Pages

Friday, December 30, 2011

သာမန္တဇပ္ပ


သာမန္တဇပ္ပ-ဟူသည်ကား (အလိုရှိသော ပစ္စည်းနှင့်) အနီးကပ်၍ ပြောဆိုခြင်းတည်း။ ဤအရာ၌ ကုလူပကရဟန်း ၏ ဝတ္ထုကို ပြောကြားသင့်၏။(ဆွမ်းခံ ထိုင်အိမ်အဖြစ်ဖြင့်) အိမ်သို့ကပ်သော(ကုလူပက) ရဟန်းတပါးသည် ဆွမ်းစားလိုသည်ဖြစ်၍ အိမ်တအိမ်သို့ ဝင်ပြီးလျှင် ထိုင်နေလေ၏။ အိမ်ရှင်မသည် ရဟန်းကို မြင်လျှင် မလှူလို သောကြောင့် ''ဆန်မရှိ''ဟု ဆိုကာ ဆန်ကို ဆောင်ယူလို၍ သွားသကဲ့သို့ အိမ်နီးချင်းအိမ်သို့ သွားလေ၏။ရဟန်းသည်လည်း အိမ်အခန်းအတွင်းသို့ဝင်၍ ကြည့်ရှုလတ်သော် တံခါးရွက်ထောင့်၌ ကြံကို၎င်း, အိုးထဲ၌ တင်လဲကို၎င်း, ခြင်းတောင်းထဲ၌ ငါးခြောက်ပြားခြမ်းကို၎င်း, ဆန်အိုးထဲ၌ ဆန်တို့ကို၎င်း တောပတ် အိုးထဲ၌ ထောပတ်ကို၎င်း တွေ့မြင်ပြီးလျှင် အပြင်သို့ ထွက်၍ ထိုင်နေလေ၏။ အိမ့်ရှင်မသည် 'ဆန်မရခဲ့'ဟု ညည်း တွားလျက် ပြန်လာ၏။ ထိုရဟန်းသည်
''ဥပါသိကာမရေ ယနေ့ဆွမ်းမပြည့်စုံလတံ့ဟု စောစောကပင် နိမိတ်ကို မြင်ခဲ့ပြီ''ဟု ဆို၏။
"အဘယ်သို့သော နိမိတ်ကို မြင်ခဲ့ပါသနည်း အရှင်ဘုရား"ဟုမေးလတ်သော်
''တံခါးရွက်ထောင့်၌ထားတဲ့ ကြံချောင်းကဲ့သို့သောမြွေကို မြင်ခဲ့ပါ၏၊ 'ထိုမြွေကို ပုတ်ခတ်အံ့'ဟု ကြည့်ရှုလိုက်တဲ့အခါ အိုးထဲမှာ ထည့်ထားတဲ့ တင်လဲခဲတွေနဲ့တူတဲ့ ကျောက်ခဲတို့ကို မြင်ခဲ့ပါ၏၊ အဲဒီကျောက်ခဲဖြင့် ပစ်ခတ်လိုက်တဲ့အခါ မြွေက ပါးပျဉ်းကို ပြုလိုက်ပါတယ်၊အဲဒီမြွေရဲ့ ပါပျဉ်းဟာ ခြင်းတောင်း၌ ထားသော ငါးခြောက်ပြာခြမ်းနှင့် တူစွာ မြင်ခဲ့ပါ၏၊ ခဲကို ကိုက်လိုတဲ့ မြွေ၏သွားတို့ကို ဆန်အိုးထဲက ဆန်တို့နှင့် တူစွာ မြင်ခဲ့ပါ၏၊ ထိုအခါ အမျက်ထွက်တဲ့ မြွေ၏ ပါးစပ်မှ ထွက်လာသော အဆိပ်နှင့် ရောသော တံထွေးကို ထောပတ်အိုးထဲ၌ ထည့်ထားသော ထောပတ်နှင့်တူစွာ မြင်ခဲ့၏''ဟု ဆို၏။ ထိုအိမ့်ရှင်မသည်
''ဦးပြည်းကတုံးကိုတော့ လှည့်စားခြင်းငှါ မစွမ်းနိုင်''ဟု ဆင်ခြင်၍ ကြံကိုကပ်ပြီးလျှင် ထမင်းကိုချက်၍ ထောပတ် တင်လဲ ငါးခြောက်တို့နှင့် တကွ အလုံးစုံကို ကပ်လှူလိုက်ရလေ၏၊ ဤသို့ (အလိုရှိအပ်သော ပစ္စည်းနှင့်) အနီးပြု၍၊ ဝါ၊ ပွတ်သီ၍ ပြောဆိုခြင်းကို သာမန္တဇပ္ပ-ဟု သိအပ်၏။ ရဟန်းကောင်းတစ်ပါးသည် ထိုသို့သော အမှုမျိုးကို မပြုအပ်ဟု ၀ိသုဒ္ဓိမဂ်တွင် ဖွင့်ဆိုထားလေသည်။ (မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိသုဒ္ဓိမဂ်မြန်မာပြန်)

Friday, September 30, 2011

"ဆုကြီးပန်နှင့် ဆုငယ်ပန်"

တစ်ခါက ရွာတစ်ရွာတွင် ဦးသာဦးနှင့် ဒေါ်ချစ်ဥအမည်ရှိ ဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။ သူတို့နှစ်ဦးသည် ပစ္စုပ္ပုန် ဘ၀တွင် တစ်ဦးကို တစ်ဦး အလွန်ချစ်ခင်ကြသည်။ ကိစ္စကြီးငယ်ရှိတိုင်း နှစ်ဦးသဘောတူ ညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးနွေကာ ပြုလုပ်လေ့ရှိကြသည်။ သို့သော် သူတို့နှစ်ဦး တိုင်ပင်၍ မရသော အချက်တစ်ချက် ရှိလေသည်။ ဦးသာဦးသည်ကား ဆုကြီးပန်ဖြစ်သည်။ ဆုကြီးပန်ဟူသည်ကား ဘုရားဖြစ်ရန်အလို့ငှာ ဆုပန်ထား ခြင်းကို ဆိုလိုသည်။ ဒေါ်ချစ်ဥသည်ကား ဆုငယ်ပန်ဖြစ်သည်။ ဆုငယ်ပန်ဟူသည် ရိုးရိုးရဟန္တာအဖြစ်ကို ဆုတောင်းထားခြင်းပင်ဖြစ်သည်။ တစ်နေသတွင် ဘုရားလောင်းလမ်းစဉ်ကို ကြိုက်နေသော ဦးသာဦးက ပြောသည်-
"လောကမှာ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ထူးက အလွန်အင်မတန်မှ နည်းပါတယ်၊ ဘုရားတွေ ပွင့်ဘို့ အများကြီးလိုတယ်၊ ချွတ်ဖို့ သတ္တ၀ါတွေကလဲ အများကြီး မဟုတ်လား၊ဒါကြောင့် ဘုရားလောင်းသင်တန်းများ ဖွင့်ရင်တောင် ကောင်း မယ်"တဲ့။
သို့သော် ဇနီးသည် ဒေါ်ချစ်ဥကမူ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတွေကို နာထားသူဖြစ်၍ ဘ၀ရှည်လျား မည်ကို မကြိုက်၊ "ယခုပြတ်ရင် ယခု ကောင်းတာဘဲ"တဲ့၊ ဤသို့ ခံယူထား၏။
ဦးသာဦးက ဘုရားဆုပန်ထားသည်။ "သူပါရမီတွေ ဖြည့်နေမျှကာလပတ်လုံး သူ့နောက်က ရေပူ ရေချမ်းကမ်း လှမ်းပြီး လိုက်စမ်းပါ"ဟု ဇနီးအား စည်းရုံးကြည့်၏။ ဒေါ်ချစ်ဥက
"မလိုက်ချင်ပါဘူးတော် သူ့လမ်းစဉ်ကြီးက အရှည်ကြီး"ဟုဆိုသည်။ ပြောမရ၍ ဦးသာဦးက ရွာဦးကျောင်း ဘုန်းတော်ကြီး ဦးနန္ဒိယကို အကူအညီတောင်း၏။ ဘုန်းတော်ကြီးကလည်း ဦးသာဦးဘက်က ကူညီဟောပေးရှာ သည်။ သို့သော်မရပါ။ထိုအခါ ရွာဦးကျောင်းဆရာတော်ကြီးက
"ဒကာကြီးရေ ဟောမရဘူး၊ နောက်တစ်ယောက်သာ ရှာပေတော့"ဟု မိန့်တော်မူရသတတ်။
မှတ်ချက်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ (ဆရာတော်ဦးဃောသိတ)

Saturday, September 24, 2011

“အော် ဒီလိုကိုယ်တော်လဲ ရှိသေးသကိုး”

ပြီးခဲ့သော ဒီဇင်ဘာလက ဖြစ်သည်။ မိမိသည် စင်္ကာပူရှိ သူငယ်ချင်းများ၏ ကျောင်းတွင် ခေတ္တခဏ သီတင်းသုံး နေစဉ် မြန်မာပြည်မှ မေးတစ်စောင် မိမိထံသို့ ၀င်ရောက်လာသည်။ ထိုမေးတွင်
"ဦးဇင်းရဲ့ မျှားနတ်မောင် ဒကာကြီး ကားတိုက်ခံရလို့ ဆုံးသွားပြီ၊ အမြန်လာပါ"ဟူ၍ပင်ဖြစ်သတည်း။ မိမိသည် ထိုမေးကို ဖတ်လိုက်ရသောအခါ မိုက်ကနဲဖြစ်သွားသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ သော တာပန်အရိယာဖြစ်တော်မူသော အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးသည်ပင် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီဆို သည်ကို သိလိုက်ရသောအခါ ရုတ်တရက် အရှေ့အနောက် တောင် မြောက် အရပ်လေးမျက်နှာတို့ကို ခွဲ၍ မရလောက်အောင်ပင် တွေဝေမှုတွေဖြစ်သွားလေ၏။ ပုထုဇဉ်ဖြစ်သော မိမိ၏ အဖြစ်သည်ကား အဘယ်ဆို ဘွယ်ရာရှိမည်နည်း၊တစ်ဆက်တည်းမှာပင် မိမိ၏ အတွေးထဲတွင်
"အော် ငါ့ရဲ့ ဖခင်ဖြစ်တဲ့ ဒကာကြီးတော့ ကားတိုက်ခံရလို့ ဆုံးသွားပြီ၊ ငါလဲ ဒကာကြီးကို ကောင်းကောင်းတောင် မပြုစု မလုပ်ကျွေးလိုက်ရ၊ ငါဟာ ဒကာကြီးအပေါ်တာဝန်မကျေသူသာဖြစ်တယ်၊ ဒကာကြီးရယ် အဖြစ်ဆိုး လိုက်လေစွ၊ ကားတိုက်ခံရလို့မှ ဆုံးရတယ်လို့၊ ကျန်တဲ့ရောဂါဝေဒနာနဲ့ ဆုံးရင် ဖြေသာသေးတယ်။ ဘယ်ဘ၀က များ ၀ဋ်ကျွေးတွေပါလာသလဲမသိ"ဟုတွေးကာ ယူကြုံးမရပင်ဖြစ်နေမိသည်။ ဆွမ်းကိုလဲ ဘုဉ်းပေး၍ မရတော့ပါ။ တစ်လုပ် နှစ်လုပ် ဘုန်းပေး ပြီး ထလာခဲ့တော့သည်။
"ဒီနေ့ ဦးဇ၀နကြီး ဆွမ်းစားတာ နည်းလှချည်းလား၊ ဘယ်လိုဖြစ်လို့လဲ၊ နေမကောင်းလို့လား"ဟူသော သူငယ် ချင်း၏ အမေးကိုပင် မဖြေနိုင်တော့ပါ။ ဆွမ်းဝိုင်းမှ ရုတ်တရက်ထပြန်လာမိသည်။ဤတွင် ဆွမ်းဝိုင်းတွင် ရှိသော ဦးဇင်းလေးတစ်ပါးက
" သူ့ဒကာကြီး ကားတိုက်ခံရလို့ ဆုံးသွားတယ်ဆိုတဲ့ မေးဖတ်ပြီး စိတ်မကောင်းဖြစ်နေတာ ဆရာတော်"ဟု လျှောက်လိုက်သောအခါ သူငယ်ချင်းဖြစ်သော ကျောင်းထိုင်ဆရာတော်သည် မိမိထံသို့ ရောက်လာကာ
"ဦးဇ၀နရယ် သိပ်လဲ စိတ်မကောင်းဖြစ်မနေပါနဲ့၊ အရှင်ဘုရားက အရှင်ဘုရားရဲ့ မိသားစုထဲမှာ ရှေ့ဆောင် လမ်းပြရဟန်းတစ်ပါးဖြစ်တယ်၊ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ အရှင်ဘုရားက အဲဒီလို ခံစားနေရင် အရှင်ဘုရားရဲ့ မိခင်ကြီးနဲ့ မိသားစုကို ဘယ်လိုသွားပြီး သောကဖြေဆေးပေးနိုင်တော့မလဲ"ဟု မိမိအား ဖြေဆည်ရာစကား ပြော လာသဖြင့် မိမိ၏ ရင်တွင်းရှိ သောကတရားတွေ တဒင်္ဂအားဖြင့်ပျောက်ကွယ်သွားလေသည်။
"အော် သေခြင်းတရားကို ငါ့ဒကာကြီးတစ်ယောက်သာ ရင်ဆိုင်ရသည်မဟုတ် သက်ရှိသတ္တ၀ါတိုင်း ရင်ဆိုင်ကြ ရမည်သာ၊ ခန္ဓာရှိတဲ့ သူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပဲ၊ နတ္ထိ ဇာတဿ အမရဏံနာမ နတ္ထိ၊ ဖွေးဖွား လာသူတိုင်းဟာ သေဆုံးကြရမှာပဲ" ဟု မိမိကို ဆုံးမကာ ဖြေသိမ့်နိုင်ခဲ့လေပြီ။ထို့နောက် အကျိုး အကြောင်းကို တိတိကျကျ သိရန်အလို့ငှာ မိမိသည် မြန်မာပြည်ကို ဖုန်းဆက်လေသည်။ထိုအခါ ဦးလေးဖြစ်သူ၏ ဇနီးဖြစ်သူက ဖုန်းကို လာကိုင်လေသည်။ မိမိ စင်္ကာပူမှ ဆက်ကြောင်းကို သိလိုက်ရသောအခါတွင်ကား
‘‘အမလေး ဦးဇင်းရဲ့ ကိုဝင်းမြင့်ဌေး ၀မ်းတွင်းအနောက်ဖက်မှာ ရွှေစင်စင်္ကြာကားတိုက်လို့ ဆုံးသွားပါပြီဘုရား ``ဟု အော်ကြီး ဟစ်ကျယ် ငိုယိုကာ လျှောက်လေတော့သည်။ ဤတွင် မိမိ၏ စိတ်တွင် ဇဝေဇ၀ါဖြစ်သွားသည်။ ‘‘ကားတိုက်ခံရလို့ သေဆုံးသူများတွင် ငါ့ခမည်းတော်ကြီးသာမက ဦးလေးဖြစ်သူလည်း ပါသွားတယ်နဲ့ တူတယ်” ဟု သံသယ၀င်နေစဉ် နောက်ထပ် ဒါယကာတစ်ဦးက အဒေါ်ဆီက ဖုန်းကို ယူကာ
“ဦးဇင်း တပည့်တော် ဦးဇင်းရဲ့ ခမည်းတော် ငနီပါဘုရား``ဟူသော ဒါယကာကြီး၏ အသံကို ကြားလိုက်ရသော အခါ မိမိ သိလိုက်ပါပြီ၊ မိမိသည် နမော်နမဲ့ အီးမေးကို မှားယွင်းပြီး ဖတ်မိလိုက်ပြီဆိုသည်ကို သိလိုက်ရသည်။
အီးမေးတွင် ပါသော အကြောင်းအရာသည်ကား
“ဦဇင်းရဲ့ မျှားနတ်မောင် ဒါယကာကြီး ကားတိုက်ခံရလို့ ဆုံးသွားပြီ၊ အမြန်ပြန်ကြွလာပါ၊” သို့သော် မိမိ နမော်နမဲ့ ဖတ်လိုက်မိသည်ကား“ ဦးဇင်းရဲ့ ဒါယကာကြီး မျှားနတ်မောင်ကားတိုက်ခံရလို့ ဆုံးသွားပြီ”ဟူ၍ပင်ဖြစ်သတည်း။
မှတ်ချက် မျှားနတ်မောင် ဒါယကာကြီးဟူသည် မျှားနတ်မောင် အမည်ရသော ကားကို ပိုင်ဆိုင်သော မိမိ၏ ဦး လေးဖြစ်သူ (မိမိ၏ ရဟန်းဒါယကာ)ပင်ဖြစ်လေသည်။
သို့ဖြစ်သဖြင့် မိမိသည် မြန်မာပြည်ကို ပြန်ကြွခဲ့ရလေသည်။ မြန်မာပြည်ရောက်သောအခါ မိမိသည် ဦးလေးဖြစ် သူ ကားတိုက်ခံခဲ့ရသော ၀မ်းတွင်းအနောက်ဘက်သို့ ရောက်သွားခဲ့လေသည်။ လမ်းသည်ကား အလွန်ကျဉ်း သည်။ လူပေါင်းများစွာတို့သည်လည်း ထိုလမ်းကျဉ်းလေးတွင် သူတို့၏ အသက်များစွာတို့ကိုစွန့်သွားကြရ ပေသည်။ မိမိ၏ ဦးလေးဖြစ်သူ ရဟန်းဒါယကာသည်လည်း ထိုနေရာတွင် အသက်စွန့်ခဲ့ရပေသည်။ ထိုနေ ရာတွင် မိမိသည် ဦးလေး၏ ဇနီးသည်၊ ဆွေမျိုးများနှင့်အတူ ကုသိုလ်ကောင်းမှုပြုပြီး မကျွတ်မလွတ်ကြသေး သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှအတမ်းပေးဝေပေးခဲ့လေသည်။
တစ်နေ့ ဦးလေးဖြစ်သူ၏ ရက်လည် ဆွမ်းကပ်ပွဲသို့ အနီးအနားရှိ ရွာများမှ သံဃာတော်အပေါင်းတို့သည် ရွာဦးကျောင်းသို့ ကြွရောက်နေကြပြီးဖြစ်သည်။ နံနက်စောစော ဆွမ်းမကပ်မီ သံဃာတော်များသည် ဦးလေးဖြစ် သူ၏ ၀မ်းနည်းဖွယ်ဖြစ်ရပ်နှင့် ပတ်သက်လို့ စိတ်မကောင်းခြင်းများစွာဖြင့် ပြောနေကြလေသည်။ ထိုတွင် မိမိက
“ခုကားတိုက်မှုဖြစ်ခဲ့တဲ့ နေရာလေးက လမ်းက တော်တော်ကျဉ်းတယ်ဘုရား၊ ကားတိုက်ခံရလို့ လူအတော်များ များ အသက်တွေ ဆုံးရှုံးကုန်ပါပြီဘုရား၊ အဲဒီလမ်းကို ချဲ့လိုက်ရင်တော့ ကားတိုက်မှုတွေ နည်းသွားလိုက်မယ်လို့ ထင်တယ်ဘုရား” ဟုလျှောက်ထားလိုက်သောအခါ ဆရာတော်တစ်ပါးက
“ဟ မောင်ဇ၀နကြီးရ လမ်းကျဉ်းလို့ ကားတိုက်လို့ ဆုံးတော့လဲ မင်းတို့ ငါတို့ဘဲ စားရတာပဲမဟုတ်လားကွ၊ မပြင်ပဲ ဒီတိုင်းထားလဲ ကောင်းတာပဲ၊ ခုလဲ ဒို့ပဲ စားရတာပဲမဟုတ်လားကွ”ဟု ရယ်မောကာ မိန့်ကြားတော်မူလေသည်။ ထိုအခါ ဘေးမှ ဆရာတော်တစ်ပါးက
“ကိုယ်တော်ကြီး စကားပြောတာ ကြည့်ပြောနော်၊ ခုကားတိုက်ခံရလို့ ဆုံးသွားတဲ့ သူက မောင်ဇ၀နရဲ့ ဦးလေး (ရဟန်းဒကာ)ဗျ”ဟု ပြောလိုက်သောအခါ ထိုဆရာတော်သည် မိမိကို အားနာသွားကာ
“ဦးဇ၀နရေ တောင်းပန်ပါတယ်နော်၊ တပည့်တော်က အရှင်ဘုရားနဲ့ အခုဆုံးတဲ့ သူနဲ့ ဆွေမျိုးမတော်ဘူးထင်လို့ စ နောက် မိတာပါ”တဲ့။ အော် ဘယ်လိုပင် တောင်းပန်စေကာမူ မိမိသည် ထိုဆရာတော်ကို
“အော် ဒီလို ကိုယ်ကျိုးကြည့် ကိုယ်တော်လဲ ရှိသေးသကိုး”ဟူ၍ပင် မိမိရင်ထဲတွင် မှတ်ကျောက်တင်ထားမိ လေတော့သည်။

Friday, September 16, 2011

"ပြင်၍ မရတော့သော ဂေါပကလူကြီးများ"

မိမိတို့၏ ရွာအနီးအနားတွင် ရွာကလေးတစ်ရွာရှိလေသည်။ထိုရွာလေးသည် စည်းလုံးညီညွတ်မှုရှိသည်။ ရပ်ရေး ရွာရေး, သာရေး နာရေး, မည့်သည့်ကိစ္စမျိုးမဆို တိုင်တိုင်ပင်ပင် တက်ညီလက်ညီနှင့်ပင် ဆောင်ရွက်လေ့ရှိကြ သည်။ထိုရွာကလေးတွင် ဆွမ်းတော်ကြီးအလှူခံအသင်းလည်းရှိလေသည်။ အသင်းကြီးသည် အနီးအနားရှိရွာ များတွင် အဖိတ်နေ့တိုင်း ဆွမ်းတော်ကြီး အလှူခံထွက်လေသည်။ ဥပုသ်နေ့ နံနက် စောစောတွင် အဖွဲ့သားများ စုရုံးကာ ရရှိလာသော ခဲဘွယ် ဘောဇဉ်များကို မြတ်ဗုဒ္ဓကို ဆက်ကပ်လှူဒါန်းကြလေသည်။ ပြီးလျှင် ဘုရား ရှိခိုးကြလေသည်။ ထို့နောက် အဖွဲ့သားလုံးတို့သည် စားဖွယ်ရာများကို မြိန်ရေ ရှက်ရေဖြင့် မျှဝေ စားသုံးကြလေ သည်။ ရရှိလာသော အလှူငွေများကိုကား စေတီပုထိုးများ ဘုရားတန်ဆောင်များပြုပြင်ရန်အတွက် အဖွဲ့ကြီးက သိမ်းဆည်းထားလေသည်။ ဤသည်ကား ထိုရွာကလေး၏ လေးစားဖွယ်ရာ အတုယူဖွယ်ရာ ဂုဏ်ပုဒ်များပါပေ တည်း။
သို့သော် တစ်နေ့သ မိမိသည် ထိုရွာကျောင်း ဆရာတော်ထံသို့ ရောက်ရှိသွားလေသည်။ မိမိရောက်သော အချိန် သည်ကား ညရှစ်နာရီလောက်ဖြစ်ပေသည်။ ကျောင်းအတွင်းရှိ ဓမ္မာရုံအတွင်းဝယ် လူကြီးများ စုဝေးရောက်ရှိနေ ကြလေသည်။ မိမိက
"ဘုန်းကြီး ဒီနေ့ ထူးထူးခြားခြား ဘုန်းကြီးရွာမှာ ဘာရှိလို့လဲဘုရား၊ ရွာထဲက ဂေါပကလူကြီးတွေ ဓမ္မာရုံထဲ ရောက်လို့ပါလားဘုရား"ဟုမေးလိုက်ရာ ဆရာတော်က
"ဒီနေ့ ငါ့ရွာက ဂေါပကလူကြီးတွေ ဘုရားဝတ်တက်ကြမလို့ကွ၊ ရွာထဲက ဒကာမတစ်ယောက်မွေးနေ့လေ၊ သူက ဂေါပကလူကြီးတွေကို ဖိတ်ပြီး ဘုရားဝတ်တက်မယ်၊ ပြီးရင် ဂေါပကလူကြီးတွေကို ကြာဇံတိုက်မယ်ပေါ့ကွာ" `ဤတွင် မိမိက
"အွန်း ဘုန်းကြီးရွာက ဂေါပကလူကြီးတွေကတော့ တော်တော်လေးကို တော်ကြပါတယ်ဘုရား၊ စုပေါင်းပြီး ဘုရား ၀တ်တက်ကြတယ်၊ လုပ်စရာရှိရင် တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြတယ်၊ တပည့်တော်ရွာမှာတော့ ဒါမျိုး စုစု စည်းစည်း လုပ်လေ့လုပ်ထ မရှိဘူးဘုရား"ဟု လျှောက်ထားလိုက်လေသည်။ မိမိစကားသည်ပင် အဆုံးမသတ် သေးပါ။ ဆရာတော်က
"ဇ၀န မင်းက အဲဒါလောက်သိတာ၊ လူငယ်တွေကတော့ တော်ပါတယ်၊ ဂေါပက လူကြီးတွေက ဘုရားဝတ်တက် မယ်ဆိုရင် မိုက်လုနေတာ၊ ကလေးတွေကျနေတာပဲ၊ ပြီးတော့ သူတို့ အနှစ်နှစ်ကာလက မှားပြီး ရွတ်ဆိုလာတာ ပြင်ပေးတာတောင် လက်မခံဘူး၊ ငါ့ကို ပြန်ပြောတယ်ကွ"ဟုဆိုသောအခါ မိမိက သိလိုဇောဖြင့်
"ဘာပြန်ပြောတာလဲဘုရား"ဟု မေးလိုက်သောအခါ ဆရာတော်က
"ဒီလိုကွ၊ ဒို့ ပါဠိတော်မှာ ကောဋ္ဌာသ (၃၂)နှစ်ပါးရှိတယ်လေကွာ၊ အတ္ထိ ဣသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ လို့လာတယ်မဟုတ်လား၊ သူတို့ က အတ္ထိ ဣသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိလို့ မှားဖတ်နေတယ်ကွာ၊ ငါကလဲ ဒကာကြီးတို့ ဖတ်တာ မှားနေတယ်နော် ၊ ဒီမှာကြည့် ပါဠိစာအုပ်မှာက အဋ္ဌိ အဋ္ဌိမိဉ္ဇံလို့ရှိတယ် ဆိုပြီး စာအုပ်ထုတ်ပြတယ်၊ အဲဒီအချိန်မှာ ဒကာတစ် ယောက်က 'အရှင်ဘုရား စာအုပ်က မှားနေရင်ကောဘုရားတဲ့' ဒါတင်မကဘူး နောက်တစ်ယောက်က 'အရှင်ဘုရား တပည့်တော်တို့က တစ်ချိန်တုံးက ဒီနယ်မှာ နာမည်ကြီးနေတဲ့ စာချဘုန်းကြီး ဦးကောဏ္ဍညရဲ့ တ ပည့်တွေပါဘုရား'တဲ့ အဲဒီလို ကတ်ပြောနေတော့ ငါ့လဲ 'အေး ဒကာကြီးတို့ ဖတ်ချင်သလိုသာ ဖတ်ပါဗျာ၊ ခင်ဗျားတို့ကို ပြောမိတာက ကျုပ်ရဲ့အမှားပါဗျာ'ဟု စိတ်ပေါက်ပေါက်နဲ့ ပြောထည့်လိုက်တယ်ကွာ၊ အဲဒီအချိန်စပြီး သူတို့ဘာသာ ဘာရွတ်ရွတ် ငါဘာမှ မပြောတော့ဘူးကွာ။"ဟုဆရာတော်က သူနှင့် ဂေါပကလူကြီးတို့အကြား ဖြစ်စဉ်အကြောင်းကို ခရေစေ့တွင်းကျ ပြောပြလေသည်။မိမိ၏ စိတ်တွင် အတွေးတစ်ခု ၀င်ရောက်လာသည်ကား "အော် ပြင်၍ မရတော့သော ဂေါပကလူကြီးတွေပါတကား"ဟူ၍ပင် ဖြစ်လေတော့သတည်း။
 

Go Up အပေါ်သို့