Pages

Wednesday, February 17, 2010

“အမှားသံသရာ”


မိမိသည် ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာ တောင်လုံးလှတောင်ပေါ်ကျောင်းတွင် ကထိန်တရား ဟောရန် တာဝန်ကျခဲ့သည်။ ထိုဒေသ၏ ထုံးစံအတိုင်း သီလပေး တရားဟောမည့်ဆရာတော်ရောက်ပြီဆိုသည်နှင့် ရှေ့က ဒကာတစ်ယောက်က သြကာသကန်တော့ကျိုးဖြင့် ဆရာတော်ကို ကန်တော့ရန် တရားနာပရိသတ်ကို တိုက် တွန်းပေးရလေသည်။ မိမိသည် တရားဟောရန် ပလ္လင်သို့ ရောက်သည်နှင့် တပြိုင်နက် တောင်ဦးရွာမှ စက်ဆရာ ကိုအေးမောင်မှ အောက်ပါအတိုင်း တရားနာပရိသတ်ကို တိုက်တွန်းလေတော့သည်။
"သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့်ပြည့်စုံသော ဆရာတော်ဘုရား ဓမ္မာသနပလ္လင်ပေါ်ရောက်ရှိပြီဖြစ်ပါသ ဖြင့် သြကာသကန်တော့ကျိုးဖြင့် ကန်တော့ကြပါစို့ခင်ဗျား”
ပရိသတ်ကလည်း ကိုအေးမောင်ကြီး၏ စကားဆုံးသောအခါ ကန်တော့ကျိုးကို ဆက်မဆိုနိုင်ဘဲ တခစ်ခစ်ရယ်နေ တော့သည်။ ပရိသတ်ရယ်မည်ဆိုလျှင်လည်း ရယ်လောက်ပေရာ၏ ။ ကိုအေးမောင်၏ တိုက်တွန်းချက်က အမှား ကြီးဖြစ်နေလေ၏။ အမှန်သည်ကား အောက်ပါအတိုင်းဖြစ်ပေ၏။
“သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံတော်မူသော ဆရာတော်ဘုရား ဓမ္မာသနပလ္လင်ပေါ်ရောက်ရှိပြီ
ဖြစ်ပါသဖြင့် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ကြရန် ညီညီညာညာ ကန်တော့ကြပါစို့ခင်ဗျား”။
“အော် မှားလည်းမှားတတ်ပါပေတယ် ကိုအေးမောင်ရယ်။” ဟူ၍သာ မိမိသည် သည်းချင်းထုတ်မိပါတော့သည်။ ထို့နောက် မိမိသည် တရားနာပရိသတ်ကို သီလပေး၊ တရားဟော၊ ရေစက်ချပေးလေသည်။ ရေစက်ချပြီး၍ ပရိသတ်အပေါင်းသာဓုခေါ်ပြီးသွားသောအခါ မိမိသည် ကထိန့်ဒါယကာ+ကထိန့်ဒါယိကာမများနှင့်တကွ တရား နာပရိသတ်အပေါင်းကို
“ ကထိန့်ဒါယကာ+ကထိန့်ဒါယိကာမများနှင့်တကွ တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ” ဟု ဆုပေးလိုက်လေသည်။ ထိုအခါ ဒကာ တော်ကိုအေးမောင်မှ အောက်ပါအတိုင်း အာဘောင်အာရင်း သန်သန်ဖြင့် မိမိကို ပြန်လည်ဆုပေးလေသည်။
“ဆရာတော်ဘုရားလည်း ကျန်းမာချမ်းသာပြီး အိန္ဒိယမှာ သာသနာပြုနိုင်သော အိန္ဒိယဖြစ်ပါစေဘုရား။” တရားနာပရိသတ်ကြီးသည်ကား မပြုံးဘဲ ၀ါးလုံးကွဲ ၀ါးကနဲရယ်ကြပေ၏။
“အော် ဒကာတော်ကိုအေးမောင်ရယ် မှားပြီးပြောတတ်အောင် သင်တန်းတက်ထားသလား”ဟုသာ မိမိ၏ စိတ် အတွင်းမှ မေးမိပါတော့သည်။
အထက်ပါကန်တော့ကျိုးတိုက်တွန်းလွှာနှင့်ပတ်သက်၍ မြစ်သားမြို့နယ် ကုက္ကိုစုရွာမှ အဖြစ်အပျက်တစ်ခု ရှိပါသေးသည်။ စပ်မိ၍ တင်ပြလိုက်ရပေသည်။ ကုက္ကိုစုရွာမှ ဒကာတော်ဦးတင်မောင်သည်ကား တရားနာ ပရိသတ်ကို တိုက်တွန်းလေ၏။
“သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသော ဆရာ တော်ဘုရား ဓမ္မာသနပလ္လင်ပေါ်ရောက်ရှိပြီဖြစ်ပါသဖြင့် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ကြရန် ညီညီညာညာ ကန်တော့ကြပါစို့ခင်ဗျား”။
ထိုသို့တိုက်တွန်းသောအခါ ထိုရွာကျောင်းဆရာတော်ဦးနန္ဒသာမိက
“သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဆို လုံလောက်ပါပြီး ဒကာကြီး၊ ၀ိမုတ္တိဂုဏ် ၀ိမုတ္တဥာဏဒဿနဂုဏ်တို့ကို တော့မထည့်ပါနဲ့ ဒကာကြီး၊ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့က အရိယာတွေမဟုတ်သေးတော့ အဲဒီဂုဏ်တွေနဲ့ မထိုက်တန်းဘူး ဒကာကြီး၊ အဲဒီဂုဏ်တွေကြတော့ အရိယာတို့နဲ့သာ ထိုက်တန်တယ် ဒကာကြီး၊ ဒါကြောင့်မ ထည့်ပါနဲ့”ဟု ဆရာတော်က သီလမပေးသေးဘဲ သြ၀ါဒပေးလေ၏။
ထိုအခါ ဦးတင်မောင်မှ
“အော် ဆရာတော်ကလဲ ကိုယ့်ဆရာတော်မို့ ကိုယ်က ဂုဏ်တင်တာ၊ ထည့်မှာဘဲဘုရား။” ဟုလျှောက်ထားလေ သည်။ နောက်ဆုံး ဆရာတော်ကပင် လက်မြှောက်အရှုံးပေးလိုက်ရလေသည်။
နောက် ဒီတိုက်တွန်းမှုနှင့်ပတ်သက်လို့ နောက်တစ်ပုဒ်တင်ပြရပေအုံးမည်။ ရွှေဘိုဘက်က ဒကာများကတော့ ကန်တော့ ရန်အတွက် တရားနာပရိသတ်ကို အောက်ပါအတိုင်း တိုက်တွန်းပေ၏။
“ဟုတ်သော်ရှိ မဟုတ်သော်ရှိ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံပေသော ရွာဦးကျောင်းဆရာ တော်ကို ရှိခိုးကြပါစို့ခင်ဗျား”
အထက်ပါ တိုက်တွန်းချက်အမျိုးမျိုးကို လေ့လာလိုက်သောအခါ အမှားတွေချည်းသာ ဖြစ်နေလေ၍ “အမှားသံ သရာ”ဟုပင် တင်စားကာ တင်ပြလိုက်ရပေတော့သည်။(အောက်၌ older posts ကို နှိပ်ပါ၊ ပုံပြင်ပေါင်း (၆၀) ကျော်ကို တွေ့ရှိပါလိမ့်မည်။)



0 comments:

Post a Comment

 

Go Up အပေါ်သို့