Pages

Monday, June 28, 2010

“ကုသိုလ်ရချင်လို့ ရေလှူထားတယ်”

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်ရေလှူလျှင် ရေအကျိုးဆယ်ပါး ရသည်ဟုယုံကြည်ချက်ရှိကြသည်။ ထို့ ကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် မိမိတို့၏ အိမ်ရှေ့မှာဖြစ်စေ၊ ရွာထိပ်မှာဖြစ်စေ သောက်ရေအိုးစင် များတည်ဆောက်ကာ ရေအလှူတော်ကို ပြုလေ့ရှိကြသည်။ အခြားသူများ ရေအလှူပေးနေသည်ကို မြင်သော အခါ မိမိရွာမှ ဦးဇင်းလေးသည်လည်း ရေအကျိုးဆယ်ပါးကို ရရန်အလို့ငှာ ရန်ကုန်+မန္တလေးကား လမ်းမကြီးဘေးတွင် ရေချမ်းစင်လေးတစ်ခုတည်ကာ ရေအလှူပေးနေလေသည်။ နေ့စဉ်မပြတ် ရေအလှူ တော် ကို ပြုလုပ်နေလေသည်။

တစ်နေ့သော နွေခေါင်ခေါင် နေ့လယ်ခင်းတွင် ကူမဲမြို့တွင် နွားရောင်း/၀ယ်ပွဲတော်ဈေးရှိရာ အနယ်နယ်အရပ် ရပ်မှ နွားကုန်သည်များသည် မိမိတို့၏ ရွာထိပ်ခဏနားကြပြီး၊ ဦးဇင်းလေး၏ ရေချမ်းစင်ကို အားပေးသွားရာ ရေသည် ညနေခင်းထိတောင်မခံဘဲ ပြတ်လပ်သွားလေတော့သည်။ ညနေလေးနာရီထိုးတွင်ကား ဦးဇင်းလေး သည် သူ၏ ရေချမ်းစင်သို့ ရေရှိ မရှိလာရောက်အကဲခတ်ရာ ခပ်ထားသော ရေအိုးနှစ်လုံးသည် မိကျောင်း ဆင်းမတတ် ပြတ်လပ်နေလေတော့သည်။

အခြားရက်များဆိုလျှင် နောက်ရက် နံနက်ခင်းထိ သောက်ရေများ ကုန်လေ့မရှိချေ။ ဒီနေ့တော့ ထူးထူးဆန်းဆန်း အစောကြီး ပြတ်လပ်နေသည့်အဖြစ်ကို သိသောအခါ ဦးဇင်းလေးသည် “ကုသိုလ်ရချင်လို့ ရေအလှူလုပ်ထားတယ်၊ ဘယ်ခွေးမသားတွေက ကုန်အောင်သောက်သွားတယ်မသိ”ဟု ကျိန်ဆဲနေ လေတော့သတည်း။

မှတ်ချက် ။ အလှူတစ်ခုပြုလုပ်ပြီဆိုလျှင် မလှူခင်မှာ ၀မ်းသာဝမ်းသာဖြစ်နေမှုကို “ပုဗ္ဗစေတနာ”ဟုခေါ်သည်။
လှူဆဲ ၀မ်းမြောက်နေမှုကို မုဉ္ဇစေတနာ”ဟုခေါ်သည်။ လှူပြီး ၀မ်းမြောက်နေမှုကို “အပရစေတနာ”ဟုခေါ်သည်။ အထက်ပါ စေတနာသုံးပါးနှင့်ညီလျှင် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးလုံးပင် အကျိုးပေးနိုင်လေသည်။

ရေအကျိုးဆယ်ပါး
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ စင်ကြယ်ခြင်း၊ ကျော်စောခြင်း၊ခြွေရံပေါခြင်း၊ ဖြတ်လတ်ခြင်း၊ ရေငတ်ခြင်းကင်းခြင်းတို့ပင်ဖြစ်ပေသည်။

ဆောင်ပုဒ်လင်္ကာ
(က) “ကိတ္တိ, သုဒ္ဓေါ၊ ခြွေရံပေါ၊ လျင်ဆောမွတ်သိပ်ကွာ၊ (ခ) သန့်ရှင်း, ဆင်းလှ၊
ချမ်းသာရ၊ ဗလ, ဥာဏ်ပညာ၊ (ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ်တိုင်စပ်လင်္ကာ
“သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဥာဏ်ပညာ၊
စင်ကြယ် ကျော်စော၊ ခြွေရံပေါ၊ ဖျတ်လတ်ရေငတ်ကင်းလေတာ၊
ရေလှူရကျိုး၊ ဤဆယ်မျိုး၊ မတောင်းပဲနှင့်ရလေတာ။”

ကျမ်းညွှန်း သုတေသနသရုပ်ပြအဘိဓာန်၊ စာမျက် (၃၀၉)။သို့သော် ထိုဆယ်ပါးကို တစ်ပေါင်းထည်း တစ်စုထည်း ပါဠိတော်၊ အဋ္ဌကထာများ၌ မတွေ့ရချေ၊ ရှေးဆရာတော်ကြီးများက ထိုထိုကျမ်းဂန်များမှ စုစည်းထားဟန်ရှိ၏။

0 comments:

Post a Comment

 

Go Up အပေါ်သို့