Pages

Friday, August 6, 2010

“အတွေးလွန်သွားသော ကိုရင်လေးများ”

တစ်ခါက ရွာတစ်ရွာ ရွာဦးကျောင်းတွင် ကိုရင်လေးတစ်ပါးရှိလေသည်။ ကိုရင်လေးသည် နေ့စဉ်ပင် ရွာအတွင်းသို့ ဆွမ်းခံကြွလေသည်။ တစ်နေ့ ဆွမ်းခံကြွစဉ် ရွာအတွင်းမှ အမျိုးသမီးကလေးတစ်ယောက်က ကိုရင်လေးအား ဟင်းတစ်ခွက် လောင်းလှူလိုက်လေသည်။ ကျောင်းရောက်သောအခါ ကိုရင်လေးသည် အမျိုး သမီးကလေး လောင်းလှူလိုက်သော ဟင်းခွက်ကို ဖွင့်ကြည့်လိုက်ရာ အရည်ကြဲကြဲ ပဲဟင်းကလေး ဖြစ်နေလေ သည်။ ထိုအခါ ကိုရင်လေးသည်
“အင်း ဒကာမလေးလောင်းလိုက်တဲ့ ပဲဟင်းက အရည်ကြဲကြဲလေးဖြစ်တယ်၊ ဒါဟာ သူ့ကို ခပ်ကြဲကြဲမဆက်ဆံဘို့ ပြောတဲ့သဘောပဲဖြစ်ရမယ်၊ အွန်း ဒီနေ့က စပြီး ဆွမ်းခံပြတ်လို့ မဖြစ်ဘူး၊ မှန်မှန်ကြွမှဖြစ်မယ်၊ သူ့ကိုလဲ စကား များများပြောပေးမှ ဖြစ်မယ်”ဟု အကြံအစည်ဖြစ်လေတော့သည်။ ထိုကဲသို့ အကြံအစည်ဖြစ်မယ်ဆိုလဲ ဖြစ် လောက်ပေရာ၏။ ကိုရင်လေးနှင့် ထိုဒါယကာမလေး၏ အသက်အရွယ်သည်ကား ရွယ်တူပင်ဖြစ်နေလေသည်။ နောက်ရက် ကိုရင်ကလေးဆွမ်းခံကြွသည်။ အမျိုးသမီးကလေးသည် ထုံးစံအတိုင်း ကိုရင်ကလေးအား ဆွမ်း လောင်းလှူသည်။ ထို့နောက် ဆွမ်းဟင်းလောင်းလှူသည်။ ကိုရင်ကလေးသည် ကျောင်းရောက်သောအခါ အမျိုးသမီးကလေးက လောင်းလှူလိုက်သော ဆွမ်းဟင်းခွက်ကို ထုံးစံအတိုင်း ဖွင့်ကြည့်လိုက်ရာ အရည် ခပ်ပြစ်ပြစ် ချက်ထားသော ပဲဟင်းလေးပင်ဖြစ်နေလေသည်။ ကိုရင်လေးသည်
“အွန်း ဒကာမလေးက ငါ့ကို အရည်ခပ်ပြစ်ပြစ်ပဲဟင်းလောင်းလိုက်တာဟာ သူ့ကို ပစ်မထားဘို့၊ သူ့ကို လာခိုးဘို့ပြောတာဖြစ်ရမယ်”ဟု စဉ်းစားပြီး အမျိုးသမီးကလေးကို သွားခိုးရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက် လေသည်။ ထိုနေ့က ကိုရင်ကလေးသည် ဆွမ်းမဘုဉ်းပေးနိုင်တော့ပါ။ နေ့တာသည်ကာ အလွန်ပင်ရှည်လျား သည်ဟု ကိုရင်လေး ထင်မှတ်နေလေသည်။ ညအချိန်ကို မရောက်နိုင်သေးပါ။ သန်းခေါင်းယံအချိန်ကို ရောက်ဘို့ရန် ကိုရင်လေးသည် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရလေသည်။ ညသန်းခေါင်ယံအချိန်ရောက်ပါပြီ ကိုရင်လေးသည် တစ်ပါးတည်း ရွာအတွင်းဝင်သွားသည်။ ပြီးနောက် ကိုရင်လေးသည် အမျိုးသမီးကလေး၏ အိမ်အောက်သို့ ၀င်ကာ
“ချစ်နှမ ထလော့၊ ချစ်နှမ ထလော့၊ မောင်ကြီး နှမကို လာခိုးတာလေ” ဟု ဆိုကာ အမျိုးသမီးကလေးကို နှိုးလေ တော့သည်။ ထိုအခါ အမျိုးသမီးကလေးသည်
“လာကြပါအုံး သူခိုး သူခိုး”ဟု ကြောက်လန့်တကြား အော်လိုက်ရာ ရွာသားများရောက်လာကာ ကိုရင်လေးကို ဖမ်းမိသွားလေသည်။ သို့ဖြစ်သဖြင့် ကိုရင်လေးကို သူကြီးထံ ခေါ်သွားရာ သူကြီးက
“ကဲ ကိုရင်လေးဘာကြောင့် ဒီအမျိုးသမီးကလေးရဲ့ အိမ်အောက်ကို ၀င်ရတယ်ဆိုတဲ့ အကြောင်းကို ရှင်းပါအုံး ဘုရား”ဟု မေးလျှောက်သောအခါ ကိုရင်လေးက
“ဒကာကြီးရယ် အဲဒီအမျိုးသမီးလေးပဲ ခပ်ကြဲကြဲမဆက်ဆံပါနဲ့ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပဲဟင်းခပ်ကြဲကြဲလောင်း ခဲ့တယ်၊ ပြီးတော့ ပစ်မထားပါနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ ခပ်ပြစ်ပြစ်ပဲဟင်း လောင်းလေတော့ ကိုရင်လဲ သူ့ကို ခိုးခိုင်း တယ်ထင်ပြီး အိမ်အောက်ကို ၀င်ကာ သူ့ကို ခိုးဘို့ရန် နှိုးမိပါတယ် ဒကာကြီးရယ်”ဟု ရှင်းပြသောအခါမှ သူကြီး လည်းသဘောပေါက်သွားလေသည်။ သူကြီးသည်
“ကဲကဲ ဒီကိစ္စက ကိုရင်လေး အတွေးလွန်ပြီး ဖြစ်သွားတဲ့ ကိစ္စဆိုတော့ ငါ့တူမလေးကလဲ ကိုရင်ကို ခွင့်လွှတ် လိုက်ပါ၊ ကိုရင်ကလဲ နောင်ကို ဒါမျိုးမလုပ်ပါနဲ့ဘုရား”ဟု ကလေး မလေးနှင့် ကိုရင်ကြား ဖြန်ဖြေပေးလိုက်သည်။ ဆက်လက်၍ သူကြီးက ရွာသားများကိုလည်း ကိစ္စပြီးသွားပြီဖြစ်သည့်အတွက် မိမိတို့၏ အိမ်အသီးသီးသို့ ပြန်ကြရန် တိုက်တွန်းလိုက်လေသည်။ ထို့နောက် ရွာသားများသည်လည်း
“အော် တော်တော် အတွေးလွန်တဲ့ ကိုရင်ပဲ”ဟု ပြောကာ သူတို့၏ အိမ်အသီးသီးသို့ ပြန်သွားကြလေတော့ သတည်း။
အတွေးလွန်မှုနှင့်ပတ်သက်လာသဖြင့် နောက်ပုံပြင်တစ်ပုဒ်ဆက်လိုပါ၏။
“ကံစမ်းတော့ မန်း”ဆိုသည်စကားပုံလေးတစ်ခုသည် သံဃာတော်များအကြားတွင် ရေပန်းစားလျှက်ရှိသည်။ အဓိပ္ပာယ်မှာ မိမိ၏ကံကောင်း မကောင်းသိလိုလျှင် မန္တလေးမြို့ကို တက်ပြီး စာသင်ကြည့်ပါ။ မန္တလေး မြို့ရောက်၍ ဆွမ်းဒါယကာ ဆွမ်းဒါယိကာမပေါလျှင်ကား ထိုသံဃာတော်ကို ဘုန်းကြီးသော သံဃာဟုပင် ခေါ်ဆို ထိုက်ပါပေ၏။ ထို့သို့မဟုတ်မူ ဘုဉ်းကံနည်းပါးသော သံဃာဟုပင် မှတ်ထိုက်ပါပေ၏။ မန္တလေးမြို့ရှိ သံဃာအရေ အတွက်သည် မြို့နှင့်မလိုက် အလွန်အင်မတန်မှများလှပါပေ၏။ သို့ဖြစ်သဖြင့် သံဃာတော်များအနေဖြင့် ဆွမ်းကွမ်းရှားပါးလှပေ၏။ ထိုင်အိမ် ဆွမ်းဒါယကာ+ဆွမ်းဒါယိကာမရဘို့ရန်ကား ခက်ခဲလှပေသည်။ ဆွမ်းရှား ပါးခြင်းသည်ကား မန်းမြို့သူ မြို့သားတို့က သဒ္ဓါတရားမရှိ၍ မဟုတ်ပေ။ သံဃာအရေအတွက်သည်ကား အလွန် များလွန်သဖြင့် မထိမ်းနိုင်ခြင်းဖြစ်ပါပေ၏။ ဘုန်းကံမရှိသော ဆွမ်းခံအိမ်မရှိသော ကိုယ်တော်များအနေဖြင့်ကား ဘုံလောင်းကို တိုးကာ ဘုဉ်းပေးကြရရှာလေ၏။ ဘုံလောင်းဟူသည်ကား
“သူ့ကိုယ်တော် ငါ့ကိုယ်တော်ဟူ၍ မသတ်မှတ်၊ အရပ်လေးမျက်နှာမှ ကြွလာသော သံဃာတော်အပေါင်းကို လောင်းလှူခြင်းဖြစ်ပေသည်”။
တစ်နေ့ မန်းမြို့ အိမ်တစ်အိမ်မှ အလွန်အင်မတန် ကြီးမားလှသော ဇလုံကြီးများအထဲတွင် ငှက်ပျောသီးများကို ထည့်ကာ ကြွလာကြသော သံဃာတော်မြတ်အပေါင်းကို ဘုံလောင်း လောင်းလှူနေလေသည်။ သံဃာတော် တို့သည်လည်း သူ့ထက်ငါ အလှူခံရန်အလို့ငှာ ကြိတ်ကြိတ်တိုးနေကြသည်။ အလှူ့ရှင်ဒါယကာ ဒါယိကာမကြီး များသည်လည်း တစ်ပါးကို နှစ်လုံးကျလောင်းလှူနေလေသည်။ သံဃာတော်အပါး တစ်ရာခန့်မျှ လောင်းလှူအပြီး တွင် အလှူရှင်များသည် ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ကြွလာသော သံဃာတော်များကို မမြင်တော့သဖြင့် နောက်ဆုံး ကျသော ကိုရင်လေးကို ရှိသမျှငှက်ပျောသီးတစ်ဖီးလုံးကို လောင်းလှူလိုက်လေသည်။ ထိုအခါ အလှူခံ ကိုရင်လေးသည်ကား
“ဒီဒကာ+ဒကာမကြီးတွေက ငါ့ကို ကြည်ညိုလို့ တစ်ဖီးလုံးလောင်းလိုက်တာဖြစ်မယ်၊ နောက်ရက် ဒီအိမ်ကို ထပ် ကြွမှဖြစ်မယ်၊ ငါ့တော့ သူဋ္ဌေးဆွမ်းခံအိမ် တစ်အိမ်တိုးပြန်ပြီး”ဟု စိတ်ကူးများယဉ်ကာ ကျောင်းသို့ ပြန်ခဲ့လေ သည်။ နောက်နေ့ ကိုးနာရီခန့်တွင် ငှက်ပျောသီးတစ်ဖီးလုံး လောင်းလှူသော အိမ်သို့ တက်ကာ ထိုင်နေလိုက် သည်။ ထိုအခါ ဒါယကာမကြီးက
“ကိုရင်ကဘယ်ကျောင်းကလဲ၊ အရှင်ဘုရားကိုလဲ တပည့်တော်တို့မသိပါဘူး၊ တပည့်တော်တို့က ထိုင်ကိုယ်တော် လက်မခံဘူးဘုရား၊”ဟု လျှောက်ထားလိုက်လေသည်။ ဤတွင် ကိုရင်က
“ဒကာမကြီး မမှတ်မိဘူးနဲ့တူတယ်၊ ကိုရင်က မနေ့က ဒကာမကြီးတို့ ငှက်ပျောသီး တစ်ဖီးလုံးလောင်းလှူလိုက်တဲ့ တစ်ဖီးကိုယ်တော်လေ”ဟု ပြန်လည်မိန့်ကြားလိုက်သောအခါတွင်ကား ဒါယကာမကြီးက
“အော် မှတ်မိပြီးဘုရား၊ ကိုရင် အဲဒါက ဒီလိုရှိပါတယ်ဘုရား၊ မနေ့က တပည့်တော်တို့က သံဃာတော်အပါးတစ် ရာလောက်ကို တစ်ပါးလျှင် ငှက်ပျောသီးနှစ်လုံးကျ လောင်းလှူပါတယ်ဘုရား။ ကိုရင်အလှည့်ကျတော့ ကိုရင်က နောက်ဆုံးလဲဖြစ်တယ်၊ နောက်ထပ်သံဃာတော်တွေလဲ ကြွလာတာမမြင်လို့ တစ်ဖီးလုံးလောင်း လှူလိုက်တာ ပါဘုရား၊ တခြားလျှော်မတွေးပါနဲ့ကိုရင်၊”ဟု လျှောက်ထားလိုက်သောအခါတွင်ကား
ကိုယ်တော်လေးသည်လည်း မည်သည့်စကားမျှ မပြောနိုင်တော့မူ၍ ရှက်ကိုးရှက်ကန်းနှင့် မျက်လွှာချကာ ခပ် သုတ်သုတ်လစ်ထွက်လာခဲ့လေသည်။ထိုအချိန်မှစ၍ ထိုကိုယ်တော်လေးသည်ကား
မန်းမြို့ရှိ သံဃာတော်များအကြားတွင် “တစ်ဖီးကိုယ်တော်” ဟူ၍ နာမည်ဟီးဟီးကျော်သွားလေတော့သတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့