Pages

Thursday, June 24, 2010

“အာဂသတ္တိရှင်ပါပေတကား”

ွှဤအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်လောက်က ဖြစ်မည်ထင်၏။ မုတ္တမမှ မော်လမြိုင်သို့ သွား မည့်ခရီးသည်များသည် ဇက်ဖြင့် မော်လမြိုင်ဘက်သို့ ကူးကြရသည်။ မိနစ်သုံးဆယ်လောက် အချိန်ယူရသည် ထင်၏။ ထိုအချိန်က ယခုကဲ့သို့ မုတ္တမ+မော်လမြိုင် မြစ်ကူးတံတားကြီးမပေါ်သေးပါ။ သို့ဖြစ်သဖြင့် ခရီးသည်များ သည်ကားပေါ်မှ ဆင်းသည်နှင့်တပြိုင်နက်၊ ရထားပေါ်မှ ဆင်းသည်နှင့်တပြိုင်နက် ဇက်ဆီသို့ အပြေးအလွှားပြေး တက်ကြရသည်။ သို့မှသာ မိမိတို့၏ တန်ဖိုးရှိလှသော အချိန်လေးကို (save)နိုင်မည်ဖြစ်ပေသည်။

ဒီနေ့တော့ ဇက်ပေါ်တွင် ကလေးများစွာကို တွေ့ရလေသည်။ ထိုကလေးများစွာတွင် ကလေးတစ်ယောက်သည် ဟိုပြေးသည်ပြေး ပြေးနေလေသည်။ ထိုကလေးသည် ထိုသို့ပြေးရင်း သံလွင်မြစ်ထဲသို့ ထိုးကျသွားသည်။ ထိုအချိန်မှ ကလေးအမေသည် “ကယ်ကြပါအုံး ကယ်ကြပါအုံး ကျမ သားလေး မြစ်ထဲကျသွားလို့”ဟုအော်ဟစ်ငိုယိုကာ အကူအညီတောင်းနေလေတော့သည်။ ထိုသို့ အကူအညီ တောင်းနေစဉ်မှာပင် လူငယ်တစ်ယောက်သည် ၀ုန်းကနဲရေထဲထိုးဆင်းသွားလေသည်။ မကြာလိုက်ပါ ထိုကလေးကို ဆယ်ယူလာလေသည်။

သင်္ဘောပေါ်မှ ခရီးသည်များနှင့် ကလေးအမေသည် ထိုလူငယ်လေးကို ကျေးဇူးတင်မဆုံးရှိကြလေသည်။ တစ်နေ့ မော်လမြိုင်တွင် ကလေးမိခင်နှင့် အစိုးရတာဝန်ရှိ လူကြီးများက ထိုလူငယ်လေးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုပွဲလေးတစ်ခုလုပ်ပေးလေသည်။

ထိုဂုဏ်ပြုပွဲတွင် ကလေးမိခင်နှင့် တာဝန်ရှိလူကြီးများက “မိမိ၏ သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ရမှုနှင့်ပတ်သက်လို့ စကားအနည်းငယ် ပြောပါအုံး”ဟု တိုက်တွန်းလေသည်။ ထိုအခါ လူငယ်သည် “ကျွန်တော်ဟာ မြစ်ထဲကျသွားတဲ့ ကလေးကို ကြည့်နေစဉ် သင်္ဘောပေါ်က ကျွန်တော်ကို တွန်းချလိုက်တဲ့သူကို ဖော်ထုတ်ပေးဖို့ လူကြီးမင်းများကို တောင်းဆိုပါတယ်ခင်ဗျ”တဲ့။

“အော် ဤကဲ့သို့သော အာဂသတ္တိရှင်မျိုးလဲရှိသေးပေသဗျ၊ ပရိသတ်က မျှော်လင့်သည်ကတစ်ခြား၊ သူပြောချ လိုက်သည်က တစ်ခြား။”

0 comments:

Post a Comment

 

Go Up အပေါ်သို့