Pages

Friday, April 2, 2010

“ဆရာတော်ဦးနန္ဒသာမိနှင့် ကားဆရာကိုသိန်းတန်

ဤအဖြစ်အပျက်ကလေးကတော့ လွန်ခဲ့သော (၂၅)နှစ်လောက်က တကယ့်ဖြစ်ရပ်မှန်ကလေးဖြစ်ပါပေ၏။ တစ်နေ့ မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့ ကုက္ကိုစုရွာတွင် ကျောင်းထိုင်နေသော ဆရာတော် ဦးနန္ဒသာမိသည် သူ၏ ရွာကျောင်းအတွက် ဗီရိုတစ်လုံးဝယ်ရန် မန္တလေးမြို့သို့ ကြွသွားသည်။ဆရာတော်သည် ဗီရိုကို ၀ယ်ပြီးနောက် ယုဇနမန်းကားဂိတ်သို့ ဗီရိုကို ဆိုက်ကားဖြင့် သယ် ဆောင်လာခဲ့လေသည်။ ယုဇနမန်းကား အသင်းသည်ကား ကူမဲနှင့် မန္တလေးပြေးဆွဲနေသော ကားအသင်း ဖြစ်သည်။ အားလုံးကူမဲမှ ကားတွေချည်း သာဖြစ်သည်။ ဂိတ်ရောက်သောအခါ ထွက်တော့မည်ဖြစ်သောကားမှ စပယ်ယာနှင့် ကားခဈေးညှိကြသည်။ စပယ်ယာမှ ရွာထိအရောက် ငွေ(၁၃၀)ကျပ်တောင်းသည်။ ဆရာတော်သည် (၁၀၀)ကျပ်နှင့် ဈေးဆစ်သည်။ ထို့သို့ဈေးဆစ်နေစဉ် ခန်တောရွာမှ ကိုသိန်းတန်၏ ယုဇနမန်းကားသည် မန္တလေးယုဇနမန်းကားဂိတ်သို့ ဆိုက်လာလေသည်။ ခန်တောရွာနှင့် ဆရာတော် ဦးနန္ဒသာမိ၏ ရွာသည်ကား ကပ်လျှက်ပင်ဖြစ်သည်။ ဆရာတော်နှင့် ကိုသိန်းတန်တို့သည် အလွန်ပင် ရင်းနှီးကြ သည်။ ဆရာတော်သည် အသိဖြစ်သော ဒကာ၏ ကားကို မြင်လိုက်သောအခါ
“တစ်ရာမရလဲ နေတော့ကွာ၊ ငါ့ဒကာကားလာပြီ၊ သူ့ကားနဲ့ဘဲ လိုက်တော့မယ်” ဆိုပြီး ကားခ (၁၃၀ ) ကျပ် တောင်းသော ရှေ့ကားကို ပယ်လိုက်လေသည်။ ဒကာတော်ကိုသိန်းတန်ကားနှင့်ဘဲ ဈေးမပြောဘဲ လိုက်လာလေသည်။ အသိတွေဆိုတော့ ဆရာဒကာ ဈေးစကားလဲ ပြောရန်မလိုတော့ပေ။ဆရာတော်၏ ကုက္ကိုစု ရွာကျောင်းသို့ ဆိုက်ရောက်သောအခါ ဗီရိုကို ကျောင်းပေါ်သို့ တင်ကြလေသည်။ တင်ပြီးသောအခါ ဆရာတော် သည် ကိုသိန်းတန်နှင့် စပယ်ယာနှစ်ယောက်ကို လဘက်ရည်, မုန့်တို့ဖြင့် ဧည့်ခံလေသည်။ အလ္လာပသလ္လာပ ပြောပြီးနောက် ကိုသိန်းတန်က
“ဆရာတော် တပည့်တော်တို့ကို ပြန်ခွင့်ပြုပါအုံး၊”ဟု နှုတ်ဆက်သောအခါ ဆရာတော်သည်
“ကိုသိန်းတန်ရေ ကားခရော့”ဟု စွန့်လိုက်လေသည်။ ထိုအခါ ကိုသိန်းတန်သည် ငွေကို သေချာရေတွက်ပြီးသော အခါ
“ဆရာတော် ကားခက (၁၅၀)ကျပ်ကျတယ်ဘုရား၊ ဆရာတော်ပေးတာက (၁၃၀)ကျပ်ဘဲ ရှိသေးတယ်ဘုရား” ဟုလျှောက်လေသည်။ဤတွင် ဆရာတော်က
“ကိုသိန်းတန်ရာ (၁၃၀)ကျပ်တော်ပေါ့၊ ပထမကားက (၁၃၀)ကျပ်ရတယ်၊ ကျုပ်က ကိုယ့်ဒကာအသိကားမို့ ရှေ့ကားကို ပယ်ပြီ ခင်ဗျားကားကိုအားပေးတာ။”ဟု ဈေးဆစ်သည်။
ဒကာတော်သိန်းတန်သည်ကား
“ဆရာတော်ရယ် မရလို့ပါဘုရား၊ ဆီဈေးတွေတက်နေတာ ဆရာတော်အသိဘဲဘုရား၊ တပည့်တော် ကိုယ့် ဆရာတော်တွေကို ပိုမတောင်း ပါဘူးဘုရား။”ဟု အတင်းတောင်းလေတော့သည်။ ဆရာတော်သည်လည်း
“အော် ကိုယ့်ဒကာကားဆိုပြီး ဈေးမဆစ်မိတာ ငါ့အမှား၊ ဒီတခါတော့ ပေးလိုက်ပေးအုံးတော့ မောင်နန္ဒရေ။”ဟု သူ့ကိုယ်သူ ဆုံးမကာ ငွေတစ်ရာ့ငါးဆယ်ကို လက်တုန်တုန်ရီရီနှင့်ပင် စွန့်လိုက်ရလေသည်။
ဆရာတော်သည် သူ့၏ ဒကာတော် ကိုသိန်းတန်းကို ယနေ့ထိပင် အလွန်ပင် အခဲမကြေဖြစ်နေဟန်ရှိ၏။ အလှူပွဲ များရှိ၍ သံဃာတော်များနှင့် ဆုံတိုင်း
“အရှင်ဘုရားတို့ဘုရား မောင်သိန်းတန်ကားကို အသိဒကာရဲ့ကားဘဲဆိုပြီး ဈေးမဆစ်ဘဲ သွားမစီးနဲ့ဘုရား ၊ ဆရာတော်တို့ ပိုများတဲ့ ကားခတွေနဲ့ တွေ့သွားလိမ့်မယ်၊ တပည့်တော်လက်တွေ့ဘဲ ဆရာတော်တို့ရေ၊ တပည့်တော်ဟာ ကိုယ့်အသိဒကာရဲ့ကားဆိုပြီး ဈေးမဆစ်ဘဲ စီးမိပါတယ်၊ ငွေ(၂၀)ကျပ် ပိုပေးရတဲ့ အပြင် လဘက်ရည်နဲ့ မုန့်တောင်ကျွေးလိုက်ရသေးတယ် ဆရာတော်ဘုရား တို့ဘုရား။”ဟုလျှောက်ထားလေသည်။ ထိုလျှောက်ထားသံသည် ယနေ့ အချိန်ထိပင် ကြားနေရဆဲဖြစ်သည်။ သို့သော် ကိုသိန်းတန်ကြီးသည်ကား ဘ၀တစ်ပါးပြောင်းသွားရှာလေပြီ။
ဆရာတော်သည်သာ ကိုသိန်းတန်၏ ဒဏ်ကို ခံရသည်မဟုတ်။ မိမိသည်လည်း တစ်နှစ်က ကားဆရာကို သိန်းတန်၏ ဒဏ်ကို ခံရသေးဖူးသည်။တစ်နေ့ ကိုသိန်းတန်တစ်ယောက် မိမိထံသို့ ရောက်လာသည်။ မိမိက
“ဒကာတော်ကိုသိန်းတန်းဘာကိစ္စများရှိလို့လဲ။”ဟု မေးသောအခါ
“ဦးဇင်းဘုရား တပည့်တော်ကို ပရိတ်ကြီးဋီကာစာအုပ်ရှိရင် ငှားပါအုံးဘုရား။”ဟုလျှောက်ထားလေသည်။ ဤ တွင် မိမိစဉ်းစားမိသည်ကား
“ပရိတ်ကြီးဋီကာစာအုပ်သည်ကား ရှားပါစာအုပ်ဖြစ်တယ်၊ ပျောက်သွားရင် အစားထိုးဘို့မလွယ်ဘူး၊ သို့သော်လဲ ကိုသိန်းတန်ကို ငှားရင်တော့ အကျိုးမယုတ်လောက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက မန္တလေးမှာ ကားပြေး ဆွဲနေတာ ငါကလဲ မန္တလေးမှာနေတာဆိုတော့ စာအုပ်ငှားတဲ့မျက်နှာနဲ့ သူ့ကားကိုတော့ အလကားစီရ တန်ကောင်းရဲ့။”ဟု အကျိုးကို မျှော်ကိုးသော စိတ်ဖြင့် ငှားလိုက်လေသည်။ ထိုအကျိုးကို မျှော်ကိုးသော စိတ်ဖြင့် ငှားလိုက်သောကြောင့်လားတော့မသိ၊ ကိုသိန်းတန်၏ ကားနှင့် မန္တလေးသို့ အကြိမ်များစွာပင် သွားဖူးပါသည်။ ကားခအမြဲတမ်းပင် ပေးခဲ့ရသည်။ တခါတလေမျှပင် “အရှင်ဘုရားလှူပါတယ်ဘုရား”ဟူ၍ လျှောက်သံလေး တောင်မကြားခဲ့ရပါလေ။ ခုတော့ ကိုသိန်းတန်ကြီးလဲ ဆုံးသွားပြီ၊ ပရိတ်ကြီးဋီကာစာအုပ်လည်း ဘယ်ရောက် တယ်မသိ၊ ရွာကျောင်းဘုန်းကြီးသိရင် အဆူးခံရလိမ့်အုံးမယ်၊ အော် ငါ့အဖြစ်သည်ကား ဖွတ်မရ ဓားမအဆုံးပါ လားနော်”

0 comments:

Post a Comment

 

Go Up အပေါ်သို့