Pages

Saturday, February 27, 2010

“သာယာလှပ တပေါင်းလ၀ယ် မြတ်ဗုဒ္ဓ၏ ကျေးဇူးဆပ် ဓမ္မခရီးစဉ်”

ယနေ့ မြန်မာကောဇာသက္ကရာဇ် (၁၃၇၁) ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်နေ့ပင် ရောက်လာချေပြီး။
တပေါင်းလသည် မြန်မာတို့၏ ဆယ်နှစ်လရှိရာတွင် နောက်ဆုံးလဖြစ်၍ ဆောင်းအကုန် နွေအကူး အလွန်မချမ်း အလွန်မအေးလှသော သာယာသော လပင်ဖြစ်ပေသည်။ တပေါင်းလရောက်ပြီဆိုသည်နှင့် အချို့သစ်ပင် တို့သည် ရော်ရွက်ဝါတို့ကို ချွေချလျှက် မီးကျည်းသွေးအသွင် နီသွေးသော ဖူးညွန့်တို့ကို ဆောင်ကြလေပြီ။ သစ်ပင်တို့သည် မီးလျှံကဲသို့ အရပ်လေးမျက်နှာ၌ ထွန်းလင်းထောက်ပ၍ နေကြပေသည်။ သစ်ပင်တို့သည် ပင်လုံးကျွတ် ဖူးပွင့် ဝေဆာနေ၍ နှလုံးမွေ့လျှော် ပျော်ဘွယ်ရာ ရှိလှပါပေသည်။ ထက်ဝန်းကျင် အရပ်လေး မျက်နှာတို့သည်လည်း သင်းရနံ့ ထုံသင်း ကြိုင်လှိုင်၍ နေကြပေသည်။ သစ်ပင်တို့သည် အဟောင်းကို ပယ်စွန့်ကာ အသီးသီးရန် တောင်းတနေကြလေပြီး။ `ဤသို့သော သာယာအမှုအပေါင်း ခညောင်းလှသော လတပေါင်းဝယ် မြတ်ဗုဒ္ဓသည် သူ၏ ဖွားဖက်တော် ကာဠုဒါယီမထေရ်၏ တောင်းပန်မှုကြောင့် ဖခင်သုဒ္ဓေါဒန မင်းကြီးနှင့်တကွ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့ကို တရားရေအေးတိုက် ကျွေးခြင်းဖြင့် ကျေးဇူး ဆပ်ရန် အလို့ငှာ ကပိလ၀တ်ခရီးစဉ်ကို စတင်ခဲ့လေသည်။ ဤခရီးစဉ်စတင်ရခြင်း၏ နောက်ခံသမိုင်းကြောင်းကို ရှာဖွေဖော်ထုတ်ရသော် သုဒ္ဓေါဒနမင်းကြီးသည် မိမိသားဖြစ်သူသည် ဘုရားအဖြစ်သို့ရောက်ရှိ၍ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတွင် ဗိမ္ဗိသာရမင်းကြီးနှင့်တကွ တိုင်းသူပြည်သားတို့ကို တရားရေအေးတိုက် ကျွေးနေကြောင်း သိရှိထားပြီးဖြစ်လေသည်။ ခြောက်နှစ်တိုင်တိုင် သားဖြစ်သူနှင့် ဝေးကွာနေသော မင်းကြီးသည် သားဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရန် ဆန္ဒပြင်းပြနေသည်။ မင်းကြီးသည် သားဖြစ်သူကို လွမ်းဆွတ်တမ်းတ နေလေသည်။ သို့ဖြစ်၍ နန်းတော်ရှိ အမတ်တစ်ထောင်တို့ကို မြတ်စွာဘုရားကိုပင့်ရန် တာဝန်ပေးအပ်ခဲ့လေသည်။ မင်းကြီး၏ တာဝန်ပေးချက်အရ အမတ်တစ်ထောင်တို့သည် မြတ်စွာဘုရားရှင်ကို ပင့်ရန် ရာဇဂြိုဟ်ပြည်ခရီးစဉ်ကိုစတင် ခဲ့လေသည်။ထိုအမတ်တစ်ထောင်တို့သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းသို့ ရောက်သောအခါ မြတ်စွာဘုရား တရားဟောနေသော အခိုက်နှင့် ကြုံနေလေသည်။ သို့ဖြစ်၍ သူတို့သည် ပရိသတ်အစွန်းမှ တရားနာကြလေ သည်။ မြတ်ဗုဒ္ဓ၏ တရားတော်ကို ကြားနာပြီးနောက် သူတို့သည် ၀ါတော်ခြောက်ဆယ်ရ မထေရ်ကြီးများကဲ့သို့ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ သူတို့သည် ရဟန်းကိစ္စပြီးစီးသွားသည့်အတွက် မြတ်စွာဘုရားကို ကပိလ၀တ်ပြည်သို့ ကြွဘို့ရန် လျှောက်ထားဘို့ကိစ္စကိုပင် ဆိတ်ဆိတ်နေကြလေတော့သည်။ ကပိလ၀တ်ပြည်ရှိ သုဒ္ဓေါဒနမင်းကြီးသည်ကား သားတော်ဘုရားနှင့် အမတ်တစ်ထောင်ကို မျှော်နေလေသည်။ မျှော်သာမျှော် ပေါ်မလာသည့်အတွက် နောက်ထပ်ပင့်ဆောင်ရန် အမတ်တစ်ထောင်တို့ကိုပင် ဒုတိယအကြိမ်စေလွှတ်ရ ပြန်သည်။ ဒုတိယအကြိမ် သွားရောက်ပင့်ဆောင်သောအမတ်တို့သည်လည်း ပြန်မလာတော့ပေ။ သို့ဖြစ်သဖြင့် မင်းကြီးသည် တတိယအကြိမ် စတုတ္ထအကြိမ်စသည်ဖြင့် ဆယ်ကြိမ်မြောက်အထိစေလွှတ်ခဲ့သည်။အမတ်တို့ သည် လည်း ပေါ်မလာပေ။ မျှော်နေသော သားတော်ဘုရားသည်လည်း ပေါ်မလာပေ။ အကယ်စင်စစ် အမတ် တစ်သောင်း တို့သည်ကား ရဟန်းကိစ္စပြီးစီးသွားပြီးဖြစ်သဖြင့် လျှောက်ထားရန် ကိစ္စကိုပင် မလျှောက်ထားမူ၍ ဆိတ်ဆိတ်နေတော်မူလိုက်ကြသည်။ မင်းကြီးသည်
“ သားတော်ဘုရားကို ပင့်ဆောင်ရန် ဆယ်ကြိမ်မြောက်ရှိခဲ့လေပြီ၊ အမတ်တစ်သောင်းထိ ရှိခဲ့လေပြီ၊ အမတ်တစ် သောင်းလဲ ပေါ်မလာ၊ ငါ့သားတော်ဘုရားလဲ ပေါ်မလာ၊ ဘာများဖြစ်တယ်မသိ၊ အန္တရာယ်တစ်ခုခုတော့ ဖြစ်ပြီး ထင်တယ်၊ လိုက်သွားစမ်းပါကွယ် အမောင်ကာဠုဒါယီရယ်။”ဟု ကာဠုဒါယီအမတ်ကို တာဝန်ပေးအပ်ရပြန်သည်။
ထိုအခါ ကာဠုဒါယီအမတ်သည်
“မင်းကြီး မြတ်ဗုဒ္ဓကို ပင့်ပေးဆို ပင့်ပေးပါမယ်၊ သို့သော် အကျွန်ုပ်ကို ရဟန်းပြုခွင့်တော့ ပေးပါ” တောင်းဆိုလေ သည်။
“ရပါတယ် အမောင်ကာဠုဒါယီရယ်၊ ငါ့သားတော်ကြီးကိုသာ ရအောင်ပင့်ပေးစမ်းပါကွယ်၊ ငါကိုယ်တော်မြတ် ဖူးမြင်လိုလှပါပြီ” ဟု ၀န်ခံကတိပြုကာ သားတော်ဘုရားရောက်ရှိရေးကိုသာ တိုက်တွန်းနေလေတော့သည်။
ကာဠုဒါယီအမတ်သည်ကား မြတ်ဗုဒ္ဓ၏ ဖွားဖက်တော်ခုနှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်လေသည်။
(ဖွားဖက်တော်ခုနှစ်ပါးသည်ကား ရှင်အာနန္ဒာ ဗောဓိပင် ကာဠုဒါယီအမတ် ယသော်ဓရာ ဆန္ဒအမတ် ရွှေအိုးကြီးလေးလုံး ခဏ္ဍကမြင်းတို့ပင်ဖြစ်သည်။ အကျဉ်းချုပ်အလွယ်မှတ်လိုသော် “အာ ဗော ကာ ယ၊ ဆန် ရွှေ ခဏ်။” ဟူ၍ပင်ဖြစ်သည်။)
ကာဠုဒါယီအမတ်သည်လည်း မင်းကြီး၏ တာဝန်ပေးချက်အရ မြတ်ဗုဒ္ဓကို ပင့်ဆောင်ရန် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းသို့ သွားရောက်ခဲ့ရလေသည်။
သူရောက်သွားသောအခါ မြတ်ဗုဒ္ဓသည် တရားနာပရိသတ်အား အေးမြသော အမတရေစင်ကို သွန်းလောင်း ပေးနေသောအချိန်နှင့် တိုက်ဆိုင်နေလေသည်။ သို့ဖြစ်၍ ကာဠုဒါယီအမတ်သည်လည်း ပရိသတ်အစွန်မှ အမတရေစင်ကို အသွန်းလောင်းခံလိုက်ရာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ နောင်တွင် ကာဠုဒါယီ မထေရ်သည် ဆွေမျိုးအပေါင်းတို့၏ ကြည်ညိုလေးစားမှုကို ခံယူရာတွင် အမြင့်မြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိခဲ့ပါသည်။ ထိုမှနောက်၌ ကာဠုဒါယီမထေရ်သည် မြတ်ဗုဒ္ဓကို ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် ခရီးလမ်းဖော်ပြကာ ချီးကျူး ရွတ်ဆိုသော ဂါထာများဖြင့် လျှောက်ထားလေသည်။
“၅၂၇။အရှင်ဘုရား ယခုအခါ သစ်ပင်တို့သည် ပွင့်သီးလိုကြကုန်သည်ဖြစ်၍ ရော်ရွက်ဝါတို့ကို့ ချွေချကုန်လျက် မီးကျီးအသွေးနီတွေးသော ဖူးညွန့်ရှိနေကြပါကုန်၏၊ ထိုသစ်ပင်တို့သည် မီးလျှံကဲ့သို့ (အရပ်လေးမျက်နှာတို့၌) ထွန်းတောက်ပြောင်ပါကုန်၏၊ အတ္ထရသစသည် တို့၏ စုဝေးပေါင်းဆုံရာဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိ တော်မူသော မြတ်စွာဘုရား(နေပြည်တော်သို့ ကြွတော်မူရန်) အချိန်တန်ပါပြီဘုရား။
၅၂၈။ သစ်ပင်တို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကြပါကုန်၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့သည်လည်း (ရနံ့တို့ဖြင့်) သင်းပျံ့ကြိုင်လှိုင် ကြပါကုန်၏၊ ထိုသစ်ပင်တို့သည် အရွက်ဟောင်းကို ပယ်စွန့်၍ အသီးသီးရန် တောင့်တကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤရာဇဂြိုဟ်ပြည်မှ ထွက်ကြွတော်မူရန် အချိန် တန်ပါပြီဘုရား။
၅၂၉။ အရှင်ဘုရား ယခုရာ သီဥတုသည် အေးလည်း မအေးလွန်း ပူလည်း မပူလွန်း လှပါ၊ချမ်းသာစွာ ခရီးရှည်သွားခြင်းငှါ သင့်လျော်လှပါ၏၊ အနောက်ကို မျက်နှာမူ၍ ရောဟနီ မြစ်ကိုကူးတော်မူသော အရှင်ဘုရားကို သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း၊ ကောလိယမင်းမျိုးတို့သည်လည်းကောင်း ဖူးမြော်ကြပါစေကုန်လော့အရှင်ဘုရား။
၅၃ဝ။ (လယ်သမားသည်) စပါးကို လိုလားတောင့်တသဖြင့် လယ်ထွန်ပါ၏၊ အသီးကိုလိုလားတောင့်တသဖြင့် သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါ၏၊ ပစ္စည်းဥစ္စာ စုဆောင်းလိုကုန်သော ကုန်သည်တို့သည် (အမြတ်အစွန်းကို) လိုလားတောင့်တကြသဖြင့် သမုဒ္ဒရာကို ကူးကြပါကုန်၏၊ (ထို့အတူ) အကျွန်ုပ်သည်လည်း (မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ကြွတော်မူလိမ့် မည်ဟူသော) အကြင်လိုလားတောင့်တချက်ဖြင့် (ဤအရပ်၌) ရပ်တည်နေ ပါ၏၊ တပည့်တော်၏ ထိုလိုလားတောင့်တချက်သည် ပြီးပြည့်စုံပါစေသတည်း အရှင်ဘုရား။
၅၃၁။ လယ်သမားတို့သည် အကြိမ်ကြိမ်သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါကုန်၏၊ မိုးသည်လည်းအကြိမ်ကြိမ်ပင် ရွာသွန်းပါ၏၊ လယ်သမားတို့သည် အကြိမ်ကြိမ် လယ်ကို ထွန်ယက် ကြပါကုန်၏၊ စပါးသည်လည်း အကြိမ်ကြိမ် ပင် တိုင်းနိုင်ငံသို့ ရောက်ပါ၏အရှင်ဘုရား။
၅၃၂။ သူတောင်းစားတို့သည် အကြိမ်ကြိမ် လှည့်လည်ပါကုန်၏၊ အလှူရှင်တို့သည်အကြိမ်ကြိမ် ပေးလှူကြပါ ကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ် ပေးလှူ၍ အကြိမ်ကြိမ် နတ်ပြည်သို့ ကပ်ရောက်ကြရပါကုန်၏။
၅၃၃။ ကြီးသော လုံ့လရှိတော်မူသော မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသောယောက်ျားသည် အကြင်အမျိုး၌ ဖြစ်၏၊ ထိုအမျိုး၌ စင်စစ်သဖြင့် အမျိုးခုနစ်ဆက်တိုင်အောင် ဖြူစင်စေပါ၏၊ နတ်ထက်နတ်မြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ထို့ထက်အလွန်) ဖြူစင်စေရန် စွမ်းနိုင်တော်မူပါပေ၏ဟုအကျွန်ုပ် မှတ်ထင်ပါ၏၊ အရှင်ဘုရားမှ (အရိယာဇာတ်အားဖြင့်) ဖြစ်သော မုနိဟူသောအမည်တော်သည် အမည်မှန် ဖြစ်ပါပေ၏အရှင်ဘုရား။
၅၃၄။ သီလက္ခန္ဓစသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒန အမည်ရှိပါ၏၊ မြတ်စွာဘုရား၏ မယ်တော်ကား မာယာအမည်ရှိပါ၏၊ အကြင် မယ်တော်မာယာသည် ဘုရားလောင်းကို ဝမ်းဖြင့် လွယ်ပြီး၍ (မီးရှူးသန့်စင် ဖွားမြင်ပြီးသော်) ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌ တုသိတာနတ်ပြည်ဝယ်မွေ့လျော်စံပျော်ရပါ၏ အရှင်ဘုရား။
၅၃၅။ ကွယ်လွန်လေပြီးသော ဂေါတမအနွယ်ဖြစ်သော ထိုမာယာဒေဝီသည် ဤလူ့ပြည်မှရွေ့လျောလတ်သော် နတ်၌ဖြစ်သော ကာမဂုဏ်တို့ဖြင့် ပြည့်စုံလျက် ထိုတုသိတာနတ်တို့ဖြင့် ခြံရံကာကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်ရပါ၏ အရှင်ဘုရား။
၅၃၆။ ငါသည် သူတစ်ပါးတို့ သည်းမခံနိုင်သည်ကို သည်ခံတော်မူနိုင်သော ပြိုးပြိုးပြက်ပြက် အရောင်ရှိ တော်မူ သော နှိုင်းခိုင်းစရာဥပမာ ရှိတော်မမူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ သားတော်စစ် ဖြစ်ပါ၏၊ သာကီဝင်မင်းမျိုးဖြစ်သော မင်းကြီး သင်မင်းကြီးသည်ငါ၏ အဖ မြတ်စွာဘုရား၏ ခမည်းတော်ပေတည်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော မင်းကြီး သင်မင်းကြီးသည် သဘောအားဖြင့် ငါ၏ ဘိုးတော်ပင် ဖြစ်ပါ၏အရှင်ဘုရား။”
ဤသို့ လျှောက်ထားသောအခါ မြတ်ဗုဒ္ဓသည်
“အေး ချစ်သားကာဠုဒါယီ ငါဘုရားကြွတော်မူမယ်” ဟု အဖြေပေးတော်မူခဲ့ပါသည်။
ထို့နောက်မြတ်ဗုဒ္ဓသည် သူ၏ ဓမ္မကျေးဇူးဆပ်ခရီးစဉ်ကို ဤတပေါင်းလပြည့်ကျော်တွင် စတင်တော်မူခဲ့ပါသည်။
(ဆက်ရန်၊ Older posts နှိပ်ပါ ၊ ပုံပြင်ခြောက်ဆယ်ကျော်ကို တွေ့ရပါလိမ့်မည်။)

“ဘယ်သူမှ မကောင်းဘူး”

အိန္ဒိယနိုင်ငံ ပုနေးမြို့တွင် မြန်မာရဟန်းတော်(၃၀) ကျော် နည်းပါးခန့် ပညာသင်ကြားလျှက်ရှိ ကြသည်။ အချို့ ရဟန်းတော်များသည် အပြင်တွင် အိမ်ငှားကာ သီင်္တင်းသုံးနေထိုင်ကြရ၍ အချို့ရဟန်းများသည်ကား အဆောင် တွင် သီတင်းသုံးနေထိုင်ကြသည်။ ကျောင်းသားများဖြစ်သည်အားလျှော်စွာ စနေ တနင်္ဂနွေနေ့များ၌သာလျှင် အများအားဖြင့် အားလပ်ရက်ကို ရကြသည်။ တနင်္ဂနွေနေ့ အားလပ်ရက် တစ်ရက်ကဖြစ်သည်။ ကျောင်းသား တိုင်း အားလပ်ရက်ဖြစ်သည့်အတွက် အဆောင်တွင် မုန့်ဟင်းခါးချက်ဘုဉ်းပေးကြသည်။ ထို့သို့ချက်ရာတွင် ဦးပညိန္ဒ သည် အပြင်ရဟန်းတော်များအတွက် မုန့်ဟင်းခါးကို ချက်ကပ်ရန် တာဝန်ယူခဲ့လေသည်။ ဦးပညိန္ဒ သည်ကား ပြီးခဲ့သောအပတ်က အဆောင်ရှိ သံဃာတော်များကို မုန့်ဟင်းခါးကပ်ခဲ့ပြီးဖြစ်လေသည်။ ဤ တနင်္ဂနွေနေ့ တွင်ကား ဦးဣန္ဒာစရိယသည် အဆောင်ရှိ သံဃာတော်များကို နံနက်ပိုင်းတွင် မုန့်ဟင်းခါးချက် ကပ်လေသည်။ ထို့နေ့က နှစ်ဦးဆုံနေလေသည်။ တနင်္ဂနွေနေ့ နံနက်ခင်းတွင်ကား ပုနေးမြို့ရှိ သံဃာတော် များသည် အလွန်အင် မတန်မှ ရခဲလှသော မုန့်ဟင်း ခါးကို မြိန်ရည်ရှက်ရည် ဘုဉ်းပေးကြရလေသည်။ ထိုနေ့ နံနက် (၁၁)နာရီခွဲ လောက်တွင်ကား နေ့ဆွမ်းဘုဉ်းပေးကြရလေသည်။ နေ့ဆွမ်းဘုဉ်းပေးချိန်တွင် အလ္လာပ သလ္လာပစကားပြောရင်း နံနက်ခင်းက မုန့်ဟင်းခါးအကြောင်း ရောက်သွားလေသည်။ ရဟန်းတစ်ပါးက
“ဒီနေ့ ဦးဣန္ဒာစရိယချက်တဲ့ မုန့်ဟင်းခါးကတော့ တော်တော်လေး ကောင်းပါတယ်၊” ဟု ချီးမွမ်းခန်းဖွင့်လေ သည်။ နောက်ရဟန်းတစ်ပါးက
“ဦးပညိန္ဒချက်တဲ့ မုန့်ဟင်းခါကလဲ ကောင်းတာပါဘဲ။”ဟု ပြောပြန်လေသည်။ ထို့သို့ ချီးမွမ်းခန်းဖွင့် နေချိန်တွင် မိမိက
“ သူတို့နှစ်ပါးတွင် ဘယ်ကိုယ်တော်က လက်ရာ အကောင်းဆုံးလဲ၊”ဟု မေးလိုက်လေသည်။ သံဃာများသည်
“တစ်ပါးက ဦးပညိန္ဒက ကောင်းတယ်၊ နောက်တစ်ပါးကလဲ ဦးဣန္ဒာစရိယက ကောင်းတယ်” ဟု စသည်ဖြင့် သူတို့၏ အမြင် အမျိုးမျိုးကို ပေးကြလေသည်။ သို့သော် သံဃာတော်များသည်ကား ဘယ်ကိုယ်တော်ကောင်း သည်ဟု ဆုံးဖြတ်ချက်မချက်နိုင်သေး၊ ထိုတွင် သံဃာတော်များထဲတွင် ၀ါတော်အကြီးဆုံး အသက်ခြောက် ဆယ်ကျော် ရှိပြီးဖြစ်သော ဆရာတော်ကြီးက အောက်ပါအတိုင်း ဆုံးဖြတ်ချက် တိတိကျကျ ပေးလိုက်လေတော့ သည်။
“ကိုယ်တော်တို့ ဟိုကိုယ်တော်ကောင်းတယ်၊ ဒီကိုယ်တော်ကောင်းတယ်၊ ငြင်းမနေနဲ့၊ တပည့်တော် ဘယ်သူ့ဘက်မှ မလိုက်ဘဲ အတိအကျ ဆုံးဖြတ်ပေးလိုက်မယ်၊ တပည့်တော်ဆုံးဖြတ်ချက်ကတော့ 'ဘယ်သူမှ မကောင်းဘူး" ။”
ထိုအခါ မိမိနှင့်တကွ သံဃာတော်အားလုံးတို့သည် ဆွမ်းပင်ဆက်မဘုဉ်းနိုင်တော့ဘဲ အူနှိပ်ရမတတ် ရယ်ကြရ လေသည်။
မိမိသည် ဆရာတော်ကြီး၏ တိကျခိုင်မာသော ဆုံးဖြတ်ချက်ကို ကြားရသောအခါ ငယ်စဉ်ကာလက ကြားဖူးခဲ့ သော သီချင်းတစ်ပုဒ်ကို ပြန်လည်သတိယမိလေသည်။ အဆိုတော်ကိုတော့ အတိအကျ မမှတ်မိတော့ပါ၊ သီချင်း သည်ကား
“ဘယ်သူမှ မကောင်းဘူး၊ အို ဟို ဟို ဟိုး” ဟူ၍ပင် ဖြစ်သည်။
နောက်ဆုံးတွင်ကား မိမိသည်
“ငယ်စဉ် ဓမ္မာစရိယတန်းဖြေစဉ်က ပါဠိပုဒ်နှစ်ပုဒ်ရှိရာတွင် ဘယ်ပါဠိပါဌ်က မှန်သည်ဟု အထောက်ပါဠိများဖြင့် အတိအကျ ဖြေဆိုရသည်။ ထိုကဲ့သို့ပင် ဆရာတော်ကြီးသည် သူရဲ့ဆုံးဖြတ်ချက်ကို ထိုသီချင်းကို ထောက်ပြီး ဆုံးဖြတ်ချက်ကို ပေးလိုက်လေရော့သလား” ဟု စဉ်းစားနေမိပါတော့သည်။



Monday, February 22, 2010

အလကားရရင် တောမီးကို ချွေးထွက်အောင်လှုံမယ်

မိမိသည် ပုနေးတက္ကသိုလ်ကို တက်နေတော့ နိုင်ငံအတော်များများမှ ကျောင်းသားများနှင့် ရင်းနှီးခွင့် ရရှိခဲ့သည်။
ထိုသူငယ်ချင်းများထဲတွင် မိမိနှင့် အခန်းချင်းကပ်လျှက် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ရှိသည်။
သူသည် တောင်ကိုးရီးယားနိုင်ငံမှဖြစ်သည်။ အသက်ကား ၄၅လောက်ရှိမည်ထင်သည်။
သူသည် ကပ်စေးအလွန်နည်းသည်။ အိန္ဒိယနိုင်ငံမှ တက္ကစီဒရိုင်ဘာများနှင့် ဈေးသည်များသည် နိုင်ငံခြားသားများကို အများအားဖြင့် ဈေးနှုန်းကို ပိုတောင်း လေ့ရှိသည်။ သို့သော် အိန္ဒိယနိုင်ငံသားတို့သည် အာဂန္တုကသူဌေးရဲ့ ဘိုးအေ ထိုတောင်ကိုးရီးယားနိုင်ငံသားနှင့် တွေ့မှ လက်မြှောက်အရှုံးပေးကြရသည်။ သူသည် တက္ကစီကို ဘယ်တော့မှ မစီးပါ။
ဈေးကြီးသော အစားအစာများကို ဘယ်တော့မှ ၀ယ်စားလေ့မရှိ။ အထက်ပါအချက်များသည် မိမိသူငယ်ချင်း၏ နှိုင်းတုမရသော ဂုဏ်ပုဒ်တို့ပင် ဖြစ်ပါပေ၏။
တစ်နေ့ မိမိသည် ပြောင်းဖူးများကိုင်ပြီး ပြန်လာလေသည်။ မိမိကိုတွေ့သောအခါ ထိုကိုးရီးယားကြီးမှ
“အရှင်ဇ၀န ပြောင်းဖူးတွေဘယ်လောက်ပေးရလဲ” ထိုအခါ မိမိက
“သုံးဖူးကို ရူပီး ၂၀ ပေးရတယ်”
“အား အရှင်ဇ၀န အညာခံလိုက်ရပြီ၊ မနေ့က တပည့်တော် ၀ယ်တာ ငါးဖူးမှ ၁၅ရူပီးဘဲ ပေးရတယ်”
“ဟ သူငယ်ချင်း ဘယ်လိုများ ငါးဖူးကို ၁၅ရူပီးနဲ့ ရအောင်ဝယ်ခဲ့သလဲ ၊နည်းလမ်းလေးဘာလေး ပေးပါအုံး”
“ငါးဖူးကို ဘယ်လောက်လဲလို့ ဈေးသည်ကို မေးတယ်။ ဈေးသည်က နှစ်ဆယ်လို့ပြောတယ် တပည့်တော်လဲ ရူပီးဆယ့်ငါးကျပ်လောက်နဲ့ဆစ်တယ်။သူကမရဘူးလို့ပြောတယ်၊ အဲဒီတော့ တပည့်တော်က မရရင်ပြန်မယ်ဆိုပြီးဟန်ဆောင်လိုက်တယ်၊ဟန်လဲဆောင်လိုက်ကော
ဈေးသည်က အိုသူငယ်ချင်းလာပါ၊ ငါးဖူးကို ၁၅ရူပီးနှင့် ပေးပါမယ်ဟု ပြောပြီးပေးလိုက်တယ်၊ အဲဒီတော့ ငါးဖူး၁၅ရူပီးနဲ့ ရခဲ့တာဘဲ သူငယ်ချင်း”ဟု သူကရှင်းပြလေသည်။
တစ်နေ့ သူသည် စာအုပ်များဝယ်ပြီးပြန်လာသော မိမိကို မြင်သောအခါ
”ဟ အရှင်ဇ၀န စာအုပ်တွေဝယ်လာတာလား၊ စာအုပ်များ ငွေကုန်အောင် ၀ယ်ဖတ်နေသေးတယ်၊ တပည့်တော်ကတော့ စာအုပ်ဘယ်တော့မှ မ၀ယ်ဘူး၊ စာအုပ်ဆိုင်မှာဘဲ သွားဖတ်တယ်၊မှတ်တယ်။”
တစ်ခုသော နံနက်ခင်းမှာ မိမိသည် မီးဖိုချောင်မှာ ချက်ပြုတ်နေစဉ် ထိုကိုးရီးယားကျောင်းသားကြီးသည် အပြင်မှ ပြန်လာလေသည်။
မိမိချက်ပြုတ်နေသည်ကိုမြင်သည့်အခါ မီးဖိုချောင်ထဲဝင်လာကာ
“အရှင်ဇ၀နရေ ဒီနေ့စာအုပ်ဆိုင် စာသွားဖတ်ရတာ ကံမကောင်းဘူး၊”
“ဟ ဘယ်လိုဖြစ်လာတာလဲသူငယ်ချင်းရ”
“တပည့်တော်က စာအုပ်တွေဖတ်၊ ရေးမှတ်နေတုန်းရှိသေးတယ်၊စာအုပ်ဆိုင်က ကောင်က (My friend! this is not library.) သူငယ်ချင်း ဒါစာကြည့်တိုက်မဟုတ်ဘူး လို့ လူကြားထဲ လာပြောတယ်အရှင်ဘုရား၊ တပည့်တော် ဖြင့် ရှက်လိုက်တာ။” ထိုအခါ မိမိသည်
သူငယ်ချင်းရေ သတိသာထားပေတော့ နောက်တစ်ခါဆို အရိုက်ခံရလိမ့်မယ်” ဟု စလိုက်လေ၏။
သူသည် တနင်္ဂနွေနေ့ရောက်လျှင် အဆောင်မှ ပျောက်သွားတတ်သည်။ သို့ဖြစ်၍ မိမိသည်
”သူငယ်ချင်း တနင်္ဂနွေနေ့ရောက်ရင် အပြင်အမြဲတမ်းထွက်တယ်၊ ဘာကြောင့် အပြင်သွားတာလဲ”
ဤတွင် သူက
“အဆောင်မှာ တစ်ယောက်တည်းဆိုတော့ ဟင်းကောင်းကလဲ မချက်ဖြစ်ဘူး၊ တပည့်တော်တို့ ကိုးရီးယားတွေ စုတက်တဲ့ ခရစ်ယာန်ဘုရားကျောင်းရှိတယ်၊ အဲဒီကို ဘုရားကျောင်းသွားတက်တယ်၊ အဲဒီသွားတက်ရင် ထမင်းကောင်း ဟင်းကောင်းစားရတယ်။”
“ငွေတွေဘာတွေမလှူရဘူးလား”
“လှူရတာပေါ့၊ ရူပီးတစ်ဆယ်လောက်လှူလိုက်တာဘဲ၊”
“နည်းလှချည့်လား သူငယ်ချင်းရ၊ အလှူခံတဲ့ ပုဂ္ဂိုလ်တွေက ဘာမှ မပြောဘူးလား၊”
“ ပြောတာပေါ့၊ နည်းတယ်တဲ့၊ တခြားကိုးရီးယားတွေက အနည်းဆုံးရူပီ ၂၀၀လှူတယ်၊ မင်းက ရူပီး တစ်ဆယ်ထည်းတဲ့၊ ကျန်တဲ့ ကိုးရီးယားတွေက ချမ်းသာတယ်၊ ငါက ဆင်းရဲတယ်လို့ပြောလိုက်တယ်လေ၊ အဲဒီကနောက် ငါ့ကို ဘာမှ မပြောတော့ဘူး။”
မိမိသည် “အော် တော်တော်လယ်တဲ့ ကိုးရီးယားပါလားလို့” ဟု စိတ်အတွင်းကပင် ချီးကျူးနေမိပါသည်။
သူသည် ဘီအေတန်းတက်နေသည်။ ဘီအေတန်းကို သုံးနှစ်တက်ရသည်။ သို့သော်သူသည်ကား ခြောက်နှစ်တက်သည်။
ထိုအခါ မိမိသည်
“သူငယ်ချင်း ခြောက်နှစ်တောင်တက်တယ်ဆိုတော့ စာကခက်လို့လား”
စာက မခက်ဘူး၊ အတန်းပြီးသွားရင် တပည့်တော်နိုင်ငံကို ပြန်ရမှာ ပျင်းလို့၊ တပည့်တော်နိုင်ငံကို မပြန်ချင်လို့ တစ်တန်းကို နှစ်နှစ်ပြည့်မှ အောင်အောင်ဖြေတယ်၊ ခုတော့ ခြောက်နှစ်ပြည့်ပြီ၊ တပည့်တော်နိုင်ငံလဲ မပြန်ချင်ဘူး၊ ဘယ်နိုင်ငံသွားရမှန်းကို မသိတော့ပါဘူး၊”
“ ဦးဇင်းတို့ နိုင်ငံသွားပါလား၊ ထေရ၀ါဒတက္ကသိုလ်ဆိုတာရှိတယ်၊ နိုင်ငံခြားသားကျောင်းသားတွေ တက်နေကြတယ်၊ စားရေး သောက်ရေး နေရေး ထိုင်ရေးအားလုံးကို အစိုးရက တာဝန်ယူတယ်၊ သွားတက်ပါလား၊”
“ဟာဟုတ်လား သွားတက်မယ် အရှင်ဇ၀နရေ၊ တပည့်တော်ကလဲ ကိုးရီးယားကို မပြန်ချင်တာနဲ့ အကိုက်ဘဲ၊”
“သို့သော် ကျောင်းတက်ပျင်းလို့တော့ မရဘူးနော် နှင်ထုတ်ခံရမယ်၊ စည်းကမ်းကြီးတယ်နော်”
“ကျောင်းတက်ချိန် ဘယ်နှစ်ရာခိုင်းနှိုင်းသတ်မှတ်လဲ အရှင်ဇ၀နရေ”
“ကျောင်းတက်နှုန်းကတော့ ၇၅ရာခိုင်နှုန်းသတ်မှတ်တယ်၊”
“ဒါဆိုနှစ်ဆယ့်ငါးရာခိုင်နှုန်း ပျက်လို့ရတယ်ပေါ့”
“အဲဒီလောက်တော့ ရပါတယ်၊”
“ဒါဆိုကူညီစမ်းပါအုံး၊ အဲဒီသွားတက်မယ်လေ”
သို့ဖြစ်၍ မိမိသည် ထေရ၀ါဒတက္ကသိုလ်ရဲ့ အီးမေးလ်လိပ်စာကို ပေးလိုက်ရသည်။ သူသည်လည်း
ထေရ၀ါဒတက္ကသိုလ်ကို ယခုချက်ချင်း ဆက်သွယ်မယ်ဆိုသော ရည်ရွယ်ချက်ဖြင့် သူ့အခန်းကို ချက်ချင်းပြန်သွားလေသည်။ ဆယ်မိနစ်ခန့် အကြာတွင် မိမိထံ ပြန်ရောက်လာသည်။
“အရှင်ဇ၀နရေ ထေရ၀ါဒတက္ကသိုလ်ကို မတက်ချင်တော့ဘူး၊”
“ဘာဖြစ်လို့လဲ သူငယ်ချင်းရ”
“တပည့်တော်က ထေရ၀ါဒတက္ကသိုလ်အီးမေးလိပ်စာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် 'Donate now!' ယခုလှူပါဆိုတဲ့ စာတမ်းကြီးထွက်ပေါ်လာတယ်၊
ထေရ၀ါဒတက္ကသိုလ်က အလှူခံတယ်နဲ့တူတယ်၊ အဲဒီကို မတက်ချင်တော့ဘူး၊”
“ဒါက သူငယ်ချင်း, လှူချင်ရင်လဲ ရတယ်၊ မလှူချင်ရင်လဲ ရတယ်၊ ကိစ္စမရှိပါဘူး၊”
“အော် ဒီလိုလား၊ ဒါဆိုရင်တော့ တပည့်တော်သွားတက်မယ်လေ၊ ကူညီအုံးနော်။” ဟုပြောကာ သူ့အခန်းဆီသို့ ပြန်သွားလေတော့သည်။
ထို့နောက်တွင် မိမိသည်ကျောက်ပန်းတောင်ဆရာတော်ဦးဝါယမက မိမိကို နောက်ပြောင်ပြောလေ့ရှိသော စကားများကို ပြန်လည်သတိယကာ တွေးတောလျှက် ကျန်ရစ်နေခဲ့ပါတော့သည်။
“ဇ၀နရေ!လောကမှာ ငါအမုန်းဆုံး ပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်၊ တစ်ယောက်ကတော့ ငါ့က အလှူခံရင် မလှူတဲ့ ပုဂ္ဂိုလ်၊ နောက်တစ်ယောက်ကတော့ ငါ့ဆီကို လာအလှူခံတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်နှစ်ယောက်ကိုတော့ အမုန်းဆုံးဘဲကွ၊ ခုလဲ မိမိ၏ သူငယ်ချင်းဖြစ်သူ ကိုးရီးယားကြီးသည်လည်း သူ့ဆီကို အလှူခံရင်တော့ အမုန်းဆုံးပုဂ္ဂိုလ်စာရင်းသွင်းမယ့် သဘောရှိပါပေ၏၊ သို့သော် သူများဆီက အလကားရမယ်ဆိုရင်တော့ တောမီးတောင် ချွေးထွက်အောင်လှုံမယ့် သဘောမျိုးရှိလောက်ပါပေ၏။”
(အောက်၌ older postsကို နှိပ်ပါ၊ ပုံပြင်ပေါင်း ၆၀ ကျော်ကို တွေ့ရပေအံ့။)





Friday, February 19, 2010

“ရွှေကူမဲကို ရှမ်းပြည်က မှတ်ပါလို့”

မိမိ၏ အသိဒါယိကာမသည် အရာရှိတစ်ယောက်ဖြစ်သည်အားလျှော်စွာ မန္တလေးရုံးကို မကြာခဏဆိုသလို အ လုပ်ကိစ္စအတွက် သင်တန်းသွားရောက်၍ သင်တန်းပို့ချရသည်။ သူမသည် မိုးကောင်းကင်ကားနှင့် ခရီးထွက်ခဲ့လေသည်။ မိုးကောင်းကင်အမြန်ယာဉ်သည် မြင်းခြံအထိရောက်သည့်ကားဖြစ်သည်။ သည်တစ် ခေါက်တွင် သူမသည် တစ်ယောက်တည်း ခရီးသွားရသည် ဖြစ်သည့်အတွက် တစ်ညလုံးလည်း မအိပ်ဖြစ်ခဲ့ပါ။ မိုးလင်းခါနီး မနက်လေး နာရီကျော်မှ အိပ်ပျော်သွားတော့သည်။ နိုးလာသည့်အခါ ဘယ်ရောက်ပြီလဲ ကြည့်လိုက်စဉ် လမ်းက ဆိုင်းဘုတ်တစ်ခုဖတ်လိုက်မိသည်။ ကူမဲဟူ၍ တွေ့လိုက်ရသည်။ သူမသည် ပထမ ခရီးသွားစဉ်က ရုံးက မိတ်ဆွေများနှင့် အတူတကွ သွားခဲ့သည့်အတွက်ကြောင့် လမ်းခရီးမှာ ဘယ်အရာကိုမျှ သတိမထားမိ၊ မကြည့်မိခဲ့။ အဲဒီအချိန်က ရထားနှင့် ခရီးသွားခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက် အဖေါ်မပါ သူမတစ်ယောက်တည်းဖြစ်သည့်အတွက် အရာရာကို ဂရုတစိုက်ကြည့်မိခဲ့သည်။ သို့ဖြစ်၍ ကူမဲမြို့ရောက်လာ သည်ကိုသိလိုက်ရသည်။ ထိုသို့သိလိုက်ရသောအခါ
“မြတ်စွာဘုရား ဘယ်များရောက်သွားပါလိမ့်၊ အမလေး အချိန်မီ မရောက်ရင်တော့ ဒုက္ခဘဲ၊ သင်တန်းအချိန်က သတ်မှတ်ပြီးသား၊ အားလုံးကမောက်ကမတွေ ဖြစ်ကုန်တော့မှာဘဲ၊ ဒီတစ်ခါရပ်လို့ကတော့ ဆင်းပြီး ရရာကားနဲ့ မန္တလေး ပြန်ရမှာဘဲ၊ မဖြစ်ဘူးဆိုပြီး ” ဆုံးဖြတ်ချက်ပင် ချက်ထားလေသည်။
သူမဟာ ရင်တွေ တဒိတ်ဒိတ်ခုန်လို့ပေါ့။ ဇောချွေးများပင် ပြန်လာတော့သည်။ ကားကလဲ ယခုအခါမှပင် တော် တော်လေး အရှိန်နှင့် သွားနေပါသည်။ သူမသွားလိုသော မန္တလေးခရီးသည်ကား တော်တော်ပင် လွန်ခဲ့ပြီးဟု ကောက် ချက်ချလိုက်မိသည်။
“ဒီတစ်ခါ ကားရပ်လို့ကတော့ ဆင်းမှဖြစ်မယ်”ဟု အဆင်သင့်ပြင်ထားလိုက်သည်။ ထိုသို့ပြင်ထားစဉ် ခရီးသည် တစ်ဦးမှလည်း ဆင်းရန်အတွက် ပြင်ဆင်နေသည်။ ခေတ္တခဏကြာသည့်အခါ သူက အောင်မြင်ခန့်ငြားသည့် အသံနှင့်
“ကျောက်ဆည်ပါတယ်နော် ဆရာရေ”တဲ့။ ထိုအခါကျမှ
“ကူမဲဆိုတာ ကျောက်ဆည်မရောက်ခင် ကူမဲမြို့ကိုး”လို့ သိလိုက်ရတယ်။ ထိုအခါမှ သူမ၏ ရင်ထဲမှာ ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့ အပူလုံးကြီးသည်လည်း “ဒုန်းကနဲ”ဆို ကျသွားပါတော့သည်။
သူမသည်ကား ကူမဲမြို့ ကျောက်မဲမြို့တို့ကို ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည်ဟု ထင်မှတ်ခဲ့လေသည်။
အကယ်စင်စစ် မိမိ၏ ဇာတိမြေဖြစ်သော ရွှေကူမဲသည်ကား မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အတွင်းဝယ် တည်ရှိသော သာယာသော မြို့ကလေးတစ်မြို့ပင် ဖြစ်ပါပေ၏၊ ကျောက်မဲမြို့သည်ကား ရှမ်းပြည်
မြောက်ပိုင်းတွင် တည်ရှိသည်မှာ မှန်ပါပေ၏။
“အော် ဒီလောက်နာမည်ကြီးသော မြို့ကလေးကိုမှ မသိရကောင်းလား” ဟု
ညည်းချင်းသာထုတ်လိုက်ချင်ပါတော့သည်။
(ဤပုံပြင်ကို မိမိ၏ အသိဒကာမ(ခရစ်စ်တယ်)မှ ပေးပို့သဖြင့် တည်းဖြတ်ကာ တင်ပြလိုက်ရပေသည်။ သူမ၏ ကိုယ်တွေ့အဖြစ်အပျက်ပါပေတည်း၊)

မဲပါသော မြို့များနှင့် ပတ်သက်၍ အနည်းငယ်တင်ပြပါရစေအုံး၊ မိမိသည် ကုက္ကိုစုဆရာတော် ဦးနန္ဒသာမိ, မိမိ၏ ဆရာ, ဦးတေဇသာမိနှင့်အတူ ကျောက်ပန်းတောင်မြို့နယ် တောင်ဦးရွာသို့ ခရီးသွားခဲ့သည်။ မိမိတို့စီးလာသော ကားသည် မိတ္ထီလာမြို့အ၀င် ဆိုင်တစ်ဆိုင်မှာ ခေတ္တခဏရပ်နားသည်။ ထိုသို့ရပ်နားစဉ် မိမိတို့သည် ကားပေါ်မှ ဆင်းကာ အောက်၌ လမ်းလျှောက်နေလေသည်။ ထိုစဉ် မိမိ၏ ဆရာတော်များသည် သူတို့၏ ငယ်သူငယ်ချင်း နှင့် သွားရောက်ဆုံနေလေသည်။ မတွေ့သည်မှာလည်း အတော်ကြာပြီး ဖြစ်ချေ၏။ သို့ဖြစ်၍ မိမိ၏ ဆရာတော် များက
“ဟ ကောင်ကြီးဘယ်နေလဲဟ” ဟု တရင်းတနှီးမေးလေသည်။ ထိုအခါ မိမိဆရာတော်များ၏ သူငယ်ချင်းက လည်း
“ငါ ဧရာဝတီတိုင်း အိမ်မဲမြို့မှာ ကျောင်းထိုင်နေတယ်ကွ”ဟု ဖြေကြားလေ၏။ အိမ်မဲဆရာတော်ကလဲ
“ဟ မင်းတို့ကကော ဘယ်မှာ ကျောင်းထိုင်နေကြသလဲ”ဟု မေးလေသည်။ ဤတွင် မိမိဆရာတော်များက “ဒို့ကတော့ ကူမဲမှာ ကျောင်းထိုင်နေတယ်”ဟု ဖြေကြားလေသည်။ ထို့နောက် ဆရာတော် ဦးနန္ဒသာမိက
“မဲနှစ်မဲမှာ ကျောင်းထိုင်တဲ့ ကိုယ်တော်တွေတော့ တွေ့ကြပြီး၊ ကျောက်မဲဘဲ ကျန်တော့တယ်ဟေ၊ မဲပါတဲ့ မြို့တွေ မှာ ကျောင်းထိုင်တဲ့ ကိုယ်တော်တွေဟာ ဒကာတွေကို ကြောက်ရတယ် ပြောတယ်၊ မင်းကော ဒကာတွေကို ကြောက်ရသလား”ဟူ၍ မေးသောအခါ အိမ်မဲမြို့တွင် ကျောင်းထိုင်နေသော ဆရာတော်က
“မှန်တယ် မောင်နန္ဒရေ၊ ငါလဲ ဒကာတွေကို ကြောက်နေရတာဘဲ၊ ဒါနဲ့မင်းတို့ကကော မကြောက်ရဘူးလား”ဟု မေးလေသည်။ ဤတွင် မိမိဆရာတော်များက
“ဘာထူးမှာလဲကွ၊ ငါတို့လဲ မဲပါတဲ့ ကူမဲမြို့မှာ ကျောင်းထိုင်နေတော့ ဒကာကို ကြောက်ရတာပေါ့ကွ”ဟု သံပြိုင် ဖြေကြလေသည်။ ဘေးမှ နားထောင်နေသော မိမိသည်ကား ဆရာတော်များ၏ မဲသုံးမဲအကြောင်း အကြိတ်အ နယ်ဆွေးနွေး နေကြသည်ကို ကြားကာ
“ဒို့များရဲ့ မဲပါတဲ့ ကူမဲမြို့ကလဲ အဲဒီလောက်တောင် အစွမ်းထက်ပါလား”ဟု ၀မ်းထဲတွင် ကြိတ်ကာ ပြုံးနေမိပါ တော့သည်။
(အောက်၌ older posts နှိပ်ပါ၊ ပုံပြင်(၆၀)ကျော်ကို တွေ့ရပါမည်။)

Wednesday, February 17, 2010

“အမှားသံသရာ”


မိမိသည် ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာ တောင်လုံးလှတောင်ပေါ်ကျောင်းတွင် ကထိန်တရား ဟောရန် တာဝန်ကျခဲ့သည်။ ထိုဒေသ၏ ထုံးစံအတိုင်း သီလပေး တရားဟောမည့်ဆရာတော်ရောက်ပြီဆိုသည်နှင့် ရှေ့က ဒကာတစ်ယောက်က သြကာသကန်တော့ကျိုးဖြင့် ဆရာတော်ကို ကန်တော့ရန် တရားနာပရိသတ်ကို တိုက် တွန်းပေးရလေသည်။ မိမိသည် တရားဟောရန် ပလ္လင်သို့ ရောက်သည်နှင့် တပြိုင်နက် တောင်ဦးရွာမှ စက်ဆရာ ကိုအေးမောင်မှ အောက်ပါအတိုင်း တရားနာပရိသတ်ကို တိုက်တွန်းလေတော့သည်။
"သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့်ပြည့်စုံသော ဆရာတော်ဘုရား ဓမ္မာသနပလ္လင်ပေါ်ရောက်ရှိပြီဖြစ်ပါသ ဖြင့် သြကာသကန်တော့ကျိုးဖြင့် ကန်တော့ကြပါစို့ခင်ဗျား”
ပရိသတ်ကလည်း ကိုအေးမောင်ကြီး၏ စကားဆုံးသောအခါ ကန်တော့ကျိုးကို ဆက်မဆိုနိုင်ဘဲ တခစ်ခစ်ရယ်နေ တော့သည်။ ပရိသတ်ရယ်မည်ဆိုလျှင်လည်း ရယ်လောက်ပေရာ၏ ။ ကိုအေးမောင်၏ တိုက်တွန်းချက်က အမှား ကြီးဖြစ်နေလေ၏။ အမှန်သည်ကား အောက်ပါအတိုင်းဖြစ်ပေ၏။
“သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံတော်မူသော ဆရာတော်ဘုရား ဓမ္မာသနပလ္လင်ပေါ်ရောက်ရှိပြီ
ဖြစ်ပါသဖြင့် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ကြရန် ညီညီညာညာ ကန်တော့ကြပါစို့ခင်ဗျား”။
“အော် မှားလည်းမှားတတ်ပါပေတယ် ကိုအေးမောင်ရယ်။” ဟူ၍သာ မိမိသည် သည်းချင်းထုတ်မိပါတော့သည်။ ထို့နောက် မိမိသည် တရားနာပရိသတ်ကို သီလပေး၊ တရားဟော၊ ရေစက်ချပေးလေသည်။ ရေစက်ချပြီး၍ ပရိသတ်အပေါင်းသာဓုခေါ်ပြီးသွားသောအခါ မိမိသည် ကထိန့်ဒါယကာ+ကထိန့်ဒါယိကာမများနှင့်တကွ တရား နာပရိသတ်အပေါင်းကို
“ ကထိန့်ဒါယကာ+ကထိန့်ဒါယိကာမများနှင့်တကွ တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ” ဟု ဆုပေးလိုက်လေသည်။ ထိုအခါ ဒကာ တော်ကိုအေးမောင်မှ အောက်ပါအတိုင်း အာဘောင်အာရင်း သန်သန်ဖြင့် မိမိကို ပြန်လည်ဆုပေးလေသည်။
“ဆရာတော်ဘုရားလည်း ကျန်းမာချမ်းသာပြီး အိန္ဒိယမှာ သာသနာပြုနိုင်သော အိန္ဒိယဖြစ်ပါစေဘုရား။” တရားနာပရိသတ်ကြီးသည်ကား မပြုံးဘဲ ၀ါးလုံးကွဲ ၀ါးကနဲရယ်ကြပေ၏။
“အော် ဒကာတော်ကိုအေးမောင်ရယ် မှားပြီးပြောတတ်အောင် သင်တန်းတက်ထားသလား”ဟုသာ မိမိ၏ စိတ် အတွင်းမှ မေးမိပါတော့သည်။
အထက်ပါကန်တော့ကျိုးတိုက်တွန်းလွှာနှင့်ပတ်သက်၍ မြစ်သားမြို့နယ် ကုက္ကိုစုရွာမှ အဖြစ်အပျက်တစ်ခု ရှိပါသေးသည်။ စပ်မိ၍ တင်ပြလိုက်ရပေသည်။ ကုက္ကိုစုရွာမှ ဒကာတော်ဦးတင်မောင်သည်ကား တရားနာ ပရိသတ်ကို တိုက်တွန်းလေ၏။
“သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသော ဆရာ တော်ဘုရား ဓမ္မာသနပလ္လင်ပေါ်ရောက်ရှိပြီဖြစ်ပါသဖြင့် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ကြရန် ညီညီညာညာ ကန်တော့ကြပါစို့ခင်ဗျား”။
ထိုသို့တိုက်တွန်းသောအခါ ထိုရွာကျောင်းဆရာတော်ဦးနန္ဒသာမိက
“သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဆို လုံလောက်ပါပြီး ဒကာကြီး၊ ၀ိမုတ္တိဂုဏ် ၀ိမုတ္တဥာဏဒဿနဂုဏ်တို့ကို တော့မထည့်ပါနဲ့ ဒကာကြီး၊ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့က အရိယာတွေမဟုတ်သေးတော့ အဲဒီဂုဏ်တွေနဲ့ မထိုက်တန်းဘူး ဒကာကြီး၊ အဲဒီဂုဏ်တွေကြတော့ အရိယာတို့နဲ့သာ ထိုက်တန်တယ် ဒကာကြီး၊ ဒါကြောင့်မ ထည့်ပါနဲ့”ဟု ဆရာတော်က သီလမပေးသေးဘဲ သြ၀ါဒပေးလေ၏။
ထိုအခါ ဦးတင်မောင်မှ
“အော် ဆရာတော်ကလဲ ကိုယ့်ဆရာတော်မို့ ကိုယ်က ဂုဏ်တင်တာ၊ ထည့်မှာဘဲဘုရား။” ဟုလျှောက်ထားလေ သည်။ နောက်ဆုံး ဆရာတော်ကပင် လက်မြှောက်အရှုံးပေးလိုက်ရလေသည်။
နောက် ဒီတိုက်တွန်းမှုနှင့်ပတ်သက်လို့ နောက်တစ်ပုဒ်တင်ပြရပေအုံးမည်။ ရွှေဘိုဘက်က ဒကာများကတော့ ကန်တော့ ရန်အတွက် တရားနာပရိသတ်ကို အောက်ပါအတိုင်း တိုက်တွန်းပေ၏။
“ဟုတ်သော်ရှိ မဟုတ်သော်ရှိ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံပေသော ရွာဦးကျောင်းဆရာ တော်ကို ရှိခိုးကြပါစို့ခင်ဗျား”
အထက်ပါ တိုက်တွန်းချက်အမျိုးမျိုးကို လေ့လာလိုက်သောအခါ အမှားတွေချည်းသာ ဖြစ်နေလေ၍ “အမှားသံ သရာ”ဟုပင် တင်စားကာ တင်ပြလိုက်ရပေတော့သည်။(အောက်၌ older posts ကို နှိပ်ပါ၊ ပုံပြင်ပေါင်း (၆၀) ကျော်ကို တွေ့ရှိပါလိမ့်မည်။)



Friday, February 12, 2010

“၀လေးလုံး၏ အဓိပ္ပာယ်”

မိမိသည် သီရိလင်္ကာ၌ ပညာသင်ကြားနေစဉ် ဒီအဖြစ်အပျက်ကလေးကို သူငယ်ချင်းတစ်ပါးထံမှ ကြားခဲ့ရသည်။ တစ်ခါက ရွာတစ်ရွာတွင် ဘုန်းတော်ကြီးတစ်ပါးကျောင်းထိုင်သည်။ ထိုဆရာတော်သည် အလွန်အင်မတန်မှ သ ဘောကောင်းတော်မူသည်။ ထိုကျောင်းသို့ ကြွရောက်လာကြကုန်သော ရောက်ရှိလာကြကုန်သော အာဂန္တုက ရဟန်းအချို့၊ ဧည့်သည် ဒါယကာ ဒါယကာမအချို့တို့သည် ထိုဆရာတော်၏ သဘောကောင်းမှုကို အခွင့် ကောင်းယူကာ ကျောင်းမှာနေစဉ် ကျောင်းတွင်းရေရာများကို ၀င်ရောက်စွက်ဖက်လေသည်။ ထိုမျှမက ဆရာတော်၏ စကားများကို ရွာထဲပြော၊ ရွာအတွင်းမှ စကားများကို ကျောင်းသယ်လာသည်။ကြာလာသည့်အခါ ဆရာတော်နှင့် သူ၏ ဒါယကာ ဒါယိကာမအကြား အနည်းငယ် သွေးကွဲမှုလေးဖြစ်သွားသည်။ ကျောင်းထိုင် ဆရာတော်သည် ဘာကြောင့် ဖြစ်ရသလဲဟု အကြောင်းရှာသော် ကျောင်းမှာတည်းနေသော ရဟန်းအချို့နှင့် ဒါယကာ ဒါယိကာမတို့ကြောင့်ဆိုသည်ကို သိရှိသွားသည်။ ထိုနေ့မှစ၍ ကျောင်းထိုင်ဆရာတော်ကြီးသည် သူ၏ ကျောင်းအ၀င်ဝတွင် အောက်ပါအတိုင်း စာတမ်းရေးထားလေသည်။
“ဤကျောင်းတွင် ခေတ္တခဏတည်းရန် ရောက်ရှိလာကြသော ရဟန်း၊ ဒါယကာ ဒါယကာမအပေါင်းတို့သည် ၀လေးလုံးကို ဆောင်ကြရမည်။ မဆောင်နိုင်က တည်းရန်ခွင့်မပြု။”
အဓိပ္ပာယ်နားမလည်ကြသော အာဂန္တုကရဟန်းအပေါင်း ဒါယကာ ဒါယကာမအပေါင်းတို့က မေးသောအခါ ဆရာတော်သည် အောက်ပါအတိုင်းရှင်းပြလေသည်။
“၀လေးလုံးဆောင်ဟူသည်ကား ဤကျောင်းတွင် ခေတ္တခဏတည်းရန် ကြွရောက်လာကြသော ရောက်လာ ကြသော အာဂန္တုကအပေါင်း ဧည့်သည်အပေါင်းတို့သည် '၀၀စားပါ၊ ဝေးဝေးနေပါ၊ ၀င်မရှုတ်နဲ့၊ ၀ါးရင်းဒုတ်စာ မိသွားမယ်၊'”ဟူသတည်း။
မိမိသည် ဤပုံပြင်ကို ကျောက်ပန်းတောင်မြို့နယ် တောင်ဦးရွာမှ ဆရာတော်ဦးရေ၀တကို ပြောပြသောအခါ ဆရာတော်ကလည်း
“အေး ဇ၀နရေ! မင်းကလဲ ၀လေးလုံးအဓိပ္ပာယ်ကို မင်းကြားဖူးသလိုပြောပြတယ်၊ ငါကလဲဝလေးလုံးရဲ့ အဓိပ္ပာယ် ကို ဒီလိုကြားဖူးတယ်။ ဒို့အငယ်တုံးက ဂျပန်က အင်္ဂလိပ်ကို တိုက်တဲ့ခေတ်ပေါ့၊အဲဒီလိုတိုက်တဲ့နေရာမှာ ပထမဂျပန်က အင်္ဂလိပ်ကို လေယာဉ်နဲ့ ကောင်းကင်ကနေ ဗုံးတွေနဲ့ကြဲတယ်၊ အဲဒီအချိန်ကစပြီး လူကြီးတွေက ခလေးတွေကို ပြောတယ်၊'၀လေးလုံးဆောင်ကြ၊ ၀လေးလုံးဆောင်ဟူသည် “၀ီဝီသံကြားရင် ဝေးဝေးကရှောင် ဝေးဝေးကမရှောင်ရင် ၀ါးစားသွားလိမ့်မယ်တဲ့၊”ဟုရှင်းပြသွားလေသည်။ အော် “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း”ဟူသော ဆိုရိုးစကားကဲ့သို့ ၀လေးလုံးအဓိပ္ပယ်ကို အမျိုးမျိုးဖွင့်ဆိုကြလေ၏။ အဓိပ္ပယ်ကား နှစ်မျိုးလုံး ရှိလှပါပေ။ မှတ်သားဖွယ်ပါပေတည်း။
( အောက်၌ Older Posts ကို နှိပ်ပါ၊ ပုံပြင်အပုဒ်ပေါင်း(၆၀) ကျော်ကို တွေ့ပါလိမ်မည်။)


“ဂွေ့ကြီုးရွာ့မှ ဦးကျောက်မှီ”

မိမိတို့၏ ရွာနားဝန်းကျင်၌ ယခုတလော ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှုများအလွန်ပင်အဖြစ်များနေသည်။ တစ်ချို့သည်လည်း တကယ်နာ နာကျင်ဖြစ်သည်ဖြစ်၍ ထိုက်ထိုက်တန်တန် နစ်နာကြေးရကြသည်။ အချို့သည်လည်း တကယ်အားဖြင့် နာနာကျင်ကျင် မဖြစ်ကြပါ၊ သို့သော် ဟန်ဆောင်ကောင်းသည့်အတွက် ထိုက်ထိုက်တန်တန် နစ်နာကြေးရကြပြန်သည်။ ထိုဖြစ်စဉ်များကို ကြည့်ပြီး ဂွေ့ကြီးရွာမှ ဦးကျောက်မှီတစ်ယောက်လဲ အားကျနေလေသည်။ ကျောက်မှီသည် အလုပ်ကိုင်မယ်မယ်ရရမရှိ၊ ဖဲကရိုက်တတ်သေးသည်။ တစ်နေ့ ဖြစ်ချင်တော့ ကိုကျောက်မှီတစ်ယောက် လမ်းလျှောက်နေစဉ် ဆိုင်ကယ်တစ်စီးက သူ့ကို ပွတ်တိုက်သွားသည်။ ကိုကျောက်မှီတစ်ယောက် ဆိုင်ကယ်အတိုက်ခံရတော့ အလွန်ဘဲ အသံပြင်းစွာ နာတယ်၊ ကျင်တယ်ပြောပြီ တစာစာနှင့် အော်နေတော့သည်။ ဂွေ့ကြီးရွာမှ လူအများလည်း ကလေးရောလူကြီးပါ ရောက်လာကြသည်။ ကိုကျောက်မှီတစ်ယောက်တော့ အသံကုန်အော်နေသည်။ အနီးအနားရှိလူကြီးများကလည်း ဆိုင်ကယ်သမားကို
“မောင်ရင်! မင်းရဲ့ဆိုင်ကယ်တိုက်လို့ လူနာကတော့ မသေရုံတမယ်ဖြစ်နေပြီ၊ လူနာကိုတော့ ထိုက်ထိုက်တန်တန် နစ်နာကြေးအနည်းဆုံး ငါးသိန်းလောက်တော့ ပေးလိုက်ပါ။” ဟု ၀ိုင်းဝန်းတိုက်တွန်းကြလေသည်။ ဤတွင် ဆိုင်ကယ်သမားက
“ဦးလေးတို့ စဉ်းစားကြည့်ပါ၊ ကျွန်တော့ဆိုင်ကယ်က ပွတ်တိုက်တာ၊ ဦးလေးတို့ လူက ကယ်ပါ၊ ယူပါ တစာစာနဲ့အော်နေတာ၊ လေးသိန်းနစ်နာကြေးပေးရမယ်ဆိုရင်တော့ တန်အောင် တစ်ခါပြန်တိုက်ပြီးမှ ပေးနိုင်မယ်ပြောပြီး။” ဆိုင်ကယ်ကို ဦးကျောက်မှီဘက်လှည့်ကာ တိုက်မယ်လို့ ဟန်ပြင်လိုက်စဉ် ဦကျောက်မှီသည်လည်း
“မောင်ရင်ရယ် လေးသိန်းမရရင်နေပါ၊ ထပ်တော့ မတိုက်ပါနဲ့၊ ဦးလေးလဲ ပြောသလောက်တော့မဖြစ်ပါဘူးကွာ၊” ဟုပြောကာ ထွက်ပြေးသွားလေတော့သတည်း။

Sunday, February 7, 2010

The Doctrine of Paticcasamuppada (Part 3)

But because of the disappearing of the ignorance(avijja)there disappear the kammic formations(sankkhara)သို့သော် အ၀ိဇ္ဇာ၏ ချုပ်ငြိမ်းမှုကြောင့် သင်္ခါရတရားတို့ ချုပ်ငြိမ်းသည်; because of the disappearing of the kammic formations(sankkhara) there disappears consciousness(vinnana)သင်္ခါရတရားတို့၏ ချုပ်ငြိမ်းမှုကြောင့် ပဋိသန္ဓေ၀ိညာဏ်စိတ်ချုပ်ငြိမ်းသည်; because of the disappearing of consciousness(vinnana) there disappear mind and matter(nama and rupa)ပဋိသန္ဓေ၀ိညာဏ်စိတ်၏ ချုပ်ငြိမ်းမှုကြောင့် နာမ်ရုပ်ချုပ်ငြိမ်းသည်; because of the disappearing of mind and matter(nama and rupa)there disappear sixfold bases(salayatana)နာမ်ရုပ်၏ချုပ်ငြိမ်းမှုကြောင့် သဠာယတနချုပ်ငြိမ်းသည်; because of the disappearing of sixfold bases(salayatana)there disappears contact(phassa)သဠာယတန၏ ချုပ်ငြိမ်းမှုကြောင့် ဖဿချုပ်ငြိမ်းသည်; because of the disappearing of contact(phassa)there disappears feeling(vedana)ဖဿ၏ ချုပ်ငြိမ်းမှုကြောင့် ဝေဒနာချုပ်ငြိမ်းသည်; because of the disappearing of feeling(vedana) there disappears craving(tahna)ဝေဒနာ၏ ချုပ်ငြိမ်းမှုကြောင့် တဏှာချုပ်ငြိမ်းသည်; because of the disappearing of craving(tahna) there disappears grasping(upadana)တဏှာ၏ ချုပ်ငြိမ်းမှုကြောင့် ဥပါဒါန်ချုပ်ငြိမ်းသည်;because of the disappearing of grasping (upadana)there disappear becoming (bhava)ဥပါဒါန်၏ ချုပ်ငြိမ်းမှုကြောင့် ဘ၀ချုပ်ငြိမ်းသည်; because of the disappearing of becoming(bhava) there disappears birth(jati)ဘ၀၏ ချုပ်ငြိမ်းမှုကြောင့် ဇာတိချုပ်ငြိမ်းသည်; because of the disappearing of birth (jati) there disappear decay(jara),death (marana),sorrow(soka),grief(parideva),suffering (dukkha),dejection(domanassa) and despair(upayasa)ဇာတိ၏ ချုပ်ငြိမ်းမှုကြောင့် ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ချုပ်ငြိမ်းသွားတော့သည်. Such is the disappearing of this entire whole mass of the suffering. ဒါဟာလဲဘဲ ဒုက္ခအစု၏ ချုပ်ငြိမ်းမှုကြီးပါပေတည်း။( To be continued ဆက်ရန်)

Thursday, February 4, 2010

ပညာအရာတွင် အကြီးဆုံးသော ခေမာထေရီ ( Part 3)

The Buddha read her mind and said:
" O Khema! look carefully at this decaying body which is build around a skeleton of bones and is subject to disease and decay. Look carefully at the body which is desired only by the fullish. Look at the worthlessness of the beauty of this young girl. "
မြတ်စွာဘုရားသည် ခေမာမိဖုရား၏ စိတ်ကို သိတော်မူပြီ၍
“အိုခေမာ အရိုးစုဖြင့်တည်ဆောက်ထား၍ အနာရောဂါ ပျက်စီးမှုတို့၏ ဖိနှိပ်မှုကို ခံနေရသော ဤ ပျက်စီးနေသော ခန္ဓာကိုယ်ကို ဂရုတစိုက် ကြည့်ပါလော့၊ လူမိုက်များကသာ အလိုရှိနေသော ဤခန္ဓာကိုယ်ကို ဂရုတစိုက်ကြည့်ပါလော့၊ ဤငယ်ရွယ်သော အမျိုးသမီးလေး၏ အလှအပ၏ တန်ဖိုးမဲ့ အချည်းနှီးဖြစ်မှုကို ကြည့်ပါလော့။” မိန့်ကြားတော်မူပါသည်။
After hearing this, the Queen Khema attained Arahatta fruition. ဤတရားဒေသနာကို ကြားနာပြီးနောက် ခေမာမိဖုရားသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါသည်။
But the Buddha continued to teach her:
"Beings who infatuated with lust fall down into the stream of craving. Just as a spider glides on its self-spun web. The wise, cutting the craving, walk on resolutely, leaving all ills (dukkha) behind.
မြတ်စွာဘုရားသည် ခေမာမိဖုရားကို ဆက်လက်ကာ တရားဟောကြားတော်မူပါသည်။
“လောဘဖြင့် ယစ်မူးနေသော သတ္တ၀ါတို့သည် လောဘကြောင့် သံသရာရေအလျှင်သို့ ကျရောက်ကြရကုန်၏။ ဥပမာအားဖြင့် ပင့်ကူသည် သူပြုလုပ်ထားသော အိမ်၌ လည်နေသကဲ့သို့ ကျရောက်နေသကဲ့သို့တည်း။ လောဘကို ဖြတ်ပြီးသော ပညာရှိတို့သည် ဒုက္ခအားလုံးကို စွန့်လျှက် ငဲ့ကွက်မှုမရှိမူ၍ သွားကြရလေကုန်၏။”
At the end of the discourse, Kheme attained Arahatship together analytical knowledges.ဒေသနာတော်၏အဆုံးတွင် ခေမာမိဖုရားသည် ပဋိသမ္ဘိဒါဥာဏ်နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်ရှိသွားလေသည်။
ွှ့်ွှThereafter having received her husband's permission, she joined the order of the nun.
ထိုမှနောက်၌ ခေမာမိဖုရားသည် ဘုရင်ကြီး၏ ခွင့်ပြုမှုကို ရယူကာ သာသနဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။
Later on, the Buddha bestowed Khematheri the title of the foremost in wisdom and the chief among the nuns (bhikkhunis)
နောက်ပိုင်းတွင် မြတ်စွာဘုရားသည် ခေမာဘိက္ခုနီမကို ဘိက္ခုနီများထဲတွင် ပညာအရာတွင်အကြီးမြတ်ဆုံးနှင့် အကြီးဆုံးသော မထေရ်မကြီးရာထူး(အဂ္ဂသာဝိကာမ)ကို ပေးအပ်ခဲ့ပါသည်။
Khematheri fulfilled the perfections for one incalculable(asankheyya) and one hundred thousand aeons to get this title.
ခေမာထေရီမကြီးသည် ထိုဘွဲ့ထူးဂုဏ်ထူးများကို ရဘို့ရန် တစ်သင်္ချေနှင့် ကမ္ဘတစ်သိန်းပါရီဖြည့်ခဲ့ရပါသည်။
(To be continued ဆက်ရန်)

Wednesday, February 3, 2010

“သောတာပန်အရိယာကိုမှ သမက်တော်လိုသော ဒကာကြီး”

ဤပုံပြင်လေးသည် မိမိ သထုံမြို့ ဟိတကာရီကျောင်းတိုက်၌ အကြီးတန်းစာပေကို သင်ကြားခဲ့စဉ်က သူငယ်ချင်း ဖြစ်သူ ဦးတေဇ၀န္တ(ကရင်ဆရာတော်လေး)က ပြောပြသည့်အတွက် ကြားသိခဲ့ရသည့် တကယ် အဖြစ်အပျက် ပုံပြင်ကလေး ဖြစ်သည်။ မိမိ၏ စာဖတ်ပရိသတ်အပေါင်းကို သိစေရန် အလို့ငှာ ပြန်လည်ဖေါက်သည်ချ လိုက်ရပေသည်။ ယနေ့ ခေတ်သည် ၀ိမုတ္တိယုဂခေတ်ဖြစ်သည်။ ၀ိမုတ္တိယုဂခေတ်ဟူသည် ၀ိပဿနာတရား များကို ဖြိုင်ဖြိုင်ဟောကြ၍ ၀ိပဿနာတရားကို အားကြိုး မာန်တက် အားထုတ်ကြရာ လူအပေါင်းတို့သည် တရား ထူးကို ရကြသော ခေတ် ဖြစ်လေသည်။ ၀ိမုတ္တိယုဂခေတ်ဖြစ် သည်အားလျှော်စွာ သထုံမြို့သူ မြို့သားတို့သည် လည်း တရားထူးရရန်အ လို့ငှာ အလွန်အကြူး အားထုတ်ကြသည်။ ထိုအထဲတွင် အများသူငါ တရားအားထုတ် နေ၍သာ ရောယောင်ပြီး တရားအားထုတ်သူတွေလဲ များလှပေသည်။ ဓမ္မမေဒီနီကျောင်းတိုက်အနီးမှ ဒါယကာကြီးသည်လည်း “သူများတွေတောင် အားထုတ်နိုင်ကြသေးတာဘဲ၊ ငါလဲ ဘာလို့အားမထုတ်နိုင်ရမှာလဲ” ဟူသော မာန်မာနဖြင့် တရားရိပ်သာ၌ ၇ ရက်တရားစခန်းဝင်ကာ အားထုတ်လေတော့သည်။ ထိုဒါယကာကြီး သည် နဂိုက အရက်အလွန် အကျွံသောက်လေ့ရှိ သည်။ ဘယ်လိုဘဲဖြစ်ဖြစ် အိမ်မှ ဇနီးမယားဖြစ်သူကတော့
“အော် ဒို့အိမ်က လူကြီးတော့ ရိပ်သာမှာ တရားအားထုတ်နေတယ်၊ တရားထူးမရတောင် အရက်ကတော့ပြတ် သွားမှာပါ”ဟု ကြိုပြီး ပီတိတွေ ဖြစ်နေလေသည်။ ဒါယကာကြီးသည်လည်း ရ ရက် စခန်းကို အောင်မြင်အောင် အားထုတ်နိုင်ခဲ့ပါပေသည်။ တရားစခန်းမှ ပြန်လာပြီးနောက် တရားစကားတွေလဲ တော်တော်လေးပြောလာပေ သည်။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအကြောင်းတွေလဲ တော်တော်ပြောလာခဲ့ပေသည်။ တရား ထူးမရသော်လည်း အမြတ်တစ်ခုတော့ ရလိုက်ပေသည်။ သူသည် အရင်လို အရက်မသောက်တော့ပေ။ အိမ်မှ မိသားစုတို့သည်လည်း ၀မ်းသာလို့ပေါ့။ သို့သော် ၀မ်းသာလို့မှ မဆုံးသေးပါ။ ထိုဒါယကာကြီးသည်သူငယ်ချင်း တစ်စု၏ ၀ိုင်းဝန်းတိုက်လိုက်မှုကြောင့် အရက်ကို အလွန်အကျွံသောက်လာပြန်ခဲ့ပေသည်။ မိသားစုသည်လည်း စိတ်ညစ်ရပြန်ပြီပေါ့။ ဒါယကာကြီးသည် မူးလာလျှင်
“အေး သောတာပန်ဖြစ်သွားရင် မကောင်းမှုမလုပ်တော့ဘူး၊ ဒါကြောင့် ငါ့သမီးကို လိုချင်ရင်တော့ သောတာပန်ဖြစ်အောင်လုပ်ကြ၊ သောတာပန်ဖြစ်မှ သမက်တော်နိုင်မယ်၊” ဟု အော်ပြောနေတော့သည်။ ဒုတိယနေ့ မူးလာပြန်တော့လဲ အထက်ပါအတိုင်းအော်နေတော့သည်။ တတိယနေ့ မူးလာပြန်တော့
“အေး ငါသမီးကို ရိုးရိုးပုထုဇဉ်ပုဂ္ဂိုလ်နဲ့တော့ မပေးစားနိုင်ဘူး၊ အရိယာသောတာပန်နဲ့ဘဲ ပေးစားမယ်ကွ”ဟု တကျော်ကျော်အော်နေလေသည်။ နေ့စဉ် ဒီအသံကို ကြားနေရသော ဓမ္မမေဒီနီကျောက်တိုက်မှ ကိုယ်တော် လေးတစ်ပါးသည် နားကြားပြင်းကပ်လာဟန်ရှိသည်။ သို့ဖြစ်၍ ထိုကိုယ်တော်လေးသည်
“ဒကာကြီး ဦးဇင်းလဲ သောတာပန်ပါဘဲဗျ” ဟု အော်ပြောလိုက်လေတော့သည်။
ထိုအခါမှစ၍ သောတာပန်သမက်ကိုမှ လိုချင်နေသော ဒကာကြီး၏ အသံသည် မီးကိုေ၇နှင့်လောင်း လိုက်သကဲ့သို့ ငြိမ်သက်သွားလေတော့သတည်း။ “အော်ဒကာကြီးသည် သောတာပန်ပုဂ္ဂိုလ်ကို မက်မည်ဆိုလျှင် မက်လောက်ပါပေတယ်။ သောတာပန်ပုဂ္ဂိုလ်သည် မကောင်းမှုလုံးဝမလုပ်တော့ပါ။ ရနှစ်ဘ၀ပြီးနောက် ရဟန္တာဖြစ်ကာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းရာမှန် နိဗ္ဗာန်သို့ ရောက်ရတော့မည့် အရိယာပုဂ္ဂိုလ်တစ်ယောက်ပါပေ တည်း။”

Tuesday, February 2, 2010

"ပညာ'အရာတွင် အကြီးမားဆုံးသော ခေမာထေရီ"(Part 2)

When the Queen Khema arrived at the monastery, the Buddha was expouding the Dhamma to an audience. ခေမာမိဖုရားသည် ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားသည် ပရိသတ်ကို တရား ဟောကြားတော်မူနေပါသည်။။ The Buddha, who read her thoughts, created by his psychic powers a beautiful young woman standing besides him fanning him. သူမ၏ စိတ်ကို သိသော မြတ်စွာဘုရားသည် သူ၏ဘေးတွင် ရပ်ပြီး ယပ်တောင်ခတ်ပေးနေသော လှပသော အမျိုးသမီတစ်ယောက်ကို ဖန်ဆင်းလိုက်သည်။ Khema was enthralled by this lovely woman and thought to herself: “Never before have I seen such a woman ။ I myself do not come within even a fraction of her beauty. Surely those who say the ascetic Gotama disparages beauty of form must be misrepresenting him.” မယ်ခေမာသည် လှပသော ထိုမိန်းခလေးဆွဲဆောင်မှုကို ခံလိုက်ရသည် ပြီတော့ ငါ ဤကဲ့သို့လှပသော အမျိုးသမီးကို အရင်က မတွေ့ဖူးပါ၊ ငါသည် ထိုအမျိုးသမီး၏ အလှအပ အစိတ်အပိုင်းလေးကိုမျှ မမှီပါလား၊ ရဟန်းဂေါတမသည် အလှအပကို နှိပ်ချပြောဆိုလေ့ရှိသည်ဟု ဆိုသောသူတို့သည်မြတ်စွာဘုရားကို စွပ်စွဲပြောဆိုနေသလိုဘဲ၊ သူမကိုယ်သူမ စဉ်းစားမိတော့သည်။The Buddha then made this created image gradually change from youth to middle age, and then to old age, with broken teeth, gray hair, and wrinkled skin, until it finally fell to the ground lifeless. ထို့နောက် မြတ်စွာဘုရားသည် ဖန်ဆင်းထားသော ရုပ်အသွင်ကို
ငယ်ရွယ်သောအရွယ်မှ အလယ်အလတ်အရွယ်, ထို့နောက် အလယ်အလတ်အရွယ်မှ ဆံဖြူ သွားကျိုး အရေတွန်နေသောအိုမင်းရင့်ရော်သောအရွယ်, နောက်ဆုံး အသက်ဆုံး၍ မြေပြင်မှာ လဲကျသွားသည်အထိ တဖြေးဖြေးချင်း ပြောင်းလဲ ဖန်းဆင်းတော်မူခဲ့ပါသည်။ Only then did she realize the vanity of external beauty and the fleeting nature of life. ထိုအခါမှ သူမသည် ပြင်ပအလှတရား၏ အချည်းနှီးဖြစ်မှုနှင့် ပြောင်းလဲနေသော မမြဲသော ဘ၀၏ သဘောတရားကို သိရှိလေတော့သည်။She thought, “Has such a body come to be wrecked like that? ဤခန္ဓာကိုယ်သည် အနှစ်သာရဘာမျှမရှိ ပျက်စီခြင်းသဘောရှိခြေ၏ ဟု ကြံစည် လေတော့၏။ Then my body too must share that fate.” ထို့နောက် ငါ့၏ ခန္ဓာကိုယ်သည် ထိုကဲ့သို့ မမြဲခြင်းသဘော ပျက်စီးခြင်းတို့ ဖြစ်ရမည်မှာ မလွဲမသွေဖြစ်ချေ၏ဟု သူမ၏ စိတ်တွင် ဆင်ခြင်မိပါတော့သည်။
To be continued

“ပညာအရာ အကြီးမားဆုံးသော ခေမာထေရီ”(Part1)

The name “Khema” means “security” . ခေမာအမည်သည် ဘေးရန်အမျိုးမျိုးမှ ကင်းဝေးခြင်းဟု အဓိပ္ပါယ် ရသည်။ The Queen Khema belonged to the royal family from the land of Magadha. ခေမာမိဖုရား သည် မဂဓတိုင်း တော်ဝင်မိသားစုမှ ဆက်သက်လာသူလေးပါ။ She reached marriageable age she became one of the chief consorts of King Bimbisara.သူမ လက်ထပ်ရမည့် အရွယ်ကို ရောက်တော့ ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားခေါင်တွေထဲက မိဖုရား ခေါင်တစ်ယောက်ဖြစ်လာခဲ့တယ်။ She was extremely beautiful and proud of her beauty.သူမဟာ အလွန်ဘဲ လှပပါပေတယ်၊ ထိုအလှကြောင့်လဲ မာနလဲ ကြီးလှပါပေ၏။ The king wanted her to go the Veluvana Monastery and pay homage to the Buddha. ဘုရင်ကြီးသည် ခေမာမိဖုရားကို ဝေဠုဝန်ကျောင်းသို့ သွားရောက်၍ မြတ်စွာဘုရားကို ဖူးစေချင်သည်။ But she had heard that the Buddha always talked disparagingly about beauty. သို့သော် မြတ်စွာဘုရားသည် အလှအပကို နှိပ့်ချဟောပြောလေ့ရှိကြောင်းကို သူမကြားသိနေပြီး ဖြစ်နေလေသည်။ She therefore tried to avoid seeing the Buddha. ထို့ကြောင့်လဲ မြတ်စွာဘုရားကို ဖူးမြင်ခြင်းမှ ဝေးဝေးက ရှောင်နေလေတော့သည်။ And then, the Great king wanted her to know of the vanity of sensual pleasures, to which she was tightly attached. ပြီးတော့ ဘုရင်ကြီးသည် သူမ တန်းတန်းစွဲ တပ်နှစ်သက်နေသော ကာမဂုဏ် စည်းစိမ်များ၏ အချည်းနှီးဖြစ်မှုကို သူ၏ မိဖုရားခေါင်ကြီး မယ်ခေမာကို သိစေချင်သည်။ That's why he hired a troop of singers to sing songs to her in praise of the peacefulness and beauty of the Bamboo Grove monastery. ထို့ကြောင့် မင်းကြီးသည် သူ၏ မိဖုရားကြီးထံတွင် ဝေဠုဝန်ကျောင်းတော်၏ ငြိမ်းချမ်းမှုနှင့် အလှအပဘွဲ့ဖြစ်သော သီချင်းများကို ဆိုရန် ကချေသည် အဆိုတော်တစ်ယောက်ကို ငှားရမ်းခဲ့သည်။ As Khema loved the beauties of nature she decided to visit there after listening to it. မယ်ခေမာသည် အလှအပကို ချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်သည် အားလျှော်စွာ ထိုသီချင်းကို နားထောင်ပြီးသောအခါ ဝေဠုဝန်ကျောင်းကို သွားဘို့ရန် ဆုံးဖြတ်ခဲ့သည်။(To be continued)





Monday, February 1, 2010

"The Doctrine of Paticcasamuppada (Part 2)"


Then the Buddha during the last watch of the night paid attention to Paticcasamupada (cause and effect) in direct and reserve order:
ထို့နောက် မြတ်စွာဘုရားရှင်သည် နောက်ဆုံးယာမ်၌ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလောမ ပဋိလောမအား ဖြင့် ဆင်ခြင်တော်မူပါသည်။
Avijjapaccaya sankhara အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ, sankharapaccaya vinnanam သင်္ခါရပစ္စယာ ၀ိညာဏံ, vinnapaccaya namarupa ၀ိညာဏပစ္စယာ နာမရူပါ , namarupapaccaya salayatanam နာမရူပပစ္စယာ သဠာယတနံ, salayatanapaccaya phasso သဠာယတနပစ္စယာ ဖေဿာ, phassapaccaya vedana ဖဿပစ္စယာဝေဒနာ , vedanapaccaya tana ဝေဒနာပစ္စယာတဏှာ, tanapaccaya upadanam တဏှာပစ္စယာ ဥပါဒါနံ, upadanapaccaya bhavo ဥပါဒါနပစ္စယာ ဘဝေါ, bhavapaccaya jati ဘ၀ပစ္စယာ ဇာတိ, jatipaccaya jara,marana,soka,parideva,dukkha,domanassupayasa sambhavanti ဇာတိပစ္စယာ ဇရာမရဏသောကပရိဒေ၀ဒုက္ခဒေါမနဿုပါယာသာ သမ္ဘ၀န္တိ. Evametassa kevalassa dukkhakkhandh- assa samudayo hotiti ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ.
Because of ignorance there arise volitional formations အ၀ိဇ္ဇာ-မသိမှုတရားကြောင့် သင်္ခါရတရားတို့ဖြစ် ပေါ်လာကြကုန်၏; because of volitional formations there arises consciousness;သင်္ခါရတရားတို့ကြောင့် ပဋိသန္ဓေ၀ိညာဏ်စိတ်ဖြစ်ပေါ်လာ၏;because of consciousness there arise mind and matter; ပဋိသန္ဓေ ၀ိညာဏ်စိတ်ကြောင့် နာမ်တရားနှင့် ရုပ်တရားတို့ ဖြစ်ပေါ်လာကြကုန်၏; because of mind and matter there arise sixfold sense bases နာမ်တရား ရုပ်တရားတို့ကြောင့် အာယတနခြောက်တို့ ဖြစ်ပေါ်လာကြကုန် ၏; because of sixfold sense bases there arises contact အာယတနခြောက်ပါးတို့ကြောင့် တွေ့ထိမှု ဖဿတရားဖြစ်ပေါ်လာ၏; because of contact there arises feelingတွေ့ထိမှု ဖဿတရားကြောင့် ခံစားမှု ဝေဒနာတရားဖြစ်ပေါ်လာ၏; because of feeling there arises craving ခံစားမှု ဖဿတရားကြောင့် တပ်မက်မှုတဏှာတရားဖြစ်ပေါ်လာ၏; because of craving there arises graspingတပ်မက်မှု တဏှာတရားကြောင့် စွဲလမ်းမှုဥပါဒါန်တရားဖြစ်ပေါ်လာ၏; because of grasping there arise becoming စွဲလမ်းမှုဥပါဒါန်တရားကြောင့် ဘ၀ဖြစ်ပေါ်လာ၏; because of becoming there arises birthဘ၀ကြောင့် ဇာတိတရားဖြစ်ပေါ်လာ၏; because of birth there arise decay,death, grief, sorrow, lamentation, dejection and despair ဇာတိပဋိသန္ဓေနေမှုတရားကြောင့် ဇရာ-အိုခြင်, မရဏ-သေခြင်း, သောက-ငိုကြွေးခြင်း, ပရိဒေ၀-ပူဆွေးခြင်း, ဒုက္ခ-ဆင်းရဲခြင်း,ဒေါမနဿ-စိတ်နှလုံးမသာမယာဖြစ်ခြင်း, ဥပါယာသ-တသသဆွေးမြေ့ပူလောင်ခြင်းဟူသော တရားတို့ ဖြစ်ပေါ်လာကြကုန်၏; This is the arising of this entire mess of suffering ဒါဟာ လုံးဝ ဒုက္ခအစုအပုံကြီး၏ ဖြစ်ပေါ်လာခြင်းပါပေတည်း.
Avijjayatweva asesaviraganirodha sankharanirodho အ၀ိဇ္ဇာယတွေဝ အသေသ၀ိရာဂနိရောဓါ သင်္ခါရနိရောဓေါ; sankharanirodha vinnananirodho သင်္ခါရနိရောဓါ ၀ိညာဏနိရောဓေါ; vinnanirodha namarupanirodho၀ိညာဏနိရောဓါ နာမရူပနိရောဓေါ; namarupanirodha salayatananirodho; နာမရူပ နိရောဓါ သဠာယတနနိရောဓေါ salayatananirodha phassanirodho;သဠာယတနနိရောဓါ ဖဿနိရောဓေါ phassanirodha vedananirodhoဖဿနိရောဓါ ဝေဒနာနိရောဓေါ; vedananirodha tahnanirodho ဝေဒနာနိရောဓါ တဏှာနိရောဓေါ; tahnanirodha upadananirodhoတဏှာနိရောဓါ ဥပါဒါနနိရောဓေါ; upadananirodha bhavanirodhoဥပါဒါနနိရောဓါ ဘ၀နိရောဓေါ; bhavanirodha jatinirodhoဘ၀နိရောဓါ ဇာတိနိရောဓေါ; jatinirodha jara,marana, soka, parideva, dukkha, domanassupayasa nirujjhanti ဇာတိနိရောဓါ ဇရာ,မရဏ,သောက,ပရိဒေ၀,ဒုက္ခ,ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ. Evametassa kevalassa dukkhakkhandhassa nirodho hotiti ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခဿ နိရောဓေါ ဟောတီတိ.(To be continued)

 

Go Up အပေါ်သို့