Pages

Tuesday, December 29, 2009

ငါ့နွားက မနေလို့ကွဲ့

တစ်ခါက ဒကာကြီးတစ်ယောက်သည် လှည်းဖြင့် ခရီးထွက်လာခဲ့သည်။ ခရီးကလဲဝေး အသက်ကလဲ ကြီးလေတော့ ထိုဒကာကြီးသည် တော်တော်ပင်ပန်းလာသည်။ သူ့ခမျာ ရေလဲ တော်တော်ဆာ လာသည်။ လမ်းတွင် သောက်ရေကို ရှာသည်။ ထိုသို့ရှာစဉ် သူသည် လူငယ်တစ်ယောက်ကို သွားတွေ့လေ သည်။ ထိုအခါ ဒကာကြီးသည်
"ငါ့တူရယ် ဦးကြီး ရေဆာလာလို့ ရေလေးတစ်ခွက်လောက်များ သောက်လို့ရမလား "ဟူ၍ ခွင့်တောင်းလေသည်။ ထိုအခါ ထိုလူငယ်သည်
"ရပါတယ် ဦးကြီးရယ်"ဟုဆိုကာ စေတနာ သဒ္ဓါတရား ထက်ထက်သန်သန်နှင့် ထိုဒကာကြီးကို ရေတိုက်လိုက်လေသည်။ ရေသောက်ပြီးနောက် ဒကာကြီးသည် အောက်ပါအတိုင်း ဆုပေးလေသည်။
"ငါ့တူကြီး ရေလှူရတဲ့ ကောင်းမှု့ကြောင့် ရေအကျိုးဆယ်ပါးနဲ့ပြည့်ပါစေဗျာ" ဟူ၍ ဆုပေးလေသည်။ ထိုအခါ ရေအကျိုးဆယ်ပါးကို သိလိုသော လူငယ်သည်
"ဦးလေးကြီး ရေအကျိုးဆယ်ပါးဆိုတာ ဘာတွေလဲ ကျနော့ ကို ရေတွက်ပြပါအုံး"ဟူ၍ မေးလေသည်။
ထိုစဉ် ဒကာကြီးသည်
"ငါ့တူရေ နောက်မှဘဲ ရေအကျိုးဆယ်ပါးကို ရှင်းပြတော့မယ်၊ နွားက မနေလို့ ကွဲ့၊ သွားခွင့်ပြုပါအုံး"ဟူ၍ ပြောဆိုကာ လစ်ထွက်သွားလေတော့သတည်း။

Saturday, December 26, 2009

ခြင်များပေါလာခြင်းအကြောင်း ဆွေးနွေးချက်

မြစ်သားမြို့နယ် ကုက္ကိုစုရွာတွင် အမျိုးသမီးသုံးယောက်တို့သည် သူတို့၏ ရွာတွင် ခြင်များပေါလာခြင်း၏ အ ကြောင်းကို ဆွေးနွေးကြသည်။ ပထမအမျိုးသမီးသည် ခြင်ပေါလာခြင်းအကြောင်းကို အောက်ပါအတိုင်း ဆွေး နွေးသွားသည်။
"ဒို့ရွာမှာ ခြင်တွေပေါများလာတာဟာ ပတ်ဝန်းကျင်ညစ်ပတ်တဲ့အတွက်ကြောင့် ဖြစ်တယ်။"
ဒုတိယအမျိုးသမီးသည် ခြင်ပေါလာခြင်းအကြောင်းကို အောက်ပါအတိုင်း ဆွေးနွေးလာသည်။
"'ဒို့ရွာမှာ ခြင်တွေပေါလာတာဟာ ရေဘုန်ဘိုင်တွင်းတွေ ပေါများလာတယ်၊ ရေစီးဆင်းမှုမရှိဘူး၊ ထိုရေတွေမှ ပိုလောက်လန်းတွေပေါက်လာတယ်၊ ထိုပိုလောက်လန်းတွေမှတစ်ဆင့် ခြင်တွေဖြစ်လာတယ်။"
တတိယအမျိုးသမီးသည် ခြင်ပေါလာခြင်းအကြောင်းကို အောက်ပါအတိုင်း ပညာသားပါပါဆွေးနွေးတင်ပြသွား သည်။
"ဒို့ရွာမှာ ခြင်တွေပေါလာတာ တခြားမဟုတ်ဘူး၊ ဟိုတစ်ပတ်က မန္တလေးမှ ခြင်ကားတစ်စီး ဒို့ရွာနားလာပြီး ခြင်တွေလွှတ်သွားတာ ငါတွေ့လိုက်တယ်၊ ဒါကြောင့် ဒို့ရွာမှာ ခြင်တွေပေါလာတာ။"

Tuesday, December 15, 2009

ပညာရှိကြီးများ

တစ်ခါက ရွာတစ်ရွာတွင် အလွန်အင်မတန်မှ ပညာရှိကြသော ပုဂ္ဂိုလ်အပေါင်း နေထိုင်ကြလေသည်။ ထိုရွာမှ ပညာရှိတစ်ယောက်သည် အိမ်အတွင်းသို့ အလွန်ရှည်းလျားသော ၀ါးတစ်လုံးကို အရှည်လိုက် မသွင်းဘဲလျှက် ကန့်လန့်ဖြတ်သွင်းနေလေသည်။ သူသည် ဘယ်လိုပင် ကြိုးစားသော်လည်း ထိုဝါးကို အိမ်အတွင်းသို့ သွင်းမရဘဲ ဖြစ်နေလေသည်။ ထိုအချင်းအရာကို မြင်းသော သူငယ်ချင်းဖြစ်သူ ဒုတိယပညာရှိတစ်ယောက်သည်
"သူငယ်ချင်းဘာလုပ်နေတာလဲ"ဟု မေးလေသည်။
ထိုအခါ ၀ါးကို သွင်းနေသော သူငယ်ချင်းဖြစ်သူသည်
"ငါ ဒီဝါးအရှည်ကြီးကို အိမ်ထဲကို သွင်းနေတာ မရဘဲ ဖြစ်နေတယ်၊ ဘယ်လိုသွင်းရမလဲ အကြံပေးပါအုံး သူငယ်ချင်းရာ"ဟု အကြံတောင်းလေသည်။
ထိုအခါ ဒုတိယပညာရှိသည်
"ငါလဲ မသိဘူးကွ၊ အေး သို့သော် ရွာတောင်ပိုင်းမှာတော့ ပညာရှိကြီး ဦးဥာဏရှိလေရဲ့၊ သူ့ဆီကို သွားမေးရင်တော့ မင်းရဲ့ဝါးကို အိမ်အတွင်းကို ဘယ်လိုသွင်းရမလဲ ဆိုတာကို ဒို့များ သိနိုင်လိမ့်မယ်၊ ဒို့ သူ့ဆီကို သွားပြီး မေးကြစို့။"ဟု ဆိုပြီး ရွာတောင်ပိုင်းတွင် နေထိုင်သော ပညာရှိကြီး ဦးဥာဏဆီသို့ သွားကြလေသည်။
သူတို့သည် ကံကောင်းသဖြင့် လမ်းတွင်ပင် ပညာရှိကြီး ဦးဥာဏကို တွေ့ရှိလေသည်။ ထိုအခါ သူတို့သည် အိမ်အတွင်းသွင်းမရသော ၀ါးပြဿနာကို မေးရန်အလို့ငှာ ပညာရှိကြီးထံသို့ ချဉ်းကပ်သွားလေသည်။ သို့သော် သူတို့သည် ထူးဆန်းသော အရာကို မြင်ကြလေသည်။ ထူးဆန်းသော အရာသည်ကား မြင်းကို အများက ကျောပေါ်က စီးကြသည်။ သို့သော် ပညာရှိကြီး ဦးဥာဏသည်ကား မြင်း၏ တင်ပါးပေါ်က(ဖင်မြီးပိုင်က) စီးနေလေသည်။
ထိုအခါ ပထမ ဒုတိယပညာရှိတို့သည် သူတို့၏ ပထမရင်ဆိုင်နေရသော ၀ါးပြဿနာကို မေးရန်မေ့သွားကြသည်။ လောလောဆယ် မြင်နေရသော ပြဿနာကို မေးမြန်းကြလေတော့သည်။
"အို ပညာရှိကြီး ဦးဥာဏ! အဘယ်ကြောင့် သင်ဟာ မြင်းရဲ့ ကျောကုန်းပေါ်က မစီးဘဲ မြင်းရဲ့တင်ပါးပေါ်က စီးသလဲ၊"ဟု မေးလေသည်။ ထိုအခါ ပညာရှိကြီး ဦးဥာဏသည်
"အေး ငါ ဟာ မြင်းရဲ့ကျောကုန်းပေါ်က မစီးဘဲ တင်းပါးပေါ်က စီးတာကတော့ ကြိုးရှည်နေလို့ဟေ။"ဟု ဖြေကြားလိုက်လေတော့သတည်း။

Sunday, December 13, 2009

ငါလဲ ကံဆိုးတာပါဘဲ

တစ်နေ့ မိမိသည် ရန်ကုန်မှ ဇာတိရပ်မြေသို့ မန်းရွှေပြည်အထူးယာဉ်ဖြင့် ခရီးထွက်သွားခဲ့သည်။ ကံဆိုးချင်တော့ ကားပေါ်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတစ်အုပ်စုနှင့် ပက်ပင်သွားတိုးလေသည်။မိမိနှင့် ထိုင်ခုံအတူကျသောသူသည် သူတို့အဖွဲ့အတွင်းမှ ကျောင်းသားတစ်ယောက်ပင် ဖြစ်လေသည်။ မိမိနှင့် အတူကျသည်ကို ရည်ရွယ်၍ သူ၏ သူငယ်ချင်းတက္ကသိုလ်ကျောင်းသား ကျောင်းသူများက သူ့ကို စကျသည်။
"တွတ်ပီတို့တော့ ကံဆိုးပြီ"တဲ့။ ဟူ၍ စကြနောက်ကျနဲ့ ကျယ်လောင်စွာ ရယ်မောနေကြသည်။
မိမိကလဲ စိတ်အတွင်းမှ ပြောလိုက်သည်ကား
"ငါလဲဘဲ မင်းတို့နှင့် ကျတာကိုက ကံဆိုးတာပါဘဲကွာ"ဟူ၍ပင် ဖြစ်သတည်း။

Thursday, December 10, 2009

ဒီဘ၀မှာဘဲ ရဟန္တာဖြစ်အောင် အားထုတ်တော်မူပါ!

မိမိသည် ပြာသိုလ်လဆန်း(၆)ရက်နေ့က ရန်ကုန်မြို့ မိုးကုတ်ရိပ်သာဌာနချုပ်သို့ ရောက်ရှိခဲ့သည်။ အကြောင်းမှာ မိမိသည် ထိုရိပ်သာ၌ တရားထိုင်နေသော မန္တလေး သာသနတက္ကသိုလ်မှ အဆောင်မှူးဆရာတော်ဦးဝဏ္ဏိတနှင့် မိမိနှင့် မန္တလေးသာသနတက္ကသိုလ်၌ အတူတူနေခဲ့ဖူးသော သူငယ်ချင်းဖြစ်သူ ဦးအာဒိစ္စတို့ကို တွေ့ရှိရန်နှင့် မိမိသည် ထိုရိပ်သာ၌ တရားထိုင်ရန်အလို့ငှာ စာရင်းကြိုတင်ပေးရန်အတွက် ရောက်ရှိသွားခြင်းသည်။ မိမိရောက်ရှိသွားသော အချိန်သည် ယောဂီများနေ့ဆွမ်းဘုဉ်းပေးရန်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် မိမိသည် အပြင်၌ စောင့်နေရသည်။ မိမိသည် အချိန်ကြာမြင့်စွာ စောင့်နေရသဖြင့် လမ်းလျှောက်နေလေသည်။ ထိုစဉ် အသက်ကြီးကြီး ယောဂီဒါယိကာမကြီးတစ်ယောက်သည် မိမိနားကပ်လာကာ အောက်ပါအတိုင်းပြောသွားလေသည်။ ဒါယိကာမကြီးပြောလိုက်သည်ကား
"ကိုယ်တော်လေး အသက်အရွယ်ငယ်ငယ်လေးရှိသေးတယ်၊ ဒီဘ၀မှာပင် ရဟန္တာဖြစ်အောင် အားထုတ်နော်"

Wednesday, December 9, 2009

အမူးသမား မောင်ဖိုးတာ

အမူးသမား မောင်ဖိုးတစ်ယောက် မူးကန်းကန်းနဲ့ဘဲ ဘုရားတန်စောင်းအတွင်းရောက်ရှိသွားသည်။ သူသည် ဘုရားတန်စောင်းအတွင်းရောက်သွားသောအခါ ငါးပါးသီလကို ကျူးလွန်သဖြင့် ငရဲတွင် အပြစ်ခံနေရသော ပုဂ္ဂိုလ်များအကြောင်း သရုပ်ဖေါ်ရေးဆွဲထားသောပန်းချီကားများကို သွားမြင်လေသည်။
ထိုတွင် မောင်ဖိုးတာသည် ပထမပန်းချီကားကို စတင်ဖတ်လေတော့သည်။ ပထမပန်းချီကားသည် အတိတ်ဘ၀က သူတစ်ပါးအသက်ကို သတ်သောသူများ ငရဲကို ခံနေရပုံ သရုပ်ဖေါ်ဆွဲထား လေသည်။ မောင်ဖိုး တာသည် ပထမပန်းချီကားကို ဖတ်ပြီးသောအခါ မှတ်ချက်ပေးလိုက်သည်ကား
"ခံပေါ့ကွာ သူများအသက် သတ်တဲ့ကောင်တွေ"တဲ့။
ထို့နောက် ဒုတိယပန်းချီကားကို ဆက်ဖတ်လေသည်။ ဒုတိယပန်းချီကားသည် သူတစ်ပါးပစ္စည်းကို ခိုးသော သူများ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ဆွဲထားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက် မောင်ဖိုးတာ မှတ်ချက်ပေးလိုက်သည်ကား
"သူတစ်ပါးဥစ္စာကို ခိုးတဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် သူတစ်ပါးသားမယားကို ပြစ်မှားသော ပုဂ္ဂိုလ်များ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ရေးဆွဲထားသည့် တတိယပန်းချီကားကို ဆက်ဖတ်လေသည်။ မောင်ဖိုးတာ စာဖတ်ပြီးသောအခါ ကောက်ချက်ပေးလိုက်သည်ကား
"ဖွန်ကြောင်တဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် မုသားစကားပြော၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော စတုတ္ထ ပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက် ကောက်ချက်ပေးလိုက်သည်ကား
"မုသားစကားပြောတဲ့ ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် အရက်သောက်၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော ပဉ္စမပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက် မောင်ဖိုးတာသည် ကောက်ချက် ပေးလိုက်သည်ကား
"ဖိုးတာကို ဒီလိုလာခြောက်လို့ ဘယ်ရမလဲ"

Thursday, November 26, 2009

မိမိနှင့် ရွာမှ အတွေ့အကြုံများ

မိမိသည် ဒေါက်တာဘွဲ့အတွက် အိန္ဒိယမှာ တစ်နှစ်ခွဲကြာနေပြီးနောက် ခေတ္တခဏ မိမိ၏ ဇာတိရွာသို့ ပြန်ကြွလာ ခဲ့သည်။ ရွာရောက်သည်ဆိုလျှင်ဘဲ မနားနိုင်တော့ပါ။ မိမိ၏ မိခင်ကြီးအိမ်သို့ နုတ်ဘုတ်ကွန်ပြူတာလေးတစ် လုံးဆွဲလျှက် သွားခဲ့ပေ သည်။ ပုထုဇဉ်ရဟန်းတစ်ပါးဖြစ်သည်အားလျှော်စွာ ကြွားချင်တာကိုး၊ အိမ်ကို ရောက်လျှင် ရောက်မဆိုက်ဘဲ လက်ဆွဲကွန်ပြူတာကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်မှာ မောင်ကျော်မင်းကြည် အမည်ရှိသော ဒကာတစ်ဦးက
"ဦးဇင်းရဲ့ ဂဏန်းပေါင်းစက်က တော်တော်ကြီးသာဘဲတဲ့၊" မိမိလည်း ကြွားဘို့ရန် အကွက်ဝင်လာသည့်အတွက်
"ဟ မောင်ကျော်မင်းကြည်ရ ဒါဂဏန်းပေါင်းစက်မဟုတ်ဘူး၊ ကွန်ပြူတာဟ၊ ကွန်ပြူတာဆိုတာ အထဲမှာ စာအုပ်ပေါင်းများစွား၊ တရား သီချင်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတို့ကို ထည့်ထားနိုင်တယ်၊ တကယ်လို့ ဒို့ရွာမှာ အီမေး အင်တာနက်ရလျှင် နိုင်ငံခြားမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လို့ရတယ်၊ တိုက်ရိုက်စကား ပြောလို့ရတယ် " ဟု လူကြားသူကြားအားကျ မခံကြွားလိုက်ရပေသည်။ထိုအခါ ရွာမှ ဒကာ ဒကာမအပေါင်း တို့သည်လဲ
"အော် ဒီရွာမှာ ဦးဇင်းရှိလို့သာ ဒါမျိုးထူးဆန်တာတွေတွေ့ရတယ်၊ ဦးဇင်းလို တော်တဲ့ပုဂ္ဂိုလ်သာ မရှိခဲ့ရင် တပည့်တော်တို့လဲ ကွန်ပြူတာဆိုတာ မြင်တောင်မြင်ဘူးမှာ မဟုတ်ဘူး၊"ဟု မိမိအား ချီးမြောက်ကာ ပြောနေကြ သည်။ထိုသို့ ဒကာဒကာမအပေါင်း၏ ချီးကျူးမှူကို ပီတိဖြစ်နေစဉ်မှာဘဲ သုံးနှစ်အရွယ်ရှိသော တူမတစ် ယောက်၏ ပြောစကားက အကျွန်ုပ်၏ရင်ကို တစ်ပိဿာလောက်ရှိသော ပိတ်သလေးနှင့် ထုလိုက်သလို ခံစားလိုက်ရသည်။ တူမပြောလိုက်သည်မှာကား
"ဦးဇင်းက မျက်မှန်ကြီးဘာလို့တပ်ထားတာလ၊ဲ ချောလဲ မချောဘဲနဲ့" (ဆက်၇န်)

Saturday, November 21, 2009

မောင်အေးမောင်သေသလိုလဲ အကျွန်ုပ်တို့ သေရမည်

မြစ်သားမြို့နယ်မှ ဆရာတော်တစ်ပါးသည် အလွန်အင်မတန်မှ ရိုသားလှသည်။ သူသည် ရေစက်ချရာ၌ ပုံမှန်အတိုင်းပင် ရေစက်ချပေးလေ့ရှိသည်။ တစ်ခါတွင် မောင်အေးမောင်ဆိုသော ဒကာတစ်ဦးသည် သူများသတ်၍ ကွယ်လွန်သွားရာ သုဿန်၌ ဒကာ ဒကာမအပေါင်းတို့အား အောက်ပါအတိုင်းရိုးသားစွာ ရေစက်ချပေးလေသည်။
ဆရာတော်ရေစက်သည်ကား
"မောင်အေးမောင်သေသလိုလဲ အကျွန်ုပ်တို့လဲ သေရမည်၊" ဆရာတော်အားကြိုးမာန်တက်ရေစက်ချပေးသော်လည်း ဒကာ ဒကာမအပေါင်းသည်ကား လိုက်၍ မဆိုပေ။
"အော် ဒကာဒကာမအပေါင်းတို့သည် ဘာကြောင့် ဆရာတော်ကြီး ချပေးသော ရေစက်ချဆိုရိုးကို လိုက်၍ မဆိုသော အကြောင်းကို စဉ်းစား၍ မရပါပေ။ ပညာရှိအပေါင်းစဉ်းစား၍ ကြည့်ကြပါကုန်။"

Thursday, November 19, 2009

မောင်ဂွတို(အဆက်)

မောင်ဂွတိုတစ်ယောက်ရွာမှ ပျောက်သွားသည် မှာ အတော်ကြာပြီ။ ခုတော့ သူ့၏ အဒေါ်ဆုံးတော့ ရွာသို့ တစ်ခေါက် ရောက်ရှိလာလေသည်။ ရွာက လူများက သူ့ကို
“မောင်ဂွတိုကြီး အလုပ်လုပ်နေတယ်ကြားပါတယ်၊ မိဘကို တစ်လကို ဘယ်လောက်ထောက်ပန့်လဲ” လို့မေးကြလေသည်။ ထိုအခါ မောင်ဂွတိုက
“ကျွန်တော် အမေကို တစ်လ တစ်သိန်းထောက်ပန့်ပါတယ်၊” ဟုဖြေကြားလေသည်။ထိုအခါ ရွာသားများက
“လခကော တစ်လဘယ်လောက်ရပါသလဲမောင်ဂွတို” ဟု မေးကြရာ
“ကျွန်တော် တစ်လကို ငါးသောင်းရပါတယ်၊ ”ဟု ဖြေကြားလေသည်။
“ခုဘယ်မြို့မှာ အလုပ်လုပ်နေပါသလဲ” ဟု ရွာသားများက မေးကြရာ
မောင်ဂွတို ဖြေကြားလိုက်သည်ကား
“ကျွန်တော် အရင်က ပြင်ဦးလွင်မှာ အလုပ်လုပ်ပါတယ်၊ ခုတော့ မေမြို့ကို ပြောင်းပြီး အလုပ်လုပ်နေပါတယ်” ဟုဖြေကြားလေသည်။
မောင်ဂွတို၏ တောရောက်တောင်ရောက်ဖြေကြားမှုများက ရွာသူရွာသားများကို အူနှိပ်ရလောက်အောင် အူလိုက် သည်းလိုက်ရယ်ရလေတော့သတည်း။

Sunday, November 15, 2009

ဘာဘူကြီးနှင့် မြန်မာရဟန်းတော်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကုလားကြီးတစ်ယောက်ဟာ သမီးလေးယောက်ရဲ့ အိမ်ထောင်ရေးအတွက် ဗျာများနေလေသတဲ့။ ပိုက်ဆံကလဲ မရှိတော့ စိတ်ဆင်းရဲနေတာပေါ့၊ အိန္ဒိယရဲ့ဓလေ့က သမီးရှင်က တာဝန်ယူပြီး မင်္ဂလာပွဲကို ကျင်းပပေးရတယ်လေ။ သို့ဖြစ်၍ ကုလားကြီးသမီးတွေအတွက် ပူမယ်ဆိုလဲ ပူလောက်ပါပေတယ်။သူက မြန်မာကျောင်းကို လာလည်လေ့ရှိသတဲ့။ဘုန်းကြီးနဲ့ကလဲ ခင်နေတာ။ ပြောမနာဆိုမနာဖြစ်နေတာပေါ့ဗျ
တစ်နေ့တော့ ဒေလီတက္ကသိုလ်မှာပညာသင်နေတဲ့ ရဟန်းတစ်ပါးက ဘုန်းကြီးကျောင်းကို သွားလည်ပါရောတဲ့။
အဲဒါကုလားကြီးကလည်း ရောက်နေတော့ သွားဆုံကြတာတဲ့။
အဲဒီတော့ ဘုန်းကြီးက ကုလားကြီးကို ပြောတယ်။
"ဘာဘူကြီး ခင်ဗျားသမီးအကြီးမတော့ ယောက်ျားရဖို့မပူရတော့ဘူး၊
အဲဒီ ဘုန်းကြီးလေးက တက္ကသိုလ်ကျောင်းသားပဲ ၊ ဒီလိုကျောင်းတက်နိုင်ဖို့ဆိုတာ ပိုက်ဆံချမ်းသာမှ တက်လို့ရတာ၊ ဘုန်းကြီးလေးနဲ့သာ ပေးစားလိုက်ပေရောတဲ့၊"
အဲဒါကို ကုလားကြီးက စိတ်ဝင်စားသွားတာပါ။
အဲဒါနဲ့ ကိုယ်တော်လေးကို ချဉ်းကပ်ပြီး ၀င်ငွေဘယ်လောက်ရှိတုန်းဆိုပြီး စုံစမ်းပါတော့တယ်။
ဒါပေမယ့် ကိုယ်တော်လေးရဲ့ အဖြေစကားကြောင့် ကုလားဘာဘူကြီး ပလန်လက်ပြီး ပက်လက်လန်သွားပါတော့တယ် ။
ကိုယ်တော်လေးက
"ဘာဘူကြီးရေ ၀င်ငွေကတော့ အလှူရှင်တွေရဲ့ ဒိုနေရှင်းပေါ်မှာ မူတည်ပါတယ်ဟူသတဲ့။"
မှတ်ချက်။ ဒိုနေရှင်း(Donation) =အလှူငွေ

ရွာက ကောင်မတွေအတွက် လင်သွားရှာပေးရအုံးမယ်

ဒီအဖြစ်အပျက်ကလေးသည် ရွာတစ်ရွာမှ စစ်မှန်သော အဖြစ်အပျက်ကလေးတစ်ခုဖြစ်သည်။တစ်ခါက ရွာတစ်ရွုာတွင် ဘုန်းကြီးတစ်ပါးကို ပင့်၍ ကျောင်းထိုင်ဘုန်းကြီးအဖြစ်
ရွာမှ လူကြီးများက တင့်မြှောက်ကြသည်။ ထိုပင့်ထားသော ဘုန်းကြီးသည် မကြာမီပင် ထိုရွာမှ ချောမောလှပသော မိန်းခလေးတစ်ယောက်နှင့် အိမ်ထောင်ကျသွားလေသည်။
သို့ဖြစ်၍ ရွာမှ လူကြီးများသည် ဒုတိယဘုန်းကြီးတစ်ပါးကို ပင့်ကြရပြန်သည်။ ထိုသို့ဘုန်းကြီးအပင့်သွားစဉ် အသိမိတ်ဆွေများက
"ဘယ်သွားကြမလို့လဲ"ဟု မေးကြသောအခါ
ရွာမှ လူကြီးများက
"အေး ရွာက ကျောင်းထိုင်ဘုန်းကြီး မိန်းမရသွားလို့ နောက်ထပ် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသွားပင့်မလို့"ဟူ၍ ဖြေကြလေသည်။
ထိုဒုတိယကျောင်းထိုင်ဘုန်းကြီးသည်လည်း ရွာမှ ကောင်မလေးတစ်ယောက်နှင့် အိမ်ထောင်ကျသွားပြန်လေသည်။ သို့ဖြစ်၍ ရွာမှ လူကြီးများသည် နောက်ထပ် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပင့်ရန်
မြို့သို့ သွားစဉ် ဘေးလူများက
"ဘယ်သွားကြမလို့လဲ" ဟု မေးကြသောအခါ ထိုရွာမှ လူကြီးများသည်
"ရွာက ကောင်မတွေအတွက် လင်သွားရှာပေးမလို့ဗျို့"ဟူ၍ ဖြေကြားကြလေသတဲ့။
မိမိကောက်ချက်ချလိုသည်ကား
"အော် ဘုန်းကြီးတော်တော်ဈေးကောင်းတဲ့ရွာဘဲ"

ဦးဇင်းကြီး ဦးကံသာ

တစ်ခါက မန္တလေးတိုင်း မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာ ကုက္ကိုစုကျောင်းတွင် ဦးကံသာဟု အမည်ရသော ဦးဇင်းကြီးတစ်ပါးရှိလေသည်။
ထိုဦးဇင်းကြီးသည် ရေစက်ချရန်အတွက် အသုဘရေစက်ချနည်းကို ကျက်နေလေသည်။ ထိုဦးဇင်းကြီး ကျက်နေသော ရေစက်ချနည်းသည် ရှေ့ရေစက်ချနည်း၌
ပါဝင်ပြီးသော အရာများကို ဖေါ်မပြတော့မူ၍ မြုပ်ရေးထားသည်။ ထိုနည်းကို မသိရှာသော ဦးဇင်းကြီးသည် ရေစက်ချနည်းကို အောက်ပါအတိုင်း
အော်၍ ကျက်မှတ်နေလေသည်။
"ဘန္တေ၊ရား။မယံ၊တို့သည်။ တိသရဏေန၊နှင့်။သဟ၊ကွ။ "စသည်ဖြင့် တစ်နေကုန်အောင် ကျက်မှတ်နေလေသည်။ သူ၏ သူငယ်ချင်းဦးဇင်းကြီးများနှင့် တွေ့သောအခါ
"ဒီရေစက်ချနည်းကျက်ရတာ အာမထိ လျှာမထိနဲ့ ဘယ်လိုမှန်းမသိဘူး၊ တစ်ခုခုတော့ လိုနေသလိုဘဲ"ပြောနေလေတော့သတည်း။

Friday, November 13, 2009

ဒီနေ့ လက်ဖ၀ါးယားတယ်

မန္တလေးတိုင်း မြစ်သားမြို့နယ် ကုက္ကိုစုရွာ ကုက္ကိုစုကျောင်းတွင် ဦးတင်မောင်ဆိုသော ဦးဇင်းကြီး တစ်ပါးရှိလေသည်၊ သူသည် လက်ဖ၀ါးယားလျှင် ငွေဝင်တတ်သည်ဟု ယုံကြည်လေ့ရှိသည်။ တစ်နေ့ ကိုလှမောင် ဆိုသော ဒကာကို
''မောင်လှမောင် ဒီနေ့ ငါလက်ဖ၀ါးယားတယ်၊ ငွေရမယ်ထင်တယ်။ "ဟုပြောနေလေသည်။ထိုစဉ် ရွာအတွင်းမှ ကိုအောင်မောင်းဆိုသော ဒကာက
"ဦးဇင်းကြီး အသုဘကိစ္စလာပင့်တာဘုရား၊"ဟု လျှောက်ထားသောအခါ ဦးဇင်းကြီးက
ဒါဆို ဒီနေ့ လက်ဖ၀ါးယားတာ ငွေရမယ်ဆိုတာ မှန်ပြီပေါ့ကွ" ဟု အားရ၀မ်းသာ ပြောကြားလေသည်၊ ဒီတွင် ကိုအောင်မောင်းက
"ဦးဇင်းကြီး! သေတာက တခြားမဟုတ်ဘူး၊ ဦးဇင်းကြီးရဲ့ တူတော်မောင်ဘုရား။"ဟု လျှောက်ထားလေသည်။ထိုတွင် ဦးဇင်းကြီးလဲ
"အော် ဖြစ်ရလေ ငါ့တူရယ်"ဟု အော်ဟစ်ငိုယိုပြောကာ ပက်လက်လန်သွားလေတော့သတည်း။

Saturday, September 26, 2009

“Let us go for dinner all all all”

သီရိလင်္ကာနိုင်ငံမှ ဧည့်သည်များသည် မိမိတို့၏ သာသနတက္ကသိုလ်သို့ ရောက်ရှိလာသည်။ ညစာ စားချိန်ရောက်သောအခါ သာသနတက္ကသိုလ်မှ အရာရှိတစ်ယောက်သည် ထိုဧည့်များကို ထမင်းစားဖတ်ရန်ရောက်ရှိလာသည်။ သာသနတက္ကသိုလ်မှ စာသင်သားသံဃာတော်များက ထိုအရာရှိကြီးကို အင်္ဂလိပ်စကားမပြောတတ်ဟု ယူဆထားကြသည်။ ထိုအရာရှိကြီးမှလည်း သူအင်္ဂလိပ်စာတတ်ကြောင်းကို သံဃာတော်များကို သိစေချင်သည်။ သို့ဖြစ်၍ အဆောင် (၂၁)တွင် တည်းနေသော ဧည့်သည်များကို အောက်ပါအတိုင်း ကျယ်လောင်စွာ ဖိတ်မန္တကပြုလေသည်။
“let us go for dinner all all all”
ထိုအရာရှိကြီး၏ ညစာစားသောက်ရန် ပင့်ဖိတ်သောအသံကို ကြားကြရသော သံဃာတော်များသည် ဟားတိုက်၍ ရယ်ကြလေသည်။
နောက်ရက်ညနေခင်း ထိုအရာရှိကြီးသည် ဧည့်သည်များကို ပင့်ဖိတ်ရန်ရောက်လာတိုင်း ထိုအရာရှိကြီးသည် ဧည့်သည်များကို ညစာစားသုံးဘို့ရန် မဖိတ်ခင် ထိုဧည့်သည်များအဆောင်နှင့် နီးကပ်လျှက် နေထိုင်သီတင်းသုံးတော်မူသော သံဃာတော်တစ်ပါးက
”Let us go for dinner all all all” အော်ပြောလိုက်လေသည်။ ထိုသို့ အရာရှိကြီးလာတိုင်း သံဃာတော်များက အော်နေသောကြောင့် ထိုအရာရှိကြီးလည်း ကိုယ်တိုင်မလာရဲတော့ဘဲ သူ့တပည့်တယောက်ကို ဖိတ်မန်ခိုင်းလေတော့သတည်း။

Tuesday, September 22, 2009

“ဒါလားကွ တရားသမား”

တစ်နှစ်က မိမိသည် ရွာတွင် ၀ါဆိုခဲ့သည်။ မိမိ ရွာတွင် ၀ါဆိုသော နှစ်၌ အိမ်မှ စပါးခင်းသည် ထူးထူးခြားခြား ကောင်းမွန်နေသည်။ မိမိ၏ ဆွေမျိုးအချို့ကပင်
“ဦးဇင်း ဒီနှစ် ရွာမှာ ၀ါဆိုလိုက်မှ ဦးဇင်းတို့ရဲ့ စပါးခင်းကလဲ ကောင်းလိုက်တာ၊ ဦးဇင်းနဲ့ ကံစပ်တယ် ထင်တယ်“ ဟု ပြောဆိုလာကြသည်။ အဲဒီကဲသို့ဆွေမျိုးတွေက ပြောလာတော့ မိမိသည်ပင် ကိုယ်ကိုကိုယ်
“အော် ငါဟာ ရှေးဘုန်းရှေးကံ နည်းဟန်မတူဘူး”ဟု အထင်ကြီးမိခဲ့သည်။ ဒီလိုနှင့် မိမိတို့၏ စပါးခင်းတွေလည်း မှည့်ပြီဖြစ်၍ နွေးစပါးရိတ်သိမ်းချိန်ရောက်လာပြီ ဖြစ်သည်။ ၀ါခေါင်လလောက်ဖြစ်မည်ထင်ပါသည်။ မိမိ၏ မိခင်ကြီးအမှူးပြုသော မိသားစုအားလုံး စပါးရိတ်သိမ်းကြသည်။ စပါးများနယ်ကြသည်။ နောက်ဆုံး စပါးပုံကြီး သည် အိမ်ရှေ့ထည်းထည်းကြီးပါ၊ မိမိသည်ပင် ထိုစပါးပုံကြီးကြည့်ကာ
“အင်း ဒီနှစ် အိမ်က မယ်တော်ကြီးတော့ စပါးတွေ တော်တော်ရမှာ၊ သင်္ကန်းအကောင်းစာ တစ်စုံလောက်တော့ ၀ယ်ခိုင်းရအုံးမယ်” ဟု ကျောင်းကနေ စိတ်ကူးယဉ်နေမိသည်။ အိမ်က မိသားစုတွေလဲ စပါးများကို စပါးကျည် ထဲတွင် ထည့်ဘို့၇န် ပြင်ဆင်နေစဉ် ကုက္ကိုစုရွာမှ ဦးဓာတ်ပြားတစ်ယောက် နွားလှည်းကြီးနှင့် အိမ်ရောက်လာသည်၊ ပြီတော့ မိမိ၏ မယ်တော်ကြီးကို
“ဒေါ်ကြည်ခင်ရေ ပြောရမှာတော့ အားနားပါတယ်၊ ခင်ဗျားသား အောင်မြင့်ရှိန် ဂျင်ထိုးတယ်၊ ဂျင်ရှုံးတုံးက ကျုပ်ဆီက ငွေချီတယ်လေ၊ စပါးပေါ်ရင် ပေါ်သမျှ စပါးအားလုံးနဲ့ ဆပ်ပါ့မယ်ပြောလို့ ကျုပ်လဲ သူ့ကို ငွေချီး လိုက်တယ်။ ယခုထွက်မယ့် စပါးအားလုံး လာယူတာပါပဲဗျာ၊” ဟု ပြောလေသည်။ အိမ်သားအားလုံးလဲ ဒေါသ ထွက်ထွက်နှင့် စပါးအားလုံးပေးလိုက်ရသည်။ ညအခါမှာတော့ အိမ်သားအားလုံးနှင့် ကိုအောင်မြင့်ရှိန်(မိမိ၏ အသုံးမကျသော တတိယမြောက်အကို)တို့ အကြီးအကျယ် ရန်ဖြစ်ကြသည်။ ထိုအချိန် မိမိသည် ဆရာသမားနှင့် စကားပြောနေသည်၊ထိုသတင်းကို ရွာအတွင်းမှ မောင်ကျော်မင်းကြည်လာပြောသဖြင့် မိမိနှင့် မိမိ၏ ဆရာသမားတို့ သိကြရသည်။ မိမိဆရာသမားကပင်
“လိုက်သွားကွာ မောင်ဇ၀န၊ အသုံးမကျတဲ့ကောင် နောင် ဂျင်ဝိုင်း(လောင်းကစားတစ်မျိုး)ကို မသွားနိုင်အောင် ခြေထောက်ကျိုးအောင် ရိုက်ချိုးခဲ့၊ ပြီးမှ လုပ်ကျွေးရင် ကျွေးရပါစေ၊” ဟု မိန့်ကြားလေသည်။သို့ဖြစ်၍ မိမိလည်း ဒေါသဖြစ်ဖြစ်နှင့် ဒုတ်တစ်ချောင်းကို ကိုင်ကာ အိမ်သို့ လိုက်သွားလေတော့သည်၊ အိမ်ရောက်သွားသောအခါ
“ဘယ်မလဲ မိဘကို ဒုက္ခပေးတဲ့ အသုံးမကျတဲ့ကောင်! နောင် ဂျင်းဝိုင်း မသွားနိုင်အောင်လို့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်”ဆိုပြီး အိမ်ထဲကို ပြေးဝင်သွားသည်၊ ဘေးမှ လူကြီးများက ၀ိုင်းတားသဖြင့် အကိုဖြစ်သူထံကို မရောက်လိုက်ပါ၊ မိမိသည် မရိုက်ရသော်လည်း အော်ဟစ်ကြိမ်းမောင်းနေမိခဲ့သည်။ ထိုအခါ အကိုဖြစ်သူ အမူးသမားသည်
“ဒါလောက်တောင် ဒေါသကြီးနေတာ၊ ဒါလားကွ တရားသမား” ဟု မိမိကို လူအများထဲတွင် ပြန်၍ အော်လိုက် လေသည်။ထိုအခါ မိမိစဉ်းစာမိသည်ကတော့
“အော် အမူးသမားပါစပ်ကလဲ တရားစကားထွက်သေးသားပဲ၊ ငါကိုယ်တိုင်ကလဲ ဒေါသနဲ့ သွားပြီး ဆုံးမမိတာကိုး၊” ဟု ရှက်ကိုးရှက်ကန်းဖြင့်သာလျှင် ကျောင်းသို့ ပြန်လာခဲ့ရလေသည်။ ဆုံးဖြတ်ချက် တစ်ခု အတိအကျ ချလိုက်မိသည်ကတော့ နောင် အမူးသမားများကိုတော့ ဝေရာမဏိ၊ ဝေးဝေးက ရှောင်ကြဉ် ပါ၏။ “ဒေါသနှင့် ပြုလုပ်သော အမှုသည်ကား ဘယ်သောခါမျှ မအောင်မြင်ပါတကား” ဟု ဓမ္မသံဝေဂ လည်း ရလိုက် ပါပြီ။

Monday, September 21, 2009

“ထိုအိလက်(Toilet)”

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့် မိမိတို့၏ မန္တလေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဆရာ တော်တစ်ပါးသည် ဂျပန်နိုင်ငံမှ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ဖွဲ့၏ ပင့်ဖိတ်ချက်အရ ဂျပန်နိုင်ငံသို့ ကြွသွား တော်မူကြသည်။ ထိုဆရာတော်များအဖွဲ့သည် ထိုင်းနိုင်ငံလေဆိပ်၌ ဂျပန်လေယာဉ်ကို စောင့်ကြရသည်၊ ထိုသို့ စောင့်နေစဉ် သက်တော်အကြီးဆုံး ၀ါတော်အကြီးဆုံး ဆရာတော်ကြီးသည် ကျင်ငယ်သွားလိုသည်၊ ဆရာ တော်ကြီးသည် အင်္ဂလိပ်စကားကလဲ မပြောတတ်တော့ အနီးရှိ မိမိတို့တက္ကသိုလ်မှ ဂျပန်စကား အင်္ဂလိပ် စကားပြောတတ်တော်မူသော ဆရာတော်ကို
“ဆရာတော် တပည့်တော် ကျင်ငယ်သွားချင်တယ်၊ အိမ်သာက ဘယ်နားနေမှန်းလဲ မသိဘူး၊ အဲဒါလိုက် ပို့ပါအုံးဘုရား” ဟူ၍ အကူအညီတောင်းလာသည်၊ သို့ဖြစ်၍ မိမိတို့တက္ကသိုလ်မှ ဆရာတော်ကြီးသည်လည်း အားကြိုးမာန်တက်
“အော် ဆရာတော် ရပါတယ်ဘုရား၊ တပည့်တော်လိုက်ပို့ပါမယ်” ဟုဆိုကာ ဆရာတော်ကြီးကို လက်တွဲ ခေါ်သွား ကာ အိမ်သာသို့ လိုက်ပို့လေတော့သည်။ အိမ်သာသိုေ၇ာက်သောအခါ
“ဆရာတော်ဘုရား အိမ်သာကို အင်္ဂလိပ်လို ထိုအိလက်(Toilet)လို့ခေါ်ပါတယ်ဘုရား၊ ဆရာတော်တို့က နိုင်ငံခြား မကြာ မကြာ ကြွရမှာဆိုတော့ တခါတည်းသာ မှတ်ထားပါတော့ဘုရား” ဟုမိမိတို့ တက္ကသိုလ်မှ ဆရာတော်သည် ထိုနိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးကို အိမ်သာကို လိုက်ပို့ရုံမျှက အင်္ဂလိပ် အိမ်သာကိုပါ သင်ပေးလိုက်လေတော့သည်။ ဆရာတော်ကြီးလဲ “အိမ်သာ ဆိုတာ အင်္ဂလိပ်လို့ ထိုအိလက်”ဟု မှတ်ထားလေတော့သည်။ တစ်နေ့ ထိုဆရာတော်ဘုရားကြီးသည် သာသနာရေး ကိစ္စတစ်ခုဖြင့် မိမိတက္ကသိုလ် သို့ ရောက်ရှိလာလေသည်။ ဆရာတော်ကြီးရောက်လာသည်ဖြစ်၍ တက္ကသိုလ်တက်နေသော ဆရာတော်ကြီး၏ တပည့်သည် သူ့၏ ဆရာသမားဆရာတော်ကြီးကို သွားရောက်ပြုစုသည်၊ ထို့သို့ ပြုစုနေစဉ် ဆရာတော်ကြီးက
“မောင်ပဇင်း 'ထိုအိလက်'ထဲမှာ ထွေးခံရှိတယ်၊ သွားယူစမ်းကွယ်”ဟု မိန့်ကြားလေသည်၊ ထိုအခါ တပည့်ဖြစ်သူက
“ဆရာတော် 'ထိုအိလက်' ဆိုတာ ဘာပြောတာလဲဘုရား၊ တပည့်တော် နားမလည်းဘူးဘုရားဟု ပြန်လည် မေးမြန်းလျှောက်ထားလေသည်၊ဤတွင်ဆရာတော်ကြီးက
“မင်းကလဲ တက္ကသိုလ်တက်နေပြီ 'ထိုအိလက်'တောင်မသိဘူး၊ ထိုအိလက်ဆိုတာ အိမ်သာကို ပြောတာကွာ”ဟု ရှင်းပြလေသည်။ထိုအခါမှ တပည့်တော်ဖြစ်သူက
အိမ်သာကို 'ထိုအိလက်' အသံထွက်တယ်လို့ ဆရာတော်ကို ဘယ်သူပြောလဲဘုရား”ဟုမေးမြန်းလေသည်၊ ထိုအခါ ဆရာတော်ကြီးက
မင်းတို့ တက္ကသိုလ်က အင်္ဂလိပ်စာဌာနက ဆရာတော်( )က ပြောတာပါဗျာ”ဟု မိန့်ကြားတော်မူလေသည်၊ ထိုအခါမှ တပည့်ဖြစ်သူက
“ဆရာတော်ဘုရား အိမ်သာ(toilet)ကို ထိုအိလက်လို့ အသံမထွက်ပါဘူးဘုရား၊ အိမ်သာ(toilet)ကို တွိုင်းလက် သို့မဟုတ် ထွိုင်းလက်လို့ အသံထွက်ပါတယ်ဘုရား”ဟု တပည့်ဖြစ်သူက အသံထွက်မှန်ကို သင်ပြပေးလိုက်လေ တော့သတည်း။တက္ကသိုလ်မှ မိမိတို့၏ ဆရာသမား၏ အသံထွက်ကိုလဲ မှားသည်ဟု မည်သူမျှ မပြောနိုင်ပါ၊ Toiletကို ပုဒ်ခွဲလိုက်သော် toကို ထို၊ i ကိုအိ၊ let ကို လက်ဟူ၍ ဖြစ်နိုင်သောကြောင့်ပေတည်း။
(`ဤစာမျက်နှာ၏ အဆုံးတွင် older posts ကို နှိပ်လိုက်ပါ ပုံပြင်များစွာကို တွေ့ပါလိမ့်မည်)




Saturday, September 19, 2009

“အို ဒကာမ ဒကာမအပေါင်းတို့”

တစ်ခါက ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ရွာတစ်ရွာတွင် ဆရာတော်ကြီးတစ်ပါးပျံလွန်တော်မူသွား သည်၊ ထိုရွာမှ လက်ထောက်ဆရာတော်များနှင့် ဒါယကာ ဒါယိကာမများသည် တက်ညီလက်ညီ ဆရာဒကာ ညီညွတ်တိုင်ပင်ကာ ဆရာတော်၏ ဈာပနပွဲကို ဇာတ်ပွဲကြီးများနှင့် စီကားသိုက်မြိုက်စွာ ကျင်းပကြသည်၊ ပထမနေ့ ဇာတ်မကမီ ထိုရွာသားစစ်စစ်ဖြစ်သော အခြားအရပ်တွင် ကျောင်းထိုင်နေသော ဆရာတော်ဦးဝါယမ သည် ဇာတ်စင်ပေါ်တက်၍ ပွဲကြည့်ပရိသတ်ကို တစ်ယောက်နှင့်တစ်ယောက် ရန်မဖြစ်ရန် အေးဆေးစွာ ကြည့်ရန် သြ၀ါဒစကားပြောကြားရမည်ဖြစ်သည်၊ ဆရာတော်ဦးဝါယမသည် ပရိသတ်ကို အလွန်ကြောက် တတ်သည်၊ သူသည် အထက်က ဆရာတော်များ ရပ်ရွာလူကြီးများ၏ တိုက်တွန်းလျှောက်ထားချက်ကြောင့်သာ မလွှဲမရှောင်သာ၍ လုပ်ဆောင်ရမည်ဖြစ်သည်၊ သို့ဖြစ်၍ ဆရာတော်ဦးဝါယမသည် ဓားကို ကိုင်လျှက် ပွဲကြည့် ပရိသတ်အတွင်းမှ ဖြတ်လျှောက်လာခဲ့သည်၊ ထိုစဉ် ပရိသတ်အတွင်းမှ အမျိုးသမီးများက
“အဲ ဦးဇင်း ၀င်းမောင်ကြီးတော် ဘယ်တုံးက ကြွလာတယ်မသိဘူး၊” ဟု ပြောဆိုကြသည်၊ တချို့အမျိုးသား များကလည်း
“ဟ ဦးဇင်း ၀င်းမောင်ကြီး ဘယ်တုံးက ပြန်ကြွလာတယ် မသိဘူး၊ လက်ထဲမှာလဲ ဓါးကြီးနဲ့ ၊ ဒီနေ့ညတော့ အပြတ်ကြမ်းမယ်နဲ့တူတယ်”၊ ဟု ပြောင်သလိုလိုနှင့် ပြောဆိုကြသည်၊ ဆရာတော်ဦးဝါယမသည် ထိုကဲသို့သော ပြောင်လျှောင်သော အသံများကို ကြားလေလေ ကြောက်လဲကြောက် ရှက်လဲရှက် ဒေါသလဲထွက်ဖြစ်ရလေ သည်၊ နောက်ဆုံးတွင် ဆရာတော်ဦးဝါယမသည် ဇာတ်စင်ပေါ်သို့ ရောက်သွားလေသည်။ ဆရာတော်သည် ဇာတ်စင်ပေါ်ရောက်သောအခါ လက်တစ်ဖက်က ဓားကို ကိုင်သည်၊ တခြားလက်တစ်က မိုက်ကို ကိုင်လျှက် အောက်ပါအတိုင်း မိန့်ကြားတော်မူလိုက်လေသည်၊
“အို ဒကာမ ဒကာမအပေါင်းတို့ ယနေ့ညတော့ ဆူမယ်မကြံနဲ့၊ ဆူလို့ကတော့ ဒီဓားသာ ကြည့်” ဟု ရဲဝန့်ပြတ်သားစွာ မိန့်ကြားတော်မူလိုက်လေသည်၊ သို့သော် “အို ဒကာ ဒကာမအပေါင်းတို့” ဟူ၍ ပြောရမည့် အစား “အို ဒကာမ ဒကာမအပေါင်းတို့”ဟူ၍ မှားပြီး ပြောလိုက်သောအခါ ပရိတ်သတ်က မကြောက်သည့်အပြင် ဟားတိုက်ကာ ရယ်ကြလေတော့သည်၊ ဆရာတော်သည် ပရိသတ်၏ တဟားဟားရယ်လိုက်သော အသံကြောင့် ရှက်ရှက်နှင့် ခေါင်းကို ငိုက်စိုက်ချလျှက် ဇာတ်စင်နောက်သို့ ခပ်သုတ်သုတ် ၀င်သွားရာ ဇာတ်စင်ဒေါင့်က ကားလိပ်ကြိုးနှင့် ဆရာတော်၏ လည်ပင်းကို ချိတ်နေလေတော့သည်၊ ဆရာတော်၏ အဖြစ်ကို ကြည့်၍ ပရိသတ်ကြီးသည် အူလှိုက်သဲလှိုက် ရယ်ကြရလေတော့သတည်း။ မိမိကောက်ချက်ချမိသည်ကား
“အော် ဒီနေ့ညတော့ ဆရာတော်ဦးဝါယမလုပ်ပုံနဲ့ လူရွှင်တော်တွေတော့ ငိုရတော့မယ်နဲ့တူတယ်”။ ဟူ၍သာ ဖြစ်သတည်း။

Friday, September 18, 2009

“အလကားရသော မကျည်းရွက်ကို ခူးရောင်း၍ အရှုံးပေါ်သူ”

မိမိတို့၏ အညာဒေသသည် နွေရာသီရောက်ပြီဆိုလျှင် အလွန်ပူသည်၊ အသက်အရွယ်ကြီးမားသော အဘိုးအ ဘွားများသည်ကား အညာနွေ၏ ပူပြင်းသော ဒဏ်ကို အလူးအလဲ မချိမဆံ့ ခံစားကြရသည်၊ နွေရာသီရောက် လျှင် မိမိတို့၏ အဘိုးအဘွားများသည်
“အမလေး ပူလိုက်တာ ရေနွေးအိုးထဲ ပြုတ်ထားသလိုပဲ၊ အိုက်ပြုတ်ကြီးပဲ၊ မိုးကလဲ မရွာဘူး၊”ဟူ၍ စသည်ဖြင့် ညည်းညူကြလေသည်၊သို့သော် မိမိသည်ကား လူငယ်ပီပီ နွေရာသီကို မျှော်သည်၊ နွေရာသီကို ပျော်သည်၊ အဘယ်ကြောင့်ဆိုသော် နွေရာသီတွင် မကျည်းရွက်များနုသည်၊မိမိသည် ငယ်စဉ်က နွေရာသီတွင် နုသော မကျည်းရွက်ကို ခူးရောင်းရသောကြောင့်ပေတည်း၊ ၊ ပူပြင်းသော နွေရဲ့ဒဏ်ကိုလည်း ဂရုမစိုက်နိုင်ပါ၊ ငယ်ရွယ်သူ တစ်ယောက်ဖြစ်သည်အားလျှော်စွာ ပူသည်ကိုပင် မသိနိုင်ခဲ့ပါ၊ နွေရာသီမှာ မိမိသည် အဖော်များနှင့်အတူ မကျည်ရွက်ခူးရောင်းခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်၊ ပျော်နေခဲ့သည်၊ အချို့သော မိန်းခလေးများသည်လည်း ထိုမကျည်ရွက်ခူးရောင်းခြင်းဖြင့် အလုပ်ရှုပ်နေကြသည်၊ ပျော်နေကြသည်။မိမိတို့သည် ထိုခူး၍ ရသော မကျည်းရွက်များကို ရွာထဲလှည့်၍ ရောင်းကြသည်၊ တစ်နေ့ မိမိတို့သည် မကျည်းရွက်ရောင်း၍ ပြန်လာသည်၊ လမ်းတွင် မကျည်းရွက်ဗန်းကြီးခေါင်းပေါ်ရွက်လာသော မာမာအေးကို တွေ့လေရာ မိမိက
“ဟ မာမာအေး နင်မကျည်းရွက်တွေ ရောင်းမကုန်သေးဘူးလား၊ ဘယ်သူမှ ၀ယ်သူမရှိသေးဘူးလား၊ ”ဟု မေးလိုက်လေသည်၊ ထိုအခါ မာမာအေးက
“ကိုခင်မောင်ဝင်းကတော့ ငါ့ကို တမတ်နဲ့ ရောင်းမလား”၊လို့ မေးပါတယ်၊ ၀ယ်ပါတယ်၊ နည်းလို့် မရောင်းတော့ ဘူး၊ ကူမဲဈေးပဲ သွားရောင်းတော့မယ်၊ ဈေးမှာရောင်းရင် ငါးမူးလောက်တော့ ရမှာဟ”ဟူ၍ ပြောသွားရှာသည်၊ သို့နှင့် မာမာအေးသည် သူခူးထားသော မကျည်ရွက်ကို နံနက်စောစောထပြီ ဈေးသွားရောင်းသည်၊ မာမာ အေးတစ်ယောက် နေ့လည် တစ်နာရီလောက်မှာ ငိုယိုပြီး ပြန်လာသည်၊ သို့ဖြစ်၍ ရွာမှ လူကြီးများက သူမ ငိုပြန်လာရခြင်း၏ အကြောင်းကို မေးကြလေသည်၊ သူမသည် အောက်ပါအတိုင်း ရှင်းပြလေသည်။
“ကျမ နံနက်စောစော ကူမဲဈေးထဲမှာ လမ်းဘေးချပြီး မကျည်းရွက်ကို ရောင်းနေတာ၊ မကျည်ရွက်က မရောင်း ရသေးဘူး၊ သေချင်းဆိုး ဈေးကောက်က ရောက်လာတယ် ၊ဈေးကောက်ကို ပေးစရာပိုက်ဆံမရှိတာနဲ့ သူများဆီ ကို ပိုက်ဆံသွားချီးနေတုံး ရုတ်တရက် ဈေးထဲနွားတစ်အုပ်ဝင်လာပြီး၊ ကျမ မန်ကျည်းရွက်ဗန်းကို တက်နင်းသွား တယ် ဘကြီးတို့ရယ်” ပြောကာ မာမာအေးတစ်ယောက် သနားသဖွယ် အော်ငိုရှာလေတော့သတည်း။
ဤသည်ကား အလကားရသော မကျည်းရွက်ကို ခူးရောင်း၍ အရှုံးပေါ်သော မိမိတို့၏ရွာမှ မာမာအေး၏ ဖြစ်ရပ် မှန် ဇာတ်လမ်းအစစ်ပေတည်း။

“မှန်ကို မမြင်ဖူးသူများ”

တခါက အထက်အညာမှာ ရခါစ ဇနီးမောင်နှံနှစ်ယောက်တို့ရှိကြလေသည်၊ သူတို့သည် မင်္ဂလာဆောင်စဉ်က အမျိုးသား၏ မိဘများဘက်မှ အိမ်တစ်လုံးရသည်၊ ပြီးတော့ အတွင်း၌ မှန်တစ်ချပ်ပါဝင်သော ထန်းခေါက်ဖာတစ်လုံးကို အမွေရကြလေသည်။ တစ်နေ့ အမျိုး သားလေးသည် ထိုထန်ခေါက်ဖာလေးကို ဖွင့်ကြည့် လိုက်သည်၊ သူသည် အတွင်း၌ ကောင်းလေးတစ်ယောက် ရှိနေသည်ကို ထူးခြားစွာတွေ့ရလေသည်၊ သူသည် တစ်သက်မှာ တစ်ခါသာ မြင်ဖူးလေတော့ အထူးအဆန်းဖြစ်နေလေသည်၊သူသည်
“အော် အလွန်အင်မတန်မှ သေးငယ်သော ထန်းခေါက်ဖာလေးအတွင်းမှာ ဒီကောင်လေးက ဘယ်လိုများ ၀င်နေ ပါလိမ့်၊ အသက်ရှုမကြပ်ဘူးလားမသိ၊ အော် ငါ့ရဲ့မိဘတွေကများ ဘယ်လိုပညာတွေနဲ့ ဒီကောင်းလေးကို ထည့်ထား တယ်မသိ၊”ဟု စဉ်းစားနေတော့သည်၊ တစ်နေ့ တစ်နေ့ ဒီထန်ခေါက်ဖာအတွင်းမှ ကောင်လေးကိုဘဲ လာကြည့်နေသည်၊သူ၏ ရခါစ ဇနီလေးကိုပင် ဂရုမစိုက်နိုင်တော့ပေ၊ဇနီးသည်ကလည်း ရိပ်မိလာသည်။ သူမ သည်လည်း
“ငါ့ယောင်္ကျားတော့ နေ့ရှိသရွေ့ ဒီထန်းခေါက်ဖာလေးကိုဘဲကြည့်နေတာ၊ ငါ့ကိုလဲ ဂရုမစိုက်တော့ဘူး၊ ဒီထန်း ခေါက်ဖာလေးဟာ တစ်ခုခု ထူးခြားမှုတော့ရှိရမယ်”ဟု စဉ်းစားကာ သူမ၏ အမျိုးသားအပြင်သွားစဉ် ထန်းခေါက် ဖာကို ဖွင့်ကြည့်လိုက်လေသည်။ ထိုအမျိုးသမီးလေးသည်
“အော် ငါ့ယောင်္ကျားဟာ ငါ့ကို ဂရုမစိုက်တာ ဒီအတွင်းက အမျိုးသမီးလေးနဲ့ချစ်နေလို့ဘဲ၊ ဟုတွေးတောကာ ငိုယိုပါတော့သည်။ သူမ၏ အမျိုးသားကိုလဲ တိုက်ရိုက်မပြောဝန့်ပေ၊ ဒီလိုနဲ့ အမျိုးသမီးလေးသည် သူမ၏ ယောင်္ကျားကိုလည်း ဂရုမစိုက်နိုင်တော့ပေ၊ နေ့စဉ် ထန်းခေါက်ဖာလေးအနီးမှာ ထိုင်၍ ငေးမှိုင်နေတော့သည်၊ အမျိုးသားလေးကလည်း
“ငါ့ ဇနီး ခုတလော ငါ့ကိုလဲ ဂရုမစိုက်၊ ထန်းခေါက်ဖားလေးနား သွားကာ ထိုင်ထိုင်နေတယ်၊ တစ်ခုခုတော့ ထူးခြားမှုရှိရမယ်၊”ဟုဆိုပြီ သူ၏ ဇနီးချောလေးမရှိခိုက် ထန်းခေါက်ဖာလေးကို သွားရောက်ဖွင့်ကြည့်လေသည်၊ ဤတွင် အမျိုးသားလေဟာ
“အော် ငါ့ဇနီးသည်ဟာ ငါ့ကို မချစ်ဖူး၊ ဒီထန်ခေါက်ဖာအတွင်းက အမျိုးသားလေးနဲ့ချစ်နေကြာတာကိုး”ဟု သူ၏ ဇနီးသည်အပေါ် တစ်မျိုးထင်သွားလေသည်။ သည်လိုနှင့် အလွန်အင်မတန်မှ ချစ်လှစွာသော ဇနီးမောင်နှံတို့ သည် တစ်ယောက်နှင့် တစ်ယောက် မခေါ်နိုင်၊ မပြောနိုင်ဖြစ်သွားကြသည်။ ထိုခေတ်ထိုကာလက ရွာအတွင်း ပြဿနာတစ်ခုခုဖြစ်လျှင် ရွာဦးကျောင်းဆရာတော်က ရှင်းပေးမြဲဖြစ်သည်၊ သို့ဖြစ်၍ ထိုပြဿနာသည်လည်း ရွာဦးကျောင်းဆရာတော်ထံရောက်ရှိသွားသည်၊ ဆရာတော်သည် နှစ်ယောက်လုံးကို မေးစီစစ်လေသည်၊ ကောင်မလေးက သူ၏ ယောင်္ကျားသည် ထန်းခေါက်ဖာအတွင်းက ကောင်မလေးနှင့် ဖြစ်နေကြောင်း လျှောက် ထားလေသည်၊ ကောင်းလေးကလဲ သူ၏ ဇနီးဟာ ထန်းခေါက်ဖာအတွင်းက ကောင်လေးနှင့် ဖြစ်နေကြောင်း လျှောက်ထားလေသည်၊ သို့ဖြစ်၍ ဆရာတော်သည် ထန်းခေါက်ဖာအတွင်း ထိုဇနီးမောင်နှံတို့ပြောသလို ကောင်မလေးနဲ့ ကောင်လေးရှိ မရှိဖွင့်ကြည့်လိုက်သည်၊ ဖွင့်ကြည့်ပြီးသောအခါ ဆရာတော်သည်
“အေ မင်းတို့ပြောတော့ ဒီထန်းခေါက်ဖာအတွင်းမှာ ကောင်းလေးရှိတယ်၊ ကောင်းမလေးရှိတယ်နဲ့ ၊ ငါတော့ ပြီးခဲ့တဲ့နှစ်က ပျံလွန်တော်မူသွားတဲ့ ငါ့ဆရာသမားဓာတ်ပုံဘဲတွေ့ပါတယ်ကွယ်၊ ဟုပြောပြီး ထိုဓာတ်ပုံကို သိမ်းကာ၊ ထိုဇနီးမောင်နှံနှစ်ယောက်ကို တစ်ယောက်နှင့်တစ်ယောက် သည်းခံရမယ်၊ နားလည်ခွင့်လွှတ်ရမယ်၊ ချစ်ချစ် ခင်ခင်နေရမယ်၊ ဆုံးမပြီး ပြန်လွှတ်လိုက်လေတော့သည်၊ဆရာတော်၏ လက်အတွင်းသို့ ထိုထန်း ခေါက်ဖာနှင့် မှန်ကလေးတို့ ရောက်သွားချိန်မှစ၍ ဇနီးမောင်နှံနှစ်ဦးတို့သည်လည်း ချစ်ချစ်ခင်ခင်နှင့်ပေါင်းသင်း နေထိုင်သွားကြလေတော့သတည်း။ ဆရာတော်သည်ကား ပြီးခဲ့တဲ့နှစ်က ပျံလွန်တော်မူသွားသော သူ့ဆရာ သမား၏ ဓာတ်ပုံကို အပြတ်အသတ်ကို ပူဇော်ကန်တော့မည့်ဟန်ရှိပါပေသည်တကား။







Wednesday, September 16, 2009

“ရှုံးခြင်းရှုံး မဟာမြတ်မုနိဘုရားသာရှုံး“

တစ်ခါက တောမှ ဒါယကာကြီးတစ်ယောက်သည် မဟာမြတ်မုနိဘုရားကြီးကို ဖူးရန် မန္တလေးမြို့သို့ ရောက်ရှိလာ သည်၊ သူသည် မဟာမြတ်မုနိဘုရားဖူးရန်နှင့် ဘုရားကြီးကို ရွှေသင်္ကန်းကပ်ရန်ဖြစ်သည်၊သူသည် ဘုရားကြီး အရှေ့မုခ်သို့ရောက်သောအခါ ယောင်လည်လည်ဖြစ်နေသည်၊ ဤသည်ကိုသိသော အမျိုးသမီးတစ်ယောက် သည် သူမ၏ ဆိုင်အတွင်းမှ ထွက်လာပြီး အဘိုးကြီးကို သွားရောက်နှုတ်ဆက်လေသည်၊
“အဘိုး ဘယ်ကလာတာလဲ ၊ ဘယ်မှာတည်းမှာလဲ ၊ ဘာကိစ္စဖြင့် ဒီကိုလာတာလဲ” မေးလေသည်။ထိုအခါ အဘိုးကြီးသည်
“ငါ့မြေးရေ အဘိုးက တောက လာတာ၊ ဘုရားဖူးရင်း ရွှေသင်္ကန်းကပ်ရင်းပေါ့။” ဟုဖြေကြားလေသည်။ ထိုအခါ အမျိုးသမီလေးက
“အဘိုး ရွှေသင်္ကန်းကပ်ရင် သမီးတို့ဆိုင်မှာဘဲ ရနိုင်ပါတယ်၊ သမီးတို့ဆိုင်မှာ တည်းလို့လဲရပါတယ်၊ သမီးတို့က ထမင်းလဲ ကျွေးအုံးမှာပါ” ဟု ပြောသဖြင့် အဘိုးကြီးလဲ ထိုအမျိုးသမီးလေး ခေါ်ရာနောက်ပါသွားလေသည်၊ ထိုအ မျိုးသမီးလေး၏ ဆိုင်၌ တစ်ညတည်း၍ ငွေ (၄၀)ကျပ်တန်ရွှေဆိုင်းတစ်ဆိုင်းကိုလည်း ထိုဆိုင်မှ ၀ယ်ခဲ့လေသည်၊ ထိုခေတ် ထိုအခါက ၄၀ကျပ်သည် အလွန်အင်မတန်မှ တန်ဖိုးကြီးလှလေသည်၊ ထိုအဘိုးကြီသည် ထိုရွှေဆိုင်းတစ်ဆိုင်းကို မဟာမြတ်မုနိဘုရားကြီးကို သွားရောက် ကပ်လှူလေသည်၊ ထိုနောက် သူသည် မန္တလေးမှ ရွာသို့ ပြန်လာခဲ့လေသည်၊ သူသည် ရွာရောက်လျှင် ရောက်ချင်းဘဲ သားသမီးများကို အမျိုးသမီး ကလေးတစ်ယောက်၏ ဆိုင်တစ်ဆိုင်မှာ တည်းခဲ့ကြောင်း၊ ပြီးနောက် ရွှေဆိုင်းတစ်ဆိုင်းကိုလည်း ထိုအမျိုး သမီးကလေးဆိုင်မှ ၀ယ်ယူ၍ မဟာမြတ်မုနိဘုရားကို လှူဒါန်းခဲ့ကြောင်း ၀မ်းသာအားရ ပြောကြားလေသည်။ ဤတွင် သမီးအကြီးက
“အဖေ ရွှေဆိုင်း တစ်ဆိုင်းဘယ်လောက်ပေးခဲ့ရသလဲ”ဟူ၍ မေးလေသည်၊ ထိုအခါ ဖခင်ဖြစ်သူက
“အေး ရွှေဆိုင်းတစ်ဆိုင်းကို (၄၀)ကျပ်ပေးခဲ့ရတယ်”ဟု ပြောကြားလေသည်၊ ဖခင်ဖြစ်သူ၏ အဖြေစကားကို ကြားရသောအခါ သမီးများက
“အဖေတော့ အလိမ်ခံလိုက်ရပြီ၊ ရွှေဆိုင်တစ်ဆိုင်းမှ အလွန်ဆုံး ၃၀ ကျပ်ဘဲပေးရတယ်၊”ဟူ၍ ပြောကြလေ သည်။ ဤတွင် ဖခင်ဖြစ်သူက
“ငါကတော့ လေးဆယ်ကျပ် တန်ရွှေဆိုင်းတစ်ဆိုင်းပေးပါ၊ ဘုရားကြီးလှူဒါန်းချင်လို့ပါ ”လို့ပြောတာဘဲ၊ သူတို့ ညာတာတော့ ငါလဲဘယ်သိမလဲ၊ ငါကတော့ အဲဒီအမျိုးသမီးလေး အိမ်မှာ တစ်ညအိပ်ခဲ့ရတယ်၊ ထမင်းနှစ် နှပ်စားခဲ့ရတယ်၊ ဒါကြောင့် ငါကတော့ မရှုံးဘူး၊ ရှုံးခြင်းရှုံး မဟာမြတ်မုနိဘုရားကြီးသာ ရှုံးတယ်ဟေ”ဟူ၍ ပြောကြားလိုက်လေတော့သတည်း။

Tuesday, September 15, 2009

“နွားကျောင်းသား ကယ်ပေလို့သာပေါ့”

တစ်ခါက ဆရာတော်တစ်ပါးသည် တရားဟောနေသည်၊ ထိုဆရာတော်သည် သူဟောသော တရားကို အဆုံးမသတ်နိုင်ပေ၊ လည်ထွက်နေသည်၊ ချွေးသီးချွေးပေါက်များပင် ကျလာသည်၊ ဘေးမှ နွားကျောင်းရင်း တရားနာနေသော နွားကျောင်းသားသည် ထိုဆရာတော်၏ အခြေအနေကို ရိပ်မိလာသည်၊
“ ဒီဆရာတော်တော့ တရားလည်နေတယ်၊ တရားကိုလည်း အဆုံးသတ်နိုင်မှာမဟုတ်ပေ၊ ငါ့ကယ်မှ ရတော့မယ်၊ ငါမကယ်ရင်တော့ အရှက်တကွဲ အကျိုးနည်းဖြစ်တော့မည်၊” ဟု စဉ်းစာကာ အနီးအနားရှိ ကောက်ရိုးပုံကို မီးရှို့လိုက်လေသည်၊ ပြီးနောက် သူသည်
“မီးဗျို့ မီးဗျို့”ဟု အော်လိုက်လေသည်၊ ထိုအခါမှ တရားနာပရိသတ်သည် မီးလောင်းသည် ဖြစ်၍ တရားနာရာမှ ထွက်ပြေးကြလေသည်၊ သို့ဖြစ်၍ ဆရာတော်သည်လည်း သူ၏လည်နေသော တရားကို အဆုံးသတ်ရန်လဲ မလိုတော့ပေ၊ အရှက်တကွဲ အကျိုးနဲလည်း မဖြစ်တော့ပေ၊ မိမိစဉ်းစားမိသည်ကား
“ဆရာတော်သာ ဤအကြောင်းကို ကောင်းကောင်းသိလျှင် နွားကျောင်းသားကို အထူးကျေးဇူးတင်နေမှာတော့ သေချာသည်၊ အဘယ်ကြောင့် ဆိုသော် သူ၏ အရှက်ကို ကာကွယ်ပေးသောကြောင့်ပေတည်း”ဟူ၍သာဖြစ်သည်။

Monday, September 14, 2009

“မိမိ၏ ဦးလေး ဦးခင်မောင်”

မိမိတို့ရွာတွင် စကားတတ်သော ဟာသဥာဏ်ရွှင်သော ဦးခင်မောင်ဟု အမည်ရသော ဒါယကာတစ်ဦး ရှိလေသည်၊သူသည် မိမိ၏ ဦးလေးဆိုလျှင်လည်း မမှားပါ၊ သူသည် အရက်ရောင်းသည်၊ တစ်နေ့ ကူမဲမြို့မှ သူ၏ သူငယ်ချင်းဖြစ် သူထံမှ အလှူမင်္ဂလာဖိတ်စာတစ်စောင်ရောက်လာသည်၊ သူ့ဆီကို မရောက်မီ တစ်ခြားသူများထံ ရောက်ရှိသွား လေသည်၊ ဖိတ်စာ၏ မျက်နှာဖုံးပေါ်တွင် နာမည်ဟူသော နေရာ၌ ဦးခင်မောင် (UK) ဟူ၍ ရေးသား ဖိတ်မန်ထား လေသည်၊ မသိသောသူတို့က မေးကြလေသည်၊“ ဦးခင်မောင်ကိုတော့ သိပါတယ်၊ (UK) ဆိုတာ ဘာလဲ၊ သူက အင်္ဂလန်နိုင်ငံကို သွားဖူးလို့လား”ဟု မေးကြလေသည်၊ ဤတွင်သိသူများက
“UK ဆိုတာ ရေကူ၊ ရေကူဆိုတာ သူက အရက်ရောင်းရာတွင် အရက်ထဲ ရေးရောထည့်၍ ရောင်းတဲ့အတွက် ကြောင့် UK ရေကူဟု ရေးထည့်ခြင်းဖြစ်ကြောင်း” ရှင်းပြကြလေသည်၊ “အော် ဒီတော့မှ UK၏ လေးနက်သော အဓိပ္ပာယ်ကို သူတို့သိကြရသည်.၊ တစ်နေ့ ကံကောင်းချင်တော့ မိမိ၏ ဦးလေး ဖြစ်သူ ဦးခင်မောင်သည် ရယက လူကြီးတစ်ယောက်ဖြစ်လာခဲ့သည်၊ သူသည် ရယကလူကြီးအလုပ်ကို လုပ်၇င်း သူ၏ သားများနှင့်အတူဆေး သုတ်တဲ့ အလုပ်ကိုလဲ လုပ်ကိုင်နေလေသည်၊ တစ်နေ့ မိမိသည် မိမိ၏ မယ်တော်ခမည်းတော်များက လှူတမ်းထားသော ဘုရားမုခ်ဦးကို ဦးခင်မောင်တို့ သားအဖတတွေအား ဆေးသုတ်ခိုင်းလေသည်၊ ဦးလေးဖြစ်သူ ဦးခင်မောင်၏ သားဖြစ်သူ မောင်မောင်ထွန်းသည် မုခ်ဦးကို ဆေးသုတ်နေလေသည်၊ မိမိသည်လည်း မောင်မောင်ထွန်းနှင့် စကားပြောနေလေသည်။ ထိုချိန်တွင် ဦးလေးဖြစ်သူသည် စာအုပ်ကြီးကိုင်ပြီး မိမိတို့အနားသို့ ရောက်လာပြီ သူ့သားအကြီးကောင်ကို
“ဟေ မောင်မောင်ထွန်း! ဒီနေ့ ငါမလာနိုင်တော့ဘူး၊ ကူမဲမှာ စည်းဝေးပွဲရှိတယ်၊ မင်းကြည့်ပြီး မုခ်ဦးကို ဆေးကောင်းကောင်းသုတ်ထားလိုက်”ဟု ပြောပြီး စက်ဘီးတစ်စီးနှင့် ထွက်သွားလေသည်၊ ဖခင်ဖြစ်သူ အဝေး ရောက်သွားသောအခါ သားဖြစ်သူက
“ကြီးကြီးကျယ်ကျယ် စာအုပ်ကြီးကိုင်လို့၊ စာကတော့ တစ်လုံးမှ မတတ်ဘူး၊” သားဖြစ်သူက ပြောနေလေသည်၊ မိမိလဲ မနေသာတော့သဖြင့်
“ဟာ မောင်မောင်ထွန်း! မင်း ကိုယ့်အဖေကို အဲဒီလိုမပြောပါနဲ့ကွာ”ဟု ကြားမှ ၀င်ရောက်တား ရလေ သည်၊
တစ်နေ့ သူ့သားအငယ်သည် ကျောင်းသစ်ကြီးကို ဆေးသုတ်ရင်း သူ၏ သူငယ်ချင်းကို သူ့အဖေ၏ ဂုဏ်ပုဒ်များကို ထုတ်ဖေါ် ပြောကြားနေလေသည်၊ သူပြောသည်က
“ဒို့အဖေက လိမ်စရာမရှိရင် ကိုယ့်သားကိုတောင်ပြန်လိမ်တယ်ဗျ၊ တစ်နေ့ ဒို့ဆေးသုတ်ကောင်းလို့ ဆိုပြီး ကူမဲက သူဌေးအမကြီးက ဒို့သားအဖသုံးယောက်ကို ဆုချတဲ့အနေနဲ့ ပုဆိုးတစ်ထည်စီပေးတယ်၊ ဒို့ကို မပေးဘူး၊ သူ့ဘာ သာဖြတ်သုတ်သွားတယ်၊ ဒို့လဲ အစက မသိဘူး၊ သူဌေးအမကြီးနဲ့တွေ့တယ်၊ သူပေးတဲ့ ပုဆိုးကောင်းလားမေး တော့ ဒို့လဲ မရတဲ့အကြောင်းပြောလိုက်တယ်၊ အဲဒီမှ အဖေကို ပေးလိုက်ကြောင်းသိရတယ်၊ အော်တော်တော် ညာတဲ့ အဖေပါလားဆိုတာသိရတယ်လေ။ ” ဘေးမှ မတ်တတ်ရပ်၍ ကြည့်နေသော မိမိသည်
“အော် ဒီသားအဖတွေ လိုက်လဲ လိုက်ကြပါပေတယ်၊ အဖေကလဲ သား၇ယ်လို့ ညှာရကောင်းမှန်းမသိ၊ သားတွေကလဲ သူတို့ရဲ့အဖေကောင်းကြောင်းကို တစက်မှ မပြော၊” ဟု တွေး၍ သူတို့အစား ရင်လေးမိပါ တော့သည်၊


“ွှပညာရှိ ကိုရင်နှစ်ပါးတို့၏ ဆွေးနွေးခန်း”

မိမိသည် ရဟန်းသုံးဝါအရလောက်တွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီး၌ စာချတန်း (ဓမ္မာစရိယ)စာဝါများ ကို လိုက်ရင်းသီတင်းသုံးနေထိုင်ခဲ့သည်။ ထိုအချိန်က စာသင်သားသံဃာနှစ်ထောင်နီးပါးလောက် ရှိမည်ထင်ပါ
သည်၊ ယခုအခါ စာသင်သားသံဃာပေါင်း သုံးထောင်လောက်ရှိသွားပြီဖြစ်ကြောင်း သူငယ်ချင်းသံဃာများမှတစ် ဆင့် ကြားသိရသည်၊ မိမိသည် ထိုကျောင်းတိုက်၌ နေစဉ် ပညာရှင်ကိုရင်နှစ်ပါးတို့၏ ဆွေးနွေးခန်းကို သူငယ် ချင်းများမှ တဆင့် ပြောပြသဖြင့် ကြားသိခဲ့ရသည်၊ သူတို့၏ ဆွေးနွေးဟန်ကား ပထမကိုရင်တစ်ပါးသည်
“မြတ်စွာဘုရားရဲ့ သားတော်သည် ရှင်ရာဟုလာဖြစ်တယ်”ဟု ဆိုလာသည်၊ သို့သော် ဒုတိယကိုရင်တစ်ပါးကတော့
”မြတ်စွာဘုရားရဲ့သားကတော့ အရှင်မောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးဖြစ်တယ် ”ဟု ဆိုပြန်သည်။ ထိုကိုရင်နှစ်ပါးတို့ ငြင်းခုံမှုသည် မပြီးပြတ်မူ၍ ဆရာတော်ထံရောက်ရှိသွားသည်၊ ဆရာတော်သည် ပထမကိုရင်ကို
“ကိုရင်! မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်ရာဟုလာဖြစ်တယ်လို့ ကိုရင်ကပြောတယ်၊ ကိုရင်မှာ ဘာအထောက်အထားပြနိုင်ပါသလဲ ”လို့ မေးသည်။ ပထမကိုရင်သည်
“တပည့်တော်သည် မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်ရာဟုလာဖြစ်ကြောင်းကို အထောက်အထားတော့ မပြနိုင်ပါဘူးဘုရား၊ သို့သော် မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်ရာဟုလာဖြစ်ကြောင်းကို ငယ်ငယ်က ဗုဒ္ဓ၀င်သင်ခဲ့လို့ သိရပါတယ်ဘုရား”ဟု ဖြေလေသည်။ ထို့နောက်ဆရာတော်သည် ဒုတိယကိုရင်ကို
“ကိုရင် မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်မောဂ္ဂလာန်ဖြစ်တယ်လို့ ကိုရင်ကပြောတယ်၊ ကိုရင်မှာ ဘာအထောက်အထားပြနိုင်ပါသလဲ ”လို့ မေးသည်။ ထိုအခါ ဒုတိယကိုရင်က
“တပည့်တော်မြို့ထဲ ဆွမ်းခံကြွစဉ် ဓမ္မာရုံတစ်ခုမှ သီချင်းဖွင့်သံကို ကြားခဲ့ရပါတယ်ဘုရား၊ ထိုသီချင်းထဲမှာ မြတ်ဘုရားရဲ့သားတော်ရှင်မောဂ္ဂလာန်လို့ကြားခဲ့ရပါတယ်ဘုရား။ ဒါကြောင့် တပည့်တော်က မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်မောဂ္ဂလာန်ဖြစ်တယ်လို့ ဆိုပါတယ်ဘုရား” ဟု လျှောက်ထားလေသည်၊ ဤတွင် ဆရာတော်သည်
“အေး ပထမကိုရင်က မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်ရာဟုလာဖြစ်တယ်ဆိုတာကို အထောက်အထားမပြနိုင်ဘူး၊ အေး ဒုတိယကိုရင်ကတော့ မြတ်စွာဘုရားရဲ့သားတော်ဟာ ရှင်မောဂ္ဂလာန်ဖြစ်ကြောင်းကို အထောက်အထားပြနိုင်တဲ့အတွက် ဒုတိယကိုရင်ကို အမှန်ပေးလိုက်တယ်ကွာ”ဟု ဆုံးဖြတ်ချက်ပေးလိုက်လေတော့သတည်း။
“အော် မြတ်စွာဘုရား၏ သာတော်သည်ကား ရှင်ရာဟုလာဖြစ်ကြောင်းကို လူတိုင်းသိသည်၊ ဒုတိယကိုရင်၏အထောက်အထားသည် ပညာရှင်များတောင်မှ ထောက်မပြနိုင်သော အထောက်အထားမျိုးဖြစ်၍ ဆရာတော်အမှန်ပေးလိုက်ဟန်ရှိ၏။” ဟု မိမိကောက်ချက်ချမိလိုက်သည်။

Saturday, September 12, 2009

“ရွာဦးကျောင်းဆရာတော်“

မိမိတို့၏ ရွာမှ ရွာဦးကျောင်းဆရာတော်သည် မိမိတို့၏ နယ်တွင် တရားဟောရာ၌ နာမည်ကြီးသည်။ ဆရာတော်သည် တရားဟောရာတွင် တရားနာပရိသတ်များနားလည်လွယ်စေရန် တရားဓမ္မများကို ကဗျာများစပ်၍ ဟော လေ့ရှိသည်၊ တစ်နှစ်က သင်္ကြန်တွင်း သင်္ကြန်အကြတ်နေ့အခါသမယဖြစ်သည်၊ သင်္ကြန်အကြတ်နေ့ ဖြစ်သည်အားလျှော်စွာ မိမိတို့၏ ကျောင်းကြီးအတွင်း ဥပုသ်သည်များအပြည့်ဖြစ်သည်၊ ထို့နေက ဆရာတော် သည် ဥပုသ်သည်များကို ပို့ချပေးသော ကဗျာလင်္ကာလေးများကို မိမိ ယနေ့ထိ မေ့၍ မရသေးပါ၊ မှတ်မိနေပါသေးသည်၊ အဘယ်ကြောင့်ဆိုသော် မိမိသည် ဆရာတော်တရားဟောတဲ့အခါတိုင်း စက်ဖွင့်ပေးနေရ သောကြောင့်ပေတည်း၊ ဆရာတော်ပို့ချပေးသော လင်္ကာများသည်ကား
(၁) ဘုရားရှိခိုး မအိပ်တဲ့သူ ခွေးအိပ်ချင်းနဲ့တူ ခွေးလိုလူမဖြစ်လိုက ဘုရားရှိခိုးအိပ်စက်ကြ။
ဘုရားရှိခိုး အိပ်တဲ့သူ ဘုန်ကံကြီးမဲ့သူ ဘုန်းကံကြီးသူဖြစ်လိုက ဘုရားရှိခိုးအိပ်စက်ကြ။
ဗုဒ္ဓဿ ပူဇံ မဟာတေဇ၀န္တောဆိုသော ပါဠိကို ကြည့်၍ ဆရာတော်သည် အထက်ပါ လင်္ကာကိုစပ်ဆိုထားသည်။
(၂) တရားရှိခိုး မအိပ်တဲ့သူ ခွေးအိပ်ချင်းနဲ့တူ ခွေးလိုလူ မဖြစ်လိုက တရားရှိခိုး အိပ်စက်ကြ။
တရားရှိခိုး အိပ်တဲ့သူ ပညာကြီးမဲ့သူ ပညာကြီးသူ ဖြစ်လိုက တရားရှိခိုး အိပ်စက်ကြ။
ဓမ္မဿ ပူဇံ မဟာပညာဝန္တော ဟူသော ပါဠိကို ကြည့်၍ စပ်ဆိုထားသည်။
(၃) သံဃာရှိခိုး မအိပ်တဲ့သူ ခွေးအိပ်ချင်းနဲ့တူ ခွေးလိုလူ မဖြစ်ချင်က သံဃာရှိခိုး အိပ်စက်ကြ။
သံဃာရှိခိုး အိပ်တဲ့သူ ကြီးပွားချမ်းသာကြမည့်သူ ကြီးပွားချင်သူဖြစ်လိုက သံဃာရှိခိုးအိပ်စက်ကြ။
သံဃဿ ပူဇံ မဟာဘောဂန္တော ဟူသော ပါဠိကို ကြည့်၍ စပ်ဆိုထားသည်။
ဆရာတော်သည် သင်္ကြန်အကြတ်နေ့တွင် ဥပုသ်သည်များကို ထိုကဗျာများကို ရှေ့ကနေ ပို့ချပေးနေသည်၊ ထိုလင်္ကာများကို ချပေးပြီးနောက် ဆရာတော်သည်
“ချဲထီထိုးတဲ့သူ ခွေးလိုလူ ခွေးလိုလူ မဖြစ်ချင်က ချဲထီထိုးခြင်းမှ ရှောင်ကြဉ်ကြ” ဟူ၍ ရှေ့ကနေ ပို့ချပေး နေသည်။ ထိုအချိန်တွင် တရားနာပရိသတ်အတွင်းမှ ဒါယကာမကြီး ဒေါ်ခင်အေး သည်
“ဆရာတော!် အဲဒါတော့ တော်တော်လွန်ပြီနဲ့တူတယ်၊ တပည့်တော်တို့က ချဲထိုးနေတာ၊ ဒါဆို တပည့်တော်တို့ပါ ခွေးဖြစ်တော့မှာပေါ့ဘုရား” ဟူ၍ ထလျှောက်လေသည်၊ ထိုအခါမှ ဆရာတော်သည်
“အွန်း ပြောသာ ပြောရတယ် ဒကာမကြီးရယ် ဦးဇင်းလဲ ချဲထိုးတာဘဲ ဦးဇင်းလဲ ကိုယ့်ကဗျာနဲ့ကိုယ် ခွေးဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်သွားပါပြီဗျာ၊ ”ဟု သူ့စကားသူ ပြန်၍ လျှော့ချသွားလေသည်၊ အနီး၌ ရှိနေသော မိမိသည် မရယ်မိစေရန် မနည်းကို ပါးစပ်ပိတ်ထားရလေသည်၊ မိမိ၏ စိတ်အတွင်းမှာတော့
“အော် ဆရာနဲ့ ဒကာ လိုက်လဲ လိုက်ကြပါပေတယ် ။ ”ဟု တွေးတောမိနေပါတော့သတည်း။
ဤစာမျက်နှာ၏ အဆုံး၌ older post ကို နှိပ်လိုက်လျှင် ပုံပြင်များစွာကို တွေ့ရှိပါလိမ့်မည်။




Friday, September 11, 2009

“ဒါယကာကြီးဦးအုံးရွှေအဖြစ်ကတော့”

မိမိရွာမှ အဖြစ်အပျက်ကလေးတစ်ခုဖြစ်သည်၊ မိမိတို့၏ ရွာ၌ ဦးကျင်ဟိုက်အမည်ရှိသော တရုတ်ကြီးတစ် ယောက်ရှိသည်၊ သူသည် မိမိတို့၏ ရွာ၌ နှစ်ပေါင်းများစွာကြာနေထိုင်သွားခဲ့သည်၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်က ၀မ်းတွင်းမြို့သို့ ပြောင်းရွေ့သွားခဲ့သည်၊ ယခုအခါ ထိုမြို့တွင် ကြီးပွားနေပြီးဖြစ်သည်၊ ထိုဒါယကာကြီး ဦးကျင်ဟိုက်သည် ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်သည်အားလျှော်စွာ သူငယ်စဉ်က နေခဲ့သော မိမိတို့၏ ရွာကို ကျေးဇူးဆပ်သော အနေဖြင့် ကထိန်လာရောက်ခင်းလေသည်၊ ကထိန်သင်္ကန်း နှင့်အတူ အခြားတန်ဖိုးရှိသော အသုံးအဆောင်မျိုးစုံကိုလည်း သဒ္ဓါတရားကောင်းစွာ လှုဒါန်းလေသည်၊ ကထိန် ခင်းသော ထိုနေ့က ဒါယကာကြီး ဦးကျင်ဟိုက်သည် ရွာအတွင်းရှိ သက်ကြီးရွယ်အိုများကိုလည်း ကျောင်းသို့ဖိတ်ကာ ထိုသက်ကြီးရွယ်အိုများအား တန်ဖိုးရှိသော အ၀တ်အစားများ ငွေမြောက်များစွာတို့ဖြင့် ကန်တော့လေသည်၊ ထိုကန်တော့ခံသော သက်ကြီးရွယ်များထဲတွင် ဒါယကာကြီး ဦးအုံးရွှေလည်း ပါဝင်လေသည်၊ ဒါယကာကြီးဦးအုံးရွှေသည် အရက်ကို အလွန်အမင်းသောက်သည်၊ မူးလာပြီဆိုလျှင် အိမ်က မိန်းမကို ရန်ရှာသည်၊ စကားကျယ်ကျယ်ပြောသည်၊ ယနေ့ ကန်တော့ခံမည့်နေမှာတော့ သပ်ရပ်စွာ ၀တ်ဆင် လာတော့ လူကြီးလူကောင်းတစ်ယောက်သဖွယ် ဖြစ်နေလေသည်၊ ကန်တော့သော အချိန်တွင် သူက ဆုပေး ရသည်၊သူပေးသော ဆုသည်ကား
“ဤကဲ့သို့ လှူဒါန်းရသော ကောင်းမှူကြောင့် ဦးကျင်ဟိုက်တို့ မိသားစုသည် နောက်နှစ်လည်း မိမိတို့အား လာရောက်လှူတမ်းနိုင်ပါစေသတည်း”ဟု ဆုပေးလိုက်လေသည်၊ ဦးအုံးရွှေ၏ ဆုပေးသံကို နားထောင်နေကြ သော ဝေယျာဝစ္စဆောင်ရွက်နေကြသော ရွာသူရွာသားများက
“ဘကြီးဦးအုံးရွှေကတော့ လိပ်မျိုးပဲ၊ ဆုပေးတာတောင် နောက်နှစ်လည်း သူတို့ကို လာလှူနိုင်ပါစေလို့ ဆုပေး တယ်၊ တော်တော်ပါးတဲ့ ဘကြီး”ဟု ဝေဘန်ကြလေသည်၊ အခမ်းအနားပြီးသောအခါ ဒါယကာကြီး ဦးအုံးရွှေသည် အလှူ့ဒါယကာကြီး ဦးကျင်ဟိုက်နှင့်အတူ ကျောင်းပေါ်မှ စကားပြောရင်းဆင်းလာလေသည်၊ ထိုအချိန်တွင် မိမိ၏ ဦးလေးဖြစ်သူ ကိုဝင်းမောင်က
“ဗျို့ဘကြီး ဦးအုံးရွှေ” ဟု လှမ်းခေါ်လိုက်သောအခါ ဒါယကာကြီးဦးအုံးရွှေက
“ဘာလဲကွ”ဟု ထူးလေသည်။ ဤတွင် မိမိဦးလေးဆက်ပြောလိုက်သည်ကား
“ဘကြီးတော့ ဒီနေ့ အရက်ဖိုး သုံးရက်စာလောက်တော့ တွက်ခြေကိုက်သွားပြီးထင်တယ်” ဟုနောက်လိုက် လေသည်၊ အလှူရှင်ရှေ့မှာ အဲဒီလို အပြောခံလိုက်ရတော့ ဒါယကာကြီးဦးအုံးရွှေလည်း တော်တော်ရှက်သွား သည်၊ သို့သော် ဟန်မပျက် စကားပြောရင်း လိုက်ပို့နှုတ်ဆက်လေသည်၊ ထို့နောက် ကိုဝင်းမောင်ထံ ရောက်လာပြီး
“မင်း တော်တော်ဆိုးတဲ့အကောင် ဒီက အလှူရှင် နောက်နှစ် လာလှူနိုင်အောင်လို့ စည်းရုံးနေတုန်းရှိသေးတယ်။ မင်းစကားကြောင့် ဟိုကအလှူရှင်စေတနာပျက်သွားတော့မယ်၊ နောက်နှစ်တော့ မျှော်လင့်ချက်ကုန်ဆုံးပါပြီ၊”ဟု ငေါက်ငန်းကား ပြောဆိုပြီး အရက်ဆိုင်သို့ ချီတက်သွားလေတော့သတည်း။ “အော်ဒကာကြီး ဦးအုံးရွှေ သည်ကား သူ့အတွက် အရက်ဖိုး သုံးရက်စာတွက်ခြေကိုက်သွားပြီလေ၊ သူ့ခများ တနေကုန် တနေခမ်း ပင်ပန်း ထားတာတွေ ဒီအရက်ကလေးနဲ့ပဲ ဖြေဖျောက်ချင်မှာပေါ့”ဟု မိမိစိတ်အတွင်းက စဉ်းစားနေမိပါတော့သည်။

Thursday, September 10, 2009

“အာစိဏ္ဏဘာဖြစ်လို့လဲကွ”

မိမိသည် ကိစ္စတစ်ခုဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ရွာတစ်ရွာသို့ ရောက်ရှိသွားခဲ့သည်၊ မိမိရောက် သွားသော နေ့သည် စနေနေ့ဖြစ်သည်၊ ထိုနေ့ည (ဂ)နာရီလောက်ရှိမည်ထင်ပါသည်၊ တီဗွီမှ မန်ချက်စတာ အသင်းနှင့် အာဆင်နယ်အသင်းတို့ ကစားနေကြသည်ကို တက်ရိုက်ထုတ်လွှင့်ပေးနေသည်။ ပရိသတ်သည် ကား ဘုန်းကြီးကျောင်းတိုက်အတွင်းအပြည့် ဘောပွဲကို အားပေးနေကြသည်၊ မိမိသည် ဘောလုံးပွဲဝါသနာ မပါသည့်အတွက်ကြောင့် ဆရာတော်ကြီးနှင့် စကားပြောနေလေသည်၊ ဆရာတော်သည်ကား အသက်ရှစ်ဆယ် နီးပါးရှိပြီးဖြစ်သည်၊ ခေတ်ပေါ်ပစ္စည်းများဖြစ်တဲ့ တီဗွီ, ဗွီဒီ, ကွန်ပြူတာ,ကာရာအိုကေ စသည်တို့အကြောင်းကို ဘာကိုမျှမသိရှာပါ၊ အလွန်ရိုးသားတော်မူပါသည်၊ နိုင်ငံခြားက ခေတ်ပေါ်ဘောပွဲများအကြောင်းဆိုရင်တော့ ဝေးရောပေါ့၊ သို့သော် ဆရာတော်သည် သိသလိုလိုနဲ့ ရမ်းပြောတတ်သော အလေ့တော့ရှိသည်၊ ဆရာ တော်ပြောလိုက်လျှင်လည်း အလွဲသာ များသည်၊ ဒီနေ့တော့ ဘောပွဲရှိသည့်နေ့ဖြစ်သည်၊ ဘောလုံးချစ်ပရိသတ် ကလည်း အသင်းနှစ်သင်းကို အားကြိုးမာန်တက် မျှမျှတတဘဲ အားပေးနေကြသည်၊ မန်ချက်စတာအသင်းကို ကြိုက်သော ပရိသည်ကလည်း မန်ချက်စတာအသင်းကောင်းကြောင်းကို အသားပေးပြောနေသည်၊ အားပေး နေသည်၊အာဆင်နယ်ကြိုက်တဲ့ အသင်းကလည်း အာဆင်နယ်အသင်းကောင်းကြောင်းကို အသားပေးပြော နေသည်၊ “အာဆင်နယ် အာဆင်နယ်” စသည်ဖြင့် အားကြိုးမာန်တက် အင်းတိုက်အားတိုက် အားပေးနေလေသည်၊
ဆရာတော်သည် ပရိသတ်က မန်ချက်စတာအသင်းကို အော်ဟစ်အားပေးနေစဉ် ဘာကိုမျှ မိန့်တော်မမူပါ၊ ပရိသတ်က အာဆင်နယ် အာဆင်နယ် စသည်ဖြင့် အားပေးတဲ့ အသံကို ကြားရတော့ ဆရာတော်က
“ဟေ့ကောင်တွေ အာစိဏ္ဏဘာဖြစ်လို့လဲကွ” ဟု စိုးရိမ်တကြီးမေးနေရှာသည်၊ ဤတွင် မိမိက
“ဆရာတော်! သူတို့က အာဆင်နယ်အသင်းအကြောင်းပြောနေတာ၊ ဆရာတော်ရဲ့တပည့်ကျော်အာစိဏ္ဏ အကြောင်းပြောနေတာမဟုတ်ဘူးဘုရား” ဟု လျှောက်ထားရလေသည်၊ ဤတွင်မှ ဆရာတော်က
“အော် မသိပါဘူးကွာ အာစိဏ္ဏများ တခုတခုဖြစ်သလား”လို့ စိုးရိမ်လို့ မေးတာပါကွာ ဟု ဖြေတော့ ဘောပွဲကြည့် ပရိသတ်သည်လည်း ဘောပွဲကိုတောင် အာရုံမစိုက်နိုင်တော့ဘဲ ဆရာတော်စကားကြောင့် တသောသော ရယ်ကြရလေတော့သည်၊
ဤတွင် မိမိက
“အော် ဆရာတော်ကြီးဘုရား အင်္ဂလန်က ဘောလုံးအသင်းအာဆင်နယ်နှင့် ဆရာတော်ရဲ့ တပည့်ကျော် ဦးဇင်း ဦးအာစိဏ္ဏနဲ့ လွှဲမှ လွှဲတတ်ပါပေ့ဘုရား” ဟူ၍သာ စိတ်အတွင်းမှ လျှောက်ထားမိပါတော့သည်။

Tuesday, September 8, 2009

“အပြစ်မဆိုပါဘူး”

အကျွန်ုပ်တို့ ရွာမှ အဖြစ်အပျက်တစ်ခုပါပေတည်း၊ ရွာမှ ကိုရင်မာဃိန္ဒနှင့် ကျောင်းသားများသည် ဂွေ့ကြီးရွာသို့ ဆွမ်းခံကြွသည်၊ ကိုရင်မာဃိန္ဒ၏ ဒေါ်လေး အပျိုကြီး မမိညိုသည် ထိုနေ့က လဘက်သုတ်ကို စပါယ်ရှယ်သုတ်၍ လောင်းလှူလိုက်လေသည်၊ ကျောင်းရောက်သောအခါ ရလာသော ဆွမ်း, ဆွမ်းဟင်းများကို ဆွမ်းပွဲဖြင့် ပြင်၍ ဆရာ တော်ကို ဦးစွာကပ်ကြလေသည်၊ ဆရာတော်နှင့်အတူ ကျောင်းရှိရဟန်းသံဃာများကို ရှေးဦးစွာ ဘုဉ်းပေးကြ လေသည်၊ ထိုစဉ် ကျောင်းရှိ ကိုရင်များ ကျောင်းသားများက ဆရာတော်၏အနီးအနားမှာ ရှိနေကြသည်၊ အကျွန်ုပ် သည်လည်း ဆရာတော်နှင့်အတူ ဆွမ်းဘုဉ်းပေးနေပါသည်၊ ဆရာတော်သည် ဘုဉ်းပေးကောင်းကောင်းနှင့် လဘက်သုတ်ကို ဘုဉ်းပေးနေလေသည်၊ ဆရာတော်သည် ဘုဉ်းပေးရင်း
“လဘက်သုတ်က ဘယ်အိမ်က လောင်းလှူလိုက်တာလဲကွ” ဟု ကိုရင် ကျောင်းသားများကို မေးလေသည်၊ ထိုအခါ ကိုရင်မာဃိန္ဒက
“တပည့်တော်ရဲ့ ဒေါ်လေးက ကိုယ်တိုင်သုတ်ပြီး လောင်းလှူလိုက်တာပါဘုရား”ဟု လျှောက်ထားလေသည်၊ ထိုအခါ ဆရာတော်က
“မာဃိန္ဒ! လဘက်သုတ်ကတော့ အပြစ်မဆိုပါဘူးလို့ မင်းဒေါ်လေးကို ပြောလိုက်ကွာ ” ဟု ဆရာတော်က နောက်ပြောပြောလိုက်လေသည်၊ ကိုရင်မာဃိန္ဒကို စလိုက်လေသည်၊ သို့သော် ကိုရင်မာဃိန္ဒသည် ဆရာတော်ပြောသည်ကို အဓိပ္ပာယ်မပေါက်၊ နားမလည်၊ သို့ဖြစ်၍ ဆရာတော်က
“မာဃိန္ဒ! အပြစ်မဆိုပါဘူးဆိုတာ သိလားကွလို့” မေးလေသည်။ ထိုအခါ ကိုရင်မာဃိန္ဒက
“ဘုန်းကြီးဘုရား တပည့်တော်နားမလည်ဘူးဘုရား” ဟု လျှောက်ထားလေသည်၊ ဤတွင် ဆရာတော်က
“မင်းတော်တော်အတဲ့ကောင်ဘဲ အပြစ်မဆိုပါဘူးဆိုတာ မင်းဒေါ်လေး အပျိုမစစ်ဘူးပြောတာကွ” ဟု နောက်ပြော ပြောလိုက်လေသည်၊ ညနေ ကိုရင်မာဃိန္ဒ၇ွာပြန်ကြွသောအခါ သူ၏ အဒေါ် အပျိုကြီးမမိညိုနှင့် တွေ့လေသည်၊ထိုအခါ ကိုရင်မာဃိန္ဒက
“ ဒေါ်လေး လဘက်သုတ်က ကောင်းလွန်းလို့ အပြစ်မဆိုးပါဘူးလို့” ဘုန်းကြီးက ပြောခိုင်းလိုက်တယ်” ဟု ပြောလိုက်လေသည်။ အပျိုကြီးလဲ
“အပြစ်မဆိုပါဘူးဆိုတာ ဘာပြောတာလဲ ကိုရင်ရဲ့”ဟု သိလိုဇောနှင့် မေးလေသည်။ ထိုအခါ ကိုရင်မာဃိန္ဒသည် ဆရာတော်က နောက်လိုက်သည်ကို နောက်လို့ နောက်မှန်းမသိ၊ ဒါရိုက်ပဲ ပြောချလိုက်သည်။
“ဒေါ်လေးကလဲ အပြစ်မဆိုဘူးဆိုတာ ဒေါ်လေးကို အပျိုမစစ်ဘူးလို့ ပြောလိုက်တာ ဒေါ်လေးရ” ဟု ကလေးပီပီ မကွယ်မ၀ှက်ဘဲ ပြောချလိုက်လေတော့သည်၊ ထိုအချိန်မှ စ၍ အပျိုကြီးလည်း လဘက်သုတ်လဲ လောင်းလှူရ သေးတယ်၊ သူ့ကို အပျိုမစစ်ဘူးလို့ ပြောလိုက်သောကြောင့် နှာကစ်သွားကာ အပြစ်မဆိုပါဘူးဆိုတဲ့ လဘက်သုတ်လောင်း လှူခြင်းကို သပိတ်မှောက်သွားလေတော့သတည်း။နောက်တစ်ပတ်လောက်နေတော့ ဆရာတော်သည် ကိုရင်မာဃိန္ဒအား
“မင်းရဲ့ဒေါ်လေး လဘက်သုတ်မလှူတာ ကြာပါပြီ၊ ဘာဖြစ်နေတာလဲ ကျန်းမာရေး မကောင်းဘူးလား” ဟုမေးလေသည်၊ ထိုအခါ ကိုရင်မာဃိန္ဒသည်
“တပည့်တော် ဒေါ်လေးကို ဘုန်းကြီးပြောလိုက်တဲ့ အတိုင်း ပြောလိုက်တယ်ဘုရား၊ အဲဒီအချိန်မှ စပြီး လဘက် သုတ်မလောင်း လှူတော့ဘူးဘုရား” ဟုလျှောက်ထားလိုက်လေသည်၊ ဤတွင်ဆရာတော်က
“ဟာ မာဃိန္ဒ! မင်းတော်တော်အတဲ့ကောင်ဘဲ ငါကမင်းကို စတာကွ၊ ဘာလို့သွားပြောလဲ”ဟု ငေါက်လေတော့သည်၊ ဆရာတော်လည်း နောက်မှ သူပြောတာကိုနောင်တရတော့သည်၊ သို့သော် နောင်တကား နောက်ကျသွားချေပြီ၊ ဆရာတော်နောင်တရလဲ အပျိုကြီးရဲ့ အပြစ်မဆိုပါဘူးဆိုတဲ့ လဘက် သုတ်ကတော့ နောက်တခါ လာမည်မဟုတ်တော့ချေ၊ အော် သတိထားဖွယ်ပါတကား။

Monday, September 7, 2009

“အာဂုဆွမ်း”

ွှအကျွန်ုပ်တို့ရွာ၌ မောင်လှမျိုးအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်၊ သူသည် အလွန်ဆင်းရဲသည်၊ ဆင်းတော့ ပညာလဲ ဆုံးခန်းတိုင်အောင် မသင်ခဲ့ရပေ၊ သုံးတန်းလောက်နဲ့ပဲ သူ၏ ပညာရေး အဆုံးသတ်လိုက်ရသည်၊ သို့သော် သူသည် ရိုးသားသည်၊ တဖက်သားကို ကူညီလိုစိတ်ရှိသည်၊ သို့ဖြစ်၍ ရွာဦးကျောင်းဆရာတော်သည် ကျောင်းအသစ်ဆောက်လုပ်ရာ၌ လက်သမားဆရာများကို တောက်တိုမယ်ရ ကူညီနိုင်စေရန် သူ့ကို ကျောင်းအိပ်ကျောင်းသားအဖြစ် ကျောင်းခေါ်ထားလေသည်၊ မောင်လှမျိုးသည် ကျောင်းဝေယျာဝစ္စများကို မပျင်းမရိလုပ်ဆောင်ပေးသည်၊ သို့သော် သူ့မှာ အကျင့်လေးတစ်ခုရှိသည်၊ သူသည် သိသလိုလိုနဲ့ ရမ်းပြောတတ်လေ့ရှိသည်။ သူပြောလိုက်လျှင်လည်း အမှားများသည်၊ တစ်နေ့ အကျွန်ုပ်သည် ပျင်းပျင်းရှိတာနဲ့ လက်သမားကောင်းလေးများနဲ့ စကားပြော၇န် သူတို့နေသော သိမ်တိုက်ဆီသို့ သွားရောက် ခဲ့ပေသည်၊ သိမ်တိုက်အနီးအနားရောက်သောအခါ မောင်လှမျိုးသည် လက်သမားကောင်လေးများကို မြတ်စွာဘုရားလက်ထက်က ရဟန်းတော်တွေအကြောင်းကိုအားကြိုးမာန်တက်ရှင်းပြနေလေသည်။သူပြော သည်က
“ မြတ်စွာဘုရားရှင်လက်ထက်က ရပာန်းတော်တွေက နံနက်ခင်းတိုင်း အာဂုဆွမ်းတွေ ဘုဉ်းပေးတာဗျ” တဲ့။ သို့ဖြစ်၍ မိမိလည်း ကမန်းကတန်းဝင်ရောက်သွားကာ
“လှမျိုးဆိုတဲ့ကောင် မသိရင်လဲ မပြောပါနဲ့ကွာ၊ ဘယ်ကလာ ရဟန်းတွေက အာဂုဆွမ်းဘုဉ်းပေးရမှာလဲ၊ ယာဂုဆွမ်းပါကွာ၊”ဟု မိမိက ၀င်ပြောတော့ လက်သမားကောင်လေးများက
“လှမျိုး မင်းက ငရွီးဘဲကွာ၊ ”ဟု ပြောပြီး ဟားတိုက်ရယ်ကြလေသည်၊
“အော် မိမိ ရောက်သွားလို့ပေါ့၊ မရောက်များ မရောက်ခဲ့ရင် မြတ်စွာဘုရားရှင်လက်ထက်က ရဟန်းတော်တွေ အာဂုဆွမ်းတွေ ဘုဉ်းပေးကြရတော့မည်၊ ပညာရှိ မောင်လှမျိုးလုပ်ပုံနဲ့ပေါ့။”

“ငါမြင်ပါတယ်ကွ”

ကျောက်ပန်းတောင်နယ်အတွင်း ရွာတစ်ရွာ၌ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးရှိလေသည်၊ ထိုဆရာ တော်ကြီးသည် ၀ါတော် (၆၅)၀ါ လောက်ရှိ၍ သက်တော်သည်ကား (၇၅) နှစ်လောက်ရှိမည်ထင်ပါ၏၊ ကျန်းမာရေး ကောင်းသည်၊ ဆရာတော်သည် အလွန်ရိုးသားသည်၊ ဆရာတော်၏မျက်စိကတော့ အတော်မှုန်နေပြီဖြစ်သည်၊ ကောင်းကောင်းမမြင်ရတော့ပါ၊ သို့သော် ဆရာတော်သည် ဘယ်သောခါမျှ မမြင်ဘူးဟူ၍ ၀န်ခံလေ့မရှိပါ၊ ခပ်တည်တည်ဘဲ မြင်သလို ဟန်ဆောင်ကာ နေလာခဲ့သည်၊ တစ်နေ့ အကျွန်ုပ်သည် ထိုရွာသို့ ရောက်ရှိသွားသည်၊ အကျွန်ုပ်သည် ထိုရွာမှ သူငယ်ချင်းဦးဇင်းများ, ဒါယကာကြီးများနှင့် စကားပြောနေလေသည်၊ ထိုစဉ် ဆရာတော်ကြီး သည် အပြင်မှ ရေချိုးပြီး ကျောင်းအတွင်းသို့ ၀င်လာလေသည်၊ ဆရာတော်သည် မျက်စိကမှုန်နေလေတော့ ကျောင်းအတွင်းထိုင်နေသော ဦးရန်ပကို တက်နင်းမိတော့ မလိုဖြစ်သွားသည်၊၊ ဤတွင် ဒါယကာများက
“ဘုန်းကြီး ရှေ့မှာ ဦးရန်ပ တက်နင်းမိအုံးမယ်” ၀ိုင်းဝန်းအော်လျှောက်ထားကြလေသည်၊ ထိုအခါ ဆရာတော်က
“မြင်ပါတယ်ကွ၊ ဒီ ရန်ပဆိုကောင် အများသွားတဲ့ လမ်းပေါ်ထိုင်နေလို့ တမင်သက်သက် တက်နင်းမလို့ကွ” ဟု ခပ်တည်တည်နှင့် ပြောလိုက်လေသည်၊ ဒကာများကလဲ ဆရာတော်နောက် ဖော်လိုလိုက်ကာ
“ဟုတ်တယ်ဘုရား ဦးရန်ပကလဲ လမ်းပေါ်ထိုင်နေတာ တက်သာနင်းပစ်ဆရာတော်”ဟု ပြောကာ ဟားတိုက်ရယ်ကြလေတော့သတည်း၊
တစ်နေ့ ထို ဆရာတော်ကြီးသည် မိမိတို့ ရွာသို့ အလည်ကြွတော်မူလာလေသည်၊ ထိုအချိန် မိမိ၏ ရွာကျောင်းဆရာတော်သည်ကား မရှိပေ၊ သို့ဖြစ်၍ မိမိသည် ဆရာတော်ကြီးအား ၀တ်ကြီးဝတ်ငယ်ပြုနေရလေသည်၊ တစ်နာရီလောက်စကားပြောပြိးနောက် ဆရာတော်ကြီးက
“ဇ၀နရေ ငါကုဋီသွားချင်တယ်ကွာ(ငါအိမ်သာ သွားချင်တယ်ကွာ) ဘယ်နားမှာလဲ ဟု မေးလေသည်၊ မိမိက
“ဆရာတော် အိမ်သာက ဆွမ်းစားကျောင်းမြောက်ဘက်မှာ၊ အနည်းငယ်ဝေးတယ်၊ ဆရာတော်က မျက်စိမှုန်တော့ မြင်မှာမဟုတ်ဘူး၊ တပည့်တော်လိုက်ပို့ပေးမယ်၊” ဤတွင် ဆရာတော်က
“မြင်ပါတယ်ကွ၊ ငါဘာသာ ငါသွားမယ်၊ နေပါစေ”လို့ မိန့်တော်မူလေသည်၊ သို့ဖြစ်၍ မိမိလဲ လိုက်မပို့တော့ပေ၊
သိပ်မကြာလိုက်ပါ ဆရာတော်၏ “အား” ဟူသော စူးစူးရှရှ အော်သံကို ကြားလိုက်ရသည်။ သို့ဖြစ်၍ အကျွန်ုပ်သည် ဆရာတော်နောက်သို့ ပြေးလိုက်သွားသည်။ မြင်ပါတယ်ကွလို့ ပြောသော ဆရာတော်ကြီးသည် အိမ်သာထဲရှိ အိမ်မက်ကမ္ဘာထဲ နက်မျောနေသော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ခွေးနက်ကို တက်နင်းလိုက်လေသည်၊ ထိုအခါ ခွေးနက်သည် ဒေါသတကြီး ဆရာတော်၏ ပေါင်းကို ဖြတ်ကိုက်ပစ်လိုက်လေသည်၊ ထို့ကြောင့် ဆရာတော်ကြီး၏ နက်ရှိုင်း စူးရှသော အသံကြီးသည် ပေါ်ထွက်လာခြင်းဖြစ်ပါပေသည်၊ထိုနေ့ ထိုအချိန်ခါမှစ၍ ဆရာတော်ကြီးသည် မိမိတို့ကျောင်းကို စိတ်နာပြီး “တော်ပြီးကွာ မင်းတို့ကျောင်းကို ဘယ်တော့မှ မလာတော့ဘူးကွား”ဟု ပြောပြီး ထွက်သွားလေတော့သတည်း။
သို့သော် ဆရာတော်ကြီးသည် သူ၏ မြင်ပါတယ်ကွ ဆိုသော အပြောကို တော့ လျှော့မှာ မဟုတ်တော့ ကြောင်းအကျွန်ုပ် ကောင်းကောင်းသိလိုက်ရပေသည်၊ တစ်နေ့ အကျွန်ုပ်သည် ဆရာတော်ကြီးရွာသို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိသွားလေသည်၊ ထိုအချိန်၌ ဆရာတော်ကြီးသည် မျက်စိခွဲထားလေသည်၊ သို့ဖြစ်၍ အကျွန်ုပ်သည်
“ဆရာတော် မျက်စိအခြေအနေ ဘယ်လိုလဲဟု မေးလျှောက်လိုက်လေသည်၊ ဆရာတော် က
မျက်စီခွဲလိုက်တာ ဟန်ကျတယ်ကွ၊ အပ်ပေါက်က အစ ယခုမြင်နေပြီကွ” တဲ့၊ ဤတွင် အနီးနားရှိနေသော လက်ထောက်ဆရာတော်က မိမိအား လက်ခါပြပြီး
“ဇ၀နရေ! မြင် မမြင်တော့ ငါမပြောလိုဘူး၊ ဆရာတော်နဖူးက ဒဏ်ရာတွေသာကြည့် ၊ မြင်တယ်ဆိုပြီ တစ်ပါးတည်းသွားလို့ တိုင်တွေနဲ့ တိုက်ထားလေ၊ နည်းတာမဟုတ်ဘူး၊”တိုးတိုးလေးလေးပြောပြလေသည်၊ ဤသို့ ပြောလိုက်မှ မိမိသဘောပေါက်လိုက်သည်၊ ဆရာတော်သည်ကား သူ၏ မြင်ပါတယ်ကွဆိုသော အယူအဆကို အသက်ထင်ရှားရှိနေသ၍ ပြောနေအုံးမှာဖြစ်လေတော့သတည်း။

Sunday, September 6, 2009

“တိုက်လဲ တိုက်ဆိုင်တတ်ပါပေ့(အပိုင်း ၂)့”

တစ်နေ့ ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝါယမသည် မြစ်သားမြို့နယ် ကုက္ကိုစုရွာ ကုက္ကိုစုကျောင်းသို့ ကြွရောက်လာလေသည်၊ ကုက္ကိုရွာမှ ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာမိသည်ကား တောင်းဦးရွာမှပင်ဖြစ်လေသည်၊ သို့ဖြစ်၍ သူငယ်ချင်းထံ အလည်အပတ်ကြွရောက်လာ ခြင်းဖြစ် လေသည်၊ဆရာတော်သည် ရောက်တုန်းရောက်ခိုက် တစ်ပတ်လောက် သီတင်းသုံးသွားမည်ဟုလည်း ဆုံးဖြတ်ချက်ချ ထားလေသည်၊ တစ်နေ့သော နံနက်မှာတော့ ကျောင်းမှ ကပ္ပိယကြီးဦးဓာတ်ပြားသည် ရေနွေးတည်ရန်အတွက် ကိုရင်ဝါယမအား
“ဟေ့ ၀ါယမကြီး ထကွ၊ ဟေ ၀ါယမကြီး ထကွ” ဟု အသံကျယ်ကြီးနှင့် လာရောက်နှိုးလေတော့သည်၊ ကပ္ပိယကြီး ဦးဓာတ်ပြားသည် ကျောင်းမှာ အနေကြာလာတော့ ကိုရင်များကို မလေးစားတော့ပေ၊ ကိုရင်ဝါယမလို့ ရိုသေစွာ ခေါ်ရမည့်အစား ၀ါယမလို့ဘဲ ခေါ်နေတော့သည်၊ ကိုရင်ဝါယမက မနိုးဘဲ အာဂန္တုကဆရာတော်ဦးဝါယမက နိုးလာပြီး ထကောပါလေတော့သည်၊
”ဟ ဒကာရ ရိုင်းလှချည့်လား ၀ါယမ ၀ါယမနဲ့၊ ဦးဝါယမဆိုပြီး ရှေ့က ဦးလေးတော့ ရိုရိုသေသေ ထည့်ခေါ်အုံးမှပေါ့ကွ၊ မင်းတို့ရွာသားတွေက ဒီလိုရိုင်းစိုင်းကြတာဘဲလား” တဲ့ ၊
ဤတွင် ဦးဓာတ်ပြားက
“အော် ဆရာတော်တော့ မှားပြီနဲ့တူတယ်၊ တပည့်တော်က ဆရာတော်ကိုတော့ မလေးမစား ဘယ်ခေါ်ရဲပါ့မလဲ ဘုရား၊ ကျောင်းက ကိုရင်ဝါယမကို ဆရာတော်တို့အတွက် ရေနွေးတည်ရအောင်လို့ လားနှိုးတာဘုရား၊ ”တဲ့ ထိုအခါ ဆရာတော်သည် သူအလွန်အမင်း ကပ္ပိယကြီးဦးဓာတ်ပြားကို ငေါက်လိုက်မိတဲ့အတွက် အားနာ ပါးနာဖြစ်ကာ
“အော် ဒကာကြီး ဦးဇင်း မှားသွားတယ် ခွင့်လွှတ်ပါ၊ ခင်ဗျာတို့ ဘုန်းကြီးကလဲ အခြားဘွဲ့ပေးစရာရှားလို့ (အခြားအမည်ပေးစရာရှားလို့) ကျုပ်နဲ့မှ ဘွဲ့တူလာပေးရတယ်လို့ ပြော မပြောချင်ပါဘူး”ဟု
ပြောဆိုကာ အခန်းထဲ ပြန်ဝင်သွားလေတော့သတည်း။

“တိုက်လဲ တိုက်ဆိုင်တတ်ပါပေ့ (အပိုင်း ၁)”

တစ်ခါက ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာမှ ဦးပေါက်စီသည် မိတ္ထီလာမြို့သို့ ဈေးဝယ်သွားလေသည်၊ ဈေးဝယ်ပြီးနောက် သူ၏ရွာသို့ရောက်သော ကျောက်ပန်းတောင်းကားပေါ်တွင် ထိုင်နေလေသည်၊ ထိုစဉ် ပေါက်စီရောင်းသော ကလေးတစ်ယောက်သည် ထိုကားအနီးသို့ ရောက်လာ၍“ပေါက်စီ”ဟုအော်လိုက်လေ
သည်၊ ထိုအခါ တောင်ဦးရွာမှ ဦးပေါက်စီက သူ့ကို ခေါ်တယ်ထင်ပြီး “ဘာလဲကွ“ ဟုထူးလိုက်လေသည်၊ ကလေးက ပေါက်စီလို့အော်လိုက်တိုင်း ဦးပေါက်စီက “ဘာလဲကွ” ဟုထူးနေတော့သည်၊ ဤတွင် ကလေးက စိတ်မရှည်တော့ပါ၊ သူ့ကို စတယ်ထင်ပြီး
”ဦးလေးကြီးနော် ကျုပ်ကို မစနဲ့ ၊ဒီက ပေါက်စီရောင်းမကောင်းလို့ စိတ်တိုနေတာဗျာ့၊” ထိုအခါ ဦးပေါက်စီက
“ငါ့နာမည်က ပေါက်စီလေကွာ၊ ငါ့ခေါ်တယ်ထင်လို့ ထူးတာပေါ့ကွ၊” ဟု ပြောဆိုသော အခါ ကလေးက
“အော် ဦးလေးကြီး နာမည်က ပေါက်စီလား၊ တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော်ကလဲ ပေါက်စီရောင်းနေတာဗျ”ဟူ ဖြေကြားလေသည်၊ ဦးပေါက်စီလဲ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီ
“အော် မသိပါဘူးကွာ ငါကလဲ ငါ့ကို ခေါ်တယ်ထင်လို့ ထူးတာပေါ့ကွ” ဖြေလိုက်လေသည်၊
“အော် ဆုံမှ ဆုံတတ်ပါပေ့ ဦးပေါက်စီနှင့် စားစရာပေါက်စီရယ်” လို့သာ ပြောလိုက်ချင်ပါတော့သည်။

Saturday, September 5, 2009

“အဲဒီဘုန်းကြီးဆွမ်းမလောင်းဘူး”


အကျွန်ုပ်တို့၏ ရွာ၌ မဌေးဆိုသော အပျိုကြီးတစ်ယောက်ရှိလေသည်၊ သူမသည် အရပ်(၅)ပေ ခြောက်လက်မ ခန့်ရှိမည်ထင်၏၊ သူမသည် အလွန်လှပသည်၊ မာနကြီးသည်က တစ်ချက်၊ မိဘများက သူမ လိုချင်သော အမျိုးသားနှင့် မပေးစားသည်က တစ်ချက်၊ ဤသို့သော အကြောင်းများကြောင့် အသက်လေးဆယ်ကျော်ထိ အပျိုကြီးဘ၀ဖြင့် နေခဲ့ရသည်၊
တစ်နေ့ ရွာမှ သူမထက်အသက်ငယ်သော သူမအိမ်တွင် လုပ်ငန်းကိစ္စများကို ၀ိုင်းဝန်းလုပ်ကိုင်ပေးနေသော လူပျိုကြီးကိုဝင်းအောင်နှင့်ချစ်ကြိုက်သွားကြလေသည်၊လူပျိုကြီးဆိုသော်လည်းအပျိုကြီးမဌေးထက်အသက်ငယ်သည်၊
အပျိုကြီးမဌေးသည် ဤအကြောင်းကို မိဘများကို ဖွင့်ပြောလေသည်၊ မိဘများသည် တဖက်ကောင်လေးက ဆင်းရဲတော့ သဘောမတူခဲ့ပေ၊ သူတို့ကတော့ သူတို့ကိုယ်သူတို့ မီလျယန်နာတွေလို့ ထင်ကောင်းထင်နေမှာပေါ့၊
သူတို့မှာ လယ်ဆယ်ဧကလောက်နှင့် နွားနှစ်ကောင်ရှိကြတာကိုး၊ ဒီတခါက အပျိုကြီးမဌေး စွန့်စားလေပြီ၊ သူမကြိုက်နှစ်သက်သော ကိုဝင်းအောင်နောက်လိုက်ပြေးလေတော့သည်၊
မီလျယန်နာမိဘများက ဆင်းရဲသားလေးနောက် လိုက်ပြေးရမလားဆိုပြီ အမွေပြတ်၊ သေခန်းပြတ် သမီးအဖြစ်မှ စွန့်လွှတ်လိုက်လေသည်၊
အပျိုကြီးမဌေး ချစ်လို့သာ ရည်းစားနောက်လိုက်ပြေးသည်၊ ဟိုမှာ နေစ၇ာက ကောင်းကောင်းမရှိ၊ အိမ်နောက်ဖေး အဖီတဲလေးထိုးပြီးနေကြရသည်၊
အခန်းလေးကကျဉ်းတော့ အပျိုကြီးမဌေးခမျာ အသက်ရှုတောင် ၀မယ်မထင်၊ ဒီလိုနှင့် ဆင်းဆင်းရဲရဲ ဇနီး မောင်နှံနှစ်ယောက်နေလာကြသည်၊
ကြာတော့ အပျိုကြီးမဌေး ရောဂါစွဲကပ်လာပြီ၊ ရောဂါစွဲကပ်လာတော့ မိဘထံပြန်လိုသော စိတ်များဖြစ်ပေါ် လာသည်၊ သူမကိုယ်တိုင်လဲ သွားမပြောရဲ၊
သို့နှင့် ရပ်ရွာမှ လူကြီးများကို အပူကပ်လေတော့သည်၊ ရပ်ရွာလူကြီးများသည်လည်း အပျိုကြီးမဌေး၏ မိဘများဖြစ်ကြသော ဦးခင်မောင်+ဒေါ်ဝင်းတို့ကို သွားရောက်၍ ကလေးနှစ်ယောက်ကို ပြန်လက်ခံရန်အတွက် ဖြောင့်ဖြပြောဆိုကြလေသည်၊ ဦးခင်မောင်က လက်မခံနိုင်ကြောင်း ငြင်းရုံမျှမက လူကြီးများကိုပင် ငေါက်ငန်းလွှတ်လိုက်လေသည်၊ သို့ဖြစ်၍ လူကြီးများလည်း စိတ်ညစ်ပြီ ပြန်လာခဲ့ကြရလေသည်၊ သူသမီးကိစ္စနှင့် ပတ်သက်လျှင်အိမ်အရိပ်ကိုပင် လာမနင်းနဲ့ ဟူ၍ပြောလွှတ်လိုက်သေးသည်၊ အပျိုကြီးမဌေးလဲ မိဘများထံပြန်လည်ကပ်ရန်အတွက် အမျိုးမျိုးကြိုးစားခဲ့သည်၊ မအောင်မြင့်ခဲ့ပါ၊ တစ်နေ့ လသာသောည တစ်ည၌ အကျွန်ုပ်သည် ကျောင်းသား ကိုရင်များအား ပုံပြင်ပြောပြနေလေသည်၊
ထိုအချိန်တွင် အပျိုကြီးမဌေးတို့ ဇနီးမောင်နှံနှစ်ယောက် အကျွန်ုပ်ထံရောက်ရှိလာလေသည်၊ အကျွန်ုပ်လည်း
“ဒကာမကြီးမဌေး ဘာအရေးကြီးကိစ္စရှိလို့ ညကြီးမင်းကြီး ဦးဇင်းဆီရောက်လာတာလဲ” ဟု မေးလိုက်လေသည်၊ ထိုအခါ အပျိုကြီးမဌေးက
“တပည့်တော်တို့နှစ်ယောက်ကို အိမ်မှာ ပြန်နေခွင့်ပေးဘို့ အမေနဲ့ အဖေကို ပြောပေးပါလား ဦးဇင်းရယ်“ တဲ့၊ ဤတွင်မိမိက
“ဒကာမကြီးမဌေး မလွယ်ဘူးထင်တယ်နော်၊ ခင်ဗျားရဲ့ အဖေ အမေအကြောင်းလဲ ခင်ဗျားသိသာနဲ့ ၊ ကျုပ်က ခင်ဗျားအဖေကို သွားပြောမယ့်အစား ကျားမြီးတောင်သွားဆွဲလိုက်ချင်သေးတယ်” ဟူ၍ မိမိကပြောသောအခါ
“ဦးဇင်းရယ် တပည့်တော်တို့မှာ ဆင်းဆင်းရဲရဲနေနေရတယ်၊ တပည့်တော်တို့ကို သနားသောအားဖြင့် သွားပြောပေးပါ” ဟူ၍ အတင်းပြောလာ အသနားခံလာလေတော့ မိမိလဲ တဖက်သားကို သနားတတ်သူပီပီ
”အေးဗျာ ဒါဆိုလဲ သဘက်ခါကျမှ သွားပြောပေးပါမယ်၊ “ဟူ၍ ၀န်ခံလိုက်လေသည်၊ ထိုကိစ္စကို မိမိမှ သွားရောက်၍ မပြောရသေးပါ ၊ထိုသတင်းဟာ ဒါယကာကြီး ဦးခင်မောင်ထံ ရောက်ရှိနေပြီဖြစ်လေသည်၊ ဒီနေ့ညတော့ ငါပြောမယ်လို့ဝန်ခံထားသည့်ညရောက်လာလေပြီး၊
သို့ဖြစ်၍ မိမိသည်လည်း သင်္ကန်းသေချာဝတ်ရုံပြီး ဒကာကြီးဦးခင်မောင်တို့ အိမ်ဘက်ဆီသို့ ချီတက်သွား လေသည်၊ အဝေးက မိမိလာနေသည်ကို မြင်သော ဒါယကာကြီး ဦးခင်မောင်သည်
”ငါ့သမီးကိစ္စကို ဘယ်ကောင်လာပြောပြော လက်မခံနိုင်ဘူး၊ ဘယ်ဘုန်းကြီးပြောပြောလက်ခံနိုင်ဘူး၊ အကယ်၍ ဘုန်းကြီးလာပြောရင်လဲ အဲဒီဘုန်းကြီးကို ဆွမ်းမလောင်းဘူး”
ဟူ၍ မိမိကြားအောင် အော်ပြောလိုက်လေသည်၊ ထိုအသံကို ကြားလိုက်ရသောအခါ အကျွန်ုပ်၏ ခြေလှမ်းများသည် ရှေ့သို့တက်ရန် အင်အားများမရှိတော့ပါ၊ သို့ဖြစ်၍ နောက်သို့ ပြန်လည် ဆုတ်ခဲ့ရလေသည်၊ ထိုအခါ
“အော် မောင်ဇ၀န! ကိုယ့်ကျောင်းမှာကို အသာမနေဘဲ သူများကိစ္စ၀င်ရှုပ်တာ၊ အပြောခံရနည်းသေး၊ မင်းကို ဒုတ်နဲ့ပစ်မလွှတ်တာ ကံကောင်းလို့မှတ်“ဟူ၍ မိမိကိုယ်ကို မိမိ ငေါက်ငန်းနေမိတော့သည်။
အပျိုကြီးမဌေးလဲ မျှော်လင့်ချက်နှင့် အကျွန်ုပ်ထံရောက်ရှိလာသည်၊ အကြောင်းစုံကို ပြောပြလိုက်တော့ သူမလဲ စိတ်ပျက်ပြီး ပြန်သွားလေတော့သည်၊ ဒီလိုနှင့် သူတို့ဇနီးမောင်နှံပေါင်းလာလိုက်သည်မှာ တစ်နှစ်ခန့်ရှိလာ လေသည်၊ စီးပွားတော့ တက်မလာပါ၊ သမီးလေးတစ်ယောက်တော့ ထွန်းကားလာခဲ့သည်။ သမီးဖြစ်သူ မဌေးမှ သမီးလေးမွေးဖွားတယ်လို့ သတင်းကြားလိုက်ရသော ဒကာကြီးဦးခင်မောင်နှင့် ဒကာမကြီးဒေါ်ဝင်းတို့သည် သူတို့၏ မြေးလေး ဘယ်လောက်ချော ဘယ်လောက်လှသလဲ ဆိုတာကို ကြည့်လိုကြသည်၊ သို့ဖြစ်၍ ဘေးအိမ်မှ တစ်ဆင့် မြေးလေးကို ခိုးတွေ့ကြသည်၊ကြာလာတော့ မြေးသံယောဇဉ်ကြောင့် သေခန်းပြတ်ဟူ၍ပြောဆိုနေ ကြသော ဒကာကြီး ဦးခင်မောင်နဲ့ ဒကာမကြီးဒေါ်ဝင်းတို့သည် သမီးနှင့် သမက်ကို လက်ခံလိုက်လေ တော့သတည်း၊ သူတို့ မိသားစုတွေကတော့ အဆင်ပြေသွားကြပြီ၊ အကျွန်ုပ်မှာတော့
“ဒကာကြီးဦးခင်မောင်ရေ! 'ဘယ်ဘုန်းကြီးပြောပြော လက်မခံနိုင်ဘူး၊ အကယ်၍ ဘုန်းကြီးလာပြောရင်လဲ အဲဒီဘုန်းကြီးကို ဆွမ်းမလောင်းဘူး' ဟူသော ဒကာကြီးရဲ့ ရက်ရက်စက်စက် ပြောလိုက်သော စကားသံများမှာ နားထဲက မထွက်သေးတဲ့ အတွက် အိမ်မပျော် စားမ၀င် ဆိုးဝါးတဲ့ ရောဂါဝေဒနာကြီးကို ခံစားနေရတယ် ဒကာကြီးရေ” ဟူ၍ ပြောလိုက်ချင်ပါတော့သည်။

Thursday, September 3, 2009

“သရဲဝင်ပူးခြင်း”

တစ်နေ့ အကျွန်ုပ်သည် ဥပုသ်သည် ဒါယကာမကြီးများနှင့် အလ္လာပ သလ္လာပစကားပြောနေလေသည်၊ ထိုစဉ် ရွာအတွင်းမှ မခင်ဌေးဝင်အမည်ရှိသော အမျိုးသမီးသည် အကျွန်ုပ်ထံသို့ ပြာပြာနှင့် ရောက်ရှိလာသည်၊ သို့နှင့် အကျွန်ုပ်သည်
“ဟ မခင်ဌေးဝင် ပြာပြာနဲ့ ဘာဖြစ်လာသလဲ” လို့ မေးလိုက်လေသည်၊ထိုအခါ မခင်ဌေးဝင်းသည်
တပည့်တော်မရဲ့ ယောက်ကျားကို သေသွားတဲ့ ကိုစိန်ဝင်းက ၀င်ပူးနေလို့ပါဘုရား၊ အဲဒါဦးဇင်း အန္တရာယ်ကင်း ပရိတ်တရားရွတ်ပေးပါအုံးဘုရား၊” ဟုလျှာက်လာလေသည်၊ သို့ဖြစ်၍ မိမိသည် လိုက်ရွတ်ပေးပါမည်ဟု ၀န်ခံကတိပေးလိုက်လေသည်၊ သေသွားသော ကိုစိန်ဝင်းဟူသည်ကား မခင်ဌေးဝင်း၏ အမဖြစ်သူ မတင်ဝင်း၏ ယောက်ကျားဖြစ်လေသည်၊ မခင်ဌေးဝင်း၏ ယောက်ကျားသည်ကား ကိုအောင်ခင်ဖြစ်သည်၊ ကိုစိန်ဝင်းသည် ကိုအောင်ခင်ကို ၀င်ပူးနေလေသည်၊ သို့နှင့် အကျွန်ုပ်လည်း ကျောင်းက ဦးဇင်းတစ်ပါးခေါ်ကာ လိုက်သွားလေသည်၊အိမ်ရောက်သောအခါ အကျွန်ုပ်အခြေအနေကို ကြည့်လိုက်သည်၊ မခင်ဌေးဝင်းယောက်ကျား ဖြစ်သော ကိုအောင်ခင်သည် သေသွားသူ ကိုစိန်ဝင်း၏ မိန်းမဖြစ်သူ(မတင်ဝင်း)ကို အတင်းဖက်ပြီး ငိုယိုပြောနေလေသည်၊ သူပြောသည်က
“မိန်းမရယ် ငါဟာ ယခုအခါ သရဲ(တစ္ဆေ)ဖြစ်နေရတယ်၊ ရွာရဲ့အနောက်ဖက်က သုဿန်မှာနေရတယ်၊ စားစရာမရှိ၊ မင်းနဲ့ ငါ့သားလေးတွေကို လွမ်းလိုက်တာ၊ဒါကြောင့် ငါ ဒီကို ရောက်လာတာ” ဟုပြောပြီ ကလေးနှစ်ယောက်ဖက်လိုက်၊ မတင်ဝင်းဖက်လိုက်ပေါ့၊ အခြေအနေက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေသည်၊ မိမိလည်း ရောက်လျှင်ေ၇ာက်ချင်း
“ကဲ ဒကာကြီး ဒကာမကြီးတို့ သီလယူကြရအောင်၊ ရတနာသုံးပါးကန်တော့ကြပါ၊” ဟု တိုက်တွန်းလိုက်လေသည်၊ သီလပေးပြီ၊ အကျွန်ုပ်တို့သည် ပရိတ်စတင်ရွတ်ကြလေသည်၊ မိမိတို့ ကျက်မှတ်ထားသော ပရိတ်ကြီး(၁၁)သုတ်သာ ကုန်သွားသည်၊ ကိုစိန်ဝင်းကလဲ မထွက်သေး၊ ကိုအောင်ခင်ကလဲ မတင်ဝင်းနှင့် သူ့မသားတွေကို အတင်ဖက်ပြီး ငိုယိုကာ အလွမ်းသည်နေလေသည်၊ အကျွန်ုပ်လည်း အလွန်စိုးရိမ်လာသည်၊ အကယ်၍သာ ကိုစိန်ဝင်းထွက်မသွားပါက အကျွန်ုပ်တို့သည် အရှက်တကွဲ အကျိုးနည်း အခြေအနေသို့ ရောက်ရှိလာပေတော့မည်၊လူတွေကလဲ ၀ိုင်အုံကြည့်နေကြသည်၊ အကျွန်ုပ်လည်း ချွေးဇောများပင် ပြန်လာတော့သည်၊ ကိုအောင်ခင်ကတော့ မတင်းဝင်းကို ဖက်မြဲဖြစ်သည်၊ ကိုအောင်ခင်သည် အရက်ကို အလွန်အမင်းသောက်လေ့ရှိသည်၊ အကျွန်ုပ်ပါးစပ်မှ ရုတ်တရက်
“မတင်ဝင်းရေ! ဦးဇင်းတို့လဲ တတ်သမျှ မှတ်သမျှ အကုန်ရွတ်ဖတ်ပေးပြီးပြီ၊ ခင်ဗျားယောက်ကျား ကိုစိန်ဝင်း ၀င်ပူးတာတော့ ဟုတ်မယ်မထင်ဘူး၊ ကျုပ်အထင်တော့ ကိုအောင်ခင် အမူးလွန်ပြီး ဖြစ်တဲ့ကိစ္စလို့ ဦးဇင်းထင်တယ်”ဟူ၍ ပြောလိုက်သောအခါ သေသွားသော ကိုစိန်ဝင်း၏ ၀င်ရောက်ပူးဝင်ခြင်းကို ခံနေရသော ကိုအောင်ခင်သည် မိမိအား
“ဦးဇင်း တပည့်တော်အဲဒီလောက်မမိုက်ရိုင်းဘူး၊”ဟု ဒေါသတကြီးမိမိအား ပြန်ပြောကာ ပရိသတ်ကြားမှ ရှက်ကိုးရှက်ကန်း တိုးထွက်ပြီး ယိုင်ထိုးယိုင်ထိုးနှင့် သူ့အိမ်ဘက်ဆီသို့ ထွက်သွားလေတော့သတည်း၊ ထိုအခါ ရွာမှ လူကြီးတွေကလဲ
“အောင်ခင်ဆိုတဲ့ကောင် ကိုယ်ဘာသာမူးတဲ့ကိစ္စ တင်ဝင်းမိသားစုကို ဒုက္ခလာပေးတယ်၊ ဒီကောင် တော်တော်ဆိုးတဲ့ ကောင်”ဟူ၍ တီးတိုးတီးတိုးပြောသွားကြသည်။ မိမိသည်လည်း
“ပရိတ်ကြီး(၁၁)သုတ်ရွတ်ဖတ်ထားသော အကျွန်ုပ်၏ ပါးစပ်သည်ကား တော်တော်အစွမ်းထက်ပါကလား” ဟုမိမိကိုယ်ကို မိမိဂုဏ်ယူနေမိတော့သည်။ကိုအောင်ခင်ကတော့ မိမိအား အမုန်းပွားကောင်း ပွားလာနိုင်သည်၊ အဘယ်ကြောင့် ဆိုသော် မိမိသည် သူ့အား အမှန်အတိုင်း လူအများကြားတွင် ပြောလိုက်သောကြောင့်ပေတည်း၊
တစ်နေ့ ထိုအကြောင်းနှင့် ဆက်စပ်၍ အကျွန်ုပ်သည် မိမိဆရာသမားအား လျှောက်ထားမိသည်၊ ဆရာတော်က
“မောင်ဇ၀နရေ! နောင်ဒါမျိုးပေါ်လာလျှင် ပရိတ်မရွတ်နဲ့၊ ဒုတ်တုတ်တုတ်နဲ့သာ ဆော်ပေး၊ ဒါမှ နောက်မပူးရဲတော့မှာကွ၊ အဲဒီလိုမှ မဟုတ်ရင် ၀င်ပူးနေအုံးမှာကွ” ပြတ်သားစွာ မိန့်ကြားတော်မူပါပေသည်။
ဤစကားနှင့်စပ်၍ ပုံပြင်တစ်ပုဒ်ရှိသေးသည်၊ တခါက ဆရာတော်တစ်ပါးနှင့် ကပ္ပိယတို့သည် တောလမ်းအတိုင်း ခရီးထွက်လာကြသည်၊ တစ်နေရာအရောက် ကျွဲတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လေသည်၊ ထိုအခါ ဆရာတော်သည်
“အမောင်ကျွဲ ကျန်းမာပါစေ ချမ်းသာပါစေ”ဟု မေတ္တာပို့နေလေသည်၊ သို့သော် ကျွဲကြီးသည်ကား ဆရာတော်နှင့် ကပ္ပိယကို ဝှေ့ရန် နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုးလာလေသည်၊ ထိုအခါ ကပ္ပိယက အနီးရှိ ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ ထိုကျောက်ခဲဖြင့် ပစ်ပေါက်လိုက်လေသည်၊ ထိုအခါမှ ကျွဲကြီးသည်လည်း တဟုန်ထိုးထွက်ပြေးလေတော့သည်၊ ဤတွင် ဆရာတော်သည်
“အော် ကပ္ပိယကြီးရေ! ကပ္ပိယကြီးရဲ့ ကျောက်ခဲက ဦးဇင်းရဲ့ မေတ္တာထက် အစွမ်းထက်ပါလား”ဟူ၍ ချီးကျူးမိန့်တော်မူလေသည်။ မိမိစဉ်းစားမိသည်ကား
“အော် မိမိဆရာသမားပြောသလို တခါတလေတော့လဲ တရားနဲ့ မ၇ပါးလား၊”ဟူ၍ပင် ဖြစ်လေတော့သတည်း။

ဤစာမျက်နှာ၏ အဆုံးတွင် older post နှိပ်လိုက်ပါ၊ နောက်ထပ်ပုံပြင်များကို တွေ့ရပါလိမ့်မည်။

Wednesday, September 2, 2009

“အကျွန်ုပ်တို့ရွာမှ ပညာရှိ မောင်ဂွတို”

အကျွန်ုပ်တို့ရွာ၌ မောင်ဝင်းညွန့်ဦးဆိုသော လူငယ်တစ်ယောက်ရှိသည်၊ သူသည် အရပ်အလွန်ပုသည်၊ သို့ဖြစ်၍ ရွာဦးကျောင်းဆရာတော်သည် သူ့ကို “ဂွတို”ဟူ၍ နာမည်သစ်ပေးလိုက်လေသည်၊ ထိုအချိန်မှ စ၍ ရွာသူရွာသားများကလည်း သူ့ကို “ဂွတို”ဟူ၍ပင် ခေါ်ဆိုကြလေသည်၊ ဤနေရာ၌ မောင်ဂွတို၏ အရည်အသွေးကို အနည်းငယ်ပြောပြပါရစေ၊ မောင်ဂွတိုသည် ငါးနှစ်သားအရွယ်တွင် စာပေပညာသင်ကြားရန် သူ့၏ အမေဖြစ်သူဒေါ်ထွေးမှ ရွာဦးကျောင်းဆရာတော်ထံတွင် လာရောက်အပ်နှံသွားလေသည်၊ သူသည် အလွန်အင်မတန်မှ ဥာဏ်ထိုင်းသည်၊ မောင်ဂွတိုလက်ထက် အကျွန်ုပ်တို့ရွာတွင် ကျောင်းထိုင်တော်မူသွားသော ဆရာတော်များသည် သုံးပါးရှိပြီဖြစ်လေသည်၊ သို့သော်မောင်ဂွတို၏ ပညာအရည်အသွေးသည်ကား“ကကြီရေက ကကြီးရေးချကာ” မှ တက်မလာပေ၊ သင်ပုန်းကြီးနှင့်ပင် လည်ထွက်နေသည်၊ ဘုန်းကြီးသုံးဆက်ပင် ရှိသွားပြီးဖြစ်လေသည်၊ သို့ဖြစ်၍ သူ့၏ အမေဖြစ်သူ ဒေါ်ထွေးသည်
“ငါ့သားလေး စာမတတ်တာ ဘုန်းကြီးကျောင်းထားလို့ဖြစ်မှာ” ဟူသော အတွေးဝင်လာလေသည်၊ ထို့ကြောင့် ဒေါ်ထွေးသည် သားဖြစ်သူကို အစိုးရ စာသင်ကျောင်းသို့ ပြောင်းထားလေသည်၊ သူသည် ဆရာမများထံ သူသားကို အပ်နှံရာ၌
“ဆရာမရယ်! ကျမသားလေး ဘုန်းကြီးကျောင်းထားတာ စာမတတ်လို့ ၊အဲဒါ ဆရာမဆီကို လာအပ်တာပါ” ဟူ၍ ဆရာတော်များကိုပင် အပြစ်ပြောလိုက်သေးသည်၊ သို့ဖြစ်၍ ဆရာမသည် မောင်ဂွတိုအား တစ်နှစ်လောက် စာသင်လိုက်သေးသည်၊ သို့သော် “က, ခ,”စသည်က တက်မလာပေ၊ ဆရာမလည်း မောင်ဂွတိုကို စာသင်ရသည်မှာ စိတ်ညစ်လာသည်၊သို့ဖြစ်၍ သူမသည် မောင်ဂွတိုကို သူ့အမေလက် ပြန်အပ်လိုက်ရလေသည်၊ထိုစဉ် အကျွန်ုတို့ရွာသို့ ကျောင်းထိုင်ဆရာတော်အသစ်တစ်ပါးရောက်ရှိလာလေသည်၊ ထိုဆရာတော်သည် ဥာဏ်ကောင်းသည်၊ ပညာတတ်သည်၊ စည်းကမ်းကောင်းသည်၊ စာသင်ရာတွင်လည်း အလွန်တော်သည်၊ သို့အတွက်ကြောင့် ဒေါ်ထွေးသည် သူ့သား မောင်ဂွတိုကို ပညာတတ်ကြီးတစ်ယောက်ဖြစ်လာစေရန် ထိုဆရာတော်အသစ်ထံ အပ်နှံလေပြန်သည်၊ မောင်ဂွတို၏ အကြောင်းကိုလဲ ရွာအတွင်းမှ ဒကာ ဒကာမများလျှောက်ထားပြီးဖြစ်၍ ဆရာတော်ကြိုတင်သိရှိနေပြီး ဖြစ်လေသည်၊ သူ့ကို လာအပ်စဉ်က ဆရာတော်က
“ဒကာမကြီးဒေါ်ထွေးရေ! ကျုပ်နဲ့ တွေ့ရင် ဒကာမကြီးရဲ့သား ပညာတတ်တစ်ယောက်ဖြစ်ပြီလို့သာ အောက်မေ့လိုက်တော့”ဟူ၍ ဆရာတော်သည် အားကြိုးမာန်တက်ပြောလိုက်သေးသည်၊ ဆရာတော်သည် မောင်ဂွတိုကို ဖိဖိစီးစီး စာသင်ပေးလိုက်လေသည်၊ သင်ပုန်းကြီးကုန်၍ ငါးပါးသီလအနက်ပေးအထိ ရောက်ရှိလာလေပြီ ဖြစ်သည်၊ ဆရာတော်လည်း သူ့ကိုသူ ဂုဏ်ယူနေသည်၊ မောင်ဂွတိုသည် သူ့လက်ထက်တွင် ပညာအရည်အသွေးမြင့်လာလေပြီးဖြစ်လေသည်၊တစ်ည ဘုရားဝတ်တက်ပြီးနောက်ဆရာတော်သည် သူ့၏ တပည့်ကျော်ကိုရင်များကို ငါးပါးသီလအနက်(ငါးပါးသီလအဓိပ္ပာယ်) ကို တစ်ပါးစီပြောခိုင်းလေသည်၊ မောင်ဂွတိုအလှည့်ရောက်သော အခါ “အဗြဟ္မစရိယာ” ပါဠိပုဒ်ကို အနက်ပေးခိုင်းလေသည်၊ အဓိပ္ပယ်ပြောခိုင်းလေသည်။ မောင်ဂွတို၏ အနက်ပေးလိုက်သည်ကား(အဓိပ္ပယ်ပြောလိုက်သည်ကား)
“အဗြဟ္မစရိယာ၊ မေထုန်နွားတို့ကို တပိုးကောက်ခြင်းမှ” ဟူ၍ ပညာရှင်များမှတ်သားစေရန် အနက်ပေးလိုက်(အဓိပ္ပယ်ပြောလိုက်)လေသတည်း၊ “အဗြဟ္မစရိယာ၏ အနက်အမှန် အဓိပ္ပာယ်မှန်သည်ကား မမြတ်သော မေထုန်အကျင့်တို့ကို ကျင့်ခြင်းမှ” ဟူ၍ပင်ဖြစ်လေသတည်။ ဤသည်ကား မောင်နကြီး မောင်ဂွတိုနှင့်ပတ်သက်သော အကြောင်းပေတည်။
ဤသည်နှင့်စပ်၍ ပုံပြင်လေးတစ်ပုဒ်ရှိလေသည်၊
တခါက စာမတတ်သော မိသားစုတစ်စုရှိလေသည်၊ ထိုမိသားစုမှာ မိဘနှစ်ပါး၊ သားတစ်ယောက်ဟူ၍ သုံးယောက်သာရှိလေသည်၊ မိဘနှစ်ပါးသည် စာမတတ်ကြပါ၊သို့သော်သူတို့သည် သူတို့၏သားလေးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်သည်၊ သို့ဖြစ်၍ ငယ်ငယ်ရွယ်ရွယ်မှာပင် အတန်းကျောင်းကို ပို့ထားလေသည်၊ တစ်နေ့ ဖခင်ဖြစ်သူက သူ့သား စာဘယ်မျှလောက်တတ်ပြီလဲဆိုသည်ကို သိလိုသည့်အတွက် “ငါ့သား ကျွဲကို စာလုံးပေါင်းပြစမ်းပါ”ဟုမေးလေသည်၊ ထိုအခါ သားဖြစ်သူက
“အဖေကလဲ သားက ကျောင်းနေတာမှ မကြာသေးတာ ဘယ်လိုလုပ်ပြီး ကျွဲကို စာလုံးပေါင်းတတ်မှာလဲဗျ” ဟု အကြောင်းပြလာလေသည်၊ ဤတွင် ဖခင်ဖြစ်သူက
“မင်းကလဲ ကျွဲတောင် စာလုံးပေါင်းမရဘူး၊ ငါ့ ပေါင်းပြမယ်၊ နားထောင်၊ ကျွဲရေးချကျွဲ”တဲ့ ၊ထိုအခါ ဇနီးမယားဖြစ်သူက အောက်ပါအတိုင်း ပြောလိုက်လေသည်။
“တော်က ကျွဲစာလုံးပေါင်းရမှာပေါ့၊ လူကြီးကိုး” တဲ့၊ မိမိကောက်ချက်ချမိလိုက်သည်ကား
“အော် ဒီမိသားစုထက်သာရင် ဒို့ရွာက ပညာရှိကြီးမောင်ဂွတိုကမှ တော်သေးဟ”ဟူ၍သာဖြစ်လေသတည်း။

Tuesday, September 1, 2009

“စာချဆရာတော်နှစ်ပါးတို့၏ ရင်ဖွင့်သံ”

တစ်ခါက စာချဆရာတော်နှစ်ပါး တွေ့ဆုံကြလေသည်၊ တစ်ပါးသည် သီလရှင်ဆရာလေးများကို စာချလေသည်၊ တစ်ပါးသည်ကား ရဟန်းသာမဏေများကို စာချပေးနေလေသည်၊ ထိုတွင် ရဟန်းသာမဏေများကို စာချပေးနေသော ဆရာတော်က သီလရှင်ဆရာလေးများကို စာချပေးသော ဆရာတော်ကို မေးလေသည်၊
“ဆရာတော်! သီလရှင်ဆရာလေးတွေကို စာချပေးရတာ အဆင်ပြေရဲ့လား” ဟုမေးလေသည်။ ထိုအခါ သီလရှင်ဆရာလေးများကို စာချပေးသော ဆရာတော်က
“ဆရာတော်ရေ! သီလရှင်ဆရာလေးတွေကို စာချပေးရတာ တော်တော်စာချပေးရကျိုးနပ်ပါပေတယ်၊ ကျောင်းရောက်တာနဲ့ သန့်ရှင်းရေးပြုလုပ်ပေးကြတယ်၊ ကောင်းပေ့ဆိုတဲ့ ဟင်းတွေကို ချက်ပြုတ်ပြီး မကြာမကြာ ကပ်လေ့ရှိတယ်၊ အစစအရာရာ လုပ်ဆောင်ရာမှာ သန့်သန့်ရှင်းရှင်းရှိလှပါပေတယ်ဘုရား၊ ကုန်ကုန်ပြောမယ်ဘုရား၊ ရေသောက်ချင်တယ်ဆိုတာနဲ့ သောက်ရေခွက်ကို သေချာဆေး၊ ရေကို ရေစစ်နဲ့ သေချာစစ်ပြီး ရိုရိုသေသေ ကပ်တာဘုရား၊”တဲ့၊ ထို့နောက်
“အရှင်ဘုရားကော ဘယ်လိုလဲဘုရား” လို့ သီလရှင်ဆရာလေးများကို စာချပေးသော ဆရာတော်သည် ရဟန်းသာမဏေများကို စာချနေသော ဆရာတော်ကို မေးလေသည်။ ဤတွင် ရဟန်းသာမဏေများကို စာချပေးနေသော ဆရာတော်က
“မပြောချင်ပါဘူး ဆရာတော်! ဆရာလေးတွေလို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဆိုတာ ဝေးလို့၊ ဟိုတစ်နေ့က ဖန်းခါးသီးလေး စားချင်လို့ သွားခူးစမ်းပါ မောင်ပဇင်းရယ်လို့ပြောလိုက်တယ်လေ၊ သွားတော့ခူးပါတယ်၊ ခူးပုံကတော့ ပြောပြရအုံးမယ် ကိုယ်တော်ရေ့၊ သူစီးတဲ့ ဖိနပ်နဲ့ ပစ်ချပြီး ရေလေးနဲ့တောင် မဆေးဘူး ၊ လာကပ်တယ် ဆရာတော်ရေ၊ ဆရာတော်ရဲ့ဆရာလေးတွေနဲ့ တပည့်တော်ရဲ့ ကျောင်းက ကောင်တွေနဲ့တော့ ကွာပါပေတယ် ဆရာတော်ရယ်၊” ဟု ငြီးတွားပြီး ပြောပြရှာလေတော့သတည်း။

Monday, August 31, 2009

“အင်္ဂလိပ် စာသင်ခန်းမှ ဟာသများ (အပိုင်း ၂)”

အကျွန်ုပ်တို့ သာသနတက္ကသိုလ်မှ ဆရာတော်တစ်ပါးသည် ကျန်းမာရေးအတွက် မန္တလေးတောင်ပေါ်တက်၍ လမ်းလျှောက်လေ့ရှိသည်၊ တစ်နေ့သူသည် ဒါယကာတစ်ယောက်နှင့် မန္တလေးတောင်ပေါ်တွင် တွေ့ရှိလေသည်၊ ထိုဒါယကာကပင် ဆရာတော်ကို
“အရှင်ဘုရား, ဘယ်ကျောင်းတိုက်ကပါလဲဘုရား” ဟု စတင်နှုတ်ဆက်လေသည်၊ ထိုအခါ ဆရာတော်က
“ဦးဇင်းက သာသနတက္ကသိုလ်ကပါ ဒကာကြီး” ဟု ဖြေကြားလေသည်၊ ထိုအခါ ဒါယကာကြီးက
“သာသနတက္ကသိုလ်က ကိုယ်တော်လေးတွေ တပည့်တော်တို့ မန္တလေးတောင်ပေါ်ကို တက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားပြောနေတာ တော်တော်တွေ့နေရတယ်ဘုရား” ဟု လျှောက်ထားလေသည်၊ ဤတွင်ဆရာတော်က
“ဒကာကြီးရေ! အဲဒါ ဦးဇင်းရဲ့ တပည့်လေးတွေပေါ့ ဒကာကြီးရဲ့” ဟု အားရ၀မ်းသာဖြေကြားလိုက်လေသည်၊ ထိုအခါ ဒါယကာကြီးက
“အင်္ဂလိပ်စကားကောင်းကောင်းတော့ မပြောတတ်ကြပါဘူးဘုရား”ဟု ဆက်၍ လျှောက်ထားလိုက်ရာ ဤတွင်
ဆရာတော်က
“အော် ဒကာကြီးရေ! ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းက ကိုယ်တော်တွေလဲပါသေးတယ် ဒကာကြီးရ” ဟု ပါးနပ်စွာဖြေကြားလိုက်လေသတည်း။

Sunday, August 30, 2009

“အင်္ဂလိပ် စာသင်ခန်းအတွင်းမှ ဟာသများ”

မိမိတို့၏ သာသနတက္ကသိုလ်မှ အဖြစ်ပျက်ကလေးတစ်ခုဖြစ်ပါသည်၊ သာသနတက္ကသိုလ်၌ ဘာသာ(ရ)ရပ်ပြဌာန်းထားသည်၊ ထိုအထဲတွင် အင်္ဂလိပ်စာဘာသာလည်းပါဝင်လေသည်၊ တစ်နေ့ အင်္ဂလိပ်စာပြသော ဆရာတော်သည် အသံထွက်များပြောင်းလဲသွားပုံကို ရှင်းပြလေသည်၊ ထိုအထဲတွင် ဆရာတော်သည် (T)၏ အသံထွက်ပြောင်းသွားပုံကို အောက်ပါအတိုင်း အာဘောင်အာရင်း သံသံနှင့် ရှင်းပြလေသည်၊
“အရှင်ဘုရားတို့ အင်္ဂလိပ်စာက မိမစစ် ဖမစစ်ဘာသာ ဆိုတော့ အသံထွက်က မတည်ငြိမ်ဘူးဘုရား၊ အမြဲတမ်းပြောင်းလဲနေတယ်၊ ဥပမာ (T) ကိုပြောကြပါစို့ဘုရား၊ T ကို အရင်က (တီ) ဟူ၍ အသံထွက်တယ်၊ ယခုပြောင်းသွားပြီ ဘုရား၊ ယခု T ကို (ထီ) လို့အသံထွက်ပါတယ်ဘုရား၊”ဟု ဆရာတော်က အားကြိုးမာန်တက်ရှင်းပြနေလေသည်၊
ထိုအခါ အင်္ဂလိပ်စာကို လုံးဝမသင်ဖူးသေးသော စာသင်သားရဟန်းတစ်ပါးက
“ဆရာတော်ဘုရား, အကယ်၍ (T) ကို (ထီ)လို့ အသံပြောင်းထွက်ရမယ်ဆိုလျှင် “တက်တိုးအဘိဓာန်”ကို “ထက်ထိုး အဘိဓာန်” လို့ အသံပြောင်းထွက်ရမှာလားဘုရား”ဟု မေးလျှောက်သောအခါ ဆရာတော်က “အဲဒီလိုလဲ တရားသေ မမှတ်နဲ့လေ၊ ဒီက အင်္ဂလိပ်စာကို ပြောနေတာ၊ မြန်မာစာကို ပြောနေတာမဟုတ်ဘူးလေ”ဟူ၍ ဖြေသွားလေသည်၊ ထို့နောက် ဆရာတော်သည် အသံထွက်အသစ်နှင့် ပတ်သက်၍ အောက်ပါအတိုင်းဆက်လက် သင်ကြားလေသည်၊
“ နောက်ပုံစံတစ်ခု သွားကြအုံးစို့၊ ဥပမာ Table ကို ဆိုကြပါစို့ဘုရား၊ ယခင် Table ကို (တေးဘယ်) လို့ အသံထွက်ပါတယ်၊ အေး ယခု ပြောင်းသွားပြီဘုရား၊ အသံထွက်အသစ်က (ထေးဘား)တဲ့ဘုရား ဟူ၍ သင်ကြားပေနေလေသည်၊ ထိုအခါ ကိုယ်တော်တစ်ပါးက
“ဘုန်းကြီးဘုရား, (ဌေးပေါ) လို့ကော အသံထွက်လို့ မရဘူးလားဘုရား၊” ဟူ၍ ထမေးလေသည်၊ ထိုအခါ ဆရာတော်က
“စာသင်နေတာ မနောက်နဲ့ မနောက်နဲ့၊” ဟူ၍ မိန့်ကြားလေသည်။ ကိုထေပေါဟူသည်ကား သာသနတက္ကသိုလ်၌ ဓာတ်ဆီ ဒီဇယ်ဆီများကို ပေးဝေရာတွင် ဦးစီးဦးကိုင် လုပ်ဆောင်နေသော အရာရှိတစ်ယောက်ပင်ဖြစ်လေသတည်း။
နောက် အင်္ဂလိပ်စာဆရာတော်တစ်ပါးသည်ကား အင်္ဂလိပ်စာသင်ကြားမှုနှင့် ပတ်သက်လို့ အောက်ပါအတိုင်းရှင်းပြသွားလေသည်၊
“အရှင်းဘုရားများ, အင်္ဂလိပ်စာသင်ရာမှာတော့ ကျောက်မီးသွေးရထားလို သဘောထားပြီး သင်ရပါမယ်ဘုရား၊ ကျောက်မီးသွေးရထားကြီးဟာ မမြန်ပါဘူး၊ တအိအိနဲ့ခုတ်မောင်းနေတာပါဘဲ ၊ 'ဟုတ် ဟုတ် မဟုတ်ဟုတ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ်' ဆိုပြီး အသံထွက်ပြီး ခုတ်မောင်းလာလိုက်တာ နောက်ဆုံးတော့ အဲဒီရထားကြီး ဘူတာကို ဆိုက်သွားတာပါဘဲ၊ အေး အရှင်ဘုရားတို့ အင်္ဂလိပ်စာလေ့လာရာမှာလဲ ကျောက်မီးသွေးရထားကြီးလိုပါဘဲ “ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်ဟုတ် မဟုတ်ဟုတ်” လေ့လာကြပါ၊ ကြိုးစားကြပါ၊ တစ်ချိန်ချိန်မှာတော့ ကျောက်မီးသွေးရထားကြီးဟာ ဘူတာကြီးကို ဆိုက်သွားသလို အရှင်ဘုရားတို့လဲ အလိုရှိတဲ့ ပန်းတိုင်ကို ရောက်သွားကြမှာပါဘဲ၊” တဲ့

Saturday, August 29, 2009

”အကျွန်ုပ်နှင့် အကျွန်ုပ်ဘကြီး (အပိုင်း ၃)”

တစ်နေ့ အကျွန်ုပ်သည် ဘကြီးအိမ်သို့ အလ္လာပသလ္လာပစကားပြောရန် ရောက်ရှိသွားလေသည်၊ အိမ်ရောက်သွား သောအခါ ဘကြီးသည် အကျွန်ုပ်အား စတုမဓူကပ်လေသည်၊ ဟိုရောက်သည်ရောက်နှင့် စကားပြောရင်း ကူမဲမြို့မှ သူ၏ သူငယ်ချင်းသူဌေးတစ်ဦး၏ အကြောင်းဆီသို့ရောက်သွားလေသည်၊ ထိုသူဌေးသည် ယခုအခါ မုဆိုးဘိုကြီးဖြစ်နေလေသည်၊ ဇနီးမယားဆုံးသွားသည်မှာလည်း ကြာပြီဖြစ်သည်၊ သားသမီးများကလည်း အိမ်ထောင်ကျသွားကြ၍ ထိုသူဌေးကြီးသည် တစ်ယောက်တည်း အထီးကျန်ဖြစ်နေလေသည်၊ သို့ဖြစ်သည့်အတွက် သားသမီးများက ဖခင်ဖြစ်သူကို အရွယ်ငယ်ငယ် ချောမောလှပသော မိန်းခလေး တစ်ယောက်နှင့် လက်ထပ်ပေး လိုက်လေသည်၊ မိမိ၏ ဘကြီးဖြစ်သူသည် သူ၏ သူငယ်ချင်းကို အားကျနေလေသည်၊ သူလဲ အိမ်ထောင်ပြုချင်ဟန်ရှိ၏၊ သို့ဖြစ်၍ ဘကြီးဖြစ်သူက မိမိအား
“ဦးဇင်းရေ, ကူမဲက တပည့်တော်သူငယ်ချင်းကတော့ ကံကောင်းပါတယ်၊ အားကျဘို့ ကောင်းလိုက်တာ၊ သူ့သားသမီးတွေက ကောင်းမလေးချောချောလေးနဲ့ သူ့ကို လက်ထပ်ပေးလိုက်တာ၊ ယခုတော့ အဆင်ပြေ နေတယ်”၊ ဟု အားရ၀မ်းသာ သူငယ်ချင်းဖြစ်သူအကြောင်း ပြောကြားလာလေသည်၊ ဆက်ပြောသည်မှာ
“တပည့်တော်သားသမီးတွေလဲ အဲဒီလို အလိုက်သိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ” ဟု သူ့၏ ဆန္ဒကို ထုတ်ဖေါ်ပြောကြားလာလေသည်၊ အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်သော မုဆိုးဘိုကြီးဖြစ်သော မိမိ၏ဘကြီး သည် နောက်ထပ်အိမ်ထောင်ပြုချင်ဟန်ရှိ၏။ သို့ဖြစ်၍ မိမိက
“ဘကြီးရာ မလိုချင်စမ်းပါနဲ့၊ ကိုယ့်အရွယ်ကိုလည်းထောက်ပါအုံး၊ ဘကြီးတို့အရွယ်က တရားအားထုတ်ရ တော့မယ့် အရွယ်ရောက်နေပြီ၊ အများကလက်ညှိုထိုးပြောစရာဖြစ်နေပါအုံးမယ်” ဟုမိမိက ပြောသောအခါ ဘကြီးဖြစ်သူက
“စစ်ကူးရမလားလို့ ပြောကြည့်ပါတယ်၊ ဦးဇင်းကလဲ သားသမီးတွေဘက်ကပါနေတယ်၊ ဦးဇင်းလဲ မစွံပါဘူး၊ ဘုန်းကြီးပီပီ တရားဟောဘို့ဘဲ သိတယ်၊” ဟု စိတ်ဆိုးမာန်ဆိုး ပြောလေတော့သည်၊ ကပ်လက်စဖြစ်သော စတုမဓူလေးကိုပင် ပြန်လည်ယူမည့် အနေအထားရှိနေလေသည်၊ မိမိလည်း ပြန်လည်တွေး မိသည်။ တဏှာဆိုတဲ့ တရားကို အနာဂါမ် ရဟန္တာသူတော်ကောင်းကြီးများမှ စွန့်နိုင်သည့်တရားဖြစ်လေသည်၊ သို့ဖြစ်၍ မိမိဘကြီး နောက်အိမ်ထောင်ပြုလိုသည်ကို အပြစ်ဟူ၍ မဆိုသာပေ၊
သည်အကြောင်းနှင့် စပ်၍ ပုံပြင်တစ်ပုဒ်ကြားဖူးသည်၊
တစ်ခါက အသက်ရှစ်ဆယ်ကျော် ဇနီးမောင်နှံနှစ်ယောက်ရှိကြလေသည်၊ သူတို့သည် တစ်ဦးကို တစ်ဦးချစ်ကြသည်၊ အဘိုးကြီးသည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားလေသည်၊ ထိုအခါ ဇနီးဖြစ်သူက ရောက်ပါအတိုင်း ငိုယိုလေသည်။
“အမေလေး သွားလေသူကြီးရယ်, ကျမကို ပစ်ထားခဲ့ပြီပေါ့၊ အော် ကျမတို့ ချစ်လို့မှ မ၀သေးဘူး၊” တဲ့
“အော် တဏှာဆိုတဲ့ တရားဟာ အကြီးအငယ်မရွေး အမြဲတမ်းနှိပ်စက်နေပါကလား” ဟု မိမိ သံဝေဂပင်ဖြစ်မိခဲ့သည်၊
မိမိဘကြီးသည် သူအိမ်ထောင်ပြုလိုသော အကြောင်းကို တိုက်ရိုက်လည်း သူ၏သားငယ်ကို မပြောရဲပေ၊ သူ၏ မိတ်ဆွေများကို ပြောခိုင်းလေသည်၊ တစ်နေ့ သားဖြစ်သူက ထိုအကြောင်းသိလေရာ အရက်ကလဲနည်း နည်းသောက်ထားလေသည်၊ သို့ဖြစ်၍ ဖခင်အား တိုက်ရိုက်မေးချလိုက်သည်၊
သူမေးသည်က
“အဖေ အိမ်ထောင်ပြုချင်နေတယ်လို့ ပြောသံကြားတယ်၊ အဲဒါဟုတ်လား”၊ တဲ့၊ အဖေဖြစ်သူကလဲ
“ဟုတ်တယ်လေ၊ မင်းတို့က အလိုက်သိပြုပေးရင်တော့ ငါလဲ အိမ်ထောင်ပြုချင်တာပေါ့ကွ၊” ဤတွင် မူးနေသော သားဖြစ်သူက
“ကျုပ်အဖေကိုတာ့ ရိုးရိုးမိန်းခလေးနဲ့တော့ မပေးစားနိုင်ဘူး၊ ရုပ်ရှင်မင်းသမီး မိုးမိုးမြင့်အောင်နဲ့မှ သဘောတူ နိုင်မယ်၊ ကျုပ်ကိုယ်တိုင် ရန်ကုန်ဆင်းပြီး သွားပြောပေးမယ်၊ သူလက်ခံရင် လက်ထပ်ပေးမယ် အဖေ၊” ဟု သားဖြစ်သူက မူးမူးကန်းကန်းနှင့် ပြောကြားသည်ကို ဖခင်ဖြစ်သူသည် တကယ်ယုံကြည်နေ လေတော့သည်၊ မိမိနှင့်တွေ့တိုင်း
“ဦးဇင်းရေ, တပည့်တော်ကို မိုးမိုးမြင့်အောင်နှင့် လက်ထပ်ပေးမယ်လို့ ပြောနေတာဘဲ ၊ ဘယ်နေ့ရယ်တော့ မသိဘူး ”ဟု ဘကြီးခမျာ ပြောနေရှာသည်၊ မိမိ၏ စိတ်အတွင်းမှ ပြောလိုက်မိသည်က
“ကောင်းကင်က ကြယ်ကို ယူရင် ရကောင်းရလိမ့်မယ်၊ မိုးမိုးမြင့်အောင်တော့ မလွယ်ဘူးထင်တယ် ဘကြီးရေ၊ ကံကောင်းလို့ ဘကြီးရခဲ့ရင်တော့ ဦးဇင်းလဲ ဂုဏ်ယူရတာပေါ့၊ ဒို့ဘကြီးက ရုပ်ရှင်မင်းသမီး မိုးမိုးမြင့်အောင်ရဲ့ ယောက်ကျား”ဟူ၍ပင်ဖြစ်လေတော့သတည်း။ ဆက်ရန်


“ကြည်ညိုပါတယ်ဘုရား”

သာသနတက္ကသိုလ်မှ သူငယ်ချင်းရဟန်းနှစ်ပါသည် မန္တလေးမြို့တွင်းမှ နာမည်ကြီးသော တရုတ်ကြီးထမင်းဆိုင်သို့ ဆွမ်းဘုဉ်းပေးကြလေသည်၊ အလွန်ကောင်းသော အစားအစာများကို မှာ၍ မြိန်ရည်ယှက်ရည်ဘုဉ်းပေးကြလေသည်၊ ဘုဉ်းပေးကောင်းကောင်းနှင့် ဘုဉ်းပေးလိုက်ကြသည်၊ ပန်းကန်ပြား ရှစ်ချပ်နည်းပါးကုန်သွားသည်၊ ပြီးသောအခါ ငွေရှင်းလိုသည့်အတွက် ဆိုင်ရှင်တရုတ်ကြီးအား
“ဒကာကြီး ငွေရှင်းမယ်ဗျာ၊ ဘယ်လောက်ကျလဲ” ဟုမေးလေသည်၊ ထိုအခါ ဆိုင်ရှင်တရုတ်ကြီးက
“အရှင်ဘုရားတို့လို ခွေးလို ၀က်လိုစားတဲ့ ပုဂ္ဂိုလ်တွေကို ကြည်ညိုပါတယ်ဘုရား၊ တပည့်တော်လှူပါတယ်ဘုရား” ဟု အားရ၀မ်းသာလျှောက်ထားလေသည်။ ခွေး ၀က်အဖြစ် အနှိုင်းခံလိုက်သော သူငယ်ချင်းများသည် ကျေးဇူးတင်ရခက်၊ စိတ်ဆိုးရခက်ဖြစ်နေလေသည်၊ နောက်ဆုံး
“တရုတ်ဖြစ်တော့ စကားအပြောမတတ်တာလဲ ဖြစ်နိုင်ပါတယ်လေ”ဆိုပြီး အကောင်းဆုံးတွေးကာ ဆိုင်အတွင်းမှ ထွက်လာခဲ့လေတော့သတည်း

“အလင်းတန်းနှင့် အခါနှစ်ဆယ်”

အကျွန်ုပ်တို့ သာသနတက္ကသိုလ်၌ နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များသည် မဖြစ်မနေ (၁၅) ရက် တရားထိုင်ကြရသည်၊ နေ့စဉ် စိန်ပန်းမဟာစည်ရိပ်သာမှ ဆရာတော်ဦးပညာဝံသသည် စာသင်သားရဟန်းများ၏ ဥာဏ်စဉ်များ တိုးတက်မှု ရှိ မရှိ လာရောက်စစ်ဆေးလေ့ရှိသည်၊ တစ်နေ့ ဆရာတော်သည် ရဟန်းများအား သူတို့၏ တရားအားထုတ်မှု အဘယ်မျှလောက် တိုးတက်နေပြီလဲ ဆိုသည်ကို သိလိုသောကြောင့်တစ်ပါးစီ စစ်ဆေး မေးမြန်းလေသည်၊ ကိုယ်တော်လေးတစ်ပါးအလှည့်ရောက်သော အခါ ဆရာတော်သည်
“အရှင်ဘုရား! အရှင်ဘုရားတရားအားထုတ်တဲ့အခါ ဘာတွေမြင်ပါသလဲဘုရား” လို့ မေးလေသည်၊ ထိုအခါ စာသင်သားရဟန်းကလေးက
“မှန်လှပါဆရာတော်ဘုရား, တပည့်တော်တရားအားထုတ်နေစဉ် အလွန်အင်မတန်မှ လင်းလက်သော အလင်းတန်ကြီးတွေကို တပည့်ရဲ့ မျက်စိဖြင့် တိုက်ရိုက်တွေ့လိုက်ရပါတယ်ဘုရား” ဟု အားရ၀မ်းသာ ဖြေကြားလိုက်လေသည်၊ ထိုအခါ ဆရာတော်သည်
“ဆက်ကြိုးစားပါ ဦးပဇင်း၊ ဒါဟာ သမာဓိအားကောင်းလာလို့ အလင်းတန်းတွေ ပေါ်လာတာ၊ ဒါပေမယ့် ဦးပဇင်း ဒါတွေကို သွားပြီး မသာယာလိုက်နဲ့ ၊ဒါတွေဟာ ၀ိပဿနာညစ်ညူးကြောင်းတွေ၊ ဖောင်းပိန်ကို ဆက်မှတ်ပါ၊ ဖြစ်ပေါ်လာတဲ့ အရာကို သတိကပ်ပြီးရှုပေးပါ၊ အရှင်ဘုရားမကြာခင်မှာပဲ ဥာဏ်စဉ်တွေတက်လာပါလိမ့်မယ်၊” ဟု အားကြိုးမာန်တက် မိန့်သွားရှာသည်၊ အမှန်စင်စစ် ထိုကိုယ်တော်လေး၏ မျက်စိများအတွင်းမှ အလင်းတန်များထွက်လာခြင်း၏ အကြောင်းကို ရှာရသော် ကြီးကြပ်ရေး ဆရာတော်များသည် အိပ်ငိုက်နေသောသူအား ဓာတ်မီးများဖြင့် ၀ိုင်းဝန်းထိုးလိုက်သောကြောင့်ပေတည်း။
ထိုနောက်ဆရာတော်သည် နောက်တစ်ပါးအား ဆက်လက်မေးမြန်းလေသည်၊
“အရှင်ဘုရား တရားထိုင်လျှင် တစ်နာရီအတွင်း ဘယ်နှစ်ကြိမ်လောက် ဣရိယာပုထ်ကို ပြောင်းပါသလဲ” တဲ့ ၊ ထိုကိုယ်တော်လေးက
“တပည့်တော် တစ်နာရီမှာ အကြိမ် (၂၀)ဆယ်လောက်ပြောင်းရပါတယ်ဘုရား”တဲ့ ထိုအခါ ဆရာတော်က
“အရှင်ဘုရား တော်တော်သဒ္ဓါတရားကောင်းတာပဲ၊ မဂ်ဖိုလ်နိဗ္ဗာန်နဲ့တော့ တော်တော်လေနီးစပ်ပါပေတယ်”ဟု ဆရာတော်က ချီးကျူးသွားလေသည်၊
(ဤစာမျက်နှာ၏ အဆုံးတွင် older post နှိပ်ပါ၊ ပုံပြင်များကို ဆက်တွေ့ပါလိမ့်မည်၊)



Friday, August 28, 2009

“အရှင်ဘုရားက ဘဒ္ဒန္တဘွဲ့ရလို့လား”

အကျွန်ုပ်တို့၏ သာသနတက္ကသိုလ်ကြီးမှ နောက်ဆုံးနှစ်(စတုတ္ထနှစ်) အောင်မြင်သော စာသင်သား ရဟန်းတော်များသည် အကယ်၍ မဟာတန်းမ၀င်လျှင် တောင်တန်းဒေသများသို့ သာသနာပြုခရီး (၂) နှစ် ကြွရောက်ကြရသည်၊ ထို(၂) နှစ်ပြီးနောက်မှသာ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ကို ဆက်ကပ်လေသည်၊ ထိုသာသနာပြုကြွရောက်သော ရဟန်းတော်များကို သာသနာရေးဌာနမှ သာသနာပြုကတ်များထုတ်ပေးသည်၊ ထိုကတ်တိုင်း၌ ရဟန်းဘွဲ့များ၏ရှေ့တွင် ဦး,အရှင်, တို့အစား ဘဒ္ဒန္တဟုအစားထို၍ သုံးထာသည်၊ ဥပမာ ဘဒ္ဒန္တခေမိန္ဒ, ဘဒ္ဒန္တဇ၀နစသည်ဖြင့် သုံးထားသည်၊ အကျွန်ုပ်သူငယ်ချင်းနှစ်ပါးသည်လည်း သာသနာပြုခရီး ထွက်ရမည်ဖြစ်သည်၊ သူတို့သည် သာသနာပြုတာဝန်ကျသည့် ဌာနကို မြစ်ကြီးနားမှ တစ်ဆင့်ကြွရောက် ကြရမည်ဖြစ်သည်၊ သို့ဖြစ်၍ သူငယ်ချင်းနှစ်ပါးတွင် ပထမတစ်ပါးသည် ရှေးစွာ မန္တလေးရုံပိုင်ကြီးထံ မိမိ၏ ဘဒ္ဒန္တဟုပါသော သာသနာပြုကတ်ဖြင့် အထက်တန်းအိပ်စင်တန်းလက်မှတ်ကို ၀ယ်ခဲ့လေသည်၊ လွယ်ကူစွာပင် ၀ယ်ယူရရှိခဲ့လေသည်၊ ထိုနောက် ပထမသူငယ်ချင်းတစ်ပါးနှင့်အတူ နောက်တစ်ပါးသည်လည်း အတူကြွ လိုသည် ဖြစ်၍ ရုံပိုင်ကြီးထံ ကတိုက်ကရိုက်ကြွသွားလေသည်၊ ရုံပိုင်ကြီးထံ ရောက်သောအခါ
မိမိ၏ ဒုတိယသူငယ်ချင်းဖြစ်သူက
“ရုံပိုင်ကြီး! မနေ့က ဦးဇင်းရဲ့သူငယ်ချင်း ဦးအာလောကဟာ အထက်တန်းအိပ်စင်လက်မှတ်ဖြတ်သွားတယ်၊ ဦးဇင်းလဲ သူနဲ့အတူ အထက်တန်းအိပ်စင်လက်မှတ်တစ်စောင် ရောင်းပေးပါ၊” ဟု ပြောကြာလေသည်၊ ထိုအခါ ရုံပိုင်ကြီးက
“အရှင်ဘုရားက ဘဒ္ဒန္တဘွဲ့ရလို့လား၊ အရှင်ဘုရားရဲ့ သူငယ်ချင်းက ဘဒ္ဒန္တအာလောကဆိုပြီ ဘဒ္ဒန္တဘွဲ့ရတယ်ဘုရား၊ တပည့်တော်တို့က ဘဒ္ဒန္တဘွဲ့ရတဲ့ ဆရာတော်များကိုသာ အထက်တန်းအိပ်စင် လက်မှတ်များကို ရောင်းပေးလေ့ရှိပါတယ်ဘုရား” ဆိုလေသည်၊ ထိုအခါ အခြေအနေကို အကဲခတ်မိသော မိမိရဲ့ ဒုတိယသူငယ်ချင်း ဦးခေမိန္ဒက
“ရုံပိုင်ကြီး! ဦးဇင်းလဲ ဒီမှာ ဘဒ္ဒန္တဘွဲ့ရပါတယ်ဗျ” ဟု သူကပ်ကို ထုတ်ပြလေသည်၊
ထိုအခါ ရုံပိုင်ကြီးသည် ကပ်ကို ကြည့်၍
“ဘဒ္ဒန္တခေမိန္ဒ” ဟု ကျယ်လောင်စွာ အော်ဖတ်၍ အောက်ပါအတိုင်းပြောကြားပြီး အထက်တန်းအိပ်စင်လက်မှတ် တစ်စောင်ကို ရောင်းလိုက်လေသည်၊
ရုံပိုင်ကြီးပြောလိုက်သည်က
”အရှင်ဘုရားလဲ ဘဒ္ဒန္တဘွဲ့ရတဲ့ ဆရာတော်တစ်ပါးပဲ၊ အထက်တန်းအိပ်စင်လက်မှတ်ရောင်းပေးရမှာပေါ့ဘုရား” ဟူ၍သာဖြစ်လေတော့သတည်း။



"အကျွန်ုပ်နှင့် အကျွန်ုပ်၏ ဘကြီး(အပိုင်း ၂)"

တစ်နေ့ အကျွန်ုပ်၏ အမေကြီးသည် အကျွန်ုပ်အား သိက္ခာထပ်လိုကြောင်း အကြောင်းကြားလာသည်၊ ရက်လည်းသတ်မှတ်ပြီးဖြစ်သည်၊ အမေကြီး၏ဇာတိသည်ကား မြစ်သားမြို့နယ် ဒါးရဲကောင်းရွာပင်ဖြစ်သည်၊ ထိုရွာသည်ကား ကမ္ဘောဇဘဏ်ပိုင်ရှင် သူဌေးကြီးဦးအောင်ကိုဝင်း၏ ဇာတိရွာပင်ဖြစ်သည်၊ထိုရွာသည် မြင်းခြံမြိုသို့သွားရာ လမ်းမကြီးနှင့် ငါးမိုင်ခန့် ဝေးမည်ထင်ပါ၏၊ သို့ဖြစ်၍ မိမိနှင့် ဆွေမျိုးတစ်သိုက်သည် ရွာမှ မြင်းခြံသို့ အမြဲပြေးဆွဲနေသော ဘကြီး၏ကားကို မဖြစ်မနေ စီးကြရမည်ဖြစ်သည်၊ မိမိကို သိက္ခာထပ်မည့်ရက် အကြိုနေ့ကဖြစ်သည်၊ အကျွန်ုပ်နှင့် ဆွေမျိုးတစ်သိုက်သည် ကျန်ခရီးသည်များက ကားပေါ်သို့ မရောက်သေးမီ မိမိတို့က ဘကြီး၏ကားပေါ်တွင် အစောရောက်နှင့် နေကြသည်၊ ကုလားထိုင်ခုံပေါ်တွင် ထိုင်နေသော ဘကြီးသည် မိမိတို့အား ကြည့်ရင်း အောက်ပါအတိုင်းပြောကြားလိုက်သည်၊
"အင်း ဒီနေ့ ငါ့ကားပေါ်မှာတော့ (၇၅)ကျပ်တန်တွေချည်းပဲ" ဟု ပြောကြားလိုက်သည်၊ ကားပေါ်တွင် ကျယ်လောင်စွာ စကားပြောနေကြသော ဆွေမျိုးတစ်သိုက်သည် သူတို့အား သုံးမရသော (၇၅)ကျပ်တန်နှင့် အနှိုင်းခံလိုက်သည့်အတွက်ကြောင့် အားလုံး မခံချည်း မခံသာ မီးကိုရေနှင့် လောင်းလိုက်သကဲ့သို့ ငြိမ်ကျသွား လေသည်။ မိမိ၏ ဘကြီးပြောသည်မှာလဲ လွန်သည်ဟု မဆိုအပ်သည်ပေ၊ အဘယ်ကြောင့်ဆိုသော် မိမိနှင့် ဆွေမျိုးတစ်သိုက်သည် ကားခမပေးမူ၍ အလကား စီးမည့်သူများသာဖြစ်ကြပေသည်။
အကျွန်ုပ်၏ ဘကြီးသည် အလွန်ပင် ကပ်စေးနှဲပေသည်၊ သူသည် အိမ်၌ နေစဉ် ဟင်းကောင်းကို ဘယ်သော အခါမှ ချက်စားလေ့မရှိပါ၊ သူသည် အမြဲတမ်းပြောလေ့ရှိသည်။
“ငါမှာ သွေးတိုးရောဂါရှိတယ်၊ ဒါကြောင့် ဟင်းချက်ရင် ဆီနည်းနည်းသာထည့်ချက်၊ အချဉ်ရည်ရေဟင်း များများချက်၊ ၀က်သားကို ဘယ်တော့မှ မချက်နဲ့၊ ငါနဲ့ မတည့်ဘူး” တဲ့။ သို့သော် ဘကြီးသည် ၀က်သားကို အလွန်ကြိုက်သည်၊
တစ်နေ့ ကျောက်အိုးရွာ၌ အလှူပွဲတစ်ခုရှိသည်၊ အလှူ့ရှင်များသည် အလှူပွဲသို့ လာရောက်ကြသော ဧည့်သည် အပေါင်းအား ၀က်သားနှပ်နှင့် ကျွေးလေသည်၊ ထိုအလှူပွဲသို့ အကျွန်ုပ်၏ ဘကြီးဖြစ်သူ သွားရောက်ခဲ့လေသည်၊ အလှူပွဲမှ ကျွေးသော ၀က်သားများကို အလွန်အကျွံစားခဲ့သော ဘကြီးသည် သွေးတက်ပြီး မူးကာ စက်ဘီးနှင့် လူအပါအ၀င် ချောင်းထဲသို့ ထို;ဆင်းသွားလေသည်၊ အနီးအနားရှိ လူအများက ၀ိုင်းဝန်းကယ်၍ အသက်မပျောက်ခဲ့ပေ။ “အော် အလွန်အင်မတန်မှ ၀က်သားကို ကြောက်သော အကျွန်ုပ်ဘကြီးသည် ဘယ်အတွက်ကြောင့် ၀က်သားကို မဆင်မခြင်စားခဲ့သလဲ၊” ဟု အကျွန်ုပ် စဉ်းစားမရဖြစ်နေမိသည်၊
သို့သော်လည်း “အချို့သော သူများသည် အလကားရလျှင် ရေကို အ၀သောက်သည်၊ တောမီးကို ချွေးထွက်အောင်လှုံသည်” ဟူသော စကားပုံတစ်ခုကိုတော့ မိမိကြားဖူးပါသည်၊ “မိမိ၏ ဘကြီးသည် ထိုစကားပုံလာ လူစားမျိုးတော့ မဟုတ်တန်ရာ၊ သူသည် အသက်ကြီးလာသည်ဖြစ်၍ မေ့သွားသည့်အတွက် ကြောင့်သာ စားမိသည်”လို့မိမိယူဆမိပါ၏.

Thursday, August 27, 2009

"အကျွန်ုပ်နှင့် အကျွန်ုပ်ဘကြီး"

အကျွန်ုပ်မှာ ဘကြီးနှစ်ယောက်ရှိသည်၊ ဘကြီးတစ်ယာက်သည် အသက် (၈၁) နှစ်ဖြစ်သည်၊ သူကတော့ ချမ်းသာတယ်၊ ပြီးတော့ ဘုန်းကြီးလူထွက်ဖြစ်သည်၊ ဘကြီးအငယ်ကတော့ အသက် (၇၀) ခန့်ဖြစ်သည်၊ သူကတော့ ဆင်းရဲတယ်၊ တစ်နေ့ ဘကြီး အငယ်ဖြစ်သူသည် ကံဆိုးချင်တော့ သွေးတိုးရောဂါဖြင့် ဆုံးသွားရှာသည်၊ ဘကြီးအငယ်ဆုံးသောအချိန်၌ အကျွန်ုပ်သည် ရန်ကုန်မြို့တွင် ၀ါဆိုလေသည်၊ အကျွန်ုပ်သည် ဦးလေးဖြစ်သူ လာပင့်သဖြင့် ဘကြီးငယ်၏ အသုဘပွဲသို့ ကြွရောက်ခဲ့ရလေသည်၊ ရွာကို ရောက်လျှင် ရောက်ချင်းဘဲ အဒေါ်ဖြစ်သူက သူရဲ့ ငိုချင်းထဲကို အကျွန်ုပ်ပါဆွဲထည့်နေသဖြင့် မိမိသည်ပင်လျှင် ငိုချင်စိတ်များ ပေါက်လာလေသည်၊ ကြာလျှင်မိမိပါ ငိုရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာသဖြင့် ကျောင်းသို့ ခပ်သုတ်သုတ်ကလေးပြန်ကြွခဲ့ရသည်၊ ဖခင်ရဲ့အလောင်းက သုဿန်မရောက်သေး ကျန်ရစ်သူ သားသမီးများက အမွေကိစ္စဖြင့် တစ်ယောက်နှင့် တစ်ယောက်စကားမပြောနိုင် မဆိုနိုင်ဖြစ်နေကြသည်၊ ဒီကိစ္စအဆင်ပြေရေး ဆွေမျိုးအချို့က မိမိအား ချဉ်းကပ်လာပါတော့သည်၊ သူတို့က မိမိအား အကြံပေးလာသည်မှာ
"ဦးဇင်းရေ ရက်လယ်တဲ့နေ့ တရားဟောရင်း ဦးဇင်းရဲ့ဦးလေး အဒေါ်တွေကို ဆုံးမလိုက်ပါအုံး၊"တဲ့ မိမိလည်း မိမိအား အားကိုးတကြီး လာရောက်ပြောလာကြသော ဆွေမျိုးများအား မပူပါနဲ့ ဆုံးမလိုက်ပါ့မယ်ပေါ့၊
ဒီလိုနဲ့ ဘကြီးဖြစ်သူ၏ ရက်လည်သောနေ့ ရောက်ရှိလာပြီးဖြစ်သည်၊ မိမိလည်း ဦးလေး ဒေါ်လေးတို့အား တရားဟောရင်း အနည်းငယ် ဆုံးမခဲ့ပြီးဖြစ်သည်၊ မိမိတရားပောာပြီး ကျောင်းသို့ မပြန်မကြွသေးဘဲ ရေနွေးသောက်၇င်း ဒကာ ဒကာမများနှင့် စကားပြောနေလေသည်၊ ထိုအချိန်မှာ ရပ်ရွာလူကြီးတွေက
"ဦးဇင်းကတော့ သူ့ရဲ့ ဦးလေး အဒေါ်တွေကို ဆုံးမပြီးပြီ၊ ဦးတင်ညွန့်! ခင်ဗျားကလဲ ခင်ဗျားရဲ့ တူတွေ တူမတွေကို ဆုံးမလိုက်အုံးလေ၊ သေသွားတဲ့ ခင်ဗျားရဲ့ ညီကိုယ်စားပေါ့၊" တဲ့ ထိုအခါ မိမိ၏ ဘကြီးဖြစ်သူ ပြောလိုက်သော စကားက မိမိ၇င်ဘတ်ကို တစ်ပိဿာလောက်ရှိသော အလေးဖြင့် ပစ်သကဲ့သို့ ခံစားလိုက်ရပါ တော့သည်၊ ဘကြီးပြောလိုက်သည်က
"ငါကတော့ သေသွားတဲ့ ငါ့ညီကိုယ်စား တူတွေ တူမတွေကို ဆုံးမသြ၀ါဒလေးပေးချင်တာပေါ့ကွ၊ သို့သော် ဦးဇင်းက ရှိနေတော့ နွားရှေ့ထွန်းကျူသလို ဖြစ်နေမှာပေါ့ကွ" ထိုအချိန်မှာ တရားနာပရိသတ်သည် “ဘိုးတင်ညွန့်ကတော့ လုပ်ချလိုက်ပြန်ပြီ”၊ ဆိုပြီး ၀ိုင်း၇ယ်ကြသည်၊ နွားအဖြစ် အနှိုင်းခံလိုက်ရသော အကျွန်ုပ်သည် အဘယ်မှာလျှင် ရယ်နိုင်ပါ့မလဲ၊ ဒါနဲ့ မိမိလည်း အရှက်ပြေ
"ဘကြီးရေ ခင်ဗျား ပုံနှိုင်းကောင်းတာနဲ့ ကျုပ်နွားလုံးလုံးဖြစ်ရပြီ"ဟု အရှက်ပြေပြောပြီး
ခပ်သုတ်သုတ် ကျောင်းသို့ ပြန်ကြွခဲ့ရလေသည်၊ တွေ့မှ တွေ့ရ ကြုံမှ ကြုံရ မောင်ဇ၀နဘ၀ပါလားနော်ဟု ညည်းချင်းသာထုတ်မိပါတော့သည်၊
အကျွန်ုပ်မှာ ထိုဘကြီးနှင့် စပ်၍ ပြောစရာတွေရှိသေးသည်၊ တစ်နေ့သော ဥပုသ်နေ့တွင် အကျွန်ုပ်တရားဟောသည်၊ တရားဟောရာတွင် ၇န်သူမျိုးငါးပါးအကြောင်းပါနေသဖြင့် မိမိက
"ဒကာကြီး ဒကာမကြီးတို့ ၇န်သူမျိုးငါးပါးဆိုတာ ရေ, မီး, မင်း,"ဆိုပြီး သုံးပါးသာ ရေတွက်ရသေးသည်၊ ဘကြီးဖြစ်သူက
"မချစ်မနှစ်သက်သော သားဆိုး သမီးဆိုး, ခိုးသူ ဆိုပြီး မိမိရှေ့ကနေ ရေတွက်ပြနေတော့သည်၊ ဤတွင် ဦးသာကျော်ဆိုသော ဒကာကြီးက" ဦးတင်ညွန့် ခင်ဗျားက တရားဟောမှာလဲ၊ ဦးဇင်းကဟောမှာလား" ဆိုပြီး ထမေးလိုက်သည်၊ ထိုအခါ ဘကြီးဖြစ်သူက
"ငါ့ ဦးဇင်း မေ့နေမှာ စိုးလို့ စေတနာနဲ့ ရှေ့ကပြောပေးနေတာကွ" တဲ့ ဒါကြောင့်လဲ စကားပုံပေါ်လာတာဖြစ်လိမ့်မယ်၊ "ရွာနားကမြက် ရွာနွားမစား၊ ရွာဘုရား ရွာသားမကိုးကွယ်" တဲ့။
ထိုဘကြီးနှင့် စပ်၍ ပြောပြစရာတွေ၇ှိသေးသည်၊ ဆက်ရန်

Wednesday, August 26, 2009

"မိမိရွာမှ တိပိဋ္ဋကမရ ကျမ်းပြုအကျော် ဦးဇင်းကြီး"



မိမိတို့၏ သာသနတက္ကသိုလ်ကြီးသည် ခြောက်လတစ်ကြိမ် ကျောင်းပိတ်ပေးလေ့ရှိသည်၊ တက္ကသိုလ်ကြီးပိတ်လျှင် အကျွန်ုပ်သည် မိမိရပ်ရွာပြန်၍ ကိုရင် ကျောင်းသားများကို စာပြပေးလေ့ရှိသည်၊ အကျွန်ုပ်တို့ ကျောင်း၌ ကိုရင် ကျောင်းသားများအပြင် ဦးဇင်းကြီးတစ်ပါးနှင့် ဦးဇင်းငယ်တစ်ပါးရှိသည်၊ ဆရာတော်သည် ထိုနှစ်ပါးကို အသက်ကြီးမှ သာသနဘောင်အတွင်းဝင်ရောက်လာသည်ဖြစ်၍ စာသင်မပေးတော့ချေ၊ "ကိုယ်တော်တို့ ကိုယ်တိုင်သာ လေ့လာကြတော"့ ဟု မိန့်တော်မူပြီး စာအုပ်များထုတ်ပေးထားလေသည်၊ ထိုနှစ်ပါးတွင် ဦးဇင်းကြီးကတော့ စိတ်ပါဝင်စားစွာဖြင့် စာပေများကို လေ့လာနေသည်၊ သူသည် စာဖတ်သောအခါ အသံနေအသံထား တရားသံဖြင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဖတ်လေ့ရှိသည်၊ နိုင်ငံကျော် ဓမ္မကထိကများကို အားကျနေသည် ထင်ပါ၏၊ တစ်နေ့ မိမိ စာကြည့်နေစဉ် စာရွက်တစ်ရွက်ကို ကိုင်၍
"ဦးဇင်း ဒီစာလေး မှန် မမှန်စစ်ဆေးပေးပါအုံး"ဟု လာရောက် စစ်ဆေးခိုင်းသည်၊သူ၏ စာကတော့
"ယနေ့ ယခု လှူဒါန်းရသော ကောင်းမှုကြောင့် ဒကာ ဒကာမအပေါင်းတို့သည် ကာမ (၁၁) ဘုံသို့ ရောက်ကြလေ တော့သတည်း" တဲ့ မိမိသည် စာကို ဖတ်ပြီးသော အခါ
"ဦးဇင်းကြီး ဒီစာဘယ်က ရခဲ့သလဲ" ဟု မေးသောအခါ ဦဇင်းကြီးက
"တပည့်တော် ကိုယ်တိုင် ရေးထားတာ"တဲ့ ဒါနဲ့ မိမိက
"ဦးဇင်းကြီး ကာမ (၁၁)ဘုံဆိုတာ နတ်ပြည်ခြောက်ထပ်၊ လူ့ဘုံ၊ ပြီးတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် လို့ခေါ်တဲ့ အပါယ်လေးဘုံး တို့ကိုပြောတာ၊ ဦးဇင်းကြီးရဲ့ စာက ဒကာ ဒကာမတွေက လှူလဲ လှူရသေးတယ် ၊ ထို လှူတဲ့ တမ်းတဲ့ ဒကာ ဒကာမတွေကို ငရဲဘုံ တိရစ္ဆာန်ဘုံတွေကို ရောက်ပါစေလို့ဆုတောင်းပေးသလို ဖြစ်နေပြီ၊ " ဟု မိမိက ပြောလိုက်လေသည်၊ ဤတွင်မှ ဦးဇင်းကြီးက
"တင့်ပါ့ တင်ပါ့ "ဆိုပြီး သူ့စာရွက်သူ ယူ၍ ပြန်သွားလေတော့သည်၊
ထိုအကြောင်းနှင့် ပတ်သက်၍ မိမိသည် ဆရာတော်အား လျှောက်ထားမိသည်၊ ထိုအခါ ဆရာတော်က
" ဒီဦးဇင်းကြီး တယ်ခက်တာဘဲ၊ ဟိုတစ်နေ့ကလဲ အသံကျယ်ကြီးနဲ့ဘုရားဝတ်တက်နေတယ်၊ သူ့ ဘုရားဝတ်တက်မှာ ပါတဲ့စာက မဂ်လေးတန် ဖိုလ်လေးတန်တို့ရဲ့ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သို့ လျှင်မြန်စွာ ရောက်ရပါလို၏တဲ့ကွာ၊ ဒါနဲ့ ငါက ဦးဇင်းကြီး ဒီစာကို ဘယ်ကရသလဲလို့ မေးတဲ့ အခါ "တပည့်တော်ကိုယ်တိုင်ရေးထားတာ" တဲ့ ငါလဲ ဦးဇင်းကြီး နိဗ္ဗာန်ဆိုတာ မဂ်လေးတန် ဖိုလ်လေးတန် တို့ဖြင့် မျက်မှောက်ပြုအပ်တဲ့တရား၊ ဘုရားဟောတရားတွေလဲ ဦးဇင်းကြီးလုပ်မှ ပျက်ကုန်တော့မှာဘဲ၊ ပညာတတ်ဆရာ တော်တွေ ရေးထားတဲ့ စာတွေရှိတယ်၊ အဲဒီစာတွေကိုဘဲ ကုန်အောင်ဖတ်ပါအုံး၊ ဘာကြောင့် မတတ်ဘဲနဲ့ ကိုယ့်ဘာသာကို တီထွင်ပြီးရေးချင်ရတာလဲ။ "လို့ ဆုံးမထားသေးတယ်ကွ" ဟုဆရာတော်က မိမိအား ပြောကြားလေသည်၊
တစ်နေ့ ဆရာတော်နှင့် မိမိသည် ဆရာတော်၏ ဇာတိရွာသို့ ကထိန်ကိစ္စဖြင့် ကြွသွားကြသည်၊ ထိုဦးဇင်းကြီးသည် ကျောင်းတွင် ကျန်နေခဲ့သည်၊ ထိုနေ့ကား ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်သည်များက သူ့ကို သီလပေးခိုင်းလေသည်၊ ဥပုသ်သည်များ၏ ကန်တော့ကျိုးပြီးသွားသည်မှာ ဆယ်မိနစ်လောက်ရှိပြီ၊ ဦးဇင်းကြီး၏ ဆုပေးအသံက ထွက်မလာသေး၊ ဤတွင် မိမိ၏ ဘကြီးဖြစ်သူ ဘိုးတင်ညွန့်က
"ဦးဇင်းကြီး ဆုပေးတော့လေ ဘာလုပ်နေတာလဲ"လို့ လျှောက်ထားသောအခါ
'ဒကာကြီး ဦးဇင်း ဆုပေးမေ့သွားလို့ သွားကြည့်လိုက်ပါအုံးမယ်" ဆိုပြီး သိမ်တိုက်ထဲ ၀င်သွားတာ ပြန်ပေါ်မလာ တော့ချေ၊ ထိုအခါ ဦးအေးသောင်းကလိုက်ပြီး အကျိုးအကြောင်းမေးကြည့်သောအခါ
"အေးသောင်ရေ ဥပုသ်များကို ပြောလိုက်ပါ၊ ဦးဇင်း ငှက်ဖျားတက်နေလို့ သီလမပေးနိုင်တာကို ခွင့်လွှတ်ဘို့ ပြောပေးပါကွာ"တဲ့ ဦးအေးသောင် အပြောအရတော့ "ဦးဇင်းကြီးဟာ တကယ်ငှက်ဖျားတက် မတက်တော့ မသိဘူး တုန်နေတာတော့ သေချာဘဲ"တဲ့ ဒါနဲ့ဘဲ ထိုနေ့က ဥပုသ်သည်များ သီလမယူလိုက်ရတော့ပေ၊
မိမိကောက်ချက်ချလိုက်မိသည်ကတော့
' ဦးဇင်းကြီး ငှက်ဖျားကြောင့် တုန်တာတော့ မဖြစ်နိုင်ချေ၊ ဒီအတုန်သည်ကား ကြောက်ဒူးတုန်ခြင်းသာ ဖြစ်ချေမည်၊" "မယုံမရှိနဲ့ ငမှုံ ကိုယ်တွေ့"လို့သာ ပြောလိုက်ချင်ပါတော့သည်။
ဤတွင် အကျွန်ုပ်တို့ရွာမှ တိပိဋ္ဋကမရ ကျမ်းပြုအကျော် ဦးဇင်းကြီး ဦးအောင်သောင်း၏ အကြောင်းအတ္ထုပ္ပတ် နိဂုံး ကပတ်အဆုံးသတ်ပေတည်း။

Monday, August 24, 2009

"ကိုယ့်အထုပ် ကိုယ်ထမ်း"

တခါက ဆရာတော်တစ်ပါးသည် သူ့၏ ကပ္ပိယတစ်ယောက်နှင့်အတူ ခရီးထွက်လာခဲ့သည်၊ ကပ္ပိယကတော့ ထုံးစံအတိုင်း ဆရာတော်၏ ပစ္စည်းအထုပ်များထမ်း၇န်အတွက်လိုက်ပါလာခြင်းဖြစ်ပေသည်၊ ခရီးက တောလမ်း ခရီးဆိုတော့ သွားရသည်မှာတော်တော်လေးပင်ပန်းလှသည်၊ တတောဝင် တတောင်တက်ပေါ့၊ ဆရာတော်က ရှေ့ကကြွသည်၊ ကပ္ပိယက အထုပ်ထမ်းရင်း နောက်ကလိုက်သည်၊ ဒီလိုနှင့် ဆရာတပည့် ခရီးထွက်လာ ကြသည်၊ လိုရာခရီးက မရောက်နိုင်သေးပါ၊ နေဆွမ်းစားချိန်လဲ နီးပြီဖြစ်၍ ဆရာတော်နှင့် ကပ္ပိယတို့သည် အရိပ်ကောင်းသော သစ်ပင်တစ်အောက်၌ နားကြသည်၊ ထိုသစ်ပင်အောက်၌ဆရာတော်သည် နေဆွမ်းဘုဉ်း ပေးလေသည်၊ ကပ္ပိယကတော့ ဝေယျာဝစ္စပြုလို့ပေါ့၊ ဆရာတော်သည် ပါလာသည့် ဆွမ်းဂျိုင်းထဲမှ ဆွမ်းနှင့် ဆွမ်းဟင်းများကို အားပါးတရ ဘုဉ်းပေးနေလေသည်၊ ခရီးကလဲဝေး ခြေလျှင်ခရီးလဲ ဖြစ်ပြန်တော့ နံနက်ကစားထားတဲ့ အစားအစာတွေလဲ မရှိတော့ပြီထင်ပါရဲ့၊ ကပ္ပိယကလည်း ဘေးမှကြည့်ရင် ယပ်ခပ်ပေးနေလေသည်၊ ကြည်ညိုလို့လားတော့ မသိ၊ ဆရာတော်သည် အထူးအားဖြင့် ၀က်သားဟင်းကို ဘုဉ်းပေးနေသည်၊ ဘုဉ်းပေးကောင်းကောင်းနှင့် ဘုဉ်းပေးလာလိုက်တာ နောက်ဆုံး ၀က်သားက တစ်တုံး(တစ်ဖတ်သာ) သာကျန်တော့သည်၊ ကျန်နေသော ၀က်သားတုံးကို ခပ်မည်လို့ ဆရာတော်လက်ပြင်လိုက်စဉ် ကပ္ပိယပြောလိုက်သော စကားကြောင့် ဆရာတော်သည် လက်ကို နောက်ပြန် ဆုတ်လိုက် ရလေသည်၊ ကပ္ပိယပြောလိုက်သည်က
"အလိုက်သိရင်သိ မသိလို့ကတော့ အပြန်ခရီးတော့ ကိုယ့်အထုပ် ကိုယ်ထမ်းဘဲ" တဲ့ သံဃာတော်အရှင်မြတ်များ သတိထားဖွယ်ရာပေါ့ဘုရား။

"ဆောင်းတွင်းမှာ အင်္ကျ`ီ(အပေါ်အ၀တ်) မ၀တ်သူ"

အကျွန်ုပ်တို့၏ သာသနတက္ကသိုလ်ကြီးသည် လဆန်း(၈)၇က် လဆုပ်(၈)ရက်ဥပုသ်ရက်များတွင် ကျောင်းနှစ် ရက်ပိတ်ပေးလေ့ရှိသည်၊ ထိုနေ့များတွင် အကျွန်ုပ်သည် ရွာပြန်လည်ပတ်လေ့ရှိသည်၊ ပြာသိုလ်လဆန်း(၈) ရက် ဥပုသ်နေ့ဖြစ်သည်၊ အကျွန်ုသည် ထိုနေ့ နံနက်စောစော (ရ)နာရီလောက်တွင် နေပူဆာလှုံရင်း ဥပုသ်သည် ဒါယကာ ဒါယိကာမကြီးများနှင့် စကားပြောနေလေသည် ၊ ထိုစဉ် ရွာအတွင်းမှ အလွန်လျှင် အကြွားသန်လေ့ ရှိသော မောင်ညွန့်ဝင်း တစ်ယောက်စက်ဘီးအသစ်ကလေးစီးပြီး အပြင်ထွက်လိုက်၊ ရွာအတွင်း ၀င်သွားလိုက်နှင့် အလုပ်ရျှပ်နေလေသည်၊ အကျွန်ုပ်နှင့် ဥပုသ်သည်များသည် ထိုအခြင်းအရာကို မြင်နေကြရသည်၊ သူသည် အလွန်အင်မတန်မှ ချမ်းအေးလှသော ဆောင်းတွင်းမှာ အင်္ကျ`ီ(အပေါ်အ၀တ်)မ၀တ်ဘဲ လျှောက်သွားနေသည်က ပို၍ပင်ထူးဆန်းပေစွ၊ သို့ဖြစ်၍ အကျွန်ုပ်လည်း ဥပုသ်သည်များအား
"ဒကာကြီး ဒကာမကြီးတို့ ဟိုမှာ ညွန့်ဝင်းကြည့်ပါအုံး၊ ဒီလောက်အေးတဲ့ ဆောင်းတွင်းကြီးမှာ အင်္ကျ`ီ(အပေါ်အ၀တ်) မပါဘဲ လျှောက်သွားနေတာ ဒီကောင် ဘာဖြစ်နေတာလဲ" လို့ မိမိက မေးသောအခါ ဥပုသ်သည်များက
"ဦးဇင်းက ရွာမှာ အမြဲမရှိတော့ ဘယ်သိပါ့မလဲ၊ ဒီကောင် ဟိုတစ်ပတ်က ချဲထီငါးရာဖိုးပေါက်တယ်လေ၊ ချဲထီးပေါက်တော့ စက်ဘီးအသစ်တစ်စီးဝယ်တယ်၊ ပြီးတော့ ဆွဲကြိုးတစ်ကုံးဝယ်တယ်လေ၊ သူ့ဆွဲထားတဲ့ ဆွဲကြိုး လူမမြင်မှာ စိုးလို့ အင်္ကျ`ီ(အပေါ်အ၀တ်) မ၀တ်တာ၊ ကြွားချင်တာကိုး ဦးဇင်းရဲ့"တဲ့ ဥပုသ်သည်များပြောမှဘဲ ရှင်းသွားတော့သည်၊ အကျွန်ုတို့၏ ရွာမှ ရွာသားများသည်ကား ကြွားသည့်နေရာမှာတော့ ကမ္ဘာတွင် စံတင်လောက်ပါပေ၏၊ ဘာကြောင့်လဲ ဆိုတော့ မိမိကျန်းမာရေးနှင့် အသက်ကိုပင် ပဓာနမထားဘဲ ကြွားနေကြသည်၊ အလွန်ပင်ထူးဆန်းပေစွ၊ ဒါကြောင့်လဲ ကျောက်ပန်းတောင်းနယ်မှ မိမိရွာတွင် ကျောင်းထိုင်နေသော ဆရာသမားက
"မောင်ဇ၀နရေ မင်းရွာက ရွာသူရွာသားတွေကတော့ အ၀တ်အစားဝတ်တဲ့ နေရာမှာတော့ ရုပ်ရှင်မင်းသမီး မင်းသားက အရှုံးပေးရလိမ့်မယ်၊ ဒါပေမယ် အိမ်သွားကြည့် ညစာ စားစရာ ဆန်မရှိဘူး"တဲ့
"ဆရာတော်ပြောမယ်ဆိုလဲ ပြောပေရာ၏၊ မိမိရွာသူရွာသားတွေကလဲ မိမိရွာသူရွာသားတွေပဲကိုး၊သူတို့ကလဲ ကြွားတဲ့နေရာမှာ လွန်ကို လွန်ပါပေတယ်၊" ဟူ၍သာ မိမိငြီးတွားမိပါတော့သည်။

Sunday, August 23, 2009

"တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမယ်"

ရန်ကုန်မြို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ သီတင်းကျွတ်ပြီ ဆိုသည်နှင့် မြို့နယ်အသီးသီး ရပ်ကွက်အသီးသီး၌ မဟာဒုတ်စာရေးတန်မဲများဖေါက်၍ မဲကျသည့် ကျောင်းမှ သံဃာတော်များကို မိမိတို့ အိမ်အသီးသီးသို့ ပင့်၍ ဆွမ်းကပ်လေ့ရှိကြသည်၊ မရမ်းကုန်းမြို့နယ် တက္ကသိုလ်တစ်ခှုမှ သံဃာတော်များသည်လည်း မနက်ဖြန်ဆိုလျှင် အိမ်အသီးသီးသို့ ဆွမ်းစားကြွကြရတော့မည်၊ဆွမ်းဒါယကာ ဒါယိကာမများဝမ်းမြောက်မှုဖြစ်စေရန် ဒါနအနု မောဒနာကထာတရားများကိုလည်း ဟောကြားပေကြရမည်ဖြစ်သည်၊ သို့ဖြစ်၍ စာသင်သား သံဃာတော်များ ပြင်ဆင် နေကြလေသည်၊ ထိုအထဲတွင် သံဃာတော်လေးတစ်ပါးသည် တရားများကို အကြီးအကျယ်ကျက်မှတ် နေလေသည်၊ သူက သူ့၏ သူငယ်ချင်းများအားလည်း
"အရှင်ဘုရားတို့ တပည့်တော်ကတော့ မနက်ဖြန် တရားဟောရရင်တော့ တစ်ပွဲတည်းနဲ့ ပေါက်အောင် (နာမည်ကျော်)အောင် ဟောမှာ" တဲ့
"အေး မင်းပေါက်အောင်ဟောနိုင်ရင်တော့ ကောင်းတာပေါ့ကွာ" ဟု သူငယ်ချင်းများက အားပေးကြလေသည်။
နောက်နေ့ နံနက်မှာတော့ တက္ကသိုလ်မှ စာသင်သားသံဃာများသည် မိမိတို့ မဲကျရာ ရပ်ကွက်အသီးအသီးမှ အိမ်အသီးသီးသို့ ဆွမ်းစားကြွကြရလေသည်၊ တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမည်ဆိုသော ကိုယ်တော်လေးကတော့ အလွန်အင်မတန်မှ ဆင်းရဲသော မဟာဒုတ်အိမ်သို့ စာရေးတန်မဲကျလေသည်၊ ဘယ်လောက်တောင်ဆင်းရဲသလဲဆိုရင် အိမ်ပေါက်စလေး တစ်အိမ်လုံးကိုမျှ ၀ါးထရံဖြင့် မကာနိုင်သေးပါ၊၊ သို့ဖြစ်၍ အ၀တ်ဖြင့် အိမ်ကို ယာယီကာထားလေသည်၊ တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမည်ဆိုသော ကိုယ်တော်လေးသည် နောက်ပါသံဃာသုံးပါးဖြင့် ကြွလာလေသည်၊ တရားမဟောမီ ဒါယကာ ဒါယိကာမများနှင့် အလ္လာပသလ္လာပစကားပြောနေလေသည်၊ စကားပြောရင် ကိုယ်တော်လေးသည် နောက်၌ နံရံ ရှိသည်အထင်နှင့် ကျောမှီလိုက်လေသည်၊ အ၀တ်ကိုသာ နံရံအဖြစ် အသုံးပြုထားသော အိမ်ပေါ်၌ ထိုင်နေသော ကိုယ်တော်လေးသည် အောက်သို့ ကျွမ်းပြန်ကျသွားလေသည်၊ ထိုအခါ ကိုယ်တော်လေးသည် ရှက်လဲရှက် စိတ်လဲဆိုးတော့
"တော်ပြီဗျာ နံရံတောင် မကာနိုင်တဲ့ အိမ်မှာ ဆွမ်းလဲမစားတော့ဘူး၊ တရားလဲ မဟောတော့ဘူးဗျာ"ဆိုပြီး ပြန်ကြွဘို့ရန် သူ့ရဲ့ ဖိနပ်ကို ရှာနေလေတော့သည်၊ ကံဆိုးချင်တော့ အိမ်က ကလေးက ထိုကိုယ်တော်ဖိနပ်ကို စီးပြီး သံဃာတော်များကပ်ဘို့ရန် လဘက်ရည်သွားဝယ်နေလေသည်။ တစ်ပွဲတည်းဖြင့် ပေါက်အောင်ဟောမည်ဆိုသော ကိုယ်တော်လေးသည် မိမိဖိနပ်ကိုတောင် မစီးတော့ဘဲ ရှက်လဲရှက် စိတ်လဲဆိုးစွာဖြင့် ပြန်ကြွသွားလေတော့သည်၊ ထိုကိုယ်တော်လေး၏ အဖြစ်သည်ကား သူရည်မှန်းထားသော တရားဟောခြင်းဖြင့် မပေါက်ဘဲ အိမ်ပေါ်က ဂျွမ်းပြန်ကျသွားခြင်းဖြင့် တက္ကသိုလ်ကြီးတစ်ခုလုံး၌ ဟိုလေးတကျော်ကျော်ပေါက်ကြားသွားလေတော့သတည်း။
 

Go Up အပေါ်သို့