Pages

Wednesday, May 12, 2010

သာသနပါလကျောင်းမှ ဟာသများ အမှတ် (၃)

မိမိ၏ စာဖတ်ပရိသတ်မှ သာသနပါလကျောင်းမှ ဟာသများကို ရေးပေးပါရန် တောင်းဆိုလာသဖြင့် ဆက်လက် ရေးသားပေအံ့။ တစ်နေ့သောညနေခင်း ကိုရင်နန္ဒသာမိတို့ ကိုရင်တစ်စုသည် စာအံကျောင်းဆင်းပြီးနောက် ပန်း စင်အောက်၌ ထိုင်ကာ စကားပြောနေကြသည်။ ထိုစဉ် ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်က
“ဟေ နန္ဒသာမိလာစမ်း! မနက်ဖြန်တက္ကသိုလ်နားက မဟာမြိုင်မှာ ဆွမ်းကြီးလောင်းပွဲရှိတယ်၊ စာရေးတန်မဲတွေ လဲပါတယ်၊ အဲဒါ ငါ့အစား မင်းလိုက်သွား၊ အေး မဲကောင်းရအောင်နှိုက်ခဲ့နော်၊ မဲကောင်းက ကျစ်ကျစ်ကလေး လိပ်ထားတာများတယ်၊ ကျစ်နေတဲ့ မဲကို ရွေးနှိုက၊် ဒါမှ မဲကောင်းပေါက်မှာ၊ ရလာတဲ့ ၀တ္ထုငွေတစ်ဝက်ကို မင်းကို စွန့်မယ်၊ မနက်အစောလေးနာရီထသွားနော်၊ ဒါက ဆွမ်းလောင်းပွဲလက်မှတ်၊ အမှတ်စဉ်နံပါတ်က(၂၀၀)နော် သူတို့က အမှတ်စဉ်အတိုင်း ခေါ်လိမ့်မယ်၊ မင်းအလှည့်ကျရင် ၀င်နှိုက်ပေါ့ကွာ၊” ထိုအခါ ကိုရင်နန္ဒသာမိသည်
“မှန်ပါ့ဘုရား”ဟု ပြန်လည်လျှောက်ထားကာ လက်မှတ်ကို ယူထားလိုက်လေသည်။ ကိုရင်နန္ဒသာမိသည် သူ့ဘ၀ တွင် ဒီတစ်ခါသာ ဆွမ်းကြီးလောင်းလက်မှတ်ကို ရဖူးသည်။ လက်မှတ်ကို ကိုင်ကာ တစ်ညလုံးအိမ် မပျော် ခဲ့ပါ၊
“အွန်း တစ်ထောင်သာ မဲပေါက်လို့ကတော့ ငါးရာက ငါရမှာ၊ ဒါဆိုရင်တော့ ဘိုမတက်ထွန်သင်္ကန်းလေးတစ်စုံ တော့ဝယ်အုံးမှ၊” စိတ်ကူးများပင်ယဉ်နေတော့သည်။ နံနက်လေးနာရီထိုးပါပြီ၊ ကိုရင်နန္ဒသာမိသည် မျက်နှာကို ကမန်းကတန်းသစ်ကာ ဆိုက်ကားကို အသွားအပြန် ငှားသွားလေသည်။ သူရောက်သွားသောအခါ ဆွမ်းကြီး လောင်းပွဲမစသေးပါ၊ သံဃာတော်များကို ယာဂုဆွမ်းများကပ်နေလေသည်။ သို့ဖြစ်သဖြင့် ကိုရင်နန္ဒသာမိသည် ယာဂုဆွမ်းကို အားပါးတရဘုဉ်းပေးလိုက်သေးသည်။ ငါးနာရီခွဲခန့်တွင် ဆွမ်းကြီးလောင်းပွဲစပါပြီ၊ ခြောက်နာရီ လောက်တွင် ဂေါပကလူကြီးများက
“ အမှတ်စဉ်(၁၉၀)မှ အမှတ်စဉ်(၂၀၀)အထိ လက်မှတ်ကိုင်ဆောင်ထားသော ဆရာတော်သံဃာတော်များ စာရေးတန်မဲ နှိုက်ရန် ကြွတော်မူပါဘုရား၊” ဟု ပင့်နေလေပြီ။ ထိုအသံကို ကြားရသောအခါ ကိုရင်နန္ဒသာမိသည် သူ၏ လက်မှတ်ကို ကြည့်လိုက်သည်။ သူ၏ အလှည့်ကျရောက်ပြီဖြစ်ကြောင်းကို သိရသည်။ သို့ဖြစ်သဖြင့် ကိုရင် နန္ဒသာမိသည် ကြွသွားလေသည်။ သူ၏ ရှေ့မှ ကိုယ်တော်များသည် တစ်ထောင်မဲ ငါးရာမဲ နှစ်ရာမဲ စသည်ဖြင့် ပေါက်ကြသည်။ ကိုရင်နန္ဒသာမိအလှည့်ရောက်သောအခါ ဂေါပကလူကြီးများက
“ကိုရင်လေး မဲကောင်းကောင်းပေါက်အောင်နှိုက်နော်”ဟု လျှောက်ထားကို မဲလိပ်ထည့်ထားသော ငွေဖလားကို ကမ်းပေးသည်။ ကိုရင်နန္ဒသာမိသည် လက်တုန်တုန်ရီရီဖြင့် သူ့ဆရာဦဇင်းကျော်စိန်မှာထားသည့်အတိုင်း ကျစ် သော မဲလိပ်ကို နှိုက်လိုက်သည်။ ထို့နောက် ဂေါပကလူကြီးတစ်ယောက်က
“၀တ္ထုငွေ နှစ်ဆယ့်ငါးကျပ်တန် ပဒေသာပင်နှင့် ပြက္ခဒိန်တစ်ခုပါဘုရား”ဟု မိုက်ဖြင့်ကျယ်လောင်စွာအော်လိုက် လေသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင် ကိုရင်နန္ဒသာမိသည် မပျော်နိုင်တော့ပါ၊ သူ၏ ကျောင်းမှာ တွေးခဲ့သော အတွေးစများသည်လည်း ပျောက်ပျက်လေကုန်ပြီ။ ဆွမ်းလောင်းပွဲအပြီး ကိုရင်နန္ဒသာမိသည် ဆိုက် ကားဖြင့် ကျောင်းသို့ပြန်ကြွလာလေပြီ။ အပြန်လမ်းတွင်တော့ တက်ကြွနေသော စိတ်တို့သည်လည်း ငြိမ်ဝပ်သွားလေတော့သည်။ စိတ်ကူးယဉ်မှုများသည်လည်း လေထဲတွင် ပျောက်ပျက်သွားလေတော့သည်။ ကိုရင်နန္ဒသာမိကျောင်းထဲဝင်သည်ကို မြင်လျှင်မြင်ချင်း မျှော်လင့်ချက်ဖြင့် စောင့်နေသော ဦးဇင်းကျော်စိန်က
“ဟ နန္ဒကြီး မဲဘယ်လောက်ပေါက်ခဲ့သလဲကွ”ဟု ကိုရင်နန္ဒသာမိ၏ လျှောက်ထားမှုကို မစောင့်တော့ဘဲမေးလေ တော့သည်။ ကိုရင်နန္ဒသာမိသည် သူ၏ ဆွမ်းလောင်းပွဲနှင့် ပတ်သက်သော အကြောင်းကို ရှင်းပြလိုက်သောအ ခါတွင် ဦးဇင်းကျော်စိန်သည် ပလန်လက် ပက်လက်လန်သွားလေတော့သတည်း။ ကိုရင်နန္ဒသာမိ၏ လျှောက် ထားချက်သည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
“ဘုန်းကြီးဘုရား တပည့်တော်ဒီနေ့ ဆိုက်ကားငှားပြီး ဆွမ်းလောင်းပွဲကို သွားပါတယ်ဘုရား၊ ဘုန်းကြီးပြောသလို တပည့်တော်က ကျစ်နေတဲ့ မဲလိပ်ကို နှိုက်ပါတယ်ဘုရား၊ သို့သော် ဘုန်းကြီးပြောသလို ပေါက်မဲက နံပါတ်တစ်မဲ မဟုတ်ဘဲ အစိတ်တန်ငွေပဒေသာပင်နဲ့ ပြက္ခဒိန်ဖြစ်နေပါတယ်ဘုရား၊ တပည့်တော်က ဆိုက်ကားအသွားအပြန် ငှားသွားတယ်ဘုရား၊ ဆိုက်ကားခက ၅၀ကျပ်ကျပါတယ်ဘုရား၊ နောက်ထပ်ငွေအစိတ်လိုနေပါတယ်ဘုရား၊ အဲဒါ ကြောင့် ဆိုက်ကားခငွေအစိတ် စွန့်ပါအုံးဘုရား။”ဟူသတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့