Pages

Saturday, February 27, 2010

“ဘယ်သူမှ မကောင်းဘူး”

အိန္ဒိယနိုင်ငံ ပုနေးမြို့တွင် မြန်မာရဟန်းတော်(၃၀) ကျော် နည်းပါးခန့် ပညာသင်ကြားလျှက်ရှိ ကြသည်။ အချို့ ရဟန်းတော်များသည် အပြင်တွင် အိမ်ငှားကာ သီင်္တင်းသုံးနေထိုင်ကြရ၍ အချို့ရဟန်းများသည်ကား အဆောင် တွင် သီတင်းသုံးနေထိုင်ကြသည်။ ကျောင်းသားများဖြစ်သည်အားလျှော်စွာ စနေ တနင်္ဂနွေနေ့များ၌သာလျှင် အများအားဖြင့် အားလပ်ရက်ကို ရကြသည်။ တနင်္ဂနွေနေ့ အားလပ်ရက် တစ်ရက်ကဖြစ်သည်။ ကျောင်းသား တိုင်း အားလပ်ရက်ဖြစ်သည့်အတွက် အဆောင်တွင် မုန့်ဟင်းခါးချက်ဘုဉ်းပေးကြသည်။ ထို့သို့ချက်ရာတွင် ဦးပညိန္ဒ သည် အပြင်ရဟန်းတော်များအတွက် မုန့်ဟင်းခါးကို ချက်ကပ်ရန် တာဝန်ယူခဲ့လေသည်။ ဦးပညိန္ဒ သည်ကား ပြီးခဲ့သောအပတ်က အဆောင်ရှိ သံဃာတော်များကို မုန့်ဟင်းခါးကပ်ခဲ့ပြီးဖြစ်လေသည်။ ဤ တနင်္ဂနွေနေ့ တွင်ကား ဦးဣန္ဒာစရိယသည် အဆောင်ရှိ သံဃာတော်များကို နံနက်ပိုင်းတွင် မုန့်ဟင်းခါးချက် ကပ်လေသည်။ ထို့နေ့က နှစ်ဦးဆုံနေလေသည်။ တနင်္ဂနွေနေ့ နံနက်ခင်းတွင်ကား ပုနေးမြို့ရှိ သံဃာတော် များသည် အလွန်အင် မတန်မှ ရခဲလှသော မုန့်ဟင်း ခါးကို မြိန်ရည်ရှက်ရည် ဘုဉ်းပေးကြရလေသည်။ ထိုနေ့ နံနက် (၁၁)နာရီခွဲ လောက်တွင်ကား နေ့ဆွမ်းဘုဉ်းပေးကြရလေသည်။ နေ့ဆွမ်းဘုဉ်းပေးချိန်တွင် အလ္လာပ သလ္လာပစကားပြောရင်း နံနက်ခင်းက မုန့်ဟင်းခါးအကြောင်း ရောက်သွားလေသည်။ ရဟန်းတစ်ပါးက
“ဒီနေ့ ဦးဣန္ဒာစရိယချက်တဲ့ မုန့်ဟင်းခါးကတော့ တော်တော်လေး ကောင်းပါတယ်၊” ဟု ချီးမွမ်းခန်းဖွင့်လေ သည်။ နောက်ရဟန်းတစ်ပါးက
“ဦးပညိန္ဒချက်တဲ့ မုန့်ဟင်းခါကလဲ ကောင်းတာပါဘဲ။”ဟု ပြောပြန်လေသည်။ ထို့သို့ ချီးမွမ်းခန်းဖွင့် နေချိန်တွင် မိမိက
“ သူတို့နှစ်ပါးတွင် ဘယ်ကိုယ်တော်က လက်ရာ အကောင်းဆုံးလဲ၊”ဟု မေးလိုက်လေသည်။ သံဃာများသည်
“တစ်ပါးက ဦးပညိန္ဒက ကောင်းတယ်၊ နောက်တစ်ပါးကလဲ ဦးဣန္ဒာစရိယက ကောင်းတယ်” ဟု စသည်ဖြင့် သူတို့၏ အမြင် အမျိုးမျိုးကို ပေးကြလေသည်။ သို့သော် သံဃာတော်များသည်ကား ဘယ်ကိုယ်တော်ကောင်း သည်ဟု ဆုံးဖြတ်ချက်မချက်နိုင်သေး၊ ထိုတွင် သံဃာတော်များထဲတွင် ၀ါတော်အကြီးဆုံး အသက်ခြောက် ဆယ်ကျော် ရှိပြီးဖြစ်သော ဆရာတော်ကြီးက အောက်ပါအတိုင်း ဆုံးဖြတ်ချက် တိတိကျကျ ပေးလိုက်လေတော့ သည်။
“ကိုယ်တော်တို့ ဟိုကိုယ်တော်ကောင်းတယ်၊ ဒီကိုယ်တော်ကောင်းတယ်၊ ငြင်းမနေနဲ့၊ တပည့်တော် ဘယ်သူ့ဘက်မှ မလိုက်ဘဲ အတိအကျ ဆုံးဖြတ်ပေးလိုက်မယ်၊ တပည့်တော်ဆုံးဖြတ်ချက်ကတော့ 'ဘယ်သူမှ မကောင်းဘူး" ။”
ထိုအခါ မိမိနှင့်တကွ သံဃာတော်အားလုံးတို့သည် ဆွမ်းပင်ဆက်မဘုဉ်းနိုင်တော့ဘဲ အူနှိပ်ရမတတ် ရယ်ကြရ လေသည်။
မိမိသည် ဆရာတော်ကြီး၏ တိကျခိုင်မာသော ဆုံးဖြတ်ချက်ကို ကြားရသောအခါ ငယ်စဉ်ကာလက ကြားဖူးခဲ့ သော သီချင်းတစ်ပုဒ်ကို ပြန်လည်သတိယမိလေသည်။ အဆိုတော်ကိုတော့ အတိအကျ မမှတ်မိတော့ပါ၊ သီချင်း သည်ကား
“ဘယ်သူမှ မကောင်းဘူး၊ အို ဟို ဟို ဟိုး” ဟူ၍ပင် ဖြစ်သည်။
နောက်ဆုံးတွင်ကား မိမိသည်
“ငယ်စဉ် ဓမ္မာစရိယတန်းဖြေစဉ်က ပါဠိပုဒ်နှစ်ပုဒ်ရှိရာတွင် ဘယ်ပါဠိပါဌ်က မှန်သည်ဟု အထောက်ပါဠိများဖြင့် အတိအကျ ဖြေဆိုရသည်။ ထိုကဲ့သို့ပင် ဆရာတော်ကြီးသည် သူရဲ့ဆုံးဖြတ်ချက်ကို ထိုသီချင်းကို ထောက်ပြီး ဆုံးဖြတ်ချက်ကို ပေးလိုက်လေရော့သလား” ဟု စဉ်းစားနေမိပါတော့သည်။



0 comments:

Post a Comment

 

Go Up အပေါ်သို့