သီရိလင်္ကာနိုင်ငံမှ ဧည့်သည်များသည် မိမိတို့၏ သာသနတက္ကသိုလ်သို့ ရောက်ရှိလာသည်။ ညစာ စားချိန်ရောက်သောအခါ သာသနတက္ကသိုလ်မှ အရာရှိတစ်ယောက်သည် ထိုဧည့်များကို ထမင်းစားဖတ်ရန်ရောက်ရှိလာသည်။ သာသနတက္ကသိုလ်မှ စာသင်သားသံဃာတော်များက ထိုအရာရှိကြီးကို အင်္ဂလိပ်စကားမပြောတတ်ဟု ယူဆထားကြသည်။ ထိုအရာရှိကြီးမှလည်း သူအင်္ဂလိပ်စာတတ်ကြောင်းကို သံဃာတော်များကို သိစေချင်သည်။ သို့ဖြစ်၍ အဆောင် (၂၁)တွင် တည်းနေသော ဧည့်သည်များကို အောက်ပါအတိုင်း ကျယ်လောင်စွာ ဖိတ်မန္တကပြုလေသည်။
“let us go for dinner all all all”
ထိုအရာရှိကြီး၏ ညစာစားသောက်ရန် ပင့်ဖိတ်သောအသံကို ကြားကြရသော သံဃာတော်များသည် ဟားတိုက်၍ ရယ်ကြလေသည်။
နောက်ရက်ညနေခင်း ထိုအရာရှိကြီးသည် ဧည့်သည်များကို ပင့်ဖိတ်ရန်ရောက်လာတိုင်း ထိုအရာရှိကြီးသည် ဧည့်သည်များကို ညစာစားသုံးဘို့ရန် မဖိတ်ခင် ထိုဧည့်သည်များအဆောင်နှင့် နီးကပ်လျှက် နေထိုင်သီတင်းသုံးတော်မူသော သံဃာတော်တစ်ပါးက
”Let us go for dinner all all all” အော်ပြောလိုက်လေသည်။ ထိုသို့ အရာရှိကြီးလာတိုင်း သံဃာတော်များက အော်နေသောကြောင့် ထိုအရာရှိကြီးလည်း ကိုယ်တိုင်မလာရဲတော့ဘဲ သူ့တပည့်တယောက်ကို ဖိတ်မန်ခိုင်းလေတော့သတည်း။
Saturday, September 26, 2009
Tuesday, September 22, 2009
“ဒါလားကွ တရားသမား”
တစ်နှစ်က မိမိသည် ရွာတွင် ၀ါဆိုခဲ့သည်။ မိမိ ရွာတွင် ၀ါဆိုသော နှစ်၌ အိမ်မှ စပါးခင်းသည် ထူးထူးခြားခြား ကောင်းမွန်နေသည်။ မိမိ၏ ဆွေမျိုးအချို့ကပင်
“ဦးဇင်း ဒီနှစ် ရွာမှာ ၀ါဆိုလိုက်မှ ဦးဇင်းတို့ရဲ့ စပါးခင်းကလဲ ကောင်းလိုက်တာ၊ ဦးဇင်းနဲ့ ကံစပ်တယ် ထင်တယ်“ ဟု ပြောဆိုလာကြသည်။ အဲဒီကဲသို့ဆွေမျိုးတွေက ပြောလာတော့ မိမိသည်ပင် ကိုယ်ကိုကိုယ်
“အော် ငါဟာ ရှေးဘုန်းရှေးကံ နည်းဟန်မတူဘူး”ဟု အထင်ကြီးမိခဲ့သည်။ ဒီလိုနှင့် မိမိတို့၏ စပါးခင်းတွေလည်း မှည့်ပြီဖြစ်၍ နွေးစပါးရိတ်သိမ်းချိန်ရောက်လာပြီ ဖြစ်သည်။ ၀ါခေါင်လလောက်ဖြစ်မည်ထင်ပါသည်။ မိမိ၏ မိခင်ကြီးအမှူးပြုသော မိသားစုအားလုံး စပါးရိတ်သိမ်းကြသည်။ စပါးများနယ်ကြသည်။ နောက်ဆုံး စပါးပုံကြီး သည် အိမ်ရှေ့ထည်းထည်းကြီးပါ၊ မိမိသည်ပင် ထိုစပါးပုံကြီးကြည့်ကာ
“အင်း ဒီနှစ် အိမ်က မယ်တော်ကြီးတော့ စပါးတွေ တော်တော်ရမှာ၊ သင်္ကန်းအကောင်းစာ တစ်စုံလောက်တော့ ၀ယ်ခိုင်းရအုံးမယ်” ဟု ကျောင်းကနေ စိတ်ကူးယဉ်နေမိသည်။ အိမ်က မိသားစုတွေလဲ စပါးများကို စပါးကျည် ထဲတွင် ထည့်ဘို့၇န် ပြင်ဆင်နေစဉ် ကုက္ကိုစုရွာမှ ဦးဓာတ်ပြားတစ်ယောက် နွားလှည်းကြီးနှင့် အိမ်ရောက်လာသည်၊ ပြီတော့ မိမိ၏ မယ်တော်ကြီးကို
“ဒေါ်ကြည်ခင်ရေ ပြောရမှာတော့ အားနားပါတယ်၊ ခင်ဗျားသား အောင်မြင့်ရှိန် ဂျင်ထိုးတယ်၊ ဂျင်ရှုံးတုံးက ကျုပ်ဆီက ငွေချီတယ်လေ၊ စပါးပေါ်ရင် ပေါ်သမျှ စပါးအားလုံးနဲ့ ဆပ်ပါ့မယ်ပြောလို့ ကျုပ်လဲ သူ့ကို ငွေချီး လိုက်တယ်။ ယခုထွက်မယ့် စပါးအားလုံး လာယူတာပါပဲဗျာ၊” ဟု ပြောလေသည်။ အိမ်သားအားလုံးလဲ ဒေါသ ထွက်ထွက်နှင့် စပါးအားလုံးပေးလိုက်ရသည်။ ညအခါမှာတော့ အိမ်သားအားလုံးနှင့် ကိုအောင်မြင့်ရှိန်(မိမိ၏ အသုံးမကျသော တတိယမြောက်အကို)တို့ အကြီးအကျယ် ရန်ဖြစ်ကြသည်။ ထိုအချိန် မိမိသည် ဆရာသမားနှင့် စကားပြောနေသည်၊ထိုသတင်းကို ရွာအတွင်းမှ မောင်ကျော်မင်းကြည်လာပြောသဖြင့် မိမိနှင့် မိမိ၏ ဆရာသမားတို့ သိကြရသည်။ မိမိဆရာသမားကပင်
“လိုက်သွားကွာ မောင်ဇ၀န၊ အသုံးမကျတဲ့ကောင် နောင် ဂျင်ဝိုင်း(လောင်းကစားတစ်မျိုး)ကို မသွားနိုင်အောင် ခြေထောက်ကျိုးအောင် ရိုက်ချိုးခဲ့၊ ပြီးမှ လုပ်ကျွေးရင် ကျွေးရပါစေ၊” ဟု မိန့်ကြားလေသည်။သို့ဖြစ်၍ မိမိလည်း ဒေါသဖြစ်ဖြစ်နှင့် ဒုတ်တစ်ချောင်းကို ကိုင်ကာ အိမ်သို့ လိုက်သွားလေတော့သည်၊ အိမ်ရောက်သွားသောအခါ
“ဘယ်မလဲ မိဘကို ဒုက္ခပေးတဲ့ အသုံးမကျတဲ့ကောင်! နောင် ဂျင်းဝိုင်း မသွားနိုင်အောင်လို့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်”ဆိုပြီး အိမ်ထဲကို ပြေးဝင်သွားသည်၊ ဘေးမှ လူကြီးများက ၀ိုင်းတားသဖြင့် အကိုဖြစ်သူထံကို မရောက်လိုက်ပါ၊ မိမိသည် မရိုက်ရသော်လည်း အော်ဟစ်ကြိမ်းမောင်းနေမိခဲ့သည်။ ထိုအခါ အကိုဖြစ်သူ အမူးသမားသည်
“ဒါလောက်တောင် ဒေါသကြီးနေတာ၊ ဒါလားကွ တရားသမား” ဟု မိမိကို လူအများထဲတွင် ပြန်၍ အော်လိုက် လေသည်။ထိုအခါ မိမိစဉ်းစာမိသည်ကတော့
“အော် အမူးသမားပါစပ်ကလဲ တရားစကားထွက်သေးသားပဲ၊ ငါကိုယ်တိုင်ကလဲ ဒေါသနဲ့ သွားပြီး ဆုံးမမိတာကိုး၊” ဟု ရှက်ကိုးရှက်ကန်းဖြင့်သာလျှင် ကျောင်းသို့ ပြန်လာခဲ့ရလေသည်။ ဆုံးဖြတ်ချက် တစ်ခု အတိအကျ ချလိုက်မိသည်ကတော့ နောင် အမူးသမားများကိုတော့ ဝေရာမဏိ၊ ဝေးဝေးက ရှောင်ကြဉ် ပါ၏။ “ဒေါသနှင့် ပြုလုပ်သော အမှုသည်ကား ဘယ်သောခါမျှ မအောင်မြင်ပါတကား” ဟု ဓမ္မသံဝေဂ လည်း ရလိုက် ပါပြီ။

Monday, September 21, 2009
“ထိုအိလက်(Toilet)”
နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့် မိမိတို့၏ မန္တလေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဆရာ တော်တစ်ပါးသည် ဂျပန်နိုင်ငံမှ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ဖွဲ့၏ ပင့်ဖိတ်ချက်အရ ဂျပန်နိုင်ငံသို့ ကြွသွား တော်မူကြသည်။ ထိုဆရာတော်များအဖွဲ့သည် ထိုင်းနိုင်ငံလေဆိပ်၌ ဂျပန်လေယာဉ်ကို စောင့်ကြရသည်၊ ထိုသို့ စောင့်နေစဉ် သက်တော်အကြီးဆုံး ၀ါတော်အကြီးဆုံး ဆရာတော်ကြီးသည် ကျင်ငယ်သွားလိုသည်၊ ဆရာ တော်ကြီးသည် အင်္ဂလိပ်စကားကလဲ မပြောတတ်တော့ အနီးရှိ မိမိတို့တက္ကသိုလ်မှ ဂျပန်စကား အင်္ဂလိပ် စကားပြောတတ်တော်မူသော ဆရာတော်ကို
“ဆရာတော် တပည့်တော် ကျင်ငယ်သွားချင်တယ်၊ အိမ်သာက ဘယ်နားနေမှန်းလဲ မသိဘူး၊ အဲဒါလိုက် ပို့ပါအုံးဘုရား” ဟူ၍ အကူအညီတောင်းလာသည်၊ သို့ဖြစ်၍ မိမိတို့တက္ကသိုလ်မှ ဆရာတော်ကြီးသည်လည်း အားကြိုးမာန်တက်
“အော် ဆရာတော် ရပါတယ်ဘုရား၊ တပည့်တော်လိုက်ပို့ပါမယ်” ဟုဆိုကာ ဆရာတော်ကြီးကို လက်တွဲ ခေါ်သွား ကာ အိမ်သာသို့ လိုက်ပို့လေတော့သည်။ အိမ်သာသိုေ၇ာက်သောအခါ
“ဆရာတော်ဘုရား အိမ်သာကို အင်္ဂလိပ်လို ထိုအိလက်(Toilet)လို့ခေါ်ပါတယ်ဘုရား၊ ဆရာတော်တို့က နိုင်ငံခြား မကြာ မကြာ ကြွရမှာဆိုတော့ တခါတည်းသာ မှတ်ထားပါတော့ဘုရား” ဟုမိမိတို့ တက္ကသိုလ်မှ ဆရာတော်သည် ထိုနိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးကို အိမ်သာကို လိုက်ပို့ရုံမျှက အင်္ဂလိပ် အိမ်သာကိုပါ သင်ပေးလိုက်လေတော့သည်။ ဆရာတော်ကြီးလဲ “အိမ်သာ ဆိုတာ အင်္ဂလိပ်လို့ ထိုအိလက်”ဟု မှတ်ထားလေတော့သည်။ တစ်နေ့ ထိုဆရာတော်ဘုရားကြီးသည် သာသနာရေး ကိစ္စတစ်ခုဖြင့် မိမိတက္ကသိုလ် သို့ ရောက်ရှိလာလေသည်။ ဆရာတော်ကြီးရောက်လာသည်ဖြစ်၍ တက္ကသိုလ်တက်နေသော ဆရာတော်ကြီး၏ တပည့်သည် သူ့၏ ဆရာသမားဆရာတော်ကြီးကို သွားရောက်ပြုစုသည်၊ ထို့သို့ ပြုစုနေစဉ် ဆရာတော်ကြီးက
“မောင်ပဇင်း 'ထိုအိလက်'ထဲမှာ ထွေးခံရှိတယ်၊ သွားယူစမ်းကွယ်”ဟု မိန့်ကြားလေသည်၊ ထိုအခါ တပည့်ဖြစ်သူက
“ဆရာတော် 'ထိုအိလက်' ဆိုတာ ဘာပြောတာလဲဘုရား၊ တပည့်တော် နားမလည်းဘူးဘုရားဟု ပြန်လည် မေးမြန်းလျှောက်ထားလေသည်၊ဤတွင်ဆရာတော်ကြီးက
“မင်းကလဲ တက္ကသိုလ်တက်နေပြီ 'ထိုအိလက်'တောင်မသိဘူး၊ ထိုအိလက်ဆိုတာ အိမ်သာကို ပြောတာကွာ”ဟု ရှင်းပြလေသည်။ထိုအခါမှ တပည့်တော်ဖြစ်သူက
အိမ်သာကို 'ထိုအိလက်' အသံထွက်တယ်လို့ ဆရာတော်ကို ဘယ်သူပြောလဲဘုရား”ဟုမေးမြန်းလေသည်၊ ထိုအခါ ဆရာတော်ကြီးက
မင်းတို့ တက္ကသိုလ်က အင်္ဂလိပ်စာဌာနက ဆရာတော်( )က ပြောတာပါဗျာ”ဟု မိန့်ကြားတော်မူလေသည်၊ ထိုအခါမှ တပည့်ဖြစ်သူက
“ဆရာတော်ဘုရား အိမ်သာ(toilet)ကို ထိုအိလက်လို့ အသံမထွက်ပါဘူးဘုရား၊ အိမ်သာ(toilet)ကို တွိုင်းလက် သို့မဟုတ် ထွိုင်းလက်လို့ အသံထွက်ပါတယ်ဘုရား”ဟု တပည့်ဖြစ်သူက အသံထွက်မှန်ကို သင်ပြပေးလိုက်လေ တော့သတည်း။တက္ကသိုလ်မှ မိမိတို့၏ ဆရာသမား၏ အသံထွက်ကိုလဲ မှားသည်ဟု မည်သူမျှ မပြောနိုင်ပါ၊ Toiletကို ပုဒ်ခွဲလိုက်သော် toကို ထို၊ i ကိုအိ၊ let ကို လက်ဟူ၍ ဖြစ်နိုင်သောကြောင့်ပေတည်း။
(`ဤစာမျက်နှာ၏ အဆုံးတွင် older posts ကို နှိပ်လိုက်ပါ ပုံပြင်များစွာကို တွေ့ပါလိမ့်မည်)

Saturday, September 19, 2009
“အို ဒကာမ ဒကာမအပေါင်းတို့”
တစ်ခါက ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ရွာတစ်ရွာတွင် ဆရာတော်ကြီးတစ်ပါးပျံလွန်တော်မူသွား သည်၊ ထိုရွာမှ လက်ထောက်ဆရာတော်များနှင့် ဒါယကာ ဒါယိကာမများသည် တက်ညီလက်ညီ ဆရာဒကာ ညီညွတ်တိုင်ပင်ကာ ဆရာတော်၏ ဈာပနပွဲကို ဇာတ်ပွဲကြီးများနှင့် စီကားသိုက်မြိုက်စွာ ကျင်းပကြသည်၊ ပထမနေ့ ဇာတ်မကမီ ထိုရွာသားစစ်စစ်ဖြစ်သော အခြားအရပ်တွင် ကျောင်းထိုင်နေသော ဆရာတော်ဦးဝါယမ သည် ဇာတ်စင်ပေါ်တက်၍ ပွဲကြည့်ပရိသတ်ကို တစ်ယောက်နှင့်တစ်ယောက် ရန်မဖြစ်ရန် အေးဆေးစွာ ကြည့်ရန် သြ၀ါဒစကားပြောကြားရမည်ဖြစ်သည်၊ ဆရာတော်ဦးဝါယမသည် ပရိသတ်ကို အလွန်ကြောက် တတ်သည်၊ သူသည် အထက်က ဆရာတော်များ ရပ်ရွာလူကြီးများ၏ တိုက်တွန်းလျှောက်ထားချက်ကြောင့်သာ မလွှဲမရှောင်သာ၍ လုပ်ဆောင်ရမည်ဖြစ်သည်၊ သို့ဖြစ်၍ ဆရာတော်ဦးဝါယမသည် ဓားကို ကိုင်လျှက် ပွဲကြည့် ပရိသတ်အတွင်းမှ ဖြတ်လျှောက်လာခဲ့သည်၊ ထိုစဉ် ပရိသတ်အတွင်းမှ အမျိုးသမီးများက
“အဲ ဦးဇင်း ၀င်းမောင်ကြီးတော် ဘယ်တုံးက ကြွလာတယ်မသိဘူး၊” ဟု ပြောဆိုကြသည်၊ တချို့အမျိုးသား များကလည်း
“ဟ ဦးဇင်း ၀င်းမောင်ကြီး ဘယ်တုံးက ပြန်ကြွလာတယ် မသိဘူး၊ လက်ထဲမှာလဲ ဓါးကြီးနဲ့ ၊ ဒီနေ့ညတော့ အပြတ်ကြမ်းမယ်နဲ့တူတယ်”၊ ဟု ပြောင်သလိုလိုနှင့် ပြောဆိုကြသည်၊ ဆရာတော်ဦးဝါယမသည် ထိုကဲသို့သော ပြောင်လျှောင်သော အသံများကို ကြားလေလေ ကြောက်လဲကြောက် ရှက်လဲရှက် ဒေါသလဲထွက်ဖြစ်ရလေ သည်၊ နောက်ဆုံးတွင် ဆရာတော်ဦးဝါယမသည် ဇာတ်စင်ပေါ်သို့ ရောက်သွားလေသည်။ ဆရာတော်သည် ဇာတ်စင်ပေါ်ရောက်သောအခါ လက်တစ်ဖက်က ဓားကို ကိုင်သည်၊ တခြားလက်တစ်က မိုက်ကို ကိုင်လျှက် အောက်ပါအတိုင်း မိန့်ကြားတော်မူလိုက်လေသည်၊
“အို ဒကာမ ဒကာမအပေါင်းတို့ ယနေ့ညတော့ ဆူမယ်မကြံနဲ့၊ ဆူလို့ကတော့ ဒီဓားသာ ကြည့်” ဟု ရဲဝန့်ပြတ်သားစွာ မိန့်ကြားတော်မူလိုက်လေသည်၊ သို့သော် “အို ဒကာ ဒကာမအပေါင်းတို့” ဟူ၍ ပြောရမည့် အစား “အို ဒကာမ ဒကာမအပေါင်းတို့”ဟူ၍ မှားပြီး ပြောလိုက်သောအခါ ပရိတ်သတ်က မကြောက်သည့်အပြင် ဟားတိုက်ကာ ရယ်ကြလေတော့သည်၊ ဆရာတော်သည် ပရိသတ်၏ တဟားဟားရယ်လိုက်သော အသံကြောင့် ရှက်ရှက်နှင့် ခေါင်းကို ငိုက်စိုက်ချလျှက် ဇာတ်စင်နောက်သို့ ခပ်သုတ်သုတ် ၀င်သွားရာ ဇာတ်စင်ဒေါင့်က ကားလိပ်ကြိုးနှင့် ဆရာတော်၏ လည်ပင်းကို ချိတ်နေလေတော့သည်၊ ဆရာတော်၏ အဖြစ်ကို ကြည့်၍ ပရိသတ်ကြီးသည် အူလှိုက်သဲလှိုက် ရယ်ကြရလေတော့သတည်း။ မိမိကောက်ချက်ချမိသည်ကား
“အော် ဒီနေ့ညတော့ ဆရာတော်ဦးဝါယမလုပ်ပုံနဲ့ လူရွှင်တော်တွေတော့ ငိုရတော့မယ်နဲ့တူတယ်”။ ဟူ၍သာ ဖြစ်သတည်း။

Subscribe to:
Posts (Atom)