Pages

Saturday, January 23, 2010


(ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာ တောင်လုံးလှတောင်၌ အမှတ်တရ)
ယနေ့မှစ၍ ဟာသပုံပြင်များနှင့်အတူ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာနည်းကို မြန်မာ+အင်္ဂလိပ်နှစ်ဘာသာတို့ဖြင့် ရေးသားပေအံ့။
The late Venerable Moe Gok Sayadaw always admonishes his disciples that before you practice meditation, all of you should understand the meaning of Paticcasamuppada, cause and effect.
မိုးကုတ်ဆရာတော်ဘုရားကြီးသည် အမြဲတမ်းသူ၏ တပည့်သားများကို ဆုံးမလေ့ရှိသည်။ သင်တို့အားလုံး တရားအားမထုတ်မီ အကြောင်း အကျိုး ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားရဲ့ အဓိပ္ပာယ်ကို နားလည်းအောင်အား ထုတ်သင့် တယ်။
If you understand the meaning of Paticcasamuppada, cause and effect properly, your meditation will be powerful and can get Magga (path) and Phala easily.
အကယ်၍ အကြောင်းအကျိုးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားရဲ့ အဓိပ္ပာယ် ကို သင်လျှော်စွာ နားလည်းလျှင် သင်တို့ရဲ့ကမ္မဌာန်းအားထုတ်မှုသည် ဗလ၀၀ိဿနာ ဖြစ်ပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို လွယ်ကူစွာ ရရှိနိုင်ပါတယ်။
I will therefore mention the meaning of Paticcasamuppada, cause and effect before I put an explanation the late Venerable Moe Gok Sayadaw’s meditation method firstly.
ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားထိုင်နည်းစနစ်ကို မပြမီ အကြောင်း အကျိုး ဖြစ်သော ပဋိစ္စ္စသမုပ္ပါဒ်တရား၏ အဓိပ္ပာယ်ကို ရှေးဦးစွာပြပေအံ့။(ဆက်ရန်-To continue)




“အင်ရောင်းမျောက်”
မိမိတို့၏ ရွာဦးကျောင်းဆရာတော်သည် သူ၏တပည့်များကို ပညာတတ်များဖြစ်စေချင်သည်။ သို့ဖြစ်၍ ဆရာတော်သည် သူ၏ တပည့်တော်ကျော် ကိုရင်ပဏ္ဍိစ္စကို ကျောက်ပန်းတောင်းမြို့မှ စာချရာတွင် နာမည်ကျော်ကြားသော ခေမာသီဝံစာသင်တိုက်သို့ ကိုယ်တိုင်ပင် သွားပို့လိုက်လေသည်။ ကိုရင်ပဏ္ဍိစ္စကို ပို့ခဲ့ပြီးနောက် ဆရာတော်သည်
“ငါကောင်ကြီးတော့ ပညာတတ်ကြီးဖြစ်လာတော့မှာဘဲ”ဟု တွေးတောရင်း ပီတိအပြည့်ဖြင့် ပြန်ကြွလာခဲ့လေသည်။ ဆရာတော်သည် ရွာအပြန်တွင် ရွာကို အရင်ပြန်ကြွတော်မမူဘဲ မိတ္ထီလာမြို့သို့ ခေတ္တခဏ လိုအပ်သော ပစ္စည်းများဝယ်ယူလလေသည်။ ထို့နောက် ရွာသို့ ပြန်ကြွလာခဲ့လေသည်။ ဆရာတော်သည် ရွာရောက်လျှင်ရောက်ချင်းဘဲ ကျောက်ပန်းတောင်းမြို့ကို စာသင်ရန်ပို့လိုက်သော ကိုရင်ပဏ္ဍိစ္စသည်ကား ရွာကျောင်းကို ဆရာတော်ရှေ့မှ ပြန်ရောက်နေလေသည်။ ဆရာတော်သည် ခရီးရောက်မဆိုက်ဘဲ သူ၏ပစ္စည်းများကိုပင် မချနိုင်တော့ဘဲ
“အော် မင်းက ငါ့အရင်တောင် ရွာကို ပြန်ရောက်နေတယ်၊ ဘာဖြစ်လို့ပြန်လာတာလဲ”
ဟုမေးရာ
ကိုရင်ပဏ္ဍိစ္စက
“တပည့်တော်ဆရာတော်နဲ့ ရွာကို လွမ်းလို့ပါဘုရား”ဟုလျှောက်ထားလိုက်ရာ ရိုက်ရန်အလို့ငှာ ဟန်ပြင်လိုက်သော ဆရာတော်သည် “အလျှောက်ကောင်းတော့ အထောင်းသက်သာ”ဟူသော ဆိုရိုးစကားအတိုင်း ကိုရင်ပဏ္ဍိစ္စသည် အထောင်းသက်သာသွားလေတော့သည်။
တစ်နေ့ မိမိ၏ ဒါယကာကြီးသည် ဆရာတော်နှင့် အလ္လာပသလ္လာပစကားပြောရာ ကိုရင်ပဏ္ဍိစ္စ၏ စာသင်တိုက်မှ ထွက်ပြေးလာခြင်းအကြောင်းသို့ ရောက်ရှိသွားသည်။
ဆရာတော်က
“ဒီကောင်တော်တော်ဆိုတဲ့ အကောင် စာသင်တိုက်ကို ပို့တာ ကျုပ်က မရောက်သေးဘူး၊သူက ကျုပ်အရင် ပြန်ရောက်နေတယ် ဒကာကြီးရာ”ဟု ငြီးညူပြောကြားလေတော့သည်။
ဤတွင် မိမိ၏ ဒါယကာကြီးမှ
“ဒါဆိုရင် အရှင်ဘုရားတပည့်က အင်ရောင်မျောက်လို ဖြစ်နေပြီပေါ့” ဟု လျှောက်ထားလေသည်။ ထိုနောက် ဆရာတော်က
“ဒကာကြီးရဲ့ အင်ရောင်းမျောက်ကဘယ်လိုလဲ ပြောစမ်းပါအုံး” ဟု တောင်းဆိုလာသည်။
ဤတွင် မိမိ၏ ဒါယကာကြီးမှ အောက်ပါအတိုင်း ရှင်းပြလေသည်။ “ဆရာတော်! ကျောက်ဆည်မြို့နယ်အတွင်း အင်ရောင်းရွာ အင်းရောင်းရွာဦးကျောင်းမှာ ဆရာတော်က မျောက်တစ်ကောင်မွေးထားတယ်။အဲဒီမျောက်ဟာ အလွန်ဆိုးသွမ်းတယ်။ ကျောင်းကို လာရောက်ကြတဲ့ ဒါယကာ ဒါယကာမတွေကို ကုတ်တယ်၊ ဖဲ့တယ်၊ ပြီးတော့ ခန္ဓာကိုယ်ပေါ်ကို တက်စီးတယ်၊ တက်ခွတယ်၊ ကြာတော့ ဒကာ ဒကာမတွေက
‘ဆရာတော်ရဲ့ မျောက်ကြီးရှိနေရင်တော့ ဆရာတော်ဆွမ်းငပ်လိမ့်မယ်၊ တော့ထဲပို့လိုက်ပါ ဆရာတော်၊’ လျှောက်ထားကြတယ်။ ဆရာတော်လဲ မျောက်ကြီးကို ချစ်သော်လဲ မိမိဆွမ်းငပ်မယ့်ဘေးကို မြင်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထိုမျောက်ကြီးကို တောထဲကို ပို့လိုက်လေသည်။ ပို့တဲ့ဆရာတော်က ကျောင်းမရောက်သေးဘူး ဘုရား၊ အဲဒီ မျောက်ကြီးက ကျောင်းပြန်ရောက်နေတယ်ဘုရား”ဟု ရှင်းပြလေသည်။ ဤတွင် ဆရာတော်က
“အင်း ကျုပ်ကောင်လဲ အင်ရောင်းမျောက်လိုဖြစ်နေပါပြီ” ဟု မိန့်ကြားလိုက်လေသည်။ ဆရာတော်သည် ထို့နေမှ စ၍ ကိုရင်ပဏ္ဍိစ္စကို “အင်ရောင်းမျောက်” လို့ ခေါ်လေတော့သည်။ ဆရာတော်က ခေါ်သည်ကို အစွဲပြု၍ ကျောင်းမှ ကိုရင် ကျောင်းသားများကလဲ ကိုရင်ပဏ္ဍိစ္စကို “အင်ရောင်းမျောက်ကြီး”ဟု၍ ခေါ်ဝေါ်လေတော့သတည်း။
“အော် ကိုရင်ပဏ္ဍိစ္စ တော်တော်ကံကောင်းတာပဲ၊ သူများတွေက နာမည်တစ်ခု ရဘို့အရေး ငွေကုန်းကြေးကျခံပြီး ရယူကြရတယ်၊ သူ့မှာတော့ ဘာငွေမှ မကုန်ဘဲ နာမည်တစ်လုံးကို ကောင်းကောင်းရလိုယ်တယ်။”ဟူ၍ပင် မိမိ ချီးကျူးမိပါတော့သည်။

Saturday, January 16, 2010

“ဓမ္မကထိကအကျော်ဆရာတော်ဦးညေယျနှင့် ဆိုင်းဆရာကြီး စိန်ဗေဒါ”
အကျွန်ုပ်တို့၏ မြစ်သားနယ်တွင် အလွန်အင်မတန်မှ နာမည်ကြီးသော ဓမ္မကထိကအကျော်ဆရာတော်တစ်ပါးရှိလေသည်။ အလှူပွဲရှိတိုင်း ထိုဆရာတော်ပင် တရားဟောရလေသည်။ ထိုဆရာတော်သည် တရားဟောအလွန်ကောင်းသည်။ သို့သော် ထိုဆရာတော်သည် တရားဟောလျှင်ကား အလွန်ပင် ရှည်တော်မူပါပေ၏၊ တစ်နှစ် မြစ်သားနယ်၊ ရွာတစ်ရွာတွင် အလှူပွဲတစ်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေသည်။ ထိုအလှူရှင်များသည် အလွန်အင်မတန်မှ ချမ်းသာကြသည်။ သို့ဖြစ်၍ သူတို့သည် ဓမ္မကထိကများတွင် အကျော်အမော်ဆရာတော်ဦးညေယျကို ပင့်သည်။ ဆိုင်းမှာတော့ ထိုခေတ်က နာမည်ကြီး ဆရာကြီးစိန်ဗေဒါကို ငှားကို လေသည်။ ဆရာတော်ဦးညေယျသည် အလှူပွဲရေစက်ချသောနေ့တွင် တရားဟော ရေစက်ချပေးရသည်။ ဆရာတော်သည် တရားဟောရာတွင် အလှူရှင်များသဒ္ဓါတရားဖြစ်စေရန်အလို့ငှာ လှူဖွယ်ပစ္စည်းတစ်ခုချင်းစီ၏ အကျိုးများကို ထုတ်ဖေါ်ဟောပြလေ့ရှိသည်။ ယနေ့အလှူပွဲတွင် အလှူရှင်များသည် ချမ်းသာသော ပုဂ္ဂိုလ်များဖြစ်သည်အားလျှော်စွာ လှူဖွယ်ပစ္စည်းများက များလှပေသည်။ ဆရာတော်သည် ထိုလှူဖွယ်ပစ္စည်းများ၏ တစ်ခုခြင်းစီ၏ အကျိုးများကို ထုတ်ဖေါ်၍ ဟောကြားလေသည်။ ဟောဟန်ကား
“သင်္ကန်းလှူရခြင်း၏ အကျိုးဆယ်ပါးဟူသည်ကား
(၁)ရုပ်အဆင်းလှပခြင်း၊
(၂)အညစ်အကြေးကင်းစင်ခြင်း၊(
(၃) ကိုယ်ရောင် ကိုယ်ဝါတောက်ပခြင်း၊
(၄)ခန္ဓာကိုယ်မှ အပူကင်းခြင်း၊” စသည်ဖြင့် သင်္ကန်း၏ အကျိုးဆယ်ပါးကို ကုန်အောင်ဟောသည်။ ထို့နောက် လှူဖွယ်ဝတ္ထုတွေတွင် ပန်းများလည်း လှူဒါန်းထားရာ
“ပန်းလှူရခြင်း၏ အကျိုးငါးပါးဟူသည်ကား
(၁) ရုပ်အဆင်းလှပခြင်း၊
(၂)သင်းပျံ့မွှေးကြိုင်ခြင်း၊
(၃) နတ်လူချစ်ခြင်း၊
(၄) ကျော်ဇောခြင်း၊
(၅) ကိုယ်စိတ်ရွှင်လန်းခြင်းတို့ပေတည်း။ စသည်ဖြင့် လှူဖွယ်ပစ္စည်း ရှိသမျှတို့၏ အကျိုးတို့ကို ဟောလာရာ နေ၀င်လုနီးပါးဖြစ်လာလေသည်။ နောက်ထပ်ပွဲကူးရန်ရှိသော စိန်ဗေဒါကြီးသည် တစ်ဖက်က အလှူပွဲသို့ နောက်ကျမှာကိုလဲ စိုးရိမ်လာသည်။ သို့ဖြစ်၍ စိန်ဗေဒါကြီးသည် ဆရာတော်ဦးညေယျကို တရားဟောမှုအဆုံးသတ်ရန်အလို့ငှာ
“ဗေထိ ဗေထိ ဗေထိ”ဟု ပန်းမကြီးကို တီးကာ အချက်ပြလေတော့သည်။ သို့သော် ဆရာတော်သည် တရားကို မရပ်ဘဲ
“ဗေထိ အသာနေ, ဗေထိ အသာနေ, ဆွမ်းအကျိုးငါးပါးဟူသည်ကား
(၁)အသက်ရှည်ခြင်း၊
(၂)အဆင်းလှခြင်း၊ စသည်ဖြင့် ဆွမ်းအကျိုးငါးပါးနှင့်တကွ အခြားလှူဖွယ်ပစ္စည်းများ၏ အကျိုးများကိုပါ ဆက်ဟောပြန်လေရာ မိုးချုပ်သွားလေတော့သည်။ စိန်ဗေဒါကြီးသည် ဆရာတော်၏ တရားပွဲအပြီး နောက်ရွာမှ အလှူပွဲကို ဆက်ကူးရာ အလွန်ပင် နောက်ကျသွားသည်။ စိန်ဗေဒါကြီးလဲ ပွဲနောက်ကျသွားသဖြင့် နောက်တစ်ရွာမှ အလှူရှင်များနှင့် ပြဿနာကို အတော်ရှင်းယူရသည်။ ငွေကိုတော့ စာချုပ်အတိုင်း အပြည့်မရတော့ပေ။
နောက်တစ်လ ထိုရွာမှပင် အလှူပွဲရှိသဖြင့် စိန်ဗေဒါကြီးကို သွားရောက်ငှားရမ်းလေရာ
စိန်ဗေဒါကြီးသည်ကား အောက်ပါအတိုင်း ပြောကြားလိုက်လေတော့သည်။
“ခင်ဗျားတို့ အလှူမှာ တရားဟော ဓမ္မကထိက ဆရာတော်ဦးညေယျဆိုရင်တော့ ကျွန်တော်မလိုက်နိုင်ပါ၊”
မိမိကောက်ချက်ချမိသည်ကား
“အော် နာမည်ကျော် ဆိုင်းဆရာကြီးစိန်ဗေဒါသည်ပင် ကြောက်ရလောက်အောင် ကောင်းတဲ့ ဓမ္မကထိကအကျော် ဆရာတော်ဦးညေယျပါလား၊” ဟူ၍ပင် ဖြစ်လေတော့သတည်း။
(Older post နှိပ်ပါ ပုံပြင်များစွာကို တွေ့ရှိပါလိမ့်မယ်)

Friday, January 15, 2010

“ခါးနာရောဂါ စတင်စွဲကပ်လာခြင်း၏ အကြောင်း”
သာလွန်ဆရာတော်သည် မြန်မာ့တိုင်းရင်းဆေးဖြင့် ကုသပေးရာတွင် ကျော်ကြားသော ဆရာတော်တစ်ပါးဖြစ်သည်။ အနီးအနားမှ ရောဂါသည်များ ထိုဆရာတော်ထံသို့ သွားရောက်၍ အကုသခံယူကြသည်။ ကူမဲမြို့မှ ဒါယိကာမတစ်ဦးသည် ခါးနာရောဂါစွဲကပ်လာသဖြင့် သာလွန်ဆရာတော်ထံရောက်ရှိသွားသည်။ ထိုဒါယိကာမကြီးသည် ဆရာတော်ကို ဦးတိုက်လေသည်။ ထို့နောက် ဆရာတော်သည် ဒါယိကာမကြီးကို အောက်ပါအတိုင်း မေးမြန်းလေသည်။
“ဘာကိစ္စရှိလို့ပါလဲ ဒကာမကြီး”ဟု မေးမြန်းလေသည်။ ထိုအခါ ဒါယိကာမကြီးက
“တပည့်တော် ခါးနာရောဂါဖြစ်နေလို့ပါဘုရား၊ ဆရာတော်တတ်စွမ်းသလောက်ကုသပေးပါအုံးဘုရား၊” လျှောက်ထားလေသည်။ ဤတွင် ဆရာတော်က
“ဘယ်အချိန်ကစပြီး ခါးနာရောဂါစွဲကပ်လာပါသလဲ ဒကာမကြီး၊” ဟု မေးမြန်းလေသည်။ ထိုအခါ ဒါယိကာမကြီးက
“တပည့်တော်ရဲ့ ခါးနာရောဂါဝေဒနာဟာ ကုက္ကိုစုဆရာတော်ရဲ့ဝါတွင်းဥပုသ်သီလတရားကို နာပြီးနောက် စတင်စွဲကပ်လာတာပါဘဲဘုရား၊”ဟု လျှောက်ထားလေသည်။ ထို့နောက် ဆရာတော်သည် ဒါယိကာမကြီးအား သင့်တော်သော ဆေးဝါးများကို ပေးလိုက်လေသည်။ များမကြာမီ သာလွန်ဆရာတော်သည် ကုက္ကိုစုဘုန်းကြီးနှင့်တွေ့ သောအခါ ထိုအကြောင်းကို ပြောပြလေသည်။ ထို့နောက် သာလွန်ဆရာတော်သည်
“အရှင်ဘုရားရဲ့တရားနာပြီး ခါးနာသွားတယ်ဆိုရလောက်အောင် အရှင်ဘုရားက ဘယ်လောက်တောင်ကြာအောင်တ၇ားကို ဟောပစ်သလဲကိုယ်တော်”ဟု မေးလေသည်။
ကုက္ကိုစုဆရာတော်သည် အောက်ပါအတိုင်း မိန့်တော်မူလိုက်လေသည်။
“တပည့်တော်လဲ ဟောကောင်းကောင်းနဲ့ ဟောချလိုက်တာ နှစ်နာရီကျော်သွားတယ်ဘုရား၊ အရှင်ဘုရားရဲ့လူနာ ဒကာမကြီးခါးနာမယ်ဆိုလဲ နာလောက်ပေရာ၏၊”
ထို့ကြောင့်လည်း ဆရာတော်အချို့မိန့်တော်မူကြလေသည်။
“တရားရေစက် နာရီဝက် ထို့ထက်ကြာက မုန်းတတ်သည်၊”

 

Go Up အပေါ်သို့