Pages

Tuesday, September 22, 2009

“ဒါလားကွ တရားသမား”

တစ်နှစ်က မိမိသည် ရွာတွင် ၀ါဆိုခဲ့သည်။ မိမိ ရွာတွင် ၀ါဆိုသော နှစ်၌ အိမ်မှ စပါးခင်းသည် ထူးထူးခြားခြား ကောင်းမွန်နေသည်။ မိမိ၏ ဆွေမျိုးအချို့ကပင်
“ဦးဇင်း ဒီနှစ် ရွာမှာ ၀ါဆိုလိုက်မှ ဦးဇင်းတို့ရဲ့ စပါးခင်းကလဲ ကောင်းလိုက်တာ၊ ဦးဇင်းနဲ့ ကံစပ်တယ် ထင်တယ်“ ဟု ပြောဆိုလာကြသည်။ အဲဒီကဲသို့ဆွေမျိုးတွေက ပြောလာတော့ မိမိသည်ပင် ကိုယ်ကိုကိုယ်
“အော် ငါဟာ ရှေးဘုန်းရှေးကံ နည်းဟန်မတူဘူး”ဟု အထင်ကြီးမိခဲ့သည်။ ဒီလိုနှင့် မိမိတို့၏ စပါးခင်းတွေလည်း မှည့်ပြီဖြစ်၍ နွေးစပါးရိတ်သိမ်းချိန်ရောက်လာပြီ ဖြစ်သည်။ ၀ါခေါင်လလောက်ဖြစ်မည်ထင်ပါသည်။ မိမိ၏ မိခင်ကြီးအမှူးပြုသော မိသားစုအားလုံး စပါးရိတ်သိမ်းကြသည်။ စပါးများနယ်ကြသည်။ နောက်ဆုံး စပါးပုံကြီး သည် အိမ်ရှေ့ထည်းထည်းကြီးပါ၊ မိမိသည်ပင် ထိုစပါးပုံကြီးကြည့်ကာ
“အင်း ဒီနှစ် အိမ်က မယ်တော်ကြီးတော့ စပါးတွေ တော်တော်ရမှာ၊ သင်္ကန်းအကောင်းစာ တစ်စုံလောက်တော့ ၀ယ်ခိုင်းရအုံးမယ်” ဟု ကျောင်းကနေ စိတ်ကူးယဉ်နေမိသည်။ အိမ်က မိသားစုတွေလဲ စပါးများကို စပါးကျည် ထဲတွင် ထည့်ဘို့၇န် ပြင်ဆင်နေစဉ် ကုက္ကိုစုရွာမှ ဦးဓာတ်ပြားတစ်ယောက် နွားလှည်းကြီးနှင့် အိမ်ရောက်လာသည်၊ ပြီတော့ မိမိ၏ မယ်တော်ကြီးကို
“ဒေါ်ကြည်ခင်ရေ ပြောရမှာတော့ အားနားပါတယ်၊ ခင်ဗျားသား အောင်မြင့်ရှိန် ဂျင်ထိုးတယ်၊ ဂျင်ရှုံးတုံးက ကျုပ်ဆီက ငွေချီတယ်လေ၊ စပါးပေါ်ရင် ပေါ်သမျှ စပါးအားလုံးနဲ့ ဆပ်ပါ့မယ်ပြောလို့ ကျုပ်လဲ သူ့ကို ငွေချီး လိုက်တယ်။ ယခုထွက်မယ့် စပါးအားလုံး လာယူတာပါပဲဗျာ၊” ဟု ပြောလေသည်။ အိမ်သားအားလုံးလဲ ဒေါသ ထွက်ထွက်နှင့် စပါးအားလုံးပေးလိုက်ရသည်။ ညအခါမှာတော့ အိမ်သားအားလုံးနှင့် ကိုအောင်မြင့်ရှိန်(မိမိ၏ အသုံးမကျသော တတိယမြောက်အကို)တို့ အကြီးအကျယ် ရန်ဖြစ်ကြသည်။ ထိုအချိန် မိမိသည် ဆရာသမားနှင့် စကားပြောနေသည်၊ထိုသတင်းကို ရွာအတွင်းမှ မောင်ကျော်မင်းကြည်လာပြောသဖြင့် မိမိနှင့် မိမိ၏ ဆရာသမားတို့ သိကြရသည်။ မိမိဆရာသမားကပင်
“လိုက်သွားကွာ မောင်ဇ၀န၊ အသုံးမကျတဲ့ကောင် နောင် ဂျင်ဝိုင်း(လောင်းကစားတစ်မျိုး)ကို မသွားနိုင်အောင် ခြေထောက်ကျိုးအောင် ရိုက်ချိုးခဲ့၊ ပြီးမှ လုပ်ကျွေးရင် ကျွေးရပါစေ၊” ဟု မိန့်ကြားလေသည်။သို့ဖြစ်၍ မိမိလည်း ဒေါသဖြစ်ဖြစ်နှင့် ဒုတ်တစ်ချောင်းကို ကိုင်ကာ အိမ်သို့ လိုက်သွားလေတော့သည်၊ အိမ်ရောက်သွားသောအခါ
“ဘယ်မလဲ မိဘကို ဒုက္ခပေးတဲ့ အသုံးမကျတဲ့ကောင်! နောင် ဂျင်းဝိုင်း မသွားနိုင်အောင်လို့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်”ဆိုပြီး အိမ်ထဲကို ပြေးဝင်သွားသည်၊ ဘေးမှ လူကြီးများက ၀ိုင်းတားသဖြင့် အကိုဖြစ်သူထံကို မရောက်လိုက်ပါ၊ မိမိသည် မရိုက်ရသော်လည်း အော်ဟစ်ကြိမ်းမောင်းနေမိခဲ့သည်။ ထိုအခါ အကိုဖြစ်သူ အမူးသမားသည်
“ဒါလောက်တောင် ဒေါသကြီးနေတာ၊ ဒါလားကွ တရားသမား” ဟု မိမိကို လူအများထဲတွင် ပြန်၍ အော်လိုက် လေသည်။ထိုအခါ မိမိစဉ်းစာမိသည်ကတော့
“အော် အမူးသမားပါစပ်ကလဲ တရားစကားထွက်သေးသားပဲ၊ ငါကိုယ်တိုင်ကလဲ ဒေါသနဲ့ သွားပြီး ဆုံးမမိတာကိုး၊” ဟု ရှက်ကိုးရှက်ကန်းဖြင့်သာလျှင် ကျောင်းသို့ ပြန်လာခဲ့ရလေသည်။ ဆုံးဖြတ်ချက် တစ်ခု အတိအကျ ချလိုက်မိသည်ကတော့ နောင် အမူးသမားများကိုတော့ ဝေရာမဏိ၊ ဝေးဝေးက ရှောင်ကြဉ် ပါ၏။ “ဒေါသနှင့် ပြုလုပ်သော အမှုသည်ကား ဘယ်သောခါမျှ မအောင်မြင်ပါတကား” ဟု ဓမ္မသံဝေဂ လည်း ရလိုက် ပါပြီ။

0 comments:

Post a Comment

 

Go Up အပေါ်သို့