တစ်ခါက တောရွာကျောင်းတစ်ကျောင်းတွင် ဆရာတော်တစ်ပါးရှိလေသည်။ ဆရာတော်သည် “သူသည် အမြှောက်မကြိုက်”ကြောင်းကို လူရှုပ်ရှုပ်ရှိလျှင် အမြဲမပြတ်ပြောကြားလေ့၊ မိန့်တော်မူလေ့ရှိသည်။ တစ်နေ့ အလှူပွဲတစ်ခုတွင် ဆရာတော်သည် ဒါယကာအများနှင့် စကားလက်ဆုံကျရာ ဒါယကာတစ်ဦးမှ
“ဆရာတော် တရားဟော တော်တော်ကောင်းကြောင်း ဒီနယ်တစ်ဝိုက်မှာတော့ နာမည်ကြီးနေတယ်ဘုရား”ဟု လျှောက်ထားရာ ဆရာတော်က
“ဟေ ဒကာ! ဒကာ ငါ့ဆီက တစ်ခုခု လိုချင်ရင် ဒဲ့တိုးပြောပါ၊ ဟိုဝေ့ သည်ဝေ့ လုပ်မနေနဲ့၊ အဲဒါမျိုး ငါမကြိုက်ဘူး၊ မင်းငါ့ကို မြှောက်နေမှန်း ငါသိတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာ မင်း မြဲမြဲမှတ်ထား”ဟု မိန့်တော်မူသဖြင့်
“အော် ဆရာတော်ကတော့ တကယ်အမြှောက်မကြိုက်တဲ့ အာဂဆရာတော်တစ်ပါးပါ ပေသည်တကား”ဟု မြှောက်သော ဒါယကာသည်ပင် လက်ဖျားခါ ယုံကြည်သွားလေသည်။ သို့ဖြစ်သဖြင့် ထိုနယ်မှ ဒါယကာများသည် ထိုဆရာတော်အား ဘယ်လိုမှ မြှောက်ပင့်၍ မရကြောင်း နားလည်လိုက်သည်။မြှောက်ပင့်၍လဲ မပြောဝန့်ကြပေ။ ထိုနယ်တစ်ဝိုက်တွင် ထိုဆရာတော်သည် ဘယ်လိုမှ မြှောက်ပင့်၍ မရသော ဆရာတော်တစ်ပါးအဖြစ် နာမည်ကျော်ကြားနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
တစ်နေ့ ထိုဆရာတော်၏ မြှောက်ပင့်၍ မရကြောင်း အမြှောက်ကြိုက်သော ဆရာတော်မဟုတ်ကြောင်းကို အခြားနယ်မှ ဒါယကာတစ်ဦးသည် သိရှိလေသည်။ ထို့ကြောင့် ဒါယကာသည် ထိုအာဂဆရာတော်ကို ဖူးမြှော်ရန်အလို့ငှာ ရောက်ရှိလာလေသည်။ ဒါယကာသည် ရောက်လျှင် ရောက်ချင်း ဆရာတော်ကို ဦးချလေသည်။ ထို့နောက် အလ္လာပ သလ္လာပစကားပြောကြသည်။ ဒါယကာသည် စကားပြောစဉ်
“ဆရာတော်ကျောင်းကတော့ ပြသာဒ်အဆောင် ဘုံဆောင်တွေနဲ့ ဆောက်ထားတာ ဆိုတော့ နတ်ဘုံ နတ်နန်းတွေကျနေတာပဲဘုရား၊ ဥယျာဉ်ကြည့်ပြန်တော့လဲ တာဝတိံသာနတ်ပြည်က နန္ဒ၀န်ဥယျာဉ်တမျှပါပဲဘုရား၊တော်တော်လေးကို သာယာပါပေတယ်ဘုရား”ဟု မသိမသာ ဆရာတော်ကို မြှောက်ပင့်နေလေသည်။ ဆရာတော်သည်ကား
“ဒကာ မင်းလဲ ငါ့ကို လာမြှောက်နေတာလား၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာတော့ ဒကာသိတယ်နော်၊”ဟု မိန့်တော်မူသဖြင့် ဒါယကာသည် ဆက်မမြှောက်တော့ပေ။ ရိုးရိုးစကား တရားစကားပြောခြင်းဖြင့်သာ စကားဝိုင်းကို အဆုံးသတ်လိုက်လေသည်။ သို့သော် ပြန်ခါးနီတွင် ဒါယကာလျှောက်လိုက်သည်ကား
“တပည့်တော်တော့ ဘုန်းကြီးတွေ အတော်များများကို မြှောက်ဘူးတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေချည်းပါပဲဘုရား၊ အမြှောက်မကြိုက်တဲ့ ဘုန်းကြီးဆိုလို့ အရှင်ဘုရားတစ်ပါးပဲ တွေ့ဖူးသေးတယ်ဘုရား”ဟု ဆိုသောအခါ အမြှောက်မကြိုက်သော အာဂဆရာတော်သည်
“ဟုတ်တာပေါ့ ဒကာရ”ဟု လက်သီးလက်မောင်းတမ်းကာ အားရ၀မ်းသာ အော်ဟစ် မိန့်ကြားတော်မူလေသည်။
ထိုမိန့်ကြားသံကို ကြားရသော ဒါယကာသည်ကား
“အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု”ဖြင့် ကျောင်းပေါ်မှ ဆင်းကာ ပြန်သွားလေတော့သတည်း။
နောက်အာဂဆရာတော်တစ်ပါးရှိပါသေးသည်။ စပ်မိလာသဖြင့် တင်ပြလိုက်ရပေသည်။
တစ်နေ့ ရန်ကုန်မြို့တွင် ထင်းရှားသော ကျောင်းတိုက်တစ်တိုက်သို့ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ဒါယကာနှစ်ဦးရောက်ရှိလာလေသည်။ထိုဒါယကာနှစ်ဦးသည် ဆရာတော်ကို တွေ့သောအခါ
“ဆရာတော်ဘုရား ရုပ်ရှင်မင်းသား ကိုစိုးသူတို့မိသားစုက မနက်ဖြန် မွေးနေ့ဆွမ်း ကပ်မှာဖြစ်တဲ့အတွက် သင်္ကန်းငါးစုံ၊ ငါးဆင့်စတီချိုင့်တစ်လုံး၊ သပိတ်တစ်လုံး၊ ပုဂံခွက်ယောက်စသည်တို့ကို ငှားလိုက်ပါအုံးတဲ့ဘုရား၊ သင်္ကန်းဖိုးကတော့ အိမ်ကျမှ ကပ်ပါမယ်တဲ့ဘုရား”ဟု လျှောက်ထားကြသောအခါ ဆရာတော်က
“ဟေ ဒကာတွေ ရှပ်ရှင်မင်းသားစိုးသူကလွှတ်လိုက်တာဆိုဟုတ်ပါပြီး၊ စိုးသူနဲ့ ဒို့ကလဲ ဆရာ+တပည့်လိုနေနေတာ ငှားရမှာပေါ့ကွ၊ သို့သော် စိုးသူရဲ့ အိမ်လိပ်စာကိုတော့ ငါ့ပြောပြအုံးလေကွယ်”ဟု မေးသောအခါ ဒါယကာနှစ်ဦးက
“ကိုစိုးသူက ဗဟန်းမြို့နယ်၊၀င်ဒါမီယာ၊ ခြံအမှတ်(၅၅)မှာနေပါတယ်ဘုရား”လျှောက်လေသည်။ ထိုအခါ စိုးသူရဲ့ အိမ်လိပ်စာကို အတိအကျသိထားသော ဆရာတော်က
“မင်းတို့ လူလိမ်တွေပဲ၊ စိုးသူက အဲဒီမှာ နေတာမှ မဟုတ်တာ ၊ လိပ်စာက အလွဲချည်းပဲ၊ စိုးသူရဲ့ လိပ်စာကို ငါအတိအကျသိတယ်၊ ငါ့လားပြီး မလိပ်နဲ့ ၊ အေ နောက်တစ်ခါလာလိမ်လို့ကတော့ မင်းတို့နှစ်ယောက်ကို ရဲလက်ထဲအပ်ပစ်မယ်၊ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်”ဟု ဆိုကာ ငေါက်ငမ်းလွှတ်လိုက်လေသည်။ ဆရာတော်သည် တစ်ဆက်တည်းမှာပင် ဘေးနားမှာရှိနေသော သူ၏တပည့်များကို
“မင်းတို့လဲ ငါလို သူများအလိမ်မခံရအောင်ကြိုးစားကြ၊ ငါ ရန်ကုန်မှာနေတာ နှစ်ပေါင်း (၃၀)ရှိသွားပြီ၊ တစ်ခါမှ အလိမ်မခံရသေးဘူး၊ လူဆိုတာ လှစ်နေရတယ်ကွ၊ ယနေ့ခေတ်မှာ လူလိမ်လူညာက များပါဘိသနဲ့၊ ငါ့လိုလှစ်နေမှ တော်ကာကြမယ်ကွ”ဟု အောင်မြင်သော အသံဖြင့် မိန့်ကြားတော်မူနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
မိနစ်ဝက်ခန့် သြ၀ါဒပေးပြီးသောအခါ ဆရာတော်သည် ကျင်ငယ်(အပေါ့)စွန့်ရန်အလို့ငှာ အောက်သို့ ဆင်းသွားလေသည်။ သို့သော် ဆရာတော်၏ ယနေ့မှ ထုတ်စီးထားသော အသစ်စက်စက် ကတ္တီပါဖိနပ်သည်ကား မရှိတော့ပေ။ ထိုအခါမှ ဆရာတော်သည် ဒေါသူပုန်ထကာ
“ဟို ခွေးမသားနှစ်ကောင် ငါ့ဖိနပ်ကို အလစ်သုတ်သွားပြီနဲ့တူတယ် မရှိတော့ဘူး၊ ငါ့တစ်သက် တခါမှ အလိမ်မခံရဘူး၊ ဒီခွေးကောင်းနှစ်ကောင်နဲ့ တွေ့မှ အလိမ်ခံရတယ်ကွာ”ဟု ကြိမ်းမောင်းကာ အာဂဆရာတော်လဲ ဒေါသဖြစ်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ဘေးတွင် ရှိကြသော တပည့်များသည်ကား
ပြုံးစိစိဖြင့်ရှိနေကြသည်။ ထိုတပည့်တို့၏ အပြုံးသည်လည်း အဓိပ္ပာယ်များစွာ ရှိလှပေ၏။
ဤနေရာတွင် စကားစပ်မိလာသဖြင့် အနည်းငယ် ဓမ္မစကား တင်ပြပေအံ့။ မန္တလေးမြို့တွင် မစိုးရိမ်ကျောင်းတိုက်ကိုတည်ထောင်တော်မူသော ဆရာတော်ဦးသူရိယသည် ပစ္စည်းတစ်ခုပျောက်သွားလျှင် အခြားပုဂ္ဂိုလ်များကို ပြောရမည်ကို အလွန်ရှက်တော်မူလေ့ရှိသည်။ ဆရာတော်၏ အယူအဆအရ မိမိယခုဘ၀ ပစ္စည်းပျောက်ခြင်းသည် အတိတ်ဘ၀က သူများဥစ္စာကို ခိုးခဲ့သောကြောင့်သာ မကောင်းကျိုးဆက်အဖြစ် ပစ္စည်းပျောက်ခြင်းသည်။ဤသည်ကို မသိကြသော အချို့သော ပုဂ္ဂိုလ်တို့သည်
“ငါပစ္စည်းပျောက်တယ်၊ ငါပစ္စည်းပျောက်တယ်”ဟု လူအများသိရန် အလို့ငှာ အရပ်လေးမျက်နှာလှည့်လည်ပြောကြလေသည်။ ဤသို့ ပြောခြင်းသည်
“အတိတ်ဘ၀က ငါသူများဥစ္စာကို ခိုးခဲ့တာပဲဟေ”ဟူ၍ ပြောကြားနေသကဲ့သို့ပင် ဖြစ်သည်။ထို့ကြောင့် သူတော်ကောင်းဆရာတော်ကြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီးက ပစ္စည်းပျောက်လျှင် စိတ်တိုမည့်အစား ရှက်၍ပင်နေလေတော့သည်။
“အော် ရှေးဆရာတော်ဘုရားကြီးများသည်ကား အလွန်ပင် ကြည်ညိုဖွယ်ကောင်းလှပါပေသည်တကား”
မိမိတို့၏ ပစ္စည်းကို အခိုးမခံရစေရန်အလို့ငှာ သူများပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမည် သာဖြစ်ပေသည်။
Sunday, December 12, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment