Pages

Friday, April 16, 2010

“ပဌာန်းပွဲမှ ဟာသများ”

လွန်ခဲ့သော ငါးနှစ်ခန့်က မိမိတို့၏ နယ်အတွင်း လက္ခုက္ကုန်းရွာ လက္ခုက္ကုန်းကျောင်းတွင် အသံမစဲ မဟာပဌာန်း
ပူဇော်ပွဲကို ငါးရက်ငါးညတိုင်းတိုင်း ကျင်းပခဲ့လေသည်။ သံဃာတော်များသည် သုံးရက်လောက်ထိ
အားကြိုးအားမာန်တက် ရွတ်ဖတ်တော်မူနိုင်ကြလေသည်။ လေးရက်မြောက်လောက်တွင်ကား အိပ်ရေးပျက်ရက်
များလာသဖြင့် ညအခါအလှည့်ကျသော သံဃာတော်များသည် ကိုယ့်အလှည့်ကိုပင် မေ့လျှော့ကာ အိပ်ပျော်သွားကြလေ
သည်။ တစ်ည ကိုတုတ်ကြီးတစ်ယောက် အလှည့်ကျ ကိုယ်တော်ကို ရှာမတွေ့သဖြင့် ကျောင်းရှိ ဦးဇင်းကြီး ဦးကျော်သို့
ချဉ်းကပ်ကာ
“ဦးဇင်းကြီး ဦးကျော် တပည့်တော် အလှည့်ကျ ရွတ်ဖတ်ရမည့် သံဃာတော်ကို ၇ှာနေတာ မတွေ့ဘူး၊ အဲဒီကိုယ်တော်ကိုယ်
အစား ဦးဇင်းကြီးရွတ်ဖတ်နိုင်မလား” ဟု မေးလျှောက်လေသည်။ ဤတွင် ဦးဇင်းကြီးဦးကျော်သည်ကား
“အို မောင်တုတ်ကြီးကလဲ ကြည့်ရွတ်ရတာများ ဘာခက်တာမှတ်လို့ ရွတ်တတ်ပါတယ်ကွ”ဟု အလွယ်တကူပင်
်ဖြေလိုက်လေသည်။ ထိုအခါ ဦးတုတ်ကြီးက
“ဒါဆိုရင် ပြီးရော၊ တပည့်တော်အလှည့်ကျ ကိုယ်တော်ကို မရှာတော့ဘူး၊ ပီပီပြင်ပြင်တော့ ရွတ်နော်ဘုရား။”ဟု
လျှောက်လေသည်။
“ရပါတယ်ကွ”ဟု ဆိုကာ ဦးဇင်းကြီးသည် ပဌာန်းရွတ်ရာ မဏ္ဍပ်သို့ ဦးတုတ်ကြီးနှင့်အတူပါသွားလေသည်။
ဦးဇင်းကြီးစတင်ရွတ်ဖတ်ရမည့်ပါဠိသည်ကား
“နော သညောဇနံ ဓမ္မံ ပဋိစ္စ နော သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။”ပါဠိတော်ပင်ဖြစ်သည်။
သို့သော် ဦးဇင်းကြီးဦးကျော်သည်
“နော, နော, နော”ဟု ရှေ့ကို ဆက်မဖတ်နိုင်ဘဲ ထစ် ထစ် အ အ ဖြစ်နေလေ၏။ ထိုအခါ မဏ္ဍပ်အတွင်းရှိကြသော
ဒါယကာများက ဦးဇင်းကြီး၏ အဖြစ်ကို ကြည့်ကာ“၀ါးကနဲ” ရယ်ကြလေသည်။ ဦးဇင်းကြီးဦးကျော်သည် သူ့ကို
ဒါယကာများက လှောင်ပြောင်သည်၏ အဖြစ်ကို သိကာ ပဌာန်းကို ဆက်မရွတ်ဘဲ ဒါယကာများဘက်သို့လှည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ရွတ်ကြည့်အုံး၊ လွယ်မှတ်နေလား၊ လူကို ပြောင်သလို လှောင်သလိုနဲ့။”ဟု ငေါက်ကာ
ပဌာန်ပါဠိတော်များကို အမှားအယွင်းများစွာဖြင့် ဆက်ရွတ်လေတော့သတည်း။
ထိုလက္ခုက္ကုန်ရွာသည်ကား မိမိတို့၏ ရွာနှင့် အလွန်နီးလေသည်။ ညအခါ လူခြေတိတ်ချိန်တွင်ကား
သံဃာတော်များ၏ ပဌာန်းရွတ်ဖတ်သော အသံသည် ရွာမှ ကျယ်လောင်စွာကြားနေရသည်။
ဗုဒ္ဓဘာသာဝင်တို့အတွက် ရွတ်သံကို ကြားရတိုင်း နားထောင်းရင်း ဓမ္မဿဝနကုသိုလ်ဖြစ်နေလေသည်။
သို့သော် မိစ္ဆာဒိဌိဖြစ်သော မိမိ၏ ဦးလေးဖြစ်သူ ဦးချစ်အေးသည်ကား
“ဒီပဌာန်းရွတ်သံကလဲ နားကို ညည်းနေတာဘဲ၊ ဘယ်ဘုန်းကြီးကများ ထွင်ခဲ့တယ်မသိ၊ စိတ်ညစ်စရာကောင်းလိုက်တာ”
ဟုငြီးချင်းထုတ်ကာ အကုသိုလ်ပင် နေ့စဉ်ဖြစ်နေလေတော့သည်။
ကန့်ဘလူမြို့နယ်အတွင်က ပဌာန်ပွဲတစ်ပွဲတွင်ကား ကျောင်းထိုင်ဆရာတော်၏ ကိုယ်စား ဦးဇင်းကြီးတစ်ပါးသည်
ပဌာန်ရွတ်ရန်အလို့ငှာ ကြွရောက်လာလေသည်။ ထိုဦးဇင်းကြီးအလှည့်ကျရောက်သောအခါ ထိုဦးဇင်းကြီးရွတ်ဖတ်ရမည့်
ပါဠိသည်ကား
“သေက္ခော ဓမ္မော၊ သေက္ခဿ ဓမ္မဿ”စသည်ပင်ဖြစ်လေသည်။ ထိုပါဠိကို အသံထွက်လျှင်ကား
“သစ်ခေါ ဓမ်မော၊ သစ်ခတ်သ ဓမ်မတ်သ”ဟု အသံထွက်ရမည် ဖြစ်လေသည်။ ထိုအဖြစ်ကို မသိသော
ဦးဇင်းကြီးသည် မင်းသားကြီး ဦးအောင်မောင်း၏ အသံနေ အသံထားကို ဖမ်းကာ
“သောက်ခေါ ဓမ္မော၊ သောက်ခဿ ဓမ္မဿ” မှားယွင်းစွာ ရွတ်နေလေတော့သည်။ ထိုအခါ ကျောင်းထိုင်ဆရာတော်ကြီး
သည် ဦးဇင်းကြီး၏ မှားယွင်းစွာ ရွတ်ဖတ်သော အသံကို သူ၏ ကျောင်းဆောင်မှ အတိုင်းသား ကြားနေရသည်။ သို့ဖြစ်သ
ဖြင့် ကိုရင်တွေကို
“ဒါဘယ်ကျောင်းက ကိုယ်တော်ရွတ်နေတာလဲ ကိုရင်တို့၊”ဟု မေးလေသည်။ ကိုရင်များက
“တောင်ဘက်ရွာကျောင်းက ဦးဇင်းကြီးတစ်ပါးရွတ်နေတာဘုရား၊”ဟု လျှောက်ထားသောအခါ ဆရာတော်သည် တောင်
ဝှေးကို ဆွဲ၍ ပဌာန်းရွတ်ရာမဏ္ဍပ်သို့ ကြွသွားကာ
“ဒီအိုတာ ဒူးနေရာဒူး တော်နေရာတော် မနေဘူး၊ ဘုရားပါဠိတော်တွေကို ဖျက်ဆီးနေတာ၊သေပေတော့ အိုတာ”ဟု ဆိုကာ
တောင်းဝှေးစာကျွေးလေတော့သည်။ ထိုအခါ မင်းသားကြီးဦးအောင်မောင်း၏ အသံကို အတုယူကာ အသံနေအသံထားဖြင့်
ပဌာန်းကို ကျယ်လောင်စွာ ရွတ်ဖတ်နေသော ဦးဇင်းကြီးသည် ဆက်လက်ရွတ်ဖတ်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ
“ကြောက်ပါပြီဆရာတော်”ဟု ဆိုကာ တစ်ရှိုးတည်းလစ်ပြေးလေတော့သတည်း။ ထိုဦးဇင်းကြီး၏ ထိုအချိန်က ပြေးနှုန်းကို
ယနေ့ခေတ် မြန်လှသည်ဆိုသော ဒုံးကျည်များသည်ပင် လိုက်မှီတော့မည်မဟုတ်ပါချေ။ ထိုအပြေးနှုန်းဖြင့်
ကမ္ဘာ့အပြေးပြိုင်ပွဲဝင်လျှင်ကား ထိုဦးဇင်းကြီး ကမ္ဘာ့ရွှေတံဆိပ်ဆုရှင်ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါပေ၏။
နောက်ဖြစ်ရပ်တစ်ခုသည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
တစ်ခါက ရွာတစ်ရွာတွင် အသံမစဲမဟာပဌာန်းပူဇော်ပွဲကို (ရ)ရက်တိုင်းတိုင်းကျင်းပခဲ့လေသည်။ ပဌာန်းပွဲပြီးသောအခါ ရပ်
ဝေးမှ ဆရာတော်များနှင့် ရွာမှ ဒါယကာ ဒါယိကာမတို့သည် အလ္လာပ သလ္လာပစကားပြောကြလေသည်။ ထိုသို့ စကားပြော
နေစဉ် ပရိသတ်အတွင်းမှ ဒါယကာတစ်ဦးသည် အားရ၀မ်းသာဖြင့်
“အရှင်ဘုရားတို့ ပဌာန်းရွတ်လိုက်တာ တော်တော်စွမ်းပါတယ်ဘုရား၊ ရွာအတွင်းက ဝေနေယျသတ္တ၀ါတွေ တော်တော်လေး
ကျွတ်ကုန်တယ်ဘုရား။”ဟု လျှောက်ထားလေသည်။ ဤတွင် ဆရာတော်ကြီးတစ်ပါးမှ
“၀မ်းသာပါတယ် ဒကာတော်ရယ်၊ ဝေနေယျသတ္တ၀ါတွေကျွတ်ကုန်တယ်ဆိုတော့၊ ဆရာတော်တို့လဲ ရွတ်ရကျိုးနပ်တာပေါ့
အိပ်ရေးပျက်ရကျိုးလဲနပ်တာပေါ့၊ဒါနဲ့ ဘယ်သူတွေလဲ သူများအသက်ကို သတ်တဲ့သူတွေကျွတ်တမ်းဝင်ကုန်တာလား၊
ဒါမှမဟုတ် အရက်သမားတွေကျွတ်တမ်းဝင်ကုန်တာလား။”ဟု မေးလေသည်။ ထိုအခါ ဒါယကာတော်က
“မဟုတ်ဘူးဘုရား၊ ပဌာန်းပွဲက (ရ)ရက်တိုင်တိုင်ဆိုတော့ ဆရာတော်တို့ကို ကပ်ဘို့အတွက် သားငါးက မြို့နဲ့ဝေးတော့
ရှာရမလွယ်ဘူးဘုရား၊ ဒါကြောင့် ရွာအတွင်းရှိတဲ့ ကြက် ၀က်တို့ကို သတ်ပြီးဆရာတော်တို့ကို ချက်ကပ်တော့ သူတို့လေး
တွေလဲ စောစောကျွတ်တမ်းဝင်ကုန်တာပေါ့ဘုရား၊ဒါကို ရည်ရွယ်ပြီး ဝေနေယျသတ္တ၀ါတွေ တော်တော်လေးကျွတ်တမ်းဝင်
ကုန်တယ်လို့လျှောက်တာပါဘုရား။”ဟု ဆိုလျှောက်ထားလိုက်လေသည်။ ထိုအခါမှ ဆရာတော်က
“အွန်း လုပ်ချလိုက်ပြန်ပြီ ဒကာတော်ရယ်၊”ဟု တခစ်ခစ်ရယ်လေတော့သည်။ အနီးအနားရှိသံဃာတော်များနှင့်
ပရိသတ်ကြီးသည်လည်း ထိုဒါယကာတော်နှင့် ဆရာတော်ကြီးတို့၏ ဆွေးနွေးခန်းကို သဘောကျကာ တခစ်ခစ်
ရယ်ကြလေတော့သတည်း။



0 comments:

Post a Comment

 

Go Up အပေါ်သို့