Pages

Saturday, February 27, 2010

“သာယာလှပ တပေါင်းလ၀ယ် မြတ်ဗုဒ္ဓ၏ ကျေးဇူးဆပ် ဓမ္မခရီးစဉ်”

ယနေ့ မြန်မာကောဇာသက္ကရာဇ် (၁၃၇၁) ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်နေ့ပင် ရောက်လာချေပြီး။
တပေါင်းလသည် မြန်မာတို့၏ ဆယ်နှစ်လရှိရာတွင် နောက်ဆုံးလဖြစ်၍ ဆောင်းအကုန် နွေအကူး အလွန်မချမ်း အလွန်မအေးလှသော သာယာသော လပင်ဖြစ်ပေသည်။ တပေါင်းလရောက်ပြီဆိုသည်နှင့် အချို့သစ်ပင် တို့သည် ရော်ရွက်ဝါတို့ကို ချွေချလျှက် မီးကျည်းသွေးအသွင် နီသွေးသော ဖူးညွန့်တို့ကို ဆောင်ကြလေပြီ။ သစ်ပင်တို့သည် မီးလျှံကဲသို့ အရပ်လေးမျက်နှာ၌ ထွန်းလင်းထောက်ပ၍ နေကြပေသည်။ သစ်ပင်တို့သည် ပင်လုံးကျွတ် ဖူးပွင့် ဝေဆာနေ၍ နှလုံးမွေ့လျှော် ပျော်ဘွယ်ရာ ရှိလှပါပေသည်။ ထက်ဝန်းကျင် အရပ်လေး မျက်နှာတို့သည်လည်း သင်းရနံ့ ထုံသင်း ကြိုင်လှိုင်၍ နေကြပေသည်။ သစ်ပင်တို့သည် အဟောင်းကို ပယ်စွန့်ကာ အသီးသီးရန် တောင်းတနေကြလေပြီး။ `ဤသို့သော သာယာအမှုအပေါင်း ခညောင်းလှသော လတပေါင်းဝယ် မြတ်ဗုဒ္ဓသည် သူ၏ ဖွားဖက်တော် ကာဠုဒါယီမထေရ်၏ တောင်းပန်မှုကြောင့် ဖခင်သုဒ္ဓေါဒန မင်းကြီးနှင့်တကွ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့ကို တရားရေအေးတိုက် ကျွေးခြင်းဖြင့် ကျေးဇူး ဆပ်ရန် အလို့ငှာ ကပိလ၀တ်ခရီးစဉ်ကို စတင်ခဲ့လေသည်။ ဤခရီးစဉ်စတင်ရခြင်း၏ နောက်ခံသမိုင်းကြောင်းကို ရှာဖွေဖော်ထုတ်ရသော် သုဒ္ဓေါဒနမင်းကြီးသည် မိမိသားဖြစ်သူသည် ဘုရားအဖြစ်သို့ရောက်ရှိ၍ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတွင် ဗိမ္ဗိသာရမင်းကြီးနှင့်တကွ တိုင်းသူပြည်သားတို့ကို တရားရေအေးတိုက် ကျွေးနေကြောင်း သိရှိထားပြီးဖြစ်လေသည်။ ခြောက်နှစ်တိုင်တိုင် သားဖြစ်သူနှင့် ဝေးကွာနေသော မင်းကြီးသည် သားဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရန် ဆန္ဒပြင်းပြနေသည်။ မင်းကြီးသည် သားဖြစ်သူကို လွမ်းဆွတ်တမ်းတ နေလေသည်။ သို့ဖြစ်၍ နန်းတော်ရှိ အမတ်တစ်ထောင်တို့ကို မြတ်စွာဘုရားကိုပင့်ရန် တာဝန်ပေးအပ်ခဲ့လေသည်။ မင်းကြီး၏ တာဝန်ပေးချက်အရ အမတ်တစ်ထောင်တို့သည် မြတ်စွာဘုရားရှင်ကို ပင့်ရန် ရာဇဂြိုဟ်ပြည်ခရီးစဉ်ကိုစတင် ခဲ့လေသည်။ထိုအမတ်တစ်ထောင်တို့သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းသို့ ရောက်သောအခါ မြတ်စွာဘုရား တရားဟောနေသော အခိုက်နှင့် ကြုံနေလေသည်။ သို့ဖြစ်၍ သူတို့သည် ပရိသတ်အစွန်းမှ တရားနာကြလေ သည်။ မြတ်ဗုဒ္ဓ၏ တရားတော်ကို ကြားနာပြီးနောက် သူတို့သည် ၀ါတော်ခြောက်ဆယ်ရ မထေရ်ကြီးများကဲ့သို့ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ သူတို့သည် ရဟန်းကိစ္စပြီးစီးသွားသည့်အတွက် မြတ်စွာဘုရားကို ကပိလ၀တ်ပြည်သို့ ကြွဘို့ရန် လျှောက်ထားဘို့ကိစ္စကိုပင် ဆိတ်ဆိတ်နေကြလေတော့သည်။ ကပိလ၀တ်ပြည်ရှိ သုဒ္ဓေါဒနမင်းကြီးသည်ကား သားတော်ဘုရားနှင့် အမတ်တစ်ထောင်ကို မျှော်နေလေသည်။ မျှော်သာမျှော် ပေါ်မလာသည့်အတွက် နောက်ထပ်ပင့်ဆောင်ရန် အမတ်တစ်ထောင်တို့ကိုပင် ဒုတိယအကြိမ်စေလွှတ်ရ ပြန်သည်။ ဒုတိယအကြိမ် သွားရောက်ပင့်ဆောင်သောအမတ်တို့သည်လည်း ပြန်မလာတော့ပေ။ သို့ဖြစ်သဖြင့် မင်းကြီးသည် တတိယအကြိမ် စတုတ္ထအကြိမ်စသည်ဖြင့် ဆယ်ကြိမ်မြောက်အထိစေလွှတ်ခဲ့သည်။အမတ်တို့ သည် လည်း ပေါ်မလာပေ။ မျှော်နေသော သားတော်ဘုရားသည်လည်း ပေါ်မလာပေ။ အကယ်စင်စစ် အမတ် တစ်သောင်း တို့သည်ကား ရဟန်းကိစ္စပြီးစီးသွားပြီးဖြစ်သဖြင့် လျှောက်ထားရန် ကိစ္စကိုပင် မလျှောက်ထားမူ၍ ဆိတ်ဆိတ်နေတော်မူလိုက်ကြသည်။ မင်းကြီးသည်
“ သားတော်ဘုရားကို ပင့်ဆောင်ရန် ဆယ်ကြိမ်မြောက်ရှိခဲ့လေပြီ၊ အမတ်တစ်သောင်းထိ ရှိခဲ့လေပြီ၊ အမတ်တစ် သောင်းလဲ ပေါ်မလာ၊ ငါ့သားတော်ဘုရားလဲ ပေါ်မလာ၊ ဘာများဖြစ်တယ်မသိ၊ အန္တရာယ်တစ်ခုခုတော့ ဖြစ်ပြီး ထင်တယ်၊ လိုက်သွားစမ်းပါကွယ် အမောင်ကာဠုဒါယီရယ်။”ဟု ကာဠုဒါယီအမတ်ကို တာဝန်ပေးအပ်ရပြန်သည်။
ထိုအခါ ကာဠုဒါယီအမတ်သည်
“မင်းကြီး မြတ်ဗုဒ္ဓကို ပင့်ပေးဆို ပင့်ပေးပါမယ်၊ သို့သော် အကျွန်ုပ်ကို ရဟန်းပြုခွင့်တော့ ပေးပါ” တောင်းဆိုလေ သည်။
“ရပါတယ် အမောင်ကာဠုဒါယီရယ်၊ ငါ့သားတော်ကြီးကိုသာ ရအောင်ပင့်ပေးစမ်းပါကွယ်၊ ငါကိုယ်တော်မြတ် ဖူးမြင်လိုလှပါပြီ” ဟု ၀န်ခံကတိပြုကာ သားတော်ဘုရားရောက်ရှိရေးကိုသာ တိုက်တွန်းနေလေတော့သည်။
ကာဠုဒါယီအမတ်သည်ကား မြတ်ဗုဒ္ဓ၏ ဖွားဖက်တော်ခုနှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်လေသည်။
(ဖွားဖက်တော်ခုနှစ်ပါးသည်ကား ရှင်အာနန္ဒာ ဗောဓိပင် ကာဠုဒါယီအမတ် ယသော်ဓရာ ဆန္ဒအမတ် ရွှေအိုးကြီးလေးလုံး ခဏ္ဍကမြင်းတို့ပင်ဖြစ်သည်။ အကျဉ်းချုပ်အလွယ်မှတ်လိုသော် “အာ ဗော ကာ ယ၊ ဆန် ရွှေ ခဏ်။” ဟူ၍ပင်ဖြစ်သည်။)
ကာဠုဒါယီအမတ်သည်လည်း မင်းကြီး၏ တာဝန်ပေးချက်အရ မြတ်ဗုဒ္ဓကို ပင့်ဆောင်ရန် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းသို့ သွားရောက်ခဲ့ရလေသည်။
သူရောက်သွားသောအခါ မြတ်ဗုဒ္ဓသည် တရားနာပရိသတ်အား အေးမြသော အမတရေစင်ကို သွန်းလောင်း ပေးနေသောအချိန်နှင့် တိုက်ဆိုင်နေလေသည်။ သို့ဖြစ်၍ ကာဠုဒါယီအမတ်သည်လည်း ပရိသတ်အစွန်မှ အမတရေစင်ကို အသွန်းလောင်းခံလိုက်ရာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ နောင်တွင် ကာဠုဒါယီ မထေရ်သည် ဆွေမျိုးအပေါင်းတို့၏ ကြည်ညိုလေးစားမှုကို ခံယူရာတွင် အမြင့်မြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိခဲ့ပါသည်။ ထိုမှနောက်၌ ကာဠုဒါယီမထေရ်သည် မြတ်ဗုဒ္ဓကို ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် ခရီးလမ်းဖော်ပြကာ ချီးကျူး ရွတ်ဆိုသော ဂါထာများဖြင့် လျှောက်ထားလေသည်။
“၅၂၇။အရှင်ဘုရား ယခုအခါ သစ်ပင်တို့သည် ပွင့်သီးလိုကြကုန်သည်ဖြစ်၍ ရော်ရွက်ဝါတို့ကို့ ချွေချကုန်လျက် မီးကျီးအသွေးနီတွေးသော ဖူးညွန့်ရှိနေကြပါကုန်၏၊ ထိုသစ်ပင်တို့သည် မီးလျှံကဲ့သို့ (အရပ်လေးမျက်နှာတို့၌) ထွန်းတောက်ပြောင်ပါကုန်၏၊ အတ္ထရသစသည် တို့၏ စုဝေးပေါင်းဆုံရာဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိ တော်မူသော မြတ်စွာဘုရား(နေပြည်တော်သို့ ကြွတော်မူရန်) အချိန်တန်ပါပြီဘုရား။
၅၂၈။ သစ်ပင်တို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကြပါကုန်၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့သည်လည်း (ရနံ့တို့ဖြင့်) သင်းပျံ့ကြိုင်လှိုင် ကြပါကုန်၏၊ ထိုသစ်ပင်တို့သည် အရွက်ဟောင်းကို ပယ်စွန့်၍ အသီးသီးရန် တောင့်တကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤရာဇဂြိုဟ်ပြည်မှ ထွက်ကြွတော်မူရန် အချိန် တန်ပါပြီဘုရား။
၅၂၉။ အရှင်ဘုရား ယခုရာ သီဥတုသည် အေးလည်း မအေးလွန်း ပူလည်း မပူလွန်း လှပါ၊ချမ်းသာစွာ ခရီးရှည်သွားခြင်းငှါ သင့်လျော်လှပါ၏၊ အနောက်ကို မျက်နှာမူ၍ ရောဟနီ မြစ်ကိုကူးတော်မူသော အရှင်ဘုရားကို သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း၊ ကောလိယမင်းမျိုးတို့သည်လည်းကောင်း ဖူးမြော်ကြပါစေကုန်လော့အရှင်ဘုရား။
၅၃ဝ။ (လယ်သမားသည်) စပါးကို လိုလားတောင့်တသဖြင့် လယ်ထွန်ပါ၏၊ အသီးကိုလိုလားတောင့်တသဖြင့် သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါ၏၊ ပစ္စည်းဥစ္စာ စုဆောင်းလိုကုန်သော ကုန်သည်တို့သည် (အမြတ်အစွန်းကို) လိုလားတောင့်တကြသဖြင့် သမုဒ္ဒရာကို ကူးကြပါကုန်၏၊ (ထို့အတူ) အကျွန်ုပ်သည်လည်း (မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ကြွတော်မူလိမ့် မည်ဟူသော) အကြင်လိုလားတောင့်တချက်ဖြင့် (ဤအရပ်၌) ရပ်တည်နေ ပါ၏၊ တပည့်တော်၏ ထိုလိုလားတောင့်တချက်သည် ပြီးပြည့်စုံပါစေသတည်း အရှင်ဘုရား။
၅၃၁။ လယ်သမားတို့သည် အကြိမ်ကြိမ်သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါကုန်၏၊ မိုးသည်လည်းအကြိမ်ကြိမ်ပင် ရွာသွန်းပါ၏၊ လယ်သမားတို့သည် အကြိမ်ကြိမ် လယ်ကို ထွန်ယက် ကြပါကုန်၏၊ စပါးသည်လည်း အကြိမ်ကြိမ် ပင် တိုင်းနိုင်ငံသို့ ရောက်ပါ၏အရှင်ဘုရား။
၅၃၂။ သူတောင်းစားတို့သည် အကြိမ်ကြိမ် လှည့်လည်ပါကုန်၏၊ အလှူရှင်တို့သည်အကြိမ်ကြိမ် ပေးလှူကြပါ ကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ် ပေးလှူ၍ အကြိမ်ကြိမ် နတ်ပြည်သို့ ကပ်ရောက်ကြရပါကုန်၏။
၅၃၃။ ကြီးသော လုံ့လရှိတော်မူသော မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသောယောက်ျားသည် အကြင်အမျိုး၌ ဖြစ်၏၊ ထိုအမျိုး၌ စင်စစ်သဖြင့် အမျိုးခုနစ်ဆက်တိုင်အောင် ဖြူစင်စေပါ၏၊ နတ်ထက်နတ်မြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ထို့ထက်အလွန်) ဖြူစင်စေရန် စွမ်းနိုင်တော်မူပါပေ၏ဟုအကျွန်ုပ် မှတ်ထင်ပါ၏၊ အရှင်ဘုရားမှ (အရိယာဇာတ်အားဖြင့်) ဖြစ်သော မုနိဟူသောအမည်တော်သည် အမည်မှန် ဖြစ်ပါပေ၏အရှင်ဘုရား။
၅၃၄။ သီလက္ခန္ဓစသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒန အမည်ရှိပါ၏၊ မြတ်စွာဘုရား၏ မယ်တော်ကား မာယာအမည်ရှိပါ၏၊ အကြင် မယ်တော်မာယာသည် ဘုရားလောင်းကို ဝမ်းဖြင့် လွယ်ပြီး၍ (မီးရှူးသန့်စင် ဖွားမြင်ပြီးသော်) ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌ တုသိတာနတ်ပြည်ဝယ်မွေ့လျော်စံပျော်ရပါ၏ အရှင်ဘုရား။
၅၃၅။ ကွယ်လွန်လေပြီးသော ဂေါတမအနွယ်ဖြစ်သော ထိုမာယာဒေဝီသည် ဤလူ့ပြည်မှရွေ့လျောလတ်သော် နတ်၌ဖြစ်သော ကာမဂုဏ်တို့ဖြင့် ပြည့်စုံလျက် ထိုတုသိတာနတ်တို့ဖြင့် ခြံရံကာကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်ရပါ၏ အရှင်ဘုရား။
၅၃၆။ ငါသည် သူတစ်ပါးတို့ သည်းမခံနိုင်သည်ကို သည်ခံတော်မူနိုင်သော ပြိုးပြိုးပြက်ပြက် အရောင်ရှိ တော်မူ သော နှိုင်းခိုင်းစရာဥပမာ ရှိတော်မမူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ သားတော်စစ် ဖြစ်ပါ၏၊ သာကီဝင်မင်းမျိုးဖြစ်သော မင်းကြီး သင်မင်းကြီးသည်ငါ၏ အဖ မြတ်စွာဘုရား၏ ခမည်းတော်ပေတည်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော မင်းကြီး သင်မင်းကြီးသည် သဘောအားဖြင့် ငါ၏ ဘိုးတော်ပင် ဖြစ်ပါ၏အရှင်ဘုရား။”
ဤသို့ လျှောက်ထားသောအခါ မြတ်ဗုဒ္ဓသည်
“အေး ချစ်သားကာဠုဒါယီ ငါဘုရားကြွတော်မူမယ်” ဟု အဖြေပေးတော်မူခဲ့ပါသည်။
ထို့နောက်မြတ်ဗုဒ္ဓသည် သူ၏ ဓမ္မကျေးဇူးဆပ်ခရီးစဉ်ကို ဤတပေါင်းလပြည့်ကျော်တွင် စတင်တော်မူခဲ့ပါသည်။
(ဆက်ရန်၊ Older posts နှိပ်ပါ ၊ ပုံပြင်ခြောက်ဆယ်ကျော်ကို တွေ့ရပါလိမ့်မည်။)

0 comments:

Post a Comment

 

Go Up အပေါ်သို့