Pages

Friday, July 22, 2011

“ဘဒ္ဒန္တဘွဲ့ရ ဆရာတော်ကြီးတွေ ကြွလာတော့လဲ ဂုဏ်ရှိတာပေါ့ဘုရား”

မိမိ၏ သီတင်းသုံးဖေါ် သူငယ်ချင်း ရဟန်းတော်များသည် စင်္ကာပူမှာ သာသနာပြုနေကြသည်မှာ နှစ်ပေါင်းပင် အတော်ကြာနေပြီးဖြစ်သည်။ ထိုဆရာတော်များသည် သာသနာတော်ကို ထိရောက်အောင် ပြုနိုင်ပါပေ၏။ စင်္ကာ တွင် မြန်မာ ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်းရှိရာ ထိုဆရာတော်များ၏ ကျောင်းသည် နာမည်ရသော
ကျောင်းတစ်ကျောင်းဖြစ်လေသည်။ လူငယ်ရဟန်းတော်များဖြစ်သည်အားလျှော်စွာ တက်တက်ကြွကြွ ခေတ်
အမြင်များဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်ကို လူငယ်များနာလည်နိုင်လောက်အောင် ဟောပြောပြသ သာသနာပြု
နေကြရာ အတော်ပင် အောင်မြင်နေပြီး ဖြစ်နေလေသည်။ အင်္ဂလိပ်စာသင်တန်း တရုတ်စာသင်တန်းများကို လည်း အခမဲ့ သင်တန်းဖွင့်ထားကြသည်။တနင်္ဂနွေနေ့ (Sunday School )အမည်ဖြင့် ကလေးများကို အင်္ဂလိပ် လိုတစ်မျိုး မြန်မာလိုတစ်မျိုး ဗုဒ္ဓ၀င်ကို သင်ပြပေးကြလေသည်။ အထူးအားဖြင့် စင်္ကာပူရောက် ရွှေမြန်မာတို့ကို ဓမ္မဗဟုသုတရရှိစေရန်အလို့ငှာ စင်္ကာပူနိုင်ငံ (Peninsula Plaza)တွင် ဓမ္မပန်းခင်းအမည်ရှိသော စာကြည့်တိုက်
ကို တည်ထောင်ထားလေသည်။ ထိုစာကြည့်တိုက်သည် အထူးအားဖြင့် တရားစာအုပ်အမျိုးမျိုးကို တင်ထား
လေသည်။ စင်္ကာပူရောက် မြန်မာတို့သည် မိမိတို့ အလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုစာကြည့်တိုက်သို့ လာ
ရောက်ကြကာ စာအုပ်များကို ဖတ်ကြသည်။ အချို့လူငယ်များးသည် မိမိတို့၏ အားလပ်သော အချိန်များကို အနားမယူ၍ လာရောက်ကာ လုပ်အားဒါနပြုကြသည်။ မိမိတို့၏ အားလပ်သော အချိန်များကို တန်ဘိုးရှိရှိ အသုံးပြုလိုက်ခြင်းပင်ဖြစ်လေသည်။ ဤသို့အားဖြင့် ဓမ္မပန်းခင်းစာကြည့်တိုက်၏ ဓမ္မပန်းရနံ့သည် စင်္ကာပူမြေ တွင် သင်းရနံ့မွှေးကြိုင်နေလေသည်။ ထိုသို့ ဓမ္မရနံ့အပေါင်းတို့ဖြင့် ထုံးသင်းရနံ့လှိုင်နေသော စာကြည့်
ုတိုက်သို့ စာဖတ်ရန်အလို့ငှာလည်းကောင်း ဗဟုသုတအလို့ငှာလည်းကောင်း ရောက်လာကြသော ပုဂ္ဂိုလ်တွေ များစွာရှိပေသည်။ထိုတွင် ထူးထူးခြားခြား ကြွရောက်လာတော်မူသော ဆရာတော်ကား ဆရာတော်ဦးကုမာရ ပင်ဖြစ်သည်။ထိုဆရာတော်ကြီးသည် ဓမ္မပန်းခင်းသို့ ကြွရောက်လာသောအခါ ဓမ္မပန်းခင်းဆရာတော်နှင့် အခြား
သော လူငယ်လေးများလည်း စာကြည့်၌ ရှိနေနှင့်ကြလေသည်။ ဆရာတော်ကြီးသည်လည်း ဓမ္မပန်းခင်း စာကြည့်တိုက်ဆရာတော်နှင့်တကွ လူငယ်လေးများကို အလ္လာပ သလ္လာပ စကားပြောပြီး ဆုံးမသြ၀ါ ဒများပေး ကာ ပြန်ကြွသွားလေသည်။ဆရာတော်ကြီး ကြွသွားပြီးနောက် လူငယ်ငယ်လေးများက
“ဘုန်းဘုန်း အဲဒါ ဘယ်က ဆရာတော်လဲ ဘုရား”ဟုမေးကြလေသည်။ထိုတွင် ဓမ္မပန်းခင်းဆရာတော်က
“ဟ ငါ့ဒကာတွေ ဒီလောက်နာမည်ကြီးတဲ့ ဆရာတော်ကြီးကို မသိကြဘူးလား၊ အဲဒီ ဆရာတော်ကြီးဘွဲ့က ဆရာတော်ဦးကုမာရလို့ ခေါ်တယ်၊ မြန်မာပြည် ကျမ်းဂန်တတ်ဆရာတော်တွေထဲမှာတော့ တစ်ပါးအပါ အ၀င်ပေါ့။နောက်မှ ပေါ်တဲ့ တိပိဋက အတော်များများကတော့ သူ့တပည့်ချည်းပါပဲ၊ ခုဆရာတော်ကြီးက
မြန်မာနိုင်ငံမှာ သံဃမဟာနာယကအဖွဲ့မှာတော့ အကြီးဆုံး ဥက္ကဋ္ဌဆရာတော်ကြီးပေါ့။”အားပါးတရ ဆရာတော်ကြီး၏ ဂုဏ်များကို တင်ကာ ရှင်းပြတော်မူနေလေသည်။ ဤတွင်ဓမ္မပန်းခင်းဆရာတော်၏ တပည့်
ကျော်တစ်ယောက်က
“အွန်း တပည့်တော်တို့ ဓမ္မပန်းခင်း စာကြည့်တိုက်ကို အဲဒီကဲ့သို့နာမည်ကြီး ဘဒ္ဒန္တဘွဲ့တံဆိပ်ရ ဆရာတော် ကြီးတွေ ကြွလာတော့လဲ စာကြည့်တိုက်ဂုဏ်တက်တာပေါ့ဘုရား”ဟု အားရပါးရ လျှောက်ကြားလေတော့သည်။
ဤတွင် ဓမ္မပန်းခင်းဆရာတော်သည်လည်း ဆက်မပြောနိုင်တော့မူ၍ ပြုံးလျှက်သာ နေလိုက်ရတော့သတည်း။
မှတ်ချက်။
ဘဒ္ဒန္တဟူသည်ကား ဘွဲ့တံဆိပ်လည်းမဟုတ် ဒီဂရီလည်းမဟုတ်ပေ။ ထိုဘဒ္ဒန္တပါဠိ၏ အနက်အမှန်သည်ကား “အရှင် သို့မဟုတ် ဦး”ဟုအဓိပ္ပာယ်ရလေသည်။

Sunday, July 17, 2011

"ကိုရင်လေး ဂုဏ်ထူးနဲ့ အောင်အောင်ဖြေနော်"

ပြီးခဲ့သော ဧပြီလလောက်ကဖြစ်သည်။ မိမိသည် ဧရာဝတီတိုင်း၊ ညောင်တုံးမြိုံ့ နယ်၊ပဲရုံဆိပ်ကျေးရွာသို့ ကြွရောက်ခဲ့ရပေသည်။ အကြောင်းမှာ ထိုပဲရုံဆိပ်ကျေးရွာ၌ နှစ်စဉ်နှစ်တိုင်း ညောင်တုံးမြို့လုံးဆိုင်ရာ စာမေးပွဲနှင့် တရားပွဲကျင်းပလေသောကြောင့် တရားဟောရန် ကိစ္စဖြင့် ကြွရောက်ခဲ့ရပေသည်။ မိမိသည် ထိုပဲရုံဆိပ်ကျေးရွာ ရွာဦးကျောင်းရှိ သိမ်ကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်ခဲ့ရလေသည်။ မိမိသည် နောက်နေ့နံနက် ညတရားဟောရန်အတွက် စာကြည့်နေသည်။ ထိုစဉ် ဒါယကာတစ်ဦးသည် အခင်းများယူရန် အတွက် သိမ်ကျောင်းပေါ်သို့ ရောက်ရှိလာသည်။ ထိုဒါယကာသည် မိမိစာကြည့်နေသည်ကို မြင်သောအခါ
"ကိုရင်လေး ဂုဏ်ထူးနဲ့အောင် အောင် ဖြေနော်"ဟု ပြောကာ သိမ်ကျောင်းပေါ်မှ ဆင်းသွားလေသည်။ စာကို စိတ်ဝင်တစား ကြည့်နေသော မိမိသည် တစ်ပါးတည်းပြုံးလျှက်ကျန်နေခဲ့တော့သည်။ ဆက်လက်၍ မိမိသည်
"အော် ငါ့အရပ်ကလည်း ကိုရင်လေးအခေါ်ခံရလောက် ပုပါပေ၏၊ ဒီအရပ်ကလည်း လူပုံအလယ်မှာ တော်တော်
လေးကို အရှက်တကွဲအကျိုးနည်းအောင် လုပ်ပါပေ၏”ဟု မိမိအရပ်ကိုပင် အပြစ်တင်မိလေတော့သည်။
ထို့နောက် သိမ်ကျောင်းထဲချည်း နေရသည်ကို ငြီးငွေ့သဖြင့် အောက်ဆင်းကာ လမ်းလျှောက်ခဲ့လေသည်။ ထိုစဉ်
ကျောင်းသားပေါက်စနှစ်ယောက်သည် သူတို့၏ ဦးဇင်းကို ရှိခိုးနေလေသည်။ ထိုကျောင်းသားပေါက်စနှစ်
့နှင့် သူတို့၏ ဦးဇင်းအကြားတွင် ဆင်ရုပ်ကြီးရှိနေလေရာ မိမိက ကျောင်းသားလေးများကို
“မောင်ကျောင်းသားတွေ မင်းတို့က ဦးဇင်းကို မရှိခိုးပဲနဲ့ ဘာကြောင့် ဆင်ရုပ်ကြီးကို ရှိခိုးနေတာလဲ”ဟု စ နောက် လိုက်လေသည်။ ထိုအခါ ကျောင်းသားလေးများက
“ဆင်ရုပ်ကို ရှိခိုးနေတာ မဟုတ်ပါဘူး၊ ဦးဇင်းကို ရှိခိုးနေတာပါ ကိုရင်လေး”ဟု ပြောသောအခါ ဆရာဖြစ်သော ကန်တော့ခံ ဦးဇင်းက မိမိကို အားနာသွားကာ
“ခွေးမသားတွေ ဦးဇင်းမှန်းမသိ၊ ကိုရင်မှန်းမသိ၊ အဲဒီဘုန်းဘုန်းက ဒီနေ့ည တရားဟောမဲ့ တရားဟောဆရာ
တော်ကွ”ဟု ဆဲဆိုကာ ငေါက်ငန်းလေတော့သည်။ ထိုအခါ မိမိက
“ဦးဇင်းရယ်မသိလို့ခေါ်တာခေါ်ပါစေ၊တပည့်တော်ရဲ့အရပ်ကိုကအလွန်ပုတာကိုး”ဟုကြားမှဝင်ကာ တောင်းပန်ရလေသည်။
ဆက်ကာ ညည်းချင်းထုတ်မိသည်ကာ
“တော်တော် အရှက်တကွဲ အကြိုးနည်းအောင် လုပ်တဲ့ ဒီအရပ်ပါပေသည်တကား”ဟူ၍ပင် ဖြစ်သတည်း။
 

Go Up အပေါ်သို့