Pages

Saturday, January 30, 2010

"တွန်းလှည်း"

ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာမှ ဒါယကာကြီး ဦးရန်ပ (အိန္ဒိ ယနိုင်ငံမှ မဟတ္တမဂန္ဓီ၏ ဘိုးအေ) မောင်ရဲမြင့်တို့နှင့် တောင်လုံးလှ တောင်သို့ သွားရာလမ်း၌ အမှတ်တရ။ မှတ်ချက်=ကင်မရာကြောင့် သင်္ကန်းပြောင်းပြန်ဖြစ်နေပါသည်။

မိမိသည် သီရီလင်္ကာ၌ ပညာသင်ကြားခဲ့စဉ်က ကိုးရီယားဘုန်းတော်ကြီးတစ်ပါးနှင့် ကျောင်းအတူတကွတက်ရင်း ရင်းနှီးခဲ့သည်။ ရှေးရေ စက်ကြောင့်ပင် ဖြစ်မည်ထင်ပါသည်။ ထိုကိုးရီးယား ဘုန်းတော်ကြီး နှင့်ပင် အိန္ဒိယနိုင်ငံ ပုနေးမြို့ ပုနေးတက္ကသိုလ်၌ပင် လာရောက်ဆုံကြုံကြပြန်သည်။ "Ph।D"ဘွဲ့ကို အတူ ပြုလုပ်ကြရ ပြန်သည်။ ထိုပုနေးမြို့ မှာနေစဉ် မိမိတို့သည် မကြာခဏ မြို့ထဲသို့ အတူတကွ ဈေးဝယ်သွား လေ့ရှိသည်။ တစ်နေ့ မိမိနှင့် ထိုကိုးရီးယားဘုန်းကြီး, သူငယ်ချင်းဖြစ်သူ ဦးဥတ္တမ(oke) တို့သည် ဈေးဝယ်ရန်အတွက် ပုနေးမြို့အတွင်းက (super market) ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ ထို့သို့ရောက်သွား သောအခါ ကိုးရီးယားဘုန်းတော်ကြီးက
"တွန်းလှည်း, တွန်းလှည်း," ဟုပြောဆိုကာ ရှေ့က ဦးတည်သွားလေသည်။ မိမိနှင့် ဦးဥတ္တမတို့သည် ထိုစူပါမား ကက်တွင်ရှိသော ပစ္စည်းများတင်ရန်အလို့ငှာ ထားရှိသော တွန်းလှည်းတစ်စီးကို ယူ၍ တွန်းကာ နောက်က လိုက်သွားလေသည်။ မိမိသည် သူငယ်ချင်းဖြစ်သူ ဦးဥတ္တမကို
"ဟ မောင်ဥတ္တမ ကိုးရီးယားကြီးက မြန်မာစကားတတ်သားဘဲနော်၊ မြန်မာလို တွန်းလှည်းကိုတောင်သိတယ် နော်" ဟု ချီးကျူးမိလိုက်သေးသည်။ သို့သော် ကိုးရီးယားဘုန်းကြီးသည် အမျိုးသားများတက်ရာ အိမ်သာသို့ ရှေးရှုသွားနေလေသည်။ မိမိတို့သည်လည်း လွဲတော့ လွဲနေပြီးဟု သိရှိလိုက်သည်။ ဘေးတွင် ထိုင်ကာ အအေးသောက်နေကြသော ကုလားစုံတွဲလေးများကလည်း
"ဒီဘုန်းကြီးတွေ ပစ္စည်းတင်တဲ့ တွန်းလှည်းကြီးတွန်းကာ အိမ်သာဘက်ကို ဘာများသွားလုပ်မလို့လဲ မသိ"ဟု မိမိ တို့ကို ကြည့်ကာ ပြုံးနေကြသည်။ မိမိတို့သည်လည်း အနည်းငယ် ရှက်လာမိသည်။ အိမ်သာသို့ ရောက်သောအခါ ကိုးရီးယားဘုန်းတော်ကြီးက
"ဒီတွန်းလှည်းကို ဘာကြောင့် ယူလာသလဲ"ဟု မေးလေသည်။ ထိုအခါမှ မိမိတို့ မှားမှန်းသိလိုက်ကြသည်။ ကိုးရီးယားဘုန်းတော်ကြီးသည် သူသည် အိမ်သာသွားမည်ကို
"I am going to toilet ငါအိမ်သာသွားမယ်လို့ ၀ါကျအပြည့်ပြောမည့်အစား 'toilet' လို့ အတိုပြောသွားသည်။ သို့သော် 'ထွိုင်းလက်'လို့ အသံထွက်ရမည့်အစား သူက 'တွန်းလှည်း'လို့ အသံထွက်ပြောသောအခါ မိမိတို့သည် တွန်းလှည်းကြီးကို အိမ်သာသို့ တွန်းသွားသည်ကို မှားသည်ဟု ဘယ်သူမှ ပြောမည်မထင်ပေ။ ထိုအကြောင်းကို စကားစပ်မိ၍ မိမိသူငယ်ချင်းများကို ပြောပြရာ မိမိသူငယ်ချင်းများက ထိုကိုးရီးယားဘုန်းတော်ကြီးသည် မိမိထံ သို့ အလည်ကြွလာတိုင်း
"ဦးဇ၀နရေ ကိုယ်တော့ toilet='တွန်းလှည်း'ကြီးကြွလာပြီဟု စကြ နောက်ကြလေတော့သည်။

The Doctrine of Paticcasamuppada (Part 1)

Paticcasamuppada is Pali language, a combination of 'Paticca, Sam, and Uppada, 'Paticca' because of, 'Sam' well, and 'Uppada' arising of effect because of cause.
ပဋိစ္စသမုပ္ပါဒဟူသည် ပဋိစ္စ, သမ်, ဥပ္ပါဒဟူသော စကားများကို ပေါင်းစပ်ထားသော ပါဠိသာသာဖြစ်သည်။ ပဋိစ္စဆိုသည် စွဲ၍ သို့မဟုတ် ကြောင့် ဟု အဓိပ္ပာယ်ရှိသည်။ သမ်ဟူသည် ကောင်းစွာဟု အဓိပ္ပာယ်ရသည်။ ဥပ္ပါဒဟူသည် အကြောင်းကြောင့် အကျိုးဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။

Therefore Paticcasamuppada means there arises effect because of cause well.
ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဟူသည် အကြောင်းကြောင့် အကျိုး၏ ကောင်းစွာ ဖြစ်ပေါ်မှုဟု ဆိုလိုပါသည်။

According to the Late Venerable Moe Gok Sayadaw's view, Paticcasamuppada means the arising and disappearing of the five aggregates, such as Rupakkhandha, Vedanakkhandha, Sannakkhandah, Samkharakkhandha and Vinnanakkhandha or the arising and passing away of Rupa (matter) and Nama (mind).
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အလိုအရ ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ ရူပက္ခန္ဓာ,ဝေဒနက္ခန္ဓာ,သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာဟူသော ခန္ဓာငါးပါး၏ ဖြစ်မှု ပျက်မှု တစ်နည်းအားဖြင့်သော်ကား ရုပ်နာမ်နှစ်ပါး၏ ဖြစ်မှု ပျက်မှုကို ဆိုလိုပါသည်။

Here, if we trance where, when the Buddha paid attention Paticcasamuppada (cause and effect) in direct and reverse order, we will come to know it very well.
ဤနေ၌ မြတ်စွာဘုရားသည် ပဋိစ္စသမုပါဒ်တရားတော်ကို အနုလောမ ပဋိလောမအားဖြင့် ဘယ်နေရာ ဘယ်အချိန်က ဆင်ခြင်ခဲ့သည်ဆိုသည်ကို နောက်ကြောင်းပြန်လိုက်ရသော် ကျွန်တော်တို့ ကောင်းမွန်စွာ သိရှိလာပါလိမ့်မည်။

On one occasion, the Buddha was staying at Uruvera in the bank of the river Neranjara at the foot of the Tree Awakening ( Mahabodhirukkha).
အခါတစ်ပါး မြတ်စွာဘုရားသည် ဥရုဝေလတောအုပ် နေရဉ္ဖရာဖြစ်ကမ်းအနီး မဟာဗောဓိပင်၇င်း၌ သီတင်းသုံး ထိုင်နေတော်မူပါသည်။

Then, the Buddha sat cross-legged in one posture for seven days at the foot of the Tree Awakening experiencing the bliss of freedom.
ထို့နောက် မြတ်စွာဘုရားသည် နိဗ္ဗာန်၏ ချမ်းသာကို ခံစားရင် မဟာဗောဓိပင်ရင်းဝယ် ရ ရက်ကြာ တစ်ထိုင်တည်း တင်ပလ္လင်ခွေကာ ထိုင်နေတော်မူခဲ့ပါသည်။ (To be continued ဆက်ရန်)

ငါ့ကို ပလာစတာကပ်ကြစမ်း

ကျောက်ပန်းတောင်းမြို့နယ် တောင်လုံးလှတောင်ရိုးက ထိန်၌ နယ်မြေနယ်ခံဆရာတော်များနှင့် အမှတ်တရ

ကျောက်ပန်းတောင်းနယ်မှ ဆရာတော်တစ်ပါးသည် သူ၏ တပည့်ရှိရာ မြစ်သားမြို့နယ် ကုက္ကိုစုရွာ ကုက္ကိုစုရွာဦး ကျောင်းသို့ အလည်အပတ် ကြွချီလာလေသည်။ ဆရာတော်သည် ရောက်တုန်းရောက်ခိုက် သူ၏ တပည့်ကျောင်း၌ စိတ်ရှိသလောက်နေထိုင် သီတင်းသုံးသွားမည်ဟု ဆုံးဖြတ်ချက်ချထားလေသည်။ ကျောင်းထိုင်ဆရာတော်ဖြစ်သော တပည့်ဖြစ်သူ ဆရာတော်ဦးနန္ဒသာမိသည်လည်း ဆရာတော်ကို ရိုသေ စွာ ပြုစုလုပ်ကျွေး နေလေသည်။ ရွာမှ ဒကာ ဒကာမအပေါင်း တို့ကလည်း ဆရာတော်ကို ကောင်းပေ့ဆိုသော ဆွမ်း+ဆွမ်းဟင်းများ ဖြင့် ဆက်ကပ်လှူဒါန်းကြလေသည်။ တစ်နေ့ ကျောင်းတွင် ဝေယျာဝစ္စ လုပ်ဆောင်နေသော ကိုအောင်မြင့်သည် ဆရာတော်ကြီးကို ပဲပလာတာ လာရောက်ကပ်လှူလေသည်။ ဆရာတော်ကြီးသည် အလွန်အင်မတန်ကောင်း သောကြောင့် ထိုပလာတာကို တော်တော်လေး ဘုဉ်းပေးလေသည်။ ဘုဉ်းပေးပြီးနောက်
"ဒကာအောင်မြင့်ရဲ့ ဒါကို ဘယ်လိုခေါ်သလဲ "ဟု မေးလေသည်။ ထိုအခါ ကိုအောင်မြင်က
"ဘုန်းဘုန်း အဲဒါ ပလာတာလို့ခေါ်ပါတယ်ဘုရား"ဟု လျှောက်လေသည်။ ဆရာတော်သည်လည်း အလွန်အင်မ တန်ကောင်းသော ထိုပလာတာကို မှတ်သွားလေသည်။ ထို့နောက် မကြာမီ ဆရာတော်သည် သူ၏ ရွာသို့ ပြန်ကြွသွားလေသည်။ ရွာရောက်ပြီနောက် တစ်ပတ် နှစ်ပတ်ကြာသောအခါ ဆရာတော်သည် ကျန်းမာရေးမ ကောင်းဖြစ်လေသည်။ ရွာမှ ဒကာ ဒကာမတို့သည်လည်း ဆရာတော်ကို ကျန်းမာရေးပြန်လည် ကောင်းမွန်လာ အောင် တော်တော်လေး ဆေးကုလိုက်ကြရသည်။ကျန်းမာရေးကောင်းစတွင် ဒကာ ဒကာမများက
"ဆရာတော်! ဘာဘုဉ်းပေးချင်သလဲဘုရား၊ တပည့်တော်တို့ ဆရာတော်ဘုဉ်းပေးချင်တာကို ကပ်ပါမယ်ဘုရား၊" ဟု လျှောက်ထားလေသည်။ ဤတွင် ဆရာတော်က
"အေး ငါ ကုက္ကိုစုကြွတုန်းက မောင်အောင်မြင့်က ပလာစတာကပ်လိုက်တာ တော်တော်လေးဘုဉ်းပေးလို့ ကောင်းတယ်ကွ၊ ဖြစ်နိုင်မယ်ဆိုရင် ငါ့ကို ပလာစတာဝယ်ကပ်ကြစမ်းကွာ"ဟု မိန့်ကြားလိုက်လေတော့သ တည်း။ "အော် တော်တော်လေး ဘုဉ်းပေးလို့ ကောင်းမယ့် ပလာစတာပါပေတည်း။"


Sunday, January 24, 2010

ခြောက်ပုလင်းဆရာတော်

(ဤပုံပြင်ကို ပြောပြသော ဒါယကာကြီးဦးရန်ပနှင့်အတူ)
မိမိသည် သူငယ်ချင်းဖြစ်သူက ကထိန်ပင့်သဖြင့် ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာ တောင်ဦးကျောင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုရွာမှ ဒါယကာတော်များနှင့် အလွန်ပင် စကားလက်ဆုံကျခဲ့သည်။ အထူးအားဖြင့် ဒါယကာကြီးဦးရန်ပနှင့် စကားလက်ဆုံ အတော်ပင်ကျခဲ့သည်။ အကြောင်းသော်ကား မိမိသည် အင်တာနက်တွင် ဟာသပုံပြင်များရေးနေကြောင်း ဒကာကြီးဦးရန်ပသိရှိသွားသည်။ သို့ဖြစ်၍ သူကြားဖူးထားသော ပုံပြင်များကို ပြောပြနေသောကြောင့်ပေတည်း။ ကထိန်ပွဲကြီးနေက ဖြစ်သည်။ မိမိသည် ထိုဒါယကာကြီးနှင့် ဦးရန်ပနှင့် အတူထိုင်ပြီး စကားပြောနေလေသည်။ ထိုစဉ် အသက်ခြောက်ဆယ်ခန့်လောက်ရှိသော ဆရာတော်တစ်ပါးသည် ကထိန်ပွဲသို့ ကြွရောက်လာသည်။ ထိုဆရာတော်ကြွလာသည်ကို မြင်သောအခါ ဒကာကြီးဦးရန်ပသည် အောက်ပါအတိုင်း လက်ထောက်ဦးဇင်းအား လျှောက်ထားလေသည်။
"ဦးဇင်း! ခြောက်ပုလင်းကိုယ်တော်ကြွလာပြီး"။
လက်ထောက်ဦးဇင်းသည်လည်း ထိုဆရာတော်ကို နေရာများခင်းကျင်းပေးကာ စကားပြောနေလေသည်။ ထိုအခါက မိမိက
"ဒကာကြီးဦးရန်ပ! ခုနက ဒကာကြီးက ကြွလာတဲ့ အာဂန္တုကို ခြောက်ပုလင်းကိုယ်တော်လို့ ပြောလိုက်တယ်၊ အဲဒါဘာကြောင့်လဲ"။ ဟု မေးသောအခါ ဒကာကြီးက အောက်ပါအတိုင်းရှင်းပြလေသည်။
"ဦးဇင်းရေ အကြောင်းကတော့ ဒီလိုပါ၊ အဲဒီဆရာတော်က ကြီးမှ ရဟန်းဝတ်လာတယ်၊ ခုတော့ တပည့်တော်တို့ နယ်ထဲက တောကျောင်းတစ်ကျောင်းမှာ ကျောင်းထိုင်နေပါတယ်၊ ရွာထဲက ဒကာ ဒကာမတွေက သူ့ကို ကြည်ညိုကြတယ်၊ ဘာကြောင့်လဲဆို တောထဲမှာ တစ်ပါးတည်း တရားအားထုတ်နေတယ်ပေါ့၊ ကြည်ညိုမှုပေါ် အခွင့်ကောင်းယူပြီး လာသမျှ ဒကာ ဒကာမတွေကိုလဲ အလှူခံတာ ရက်ရက်စက်စက်ဘဲ၊ တခါတလေ အိမ်ကြွပြီတောင် အလှူခံတယ်၊ အလှူခံတာများလာတော့ သူဆီကို သွားတဲ့ (ဒကာတွေလန်)ထွက်ကုန်တယ်၊ အဲဒီအချိန်က စပြီ သူကို ခြောက်ပုလင်းကိုယ်တော်လို့ အမည်ပေးတော့တာပါဘဲဘုရား။"
ဤတွင် မိမိက
"ဟ ဒကာကြီးရ! ဒကာတွေလန်တာနဲ့ ခြောက်ပုလင်းကိုယ်တော်နဲ့ ဘာဆိုင်လို့လဲ ဒကာကြီးရ"ဟု ပြောသောအခါ
ဆီတစ်ဂါလန်ကို ပုလင်းနဲ့တွက်ရင် ဘယ်နှစ်ပုလင်းရှိလဲ ကိုယ်တော်"ဟု ဒကာကြီးရန်ပက မိမိကို မေးလေသည်။မိမိက
"ဒကာကြီးကလဲ ဆီတစ်ဂါလံဟာ ခြောက်ပုလင်းရှိတာပေါ့၊" ဖြေကြားလိုက်လေသည်။ ဤတွင် ဒကာကြီဦးရန်ပက
တစ်ဂါလန်ဟာ ခြောက်ပုလင်းရှိတယ်လေ။ ဒါကြောင့် အဲဒီကိုယ်တော်ကို ဒကာလန်(တစ်ဂါလံ) ခြောက်ပုလင်းကိုယ်တော်လို့ ခေါ်တာပေါ့ အရှင်ဘုရားရဲ့"ဟု ပီပြင်စွာ ရှင်းပြလေတော့သည်။ `ဤတွင်မှ မိမိသည်လည်း ထိုတောရဆရာတော်ကို ခြောက်ပုလင်းကိုယ်တော်ဟု ခေါ်ဆိုရခြင်းအကြောင်းကို သဘောပေါက်လေတော့သည်။"အော် အားကျဘို့ ကောင်းလိုက်တာ ငွေမကုန်ဘဲ ရလိုက်တဲ့ နာမည်ပါလား"


 

Go Up အပေါ်သို့