည်းနှင့်) အနီးကပ်၍ ပြောဆိုခြင်းတည်း။ ဤအရာ၌ ကုလူပကရဟန်း ၏ ဝတ္ထုကို ပြောကြားသင့်၏။(ဆွမ်းခံ ထိုင်အိမ်အဖြစ်ဖြင့်) အိမ်သို့ကပ်သော(ကုလူပက) ရဟန်းတပါးသည် ဆွမ်းစားလိုသည်ဖြစ်၍ အိမ်တအိမ်သို့ ဝင်ပြီးလျှင် ထိုင်နေလေ၏။ အိမ်ရှင်မသည် ရဟန်းကို မြင်လျှင် မလှူလို သောကြောင့် ''ဆန်မရှိ''ဟု ဆိုကာ ဆန်ကို ဆောင်ယူလို၍ သွားသကဲ့သို့ အိမ်နီးချင်းအိမ်သို့ သွားလေ၏။ရဟန်းသည်လည်း အိမ်အခန်းအတွင်းသို့ဝင်၍ ကြည့်ရှုလတ်သော် တံခါးရွက်ထောင့်၌ ကြံကို၎င်း, အိုးထဲ၌ တင်လဲကို၎င်း, ခြင်းတောင်းထဲ၌ ငါးခြောက်ပြားခြမ်းကို၎င်း, ဆန်အိုးထဲ၌ ဆန်တို့ကို၎င်း တောပတ် အိုးထဲ၌ ထောပတ်ကို၎င်း တွေ့မြင်ပြီးလျှင် အပြင်သို့ ထွက်၍ ထိုင်နေလေ၏။ အိမ့်ရှင်မသည် 'ဆန်မရခဲ့'ဟု ညည်း တွားလျက် ပြန်လာ၏။ ထိုရဟန်းသည်
''ဥပါသိကာမရေ ယနေ့ဆွမ်းမပြည့်စုံလတံ့ဟု စောစောကပင် နိမိတ်ကို မြင်ခဲ့ပြီ''ဟု ဆို၏။
"အဘယ်သို့သော နိမိတ်ကို မြင်ခဲ့ပါသနည်း အရှင်ဘုရား"ဟုမေးလတ်သော်
''တံခါးရွက်ထောင့်၌ထားတဲ့ ကြံချောင်းကဲ့သို့သောမြွေကို မြင်ခဲ့ပါ၏၊ 'ထိုမြွေကို ပုတ်ခတ်အံ့'ဟု ကြည့်ရှုလိုက်တဲ့အခါ အိုးထဲမှာ ထည့်ထားတဲ့ တင်လဲခဲတွေနဲ့တူတဲ့ ကျောက်ခဲတို့ကို မြင်ခဲ့ပါ၏၊ အဲဒီကျောက်ခဲဖြင့် ပစ်ခတ်လိုက်တဲ့အခါ မြွေက ပါးပျဉ်းကို ပြုလိုက်ပါတယ်၊အဲဒီမြွေရဲ့ ပါပျဉ်းဟာ ခြင်းတောင်း၌ ထားသော ငါးခြောက်ပြာခြမ်းနှင့် တူစွာ မြင်ခဲ့ပါ၏၊ ခဲကို ကိုက်လိုတဲ့ မြွေ၏သွားတို့ကို ဆန်အိုးထဲက ဆန်တို့နှင့် တူစွာ မြင်ခဲ့ပါ၏၊ ထိုအခါ အမျက်ထွက်တဲ့ မြွေ၏ ပါးစပ်မှ ထွက်လာသော အဆိပ်နှင့် ရောသော တံထွေးကို ထောပတ်အိုးထဲ၌ ထည့်ထားသော ထောပတ်နှင့်တူစွာ မြင်ခဲ့၏''ဟု ဆို၏။ ထိုအိမ့်ရှင်မသည်
''ဦးပြည်းကတုံးကိုတော့ လှည့်စားခြင်းငှါ မစွမ်းနိုင်''ဟု ဆင်ခြင်၍ ကြံကိုကပ်ပြီးလျှင် ထမင်းကိုချက်၍ ထောပတ် တင်လဲ ငါးခြောက်တို့နှင့် တကွ အလုံးစုံကို ကပ်လှူလိုက်ရလေ၏၊ ဤသို့ (အလိုရှိအပ်သော ပစ္စည်းနှင့်) အနီးပြု၍၊ ဝါ၊ ပွတ်သီ၍ ပြောဆိုခြင်းကို သာမန္တဇပ္ပ-ဟု သိအပ်၏။ ရဟန်းကောင်းတစ်ပါးသည် ထိုသို့သော အမှုမျိုးကို မပြုအပ်ဟု ၀ိသုဒ္ဓိမဂ်တွင် ဖွင့်ဆိုထားလေသည်။ (မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိသုဒ္ဓိမဂ်မြန်မာပြန်)
 

Go Up အပေါ်သို့