Pages

Tuesday, March 9, 2010

“မြတ်ဗုဒ္ဓ၏ ကျေးဇူးဆပ် ဓမ္မခရီးစဉ် (၂)”

မြတ်ဗုဒ္ဓသည် ကာဠုဒါယီမထေရ်၏ လျှောက်ထားတောင်းပန်ချက်အရ ရာဇဂြိုဟ်ပြည်မှ ကပိလ၀တ်ပြည်သို့ နောက်ပါ ရဟန်းတော် နှစ်သောင်းနှင့်အတူ ကြွချီတော်မူခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလပြည့်ကျော်တွင် ခရီးစဉ်ကို စတင်တော်မူခဲ့ပါသည်။ ရာဇဂြိုဟ်ပြည်မှ ကပိလ၀တ်ပြည်သည် ယူဇနာ ပေါင်း (၆၀)ဆယ်ဝေးသဖြင့် တစ်နေ့ကို တစ်ယူဇနာနှုန်းဖြင့် ကြွချီတော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ကပိလ၀တ် ပြည်သို့ ကြွတော်မူစဉ် ကာဠုဒါယီမထေရ်သည်
“မြတ်ဗုဒ္ဓသည် ကပိလ၀တ်ပြည်သို့ ချီတော်မူလာပြီဖြစ်ကြောင်းကို ရှေးဦးစွာ မင်းကြီးကို သတင်းပို့ရရင်ကောင်း မှာဘဲ” အကြံဖြစ်တော်မူခဲ့လေ၏။ သူသည် အဘိညာဉ်တန်ခိုးဖြင့် ရှေးဦးစွာ နေပြည်တော်သို့ ကြွချီတော်မူ၍ နန်းတော်အတွင်းသို့ ဆင်းသက်တော်မူခဲ့ပါသည်။ သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီမထေရ်ကို မြင်လျှင် အလွန်ဝမ်းမြောက်စွာဖြင့် ပလ္လင်တော်ပေါ်မှ ဆင်းသက်ပြီး နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်တော်မူပါသည်။ “ချစ်သား ကာဠုဒါယီ မြင့်တဲ့ ပုဂ္ဂိုလ်များနဲ့ သင့်တော်တဲ့ ပလ္လင်တော်ပေါ်ဝယ်ထိုင်တော်မူပါ။” ဟု ပြောကြားပြီး နောက် မင်းကြီးသည်ကာဠုဒါယီမထေရ်ကို အလွန်အင်မတန်မှ ကောင်းမွန်သော ဆွမ်းနှင့် ဆွမ်းဟင်းတို့ကို ကပ်လှူတော်မူလေသည်။ ဆွမ်းကို ကပ်လှူပြီးနောက် ကာဠုဒါယီမထေရ်သည် ပြန်ကြွဘို့ရန် ပြင်ဆင်နေစဉ် မင်းကြီးသည်
“ချစ်သား ကာဠုဒါယီ ပလ္လင်တော်ပေါ်မှာဘဲ ဆွမ်းကို ဘုဉ်းပေးတော်မူပါဘုရား၊” လျှောက်သောအခါ ကာဠုဒါယီ မထေရ်သည်
“မြတ်သော မင်းကြီး ငါသည် မြတ်ဗုဒ္ဓရဲ့ထံတော်ပါးမှာဘဲ ဆွမ်းကို ဘုဉ်းပေးတော်မူမယ် ”ဟု
ပြန်လည် မိန့်တော်မူခဲ့လေသည်။ထိုအခါ မင်းကြီးသည်
“ချစ်သား ကာဠုဒါယီ ယခု ငါ့သားတော်ဘုရားက ဘယ်မှာလဲ” ဟု မေးမြန်းလေတော့သည်။ ကာဠုဒါယီမထေရ် သည်လည်း
“မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ယခုအခါ နောက်ပါရဟန်းတော် ၂၀၀၀၀နှင့်အတူ မင်းကြီးကို တွေ့ ၇န် ကြွလာပြီဖြစ်ကြောင်း ပြောကြားလိုက်သောအခါ မင်းကြီးသည် သတင်းကောင်းကို ကြားလိုက်ရတော့ အလွန် ပင်လျှင် ပီတိသောမနဿတွေဖြစ်ကာ
“တပည့်တော် အရှင်ဘုရားကို ရှိခိုးပါ၏၊ အရှင်ဘုရားကတော့ နေ့စဉ် နန်းတော်မှာဘဲ ဆွမ်းကို ဘုဉ်းပေး တော်မူ ပါ။ တပည့်တော်ရဲ့သားတော်ဘုရားခရီးစဉ် မပြီးဆုံးသေးသရွေ့ သူ့အတွက် ဆွမ်းကို အလှူခံဘို့၇န် နေ့စဉ် နန်း တော်သို့ ကြွတော်မူပါဘုရား။” ဟု လျှောက်ထားလေသည်။ ကာဠုဒါယီမထေရ်သည်လည်း ဆိတ်ဆိတ်နေခြင်း ဖြင့် မင်းကြီး၏ ဖိတ်ကြားမှုကို လက်ခံတော်မူခဲ့ပါသည်။ နန်းတော်တွင် မထေ၇်မြတ်ကို ဆွမ်းကပ်ပြီးနောက် မင်းကြီးသည် သပိတ်တော်ကို ပြောင်စင်စွာ နံ့သာရေတို့ဖြင့် ဆေးကြောစေပြီး အလွန်အင်မတန်မှ မွန်မြတ်လှစွာ သော ဆွမ်း ဆွမ်းဟင်းတို့ကို ထည့်ကာ
“အရှင်ဘုရား ဤဆွမ်း ဆွမ်းဟင်းတို့ကို မြတ်စွာဘုရားကို ဆက်ကပ်တော်မူပါဘုရား၊” ဟု လျှောက်ထားကာ မထေရ်မြတ်၏ လက်တော်သို့ သပိတ်ကို ဆက်ကပ်လိုက်လေတော့သည်။ ထို့နောက် မထေ၇်သည် သူ၏ သပိတ်ကို ပွေ့ကာ မင်းကြီးနှင့် အမတ်ကြီးများ တိုင်းသူပြည်သားများရှေ့မှာပင် ကောင်းကင်ခရီးဖြင့် ပြန်ကြွသွား တော်မူခဲ့ ပါသည်။


0 comments:

Post a Comment

 

Go Up အပေါ်သို့