Pages
Thursday, April 29, 2010
ကားဆရာကိုလူလည်နှင့် မယ်ယောသူတို့အဖြစ်
တစ်ခါက ကံကောမြို့နယ်အတွင်း ပြေးဆွဲနေသော ကားတစ်စီး တိမ်မှောက်သွားမှုကြောင်း ကားမောင်းသူသည် တရားရုံ၌ တရားရင်ဆိုင်ရလေသည်။ ထို့သို့ တရားရင်ဆိုင်ရာတွင် အမှုကို ပေါ့စေရန်အလို့ငှာ ကားဆရာသည် သူနှင့်အတူ ကား၏ ရှေ့ခန်းထဲတွင် ထိုင်စီးသော ယောသူမလေးတစ်ယောက်ကို အသိသက်သေအဖြစ် တရားရုံးကို ခေါ်ထားလေသည်။ တရားသူကြီးသည် ကားဆရာကို ရှေးဦးစွာ စစ်လေသည်။ ကားဆရာက
“တရားသူကြီးမင်းခင်ဗျာ! ကျွန်တော်ဟာ ကားကို အလွန်ပင် ဂရုစိုက်မောင်းပါတယ်ခင်ဗျ၊ ဂရုစိုက်မောင်းတဲ့အကြောင်းကို သိချင်ရင် ကျွန်တော်နဲ့အတူ ကားရှေ့ခန်းမှာ ထိုင်စီးတဲ့ ယောသူမလေးကို မေးကြည့်ပါခင်ဗျ။”ဟု ဆိုသောအခါ
တရားသူကြီးက ယောသူဘက်သို့ လှည့်ကာ
“ကဲကလေးမ! ဖြစ်ပျက်တဲ့အကြောင်းအရာကို အမှန်အတိုင်း ပြောပြပါ။”ဟု မေးလေတော့သည်။ ဤတွင် ယောသူမက
“တရားသူကြီးခင်ဗျာ့၊ ကျွန်တော်မျိုးကို သေဒဏ်သာပေးလိုက်ပါတော့ခင်ဗျာ့။ အော် ရှေ့နေငှားမှ ထောင်လုံးလုံးကျရတဲ့ ကျွန်တော်ရဲ့အဖြစ်ပါခင်ဗျ၊” ဟုပြောကာ ချုန်းပွဲချ ငိုလေတော့သတည်း။
Monday, April 26, 2010
အလှူ့ဒါယကာ ကျော်ရှိန်
တစ်ခါက ရွာတစ်ရွာတွင် ဆရာတော်တစ်ပါးကျောင်းထိုင်တော်မူသည်။ ဆရာတော်မှာ တပည့်ပေါင်းများစွာရှိ သည်။ အချို့တပည့်များသည် မြို့ကြီး ပြကြီးများတွင် အရာရှိများဖြစ်နေကြသည်။ အချို့တပည့်များသည်ကား တစ်ခြားရွာ တစ်ခြားမြို့များတွင် သူဌေးကြီးများဖြစ်၍ နေလေသည်။ အချို့တပည့်များသည်ကား ဆင်းရဲမွဲတေ ကလေကချေများပင် ဖြစ်၍နေလေသည်။တစ်နေ့ ဆင်းရဲမွဲတေ ချာတူးလန်နေသော တပည့်တစ်ယောက်သည် ဆရာတော် ထံသို့ ရောက်လာလေသည်။ သူသည် ဆရာတော်ကို ရိုသေစွာဦးချပြီးသောအခါ
“ဆရာတော်! တပည့်တော်ကို မှတ်မိလားဘုရား၊”ဟု လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်က
“ငါက အသက်ကြီးပြီဘယ်မှတ်မိပါ့မလဲကွ”ဟု မိန့်တော်မူလေသည်။ ဤတွင် ဒါယကာတော်က
“တပည့်တော်က ဆရာတော်ရဲ့ငယ်တပည့်ကျော်ရှိန်ပါဘုရား၊”ဟု လျှောက်ထားသောအခါ
ဆရာတော်သည် ငယ်စဉ်က သူ၏ တပည့်ကျော် ကျော်ရှိန်ရဲ့ အလွန်ဥာဏ်ထိုင်းသည်၏ အဖြစ်နှင့် ယခုအခါမှာ လည်း ချာတူးလန်နေသည်၏ အဖြစ်ကို လူမတွေ့ရသော်လဲ ကြားသိနေရကား
“ကျော်ရှိန်ဆိုတော့ ကြိမ်လျှော်၊ ကြိမ်လျှော်ကို ဘာလုပ်ရလဲ ငါ့တပည့်ရ” မေးလေသည်။ ထိုအခါ ဒါယကာတော် ကျော်ရှိန်က
“ကြိမ်လျှော်ကို ဖောင်းကွပ်ရပါတယ်ဘုရား။”ဟု လျှောက်လေသည်။ ထိုအခါ ဆရာတော်က
“ဖောင်ကွပ်တော့ မင်းဖွတ်ကောင်ဘဲကွ၊ သူများတွေမှာ ကြီးပွားလို့ မင်းမှာက ခုချိန်ထိလူမွှေးလူရောင် မပြောင် ဘူး၊ ဘယ်အချိန်ပြောင်တော့မလဲ၊”ဟု တပည့်တော်ဖြစ်သူကို တော်တော်လေး ဆုံးမတော်မူလိုက်လေသည်။ တပည့်ဖြစ်သူသည်လည်း ဆရာတော်သည် သူ့ကို မကြည်ကြောင်းသိရှိကာ ကြာကြာပင် မနေနိုင်ဘဲ ပြန်လစ်သွားလေတော့သတည်း။
ဤအကြောင်းနှင့် စပ်သဖြင့် ထပ်ပြောရသော် တစ်နေ့ မိမိသည် ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာသို့ အလှူတစ်ခု ကြွရောက်ခဲ့ရသည်။ မိမိကို ပင့်သော အလှူပြီးနောက် နောက်တစ်လှူရှိသေး ကြောင်း ဆရာတော် ကို လာလျှောက်နေလေသည်။ ထိုအခါ ဆရာတော်က ပြောင်ပြောင်ပင် အားမနာတတ်ပါ၊ မိမိနှင့် ရင်းနှီးနေသည်က တစ်ကြောင်းဖြစ်သည့်အတွက် မိမိဘက်သို့လှည့်ကာ
“မောင်ဇ၀နရေ နောက်တစ်လှူတော့ ရှိသေးတယ်၊ ဒါပေမယ့် ပင့်သံဃာထဲတော့ မင်းမပါဘူးနော်၊ အလှူ့ဒါယ ကာမောင်ကျော်ရှိန်က သူ့ပင့်ချင်သော ကိုယ်တော်ကို ရွေးပင့်တာဗျ။” မိန့်တော်မူလိုက်ရာ မိမိသည်လည်းစကား စပ်လာသဖြင့် ဆရာတော်နှင့် အနီးအနားရှိဒါယကာတို့အား
“အလှူ့ဒါယကာနာမည်သည်ကား ကျော်ရှိန်၊ ကျော်ရှိန်ဆိုတော့ ကြိမ်လျှော်၊ ကြိမ်လျှော်ဆိုတော့ ဖောင်ကွပ်၊ ဖောင်ကွပ်တော့ အလှူဒါယကာကျော်ရှိန်ဟာ ဖွတ်ကောင်ပေါ့ဘုရား။”ဟု လျှောက်လိုက်ရာ ဆရာတော်နှင့် အနီးအနားမှ ဒါယကာတို့သည်လည်း ဟက်ဟက်ပက်ပက် ရယ်ကြလေတော့သည်။ ထိုနောက် ဆရာတော်သည်
“ဒါယကာကြီးတွေကြည့်ထား၊ မောင်ဇ၀နက သူ့ကို အလှူမပင့်လို့ ကျော်ရှိန်ကို ဖွတ်ကောင်လို့ပြောတာ၊ ကျုပ်ကတော့ ကျော်ရှိန်ကို ဒီအကြောင်းတော့ ပြောပြရမှာဘဲ”ဟု မိမိကို နောက်ပြောင်လေသည်။ ဤတွင် မိမိက
ဆရာတော်မလုပ်လိုက်ပါနဲ့၊ တပည့်တော်က စကားစပ်မိလို့ ဟာသပြောတာပါ၊ အဲဒီလို သဘောမျိုးမပါပါဘူး ဘုရား၊” ဟုလျှောက်ထားသော်လည်းမရပေ။ ဆရာတော်သည် အလှူ့ဒါယကာဦးကျော်ရှိန်ကို ထိုအကြောင်း ပြောပြရာ အလှူ့ဒါယကာဦးကျော်ရှိန်သည်လည်း သူ့ကို ဖွတ်ကောင်ဟု ပြောသဖြင့် မိမိကို ခုလုခုလုဖြစ်နေ ကြောင်းကြားသိရလေသည်။ ထိုအခါ မိမိသည် ထိုကျောင်းတွင် ကြာကြာပင် မနေနိုင်တော့ဘဲ ခပ်သုတ်သုတ်ပင် ပြန်ကြွလာခဲ့ရပေသတည်း။
Thursday, April 22, 2010
“ဦးဇင်းကြီး ဦးရေ၀တ”
တစ်ခါက ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ရွာတစ်ရွာဝယ် ဦးဝင်းမောင်အမည်ရှိ ဒါယကာကြီးတစ်ဦး ရှိလေသည်။ သူသည် လူဘ၀တွင် အလုပ်မယ်မယ် ရရမရှိ။ ဖဲရိုက်ခြင်းဖြစ်သာလျှင် အသက်မွေးဝမ်းကြောင်းပြု နေလေသည်။ သူသည်သာ ဖဲရိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည်မဟုတ် သူ၏ သူငယ်ချင်းဖြစ် သော ဦးဓာတ်ဆီသည်လည်း ဖဲရိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေလေသည်။ သူတို့နှစ်ဦးသည် သက်တူရွယ်တူ သူငယ်ချင်းများဖြစ်ကြသည်။ ၀ါသနာခြင်းလည်းတူကြသည်။ အရပ်တကာလှည့်၍ ဖဲဝိုင်းရှာ နေကြသည်။ “ဘယ်ရွာမှာ အသုဘရှိသလဲ” ဟုလှည့်ကာ ရှာနေကြသည်။ အသုဘရှိလျှင်ကား ဖဲဝိုင်းရှိစမြဲဆိုသည်ကို သူတို့သိနေကြသည်။ ဒီလိုနှင့်ဘဲ သူတို့နှစ်ဦးသည် အသက်တွေလဲကြီးလာကြသည်။ ဒါယကာကြီးဦးဝင်းမောင်ကတော့ ဇရာ(အိုခြင်း)၏ သဘောကိုသိလာလေသည်။ စိတ်သွားတိုင်း ကိုယ်မပါတော့ ပေ။ နောက်ဆုံး အကျွတ်တရားရကာ ဦးရွာကျောင်းဆရာတော်ကို လျှောက်ထား၍ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေသည်။ သာသနာ့ဘောင်တွင် တရားဓမ္မကို အားထုတ်ခြင်းဖြင့် မွေ့လျှော်နေလေတော့သည်။ သို့သော် ဦးဓာတ်ဆီကြီးကတော့ “ဖဲဝါသနာကို သေတောင်မစွန့်ဘူး”ဟူသော သူ၏ ရည်ရွယ်ချက်အတိုင်း ဖဲကို နေ့မအိပ် ညမအိပ်ရိုက်နေလေတော့သည်။ တစ်နေ့အားအင်ကုန်ခန်း မူးလဲကာ ဆေးရုံပို့လိုက်ရလေသည်။ သို့သော် ဆေးမမှီလိုက်ပါ။ ဆေးရုံတွင်ပင် ဆုံးပါးသွားလေသည်။ ဦးဓာတ်ဆီဆုံးသော အချိန်သည်ကား ကဆုန်လပြည့်ကျော် (၁၅)ရက် ညနေခင်းဖြစ်ရာ အညာ၏ ထုံးတမ်းစဉ်လာအတိုင်း လကူးမခံတော့ပေ။ နေ့ချင်းမြေမြှပ်သင်္ဂြုလ်ရမည်ဖြစ်ရာ ရွာဦးကျောင်းဆရာတော်ကို လာပင့်လေသည်။ ထိုအချိန် ရွာဦးကျောင်း ဆရာတော်မရှိခိုက်ဖြစ်ရာ ဦးဇင်းကြီးဦးဝင်းမောင်ခေါ် ဦးဇင်းကြီးဦးရေ၀တကို ပင့်ကြရလေသည်။ သို့ဖြစ်သဖြင့် ဦးဇင်းကြီး ဦးဝင်းမောင်ခေါ် ဦးရေ၀တသည် သုဿာန်သို့ ဣနြေ္ဒသိက္ခာနှင့် ကြွသွားလေသည်။ သုဿာန်တွင် ဦးဓာတ်ဆီ၏ဇနီးဖြစ်သူ ဒေါ်နက်ထယ်သည် လင်ဖြစ်သူ သေဆုံးသွားသဖြင့် အော်ဟစ်ကာ ငိုကြွေးနေလေသည်။ ဦးဓာတ်ဆီ၏ ဇနီး ဒေါ်နက်ထယ်သည် ဦးဇင်းကြီး ၀င်းမောင်ခေါ် ဦးရေ၀တကို မြင်သောအခါ
“အမလေး! ဦးဇင်းကြီးဦးရေ၀တရဲ့ ဦးဇင်းကြီးရဲ့ ဖဲရိုက်ဖေါ် ဖဲရိုက်ဖက် ဦးဓာတ်ဆီဆုံးသွားရှာပြီ၊ သူငယ်ချင်း ဖြစ်သူကို မကယ်နိုင်တော့ဘူးလားဘုရား။” ဟု ငယ်ကျိုးငယ်နာကို ဖေါ်ကာ ထည့်ငိုနေလေတော့သည်။ ဦးဇင်း ကြီးသည်လည်း
“ဒီဒကာမကြီးနဲ့တော့ ခက်ပြန်ပြီ၊ ကိုယ့်ဖာသာ အသာမငိုဘူး၊ ငါ့ငယ်ကျိုးငယ်နာကိုပါ ထည့်ငိုနေတယ်၊ တော်တော်ခက်တဲ့ ဒကာမဘဲ။”ဟု တွေးကာ အစက “ဒကာမကြီး ဒေါ်နက်ထယ်ကို အကျွတ်တရားရအောင် တရားတွေဟောလိုက်အုံးမယ်ဟဲ့”လို့ အားခဲလာလေသည်။ သို့သော် သူ့၏ ငယ်ကျိုးငယ်နာကို ဖော်ငိုနေ လေတော့ တရားဟောဘို့ကိုပင် မဆိုထားဘိ၊ သီလပေး ရေစက်ချကိုပင် ဖြောင့်အောင် ပြုလုပ်မပေးနိုင်တော့ဘဲ ဖြစ်သလိုပြုလုပ်ပေးကာ ကျောင်းသို့ ခပ်သုတ်သုတ်ကြွလာခဲ့လေတော့သတည်း။
ငယ်ကျိုးငယ်နာ ဖေါ်မှုနှင့်ပတ်သက်၍ ဆက်စပ်လာသဖြင့် တင်ပြပါရစေအုံး၊ တစ်ခါက ရွာတစ်ရွာတွင် ဦးသာကျော်နှင့် ဒေါ်ခင်ရွှေဟူသော မောင်နှမနှစ်ယောက်ရှိကြလေသည်။ ဦးသာကျော်သည် ဒေါ်ငြိမ်းလှနှင့် အိမ်ထောင်ကျသည်။ အမဖြစ်သူ ဒေါ်ခင်ရွှေသည်ကား ဦးအုံးလှိုင်နှင့် အကြောင်းပါသွားလေသည်။ မောင်ဖြစ်သူ ဦးသာကျော်သည်ကား ဒေါ်ငြိမ်းလှနှင့် အိမ်ထောင်ကျသွားပြီးနောက် သားနှစ်ယောက် သမီးတစ်ယောက် ထွန်းကားလေသည်။ များမကြာမီ ဦးသာကျော်တစ်ယောက်ရူးသွပ်သွားလေသည်။ ဦးသာကျော်သည် တစ်ခါတစ်ရံ ကောင်းသည်။ တစ်ခါတစ်ရံ ဆိုးသွမ်းသည်။ တစ်နေ့ တော်တော်ပင် ဆိုးဆိုးသွမ်းသွမ်း ရမ်းကာနေလေရာ အမဖြစ်သူ ဒေါ်ခင်ရွှေရောက်လာကာ
“ဟဲ့သာကျော် ဘယ်လိုဖြစ်နေတာလဲ၊ အရူး! ကိုယ့်ဖာသာ အသာမရူးဘူး၊ သူတစ်ပါးကို ဒုက္ခပေးတဲ့ အရူးဟု ဆိုကာ”ငေါက်ငမ်းလေတော့သည်။ ဤတွင် မောင်ဖြစ်သူ ဦးသာကျော်သည်
“အမ! နင်ကငါ့ကို လာပြီ သူတော်ကောင်းရောင်ဆောင်ပြီ ဆုံးမ မနေနဲ့၊ နင် အရှေ့ဖက်ရွာက ထွန်းတင်နဲ့ လင် ငယ်နေတာ မသိဘူးများမှတ်နေလား။”ဟု ပြန်လိုက်ပြောလိုက်ရာ အမဖြစ်သူ ဒေါ်ခင်ရွှေသည်လည်း ဆက်လက် ဆုံးမခြင်းငှာ မစွမ်းနိုင်တော့ဘဲ ခပ်သုတ်သုတ် လစ်ထွက်ပြေးလေတော့သတည်း။
Friday, April 16, 2010
Happy Myanmar New Year to All Dhamma Fellows!
“နှစ်သစ်ကူး ဓမ္မလက်ဆောင်”
မနက်ဖြန်ဆိုလျှင် မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းတော့မည်ဖြစ်ပေသည်။ နှစ်ဟောင်းက အညစ်အကြေးများကို နှစ်သစ်သို့ မပါစေရန်အလို့ငှာ အတာရေဖြင့် “အကြို, အကျ, အကြတ်, အတက်”ဟူ၍ လေး ရက်တိုင်းတိုင်း သင်္ကြန်ရေဖြင့် ဆေးကြောခဲ့ကြလေပြီ။ မော်လမြိုင်စသော အချို့အရပ် များဆိုလျှင် နှစ်ဆန်းတစ်ရက်နေ့ အပါအ၀င် ငါးရက်ကြာမျှပင် ခန္ဓာကိုယ်မှ အညစ်အကြေးများ ကင်းစင် စေရန် အလို့ငှာ သင်္ကြန်ရေဖြင့် ဆေးကြောကြလေသည်။ ထိုသို့ဆေး ကြောသဖြင့် ခန္ဓာကိုယ်အညစ် အကြေးများ ကင်းစင်နိုင်ပါပေသည်။ ထိုသို့ပြုလုပ်ခြင်းကို ရုပ်ကိုပြုပြင်အလှဆင်သည်ဟု ဆိုနိုင်ပါပေသည်။ သို့သော် ခန္ဓာကိုယ်တွင်းရှိသော လောဘ (တပ်မက်ခြင်း) ဒေါသ (အမျက်ထွက်ခြင်း) မောဟ(အကောင်းအဆိုးကို ခွဲခြား၍ မသိခြင်း) မာန(ထောင်လွှား ခြင်း) ထိနမိန္ဒ (ငိုက်မြည်း ခြင်း၊ထိုင်းမှိုင်းခြင်း) မိစ္ဆာဒိဋ္ဌိ(အယူမှားခြင်း) ၀ိစိကိစ္ဆာ (ဘုရားတရားသံဃာဟူသော ရတနာသုံးပါးတရားတို့၌ ယုံမှား ခြင်း)ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်ခြင်း) အဟိရိက (အရှက်မရှိခြင်း) အနောတ္တပ္ပ (အကြောက် တရားမရှိခြင်း)ဟူသော ကိလေသာ(စိတ်ကို ပူလောင်စေတတ် နှိပ်စက်တတ်သောတရား) တရားများကို စင်ကြယ်စေနိုင်ရန်အတွက် ရိုးရိုးရေဖြင့် ဆေးကြောခြင်းဖြင့် စိတ်ကို မစင်ကြယ်စေနိုင်ပါ၊ ထိုကိလေသာတရား များကို စင်ကြယ်စေ၇န်နိုင်သော နည်းလမ်းသည်ကား မြတ်ဗုဒ္ဓဟော ကြားတော်မူသော ဓမ္မရေစင်ဖြင့် သွန်းလောင်းမှသာလျှင် စင်ကြယ်စေနိုင်မည်ဖြစ်ပေသည်။ ဓမ္မရေစင်ဖြင့် သွန်းလောင်းခြင်းဟူသည်ကား အလှူပေးခြင်း သီလဆောင်တည်ခြင်း သမထဘာဝနာ ၀ိပဿနာဘာဝနာ အလုပ်တို့ကို ပြုလုပ်ခြင်းတို့ပင်ဖြစ်ပေသည်။ အလှူပေးခြင်း သီလဆောက်တည်ခြင်းဟူသည်ကို လူတိုင်းနား လည်ကြသည်။ သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာဟူသော ဝေါဟာရတို့ကို လူတိုင်းနာမလည်ကြပေ။ သမထ ဘာဝနာပွားများခြင်းဟူသည်ကား မိမိတို့၏ စိတ်ကို နီဝရဏတရား (၆)ပါး(လောဘ ဒေါသ ထိနမိဒ္ဓ ဥဒ္ဓစ္စကုက္ကုစ္စ ၀ိစိကိစ္ဆာ အ၀ိဇ္ဇာ)တို့မှ ကင်းရှင်းစေရန်အလို့ငှာ သမထကမ္မဋ္ဌာန်းလေးဆယ်မှ ကမ္မဋ္ဌာန်းတစ်ခုခုကို စီးဖြန်းခြင်းဖြင့် နီဝရဏတရားတို့ကို ခေတ္တ ငြိမ်းအေးစေနိုင်သည်။ စိတ်တည်ကြည်မှုရရှိစေရန် စိတ်ငြိမ်းမှု ရရှိစေ၇န် သမာဓိ ရရှိစေရန်အလို့ငှာ အများအားဖြင့် အာနာပါနကမ္မဋ္ဌာန်း (၀င်လေထွက်လေ)ကို ရှုမှတ်ကြသည်။ နီဝရဏတရား တို့ကို မိမိတို့၏ စိတ်မှာ မကိန်းအောင်းစေရန် ၀င်လေ ထွက်လေကို အမြဲမပြတ်ရှုမှတ် ပွားများခြင်းကို သမထ ဘာဝနာ ရှုမှတ်ပွားများခြင်းဟုခေါ်ပါသည်။ သမထဘာဝနာသည်ကား ကိလေသာတရား နီဝရဏတရားတို့ကို ထာဝရမငြိမ်းချမ်းစေပါ။ ယာယီမျှသာ ငြိမ်းအေးစေနိုင်ပါသည်။ ၀ိပဿနာဘာဝနာသည်သာ ကိလေသာတရား တို့ကို ထာဝရငြိမ်းအေးစေနိုင်ပါသည်။ သို့ဖြစ်သဖြင့် အာနာပါန(၀င်လေထွက်လေ)ဟူသော သမထဘာဝနာကို သမာဓိရရုံ (၁၅)မိနစ်လောက်သာ ရှုမှတ်ပွားများ၍ ၀ိပဿနာဘာဝနာဘက်သို့ ကူးပြောင်းရမည်ဖြစ်လေသည်။
ဝိပဿနာဘာဝနာဟူသည် မိမိခန္ဓာကိုယ်ကို စောင့်ကြည့်ခြင်းပင်ဖြစ်သည်။ မိမိခန္ဓာကိုယ်၏ အဖြစ် အပျက်တို့ကို အမြဲမပြတ်စောင့်ကြည့်ခြင်းကို ၀ိပဿနာဘာဝနာပွားများသည်ဟု ခေါ်ဆိုပါသည်။ ချဲ့၍ဆိုရသော် တစ်ခါတစ်ရံ မိမိခန္ဓာကိုယ်က ယားမှုဝေဒနာလေးပြကောင်းပြလိမ့်မည်။ ထိုယားမှုဝေဒနာလေး၏ ဖြစ်မှုပျက်မှု ကို အာရုံတစ်ပါးစိတ်မသွားဘဲ စောင့်ကြည့်ပေးနေရုံပင်ဖြစ်လေသည်။ တစ်ခါတစ်ရံ နာမှုဝေဒနာလေးဖြစ် ပေါ်လာလိမ့်မည်။ ထိုနာမှုဝေဒနာလေး၏ ဖြစ်မှု ပျက်မှုကို အမြဲမပြတ် စောင့်ကြည့်ပေးနေရမည်ဖြစ်ပေသည်။ မြင်းသောအရာတိုင်း ကြားသောအရာတိုင်း နံသောအရာတိုင် လျှက်သောအရာတိုင်း တွေ့ထိသောအရာတိုင်း တွေးတောသောအရာတိုင်း၏ ဖြစ်မှု ပျက်မှုလေးကို အမြဲမပြတ် ရှုမှတ်ပွားများပေးပါ။ တစ်ခါတစ်ရံ မိမိတို့၏ သန္တာန်တွင် ဒေါသစိတ်ဖြစ်လျှင် ဖြစ်မည်၊ တစ်ခါတစ်ရံ လောဘစိတ်ဖြစ်လျှင် ဖြစ်မည်၊ ဖြစ်ပေါ်လာတိုင်း စိတ်တိုင်း၏ ဖြစ်မှု ပျက်မှုကို အမြဲမပြတ်စောင့်ကြည့်ပေးပါ၊ အရှုခံဖြစ်သော ခန္ဓာကိုယ်နှင့် အရှုဥာဏ်ဖြစ်သော ၀ိပဿနာဥာဏ်အကြား (၀ိပဿနာဥာဏ်ဟူသည်ကား သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ကို ဆိုလိုသည်။) ကိလေသာကြားမခိုစေမူ၍ အမြဲမပြတ်ပွတ်တိုက်ပေး ရမည်ဖြစ်ပေသည်။ ထိုသို့ ကိလေသာကြားမခိုစေမူ၍ ပွတ်တိုက်ပေးလျှင် ရှုမှတ်ပေးလျှင် နိဗ္ဗာန်ဆိုဟုခေါ်ဆိုသော တရားထူးကို မိမိတို့သည် မုချမသွေ မျက်မှောက်ပြုရမည်မှာ ဧကန်ပင်ဖြစ်ပေသည်။ လောကဥပမာဆောင်ရသော်ကား ၀ါးနှစ် လုံးကို ပွတ်တိုက်ပါများလျှင် မီးထွက်သကဲ့သို့ ထိုအတူပင် အရှုခံဖြစ်သော ခန္ဓာကိုယ်နှင့် အရှုဥာဏ်ဖြစ်သော ၀ိပဿနာဥာဏ်တို့ကို အမြဲမပြတ် ပွတ်တိုက် ပေးလျှင်ကား သေချာပေါက်နိဗ္ဗာန်ပေါ်လာမည်ဖြစ်ပေသည်။ နိဗ္ဗာန်ကို အာရုံငါးပါးနှင့် မသိနိုင်ရုံကာမျှဖြင့် နိဗ္ဗာန်သည် ဘာမျှမရှိဟုဆိုခြင်းသည် မျက်စိမမြင်သူသည် အလင်း ရောင်ကို မမြင်ရုံကာမျှဖြင့် အလင်းရောင်မရှိပါဟု ဆိုခြင်းကဲ့သို့ ယုတ္တိမတန်ပါချေ။ နိဗ္ဗာန်ကို ဤလက်ရှိဘ၀ တွင်ပင် မျက်မှောက်ပြုနိုင်သည်။ ဗုဒ္ဓဘာသာသည် ငှင်း၏ အဆုံးစွန်သော ပန်းတိုင်သို့ နောင်တမလွန်ဘ၀၌သာ ရောက်နိုင်သည်ဟုမဆိုပါ။ နိဗ္ဗာန်ကို ဤဘ၀တွင်ပင် ခန္ဓာကိုယ်အကြွင်းအကျန်ရှိလျှက် သိမြင်ရခြင်းကို သဥပါဒိ- သေသနိဗ္ဗာန်ဟုခေါ်၏။ ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန်စံ၍ ခန္ဓာကိုယ်ပျက်ကြွေသွားသောအခါ ရုပ်ပိုင်းဆိုင်ရာ တည်ရှိခြင်းမရှိတော့ဘဲ ဆက်လက်ခံစားရသည့် နိဗ္ဗာန်ချမ်းသာကို အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်၏။ ထိုနိဗ္ဗာန် ပေါ်လာလျှင်ကား စိတ်အတွင်းမှာရှိသော ကိလေသာတို့သည်လည်း ကင်းဝေးစင်ကြယ်သွားကြ မည်ဖြစ်ပေ သည်။ ဤသည်ပင် စိတ်အညစ်အကြေးတွေကို ဆေးကြောသည်ဟုခေါ်ဆိုနိုင်ပါပေ၏။ အချုပ်အားဖြင့်သော် ကား မြန်မာတို့၏ နှစ်သစ်တွင် ကိုယ်၏အညစ်အကြေးကို ဆေးကြောရုံဖြင့် အားရတင်းတိမ်မနေမူ၍ စိတ် အညစ်အကြေး ကိလေသာအညစ်အကြေးတို့ကိုလည်း ဓမ္မရေစင်ဖြင့် ဆေးကြောကြပါဟူ၍ တိုက်တွန်းလျှက် မိမိ၏ “နှစ်သစ်ကူး ဓမ္မလက်ဆောင်”ဆောင်းပါးကို အောက်ပါလင်္ကာ ဆောင်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပေသည်။
“စိတ်ကိုပြုပြင် အလှဆင်”
နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်၊
အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း ရုပ်ဆင်းသတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်ကပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာရိုင်တတ်တယ်၊
ရိုင်မဲ့အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ ကံသာမူလရှိကြတယ်၊
သံသရာနယ် ချာချာလည် အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင် နာမ်မပြင် ရုပ်သွင်မလှ နာမ်မလှ၊
နာမ်ကိုသာပြင် ရုပ်မပြင် နာမ်စဉ်လဲလှ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင် ဥာဏ်ဓာတ်တင် လိုလျှင်ခဏနိဗ္ဗာန်ရ။(မစိုးရိမ်းဆရာတော်ဘုရားကြီး)
“ယခုနှစ်သစ်မှသည် နောင်နှစ်သစ်ပေါင်းများစွာ မိမိ၏ ဓမ္မမိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြကာ
ရုပ်နာမ်နှစ်မျိုးကို စင်ကြယ်အောင် ဆေးကြောနိုင်သော သူတော်စင်များ ဖြစ်ကြပါစေကုန်သတည်း”
အရှင်ဇ၀န
“ပဌာန်းပွဲမှ ဟာသများ”
လွန်ခဲ့သော ငါးနှစ်ခန့်က မိမိတို့၏ နယ်အတွင်း လက္ခုက္ကုန်းရွာ လက္ခုက္ကုန်းကျောင်းတွင် အသံမစဲ မဟာပဌာန်း
ပူဇော်ပွဲကို ငါးရက်ငါးညတိုင်းတိုင်း ကျင်းပခဲ့လေသည်။ သံဃာတော်များသည် သုံးရက်လောက်ထိ
အားကြိုးအားမာန်တက် ရွတ်ဖတ်တော်မူနိုင်ကြလေသည်။ လေးရက်မြောက်လောက်တွင်ကား အိပ်ရေးပျက်ရက်
များလာသဖြင့် ညအခါအလှည့်ကျသော သံဃာတော်များသည် ကိုယ့်အလှည့်ကိုပင် မေ့လျှော့ကာ အိပ်ပျော်သွားကြလေ
သည်။ တစ်ည ကိုတုတ်ကြီးတစ်ယောက် အလှည့်ကျ ကိုယ်တော်ကို ရှာမတွေ့သဖြင့် ကျောင်းရှိ ဦးဇင်းကြီး ဦးကျော်သို့
ချဉ်းကပ်ကာ
“ဦးဇင်းကြီး ဦးကျော် တပည့်တော် အလှည့်ကျ ရွတ်ဖတ်ရမည့် သံဃာတော်ကို ၇ှာနေတာ မတွေ့ဘူး၊ အဲဒီကိုယ်တော်ကိုယ်
အစား ဦးဇင်းကြီးရွတ်ဖတ်နိုင်မလား” ဟု မေးလျှောက်လေသည်။ ဤတွင် ဦးဇင်းကြီးဦးကျော်သည်ကား
“အို မောင်တုတ်ကြီးကလဲ ကြည့်ရွတ်ရတာများ ဘာခက်တာမှတ်လို့ ရွတ်တတ်ပါတယ်ကွ”ဟု အလွယ်တကူပင်
်ဖြေလိုက်လေသည်။ ထိုအခါ ဦးတုတ်ကြီးက
“ဒါဆိုရင် ပြီးရော၊ တပည့်တော်အလှည့်ကျ ကိုယ်တော်ကို မရှာတော့ဘူး၊ ပီပီပြင်ပြင်တော့ ရွတ်နော်ဘုရား။”ဟု
လျှောက်လေသည်။
“ရပါတယ်ကွ”ဟု ဆိုကာ ဦးဇင်းကြီးသည် ပဌာန်းရွတ်ရာ မဏ္ဍပ်သို့ ဦးတုတ်ကြီးနှင့်အတူပါသွားလေသည်။
ဦးဇင်းကြီးစတင်ရွတ်ဖတ်ရမည့်ပါဠိသည်ကား
“နော သညောဇနံ ဓမ္မံ ပဋိစ္စ နော သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။”ပါဠိတော်ပင်ဖြစ်သည်။
သို့သော် ဦးဇင်းကြီးဦးကျော်သည်
“နော, နော, နော”ဟု ရှေ့ကို ဆက်မဖတ်နိုင်ဘဲ ထစ် ထစ် အ အ ဖြစ်နေလေ၏။ ထိုအခါ မဏ္ဍပ်အတွင်းရှိကြသော
ဒါယကာများက ဦးဇင်းကြီး၏ အဖြစ်ကို ကြည့်ကာ“၀ါးကနဲ” ရယ်ကြလေသည်။ ဦးဇင်းကြီးဦးကျော်သည် သူ့ကို
ဒါယကာများက လှောင်ပြောင်သည်၏ အဖြစ်ကို သိကာ ပဌာန်းကို ဆက်မရွတ်ဘဲ ဒါယကာများဘက်သို့လှည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ရွတ်ကြည့်အုံး၊ လွယ်မှတ်နေလား၊ လူကို ပြောင်သလို လှောင်သလိုနဲ့။”ဟု ငေါက်ကာ
ပဌာန်ပါဠိတော်များကို အမှားအယွင်းများစွာဖြင့် ဆက်ရွတ်လေတော့သတည်း။
ထိုလက္ခုက္ကုန်ရွာသည်ကား မိမိတို့၏ ရွာနှင့် အလွန်နီးလေသည်။ ညအခါ လူခြေတိတ်ချိန်တွင်ကား
သံဃာတော်များ၏ ပဌာန်းရွတ်ဖတ်သော အသံသည် ရွာမှ ကျယ်လောင်စွာကြားနေရသည်။
ဗုဒ္ဓဘာသာဝင်တို့အတွက် ရွတ်သံကို ကြားရတိုင်း နားထောင်းရင်း ဓမ္မဿဝနကုသိုလ်ဖြစ်နေလေသည်။
သို့သော် မိစ္ဆာဒိဌိဖြစ်သော မိမိ၏ ဦးလေးဖြစ်သူ ဦးချစ်အေးသည်ကား
“ဒီပဌာန်းရွတ်သံကလဲ နားကို ညည်းနေတာဘဲ၊ ဘယ်ဘုန်းကြီးကများ ထွင်ခဲ့တယ်မသိ၊ စိတ်ညစ်စရာကောင်းလိုက်တာ”
ဟုငြီးချင်းထုတ်ကာ အကုသိုလ်ပင် နေ့စဉ်ဖြစ်နေလေတော့သည်။
ကန့်ဘလူမြို့နယ်အတွင်က ပဌာန်ပွဲတစ်ပွဲတွင်ကား ကျောင်းထိုင်ဆရာတော်၏ ကိုယ်စား ဦးဇင်းကြီးတစ်ပါးသည်
ပဌာန်ရွတ်ရန်အလို့ငှာ ကြွရောက်လာလေသည်။ ထိုဦးဇင်းကြီးအလှည့်ကျရောက်သောအခါ ထိုဦးဇင်းကြီးရွတ်ဖတ်ရမည့်
ပါဠိသည်ကား
“သေက္ခော ဓမ္မော၊ သေက္ခဿ ဓမ္မဿ”စသည်ပင်ဖြစ်လေသည်။ ထိုပါဠိကို အသံထွက်လျှင်ကား
“သစ်ခေါ ဓမ်မော၊ သစ်ခတ်သ ဓမ်မတ်သ”ဟု အသံထွက်ရမည် ဖြစ်လေသည်။ ထိုအဖြစ်ကို မသိသော
ဦးဇင်းကြီးသည် မင်းသားကြီး ဦးအောင်မောင်း၏ အသံနေ အသံထားကို ဖမ်းကာ
“သောက်ခေါ ဓမ္မော၊ သောက်ခဿ ဓမ္မဿ” မှားယွင်းစွာ ရွတ်နေလေတော့သည်။ ထိုအခါ ကျောင်းထိုင်ဆရာတော်ကြီး
သည် ဦးဇင်းကြီး၏ မှားယွင်းစွာ ရွတ်ဖတ်သော အသံကို သူ၏ ကျောင်းဆောင်မှ အတိုင်းသား ကြားနေရသည်။ သို့ဖြစ်သ
ဖြင့် ကိုရင်တွေကို
“ဒါဘယ်ကျောင်းက ကိုယ်တော်ရွတ်နေတာလဲ ကိုရင်တို့၊”ဟု မေးလေသည်။ ကိုရင်များက
“တောင်ဘက်ရွာကျောင်းက ဦးဇင်းကြီးတစ်ပါးရွတ်နေတာဘုရား၊”ဟု လျှောက်ထားသောအခါ ဆရာတော်သည် တောင်
ဝှေးကို ဆွဲ၍ ပဌာန်းရွတ်ရာမဏ္ဍပ်သို့ ကြွသွားကာ
“ဒီအိုတာ ဒူးနေရာဒူး တော်နေရာတော် မနေဘူး၊ ဘုရားပါဠိတော်တွေကို ဖျက်ဆီးနေတာ၊သေပေတော့ အိုတာ”ဟု ဆိုကာ
တောင်းဝှေးစာကျွေးလေတော့သည်။ ထိုအခါ မင်းသားကြီးဦးအောင်မောင်း၏ အသံကို အတုယူကာ အသံနေအသံထားဖြင့်
ပဌာန်းကို ကျယ်လောင်စွာ ရွတ်ဖတ်နေသော ဦးဇင်းကြီးသည် ဆက်လက်ရွတ်ဖတ်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ
“ကြောက်ပါပြီဆရာတော်”ဟု ဆိုကာ တစ်ရှိုးတည်းလစ်ပြေးလေတော့သတည်း။ ထိုဦးဇင်းကြီး၏ ထိုအချိန်က ပြေးနှုန်းကို
ယနေ့ခေတ် မြန်လှသည်ဆိုသော ဒုံးကျည်များသည်ပင် လိုက်မှီတော့မည်မဟုတ်ပါချေ။ ထိုအပြေးနှုန်းဖြင့်
ကမ္ဘာ့အပြေးပြိုင်ပွဲဝင်လျှင်ကား ထိုဦးဇင်းကြီး ကမ္ဘာ့ရွှေတံဆိပ်ဆုရှင်ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါပေ၏။
နောက်ဖြစ်ရပ်တစ်ခုသည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
တစ်ခါက ရွာတစ်ရွာတွင် အသံမစဲမဟာပဌာန်းပူဇော်ပွဲကို (ရ)ရက်တိုင်းတိုင်းကျင်းပခဲ့လေသည်။ ပဌာန်းပွဲပြီးသောအခါ ရပ်
ဝေးမှ ဆရာတော်များနှင့် ရွာမှ ဒါယကာ ဒါယိကာမတို့သည် အလ္လာပ သလ္လာပစကားပြောကြလေသည်။ ထိုသို့ စကားပြော
နေစဉ် ပရိသတ်အတွင်းမှ ဒါယကာတစ်ဦးသည် အားရ၀မ်းသာဖြင့်
“အရှင်ဘုရားတို့ ပဌာန်းရွတ်လိုက်တာ တော်တော်စွမ်းပါတယ်ဘုရား၊ ရွာအတွင်းက ဝေနေယျသတ္တ၀ါတွေ တော်တော်လေး
ကျွတ်ကုန်တယ်ဘုရား။”ဟု လျှောက်ထားလေသည်။ ဤတွင် ဆရာတော်ကြီးတစ်ပါးမှ
“၀မ်းသာပါတယ် ဒကာတော်ရယ်၊ ဝေနေယျသတ္တ၀ါတွေကျွတ်ကုန်တယ်ဆိုတော့၊ ဆရာတော်တို့လဲ ရွတ်ရကျိုးနပ်တာပေါ့
အိပ်ရေးပျက်ရကျိုးလဲနပ်တာပေါ့၊ဒါနဲ့ ဘယ်သူတွေလဲ သူများအသက်ကို သတ်တဲ့သူတွေကျွတ်တမ်းဝင်ကုန်တာလား၊
ဒါမှမဟုတ် အရက်သမားတွေကျွတ်တမ်းဝင်ကုန်တာလား။”ဟု မေးလေသည်။ ထိုအခါ ဒါယကာတော်က
“မဟုတ်ဘူးဘုရား၊ ပဌာန်းပွဲက (ရ)ရက်တိုင်တိုင်ဆိုတော့ ဆရာတော်တို့ကို ကပ်ဘို့အတွက် သားငါးက မြို့နဲ့ဝေးတော့
ရှာရမလွယ်ဘူးဘုရား၊ ဒါကြောင့် ရွာအတွင်းရှိတဲ့ ကြက် ၀က်တို့ကို သတ်ပြီးဆရာတော်တို့ကို ချက်ကပ်တော့ သူတို့လေး
တွေလဲ စောစောကျွတ်တမ်းဝင်ကုန်တာပေါ့ဘုရား၊ဒါကို ရည်ရွယ်ပြီး ဝေနေယျသတ္တ၀ါတွေ တော်တော်လေးကျွတ်တမ်းဝင်
ကုန်တယ်လို့လျှောက်တာပါဘုရား။”ဟု ဆိုလျှောက်ထားလိုက်လေသည်။ ထိုအခါမှ ဆရာတော်က
“အွန်း လုပ်ချလိုက်ပြန်ပြီ ဒကာတော်ရယ်၊”ဟု တခစ်ခစ်ရယ်လေတော့သည်။ အနီးအနားရှိသံဃာတော်များနှင့်
ပရိသတ်ကြီးသည်လည်း ထိုဒါယကာတော်နှင့် ဆရာတော်ကြီးတို့၏ ဆွေးနွေးခန်းကို သဘောကျကာ တခစ်ခစ်
ရယ်ကြလေတော့သတည်း။
Wednesday, April 14, 2010
”နွားကုန်သည်ကြီး ကိုသာဝ”
တစ်ခါက ရွာတစ်ရွာတွင် ကိုသာဝအမည်ရှိသော နွားကုန်သည်တစ်ယောက်ရှိလေသည်။ သူသည် အလွန်ရိုး အ လွန် အသည်။ သူရိုးသကဲ့သို့ပင် သူ၏ ဇနီးမယားသည်လည်း အလွန်ပင်ရိုးလှပေသည်။ ကိုသာဝတို့၏ ရွာနှင့် မနီးမဝေးတွင် မြို့ငယ်လေးတစ်မြို့ရှိသည်။ ထိုမြို့လေးသည် တောမြို့လေးဖြစ်သည်။ ထိုကြောင့် ထိုမြို့လေးတွင် ငါးရက်တစ်ကြိမ်သာ ဈေးရောင်ပွဲကို ကျင်းပလေသည်။ ထိုဈေးရောင်ပွဲတွင် နွားပွဲဈေးလည်း ရှိပေသည်။ ထိုနွားပွဲဈေးတွင် နွားကုန်သည်ကြီး ကိုသာဝသည် ငွေအရေးတကြီးလိုအပ်နေသဖြင့် အိမ်မှာရှိသော နွားကြီးကို ရောင်းရန် စောစောကပင် ထွက်လာခဲ့လေသည်။ မိုးစင်စင်လင်းသည်နှင့် ကိုသာဝသည် နွားပွဲဈေးသို့ ရောက်ရှိ သွားသည်။ ထိုဈေးတွင် သူ၏ နွားကို လှည့်လည်ပြသလေတော့သည်။ လူလည် နွားကုန်သည် တစ်ယောက်သည် ကိုသာဝ၏ အမူအရာကို အပြောအဆိုကို ဘေးမှ အကဲ့ခတ်နေလေသည်။ အနည်းငယ် အကဲခတ်ပြီးသောအခါ သူသည် ကိုသာဝ၏ အလွန်ရိုး, အ, သည်၏ အဖြစ်ကို သိရှိသွားလေသည်။ ထိုအခါ လူလည် နွားကုန်သည်သည်
“ဦးလေး, ဒီနွားက ရောင်းဘို့လား။”ဟု လာရောက်မေးလေသည်။
“ဟုတ်တယ်, ငါတူရေ ဒီနွားက အိမ်က နွားကွ၊ ငွေလေးလိုနေလို့ ရောင်းမလို့ပါ။”ဟု ပြောသောအခါ
“ဘယ်လောက်လဲ ဦးလေး။”ဟု မေးလေသည်။ ဤတွင် ကိုသာဝက
“အစိတ်(၂၅ ကျပ်)ရရင်တော့ ရောင်းမယ်ငါ့တူ။”
“ကြည့်ပါရစေအုံး”ဟု ဆိုကာ လူလည်နွားကုန်သည်သည် နွား၏ ပါးစပ်ကို ဖြဲကြည့်ကာ
“ဦးလေးနွားက သွားတောင်သိပ်မပါတော့ဘူး၊ ရေတောင်ထောင်းတိုက်ရမယ့် သဘောမျိုးဖြစ်နေတယ်၊ ဒါကြောင့် ငါးကျပ်တော့ လျှော့ပါအုံး။”ဟု ဈေးဆစ်သောအခါ အလွန်ပင်ရိုးရှာသော ကိုသာဝတစ်ယောက် ငါးကျပ်လျှော့လိုက်ရသည်။ ထို့နောက် လူလည်နွားကုန်သည်သည် နွားကို ဦးချိုကို ကြည့်ကာ
“ဦးလေးနွားက ဦးချိုက ကုတ်နေတာ၊ ငါးကျပ်လျှော့ပါ၊ အမြည်းက တိုးနေတာ ငါးကျပ်လျှော့ပါ၊ နွားကလဲ တော်တော်အသက်ကြီးနေပြီး ကျွန်တော်ကတောင် အဖေခေါ်ရလိမ့်မယ်၊ ငါးကျပ်လျှော့ပါ၊ နွားရဲ့ဘို့ကလဲ သိပ်မကကောင်းဘူး၊ ငါးကျပ်လျှော့ပါ၊”ဟု အလျှော့ခိုင်းလေရာ သဘောကောင်းသော နွားကုန်သည်ကြီးကိုသာဝ သည်ကား တစ်ပြားတစ်ချပ်မှ မရလိုက်ပါ၊ သူ၏ နွားကို လူလည်နွားကုန်သည်အား ပေးအပ်လိုက်ရလေတော့ သည်။ အိမ်ကို ပြန်ရောက်သောအခါ ဇနီးမယားဖြစ်သူက
“ကိုသာဝ, တော်နွားရောင်းတာ ပိုက်ဆံဘယ်လောက်ရခဲ့သလဲ”ဟု မေးသောအခါ အထက်ပါအကြောင်းအရာ များကို ရှင်းပြလေသည်။ ထိုအခါ ဇနီးမယားသည်
“တော်နွားသွားရောင်းတာ ပိုက်ဆံတစ်ပြားမှ မရခဲ့ဘူးပေါ့လေ၊ ဒီလောက်တောင် အ, တဲ့ယောက်ကျားကိုမှ ကျွန်မယူမိတာ၊ မှားပါပြီးတော်။”ဟု စိတ်ဆိုကာ အရပ်လေးမျက်နှာကြားလောက်အောင် အော်ဟစ်လေတော့ သည်။ထိုအခါ လင်ယောက်ကျားဖြစ်သူ နွားကုန်သည်ကြီး ကိုသာဝ ပြောလိုက်သော စကားကြောင့် ဇနီးမယား ဖြစ်သူသည် စိတ်ဆိုးမှုများ ရုတ်ချည်းပြေပျောက်ကာ ခွက်ခွက်လန်အောင် ရည်လိုက်လေတော့သတည်း။ ကိုသာဝပြောလိုက်သည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
“ဟ, မိန်းမရ, တိုးတိုးပြောပါဟ၊ ဒို့နွားက နားကုတ်ကြီးဟ၊ ၀ယ်တဲ့သူက အဲဒါကို မသိဘူး၊ အဲဒါကို သိရင် နောက်ထပ်ဒို့ဆီကို ငါးကျပ်ထပ်တောင်းနေအုံးမယ်၊ အဲဒါကိုက ဒို့ကံကောင်းတယ် လို့မှတ်။”ဟူသတည်း။
Tuesday, April 13, 2010
“ကိုယ်တော်လေးများ၏ လူထွက်ရခြင်းအကြောင်းများ”
တစ်ခါက တောရွာမှ ကိုယ်တော်လေးတစ်ပါးသည် စာသင်ရန်အလို့ငှာ မြို့သို့ကြွသွားလေသည်။ ထိုကိုယ်တော် လေးသည် မိဘနှင့် ဆရာသမားများ၏ ဆန္ဒကို မလွန်ဆန်လိုသောကြောင့်သာ မြို့သို့ ကြွခဲ့ရသည်။ စိတ်ကမပါ ချေ။ မြို့ရောက်သောအခါ သူ၏ တောကျောင်းကဲ့သို့မဟုတ်ပါချေ။ နံနက်လေးနာရီထရသည်။ ငါးနာရီတွင် ကျောင်းရှိ သံဃာအားလုံး စီတန်းဆွမ်းခံကြွကြရသည်။ ဆွမ်းခံပြီးသောအခါ ဆွမ်းစားပြီးနောက် စာတက်စာ ကျက်နှင့် နား ချိန်ဟူ၍ မရလှချေ၊ မူလကပင် မြို့မှာ စာသင်ရန် ဆန္ဒမရှိသော ကိုယ်တော်လေးသည် မြို့တွင် အလွန်ပင်ပန်းသဖြင့် ရွာပြန်ကာ လူထွက်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ သို့ဖြစ်သဖြင့် ကိုယ် တော်လေးသည် စာသင်တိုက်မှ ဆရာတော်ကို ခွင့်ပန်ကာ တောသို့ပြန်ကြွသွားလေတော့သည်။ ရွာတွင် ကိုယ် တော်လေး၏ မိဘများသည်ကား
“ဒို့သားက မြို့မှာ စာသင်နေတာ၊ နောက်ဆယ်နှစ်လောက်ဆိုရင် ပညာတတ်ဆရာတော်တစ်ပါးဖြစ်လာတော့ မှာ။”ဟု အိမ်စဉ်လှည့်လည်ကာ ကြွားနေကြသည်။ ကြွား၍မှမဆုံးသေးပါ။ သားကိုယ်တော်လေးသည် ရွာပြန် ကြွလာခဲ့သည်။ သို့ဖြစ်သဖြင့် မိဘနှစ်ပါးသည် သားကိုရင်ထံကို ချဉ်းကပ်ကာ
“ကိုရင်ဘာလို့ရွာပြန်ကြွလာသလဲ”ဟု မေးလေတော့သည်။ ထိုအခါ ကိုရင်က
“ဒကာကြီး ဒကာမကြီးတို့ မြို့မှာ နေတယ်ဆိုတာ သူများလို ၀တ်နိုင် စားနိုင်မှ ကောင်းတာ၊ ကိုရင်မှာက အခြား ကိုရင်တွေလို သင်္ကန်းကောင်းမရှိဘူး၊ အဲဒါကြောင့် သင်္ကန်းဝယ်ပေးနိုင်ရင်လဲ ၀ယ်ပေးပါ၊ မ၀ယ်ပေးနိုင်ရင်တော့ ကိုရင်ထွက်တော့မယ်။”ဟု ပူဆာလေ၏။ ကိုရင်လေး၏ မိဘများသည် အလွန်ပင် ဆင်းရဲကြသည်။ သို့သော် သူတို့၏ သားကိုရင်သည် သာသနဘောင်မှ ထွက်လာမည်ကို စိုးရိမ်းသောကြောင့်
“ကိုရင်ရယ် ဘာသင်္ကန်းလဲ ဘယ်လောက်ကျလဲ ဒကာကြီး ဒကာမကြီးတို့ ၀ယ်ပေးမှာပေါ့။”ဟု အားတက်သရော လျှောက်ထားကြလေသည်။ ဤတွင် ကိုရင်က
“သင်္ကန်းက တက်တရွန်သင်္ကန်း၊ ဈေးကတော့ နှစ်ရာကျော်လောက်ရှိတယ် ဒကာကြီး ဒကာမကြီးတို့။”ဟု ဈေးနှုန်ကို ပြောပြလေသည်။ ထိုခေတ်က နှစ်ရာသည်ကား အလွန်ပင် တန်းဖိုးရှိသည်။ ဆင်းရဲသော ကိုရင်လေး ၏ မိဘများသည် သူတို့၏ သားကိုရင်လေးကို လူမထွက်စေရန်အလို့ငှာ
“ကို၇င်ရယ် ၀ယ်ပေးပါမယ်၊ မပူပါနဲ့”ဟု ချော့မော့လျှောက်ထားလေသည်။ မူလကပင် သာသနဘောင်တွင် ဆွမ်းခံထွက် စာတက် စာကျက်အလုပ်များကို မလုပ်လိုတော့သဖြင့် လူထွက်ရန်အလို့ ဒုန်းဒုန်းချထားသော ကိုယ် တော်လေးသည်
“ဒီအတိုင်းဆိုရင် ငါလူထွက်ရမှာ မဟုတ်တော့ဘူး၊ ၀ယ်မလှူနိုင်အောင် နှစ်စုံလှူခိုင်းမှ” တွေးကာ
“ဒကာကြီး ဒကာမကြီးတို့ ကိုရင် ခုကတည်းက ပြောထားမယ်၊ နှစ်စုံလှူမှနော်၊ တစ်စုံဆိုရင် ကိုရင်က အလှူမခံ ဘူး၊ လူထွက်မှာဘဲ။”ဟု ဆိုသောအခါ မိဘနှစ်ပါးခမျာ
“သင်္ကန်းတစ်စုံတောင် အိမ်မှာရှိမဲ့ စုမဲ့လေး ထုတ်ပြီး ရောင်းချလှူရမှာ၊ နှစ်စုံဆိုရင်တော့ မဖြစ်နိုင်ဘူးကိုရင်ရယ်၊ သို့သော် ရွာတောင်ပိုင်းက ကိုရင်ရဲ့ဦးလေးတွေဆီမှာ သွားအလှူခံပေးမယ်ကိုရင်၊”ဟု ချောမော့လေသည်။ ဤတွင် ကိုရင်က
“ကျုပ်က ဒကာကြီး ဒကာမကြီးတို့လှူတဲ့ သင်္ကန်းကိုဘဲ လိုချင်တယ်၊ သူများလှူတဲ့သင်္ကန်းကို မလိုချင်ဘူး။” ဆိုလာသောအခါ ဒကာမကြီးက ချော့မော့ပါသေးသည်။ သို့သော်ဒကာကြီးက စိတ်မရှည်တော့သောလေသံဖြင့်
“ဒီလောက်တောင်ထွက်ချင်ရင်လဲ ထွက်တော့ ကို၇င်၊ ချော့မော့မနေတော့ဘူး၊ လူထွက်တာနဲ့ ဆန်အိတ်ထမ်းဘို့
သာပြင်တော့။”ဟု ပြောကာ ဒကာကြီးသည် အိမ်မှ ထွက်သွားလေတော့သတည်း။ ထို့သို့ခွင်ရသဖြင့် ထိုကိုယ် တော်လေးသည်လည်း လူ့ဘောင်သို့ ပြောင်းသွားလေတော့သတည်း။
နောက်တစ်ပုဒ်သည်ကား တစ်ခါက ကိုယ်တော်ခပ်ငယ်ငယ်လေးတစ်ပါးသည် တောရွာတစ်ရွာတွင် ကျောင်းထိုင်နေလေသည်။ သူသည် သာသနဘောင်တွင် မပျော်မွေ့တော့ပေ။ လူထွက်လိုသော အကြောင်းကို ဒကာ ဒကာမများကို ပြောရန် အားနာနေရှာသည်။ အဘယ်ကြောင့်ဆိုသော် ရွာမှ ဒကာ ဒကာမများသည် သူ့ ကို အလွန်ပင် ကြည်ညိုကြသောကြောင့်ပေတည်း။ သို့ဖြစ်သဖြစ် နည်းလမ်းရှာရတော့သည်။ တစ်နေ့တော့ ကိုယ် တော်လေးသည် အရဲစွန့်ပြီး ပြောတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ ဆုံးဖြတ်ချက်ချပြီးသောအခါ ကိုယ်တော်လေသည်
“ဒကာ ဒကာမကြီးတို့ ဦးဇင်းလူထွက်တော့မယ်။”ဟု မိန့်လိုက်လေသည်။ ထိုအခါ ရွာမှ ဒကာ ဒကာမများသည်
“ဘာကြောင့် လူထွက်မှာလဲဘုရား။”ဟု မေးလျှောက်သောအခါ ကိုယ်တော်လေးက အကြောင်းပြကောင်းစွာဖြင့် မိန့်ကြားလိုက်လေသည်။
“ဒကာ ဒကာမကြီးတို့ ဆောက်လှူထားတဲ့ ကျောင်းကြီးကလဲ ဘယ်လိုကြီးမှန်လဲ မသိဘူး၊ ဒါကြောင့် ဦးဇင်း လူထွက်ဘို့ ဆုံးဖြတ်ချက်ချတာဘဲ။”ဟူသတည်း။
Friday, April 9, 2010
“နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကကုန်ဒါစရိယ”
မြန်မာပြည်အထက်ပိုင်း မြို့နယ်တစ်နယ်အတွင်းဝယ် ရွာကြီးတစ်ရွာရှိလေသည်။ ထိုရွာရှိ ရွာသူရွာသားများသည် အလွန်အင်မတန်မှ ဆိုးသွမ်းလှသည်။ လူသတ်မှု ခဏ ခဏဖြစ်သည်။ များပြားလှစွာသော ဘုန်းတော်ကြီးတို့ သည် ထိုရွာရှိ ကျောင်းကို သီတင်းသုံး နေထိုင်တော်မူခဲ့သည်။ ဆရာတော်အဆက်ဆက်သည် ဆိုးသွမ်းလှသော ရွာသူရွာသားများကို ယဉ်ကျေးသော ရွာသူရွာသားများအဖြစ် တိုးတက်ပြောင်းလဲစေရန်အလို့ငှာရန် မြတ်ဗုဒ္ဓ၏ တရားတော်များကို ကြိုးစားပြီးဟောပေး ရှာကြသည်။ တရားဟောစဉ်အတွင်းဝယ် “မှန်လှပါဘုရား၊ လိုက်နာ ပါမယ်ဘုရား”စသည်ဖြင့် အာမဘန္တေခံ သွားကြသည်။သို့သော်လည်း “ခွေးမြီးကောက် ကျည်တောက်စွပ်”ကဲ့သို့ မကောင်းမှုကို ပြန်လည်လုပ်ဆောင် ကြပြန်သည်။ နောက်ဆုံး ဆရာတော်များသည်ပင် လက်မြှောက်အရှုံး ပေး ကြရသည်။ထိုရွာမှ အချို့အမူးသမားများသည် မူးလျှင် ကိုယ်ဖာသာကိုယ် မမူး၊ ရွာဦးကျောင်းရှိဆရာတော်ကိုပင် ထိခိုက်သွားသေးသည်။ တစ်နေ့ အမူးသမားတစ်ယောက်သည် ကျောင်းနားက ဖြတ်သွားကာ
“ဗုဒ္ဓဂုဏော အနန္တော၊ ဘုရားဂုဏ်တော်သည် အဆုံးမရှိ ကြီးမြတ်လှပါပေ၏၊ ဘုရားကို ရှိခိုးပါ၏။ ဓမ္မဂုဏော အနန္တော၊ ဓမ္မဂုဏ်တော်သည် အဆုံးမရှိ ကြီးမြတ်လှပါပေ၏။ ဓမ္မကို ရှိခိုးပါ၏။ သံဃဂုဏော အနန္တော။ သံဃ ဂုဏ်တော်သည် အဆုံးမရှိ ကြီးမြတ်လှပါပေ၏၊ သံဃာတော်မြတ်အပေါင်းးကို ရှိခိုးပါ၏၊ အာစရိယဂုဏော အနန္တော၊ ဆရာသမား၏ ဂုဏ်တော်သည် ကြီးမြတ်လှပါပေ၏၊ ဆရာသမားကို ရှိခိုးပါ၏။ သို့သော် ခုရွာမှာ ကျောင်းထိုင်နေတဲ့ ဘုန်းကြီးက ဒို့ဆရာသမားမဟုတ်၊ ရှိးခိုးစရာမလို”ဟု အော်သွားကြသည်။ ထိုရွာသားစစ်စစ်ကိုယ်တော်လေးသည် သူ့ရွာသားများ၏ ဆိုးသွမ်းမှုကို ဆုံးမလိုသည်။ သို့သော် သူသည် ထိုအချိန်က ကျောင်းထိုင် မဖြစ်သေးချေ။ မြို့တွင် စာသင်ခိုက်ပင်ဖြစ်သည်။ တစ်နေ့ ထိုဆရာတော်လေးသည် ပညာပြည့်စုံ၍ရွာတွင် ကျောင်းထိုင်ဆရာတော်ဖြစ်လာလေသည်။ ထိုဆရာတော်သည် ရွာကို ကျောင်းထိုင်စဉ်က သက်တော်အားဖြင့် သုံးဆယ်၊ ၀ါတော်အားဖြင့် ဆယ်ဝါခန့်ရှိလေသည်။ ကျောင်းထိုင်သည်နှင့် တစ်ပြိုင်နက် ဆရာတော်သည် သူ၏ ဆိုးသွမ်းကြသော ရွာသူရွာသားများကို လူတော်လူကောင်းများဖြစ်စေရမည်ဟူသော ရည်ရွယ်ချက်ကို စတင် အကောင်အထည်ဖေါ်လေတော့သည်။ ယဉ်ကျေးမှုသင်တန်းများဖွင့်သည်။ ထိုဆရာ တော်တို့ခေတ်က ပညာရေးစနစ်သည် ဘုန်းကြီးကျောင်းများတွင် မှီခိုနေရလေသည်။ ဆရာတော်သည် ရွာသူ ရွာသားများကို ပညာတတ်များဖြစ်စေရန် ကြိုးစားတော်မူခဲ့ပါသည်။ ကျောင်းပိတ်ရက်မရှိ၊ အကယ်၍ ဆရာ ဆရာမများက မသင်နိုင်သော ရက်များတွင် ဆရာတော်သည် သူကိုယ်တိုင်သင်တော်မူသည်။ ယခုအခါ ဆရာ တော်သည် သက်တော်အားဖြင့် ၈၀၊ ၀ါတော်အားဖြင့် ၆၀ ရှိပြီးဖြစ်လေသည်။ တစ်ရွာလုံး ဆရာတော်၏ လက်အောက်တွင် ပညာသင်ခဲ့ရသော ကျောင်းသားတွေချည်းဖြစ်ရာ တစ်ရွာလုံးက ချစ်ကြောက်ရိုသေကြသည်။ ယခင်က ဆိုးသွမ်းသူများဖြင့် ဖုံးလွှမ်းခဲ့သော ရွာကြီးသည် ယခုအခါ လူတော်လူကောင်းများဖြင့် လွှမ်းခြုံ ထားသော ရွာကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်နေ့ ထိုရွာတွင် တရားပွဲကျင်းပလေသည်။ ထိုတရား ပွဲတွင် ဟောကြားမည်ဖြစ်သော ဆရာတော်သည်ကား “နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ဦး ဣန္ဒာစရိယ” ဖြစ်လေသည်။ ထိုရွာမှ ဂေါပကလူကြီးတစ်ယောက်သည် တရားပွဲမစတင်မီ ဆရာတော်၏ ဘွဲ့တော်ကို မိုက်ဖြင် တရား နာပရိသတ်များသိစေရန်အလို့ငှာ
“ယနေ့ တရားဟောမည့် နိုင်ငံကျော် ဓမ္မကထိက၏ ဘွဲ့တော်သည်ကား မန္တလေးမှ ဆရာတော် ကကုန်ဒါစရိယ ဖြစ်ပါတယ်ခင်ဗျား၊”ဟု အကြိမ်ပေါင်းများစွာကြော်ညာပေးနေလေသည်။ ထိုအချိန်တွင် ရွာဦးကျောင်း ဆရာ တော်ကြီးသည် ဓမ္မကထိကဆရာတော်နှင့် စကားပြောနေလေသည်။ ထိုဂေါပကလူကြီး၏ အသံကို ကျောင်း ပေါ်မှ အတိုင်းသားကြားနေရသည်။ ထိုဂေါပကလူကြီးကို အခေါ်ခိုင်းကာ ထိုသူ ရောက်သောအခါ
“မင်းဘာလုပ်နေတာလဲ။”ဟု ဆရာတော်ကြီးက မေးလေသည်။ ဂေါပကလူကြီးက
“တပည့်တော် ဓမ္မကထိကရဲ့ဘွဲ့တော်ကို တရားနာပရိသတ်များသိအောင် ကြော်ညာပေးနေတာပါဘုရား၊” ဟု လျှောက်ထားသောအခါ
“မင်း ကြော်ညာတာက အမှားကြီးကြော်ညာနေတာ၊ လူကြားရင် ဘယ်လောက်ရှက်ဘို့ကောင်းလဲ ၊ မင်းလဲ သိက္ခာကျတယ်၊ ငါလဲသိက္ခာကျတယ်၊ ပြီးတော့ ရွာလဲသိက္ခာကျတယ်၊ မြဲမြဲမှတ်ထား၊ ဆရာတော် ကကုန်ဒါစရိယ လို့ အသံမထွက်ရဘူးကွ၊ ဆရာတော်ဣန္ဒာစရိယ(ဆရာတော်အိန်ဒါစရိယ)လို့ အသံထွက်ရတယ်ကွ။”ဟု မိန့်တော်မူကာ နားရင်းပါးရင်ကို သုံးချက်လောက်အုပ်ကာ ပြန်လွှတ်လိုက်လေသည်။
မှတ်ချက် ဣကို အိဟု အသံထွက်ရသည်။ ထိုဣကို ဣဟု မထင်မူ၍ ကအက္ခရာ နှစ်လုံးဆင့်ထားသည်ဟု ထင် မှတ်ကာ ဂေါပကလူကြီးသည် ကကုန်ဒါစရိယ”ဟု မှားပြီး အသံထွက်တော့ နားရင်းပါးရင်း အရိုက် ခံရတော့တာပေါ့၊ အော်မှတ်သားဖွယ်ရာပါပေတည်း။
Tuesday, April 6, 2010
“ကြက်သတ်တဲ့ သောတာပန်”
ယနေ့ခေတ်သည် ၀ိမုတ္တိယုဂခေတ်ဖြစ်သဖြင့် ၀ိဿနာတရားကို စိတ်ဝင်စားသူများ ပေါများလာလေသည်။ တရားအားထုတ်သူများသည်လည်း ပေါများလာလေသည်။ ဆရာကောင်းနှင့် တွေ့ရှိသဖြင့် တရားထူးကို ရရှိ ကြသော ယောဂီတို့သည်လည်း ရှိကြမည်မှာ ဧကန်ပင်ဖြစ်လေသည်။ သို့သော် ယောင်ဝါးဝါးဆရာသမားနှင့် တွေ့ကြကာ ယောင်ဝါးဝါး ယောဂီဖြစ်သွားကြသည်ကိုလည်း တွေ့ရပေသည်။ ဤအကြောင်းနှင့်ပတ်သက်၍ တကယ်ဖြစ်၇ပ်ကလေးတစ်ခုကြားဖူးမိလေသည်။ တစ်ခါက ဦးမောင်မြင်ဟု အမည်ရှိသော ဒါယကာကြီးတစ် ဦးရှိလေသည်။ သူသည် ရိပ်သာတစ်ခုတွင် ရက်ရှည်တရားစခန်းဝင်ကာ တရားအားထုတ်လေသည်။ တရားအား ထုတ်စဉ် အလွန်အင်မတန်မှ ကြိုစားကာ တရားအားထုတ်လေသည်။ ထို့သို့ ထိုဒါယကာကြီး၏ တရားကို ပြင်ထန်စွာ အားထုတ်သည့်အကြောင်းသည် ရိပ်သာမှ ယောဂီများအကြားတွင် ပျံ့နှံ့၍ နေလေသည်။ ယောဂီ တို့သည်လည်းအချင်းချင်း
“အော် ဦးမောင်မြင်တို့ကတော့ အရင်နှင့်မတူတော့ဘူး၊အရင်တုန်းကတော့ ကြက်သတ် ၀က်သတ်နှင့် ဆိုးပေ နေတာ၊ ခုတော့လဲ သူမဟုတ်သလိုဘဲ အားထုတ်လိုက်တာ၊ သူများတွေ နားတာတောင် သူမနားဘူး၊ တော် တော်လေး ကြိုးစားအားထုတ်တာဘဲ၊ အမူအကျင် အပြောအဆိုကလည်း တော်တော်ကို ပြောင်းလဲသွားပြီ အတု ယူဘို့ ကောင်းလိုက်တာ။”ဟု ပြောကြားကြလေသည်။ ထိုသတင်းသည် ရိပ်သာဆရာတော်နားသို့ ပေါက်ကြား သွားသည်။ ဆရာတော်သည်လည်း ထိုဒါယကာကို အရိပ်တကြည့်ကြည့်နှင့်ပင်ဖြစ်လေသည်။ တစ်နေ့ နှစ်လ ပြည့်သဖြင့် ဦးမောင်မြင့်သည်
“ဆရာတော်ဘုရား တပည့်တော်တရားအားထုတ်တာလဲ တော်တော်လေးကြာခဲ့ပါပြီ၊ တော်တော်လဲ ပြင်းပြင်း ထန်ထန်ကြိုးစားခဲ့ပါတယ်၊ တပည့်တော်ဘယ်အဆင့်လောက်ရောက်ပြီလို့ထင်ပါသလဲဘုရား။”ဟု မေးလျှောက် လေသည်။ ဤတွင် ဆရာတော်မှ
“ဒကာကြီးရဲ့တရားအားထုတ်မှုနဲ့ ဇွဲလုံ့ကို ကြည့်ရရင်တော့ ရိုးရိုးလူသားတွေရဲ့ တရားအားထုတ်မှုမျိုး ဇွဲလုံ့လ မျိုးတော့မဟုတ်ဘူး၊ အရိယာပုဂ္ဂိုလ်တို့ရဲ့ တရားအားထုတ်မှုနဲ့ ဇွဲလုံ့လမျိုးဘဲ၊ ဒါကြောင့် သောတာပန်အဆင့် လောက်တော့ ရောက်လောက်ပြီလို့ ခန်းမှန်းလို့ရတယ် ဒကာကြီး။”ဟု မိန့်ကြားတော်မူလိုက်လေသည်။ ထိုအခါ ဦးမောင်မြင့်မှ
“ဆရာတော် ဒါဆိုရင် တပည့်တော်သောတာပန်ဖြစ်တဲ့အတွက် ငရဲကို မကျတော့ဘူးပေါ့ဆရာတော်”ဟု မေး လျှောက်သောအခါ ဆရာတော်က
“သောတာပန်ဟာ အပါယ်ငရဲကို ဘယ်ကျတော့မှာလဲ ဒကာတော်။”ဟု မိန့်ကြားလိုက်လေသည်။ ဒကာကြီးဦး မောင်မြင့်သည်
“ငါဟာ သောတာပန်လဲ ဖြစ်သွားပြီး၊ အပါယ်ငရဲကို မကျတော့ဘူး။”ဟု တထစ်ချ မှတ်ယူကာ ရိပ်သာမှထွက် သွားလေတော့သည်။ တစ်နေ့အိမ်တွင် သားဖြစ်သူက
“အဖေ ဧည့်သည်တွေလာနေတယ်၊ ထွက်ပြီး ဧည့်ခံပေးပါအုံး၊”ဟု ဆိုလာသောအခါ ဖခင်ဖြစ်သူ ဦးမောင်မြင့်က
“ သားရာ အဖေက သောတာပန်ဖြစ်နေတော့ လူမှုရေးတွေ လုပ်လို့မကောင်းတော့ဘူး၊ သားပဲလုပ်လိုက်ပါ။”ဟု ငြင်းဆိုကာ တရားကိုသာ အားထုတ်နေလေသည်။ သားဖြစ်သူသည် အလိုက်မသိ ဖခင်တရားအားထုတ်နေစဉ်
“အဖေ ဧည့်သည်အတွက် ရေနွေးလေးတည်ပေးပါအုံး၊ ကျွန်တော်ဧည့်သည်တွေကို ဧည့်ခံလိုက်အုံးမယ်၊”ဟု ဒုက္ခတဖန်ပေးပြန်သည်။ ဒုတိယအကြိမ်ဖခင်ဖြစ်သူက
“သားရာ အဖေက သောတာပန်ဖြစ်နေပြီ မင်းအမေရှိသားပဲ၊ မင်းအမေကို ရေနွေးတည်ခိုင်းလိုက်ပေါ့။”ဟု ဆိုကာ ဦးမောင်မြင့်တစ်ယောက် တရားကို ဆက်လက်အားထုတ်နေပြန်ပါ၏။ သို့ဖြစ်သဖြင့် သားဖြစ်သူသည်
“ငါ့ဖခင်ကတော့ တကယ့်ကို သူတော်စင်ကြီးဖြစ်သွားပြီ၊ သူကတော့ အိမ်ကိစ္စတွေဘာမှ စိတ်ဝင်းစားမှာ မဟုတ်တော့ဘူး၊ ဒီတော့ အမေနဲ့ပဲ တိုင်ပင်တော့မှဖြစ်မယ်။”ဟု စိတ်အကြံအစည်ဖြစ်ကာ မိခင်ဖြစ်သူကို
“အမေရေ ဒီနေ့ ဧည့်သည်တွေကို ညနေစာကျွေးဘို့ အိမ်မှာ ဟင်းချက်စရာမရှိဘူး၊ အဲဒါအိမ်မှာရှိတဲ့ ကြက်ကိုပဲ သတ်ပြီး ဧည့်ခံလိုက်တော့မယ်၊”ဟု တိုင်ပင်နေလေသည်။ ထိုတိုင်ပင်သံကို အိမ်ရှေ့ခန်းတွင် တရားထိုင် နေသော ဦးမောင်မြင့်ကြားသဖြင့် ကမန်းကတန်းအိမ်အတွင်းမှ ထွက်လာကာ
“သားရေ မင်း ကြက်သတ်ရင် အပါယ်ငရဲကျလိမ့်မယ်၊ ငါကသောတာပန်အရိယာဖြစ်ပြီဆိုတော့ ကြက်သတ်လဲ အပါယ်ငရဲကျမှာ မဟုတ်တော့ဘူး၊ ဒါကြောင့် ငါ့သားရေ အဖေကိုယ်တိုင်ပဲ သတ်လိုက်တော့မယ်။”ဟု ဆိုကာ သောတာပန်အရိယာကြီးသည် ကြက်ကို လည်လှီးကာ သတ်လိုက်လေတော့သတည်း။
မှတ်ချက်== စင်စစ် သောတာပန်သည်ကား သူတစ်ပါးသက်ကို သတ်ရန်မဆိုထားဘိ ၊ သူ့အသက်ကို သတ်ရန် အလို့ငှာ လာရောက်သော ပုဂ္ဂိုလ်ကိုပင် လက်ဖျားလေးနဲ့တောင် နာကျင်အောင် တို့တော့မည် မဟုတ်ပါချေ၊ ဒကာတော်ဦးမောင်မြင့်သည်ကား အရိယာသောတာပန် အစစ်မဟုတ်၊ ယောင်ဝါးအတု သောတာပန်ဖြစ်မည်မှာ မုချမသွေ အမှန်စင်စစ် ဖြစ်ပေမည်။ သို့ပါသောကြောင့် သူကို “ကြက်သတ်သော သောတာပန်အတု”ဟု ခေါ် ဝေါ်ထိုက်ပါပေသတည်း။
Sunday, April 4, 2010
“လူပြန်တော်နှင့် စာရေးကြီးကတော်”
တစ်ခါက မြို့တစ်မြို့တွင် မြို့နယ်စာရေကြီးနှင့် စာရေးကတော်ဇနီးမောင်နှံနှစ်ယောက်တို့ရှိကြလေသည်။ သူတို့ သည် အသက်နှစ်ဆယ်အရွယ်ကပင် အိမ်ထောင်ကျခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက်အလွန်ပင် ချစ်ကြပါပေသည်။ အသက်အနှစ် နှစ်ဆယ်တိုင်တိုင် ပေါင်းသင်းခဲ့ကြပေသည်။ သို့သော် သားသမီး တစ်ယောက် မျှပင် မထွန်းကားခဲ့ချေ။ တစ်နေ့ စာရေးကြီးသည် ရောဂါတစ်ခုဖြင့် သေဆုံးသွားခဲ့သည်။ စာရေးကြီးသေဆုံး တော့ စာရေးမကြီးခမျာ တစ်ယောက်တည်း မစားနိုင် မအိပ်နိုင် တမှိုင်မှိုင် တထွေထွေဖြင့် နေရလေသည်။ ထို သည်ကို သိသော စာရေးကတော်ကြီး၏ အိမ်အနီးအနားမှာ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်သည် စာရေးကတော်ကြီးကို သောကပြေကြောင်းတရားကို နေ့စဉ် ကြွရောက်ကာ ဟောကြားပေးလေသည်။ ဆရာ တော်၏ ဟောပြောမှုကြောင့် စာရေးကတော်ကြီးသည်လည်း ရက်အနည်းငယ်ကြာသောအခါ သောကတွေ လည်း ပြေပျောက်သွားသည်။ နောက်ဆုံး လင်သားကိုပင် မေ့ကာ သောကပြေကြောင်း ဟောပြော ပြသနေ သော ဆရာတော်နှင့် အကြောင်းပါသွားလေသည်။ ရခါစတွင်တော့ စာရေးကြီးရှာဖွေထားသော ငွေကို သုံးစွဲနေရဖြင့် ဇနီးမောင်နှံနှစ်ယောက်သည် အလွန်ပင်အဆင်ပြေကြလေသည် ။ နှစ်အနည်းငယ်ကြာလာတော့ သုံးစွဲစရာငွေမရှိတော့ပေ။ ဘုန်းကြီးလူထွက်ဖြစ်သော လင်ယောက်ကျားသည် ရရာအလုပ်ဖြစ်သော ဆန်အိတ် ထမ်းခြင်းအလုပ်ကို လုပ်ကိုင်ရတော့သည်။ စာရေးကတော်ကြီးကို ချစ်သောကြောင့်သာ အလုပ်ကြမ်းကို လုပ်ကိုင်ခဲ့ရသည်။တကယ်တော့ ဒီအလုပ်ကို တစ်သက်နှင့် တစ်ကိုယ်တစ်ခါမျှမလုပ်ကိုင်ဖူးခဲ့ပေ။ အလုပ်ခွင်တွင်လည်း အခြားသော အလုပ်သမားများသည် ဆန်အိတ်နှစ်ဆယ်ကို အချိန်တိုအတွင်း ပြီအောင်ထမ်းနိုင်ကြသည်။ စာရေးကတော်ကြီး၏ လူပြန်တော်ဖြစ်သော လင်ယောက်ကျားသည်ကား ဆန်အိတ်ငါးအိတ်ကို ပင် မနည်းထမ်းနေရသည်။ သို့ဖြစ်သဖြင့် အလုပ်ရှင်တရုတ် ကြီးက
“အမောင်လူပြန်တော်ရေ မောင်ရင်ကို ကြည့်ရတာ ငါသည်ပင် အလွန်ပင်ပန်းလှတယ်၊ ဒါကြောင့် နားလိုက် ပါအုံးကွာ၊ ဒီ ပိုက်ဆံကတော့ မောင်ရင်လိုရာသုံးဘို့အတွက် ပေးလိုက်ပါတယ်၊”ဟု ငွေသုံးထောင်ကို ထုတ်ပေး ကာ အလုပ်ဖြုတ်လိုက်လေသည်။ ဇနီးမောင်နှံနှစ်ယောက်တို့သည် ရရှိလာလာသောငွေကို သုံးစွဲလာလိုက်ကြ၇ာ မကြာမီ ထိုငွေသည်လည်း ကုန်သွားပြန်သည်။ အလုပ်ရှာသော်လည်း ဘယ်အလုပ်မျှမရရှာပေ၊ ဒီလိုနှင့် ထမင်းဟင်းကို ဖြစ်သလိုချက်စားကြရသည်။ ကြာလာတော့ စာရေးကတော်ကြီးသည်
“တော်နဲ့အိမ်ထောင်ကျမှ ဟင်းကို ကောင်းကောင်းမစားရတော့ဘူး၊ စာရေးကြီးရှိစဉ်တုံးကဆိုရင် တစ်နေ့ ဟင်းကောင်း နှစ်ခွက် သုံးခွက်တော့ အမြဲတမ်းစားရတယ်။”ဟု ငြီးတွားပြောဆိုလေသည်။ဤတွင် လူပြန်တော် ကြီးမှလည်း
“အေး ငါကလဲ နင်နဲ့အိမ်ထောင်ကျမှ ဟင်းကို ကောင်းကောင်းမစားရဘူး၊ နင် ဟင်းကောင်းနှစ်ခွက်သုံးခွက်များ စကားထဲထည့်ပြောလို့ ငါဘုန်းကြီးဘ၀တုံးကဆို ဟင်းမျိုးစုံ စားပွဲနဲ့အပြည့် ဘုဉ်းပေရတာဟ”ဟု အားကျမခံပြန် ပြောလိုက်သောအခါ စာရေးကတော်ကြီးလည်း ဘာမျှမပြောသာတော့ပေ။ အသာလေးပင် တိတ်တဆိတ်နေ လိုက်ရပေတော့သတည်း။
Friday, April 2, 2010
“ဆရာတော်ဦးနန္ဒသာမိနှင့် ကားဆရာကိုသိန်းတန်
ဤအဖြစ်အပျက်ကလေးကတော့ လွန်ခဲ့သော (၂၅)နှစ်လောက်က တကယ့်ဖြစ်ရပ်မှန်ကလေးဖြစ်ပါပေ၏။ တစ်နေ့ မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့ ကုက္ကိုစုရွာတွင် ကျောင်းထိုင်နေသော ဆရာတော် ဦးနန္ဒသာမိသည် သူ၏ ရွာကျောင်းအတွက် ဗီရိုတစ်လုံးဝယ်ရန် မန္တလေးမြို့သို့ ကြွသွားသည်။ဆရာတော်သည် ဗီရိုကို ၀ယ်ပြီးနောက် ယုဇနမန်းကားဂိတ်သို့ ဗီရိုကို ဆိုက်ကားဖြင့် သယ် ဆောင်လာခဲ့လေသည်။ ယုဇနမန်းကား အသင်းသည်ကား ကူမဲနှင့် မန္တလေးပြေးဆွဲနေသော ကားအသင်း ဖြစ်သည်။ အားလုံးကူမဲမှ ကားတွေချည်း သာဖြစ်သည်။ ဂိတ်ရောက်သောအခါ ထွက်တော့မည်ဖြစ်သောကားမှ စပယ်ယာနှင့် ကားခဈေးညှိကြသည်။ စပယ်ယာမှ ရွာထိအရောက် ငွေ(၁၃၀)ကျပ်တောင်းသည်။ ဆရာတော်သည် (၁၀၀)ကျပ်နှင့် ဈေးဆစ်သည်။ ထို့သို့ဈေးဆစ်နေစဉ် ခန်တောရွာမှ ကိုသိန်းတန်၏ ယုဇနမန်းကားသည် မန္တလေးယုဇနမန်းကားဂိတ်သို့ ဆိုက်လာလေသည်။ ခန်တောရွာနှင့် ဆရာတော် ဦးနန္ဒသာမိ၏ ရွာသည်ကား ကပ်လျှက်ပင်ဖြစ်သည်။ ဆရာတော်နှင့် ကိုသိန်းတန်တို့သည် အလွန်ပင် ရင်းနှီးကြ သည်။ ဆရာတော်သည် အသိဖြစ်သော ဒကာ၏ ကားကို မြင်လိုက်သောအခါ
“တစ်ရာမရလဲ နေတော့ကွာ၊ ငါ့ဒကာကားလာပြီ၊ သူ့ကားနဲ့ဘဲ လိုက်တော့မယ်” ဆိုပြီး ကားခ (၁၃၀ ) ကျပ် တောင်းသော ရှေ့ကားကို ပယ်လိုက်လေသည်။ ဒကာတော်ကိုသိန်းတန်ကားနှင့်ဘဲ ဈေးမပြောဘဲ လိုက်လာလေသည်။ အသိတွေဆိုတော့ ဆရာဒကာ ဈေးစကားလဲ ပြောရန်မလိုတော့ပေ။ဆရာတော်၏ ကုက္ကိုစု ရွာကျောင်းသို့ ဆိုက်ရောက်သောအခါ ဗီရိုကို ကျောင်းပေါ်သို့ တင်ကြလေသည်။ တင်ပြီးသောအခါ ဆရာတော် သည် ကိုသိန်းတန်နှင့် စပယ်ယာနှစ်ယောက်ကို လဘက်ရည်, မုန့်တို့ဖြင့် ဧည့်ခံလေသည်။ အလ္လာပသလ္လာပ ပြောပြီးနောက် ကိုသိန်းတန်က
“ဆရာတော် တပည့်တော်တို့ကို ပြန်ခွင့်ပြုပါအုံး၊”ဟု နှုတ်ဆက်သောအခါ ဆရာတော်သည်
“ကိုသိန်းတန်ရေ ကားခရော့”ဟု စွန့်လိုက်လေသည်။ ထိုအခါ ကိုသိန်းတန်သည် ငွေကို သေချာရေတွက်ပြီးသော အခါ
“ဆရာတော် ကားခက (၁၅၀)ကျပ်ကျတယ်ဘုရား၊ ဆရာတော်ပေးတာက (၁၃၀)ကျပ်ဘဲ ရှိသေးတယ်ဘုရား” ဟုလျှောက်လေသည်။ဤတွင် ဆရာတော်က
“ကိုသိန်းတန်ရာ (၁၃၀)ကျပ်တော်ပေါ့၊ ပထမကားက (၁၃၀)ကျပ်ရတယ်၊ ကျုပ်က ကိုယ့်ဒကာအသိကားမို့ ရှေ့ကားကို ပယ်ပြီ ခင်ဗျားကားကိုအားပေးတာ။”ဟု ဈေးဆစ်သည်။
ဒကာတော်သိန်းတန်သည်ကား
“ဆရာတော်ရယ် မရလို့ပါဘုရား၊ ဆီဈေးတွေတက်နေတာ ဆရာတော်အသိဘဲဘုရား၊ တပည့်တော် ကိုယ့် ဆရာတော်တွေကို ပိုမတောင်း ပါဘူးဘုရား။”ဟု အတင်းတောင်းလေတော့သည်။ ဆရာတော်သည်လည်း
“အော် ကိုယ့်ဒကာကားဆိုပြီး ဈေးမဆစ်မိတာ ငါ့အမှား၊ ဒီတခါတော့ ပေးလိုက်ပေးအုံးတော့ မောင်နန္ဒရေ။”ဟု သူ့ကိုယ်သူ ဆုံးမကာ ငွေတစ်ရာ့ငါးဆယ်ကို လက်တုန်တုန်ရီရီနှင့်ပင် စွန့်လိုက်ရလေသည်။
ဆရာတော်သည် သူ့၏ ဒကာတော် ကိုသိန်းတန်းကို ယနေ့ထိပင် အလွန်ပင် အခဲမကြေဖြစ်နေဟန်ရှိ၏။ အလှူပွဲ များရှိ၍ သံဃာတော်များနှင့် ဆုံတိုင်း
“အရှင်ဘုရားတို့ဘုရား မောင်သိန်းတန်ကားကို အသိဒကာရဲ့ကားဘဲဆိုပြီး ဈေးမဆစ်ဘဲ သွားမစီးနဲ့ဘုရား ၊ ဆရာတော်တို့ ပိုများတဲ့ ကားခတွေနဲ့ တွေ့သွားလိမ့်မယ်၊ တပည့်တော်လက်တွေ့ဘဲ ဆရာတော်တို့ရေ၊ တပည့်တော်ဟာ ကိုယ့်အသိဒကာရဲ့ကားဆိုပြီး ဈေးမဆစ်ဘဲ စီးမိပါတယ်၊ ငွေ(၂၀)ကျပ် ပိုပေးရတဲ့ အပြင် လဘက်ရည်နဲ့ မုန့်တောင်ကျွေးလိုက်ရသေးတယ် ဆရာတော်ဘုရား တို့ဘုရား။”ဟုလျှောက်ထားလေသည်။ ထိုလျှောက်ထားသံသည် ယနေ့ အချိန်ထိပင် ကြားနေရဆဲဖြစ်သည်။ သို့သော် ကိုသိန်းတန်ကြီးသည်ကား ဘ၀တစ်ပါးပြောင်းသွားရှာလေပြီ။
ဆရာတော်သည်သာ ကိုသိန်းတန်၏ ဒဏ်ကို ခံရသည်မဟုတ်။ မိမိသည်လည်း တစ်နှစ်က ကားဆရာကို သိန်းတန်၏ ဒဏ်ကို ခံရသေးဖူးသည်။တစ်နေ့ ကိုသိန်းတန်တစ်ယောက် မိမိထံသို့ ရောက်လာသည်။ မိမိက
“ဒကာတော်ကိုသိန်းတန်းဘာကိစ္စများရှိလို့လဲ။”ဟု မေးသောအခါ
“ဦးဇင်းဘုရား တပည့်တော်ကို ပရိတ်ကြီးဋီကာစာအုပ်ရှိရင် ငှားပါအုံးဘုရား။”ဟုလျှောက်ထားလေသည်။ ဤ တွင် မိမိစဉ်းစားမိသည်ကား
“ပရိတ်ကြီးဋီကာစာအုပ်သည်ကား ရှားပါစာအုပ်ဖြစ်တယ်၊ ပျောက်သွားရင် အစားထိုးဘို့မလွယ်ဘူး၊ သို့သော်လဲ ကိုသိန်းတန်ကို ငှားရင်တော့ အကျိုးမယုတ်လောက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက မန္တလေးမှာ ကားပြေး ဆွဲနေတာ ငါကလဲ မန္တလေးမှာနေတာဆိုတော့ စာအုပ်ငှားတဲ့မျက်နှာနဲ့ သူ့ကားကိုတော့ အလကားစီရ တန်ကောင်းရဲ့။”ဟု အကျိုးကို မျှော်ကိုးသော စိတ်ဖြင့် ငှားလိုက်လေသည်။ ထိုအကျိုးကို မျှော်ကိုးသော စိတ်ဖြင့် ငှားလိုက်သောကြောင့်လားတော့မသိ၊ ကိုသိန်းတန်၏ ကားနှင့် မန္တလေးသို့ အကြိမ်များစွာပင် သွားဖူးပါသည်။ ကားခအမြဲတမ်းပင် ပေးခဲ့ရသည်။ တခါတလေမျှပင် “အရှင်ဘုရားလှူပါတယ်ဘုရား”ဟူ၍ လျှောက်သံလေး တောင်မကြားခဲ့ရပါလေ။ ခုတော့ ကိုသိန်းတန်ကြီးလဲ ဆုံးသွားပြီ၊ ပရိတ်ကြီးဋီကာစာအုပ်လည်း ဘယ်ရောက် တယ်မသိ၊ ရွာကျောင်းဘုန်းကြီးသိရင် အဆူးခံရလိမ့်အုံးမယ်၊ အော် ငါ့အဖြစ်သည်ကား ဖွတ်မရ ဓားမအဆုံးပါ လားနော်”
Thursday, April 1, 2010
“ဂိ ဂဲ”
ဤပုံပြင်လေးကတော့ သူငယ်ချင်းဖြစ်သူ၏ ရွာမှ ဖြစ်ရပ်မှန် ပုံပြင်ကလေးတစ်ပုဒ်ဖြစ်ပါပေသည်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက ရွာတစ်ရွာတွင် မောင်အုံးမောင်ဟု အမည်ရှိသော ဘုန်းကြီးကျောင်းသား တစ်ယောက်ရှိ လေသည်။ မောင်အုံးမောင်၏ မိဘများသည် မောင်အုံးမောင်ကို ပညာတတ် လူလိမ္မာတစ်ယောက်ဖြစ် စေချင် ကြသည်။ သို့ဖြစ်သဖြင့် သူ့ကို ငယ်စဉ်ကပင် ရွာဦးကျောင်းဆရာတော်ထံတွင် အပ်နှံထားကြလေသည်။ သူ၏ မိဘများ၏ လိုအင်ဆန္ဒပြည့်ဝစေရန် ဆရာတော်သည် မောင်အုံးမောင်ကို ကျောင်းရောက်ချိန်ကစ၍ ပညာကို ကြပ်မတ်ကာ သင်ပေးတော်မူခဲ့ပါသည်။ သို့သော် မောင်အုံးမောင်သည်
ဥာဏ်ထိုင်းသည်။ ဆရာတော်သင်ပေးသော စာအားလုံးကို စာသင်ခန်းမှ ထွက်လျှင်မေ့ပစ်လေ့ရှိသည်။
ဘာကိုမျှ ဟုတ်တိပတ်တိ မရတော့ပေ။ သို့ဖြစ်သဖြင့် ဆရာတော်သည် သူ့ကို လက်တွေ့သင်လက်တွေ့ဖတ် ဟူသော စနစ်ကို ပြောင်းကာ သင်ပေးတော်မူခဲ့ရသည်။ ထိုစနစ်သည် တော်တော်ထိရောက်မှုရှိပါပေသည်။
မောင်အုံးမောင်တစ်ယောက် စာကို တော်တော်လေးဖတ်တတ်လာချေပြီ။ တစ်နေ့ ဆရာတော်သည် သူ့၏ တပည့်ကျော်ကြီးမောင်အုံးမောင်တစ်ယောက် စာကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်လာလေပြီဆိုသည်ကို ကျောင်းသားများကို သိစေချင်သည်။ သို့ဖြစ်သဖြင့် ကျောင်းသားများ၏ ရှေ့မှောက်တွင် မောင်အုံးမောင်ကို စာဖတ်ပြခိုင်းလေသည်။ ဆရာတော်က ဖတ်ပြခိုင်းသော စာသည်ကား အောက်ပါအတိုင်းဖြစ်သည်။
“လျှက်ဆာတစ်ဒါဇင် (၈ိ. ၈ဲ) ”ပင်ဖြစ်သည်။ မောင်အုံးမောင်တို့ခေတ်က “ ရှစ်ကျပ် ကို (၈ိ) ဟု ရေး၍ ရှစ်ပဲ ကို
(၈ဲ) ဟု ရေးလေ့ရှိသည်။ဆရာတော်သည် မောင်အုံးမောင်ကို
“အုံးမောင် ဒီစာကို ကျောင်းသားတွေကို ဖတ်ပြလိုက်စမ်း”ဟု မိန့်ကြားသောအခါ မောင်အုံးမောင်သည်
“လျှက်ဆားတစ်ဒါဇင်, လျှက်ဆားတစ်ဒါဇင်”ဟု ရှေ့မဆက်နိုင်ဘဲ ဖြစ်နေလေသည်။ ထိုအခါ ဆရာတော်သည် စိတ်ဆိုးကာ
“ရှေ့ဆက်ဖတ်လေကွာ”ဟု အော်ဟစ်ကာ ကျမ်းပြင်ကို ဒုတ်နှင့် ဗြန်းကနဲရိုက်လိုက်လေသည်။ မောင်အုံးမောင် တစ်ယောက် ဆရာတော်ကို ကြောက်ကြောက်နှင့် ဖတ်ပြလိုက်သည်ကား
“လျှက်ဆားတစ်ဒါဇင် ဂိ ဂဲ ”ဟု ပင် ဖြစ်လေသတည်း။ မောင်အုံးမောင်၏ ဖတ်ပြသံကို ကြားလိုက်ရသော ကျောင်းသားများသည် ဆရာတော်ကိုပင် မကြောက်တော့ဘဲ ခွက်ထိုးခွက်လန် ကျယ်လောင်စွာ ရယ်လိုက်ကြ လေသည်။ စာမရလျှင် မောင်အုံးမောင်ကို ရိုက်မည်ဟု ဒုတ်တကိုင်ကိုင်နှင့် ဟန်ပြင်နေသော ဆရာတော် သည်ပင် ဒုတ်ကိုပင် ဆက်လက်ကိုင်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ ဗိုက်ကို နှိပ်ကာ ရယ်တော်မူလေတော့သတည်း။
Go Up အပေါ်သို့