Pages

Wednesday, June 9, 2010

”ထွေရာလေးပါး ဟာသများ”

မိမိတို့၏ သူငယ်ချင်းများသည် တစ်ခါတစ်လေ စုမိပြီဆိုလျှင် ထွေရာလေးပါး စကားပြောကြရာမှ ဟာသ အဖြစ်အပျက်ကလေးများပါလာတတ်သည်။ ထိုဟာသပုံပြင်လေးများကို မိမိ၏ စာဖတ်ပရိသတ်များ သိစေရန် တင်ပြပေအံ့။
တစ်ခါက ဆရာတော်တစ်ပါးသည် သူ၏ တပည့်များကို ပိဋကတ်စာပေများကို အင်္ဂလိပ်လိုသင်ကြားပေနေ သည်။ ထိုသို့စာပေပို့ချနေရာတွင် ဆရာတော်ကြီးသည် အင်္ဂလိပ်ဝါကျတစ်ခုကို ထူးဆန်းစွာ တွေ့ရလေသည်။ ထိုဝါကျသည်ကား
“When the Buddha passed away, the Venerable Ananda cried.” ဆရာတော်ကြီးသည် ထိုဝါကျကို အောက်ပါအတိုင်း သူ၏ တပည့်များကို ဘာသာပြန်ပေးသည်။
“မြတ်စွာဘုရားအဝေးထွက်သွားတော်မူတော့ ရှင်အာနန္ဒာငိုတော်မူတယ်။”
ဆရာတော်ကြီးသည် သူ၏ တပည့်သားများကို အထက်ပါအတိုင်း ဘာသာပြန်ပေးလိုက်သော်လည်း အဆောင် ရောက်သောအခါ တစ်ပါးတည်း
“အွန်းပိဋကတ်မှာတော့ “မြတ်စွာဘုရား အဝေးထွက်သွားတော်မူလို့ ရှင်အာနန္ဒာငိုတော်မူတယ်”ဟူသော စကား မျိုးကို မတွေ့ဖူးပါ။ မှားများမှား နေမ လားတော့မသိ၊”ဟု တစ်ပါးတည်းတွေးတောနေလေသည်။ နောက်တစ် ပတ်လောက်ကြာမှ ဆရာတော်ကြီးသည် အမှန်ကို သိကာ တပည့်သားများကို
“အေး ကိုယ်တော်တို့ တပည့်တော်ပြီးခဲ့တဲ့ အပတ်က ဘာသာပြန်လိုက်တဲ့ ၀ါကျတစ်ခုမှားသွားတယ်ဘုရား၊ အဲဒီဝါကျကတော့ When the Buddha passed away, the Venerable Ananda cried.” ပါပဲ။ တပည့်တော် အရှင်ဘုရားတို့ကို “မြတ်စွာဘုရားအဝေးထွက်သွားတော်မူလို့ အရှင်အာနန္ဒာငိုတော်မူသည်၊”ဟု ဘာသာပြန် ပေးလိုက်တယ်ဘုရား၊ တပည့်တော်က pass awayရဲ့ ၀ိဘတ်တွဲအီရီယံသဘောကို မသိတော့ pass away ကို တပည့်တော်က ရမ်းပြီး အဝေးထွက်သွားသည်။လို့ယူပြီးဘာသာပြန်ပေးလိုက်တယ်ဘုရား၊အမှန်က Pass awayက ၀ိဘတ်တွဲအီရီယံဘုရား၊ နှစ်လုံးပေါင်းမှ သေသည်ဟု အဓိပ္ပာယ်ထွက်တယ်ဘုရား၊ ဒါကြောင့် အထက် ပါ“When the Buddha passed away, the Venerable Ananda cried.”၀ါကျကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလို့ ရှင်အာနန္ဒာငိုတော်မူသည်။လို့ ဘာသာပြန်အမှန်ကို မှတ်တော်မူပါဘုရား”ဟု တပည့်များ ကို မိန့်ကြားတော်မူလေသည်။ ဆရာတော်သည် တဆက်တည်းမှာပင် မိန့်တော်မူလိုက်သည်က
“အင်္ဂလိပ်စာက မိမစစ် ဖမစစ်ဘာသာဆိုတော့ သူပြန်ချင်ရာ ပြန်တော်မူတာပါဘုရား။” ဟုပင်ဖြစ်သတည်း။
မိမိကောက်ချက်ချမိလိုက်သည်က
“အော် ဆရာတော်ကြီး သူမသိတာနဲ့ သူများဘာသာရပ်ကို မိမစစ် ဖမစစ်လို့ဆိုလိုက်တာဘဲ။”ဟူ၍ပင်ဖြစ်သ တည်း။
နောက်အဖြစ်အပျက်တစ်ခုသည်ကား
“ဆရာတော်တစ်ပါးသည် စင်္ကာပူသို့ ခရီးကြွတော်မူလာလေသည်။ ထိုဆရာတော်သည် အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်ပါ။ သို့သော် သူသည်ကား သူ့ကိုယ်သူ အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ် သည်ဟု ထင်ကာ ငယ်ထိပ်သို့ သွေးရောက်နေလေသည်။ စင်္ကာပူလေဆိပ်ရောက်သောအခါ ထိုဆရာတော် သည် အခြားနိုင်ငံခြားသားများနှင့်အတူ အင်မီဂရေရှင်းငှာနတွင် တန်းစီရလေသည်။ အရာရှိသည်ကား အနောက်ဥရောပနိုင်ငံမှ နိုင်ငံခြားသားများ၏ ပတ်စ်ပို့ကို ဘာမျှမေးခွန်းမထုတ်မူ၍ တဒုန်းဒုန်းနှင့် ၀င်ခွင့်ဗီဇာများကို ထုပေးလိုက်လေသည်။ ထိုအခြင်းအရာကို မြန်မာဆရာတော်ကြီးသည်ကား မြင်နေလေသည်။ သူ၏ အလှည့်ရောက်သောအခါ ဗီဇာဝင်ခွင့်ကို ထုမပေးမူ၍ မေးခွန်းပေါင်းများစွာ မေးနေလေသည်။ ထိုအခါ ဆရာတော်ကြီးသည်
“Other persons' passports တဒုန်းဒုန်း၊ My passport no တဒုန်းဒုန်း၊”ဟု စိတ်မရှည်စွာဖြင့် အော်ပြော လိုက် လေသည်။ ထိုအခါမှ အရာရှိသည်လည်း လန့်ဖြန့်သွားကာ ဆရာတော်ကြီး၏ ပတ်စ်ပို့ကို “No တဒုန်းဒုန်းမလုပ်မူ၍ တဒုန်းဒုန်း”ထုပေးလိုက်ရလေတော့သတည်း။
တစ်ခါကတော့ စင်္ကာပူရောက်ရွှေမြန်မာတစ်ယောက်သည် သူ၏ အလုပ်ရုံသို့ သွားလေသည်။ အလုပ်ရုံရောက် သောအခါ စင်္ကာပူသား အရာရှိက
“why did you come to work yesterday?ဟုမေးလေသည်။ ထိုအခါ ရွှေမြန်မာက ကောင်းကင်က နေကို လက်ညှိုးဖြင့် ထိုးပြကာ
“Because the sun was not good.ဟု ဖြေကြားလိုက်လေသည်။ ရွှေမြန်မာ၏ ပြောင်မြောက်သော အင်္ဂလိပ်စကားပြောကို ကြားလိုက်ရသော အရာရှိသည် ခေါင်းရှုပ်သွားကာ ဘာမျှဆက်မမေးတော့မူ၍
“Ok, Ok”ဟု ပြောကာ အလုပ်ခွင်ဆီသို့ ခပ်သုတ်သုတ်သွားခွင့်ပြုလိုက်လေတော့သည်။
မြန်မာတွေး မြန်မာ့ဟန်အနေဖြင့်တော့ ရွှေမြန်မာ၏ စကားသည် မှားသည်ဟု မဆိုသာ။ အမှန်ရွှေမြန်မာ၏ ဆိုလိုဟန်ကား“Because I was not well.” ကျွန်တော်နေမကောင်းလို့ပါ”ဟူ၍ပင်ဖြစ်လေသည်။


0 comments:

Post a Comment

 

Go Up အပေါ်သို့