Pages

Thursday, November 11, 2010

“ဘုရားပွင့်တောင် သွားမဖူးရဘူး”

မြန်မာပြည်တွင် နာမည်အကြီးဆုံး စာသင်တိုက်ကြီးတစ်တိုက်ကို ညွှန်ပြပါဆိုလျှင် မန္တလေးမြို့မှ မစိုးရိမ်ကျောင်း တိုက်ကြီးကို ညွှန်ပြရမည်ဖြစ်ပေသည်။ မစိုးရိမ်ကျောင်းတိုက်ကြီးသည် အဘယ်ကြောင့် နာမည်ကြီးသလဲဟုဆို လာလျှင် မစိုးရိမ်ကျောင်းတိုက်ကြီးသည် မြန်မာပြည်တွင် စာသင်သားသံဃာအများဆုံးဖြစ်သည်။ စာသင်နည်း စနစ်ကောင်းသည်။ အထူးအားဖြင့် အစိုးရဓမ္မာစရိယ၊ သကျသီဟ၊ စေတီယင်္ဂဏစာမေးပွဲများနှင့် ပတ်သက် သော စာဝါများကို ပို့ချရာတွင် အလွန်နာမည်ကြီးသည်။ ထို့ကြောင့် မစိုးရိမ်ကျောင်းတိုက်ကြီးသည်ကား မြန်မာ ပြည်တွင် အလွန်နာမည် ကြီးလှပေသည်။ ယခုအခါ ထိုစာသင်တိုက်ကြီးကို အုပ်ချုပ်နေသော ဆရာတော်ကြီး သည်ကား ဆရာတော်ကြီးဦး ရာဇဓမ္မာဘိဝံသပင်ဖြစ်ပေသည်။ ဆရာတော်ကြီးသည် စာချအလွန်ကောင်းသည်။ စကားပြောပြတ်သည်။ စကားပြောကောင်းသည်။ ဤနေရာ၌ ဆရာတော်ကြီး၏ ပြောင်မြောက်လှသော မှတ် သားလောက်သော သြ၀ါဒကို ဖေါ်ပြပေအံ့။တစ်နှစ်က မစိုးရိမ်တိုက်မှ စာသင်သားများသည်
“ဆရာတော်ဘုရား တပည့်ရဲ့ဆရာသမားပျံ့လွန်တော်မူသွားတဲ့အတွက်ကြောင့် တပည့်တော်ကို ရွာပြန်ခွင့်ပြု တော်မူပါဘုရား၊ ဒုတိယ စာသင်သားတစ်ပါးကလဲဆရာတော်ဘုရား တပည့်တော်ရဲ့ အမေကွယ်လွန်သွားပါ သဖြင့် တပည့်တော်ကို ရွာပြန်ခွင့်ပြုတော်မူပါဘုရား၊ တတိယစာသင်သားတစ်ပါးကလဲ ဆရာတော်ဘုရား တပည့်တော်ရဲ့ အဖေကွယ်လွန်သွားပါသဖြင့် ရွာပြန်ခွင့်ပြုတော်မူပါဘုရား” စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး ရွာပြန်ခွင့်ကို လျှောက်ကြလေသည်။တစ်ပါးလည်းမဟုတ် နှစ်ပါးလည်းမက စသည်ဖြင့် အလွန်အင်မတန်မှ များပြားလှပေသည်။ အချို့လည်း အမှန်ပင် မိဘကျန်းမာရေးကောင်းသဖြင့်လည်းကောင်း မိဘများကွယ်လွန် သွားသဖြင့်လည်းကောင်း ပြန်ခွင့်ကို ရရန် ဆရာတော်ထံမှ လျှောက်ထားကြလေသည်။ အချို့လည်း လူငယ်တို့ အလျှောက် ဟိုဟိုဒီဒီ ခရီးသွားလိုသောအခါ အကြောင်းအမျိုးမျိုးပြကာ လိမ်လည်လျှောက်ထားကြလေသည်။ စာသင်သားများစွာကို အုပ်ချုပ်လာသော ဆရာတော်ဦးရာဇသည်ကား အချို့တပည့်များ လိမ်လည်လျှောက် ထားကြသည်ကို သိရှိလာလေသည်။ တပည့်များထံမှ အတွေ့အကြုံများလည်း တော်တော်ပင် ရရှိလာပြီးဖြစ် လေသည်။ တပည့်များ၏ အလိမ်ခံရပေါင်းလည်း များလာပြီ ဖြစ်လေသည်။
ထို့ကြောင့် တစ်နှစ်သောကျောင်းပိတ်ချိန်ဝယ် အောက်ပါအတိုင်း ပြတ်ပြတ်သားသား မှတ်သားဖွယ်ရာသြ၀ါဒကို ပေးတော်မူလေတော့သည်။
“အေး မင်းတို့စာသင်သားတွေ စာဝါဖွင့်ပြီဆိုလျှင် စာဝါမတက်ချင်တာနဲ့ အဖေသေလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရား၊ အမေသေလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရား၊ ဆရာသမားပျန်လွန်တော်မူလို့ ရွာပြန်ခွင့်ပြုပါအုံးဘုရားနဲ့ လာလျှောက် ကြတယ်၊အချို့လဲ တကယ်အမေ အဖေသေလို့ လာလျှောက်ကြတာတွေပါတယ်၊ တချို့လဲ စာဝါလိုက်ရမှာ ပျင်း တာနဲ့ ငါဆီလာပြီး သေသွားပြီးဖြစ်တဲ့ အဖေသေလို့ သေသွားပြီးဖြစ်တဲ့ အမေသေလို့ပါဘုရားဟု ညာလျှောက်ပြီး တောသွားတောင်သွား သွားကြတယ်၊ အေး ဒီနှစ် စါဝါဖွင့်လို့ကတော့ လာမလျှောက်နဲ့ တစ်ပါးမှ ပြန်မလွှတ်ဘူး သာမှတ်၊ မင်းတို့ အမေ+အဖေ+ဆရာသမားတွေကို ရွာပြန်တာနဲ့ တစ်ခါတည်းပြောခဲ့၊ “အမေတို့ အဖေတို့ရယ် သေမယ်ဆိုရင်လဲ ဦးဇင်းတို့ စာဝါမဖွင့်မီ ကျောင်းမဖွင့်မီစောစောစီးစီးသေထားကြပါ၊ ဒီနှစ်ကျောင်းဖွင့်မှ စာဝါ ဖွင့်မှ အမေတို့ အဖေတို့သေရင် ဆရာတော်က ပြန်မလွှတ်ဘူးတဲ့၊ ဒါကြောင့်သေစရာရှိရင်လဲ စောစောသေ ထားကြပါ၊”လို့တစ်ခါတည်းပြောခဲ့ကြကွာ၊ စာဝါဖွင့်ပြီဆိုမှတော့ ဘယ်လိုအကြောင်းပြပြ ဘယ်မှ ဘယ်သူ့ကိုမှ ပြန်ခွင့်မပေးတော့ဘူး၊ အေး ကုန်အောင်ပြောလိုက်မယ်ကွာ၊ ဒို့ကျောင်းဖွင်တဲ့အချိန် စာဝါချတဲ့အချိန်ကစပြီး မင်း တို့ အမေအဖေသေတာတွေ ဘေးဖယ်ထားလိုက်အုံး၊ ဘုရားပွင့်တောင် သွားမဖူးရဘူးကွာ” ဟူသည်ပင်ဖြစ် သတည်း။

ဤနေရာ၌ အကြောင်းတိုက်ဆိုင်လာသဖြင့် အလားတူ အခြားအဖြစ်အပျက်တစ်ခုကို ဖေါ်ပြပေအံ့။
ရန်ကုန်မြို့တွင် ထင်ရှားသော စာသင်တိုက်ကြီးတစ်တိုက်ရှိလေသည်။ ထိုစာသင်တိုက်ကြီးတွင် နယ်ပေါင်းစုံမှစာ သင်သားများ ပညာသင်ကြားလျှက်ရှိကြသည်။ တစ်နေ့ မြစ်ဝကျွန်းပေါ်မှ စာသင်သားကိုယ်တော်လေး တစ်ပါးသည်
“ဆရာတော်ဘုရား တပည့်တော်အဖေဆုံးသွားလို့ ရွာပြန်ခွင့် ပြုတော်မူပါဘုရား”ဟုလျှောက်ထားရာ ဆရာ တော်က
“မောင်ပဇင်းရ မင်းအဖေက ဘာကြောင့် ဆုံးသွားတာလဲကွ”ဟု သိလိုဇောဖြင့် မေးလေသည်။ တပည့်ဖြစ်သူက
“ပင်လယ်ထဲ ငါးရှာရင် စက်လေမှောက်ပြီး ဆုံးသွားတာပါဘုရား”ဟု ဆက်လျှောက်သောအခါ
“အော် ဖြစ်မှ ဖြစ်ရလေ မောင်ပဇင်းရယ်၊ မင်းရဲ့ ဖခမည်းတော်ကလဲ တော်တော်ကံဆိုးရှာတာပဲ၊ အွန်းစိတ်မ ကောင်းစရာ၊ဒါနဲ့မင်းက ဘယ်တော့ပြန်မှာလဲ မောင်ပဇင်း၊”ဟု မေးသောအခါတွင် တပည့်ဖြစ်သူက
“တပည့်တော် ဒီနေ့ ညနေ သင်္ဘောနဲ့ ပြန်ပါမယ်ဘုရား”လျှောက်ထားလိုက်လေသည်။ ထိုအခါ ဆရာတော်သည် ကရုဏာသက်စွာဖြင့်
“ရော့ မောင်ပဇင်းရေ သင်္ဘောခပေါ့၊ သိပ်တော့မများပါဘူးကွာ”ဟု မိန့်တော်မူကာ ခရီးစရိတ်ကို စွန့်လိုက်လေ သည်။ တပည့်ဖြစ်သူသည်လည်း ဆရာတော်ကို ရိုသေစွာ ဦးချပြီးနောက် အထုတ်အပိုများပြင်ကာ ထိုနေ့ညနေ ခင်းမှာပင် သင်္ဘောဆိပ်သို့ ဆင်းသွားလေတော့သည်။ ထိုကိုယ်တော်လေးကံဆိုးချိန် ရောက်လာပြီ ထင်၏။ ကိုယ်တော်လေးက ညနေခင်းအထွက် ပင်လယ်ထဲတွင် ငါးရှာရင်း သင်္ဘောမှောက် ဆုံးပြီးဆိုသော သူ၏ ဖခည်း တော်သည်ကား သူနေသော စာသင်တိုက်ကြီးသို့ မနိုင့်တနိုင့် အထုပ်အပိုးကြီးများထမ်းကာ ရောက်လာလေ တော့သည်။ထိုဒကာကြီးသည် ပင်ပက်ဆိုသလို သူ၏ သားဦးဇင်း၏ ဆရာသမားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် သွားဆုံ လေရာ
“ဆရာတော်ဘုရား၊ တပည့်တော်က မြစ်ဝကျွန် ဘယ်မြို့ ဘယ်ရွာကပါဘုရား၊ တပည့်တော်ရဲ့ ဦးဇင်းကို တွေ့ချင် လို့ပါဘုရား၊တပည့်တော်က သူရဲ့ ဖခင်ပါဘုရား”ဟု လုံးစိ ပတ်စီ လျှောက်ထားလိုက်ရာ
“ဟာ ဒီကောင် ကျုပ်ကို ညာသွားတာပဲ၊ တပည့်တော်ရဲ့ အဖေ ငါးရှာရင် ပင်လယ်ထဲ ရေနစ်ဆုံးသွားလို့ပါ ဘုရားလို့ ညာလျှောက်သွားတယ်၊ ကျုပ်က လမ်းစရိတ်တောင် စွန့်လိုက်သေးတယ် ဒကာကြီးရာ၊အွန်း ဒီကောင် မညာသင့်တာ ညာတယ်၊ ညာစရာ ရှားလို့ မသေတဲ့ အဖေကို သေအောင်ပြောလျှောက်တယ်၊ အွန်းလာမှ
ဆုံးမလိုက်အုံးမယ်၊”ဟုစိတ်ဆိုးစွာဖြင့် မိန့်ကြားလေတော့သည်။ ထိုအခါ ဒါယကာကြီးသည်လည်း
“ဟာ ဒီသားပဇင်း တခြားညာစရာရှားလို့၊ ကိုယ့်အဖေကိုများ ပင်လယ်ထဲ ငါးရှာရင် သင်္ဘောမှောက်ပြီး ဆုံးတယ် ပြောတယ်၊နမိတ်မရှိ နမာမရှိ၊ရွာရောက်မှ တွေ့သေးတာပေါ့” ဟု ထိုပဇင်းငယ်၏ ဖခမည်းတော်သည်လည်း ကျောင်းသို့ မတည်းနိုင်တော့မူ၍ ဆရာတော်ကို ဦးချ နှုတ်ဆက်စကားဆိုကာ သားဖြစ်သူ မောင်ပဇင်းနောက် လိုက်သွားလေတော့သတည်း။ ထိုကိုယ်တော်လေးသည်လည်း ထိုအချိန်မှစကာ စာသင်တိုက်ကြီးဆီသို့ ပြန်မ လားတော့ချေ။ အကြောင်းကိုလည်း ရှာမတွေ့ချေ။

0 comments:

Post a Comment

 

Go Up အပေါ်သို့