Pages

Monday, May 31, 2010

“အလျှောက်ကောင်းတော့ အထောင်းသက်သာ”

မိမိသည် မန္တလေးမြို့နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်၌ နေစဉ်က ကြားခဲ့ရသော တကယ့်ဖြစ်ရပ် ကလေး ပါပေတည်း။ သာသနတက္ကသိုလ်၏ စည်းမျဉ်းအရ စာသင်သားများသည် တစ်ပတ်လျှင် ခြောက်ရက်စာဝါတက်ရ သည်။ အနည်းဆုံး တစ်နေ့ကို စါဝါ ငါးကြိမ် သို့မဟုတ်ခြောက်ကြိမ်တက်ရသည်။ လဆန်းရှစ်ရက် လဆုတ်ရှစ်ရက်ဆိုလျှင် အဖိတ် ဥပုသ်ဟူ၍ ကျောင်းနှစ်ရက်ပိတ်သည်။ လဆန်း၁၅ရက် လဆုတ်၁၅ရက် သို့မဟုတ် လဆုတ်၁၄ရက်ဆိုလျှင် ဥပုသ်နေ့တစ်ရက်သာ ကျောင်းပိတ်သည်။ သို့သော် နေ့စဉ် ညနေခင်းတိုင်း မဖြစ်မနေ ဘုရားရှိခိုးကြရလေသည်။ ကိစ္စကြီးငယ်ရှိလျှင်ကား အစောင့်ကျသော ဆရာတော်များထံ ခွင့်တိုင်ကာ ပျက်ကွက်ခွင့်ရှိပေသည်။ အချို့စာသင်သားများသည်ကား ဘုရားဝတ်တက်မပျက်၊ စာဝါမပျက် အလွန်လျှင် ၀ိရီယကောင်းကြပေသည်။ လူငယ်တို့၏ ဘာသာဘာဝအရ အချို့လည်း တခါတလေ ပျင်းပျင်းရှိသောအခါ
“တပည့်တော်ခေါင်းမူးနေပါသဖြင့် ဘုရားဝတ်တက်ပျက်ခွင့် ပြုပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။” ဟုခွင့်တိုင်ကြလေသည်။ အချို့စာသင်သားများကလည်း
“တပည့်တော်ဗိုက်အောက်နေပါသဖြင့် ဆေးခန်းသို့ သွားခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်ဘုရား။”ဟု စသည်ဖြင့် မမြင်ရသော ဝေဒနာများကို တင်ပြကာ ဘုရားဝတ်တက်ပျက်ကွက်ခွင့်ကို တောင်းခံလျှောက်ထားကြ လေသည်။ ထိုအထဲ ကိုယ်တော်လေးတစ်ပါးသည် ခေါင်းကိုက်သောကြောင့်ငှင်း ဗိုက်အောက်သောကြောင့်ငှင်း ခွင့်တိုင်လာသည်မှာ များလှပေသည်။ နောက်ဆုံး ဆရာတော်က
“မောင်ပဇင်း မင်းခွင့်တိုင်တာတွေက များလှပြီနော်၊ ကြည့်လဲလုပ်အုံး။”ဟု သတိပေးပင်ခံနေရသည်။ ထို့သို့ သတိပေးခံရသဖြင့် ထိုကိုယ်တော်လေးသည် ဘုရားဝတ်တက်ပျက်ကွက်ခွင့်ကိုပင် မတိုင်ရဲတော့ပေ။ တစ်နေ့ သော ညနေခင်း ဘုရားဝတ်တက်ကြေးစည်းလဲခေါက်နေပြီ၊ သံဃာတော်များသည်လည်း ဘုရားဝတ်တက်ရာ ဓမ္မာရုံဆီသို့ ကြွသွားကြသည်။ မကြာလိုက်ပါ ဓမ္မာရုံကြီးအတွင်းမှာတော့ သံဃာတော်တွေ၏ ဘုရားဝတ်တက် သံများပေါ်ထွက်လာခဲ့ပေသည်။ သို့သော် ခွင့်တိုင်များသော ကိုယ်တော်လေးသည်ကား ဘုရားဝတ်တက်ရမှာ ပျင်းသည့်အတွက် အပြင်ခိုးထွက်မည်ဆိုသောရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဂိတ်ပေါက်ဆီသို့ ချဉ်းကပ်လာ ခဲ့ပေသည်။ ထိုကိုယ်တော်လေးသည် ကံဆိုးချင်တော့ ဘုရားဝတ်တက်ပျက်သော ကိုယ်တော်များကို လို်က်ဖမ်း နေသော နာယကချုပ် ဆရာတော်နှင့် ထိပ်တိုက်သွားတွေ့လေသည်။ ထိုအခါ နာယကချုပ်ဆရာတော်က
“ဒီကိုယ်တော် လာခဲ့။ ဘုရားရှိခိုးမလိုက်ဘဲနဲ့ အပြင်လစ်ထွက်မလို့ မဟုတ်လား၊”ဟုမေးသောအခါ ကိုယ်တော် လေးက
“မဟုတ်ပါဘူးဘုရား၊ တပည့်တော် ဆရာတော်ကို လိုက်ရှာနေတာဘုရား၊ တပည့်တော်ဖိနပ်မရှိလို့ ဖိနပ်အလှူခံ ချင်လို့ပါဘုရား။”ဟု လျှောက်ထားလိုက်လေသည်။ ထိုအခါ ဆရာတော်သည် ထိုကိုယ်တော်လေးကို အရေးယူရန် နေနေသာသာ အဆောင်သို့ ခေါ်သွားကာ ဖိနပ်ကိုပင် စွန့်ကြဲလိုက်ရလေသည်။
“အော် တင်္ခဏုပ္ပတ္တိဥာဏ် တော်တော်ကောင်းသော ကိုယ်တော်လေးဖြစ်ပေသည်။”ဟု မိမိသည်ပင် ချီးကျူးနေ မိတော့သည်။
တစ်ခါတွင်ကား ကိုယ်တော်လေးနှစ်ပါးသည်။ ဘုရားဝတ်တက် မလိုက်လိုသဖြင့် အပြင်ထွက်ရန် တက္ကသိုလ် တံခါးပေါက်ကြီးဆီသို့ တိတ်တဆိတ်ချဉ်းကပ်လာလေသည်။ ထိုအခြင်းအရာကို မြင်သော နာယက ချုပ် ဆရာ တော်သည် နောက်မှ ခပ်သုတ်သုတ်လိုက်လာကာ
“ဟေ့ မောင်ပဇင်းတွေ ဘုရားရှိခိုးမလိုက်ဘဲ ဘယ်သွားကြမလို့လဲ။”ဟု မေးလေသည်။ ဤတွင် ကိုယ်တော်လေး နှစ်ပါးက သံပြိုင်
“တပည့်တော်တို့က တက္ကသိုလ်ကမဟုတ်ဘူးဘုရား၊ အာဂန္တုကိုယ်တော်တွေပါဘုရား၊”ဟု လျှောက်ထားလိုက်ရာ ဆရာတော်က
“အောင်မာ မင်းတို့နှစ်ကောင်များ မသိဘူးများမှတ်နေသလား၊ မင်းဘွဲ့အမည်က သာသန(ဘဗ္ဗု)၊ မင်းက ၀ိစာရ(ဒိန်းဒေါင်)ဟု နာမည်ပြောင်များကိုပါ တခါတည်း ထည့်ပြောလိုက်ရာ ကိုယ်တော်လေးနှစ်ပါးသည် မည့် သည့်စကားမျှမပြောနိုင်ရှာတော့ပေ။ ဆရာတော်၏ အပြစ်ပေးခြင်းကို ခံလိုက်ရလေတော့သတည်း။




Saturday, May 29, 2010

“စိုးရိမ် ပူပန်မှု၏ အကြောင်းတရားကို ရှာဖွေခြင်း”

လူသားတိုင်းသည် အရိယာစခန်းသို့ မတက်လှမ်းနိုင်သရွေ့ စိုးရိမ် ပူပန်မှုတရားနှင့် ရင်ဆိုင်နေကြရဦး မည် ဖြစ် ပေသည်။ ထိုစိုးရိမ် ပူပန်မှုတရား ကြာရှည်စွာ ဖြစ်နေမှုက ကျန်းမာရေးကို ထိခိုက်စေပြီး အဆိုးဆုံးသော အန္တရာယ်ကိုဖြစ်စေသည်။ လူတွေဘာကြောင့် စိုးရိမ် ပူပန်ကြသလဲ? မြတ်ဗုဒ္ဓ၏ ဓမ္မနည်းအရ စီစစ်ရသော် “ငါ, ငါဥစ္စာ” တစ်နည်း သက္ကာယဒိဋ္ဌိကြောင့် လူသားများသည် စိုးရိမ် ပူပန်မှု ဖြစ်နေကြရသည်။ ဒါကြောင့် မြတ်ဗုဒ္ဓသည်
“လှံဖြင့် အထိုးခံထားရသော သူကဲ့သို့ငှင်း၊ ဦးခေါင်းတွင် မီးလောင်ခံနေရသော သူကဲ့သို့ငှင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု သက္ကာယဒိဋ္ဌိကို ပယ်ရန် သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏။” မိန့်တော်မူလေသည်။
ထိုဂါထာကိုပင် မိုးကုတ်ဆရာတော်ဘုရားကြီးက
“အကယ်၍ ရင်ဝလှံစူးခံနေရနေလျှင်၊ ဦးခေါင်းကို မီးလောင်ခံနေရလျှင်၊ သက္ကာယဒိဋ္ဌိရှိနေလျှင် လှံကိုလဲ မနှုတ် သေးပါနဲ့၊ မီးကိုလဲ မငြိမ်းသတ်သေးပါနဲ့၊ သက္ကာယဒိဋ္ဌိကို အရင်ပယ်ပါ၊ ရင်ဝလှံစူးလို့ ဦးခေါင်းမီး လောင်ခံရလို့ တစ်ဘ၀သာ သေမယ်၊ သက္ကာယဒိဋ္ဌိရှိနေလျှင်ကား ဘ၀ပေါင်းများစွာသေရအုံးမယ်၊ ဒါကြောင့် သက္ကာယဒိဋ္ဌိကို အရင်ပယ်ပါ”ဟု အဓိပ္ပာယ်တစ်မျိုးဖြင့် ဖွင့်ဆိုထားလေသည်။
ထိုမိန့်ဆိုချက်များကို ကြည့်သောအားဖြင့် သက္ကာယဒိဋ္ဌိသည် လူသားကို ဘယ်လောက်ဒုက္ခပေးနေသည်ဆို သည်ကို သိရှိနိုင်သည်။
ထို ငါ ငါဥစ္စာဟူသော အယူမှားမှု သက္ကာယဒိဋ္ဌိမှတစ်ဆင့် လောဘ ဘ၀င်မြင့်မှု ၀င့်ကြွားမှုနှင့် အခြားသော မကောင်းသော စိတ်တို့ကိုဖြစ်စေပါသည်။ ထိုအတ္တယူဆမှုက ပုဂ္ဂလိကသဘောထားကွဲလွဲမှုမှအစ နိုင်ငံ အသီး သီး စစ်ဖြစ်ပွားမှုအခြေအနေထိ ဆိုက်ရောက်စေပါသည်။ လူသားတို့၏ ရန်သူသည် ကိုယ်ကျိုးအတွက် လိုချင် တပ်မက်မောမှုပင်ဖြစ်သည်။ ထို ကိုယ်ကျိုးအတွက် လိုချင်တပ်မက်မှု အဆိုးတရားမှတစ်ဆင့် လူသားဆီသို့ အဆိုးတရားများအားလုံးရောက်ရှိလာသည်။ လူသားသည် ပျော်ရွှင်မှုနှင့် ဥစ္စာဓနကို အမြဲလိုလို လိုချင် တောင်းတနေသည်။ ဤလိုလားချက်များ ပြည့်လျှင် ပျော်ရွှင်လိမ့်မည်ဟု ထင်ယောင်ထင်မှားဖြစ်နေကြသည်။ အကျွန်ုပ်တို့၏ ရုပ်ဝတ္ထုကို အဓိကထားသော လူ့ဘောင်အဖွဲ့အစည်းတွင် ထိုသဘောတရားများ ပြန့်နှံ့နေ လေသည်။လူတို့သည် သူတို့၏ ပြဿနာများကို ငွေဖြင့် ဖြေရှင်းနိုင်သည်ဟု ယူဆနေကြသည်။ လူဘ၀တွင် သက်တောင့်သက်သာနေနိုင်ရန် ငွေလိုသည်မှာ မှန်ပေသည်။ သို့သော် ထိုငွေသည်ကား တစ်ခါတစ်ရံ လူသား ကို ဒုက္ခပေးသွားပြန်သည်။ ပစ္စည်းဥစ္စာများနှင့် အကျွန်ုပ်တို့၏ ဘ၀များကို သင့်လျှော်သော ရှုဒေါင့်က ရှုမြင် သုံးသပ်တပ်ဖို့လိုပေသည်။ အရာဝတ္ထု၏ တန်ဖိုးနှင့် သဘောမှန်ကို သိ၍ ကာမဂုဏ်တရားများ၌ လိုလား တောင်းတမှုကို လျှော့ချနိုင်သောအခါ အကျွန်ုပ်တို့သည် လွယ်ကူရိုးရှင်းမှုနှင့် ရောင့်ရဲမှုတို့မှ တစ်ဆင့်ဖြစ်ပေါ် လာသော ငြိမ်းချမ်းမှုကို ရရှိမှာဖြစ်ပေသည်။ (ဆက်ရန်)
ဒေါက်တာကေသရီ ဓမ္မာနန္ဒ၏ 'Why Worry" ကို အခြေခံကာ ရေးထားသည်။

လွဲမှားချက်များ

ယခုတလောမြန်မာပြည်တွင် တရားဟောဓမ္မကထိက အရှင်ဇ၀န(မေတ္တာရှင်)သည် အလွန်နာမည် ကြီးနေ သည်။ မိမိ၏ ဘွဲ့အမည့်သည်လည်း အရှင်ဇ၀နဖြစ်သည်။ သို့ဖြစ်သဖြင့် အချို့သော ဒါယကာ ဒါယိကာမများ သည် အရှင်ဇ၀န(မေတ္တာရှင်)နှင့် မိမိကို အတူတူထင်နေကြသည်။ အရှင်ဇ၀န(မေတ္တာရှင်)၏ ဘုန်းရိပ်ကို မှီကာ မိမိက အရှောင်နာမည်ရနေသည်။ ထို့သို့နာမည်ရပုံကို တင်ပြပေအံ့။
မိမိ၏ ဇာတိရွာတွင် မျှားနတ်မောင်ဟု အမည်ရသော ဦးလေးဖြစ်သူ၏ ကားသည် ရွာမှ မြင်းခြံသို့ ပြေးဆွဲနေလေ သည်။ ထိုကားနောက်သို့ ညီဝမ်းကွဲတော်သူ မောင်မျိုးသိန်းသည် စပယ်ယာအဖြစ်လိုက်ပါနေလေသည်။ တစ်နေ့ သူတို့၏ ကားသည် မြင်းခြံဈေးကြီးအနီနားတွင် ရပ်ထားသည်။ ထိုစဉ် တရားတိတ်ခွေရောင်းသော ကားတစ်စီး သည် သူတို့၏ ကားအနီးအနားသို့ ရောက်လာကာ အရှင်ဇ၀န(မေတ္တာရှင်)၏ တရားတိတ်ခွေများကို အော် ရောင်းနေလေသည်။ ၀ယ်သူတို့လည်း တဖွဲဖွဲပေါ့။ထိုအော်သံကို ကြားနေရသော ညီဖြစ်သူ မောင်မျိုးသိန်းက
“အော် ဒို့ဦးဇင်းက တော်တော်ကို ပေါက်နေပြီဘဲ၊ မြို့ကြီးပေါ်ထိတောင်း စီဒီခွေတွေရောင်းနေရပြီ၊ ဒို့တောင်မ သိဘူး၊” ဒါတွင်မက ဘေးမှ ခရီးသည်များကိုလည်း
“ဦးဇ၀နဆိုတာ ကျုပ်တို့ရွာက ကျုပ်ရဲ့အကိုဦးဇင်းဘဲ၊ ဟုပြောကာ ကြွားလုံးများပင် ထုတ်လိုက်သေးသည်။ ထို့နောက်သူသည် အရှင်ဇ၀န(မေတ္တာရှင်)ကို မိမိဟု ထင်မှတ်ကာ တ၇ားတိတ်ခွေများကို တစ်ပွေ့တစ်ပိုက်ဝယ် လိုက်လေသည်။ ရွာရောက်သောအခါ ဆွေမျိုးများကို
“ရော့ ဒီမှာ ကျုပ်တို့ဦးဇင်းရဲ့ စီဒီခွေတွေ၊ မြင်းခြံမှာရောင်းနေတာ တွေ့တာနဲ့ ၀ယ်လာတာ။”ဟု ပေးလိုက်သော အခါ အနီးအနားမှ လည်လည်ဝယ်ဝယ်ရှိသူ ဒေါ်လေးဖြစ်သူက
“ပြစမ်းပါ ဒို့ဦးဇင်းရဲ့စီဒီခွေ! ဘာတွေများဟောထားလဲ နာကြည့်ရအောင်”ဟု မောင်မျိုးသိန်းထံမှ ဆွဲယူကာကြည့် လိုက်လေသည်။ ထို့သို့ကြည့်ပြီးသောအခါ ဒေါ်လေးဖြစ်သူက
“မျိုးသိန်း! ငအ၊ ဒါ ဒို့ဦးဇင်းမဟုတ်ဘူးဟဲ့၊ မေတ္တာရှင်အရှင်ဇ၀နဟဲ့၊ ကောင်လေးအလိုက်တာ၊ ကိုယ့်ဦးဇင်း ကိုယ်တောင် မခွဲတတ်ဘူး၊”ဟု ဆိုကာတိတ်ခွေကို ပြန်ပေးလိုက်လေသည်။ ဤသည်ကား ပထမအမှားဖြစ်ပေ သည်။ ဒုတိယအမှားသည်ကား အောက်ပါအတိုင်းဖြစ်ပေသည်။
မိမိတို့ ရွာ၏ အနီးအနားတွင် ကုက္ကိုစုရွာရှိလေသည်။ ထိုရွာမှ ဒါယကာတစ်ယောက်သည် ကိစ္စတစ်ခုဖြင့် မကွေး မြို့သို့ ခရီးထွက်သွားရလေသည်။ သူသည် ညခင်း(၈)နာရီလောက်တွင် မကွေးမြို့သို့ ရောက်သွားလေသည်။ သူ ရောက်သွားသောအခါ သူသွားမည့်လမ်းသည် ပိတ်ဆို့နေလေသည်။ အဘယ်ကြောင့်ဆိုသော် အရှင်ဇ၀န (မေတ္တာရှင်)၏ တရားပွဲရှိနေသဖြင့် လူများကြိတ်ကြိတ်ထိုးဖြစ်နေသောကြောင့်ပေတည်း။ ထိုအခါ သူသည် အနီးအနားရှိ လူတစ်ယောက်ကို
“ဘာပွဲရှိလို့ လူတွေကြိတ်ကြိတ်တိုးဖြစ်နေတာလဲ၊”မေးသောအခါ ထိုလူက
“ဒီနေ့အရှင်ဇ၀န(မေတ္တာရှင်)ရဲ့တရားပွဲရှိတယ်လေ၊ ဒီပရိသတ်တွေက သူ့ရဲ့တရားနာပရိသတ်တွေပေါ့၊” ဟု ဖြေကြားလိုက်လေသည်။ ထိုဖြေသံကို ကြားလိုက်ရသောအခါ ကုက္ကိုစုရွာမှ ဒါယကာက
“ဒို့ရွာနားက ရွာသာက ဦးဇင်းဇ၀နက ဒီလောက်တောင်နာမည်ကြီးနေပြီဘဲ၊ ဒို့တောင်မသိလိုက်ဘူး၊” ဟု သေချာစေ့စေ့သပ်သပ်မမေးမူ၍ ကောက်ချက်ချခဲ့လေသည်။ ထိုဒါယကာသည် ကုက္ကိုစုကို ပြန်ရောက်သောအခါ
အိမ်ကို မပြန်သေးမူ၍ သူတို့၏ ရွာမှ ရွာကျောင်းဆရာတော်ထံဝင်ကာ
“ဆရာတော်ဘုရား! ရွာသာက ဦးနီ+ဒေါ်ကြည်ခင်တို့ရဲ့သားလေးက တော်တော်ကို တော်ပါတယ်ဘုရား၊ မကွေး မြို့မှာ သူ့တရားပွဲမှာ တရားနာပရိသတ်တွေက ပွဲကြိတ်ကြိတ်တိုးလို့ဘဲဘုရား။”ဟု အားရ၀မ်းသာ လျှောက်နေ လေသည်။ ထိုအခါ ဆရာတော်က
“ဟုတ်မှလဲ လုပ်ပါ ဒကာရ! ဇ၀နနဲ့ မနေ့ကတောင် စကားပြောလိုက်ရသေးတယ်၊ မဟုတ်လောက်ပါဘူး၊ ”ဟု ဆရာတော်က ငြင်းသော်လည်း မရပေ၊ဒါယကာသည် သူလက်တွေ့မြင်လာခဲ့သည့်အတိုင်း ပြောနေသဖြင့် ဆရာတော်ကပင် အရှုံးပေးလိုက်ရလေသည်။ တစ်နေ့ ကုက္ကိုစုဆရာတော်သည် ထိုအကြောင်းကို စုံစမ်း လိုသဖြင့် မိမိထံ ရောက်လာကာ
“မောင်ဇ၀န ပြီးခဲ့တဲ့ သုံးရက်လောက်က မကွေးမှာ တရားဟောခဲ့တယ်ဆို၊ အဲဒါဟုတ်လား။”ဟု မေးလေသည်။ ထိုအခါ မိမိက
“ဘုန်းကြီးကလဲ တပည့်တော်က မကွေးမြို့ကို တရားသွားဟောရအောင် တပည့်တော်က နိုင်ငံကျော်ဓမ္မကထိ ကမှ မဟုတ်တာ၊”ဟု လျှောက်ထားလိုက်သောအခါ
“မသိပါဘူးကွာ၊ ငါရွာက ဒကာက မင်းတရားဟောနေတာကို သူဘဲ အတိအကျမြင်တဲ့ ပုံစံမျိုးနဲ့ပြောနေလို့ ငါ တောင်အရှုံးပေးလိုက်ရတယ်၊ အဲဒါဘဲ ငါ့ရွာက ဒကာတွေက ကိစ္စတစ်ခုကို သေခြာသိအောင်မလုပ်ဘဲ နမော်နမဲ့ အလွန်ပြောတာ၊ သိပါဘူးကွာ၊ ငါက မင်းကို အရှောင်အထင်ကြီးနေတာ၊”ဟု အလ္လာပ သလ္လာပ ပြောပြီး ပြန်ကြွ သွားလေသည်။ ဤသည်ကား ဒုတိယအလွဲပင်ဖြစ်ပေသည်။ ထိုသို့လူအများသည် မိမိနှင့် အရှင်ဇ၀န (မေတ္တာရှင်)ကို အလွန်ပင် လွဲနေသဖြင့်
“ဘွဲ့အမည်ကို ပြောင်းလိုက်ရင် ကောင်းမလား”ဟု သူငယ်ချင်းများကို အကြံအညံတောင်းသောအခါ သူငယ်ချင်း တစ်ပါးက
“ဦးဇ၀နရယ် ဘွဲ့လေးက ကောင်းသားနဲ့ မပြောင်းပါနဲ့၊ ဟိုက အရှင်ဇ၀န(မေတ္တာရှင်)ဆိုတော့ အရှင်ဘုရားက အရှင်ဇ၀န(ဗြဟ္မ၀ိဟာရ)လို့ပြောင်းလိုက်ပေါ့ ကိုယ်တော်ရ။”ဟု အကြံပေးလေသည်။ ထိုအခါ ဘေးမှ သူငယ်ချင်းများက တဟားဟားရယ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မ၀ိဟာရအမည်ကား လူနာနှင့် လူသေများကို တင်သော ကား၏ အမည်ဖြစ်သောကြောင့်ပေတည်း။
“အော် မိမိနှင့် နာမည်ပြောင်းခြင်းကိစ္စသည်ကား မလွယ်ပါလား။”ဟု ညည်းချင်းသာ ထုတ်မိပါတော့သတည်း။

Thursday, May 27, 2010

“နယုန်လပြည့် မဟာသမယအခါတော်နေ့”

ယနေ့သည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ အလေးအမြတ်ထားသော နယုန်လပြည့်နေ့ဖြစ်ပေ သည်။နယုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓသည် များပြားလှစွာသော နတ်ဗြဟ္မာပေါင်းတို့ကို မဟာသမယသုတ်တရားတော်ကို
ဟောကြားတော်မူခဲ့ပါသည်။ ဤနေရာတွင် မဟာသမယ၏ အဓိပ္ပာယ်ကို ရှာဖွေရသော် မဟာဟူသည်
ကြီးကျယ်မြင့်မြတ်ခြင်းဟုအဓိပ္ပာယ်ရ၍ သမယသည်ကားအချိန်-အခါ-ကာလဟုအဓိပ္ပာယ်ကောက်ယူနိုင်ပေ သည်။
မဟာသမယသုတ်တော် ဟောကြားတော်မူရခြင်း၏ သမိုင်းကြောင်းကို ပြန်လိုက်ရသော် မြတ်ဗုဒ္ဓသည်
ဘုရားဖြစ်တော်မူပြီး စတုတ္ထမြောက်ဝါတော်အရတွင် ဖြစ်ပေသည်။ မဇ္ဈိမဒေသကပိလဝတ် နှင့်
ကောလိယနှစ်ပြည်ထောင်ကြားတွင် ရောဟိဏီဟု အမည်ရှိသော မြစ်ကလေးတစ်စင်းရှိပေသည်။
မိုးတွင်းနှင့် ဆောင်းတွင်းအခါသမယတွင်ကား ထိုမြစ်ကလေးအတွင်းဝယ် ရေအလုံအလောက်စီးဆင်းနေသည့်အခါ
နှစ်ပြည်ထောင်မှ တောင်သူတို့သည် သူတို့၏ လယ်မြေတွေအတွက် ရေကို သုံးရန်လုံလောက်ပေသည်။
ယခုကဲ့သို့သော မိုးခေါင်လှသော နယုန်လတွင်ကား ရောဟဏီမြစ်မှ ရေစီးဆင်းနေသော ရေသည် နှစ်ပြည်ထောင်
တောင်သူတို့အတွက် မလုံလောက်တော့ပေ။ သို့ဖြစ်သဖြင့် ထိုရေကို သူရ သင့်သည်။
ငါရ သင့်သည်ဟုငြင်းခုန်ကြသည်။ထိုမျှမက တစ်ဖက်နှင့်တစ်ဖက် ငယ်ကျိုး ငယ်နာတွေလည်း အပြန်ပြန် အ လှန်လှန်
ဖော်ကြလေသည်။ ကောလိယပြည်ဘက်မှ လယ်သမားများက
“နင်တို့က ခွေးတွေလို မောင်နှမချင်း အိမ်ထောင်ပြုတဲ့အမျိုးတွေ၊”ဟုစတင်ပြောလေသည်။တစ်ဘက်ကလည်း
“နင်တို့က အနူမျိုးတွေ၊ အေး--အနူမျိုးအကြောင်းသိစေရမယ်။”ဟု စသည်ဖြင့် အထက်လူကြီးများအထိ
ပေါက်ကြားသွားရာ စစ်ခင်းကြမည့်အခြေအနေအထိရောက်ရှိသွားလေသည်။ထိုအကြောင်းကို သိတော်မူသော
မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး
“ဒါး၊လှံ၊ဒူးလေး တွေ သယ်ဆောင်လာပြီး၊ဘာလုပ်ကြမလို့လဲ။”ဟု မေးတော်မူလေသည်။ ထိုအခါနှစ်ပြည်ထောင်သော
ဆွေမျိုးများက
“တပည့်တော်တို့ စစ်ခင်းကြမလို့ပါဘုရား။”ဟုလျှောက်ထားလေသည်။ ဤတွင် မြတ်ဗုဒ္ဓက
“ဘာအတွက်စစ်ခင်းကြမှာလဲ။”ဟု ဆက်လက်မေးတော်မူလေသည်။ နှစ်ပြည်ထောင်မှ ဆွေမျိုးတို့ကလည်း
“ရေအတွက်ပါဘုရား။”ဟု လျှောက်ထားကြလေသည်။ ထိုအခါ ဘုရားရှင်က
“သင်တို့ဟာအဘိုးမတန်တဲ့ ရေအတွက်နဲ့ အဘိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား”ဟု
မေးမြန်းတော်မူပါကား ငြိမ်းချမ်းရေး တရားကို စတင်ဟောတော်မူပါသည်။ ဒီလိုဟောတဲ့နေရာမှာ ၊မြတ်ဘုရား ရှင်က၊
သာဓကတွေအနေဖြင့်
(၁)၀က်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကရပုံ(ဖန္ဒနဇာတက)
(၂)အကြောက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိသော ယုန်တကောင်စကားကြောင့် ဥသျှစ်သီးကြွေသည်ကို
ကမ္ဘာပြိုသည်ထင်မှတ်ပြီပြေးကြသောကြောင့်တိရိစ္ဆာန်များဒုက္ခတွေ့ကြရပုံ(ပထ၀ီဣန္ဒြိယဇာတက)
(၃)တဖက်သားကို အားနည်းတယ်ထင်ပြီး အထင်သေးအနိုင်ယူလိုပါက လွယ်ကူသည့်ကိစ္စမဟုတ်၍
အထင်မသေးသင့်ကြောင်းကို အားကြီးသော ဆင်ပြောင်ကြီးကို နှံစုတ်ငှက်မက အနိုင်ယူနိုင်ခဲ့သည့် သာဓကရှိပုံ။
(လဋုကိကဇာတက)
(၄)သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့် လေဒဏ်မိုးဒဏ်ကိုမပြိုမလဲ ကြံ့ကြံ့ခံနိုင်ပုံ(ရုက္ခမူလဇာတက)
(၅)ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက် များအမိခံ ကြရပုံ(၀ဋ္ဋကဇာတက)
(၆)မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ(အတ္တဒဏ္ဍသုတ္တ)ဥပမာ(၆)ရပ်ပြပြီးတရား
ရေအေးတိုက်ကြွေးကာ စေ့စပ်ရေးတရားဟောကြားခဲ့ပါသည်။ထိုအခါထိုနှစ်ပြည်ထောင်သားများသည် သူတို့၏
အမှားများကို သိကာ ငြိမ်းချမ်း ရေးရခဲ့ကြပါသည်၊ ဤတွင်သာမက နှစ်ပြည်ထောင်မှ မင်းသား ၅၀၀ တို့သည်
ဘုရားရှင်ရဲ့ သာသနာတော်ကိုဝင်ပြီး ရဟန်းပြုကြသည်။အဲဒီရဟန်းများသည် သာသနာတော်မှာ
မပျော်ပိုက်ကြသည့်အတွက် မြတ်ဗုဒ္ဓသည် ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းတဲ့ ကုဏ္ဍလာအိုင်သို့
ခေါ်ဆောင်ကာ ဂါထာသုံးရာတို့ဖြင့်တန်ဆာဆင်အပ်သော ကုဏ္ဍလငှက်မင်းရဲ့ ဇာတ်ကြောင်းကို
ဟောကြားတော်မူခဲ့ပါတယ်။အဲဒီဇာတ်တော်အဆုံးသောအခါ ရဟန်း ၅၀၀-တို့ဟာသောတပတ္တိဖိုလ်၌
တည်တော်မူခဲ့ပါသည်။မြတ်စွာဘုရားရှင်သည် ရဟန်းတော် ၅၀၀-နဲ့အတူ ကပိလဝတ် ပြည်ရဲ့အနီးမှာရှိတဲ့
မဟာဝုန်တောကို ကြွချီတော်မူခဲ့ပါသည်။ မဟာဝုန်တောတွင် မြတ်ဗုဒ္ဓသည် ထိုရဟန်းတို့အား ကမ္မဋ္ဌာန်းကို
ပေးတော်မူရာ မကြာမီကာလအတွင်းမှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက် တော်မူခဲ့ကြပါသည်။
ထိုရဟန်း၅၀၀တို့သည် မိမိ တို့ရရှိထားသော တရားထူးကို လျှောက်ထားရန်နှင့် ဘုရားရှင်ကို ဖူးမျှော်ရန်အတွက်
နယုန်လပြည့်ညချမ်း မှာ မြတ်ဗုဒ္ဓ၏ အထံတော်သို့ စုရုံးရောက်ရှိ လာကြပါသည်။ ထိုနေ့ညချမ်းအချိန်လေးမှာပင်
မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၀၀ တို့ကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊
နဂါးတို့များသို့မဟာဝုန်တောကို စုရုံးရောက်ရှိလာကြပါတယ်။ထိုကဲ့သို့ ပရိသတ်တွေစုဝေးသောအချိန်တွင်
မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ဗြဟ္မာတို့၏ အမည်၊အမျိုးအနွယ်၊တို့ကိုရဟန္တာငါးရာနှင့်
နတ်ဗြဟ္မာများကို သိစေလိုသည့်အတွက် အမျိုးတူအလိုက်စုပေါင်းကာ- အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး
နှုတ်ခွန်းဆက် စကားမိန့်ကြားတော်မူပြီးမှသာ မဟာသမယသုတ်တော်ကြီးကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။
မဟာသမယ သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာဝင်သောသုတ်ဟူ၍လည်း ခေါ်ပညာရှင်တို့က ခေါ်ဝေါ်ကြသည်။
နတ်၏ ချစ်ခင်မှုကို လိုလားကြသော လပ်လာဘပေါများလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို
ရွတ်သင့်ပေသည်။နတ်တို့သည် ဤသုတ်ကို အလွန်ကြားနာလိုကြသည်။ လူတိုင်းသည် ကိုယ့်နာမည်လေးကို
လူတွေရှေ့မှာခေါ်ခြင်း၊ဖော်ပြခြင်းတို့ကိုကြိုက်နှစ်သက်ကြလေသည်။ ဘုရားရှင်သည် ရောက်လာကြသော
နတ်ဗြဟ္မာအပေါင်းကို
၁။ရာဂစရိုက်-အားကြီးသူအတွက်---(သမ္မာပရိဗ္ဗာဇနိယသုတ်)
၂။ဒေါသစရိုက်-အားကြီးသူအတွက်---(ကလဟဝိဝါဒသုတ်)
၃။မောဟစရိုက်-အားကြီးသူအတွက်---(မဟာဗျူဟသုတ်)
၎။ဝိတက်စရိုက်-အားကြီးသူအတွက်---(စူဠဗျူဟသုတ်)
၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်---(တုဝဋကသုတ်)
၆။ပညာစရိုက်-အားကြီးသူအတွက်---(ပုရာဘေဒသုတ်) တရားတော်တို့ကို ဟောကြားတော်မူခဲ့ပါတယ်။
တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်းများစွာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်
အရဟတ္တဖိုလ်တို့သို့ အသီးသီးရောက်ရှိကြလေသည်။အချုပ်အားဖြင့်သော်ကား နယုန်လပြည့်နေ့၏ ထူးမြတ်သော
ဂုဏ်အင်များကို တွက်စစ်ရသော်
၁။ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး ငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူသောနေ့ဖြစ်ခြင်း။
၎။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက်ဝင်သော နေ့ဖြစ်ခြင်း။
၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
စသည်ဖြင့် ၆ချက်ပြည့်စုံနေသော ထူးမြတ်သောနေ့ဖြစ်ပါသည်။ ထို့အပြင် ယနေ့သည်ကား မြန်မာနိုင်ငံမှတစ်ပါး
အခြားဗုဒ္ဓဘာသာတိုင်းပြည်များတွင် မြတ်ဗုဒ္ဓပွင့်တော်မူသောနေ့ဟုသတ်မှတ်ကာ အကြီးအကျယ်ပူဇော်သော
နေ့ဖြစ်ပါသည်။ သို့ဖြစ်သဖြင့် ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော နယုန်လပြည့်နေ့တွင် အားလုံးသော
ဓမ္မမိတ်ဆွေအားလုံးတို့သည် ရတနားသုံးပါးကို အာမိသပူဇာ(ဆွမ်း၊သင်္ကန်းစသည်ကိုလှူခြင်း)
ဓမ္မပူဇာ (၀ိပဿနာတရားပွားများအားထုတ်ခြင်းဖြင့်ပူဇော်ခြင်း)တို့ဖြင့် ပူဇော်နိုင်ကြကာ
ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းမှုအပေါင်းဖြင့် ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်
မိမိ၏ “နယုန်လပြည့် မဟာသမယအခါတော်နေ့” အကြောင်းကို နိဂုံးချုပ်လိုက်ရပေသည်။
ကျမ်းညွှန်း ဒီဃနိကာယ် မဟာဝါပါဠိတော် စာမျက်နှာ ၂၀၂၊ ငှင်းအဋ္ဌကထာ စာမျက်နှာ ၂၆၄၊ ငှင်းဋီကာ ၂၃၁။တွင်
အကျယ်ရှုနိုင်ပါသည်။

Saturday, May 22, 2010

ဓာတ်မီးအထိုး မခံတဲ့ အမတေ

မြန်မာပြည်တွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ဂျိုးအမတေ ခိုအမတေ စသည်ဖြင့် အမတေတွေ တော်တော်ခေတ်စားလိုက်သေးသည်။
အမတေဟူသည် ဂျိုးဥလျှင် ထိုဥတွေထဲတွင် အစွမ်းထက်သော ဂျိုးအမတေဥတစ်လုံးပါသည်။ ခိုကဥလျှင်လည်း ထိုဥတွေထဲတွင် အစွမ်းထက်သော
ခိုအမတေဥတစ်လုံးပါသည်ဟုဆိုကြသည်။ ထိုအမတေများ၏ အစွမ်းသည်ကား ဓာတ်နှင့်မီးထိုးလျှင် ဓာတ်မီးမလင်း၊ သေနတ်နှင့်ပစ်လျှင် ကျည်မထွက်ဟု
ပြောဆိုကြသည်။ သို့ဖြစ်သဖြင့် လိုချင်သူများ အတော်များသလို ရှာဖွေသူတွေလည်း အတော်များလှပေသည်။ ရောင်းရလျှင်ကား သိန်းနှစ်ဆယ် သုံးဆယ်
အသာလေးပင်ရနိုင်လေသည်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်သဖြင့် တကယ်ဖြစ်ရပ်မှန်လေးတစ်ခုကို တင်ပြလိုပါသည်။
တစ်ခါက လှတောနယ်မှ ဒါယကာကြီးတစ်ဦးသည် ဂျိုးအမတေတစ်လုံးကို ရရှိထားလေသည်။ သူသည် ထိုအမတေကို ရောင်းရန် အမရပူရမြို့သို့တက်သွား
လေသည်။ သူသည် အမရပူရမြို့တွင် သူ၏ တူတော်မောင်ဦးဇင်းရှိသော ကျောင်းတစ်ကျောင်းကို တည်းကာ ဂျိုးအမတေ၀ယ်မည့်သူကို စောင့်မျှော်နေလေသည်။
ဒါယကာကြီးသည် ထိုကျောင်းမှာ တည်းနေစဉ် ထီးချိုင့်မြို့နယ်အတွင်း ရွာတစ်ရွာမှ ထိုဒါယကာကြီး၏ တူတော်မောင်သည်လည်း အလုပ်ကိစ္စ
တစ်ခုဖြင့် ထိုကျောင်းသို့ ရောက်လာလေသည်။ သို့ဖြစ်သဖြင့် တူအရီးတွေ ကျောင်းတွင်ဆုံကြကာ အလ္လာပသလ္လာပ စကားကို အားရပါးရပြောကြရင်း ထိုဒါယကာ
ကြီး၏ ဂျိုးအမတေတော့ပစ်ဆီသို့ ရောက်သွားလေသည်။ ဒါယကာကြီးက
“တူတော်မောင်ရေ ငါ့ဂျိုးအမတေသာ ရောင်းထွက်လို့ကတော့ အနည်းဆုံးသိန်းနှစ်ဆယ်ရမှာ၊ ရလာရင်တော့ ဆယ်သိန်းကို ဘဏ်မှာအပ်ထားမယ်၊ ကျန်ဆယ်သိန်းက
တော့ စီးပွားရေးလုပ်ရမှာပေါ့ကွာ၊”ဂျိုးအမတေအကြောင်း အာဘောင်အာရင်း သန်သန်နှင့် ပြောနေလေသည်။ တူတော်မောင်ကိုလည်း နေ့စဉ် လဘက်ရည်ဆိုင်ခေါ်သွား
ကား လဘက်ရည်ချို ပဲပလာတာတို့ဖြင့် နေ့တိုင်းဧည့်ခံလေသည်။ တူမောင်သည်ကား လဘက်ရည် ပဲပလာတာတို့၏ မျက်နှာကြောင့် ထိုဂျိုးအမတေအကြောင်းကို
မနည်းသည်းခံကာ နားထောင်းနေရလေသည်။ သို့သော် နားကား အတော်ညည်းလှပေပြီ။ ခေတ်ပညာတတ် မြန်မာစာဘွဲ့ရ ကျောင်းသားတစ်ယောက်ဖြစ်သည်
အားလျှော်စွာ သူ၏ ဦးလေး၏ လုပ်ငန်းကိုလည်း စိတ်မ၀င်စား၊ မယုံကြည်ပေ။ သူ၏ ဦးလေးသည် ယူဆောင်လာသော ဂျိုးအမတေကို အစွမ်းထက်ရန်အလို့ငှာ
နံနက်ခင်းတိုင်း အစောထကာ
“ဥုံ ဣတိပိ သော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ”စသည်ဖြင့် ဥုံခံကာ ရွတ်နေသည်မှာ မိုးတွင်းအခါတွင် တဥုံဥုံအော်နေသော ဖား၊ ဖားဂပြုတ်တို့ကပင်
အရှုံးပေးရမည်ထင်၏။ဘေးမှ မြင်နေရသော တူတော်မောင်မှာ ဦးလေးဖြစ်သူ၏ အဖြစ်ကို ကြည့်ကာ သဘောကျနေမိသည်။ တစ်နေ့ ထိုကျောင်းသို့ ဂျိုးအမတေကို
ဝယ်ရန်အလို့ငှာဧည့်သည်တစ်သိုက် ရောက်လာလေသည်။ ထိုအခါ ဒါယကာကြီးသည် တော်တော်ပျော်သွားသည်။ သူသည်
“ကျွန်တော်ရဲ့ ဂျိုးအမတေက အလွန်အစွမ်းထက်တယ်၊ ဓာတ်မီးနဲ့ ထိုးလျှင် ဓာတ်မီးမလင်းဘူး၊ သေနတ်နဲ့ ပစ်လျှင်လည်း ကျည်မထွက်ဘူး၊”စသည်ဖြင့်
ထိုဂျိုးအမတေ၏ အစွမ်းကိုပြောပြသောအခါ ဧည့်သည်များသည် ကြိုက်သွားကာ
“ဒါဆို ကျွန်တော်တို့ ဓာတ်မီးနဲ့ အရင်ထိုးကြည့်မယ်၊ ပြီးမှ သေနတ်နဲ့ ပစ်ကြည့်မယ်ဗျာ၊ ခင်ဗျားပြောတဲ့အတိုင်း စွမ်းရင်သိန်းနှစ်ဆယ်ပေးမယ်။”ဟု ဆိုကာ
ဂျိုးအမတေကို စားပွဲပေါ်တင်ကာ ဓာတ်မီးဖြင့် ထိုးကာ စမ်းလိုက်လေသည်။ ဓာတ်မီးလင်း မလင်းတော့မသိ။ ထိုဂျိုးအမတေဥတွင်သာမက
တစ်ကျောင်းလုံးလိုပင် လင်းထိန်းသွားလေသည်။ ထိုအခါ ဧည့်သည်များက
ဓာတ်မီးနဲ့ ထိုးရင် မီးမလင်းဘူးလဲပြောတယ်၊ ခုဟာက ပိုတောင်လင်းနေသေးတယ်၊ ခင်ဗျားအမတေက ဓာတ်မီးထိုးမခံတဲ့ အမတေကြီးပါဗျာ။”ဟု ဆိုကာ
ဧည့်သည်တစ်သိုက် ပြန်ထွက်သွားကြလေသည်။ ထိုအဖြစ်ကို ဘေးမှ ကြည့်နေသော ထီးချိုင့်သား ကဗျာ လင်္ကာ ဒွေးချိုး လေးချိုး အစပ်တော်သော တူတော်မောင်က
“ဘုံဘ၀မှာဖြင့် ဥုံဖွသံ ညံမစဲသော်လည်း
ကြုံရကံတကယ်နည်းတာကြောင့်
လွဲလေတဲ့ အမတေ
ရောင်းရလို့ပြေရင် ဘဏ်ကိုလွှဲ
ဓာတ်မီးထိုးမခံတာကြောင့်
လပ်ကီးညှိုးပြန်ရသူ ဒို့အဖိုး
အမယ်မင်း သောက်ကြိုးကိုနည်း။”ဟု စပ်ဆိုလိုက်သောအခါ ဂျိုးအမတေရောင်းမရသဖြင့် စိတ်ပျက်နေသော ဦးလေးဖြစ်သူသည် တူတော်မောင်၏ ပြောင်မြောက်သော စာချိုးကို ကြိုက်သဖြင့်
ဝမ်းမြောက်ဝမ်းသာဖြစ်ကာ
“အေး တူတော်မောင်ရေ မင်းစာချိုး တကယ်ကောင်းတယ်၊ ငါ့အမတေရောင်းမရသော်လဲ မင်းကို ချီးမြှောက်တဲ့အနေနဲ့ လဘက်ရည်တိုက်မယ်ကွာ။”ဟု
လက်ဆွဲခေါ်ကာ တူအရီးနှစ်ယောက်တို့သည် လက်ဘက်ရည်ဆိုင်သို့ ချီတက်သွားလေတော့သတည်း။

Saturday, May 15, 2010

”တရားဟောကောင်းသော သံဃာတော်ကိုမှ အလိုရှိသူ”

တစ်ခါက မြို့တစ်မြို့တွင် ဒါယိကာမကြီးတစ်ယောက်ရှိလေသည်။ သားထောက်နောက်ခံကလည်း မရှိသည့်အ တွက် သူမရှာဖွေထားသော ပစ္စည်းများကို ရောင်းချထုခွဲကာ ကျောင်းကြီးတစ်ဆောင်ဆောက်လုပ်ထားလေ သည်။ ဒါယိကာမကြီးသည် ထိုကျောင်းကြီးကို တရားဟောကောင်းသော ဆရာတော်ကိုသာလျှင် လှူဒါန်း မည်ဖြစ်ကြောင်း တရားဝင်ကြေငြာထားလေသည်။ တစ်နေ့ သူမ၏ ကျောင်းကြီးပေါ်တွင် တရားပွဲကျင်းပ လေသည်။ အနယ်နယ် အရပ်ရပ်မှ တရားဟောကောင်းသော ဆရာတော်များကို ပင့်ကာ တရားနာလေသည်။ တရားဟောသည့် ဆရာတော်များသည် အသံနေ အသံထားဖြင့် မဟောမူ၍ ရှေးရိုးအတိုင်း ရိုးရိုးသာလျှင်
“ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်းသား”စသည်ဖြင့် တရားသံဖြင့်ဟောလေသည်။ ဒါယိကာကြီးသည် အသံနေ အသံထား မပါသဖြင့် ရှေ့က သောကြားသွားသောဆရာတော် အတော်တော်များများကို မကြိုက်လှချေသည်။ သို့ဖြစ်သဖြင့် သူမ၏ ကျောင်းကိုလည်း မလှူဒါန်းချေ။ တစ်နေ့တော့ ဇာတ်ပျက်ပြီး သာသနဘောင်ရောက်လာကာ တ၇ား ဟောမှုဖြင့် နာမည်ကြီးနေသော ဦးဇင်းငယ်တစ်ပါးကို ပင့်လေသည်။ ထိုဦးဇင်းသည် ဒါယိကာမကြီး သဘော ထားကို သိထားပြီးဖြစ်လေသည်။ သို့ဖြစ်သဖြင့် တရားဟောသော အခါတွင်းကား ဓမ္မကထိကဦးဇင်းငယ်သည်
“ဗောဓိလေးရယ်တဲ့ အိုမဏ္ဍိုင် အိုမဏ္ဍိုင်၊ ဗောဓိလေးရယ်တဲ့ အိုမဏ္ဍိုင်ဗျ မဏ္ဍိုင်ဗျ၊”ဟု အသံကို ဆွဲကာ အသံနေ အသံထားဖြင့် တရားကို ဟောလိုက်လေသည်။ ကျောင်းဒါယိကာမကြီးသည် သူမကြိုက်သော အသံမျိုးဖြစ်လေ ရာ တရားကိုပင် ဆက်မနာနိုင်တော့ဘဲ
“ကြည်ညိုစရာကောင်းလိုက်ပါတဲ့ ဒီကိုယ်တော် ဒီကိုယ်တော်၊ ကြည်ညိုစရာ ကောင်းလိုက်ပါတဲ့ ဒီကိုယ်တော် ဒီကိုယ်တော်”ဟု အသံနေ အသံထားဖြင့် ပြန်လျှောက်လေသည်။ ထိုအခါ ဆရာတော်က
“ခန်းဝါလေးကိုနော်ဗျာ ဒီမောင်ပိုင်တော့မှာမို့၊
ခန်းဝါလေးကိုနော်ဗျာ(ဆွဲရန်) ဒီမောင်ပိုင်တော့မှာမို့၊
သဒ္ဓါခိုင်မြဲမြဲနဲ့ လှူဒါန်းပါနော် လှူဒါန်းပါနော်၊
ထိုအခါ ကျောင်းအမကြီးက
“ခန်းဝါလေးတွင် မကပါဘုရား
ခန်းဝါလေးတွင် မကပါဘုရား
အကုန်လုံးကိုလ တပုံပုံးဂျိတွေနဲ့
လှူဒါန်းမယ်ဘုရား၊ လှူဒါန်းမယ်ဘုရား”ဟု လျှောက်ထားကာ ကျောင်းကြီးကို ဓမ္မကထိကမင်းသားကိုယ်တော် အား ရေစက်ချကာ လှူဒါန်းလိုက်လေတော့သတည်း။

သာသနပါလကျောင်းမှ ဟာသများ အမှတ်(၄)

တစ်နေ့ ကိုရင်နန္ဒသာမိတို့သည် အစိုးရ အငယ်တန်း စာမေးပွဲကို ဖြေကြရသည်။ သူတို့ထဲတွင် မြန်မာပြည်အ ထက်ပိုင်းမှ မြန်မာစကားကောင်းကောင်းမတတ်သေးသော ဂဒူးကိုယ်တော်လေးတစ်ပါးပါရှိသည်။ သူသည် စာ မေးပွဲကို ကောင်းမွန်စွာ ဖြေဆိုခဲ့ကြောင်း ကိုရင်နန္ဒသာမိတို့ကို ကြွားနေလေသည်။ ဤတွင် ကိုရင်နန္ဒသာမိက
“ဟ ကိုရင်ဂဒူး မင်းစာမေးပွဲကောင်းကောင်းဖြေနိုင်တယ် ပြောတယ်၊ မင်းကိုမေးပါအုံးမယ်၊ (၁)နံပါတ်မှာ “ရဟန်း တော်များ အကပ်မခံဘဲ သုံးဆောင်ကောင်းသောအရာများကို ဖေါ်ပြပါ”လို့ မေးထားတယ်၊ မင်းအဲဒါကို ဘယ်လို ဖြေဆိုခဲ့လဲ။”ဟု မေးသောအခါ ဂဒူးကိုရင်က
“ အရှင်ဘုရားကလဲ ဒါလေးများ အလွယ်လေး၊ ကျောင်းဖြစ်ပါသည်လို့ ဖြေခဲ့တာပေါ့ဘုရား။” ဟု အားရ၀မ်းသာ
ပြောကြားလေသည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဟ ကိုရင်ဂဒူးရ မင်း အစကတည်းက မှားနေပြီ၊ ဘယ်လိုလုပ်စာမေးပွဲအောင်မှာလဲ၊ ပါစိတ် ဒန္တပေါနသိက္ခာ ပုဒ်မှာအညတြ ဥဒကဒန္တပေါနာထောက်ပြီးရေဒန်ပူတို့ကို ကြဉ်ထားပြီး ကျန်သောအရားများကို အကပ်မခံဘဲ မသုံး ဆောင်ရ၊သုံးဆောင်လျှင် ပါစိတ်အာပတ်သင့်တယ်၊ ရေနဲ့ဒန်ပူကတော့ အကပ်မခံဘဲ သုံးဆောင်ကောင်း တယ်လို့ဆိုထားတယ်လေ။ မင်းဒါလေးတောင် မရဘူးလား၊ ဒါနဲ့ မင်းက ဘာကို ထောက်ပြီး ရဟန်းများ အကပ်မ ခံဘဲ သုံးဆောင်ကောင်းသော အရာသည်ကား ကျောင်းဖြစ်ပါသည်လို့ ဖြေခဲ့တာလဲ။” ဆက်မေးလေသည်။ ဤတွင် ဂဒူးကိုရင်လေး၏ ဖြေဆိုသံကို ကြားလိုက်ရသော ကိုရင်နန္ဒသာမိနှင့် အနီးအနားရှိ ကိုရင်တို့သည် အားရပါးရ ဟက်ဟက်ပက်ပက် ရယ်ကြရလေတော့သည်။ ဂဒူးကိုရင်ငယ်ဖြေကြားလိုက်သည်ကား
“ကိုရင်နန္ဒသာမိရယ် အရှင်ဘုရားပြောမှဘဲ ရှင်းသွားတာဘဲ၊တပည့်တော်လဲ စာမေးပွဲခန်းထဲမှာ အမျိုးမျိုးတွေး တယ်၊ အွန်း ရဟန်းတော်များ အကပ်မခံဘဲ သုံးဆောင်နေတာတော့ ကျောင်းဘဲရှိတယ်၊ ကျောင်းကြီးကို ဒကာ ဒကာမတွေကလဲ မ,ပြီးကပ်တာမရှိ၊ ရဟန်းတော်များကလဲ ကျောင်းကြီးကို အကပ်ခံတာမျိုးမရှိဘူး၊ ဒါကို တွေး တောပြီးရဟန်းများ အကပ်မခံဘဲ သုံးဆောင်ကောင်းသောအရာသည်ကား ကျောင်းဖြစ်ပါသည်၊”လို့ ဖြေခဲ့တာဘဲ ဘုရား၊ ရေနဲ့ဒန်ပူကိုလဲ မစဉ်းစားမိလိုက်ဘူးဘုရား။”ဟူသတည်း။

Wednesday, May 12, 2010

သာသနပါလကျောင်းမှ ဟာသများ အမှတ် (၃)

မိမိ၏ စာဖတ်ပရိသတ်မှ သာသနပါလကျောင်းမှ ဟာသများကို ရေးပေးပါရန် တောင်းဆိုလာသဖြင့် ဆက်လက် ရေးသားပေအံ့။ တစ်နေ့သောညနေခင်း ကိုရင်နန္ဒသာမိတို့ ကိုရင်တစ်စုသည် စာအံကျောင်းဆင်းပြီးနောက် ပန်း စင်အောက်၌ ထိုင်ကာ စကားပြောနေကြသည်။ ထိုစဉ် ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်က
“ဟေ နန္ဒသာမိလာစမ်း! မနက်ဖြန်တက္ကသိုလ်နားက မဟာမြိုင်မှာ ဆွမ်းကြီးလောင်းပွဲရှိတယ်၊ စာရေးတန်မဲတွေ လဲပါတယ်၊ အဲဒါ ငါ့အစား မင်းလိုက်သွား၊ အေး မဲကောင်းရအောင်နှိုက်ခဲ့နော်၊ မဲကောင်းက ကျစ်ကျစ်ကလေး လိပ်ထားတာများတယ်၊ ကျစ်နေတဲ့ မဲကို ရွေးနှိုက၊် ဒါမှ မဲကောင်းပေါက်မှာ၊ ရလာတဲ့ ၀တ္ထုငွေတစ်ဝက်ကို မင်းကို စွန့်မယ်၊ မနက်အစောလေးနာရီထသွားနော်၊ ဒါက ဆွမ်းလောင်းပွဲလက်မှတ်၊ အမှတ်စဉ်နံပါတ်က(၂၀၀)နော် သူတို့က အမှတ်စဉ်အတိုင်း ခေါ်လိမ့်မယ်၊ မင်းအလှည့်ကျရင် ၀င်နှိုက်ပေါ့ကွာ၊” ထိုအခါ ကိုရင်နန္ဒသာမိသည်
“မှန်ပါ့ဘုရား”ဟု ပြန်လည်လျှောက်ထားကာ လက်မှတ်ကို ယူထားလိုက်လေသည်။ ကိုရင်နန္ဒသာမိသည် သူ့ဘ၀ တွင် ဒီတစ်ခါသာ ဆွမ်းကြီးလောင်းလက်မှတ်ကို ရဖူးသည်။ လက်မှတ်ကို ကိုင်ကာ တစ်ညလုံးအိမ် မပျော် ခဲ့ပါ၊
“အွန်း တစ်ထောင်သာ မဲပေါက်လို့ကတော့ ငါးရာက ငါရမှာ၊ ဒါဆိုရင်တော့ ဘိုမတက်ထွန်သင်္ကန်းလေးတစ်စုံ တော့ဝယ်အုံးမှ၊” စိတ်ကူးများပင်ယဉ်နေတော့သည်။ နံနက်လေးနာရီထိုးပါပြီ၊ ကိုရင်နန္ဒသာမိသည် မျက်နှာကို ကမန်းကတန်းသစ်ကာ ဆိုက်ကားကို အသွားအပြန် ငှားသွားလေသည်။ သူရောက်သွားသောအခါ ဆွမ်းကြီး လောင်းပွဲမစသေးပါ၊ သံဃာတော်များကို ယာဂုဆွမ်းများကပ်နေလေသည်။ သို့ဖြစ်သဖြင့် ကိုရင်နန္ဒသာမိသည် ယာဂုဆွမ်းကို အားပါးတရဘုဉ်းပေးလိုက်သေးသည်။ ငါးနာရီခွဲခန့်တွင် ဆွမ်းကြီးလောင်းပွဲစပါပြီ၊ ခြောက်နာရီ လောက်တွင် ဂေါပကလူကြီးများက
“ အမှတ်စဉ်(၁၉၀)မှ အမှတ်စဉ်(၂၀၀)အထိ လက်မှတ်ကိုင်ဆောင်ထားသော ဆရာတော်သံဃာတော်များ စာရေးတန်မဲ နှိုက်ရန် ကြွတော်မူပါဘုရား၊” ဟု ပင့်နေလေပြီ။ ထိုအသံကို ကြားရသောအခါ ကိုရင်နန္ဒသာမိသည် သူ၏ လက်မှတ်ကို ကြည့်လိုက်သည်။ သူ၏ အလှည့်ကျရောက်ပြီဖြစ်ကြောင်းကို သိရသည်။ သို့ဖြစ်သဖြင့် ကိုရင် နန္ဒသာမိသည် ကြွသွားလေသည်။ သူ၏ ရှေ့မှ ကိုယ်တော်များသည် တစ်ထောင်မဲ ငါးရာမဲ နှစ်ရာမဲ စသည်ဖြင့် ပေါက်ကြသည်။ ကိုရင်နန္ဒသာမိအလှည့်ရောက်သောအခါ ဂေါပကလူကြီးများက
“ကိုရင်လေး မဲကောင်းကောင်းပေါက်အောင်နှိုက်နော်”ဟု လျှောက်ထားကို မဲလိပ်ထည့်ထားသော ငွေဖလားကို ကမ်းပေးသည်။ ကိုရင်နန္ဒသာမိသည် လက်တုန်တုန်ရီရီဖြင့် သူ့ဆရာဦဇင်းကျော်စိန်မှာထားသည့်အတိုင်း ကျစ် သော မဲလိပ်ကို နှိုက်လိုက်သည်။ ထို့နောက် ဂေါပကလူကြီးတစ်ယောက်က
“၀တ္ထုငွေ နှစ်ဆယ့်ငါးကျပ်တန် ပဒေသာပင်နှင့် ပြက္ခဒိန်တစ်ခုပါဘုရား”ဟု မိုက်ဖြင့်ကျယ်လောင်စွာအော်လိုက် လေသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင် ကိုရင်နန္ဒသာမိသည် မပျော်နိုင်တော့ပါ၊ သူ၏ ကျောင်းမှာ တွေးခဲ့သော အတွေးစများသည်လည်း ပျောက်ပျက်လေကုန်ပြီ။ ဆွမ်းလောင်းပွဲအပြီး ကိုရင်နန္ဒသာမိသည် ဆိုက် ကားဖြင့် ကျောင်းသို့ပြန်ကြွလာလေပြီ။ အပြန်လမ်းတွင်တော့ တက်ကြွနေသော စိတ်တို့သည်လည်း ငြိမ်ဝပ်သွားလေတော့သည်။ စိတ်ကူးယဉ်မှုများသည်လည်း လေထဲတွင် ပျောက်ပျက်သွားလေတော့သည်။ ကိုရင်နန္ဒသာမိကျောင်းထဲဝင်သည်ကို မြင်လျှင်မြင်ချင်း မျှော်လင့်ချက်ဖြင့် စောင့်နေသော ဦးဇင်းကျော်စိန်က
“ဟ နန္ဒကြီး မဲဘယ်လောက်ပေါက်ခဲ့သလဲကွ”ဟု ကိုရင်နန္ဒသာမိ၏ လျှောက်ထားမှုကို မစောင့်တော့ဘဲမေးလေ တော့သည်။ ကိုရင်နန္ဒသာမိသည် သူ၏ ဆွမ်းလောင်းပွဲနှင့် ပတ်သက်သော အကြောင်းကို ရှင်းပြလိုက်သောအ ခါတွင် ဦးဇင်းကျော်စိန်သည် ပလန်လက် ပက်လက်လန်သွားလေတော့သတည်း။ ကိုရင်နန္ဒသာမိ၏ လျှောက် ထားချက်သည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
“ဘုန်းကြီးဘုရား တပည့်တော်ဒီနေ့ ဆိုက်ကားငှားပြီး ဆွမ်းလောင်းပွဲကို သွားပါတယ်ဘုရား၊ ဘုန်းကြီးပြောသလို တပည့်တော်က ကျစ်နေတဲ့ မဲလိပ်ကို နှိုက်ပါတယ်ဘုရား၊ သို့သော် ဘုန်းကြီးပြောသလို ပေါက်မဲက နံပါတ်တစ်မဲ မဟုတ်ဘဲ အစိတ်တန်ငွေပဒေသာပင်နဲ့ ပြက္ခဒိန်ဖြစ်နေပါတယ်ဘုရား၊ တပည့်တော်က ဆိုက်ကားအသွားအပြန် ငှားသွားတယ်ဘုရား၊ ဆိုက်ကားခက ၅၀ကျပ်ကျပါတယ်ဘုရား၊ နောက်ထပ်ငွေအစိတ်လိုနေပါတယ်ဘုရား၊ အဲဒါ ကြောင့် ဆိုက်ကားခငွေအစိတ် စွန့်ပါအုံးဘုရား။”ဟူသတည်း။

Monday, May 10, 2010

“တရားဟောကောင်းတဲ့ ရခိုင်ဦးဇင်းလေး”

မန္တလေးသာသနတက္ကသိုလ်တွင် ရခိုင်ဦးဇင်းလေးတစ်ပါးသည် ပညာသင်ယူနေလေသည်။ တစ်နေ့ ၀ါတွင်းဥ ပုသ်တွင် နန်းရှေ့ဥပုသ်ဇရပ်မှ ထိုရခိုင်ဦးဇင်းလေးကို ပင့်လေသည်။ သို့ဖြစ်သဖြင့် ထိုဇင်းလေးကြွသွားကာ တ ရားဟောပါပြီ။ တရားဟောပြီးသောအခါ ဆုပေးလေသည်။ ဆုပေးဟန်ကား
“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူ စိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း။ ”ဟုဆုပေးလိုက်လေသည်။ ဥပုသ်သည်တို့သည်လည်း သာဓုတော့ခေါ်လိုက်ကြသည်။ သို့သော် မျက်နှာမသာ မယာနှင့်ပင်။ နောက်ရက် ထိုရခိုင်ကိုယ်တော်လေးနှင့် ရင်းနှီးသော မြန်မာကိုယ်တော်တစ်ပါးသည် နန်းရှေ့ အသိအိမ် တစ်အိမ်သို့ ရောက်သွားရာ ထိုအိမ်မှ ဒါယိကာမကြီးက
“ကိုယ်တော်တို့ တက္ကသိုလ်ကလို့ ပြောတာဘဲ ကိုယ်တော်တစ်ပါးတရားဟောသွားတာ နားကိုမလည်ဘူး၊ အသံ ကလဲ ၀ဲတဲတဲနဲ့ မြန်မာဦးဇင်းမဟုတ်ဘူးထင်ပါရဲ့၊ သူဆုပေးတာက 'ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း။'ဟု ဆုပေးတယ်လေ။ တပည့်တော်တို့က လှူလဲ လှူရ သေးတယ်၊ လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်း ဖြစ်ပါစေ လို့ဆုတောင်းပေးသွား တယ်လေ၊ တပည့်တော်တို့ကတော့ လူစိမ်းလဲ မဖြစ်ချင်ပါဘူး၊ နတ်စိမ်းလဲ မဖြစ်ချင်ပါဘူး၊ ပြီးတော့ ဒါတွင်ကမ သေးဘူး အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်းတဲ့။ ကောင်းသေးရဲ့လားဦးဇင်းရယ်၊ ကြွက်တွင်းဝင်ခိုင်းပြန်ပြီး၊ အမလေးကြွက်တွင်းတော့မ၀င်ပါရစေနဲ့။ ဟု ညည်းညူကာ လျှောက်ထားလေသည်။ ဤတွင်မှ ရခိုင်ကိုယ်တော်လေးနှင့် အတူနေသော မြန်မာကိုယ်တော်လေးက ချက်ချင်းဘဲ သဘောပေါက်ကာ
“ဒကာမကြီး မနေ့က တရားဟောသွားတာ ဦးဇင်းရဲ့ သူငယ်ချင်းရခိုင်ကိုယ်တော်လေးပါ။ သူက မြန်မာစကားကို ပီသအောင် မပြောတတ်တော့ ဒကာမကြီးတို့က တစ်မျိုးထင်တာပေါ့။ သူဆိုလာတာက အဲဒီလိုမဟုတ်ဘူး၊ ဆိုလိုတာက
“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်း သူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူ စည်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စည်းစိမ်းတို့နှင့် ပြည့်စုံကြကာ အဆုံးဘ၀နောက်ကာလ၌ ကျွတ်တမ်းဝင်ကြကုန် ရာသတည်း။”ဟု ဆုပေးတာပါ ဒကာမကြီးရယ်၊ ထိုကိုယ်တော်လေးကို တစ်မျိုးမထင်ပါနဲ့။”ဟု ဘာသာပြန် ပြရလေသည်။ ထိုအခါမှ ဒါယကာမကြီးသည်လည်း
“အော် အဲဒီလိုလားဘုရား၊”ဟု နားလည်သွားကာ ကျေနပ်နှစ်သက်သွားလေသည်။
“အော် ရခိုင်ကိုယ်တော်လေးရေ ဘာသာပြန်ပါပေလို့ပေါ့၊ ဘာသာပြန်မပါလျှင်ကား နောက်နှစ်ဥပုသ်ဇရပ်နဲ့ တော့ဝေးရမှာကို မြင်ယောင်မိပါသေး၏၊“

“ဒီလို ဒကာမျိုးလည်းရှိသေးတယ်”

အလွန်အင်မတန် ပူပြင်လှသော နွေရာသီသို့ရောက်ရှိနေပါပြီ။ အလွန်အင်မတန်မှ ပူပြင်းလှသော နွေရာသီဝယ် ဧည့်သည့်တစ်သိုက် မြန်မာပြည်အထက်ပိုင်း ရွာသာယာရွာ ရွာသာယာကျောင်းသို့ ဆိုက်ရောက်လာကြလေ သည်။ ရောက်လျှင် ရောက်ချင်းဘဲ ဆရာတော်ကို ဦးတိုက်ကာ အလ္လာပ သလ္လာပစကားပြောကြသည်။ ဆရာ တော်နှင့် တရင်းတနှီးစကားပြောနေကြသည်ကို ကြည့်သောအားဖြင့် ထိုဧည့်များသည် ဆရာတော်နှင့် အတော် ပင် ရင်နှီးကြဟန်တူ၏။ ထိုအထဲတွင် ဧည့်သည်တစ်ယောက်သည်ကား ဆရာတော်နှင့် စကားမပြောပေ၊ ငြိမ်၍ သာနေလေသည်။ ဧည့်စိမ်းဖြစ်လိမ့်မည်ထင်၏၊ မကြာလိုက်ပါ၊ ထိုဧည့်သည်သည် အပူမှလာရသည်ဖြစ်သဖြင့် အနီးအနားရှိ သောက်ရေအိုးစဉ်မှ ရေကို အားပါးတရ ခပ်သောက်လိုက်မည်ဟု ပြင်လိုက်စဉ် ဆရာတော်က
“ဒကာကြီး အဲဒါသံဃာတော်တွေသောက်တဲ့ ရေအိုးစဉ်”ဟု အော်ပြီး တားတော်မူလိုက်လေသည်။ ထိုစဉ်ဧည့် သည် ကိုလူအေးကြီးပြောလိုက်သော စကားကြောင့် ဆရာတော်ပင် မည့်သည့်စကားကိုမျှ ဆက်မိန်တော်မမူနိုင် တော့ ပေ။ ဧည့်သည်ပြောလိုက်သောစကားသည်ကား
“ရပါတယ်ဘုရား၊ တပည့်တော်မရွံတတ်ပါဘူးဘုရား”တဲ့။
“အော် တော်သေးတာပေါ့၊ ဘုန်းကြီးကို မရွံတတ်သော ဒီလို ဒကာမျိုးလဲရှိသေးလို့”

Friday, May 7, 2010

“သာသနပါလကျောင်းမှ ဟာသများ အမှတ်(၂)

တစ်နေ့ ကိုရင်နန္ဒသာမိတို့သည် ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်နှင့် ဘုရားဝတ်တက်ကျသည်။ ထိုဘုရားဝတ်တက်ပြီးနောက် ဆရာတော်ဦးဂန္ဓမာက
“အေးမင်းတို့တတွေ ဒီကျောင်းရောက်လာတာဟာ စာသင်ဘို့ရောက်လာတာဖြစ်တယ်၊ စာကိုဘဲ စိတ်ဝင်တစားသင်ကြပါ၊ အပြင်ထွက်ပြီး ပွဲတွေဘာတွေ ထွက်ကြည့်လား ပြုလားမလုပ်နဲ့၊ ကြည့်ရင်တော့ ငါနဲ့တွေ့မယ်။”ဟု သြ၀ါဒပေးလေသည်။ ထိုသြ၀ါဒပေးပြီးမကြာပါ ဘုရားကြီးတွင် တပိုတွဲလဘုရားပွဲရှိလေသည်။ ကိုရင်နန္ဒသာမိတို့အုပ်စု ပွဲသွားကြည့်ချင်ကြသည်။ သို့သော် ဆရာတော်က သြ၀ါဒပေးထားသဖြင့် မသွားရဲကြပေ။ သို့သော် တစ်ခြားကျောင်းကကိုရင်တွေ ကြွနေသည်ကိုတွေ့တော့ သူတို့ မနေနိုင်တော့ပေ။ သို့ဖြစ်သဖြင့် သူတို့သည် ဒီညတော့ ဆရာတော်အိပ်သည်နှင့်တစ်ပြိုင်နက် ပွဲခိုးကြည့်မည်ဟု ဆုံးဖြတ်ချက်တက်ညီလက်ညီချလိုက်ကြလေသည်။ည (၁၁)နာရီထိုးချိန် စာအံကျောင်းဆင်းပြီးနောက် သူတို့သည် အပြင်ထွက်ပွဲကြည့်ရန် ဆရာတော်ကို အကဲခတ်ကြလေသည်။ ဆရာတော်၏ အခန်းသည် မီးအမှောင်ကျနေပြီးဖြစ်သည်။ ဆရာတော်သည် ကျိန်းစက်သွားသည်မှာ သေချာပြီးဖြစ်သည်။ သို့ဖြစ်သဖြင့် ကိုရင်နန္ဒသာမိတို့တစ်စုသည် ပွဲခင်းသို့ သုတ်သုတ်ဘဲ လစ်ထွက်သွားကြလေသည်။ ဇာတ်ရုံအတွင်းသို့ ၀င်လိုက်သောအခါတွင်ကား သူတို့သည် ဆရာတော်ဦးဇင်းကျော်စိန်နှင့် ပက်ပင်းသွားတိုးလေသည်။ ဆရာတော်သည် ဘာမျှမပြောချေ။ သူ့ဣနြေ္ဒနှင့် သူနေလေသည်။ သူ၏ သြ၀ါဒနှင့်သူ မိနေလေသည်။
“မင်းတို့ ပွဲမသွားနှင့် ပွဲသွားရင်ငါနဲ့တွေ့မယ်”ဟူသောသူ၏ သြ၀ါဒအတိုင်း ယခုအခါတွေ့ရှိနေလေပြီ။ ကိုရင်နန္ဒသာမိတို့သည်ကား ပွဲကိုပင် ဖြောင့်ဖြောင့်မကြည့်ရဲတော့ပေ။ ဆရာတော်ကို ကြည့်လိုက်၊ ဇာတ်ပွဲကိုကြည့်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေကြသည်။ မကြာလိုက်ပါ၊ ဦးဇင်းကျော်စိန်လဲ ပျောက်သွားလေပြီး။ ပြဇာတ်ပြီးသောအခါ သူတို့တတွေ ပြန်လာကြသည်။ ဆရာတော်သည် ယခုအချိန်ထိ ပွဲကြည့်မှု နှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မိန့်တော်မမူသေးပါ။ စာတက်ချိန်ရောက်သောအခါတွင်ကား ဦးဇင်းကျော်စိန်ပညာပြလေပြီ။ ကို၇င်နန္ဒသာမိတို့ကို တစ်ခါမျှ မတွေ့ဘူးသေးသော စာအသစ်တွေကို ဆိုခိုင်းသည်။ မရသောအခါတွင်ကား
“မင်းတို့ကောင်းတွေ ပွဲကျတော့ ခိုးကြည့်တယ်၊ ဒီစာကျတော့ မရဘူးလားဆိုပြီး အတင်းရိုက်လေတော့သည်။ ထိုအထဲတွင် ပအို့ကိုရင်ကြီးတစ်ပါးပါသည်။ သူသည် လူမျိုးခြားဖြစ်သည်ကတစ်ကြောင်း၊ ဥာဏ်ထိုင်းသည်က တစ်ကြောင်း၊ အထက်ပါအကြောင်းတို့ကြောင့် ပိုအရိုက်ခံရလေသည်။ ရက်ရက်စက်စက်ရိုက်နေလေသောအခါ ပအို့ကိုရင်ကြီးထပြေးသည်။ ခဏနေ ဒါးကို ယူကာပြန်ရောက်လာလေသည်။ ဦးဇင်းကျော်စိန်ကြီးသည် နည်းနည်းတော့လန့်သွားသည်။
“ဒီကောင်ငါ့ကိုများ ဒါးနဲ့ခုတ်လေမလားပေါ့၊” ပအို့ကိုရင်ကြီးသည် ဆရာတော်ထံကို သွားကာ
“ဆရာတော် တပည့်တော်ကို ရိုက်နေတာ စာကို တကယ်ရစေချင်လို့ ရိုက်တာလား၊ မုန်းလို့ရိုက်တာလား၊ မုန်းရင်တော့ ရိုက်မနေပါတော့နဲ့ဘုရား၊ တစ်ခါတည်း ဒီဒါးနဲ့သာ ခုတ်သတ်လိုက်ပါတော့ဘုရား”ဟုဆိုကာ ဒါးကို ကပ်လေသည်။ ထိုအခါမှ ဦးဇင်းကျော်စိန်ကြီးသည်လည်း သက်ပြင်းများချနိုင်လေသည်။ ဆက်၍
“မင်းက လူကြည့်တော့ လအော်လအဲနဲ့ ဒါမျိုးတော့ အဖြစ်သားဘဲ”ဟု ပြုံး၍ မိန့်တော်မူကာ အခန်းထဲဝင်သွားလေတော့သတည်း။
ဤနေရာ၌ ပွဲကြည့်မှုနှင့် ပတ်သက်လာသဖြင့် မန္တလေးမှ ကိုယ်တော်လေးတစ်ပါးအကြောင်းကို တင်ပြပေအံ့။
မန္တလေးတွင် ကျောက်တော်ကြီးဘုရားပွဲကို ခြိမ့်ခြိမ့်သဲသဲစည်းကားသိုက်မြိုက်စွာကျင်းပလေသည်။ မန္တလေးမှကိုယ်လေးများသည်လည်း လူငယ်များဖြစ်သည်အားလျှော်စွာ တစ်နှစ်မှ တစ်ခါသာ ကျင်းပသော ပွဲဖြစ်သဖြင့် ကြွရောက်ကာ အားပေးတော်မူကြလေသည်။ ထိုအထဲတွင် ကိုယ်တော်လေးတစ်ပါးသည် မိုးမင်း၏ ဇာတ်ရုံအတွင်းဝယ် သူငယ်များနှင့် တပျော်တပါးပွဲကြည့်နေလေသည်။ ထိုကိုယ်တော်လေး၏ အဖြစ်ကို ဘေးမှ သူ၏ ဆွမ်းဒါယိကာမကြီးက အခဲခတ်နေလေသည်။ ဘာမျှတော့ မပြောပေ၊ နောက်နေ့ နံနက်(၁၀)နာရီခန့်တွင် ထိုကိုယ်တော်လေးသည် ထိုဒါယိကာမကြီးအိမ်သို့ မျက်လွှာလေးချကာ ဆွမ်းခံကြွလေသည်။ သပိတ်ကို ရောက်သည်နှင့် ပုံမှန်အတိုင်း စားပွဲပေါ်တင်လိုက်သည်။ ထိုအခါ ဒါယိကာမကြီးသည်
“ကိုယ်တော် မနေ့ညက ပွဲကြည့်တုံးက ဒီမျက်နှာမျိုးမဟုတ်ပါဘူး၊”ဟု စကာ သပိတ်အတွင်းမှ ဆွမ်းခွက်ယူအပြီး မီးဖိုချောင်အတွင်းဝင်သွားလေသည်။ ကိုယ်တော်လေးသည် ထို့သို့အပြောခံလိုက်ရသောအခါ သူ၏ ဆွမ်းဟင်းခွက်ကိုပင် မစောင့်တော့ဘဲ ရှက်ကိုးရှက်ကန်းနဲ့ ကမန်းကတန်း ဆွဲမိဆွဲရာကို ဆွဲကာ ရင်ဝယ်ပိုက်ပြီး ထိုအိမ်မှ ထွက်လာခဲ့လေသည်။ ခပ်လှမ်းလှမ်းရောက်မှ သတိထားမိသည်။ ထိုကိုယ်တော်လေး ရင်ဝယ်ပိုက်လာသောအရာသည်ကား သပိတ်မဟုတ်မူ၍ အိမ်မှ ကွမ်းအစ်ကြီးဖြစ်နေလေတော့သတည်း။
“အော် ဖြစ်မှ ဖြစ်ရလေ ကိုယ်တော်လေးရယ် သပိတ်နှင့် ကွမ်းအစ်ကိုတောင်မှ မခွဲခြားနိုင်လောက်အောင် အရှက်ကလဲကြီးပါပေ၏၊ လွဲလဲ လွဲတတ်ပါပေ့၊”

Monday, May 3, 2010

သာသနပါလကျောင်းမှ ဟာသများ

မိမိ၏ ကျေးဇူးရှင်ဖြစ်သော ဆရာတော် ဦးနန္ဒသာမိသည် မိမိကို သူ၏ ငယ်စဉ်က ကိုယ်တွေ့ဟာသ အဖြစ်အ ပျက်ကလေးများကို ပြောပြလေသည်။ ဟာသလေးတွေကလည်း ပြောင်မြောက်သော ဟာသများ ဖြစ်နေသဖြင့် မိမိ၏ ဘလော့တွင် ရေးသားဖေါ်ပြလိုကြောင်းလျှောက်ထားလေသည်။ထိုအခါဆရာတော်က ခွင့်ပြုလိုက်ရုံ သာမ က ဘွဲ့အမည်များကိုလည်း မပြောင်းဘဲ ထည့်ခိုင်းလေသည်။ သို့ဖြစ်သဖြင့် ရေးလိုသော မိမိသည် လွတ်လွတ် လပ်လပ် ရေးသားခွင့်ရသဖြင့် ပီတိစိတ်များပင် တဖွားဖွားဖြစ်ခဲ့ရလေသည်။ ဆရာတော်ဦးနန္ဒသာမိသည် မန္တ လေးမြို့ ဓမ္မကာရာမကျောင်းတိုက် သာသနပါလ ကျောင်းတွင် ငယ်စဉ်က သီတင်းသုံးနေထိုင်တော်ခဲ့ပါသည်။ ထိုကျောင်း၏ ကျောင်းထိုင်ဆရာတော်သည်ကား ဆရာတော်ဦးဂန္ဓမာဖြစ်လေသည်။ ဆရာတော် ဦးနန္ဒသာမိ သည် ဆရာတော်ဦးဂန္ဓမာအထံ၌ ပညာသင်ကြားတော်မူခဲ့လေသည်။ တစ်နေ့ ဆရာတော်ဦးနန္ဒသာမိ အ လောင်းအလျာ ကိုရင်နန္ဒသာမိသည် သူ၏ သူငယ်ချင်းကိုရင်များနှင့် ကျောင်းရှေ့ ပန်းစင်အောက်၌ ထိုင်နေစဉ် တော မှ စာဥတို့အုပ်စုတစ်စု အထုပ်အပိုများကို မနိုင့်တနိုင့်ရွက်ကား ဓမ္မိကာရာမကျောင်းတိုက်ထဲသို့ ၀င်လာကြ လေသည်။ ဟိုကျောင်းဝင်ပြီးမေးလိုက်၊ ပြန်ထွက်လာလိုက်၊ ဒီကျောင်းဝင်ပြီးမေးလိုက်၊ ပြန်ထွက်လာလိုက်ဖြစ်နေ သည်ကို ကိုရင်နန္ဒသာမိတို့တစ်စုမြင်ကာ
“ဟိုမှာ တောက စာဥတို့တစ်စု ဟိုကျောင်းဝင် ဒီကျောင်းဝင်နဲ့ သူတို့ ကိုယ်တော်ကို ရှာနေတာ၊ မတွေ့ဘူး ထင်တယ်၊ ဘယ်မှမတွေ့လို့ ဒို့ဆီလာနေတယ်၊ ဘယ်ကလဲ မသိဘူး။”ဟု အောက်ပါအတိုင်း မှတ်ချက်ပေး နေကြသည်။ ထိုစဉ် စာဥတို့ အုပ်စုသည် ကိုရင်နန္ဒသာမိတို့ထံရောက်လာကာ
“ကိုရင်တို့ တပည့်တော်တို့ရွာက ဦးဇင်းကျော်စိန်ကို သိလားဘုရား၊”ဟုမေးလေသည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဒကာမကြီး လူနာမည်မေးလို့မရဘူး၊ ဘွဲ့အမည်မေးမှ ရမှာပေါ့ဗျ၊ ဒကာမကြီးတို့ ဘုန်းကြီးရဲ့ဘွဲ့က ဘယ်လိုခေါ် သလဲ၊”ဟု မေးလေသည်။ ထိုအခါ စာဥတို့တစ်စုလည်း တစ်ယောက်ကို တစ်ယောက်မျက်နှာငယ်လေးများဖြင့် ကြည့်ကာ
“တပည့်တော်တို့လဲ ဘွဲ့ကိုတောမသိဘူးဘုရား၊ ရွာမှာတော့ ဦးဇင်းကျော်စိန်လို့ဘဲ ခေါ်တာဘဲဘုရား၊”ဟု လျှောက် ကြ ပြန်သည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဒကာမကြီးတို့က ဘယ်နယ်ကလဲ။”ဟု မေးသောအခါ တပည့်တော်တို့က မိတ္ထီလာမြို့နယ်ထဲကပါဘုရား။” ဟုလျှောက်ထားသောအခါမှ ကိုရင်များက
“ဒါဆိုရင် ဒကာမကြီးတို့ ဒီကျောင်းဘဲ ဖြစ်လိမ့်မယ်၊ ဒီကျောင်းဆရာတော်ကလဲ မိတ္ထီလာကဘဲ။”ဟု ဆိုကာ ကျောင်းထိုင်ဆရာတော်ထံသို့ ပို့ပေးလိုက်သည်။ ဆရာတော်ကို မြင်လျှင်မြင်ချင်းဘဲ စာဥတို့တစ်စုလည်း အားတက်သွားကာ
“ဟုတ်တယ်ကိုရင်ရေ၊ ကျေးဇူးပါဘဲ။”ဆိုကာ ဆရာတော်ထံသို့ သွားရောက်ကြကာ အလ္လာပသလ္လာပစကားပြော ကြလေသည်။ ကိုရင်နန္ဒသာမိတို့အုပ်စုသည်ကား ဆရာတော်၏ ငယ်နာမည်ကို သိကြကာ ထိုနေ့မှစ၍ “ကျော်စိန်ကြီး ကျော်စိန်ကြီး”ဟုခေါ်ကြလေသည်။ ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်သည်ကား အလွန်ကပ်စေးနဲသည်။ ရလာသော စားဘွယ်များကို ကိုရင်များကို စွန့်လေ့မရှိပါ။ အမြဲတမ်းသိမ်းထားတတ်သော သဘောရှိလေသည်။ စွန့်လျှင်လည်း သိုးပုပ်နေမှ စွန့်လေ့ရှိသည်။ တစ်နေ့ ကိုရင်နန္ဒသာမိတို့အုပ်စုသည် ဆရာတော်မရှိခိုက် ဗိုက်ဆာသဖြင့် ငှက်ပျောသီးယူဘုဉ်းပေးရန်အလို့ငှာ ငှက်ပျောသီးသိမ်းထားသော သေတ္တာကြီးဆီသို့ ချဉ်းကပ်သွားကြလေသည်။ ထိုသေတ္တာကြီးသည် အလွန်ကြီးသဖြင့် ကိုရင်နန္ဒသာမိသည် သေတ္တာထဲကို ခေါင်းထိုးထည့်လေသည်။ သေတ္တာ၏ အဖုံးကို သူ၏ခေါင်းပေါ်ကို တင်ထားရလေသည်။ နောက်လူကို မမြင်ရတော့ပါ။ သေတ္တာအတွင်းများ ငှက်ပျောသီးများကို ယူကာ
“ရော့ ငှက်ပျောသီးတွေ ယူထား၊ ကျော်စိန်ကြီးတော့ မသိစေနဲ့၊ရော့ ငှက်ပျောသီးတွေ ယူထား၊ ကျော်စိန်ကြီး တော့ မသိစေနဲ့၊” ဟု သူငယ်ချင်းများကို ထုတ်ပေးနေလေသည်။ သူတို့ ဘုဉ်းလောက်သောအခါ သေတ္တာ အတွင်းမှ သူ၏ ခေါင်းကို ထုတ်၍ နောက်ပြန်လှည့်လိုက်သောအခါတွင်ကား နောက်က ငှက်ပျောသီးယူသော သူ သည်ကား သူငယ်ချင်းများမဟုတ်မူ၍ ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်ဖြစ်နေလေတော့သည်။ထိုအခါ ဆရာတော်က
“လာခဲ့စမ်း ငါ့ငှက်ပျောသီးလဲ ခိုးစားသေး၊ ငါနာမည်ကိုလဲ ရာရာစစ ကျော်စိန်လို့ ခေါ်လိုက်သေးတယ်။ တော် တော်စော်ကားတဲ့ကောင်”ဟု ဆိုလျှက် သူ၏ အခန်းသို့ ခေါ်သွားကာ ငှက်ပျောသီးခိုးစားသော ကိုရင်နန္ဒသာမိတို့ သူငယ်ချင်းတစ်စုကို ဗျောတီးလွှတ်လိုက်လေသည်။ ကိုရင်နန္ဒသာမိတို့အုပ်စုသည် ဘယ်လောက်ဗျောတီးတီး ဘယ်လောက်ရိုက်ရိုက်မမှတ်ပါ၊ ဆာလာသည့်အခါ ဆရာတော်၏ ဒုတ်ကိုလည်းမကြောက်တော့ပေ။ တစ်နေ့ ညနေခင်း ဆရာတော်မရှိခိုက် ကိုရင်နန္ဒသာမိသည် မျက်နှာကျက်တွင် ကြိုးဖြင့်ဆွဲထားသော ထန်းလျှက်ခဲချိုင့်ကို လှေခါးထောင်ကာ တက်ဖြုတ်လေသည်။ ထန်းလျှက်ခဲများယူအပြီး ချိုင့်ကို ပြန်အထားတွင် ရုတ်တရက် ဆရာ တော်သည် ပြန်ကြွလာလေသည်။ သို့ဖြစ်သဖြင့် ကြိုးဖြင့် ထန်းလျှက်ခဲချိုင့်ကို ဖြစ်သလိုဆွဲထားကာ ထွက်ပြေး သွားကြလေသည်။ ဆရာတော်သည် အလွန်စေ့စပ်သည်။ ကျောင်းထဲဝင်လျှင် ၀င်ခြင်း လျှောက်ပတ် ကြည့်ရာ ကြိုးဖြင့်ဆွဲထားသော ထန်းလျှက်ခဲ ထည့်ထားသော ချိုင့်သည် ငြိမ်မနေဘဲ လှုပ်နေလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် ထိုချိုင့်ကို ဖြုတ်ခိုင်း၍ စစ်ဆေးကြည့်သည်။ ထန်းလျှက်ခဲများ လျှော့နေသည်ကို သိရသောအခါ ကိုရင်များကို ခေါ်ယူစစ်ဆေးကာ အမှုမှန်ပေါ်သဖြင့် ကိုရင်နန္ဒသာမိတို့တစ်စု အရိုက်ခံရပြန်လေသည်။ (ဆက်ရန်)


Saturday, May 1, 2010

တိုက်ဆိုင်မှုလေးတွေ

တစ်ခါက ရွာတစ်ရွာတွင် သီတင်းကျွတ်ဆွမ်းကြီးလောင်းလှူပွဲကျင်းပလေသည်။ ရပ်ဝေးရပ်နီးမှ ဆရာတော်များ သည် ထိုရွာကျောင်းသို့ ညရောက်ကြွတော်မူကြသည်။ သံဃာတော်များသည် အပါး(၃၀)ခန့်လောက်ရှိရာ ကျောင်း တစ်ကျောင်းလုံးလည်း ပြည့်လုခမန်းဖြစ်သွားလေသည်။ သံဃာတော်များသည် ကြုံတုန်းကြုံခိုက် ရောက်တတ် ရာရာ အလ္လာပသလ္လာပစကားများကို ပြောကြလေသည်။ ထိုသို့ပြောကြရာတွင် ထိပ်ပြောင်ပြောင် နှင့်ဆရာတော်က
“တပည့်တော်ကတော့ ဘယ်သူနဲ့ စကားပြောပြော ပြတ်ပြတ်ဘဲ ပြောတတ်တယ်၊”ဟု သူ၏ သဘောထားကို သံဃာတော်များကို ပြောပြနေလေသည်။ ထိုရေနွေးဝိုင်းတွင် နခမ်းပြတ်နေသော ဆရာတော်တစ်ပါး ရှိနေလေ သည်။ ထိုဆရာတော်သည် စဥ်းစားလိုက်သည်ကား
“ဒီကိုယ်တော် ငါ့ကို စောင်းပြောနေတာထင်တယ်၊”ဟု ယူဆကာ နခမ်းပြတ်နေသော ဆရာတော်ကလည်း
“တပည့်တော်ကတော့ စကားပြောလျှင် ပြောင်ပြောင်ဘဲ ပြောတတ်တယ်၊ ”ဟု ပြန်လည် လက်စားချေကာ ပြော ကြားလိုက်လေသည်။ ဤတွင် ထိပ်ပြောင်နေသော ဆရာတော်က
“ကိုယ်တော် စကားပြောရင် ကြည့်ပြောပါ၊ တပည့်တော်ကို ရွဲ့သလိုလိုနှင့် မပြောပါနဲ့”ဟု ပြန်ပြောလေရာ နခမ်းပြတ်နေသော ဆရာတော်က
“အရှင်ဘုရားက တပည့်တော်ကို စပြီး စောင်းပြောလို့ တပည့်တော်က ပြန်ပြောတာလေ”ဟု မိန့်တော်မူ လိုက်လေသည်။ ထိပ်ပြောင်နေသော ဆရာတော်က
“တပည့်တော်က ဘာပြောလို့လဲ”ဟု မေးလေသည်။ ထိုအခါ နခမ်းပြတ်နေသော ဆရာတော်က
“အရှင်ဘုရားက တပည့်တော်ကို စောင်းပြီး စကားပြောရင် ပြတ်ပြတ်ဘဲ ပြောတတ်တယ်၊” လို့ ပြောလို့ တပည့်တော်ကလဲ လက်စားချေတဲ့အနေနဲ ပြောင်ပြောင်ဘဲ ပြောတတ်လို့ပြောတာလေ။”ဟု မိန့်တော်မူလေ သည်။ ဤတွင်မှ ထိပ်ပြောင်နေသော ဆရာတော်သည် သဘောပေါက်သွားလေသည်။
“အော် ငါကိုယ်က နခမ်းပြတ်နေသော ဆရာတော်၏ ရှေ့တည့်တည့်မှာမှ စကားပြတ်ပြတ်ဘဲ ပြောတတ်တယ်လို့ ပြောမိတာကိုး၊”ဟု စဉ်းစားမိကာ ထိပ်ပြောင်နေသော ဆရာတော်ကဘဲ
“ဆရာတော်ဘုရား တပည့်တော်က ဆရာတော်ကို ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူးဘုရား၊ တိုက်ဆိုင်သွား တာကို ခွင့်လွှတ်ပါဘုရား၊”ဟု လျှောက်ထားလိုက်မှပင် နခမ်းပြတ်နေသော ဆရာတော်သည်လည်း သူ့၏ ဒေါသဖြစ်မှု ပြေပျောက်သွားလေသည်။
“အော် သတိထားစရာပါပေတည်း။ စကားပြောရာတွင် ဆင်ခြင်ပြောဘို့ရန် အရေးကြီးလှပေသည်။ တစ်ခါတစ်ရံ ကိုယ်က အဓိပ္ပာယ်တစ်မျိုးဖြင့်ပြောသည်။ နားထောင်ရသူက နားလည်မှုလွဲသွားလျှင် အချင်းချင်း မဖြစ်သင့် သော ပြဿနာမျိုးဖြစ်တတ်လေသည်။ဤအကြောင်းနှင့်ပတ်သက်လာသဖြင့် မိမိ၏ ကိုယ်တွေ့ဖြစ်ရပ်ကလေး တစ်ခုကို ပြောပြလိုပါသည်။
မိမိတို့၏ အဆောင်သည် နိုင်ငံအသီးသီးမှ ကျောင်းသားများနေထိုင်ကြသော အဆောင်ဖြစ်လေရာ ကျောင်းသား ပေါင်းများစွာနှင့် ရင်းနှီးခွင့်ရလေသည်။ အထူးအားဖြင့် မိမိနှင့် အခန်းချင်းကပ်လျှက် ထိုင်းနိုင်ငံမှ ကျောင်းသား လေးတစ်ယောက်နှင့် အလွန်ရင်းနှီးလေသည်။ ထိုကျောင်းသားလေးသည် ညနေခင်းတိုင်း ပိုက်ကျော်ခြင်းခပ် လေ့ရှိသည်။ တစ်နေ့ ညနေခင်း သူသည် ပိုက်ကျော်ခြင်းခပ်ရန်အတွက် ပြင်ဆင်နေစဉ် မိမိက
“Hello! my friend, are you going to play cane-ball for your health? ဟလို သူငယ်ချင်း သင့်ရဲ့ ကျန်းမာရေးအတွက် ခြင်းခပ်တော့မယ်ပေါ့လေ၊?ဟု မေးလေသည်။ ထိုအခါ ထိုင်းကျောင်းသားလေက
“Bhante, why will I have to go to hell? ဘန္တေ ဘာကြောင့် တပည့်တော်က ငရဲကို သွားရမလဲ၊”ဟု ပြန်လေမေးလေသည်။ သူလည်း ဘာမျှဆက်မပြောပေ၊ အဲဒီကဲ့သို့ မေးပြီး ခြင်းဝိုင်းဆီသို့ ဆင်းပြေးသွားလေ သည်။ မိမိသည်ကား
“ဟောဗျ ငါက မေးတာက တစ်ခြား၊ သူက ဖြေတာက တစ်ခြား၊ ဒီကျောင်းသားလေး ဘယ်လိုများ နားလည်သွား ပါလိမ့်၊ ”တစ်ပါးတည်း စဉ်းစားလျှက် ကျန်နေတော့သည်။ နောက်မှ သဘောက်ပေါက်လိုက်သည်။ မိမိက healthဖြင့် မေးသည်ကို သူက hell ဟု အကြားလွဲသွားဟန်ဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချမိလိုက်သည်။ အော် ကြံကြံဖန်ဖန် မှားလည်း မှားတစ်ပါပေ့ ကျောင်းသားလေရယ်၊ သူကဘဲ listening power နည်းလို့လား မိမိ၏ အသံထွက်ကဘဲ ညံ့လို့လား”ဟု ဝေခွဲမရဖြစ်နေပါတော့သည်။ ဤအရာသည်လည်း အကြားလွဲသွားခြင်း နားလည်မှုလွဲသွားခြင်းတို့၏ အကျိုးဆက်ကြောင့် ဖြစ်ရလေသည်။ သတိထားဘွယ်ရာဖြစ်ပါပေ၏။


 

Go Up အပေါ်သို့