Pages

Saturday, January 16, 2010

“ဓမ္မကထိကအကျော်ဆရာတော်ဦးညေယျနှင့် ဆိုင်းဆရာကြီး စိန်ဗေဒါ”
အကျွန်ုပ်တို့၏ မြစ်သားနယ်တွင် အလွန်အင်မတန်မှ နာမည်ကြီးသော ဓမ္မကထိကအကျော်ဆရာတော်တစ်ပါးရှိလေသည်။ အလှူပွဲရှိတိုင်း ထိုဆရာတော်ပင် တရားဟောရလေသည်။ ထိုဆရာတော်သည် တရားဟောအလွန်ကောင်းသည်။ သို့သော် ထိုဆရာတော်သည် တရားဟောလျှင်ကား အလွန်ပင် ရှည်တော်မူပါပေ၏၊ တစ်နှစ် မြစ်သားနယ်၊ ရွာတစ်ရွာတွင် အလှူပွဲတစ်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေသည်။ ထိုအလှူရှင်များသည် အလွန်အင်မတန်မှ ချမ်းသာကြသည်။ သို့ဖြစ်၍ သူတို့သည် ဓမ္မကထိကများတွင် အကျော်အမော်ဆရာတော်ဦးညေယျကို ပင့်သည်။ ဆိုင်းမှာတော့ ထိုခေတ်က နာမည်ကြီး ဆရာကြီးစိန်ဗေဒါကို ငှားကို လေသည်။ ဆရာတော်ဦးညေယျသည် အလှူပွဲရေစက်ချသောနေ့တွင် တရားဟော ရေစက်ချပေးရသည်။ ဆရာတော်သည် တရားဟောရာတွင် အလှူရှင်များသဒ္ဓါတရားဖြစ်စေရန်အလို့ငှာ လှူဖွယ်ပစ္စည်းတစ်ခုချင်းစီ၏ အကျိုးများကို ထုတ်ဖေါ်ဟောပြလေ့ရှိသည်။ ယနေ့အလှူပွဲတွင် အလှူရှင်များသည် ချမ်းသာသော ပုဂ္ဂိုလ်များဖြစ်သည်အားလျှော်စွာ လှူဖွယ်ပစ္စည်းများက များလှပေသည်။ ဆရာတော်သည် ထိုလှူဖွယ်ပစ္စည်းများ၏ တစ်ခုခြင်းစီ၏ အကျိုးများကို ထုတ်ဖေါ်၍ ဟောကြားလေသည်။ ဟောဟန်ကား
“သင်္ကန်းလှူရခြင်း၏ အကျိုးဆယ်ပါးဟူသည်ကား
(၁)ရုပ်အဆင်းလှပခြင်း၊
(၂)အညစ်အကြေးကင်းစင်ခြင်း၊(
(၃) ကိုယ်ရောင် ကိုယ်ဝါတောက်ပခြင်း၊
(၄)ခန္ဓာကိုယ်မှ အပူကင်းခြင်း၊” စသည်ဖြင့် သင်္ကန်း၏ အကျိုးဆယ်ပါးကို ကုန်အောင်ဟောသည်။ ထို့နောက် လှူဖွယ်ဝတ္ထုတွေတွင် ပန်းများလည်း လှူဒါန်းထားရာ
“ပန်းလှူရခြင်း၏ အကျိုးငါးပါးဟူသည်ကား
(၁) ရုပ်အဆင်းလှပခြင်း၊
(၂)သင်းပျံ့မွှေးကြိုင်ခြင်း၊
(၃) နတ်လူချစ်ခြင်း၊
(၄) ကျော်ဇောခြင်း၊
(၅) ကိုယ်စိတ်ရွှင်လန်းခြင်းတို့ပေတည်း။ စသည်ဖြင့် လှူဖွယ်ပစ္စည်း ရှိသမျှတို့၏ အကျိုးတို့ကို ဟောလာရာ နေ၀င်လုနီးပါးဖြစ်လာလေသည်။ နောက်ထပ်ပွဲကူးရန်ရှိသော စိန်ဗေဒါကြီးသည် တစ်ဖက်က အလှူပွဲသို့ နောက်ကျမှာကိုလဲ စိုးရိမ်လာသည်။ သို့ဖြစ်၍ စိန်ဗေဒါကြီးသည် ဆရာတော်ဦးညေယျကို တရားဟောမှုအဆုံးသတ်ရန်အလို့ငှာ
“ဗေထိ ဗေထိ ဗေထိ”ဟု ပန်းမကြီးကို တီးကာ အချက်ပြလေတော့သည်။ သို့သော် ဆရာတော်သည် တရားကို မရပ်ဘဲ
“ဗေထိ အသာနေ, ဗေထိ အသာနေ, ဆွမ်းအကျိုးငါးပါးဟူသည်ကား
(၁)အသက်ရှည်ခြင်း၊
(၂)အဆင်းလှခြင်း၊ စသည်ဖြင့် ဆွမ်းအကျိုးငါးပါးနှင့်တကွ အခြားလှူဖွယ်ပစ္စည်းများ၏ အကျိုးများကိုပါ ဆက်ဟောပြန်လေရာ မိုးချုပ်သွားလေတော့သည်။ စိန်ဗေဒါကြီးသည် ဆရာတော်၏ တရားပွဲအပြီး နောက်ရွာမှ အလှူပွဲကို ဆက်ကူးရာ အလွန်ပင် နောက်ကျသွားသည်။ စိန်ဗေဒါကြီးလဲ ပွဲနောက်ကျသွားသဖြင့် နောက်တစ်ရွာမှ အလှူရှင်များနှင့် ပြဿနာကို အတော်ရှင်းယူရသည်။ ငွေကိုတော့ စာချုပ်အတိုင်း အပြည့်မရတော့ပေ။
နောက်တစ်လ ထိုရွာမှပင် အလှူပွဲရှိသဖြင့် စိန်ဗေဒါကြီးကို သွားရောက်ငှားရမ်းလေရာ
စိန်ဗေဒါကြီးသည်ကား အောက်ပါအတိုင်း ပြောကြားလိုက်လေတော့သည်။
“ခင်ဗျားတို့ အလှူမှာ တရားဟော ဓမ္မကထိက ဆရာတော်ဦးညေယျဆိုရင်တော့ ကျွန်တော်မလိုက်နိုင်ပါ၊”
မိမိကောက်ချက်ချမိသည်ကား
“အော် နာမည်ကျော် ဆိုင်းဆရာကြီးစိန်ဗေဒါသည်ပင် ကြောက်ရလောက်အောင် ကောင်းတဲ့ ဓမ္မကထိကအကျော် ဆရာတော်ဦးညေယျပါလား၊” ဟူ၍ပင် ဖြစ်လေတော့သတည်း။
(Older post နှိပ်ပါ ပုံပြင်များစွာကို တွေ့ရှိပါလိမ့်မယ်)

0 comments:

Post a Comment

 

Go Up အပေါ်သို့