Pages

Monday, February 22, 2010

အလကားရရင် တောမီးကို ချွေးထွက်အောင်လှုံမယ်

မိမိသည် ပုနေးတက္ကသိုလ်ကို တက်နေတော့ နိုင်ငံအတော်များများမှ ကျောင်းသားများနှင့် ရင်းနှီးခွင့် ရရှိခဲ့သည်။
ထိုသူငယ်ချင်းများထဲတွင် မိမိနှင့် အခန်းချင်းကပ်လျှက် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ရှိသည်။
သူသည် တောင်ကိုးရီးယားနိုင်ငံမှဖြစ်သည်။ အသက်ကား ၄၅လောက်ရှိမည်ထင်သည်။
သူသည် ကပ်စေးအလွန်နည်းသည်။ အိန္ဒိယနိုင်ငံမှ တက္ကစီဒရိုင်ဘာများနှင့် ဈေးသည်များသည် နိုင်ငံခြားသားများကို အများအားဖြင့် ဈေးနှုန်းကို ပိုတောင်း လေ့ရှိသည်။ သို့သော် အိန္ဒိယနိုင်ငံသားတို့သည် အာဂန္တုကသူဌေးရဲ့ ဘိုးအေ ထိုတောင်ကိုးရီးယားနိုင်ငံသားနှင့် တွေ့မှ လက်မြှောက်အရှုံးပေးကြရသည်။ သူသည် တက္ကစီကို ဘယ်တော့မှ မစီးပါ။
ဈေးကြီးသော အစားအစာများကို ဘယ်တော့မှ ၀ယ်စားလေ့မရှိ။ အထက်ပါအချက်များသည် မိမိသူငယ်ချင်း၏ နှိုင်းတုမရသော ဂုဏ်ပုဒ်တို့ပင် ဖြစ်ပါပေ၏။
တစ်နေ့ မိမိသည် ပြောင်းဖူးများကိုင်ပြီး ပြန်လာလေသည်။ မိမိကိုတွေ့သောအခါ ထိုကိုးရီးယားကြီးမှ
“အရှင်ဇ၀န ပြောင်းဖူးတွေဘယ်လောက်ပေးရလဲ” ထိုအခါ မိမိက
“သုံးဖူးကို ရူပီး ၂၀ ပေးရတယ်”
“အား အရှင်ဇ၀န အညာခံလိုက်ရပြီ၊ မနေ့က တပည့်တော် ၀ယ်တာ ငါးဖူးမှ ၁၅ရူပီးဘဲ ပေးရတယ်”
“ဟ သူငယ်ချင်း ဘယ်လိုများ ငါးဖူးကို ၁၅ရူပီးနဲ့ ရအောင်ဝယ်ခဲ့သလဲ ၊နည်းလမ်းလေးဘာလေး ပေးပါအုံး”
“ငါးဖူးကို ဘယ်လောက်လဲလို့ ဈေးသည်ကို မေးတယ်။ ဈေးသည်က နှစ်ဆယ်လို့ပြောတယ် တပည့်တော်လဲ ရူပီးဆယ့်ငါးကျပ်လောက်နဲ့ဆစ်တယ်။သူကမရဘူးလို့ပြောတယ်၊ အဲဒီတော့ တပည့်တော်က မရရင်ပြန်မယ်ဆိုပြီးဟန်ဆောင်လိုက်တယ်၊ဟန်လဲဆောင်လိုက်ကော
ဈေးသည်က အိုသူငယ်ချင်းလာပါ၊ ငါးဖူးကို ၁၅ရူပီးနှင့် ပေးပါမယ်ဟု ပြောပြီးပေးလိုက်တယ်၊ အဲဒီတော့ ငါးဖူး၁၅ရူပီးနဲ့ ရခဲ့တာဘဲ သူငယ်ချင်း”ဟု သူကရှင်းပြလေသည်။
တစ်နေ့ သူသည် စာအုပ်များဝယ်ပြီးပြန်လာသော မိမိကို မြင်သောအခါ
”ဟ အရှင်ဇ၀န စာအုပ်တွေဝယ်လာတာလား၊ စာအုပ်များ ငွေကုန်အောင် ၀ယ်ဖတ်နေသေးတယ်၊ တပည့်တော်ကတော့ စာအုပ်ဘယ်တော့မှ မ၀ယ်ဘူး၊ စာအုပ်ဆိုင်မှာဘဲ သွားဖတ်တယ်၊မှတ်တယ်။”
တစ်ခုသော နံနက်ခင်းမှာ မိမိသည် မီးဖိုချောင်မှာ ချက်ပြုတ်နေစဉ် ထိုကိုးရီးယားကျောင်းသားကြီးသည် အပြင်မှ ပြန်လာလေသည်။
မိမိချက်ပြုတ်နေသည်ကိုမြင်သည့်အခါ မီးဖိုချောင်ထဲဝင်လာကာ
“အရှင်ဇ၀နရေ ဒီနေ့စာအုပ်ဆိုင် စာသွားဖတ်ရတာ ကံမကောင်းဘူး၊”
“ဟ ဘယ်လိုဖြစ်လာတာလဲသူငယ်ချင်းရ”
“တပည့်တော်က စာအုပ်တွေဖတ်၊ ရေးမှတ်နေတုန်းရှိသေးတယ်၊စာအုပ်ဆိုင်က ကောင်က (My friend! this is not library.) သူငယ်ချင်း ဒါစာကြည့်တိုက်မဟုတ်ဘူး လို့ လူကြားထဲ လာပြောတယ်အရှင်ဘုရား၊ တပည့်တော် ဖြင့် ရှက်လိုက်တာ။” ထိုအခါ မိမိသည်
သူငယ်ချင်းရေ သတိသာထားပေတော့ နောက်တစ်ခါဆို အရိုက်ခံရလိမ့်မယ်” ဟု စလိုက်လေ၏။
သူသည် တနင်္ဂနွေနေ့ရောက်လျှင် အဆောင်မှ ပျောက်သွားတတ်သည်။ သို့ဖြစ်၍ မိမိသည်
”သူငယ်ချင်း တနင်္ဂနွေနေ့ရောက်ရင် အပြင်အမြဲတမ်းထွက်တယ်၊ ဘာကြောင့် အပြင်သွားတာလဲ”
ဤတွင် သူက
“အဆောင်မှာ တစ်ယောက်တည်းဆိုတော့ ဟင်းကောင်းကလဲ မချက်ဖြစ်ဘူး၊ တပည့်တော်တို့ ကိုးရီးယားတွေ စုတက်တဲ့ ခရစ်ယာန်ဘုရားကျောင်းရှိတယ်၊ အဲဒီကို ဘုရားကျောင်းသွားတက်တယ်၊ အဲဒီသွားတက်ရင် ထမင်းကောင်း ဟင်းကောင်းစားရတယ်။”
“ငွေတွေဘာတွေမလှူရဘူးလား”
“လှူရတာပေါ့၊ ရူပီးတစ်ဆယ်လောက်လှူလိုက်တာဘဲ၊”
“နည်းလှချည့်လား သူငယ်ချင်းရ၊ အလှူခံတဲ့ ပုဂ္ဂိုလ်တွေက ဘာမှ မပြောဘူးလား၊”
“ ပြောတာပေါ့၊ နည်းတယ်တဲ့၊ တခြားကိုးရီးယားတွေက အနည်းဆုံးရူပီ ၂၀၀လှူတယ်၊ မင်းက ရူပီး တစ်ဆယ်ထည်းတဲ့၊ ကျန်တဲ့ ကိုးရီးယားတွေက ချမ်းသာတယ်၊ ငါက ဆင်းရဲတယ်လို့ပြောလိုက်တယ်လေ၊ အဲဒီကနောက် ငါ့ကို ဘာမှ မပြောတော့ဘူး။”
မိမိသည် “အော် တော်တော်လယ်တဲ့ ကိုးရီးယားပါလားလို့” ဟု စိတ်အတွင်းကပင် ချီးကျူးနေမိပါသည်။
သူသည် ဘီအေတန်းတက်နေသည်။ ဘီအေတန်းကို သုံးနှစ်တက်ရသည်။ သို့သော်သူသည်ကား ခြောက်နှစ်တက်သည်။
ထိုအခါ မိမိသည်
“သူငယ်ချင်း ခြောက်နှစ်တောင်တက်တယ်ဆိုတော့ စာကခက်လို့လား”
စာက မခက်ဘူး၊ အတန်းပြီးသွားရင် တပည့်တော်နိုင်ငံကို ပြန်ရမှာ ပျင်းလို့၊ တပည့်တော်နိုင်ငံကို မပြန်ချင်လို့ တစ်တန်းကို နှစ်နှစ်ပြည့်မှ အောင်အောင်ဖြေတယ်၊ ခုတော့ ခြောက်နှစ်ပြည့်ပြီ၊ တပည့်တော်နိုင်ငံလဲ မပြန်ချင်ဘူး၊ ဘယ်နိုင်ငံသွားရမှန်းကို မသိတော့ပါဘူး၊”
“ ဦးဇင်းတို့ နိုင်ငံသွားပါလား၊ ထေရ၀ါဒတက္ကသိုလ်ဆိုတာရှိတယ်၊ နိုင်ငံခြားသားကျောင်းသားတွေ တက်နေကြတယ်၊ စားရေး သောက်ရေး နေရေး ထိုင်ရေးအားလုံးကို အစိုးရက တာဝန်ယူတယ်၊ သွားတက်ပါလား၊”
“ဟာဟုတ်လား သွားတက်မယ် အရှင်ဇ၀နရေ၊ တပည့်တော်ကလဲ ကိုးရီးယားကို မပြန်ချင်တာနဲ့ အကိုက်ဘဲ၊”
“သို့သော် ကျောင်းတက်ပျင်းလို့တော့ မရဘူးနော် နှင်ထုတ်ခံရမယ်၊ စည်းကမ်းကြီးတယ်နော်”
“ကျောင်းတက်ချိန် ဘယ်နှစ်ရာခိုင်းနှိုင်းသတ်မှတ်လဲ အရှင်ဇ၀နရေ”
“ကျောင်းတက်နှုန်းကတော့ ၇၅ရာခိုင်နှုန်းသတ်မှတ်တယ်၊”
“ဒါဆိုနှစ်ဆယ့်ငါးရာခိုင်နှုန်း ပျက်လို့ရတယ်ပေါ့”
“အဲဒီလောက်တော့ ရပါတယ်၊”
“ဒါဆိုကူညီစမ်းပါအုံး၊ အဲဒီသွားတက်မယ်လေ”
သို့ဖြစ်၍ မိမိသည် ထေရ၀ါဒတက္ကသိုလ်ရဲ့ အီးမေးလ်လိပ်စာကို ပေးလိုက်ရသည်။ သူသည်လည်း
ထေရ၀ါဒတက္ကသိုလ်ကို ယခုချက်ချင်း ဆက်သွယ်မယ်ဆိုသော ရည်ရွယ်ချက်ဖြင့် သူ့အခန်းကို ချက်ချင်းပြန်သွားလေသည်။ ဆယ်မိနစ်ခန့် အကြာတွင် မိမိထံ ပြန်ရောက်လာသည်။
“အရှင်ဇ၀နရေ ထေရ၀ါဒတက္ကသိုလ်ကို မတက်ချင်တော့ဘူး၊”
“ဘာဖြစ်လို့လဲ သူငယ်ချင်းရ”
“တပည့်တော်က ထေရ၀ါဒတက္ကသိုလ်အီးမေးလိပ်စာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် 'Donate now!' ယခုလှူပါဆိုတဲ့ စာတမ်းကြီးထွက်ပေါ်လာတယ်၊
ထေရ၀ါဒတက္ကသိုလ်က အလှူခံတယ်နဲ့တူတယ်၊ အဲဒီကို မတက်ချင်တော့ဘူး၊”
“ဒါက သူငယ်ချင်း, လှူချင်ရင်လဲ ရတယ်၊ မလှူချင်ရင်လဲ ရတယ်၊ ကိစ္စမရှိပါဘူး၊”
“အော် ဒီလိုလား၊ ဒါဆိုရင်တော့ တပည့်တော်သွားတက်မယ်လေ၊ ကူညီအုံးနော်။” ဟုပြောကာ သူ့အခန်းဆီသို့ ပြန်သွားလေတော့သည်။
ထို့နောက်တွင် မိမိသည်ကျောက်ပန်းတောင်ဆရာတော်ဦးဝါယမက မိမိကို နောက်ပြောင်ပြောလေ့ရှိသော စကားများကို ပြန်လည်သတိယကာ တွေးတောလျှက် ကျန်ရစ်နေခဲ့ပါတော့သည်။
“ဇ၀နရေ!လောကမှာ ငါအမုန်းဆုံး ပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်၊ တစ်ယောက်ကတော့ ငါ့က အလှူခံရင် မလှူတဲ့ ပုဂ္ဂိုလ်၊ နောက်တစ်ယောက်ကတော့ ငါ့ဆီကို လာအလှူခံတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်နှစ်ယောက်ကိုတော့ အမုန်းဆုံးဘဲကွ၊ ခုလဲ မိမိ၏ သူငယ်ချင်းဖြစ်သူ ကိုးရီးယားကြီးသည်လည်း သူ့ဆီကို အလှူခံရင်တော့ အမုန်းဆုံးပုဂ္ဂိုလ်စာရင်းသွင်းမယ့် သဘောရှိပါပေ၏၊ သို့သော် သူများဆီက အလကားရမယ်ဆိုရင်တော့ တောမီးတောင် ချွေးထွက်အောင်လှုံမယ့် သဘောမျိုးရှိလောက်ပါပေ၏။”
(အောက်၌ older postsကို နှိပ်ပါ၊ ပုံပြင်ပေါင်း ၆၀ ကျော်ကို တွေ့ရပေအံ့။)





0 comments:

Post a Comment

 

Go Up အပေါ်သို့