Pages

Saturday, June 26, 2010

“မသာ ကိုယ်တော်”


်္တမိမိသည် ဤပုံပြင်လေးရေးမည်ကြံတော့ မြတ်ဗုဒ္ဓဟောကြားထားတော်မူခဲ့သော စကားလေးတစ်ခုကို သွားသတိရလိုက်သည်။
“ဖြစ်ခြင်းပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော ရုပ်နာမ်ဓမ္မသင်္ခါရတရားအားလုံးတို့သည် မမြဲလေကုန်စွတကား၊ ဖြစ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထိုသင်္ခါတရားအားလုံးတို့၏ ငြိမ်းခြင်းသည်သာ ချမ်းသာပေလိမ့် မည်တကား။”

ထိုမြတ်ဗုဒ္ဓ၏ စကားသည် မှန်ပါပေ၏။ အကြောင်းအကျိုးသင့်လျော်လှပါပေ၏။ သက်ရှိသတ္တ၀ါအားလုံးတို့သည် အဆုံးမတော့ အိုခြင်း(ဇရာ)၊နာခြင်း(ဗျာဓိ) သေခြင်း(မရဏ)တရားတို့၏ ၀ါးမျိုခြင်းကို ခံကြရသည်။ မိမိတို့ရ ရှိထားသော ခန္ဓာသည် အိုခြင်း၊နာခြင်း၊သေခြင်းတို့၏ စာဖတ် ၀ါးဖတ်များပင်ဖြစ်ကြရသည်။ ထိုတရားအားလျော် စွာပင် ယခုတလော မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ကူမဲမြို့တွင် ဒါယကာ+ဒါယိကာမများ အလွန် ပင် သေဆုံးနေကြသည်။

သေဆုံးသည်ကို မိမိ၏ အရပ်တွင် “မသာ” သို့မဟုတ်“အသုဘ”ဟု ခေါ်ဝေါ်သုံးစွဲ လေ့ရှိကြသည်။ မသာ သို့မဟုတ် အသုဘရှိ၍ ဒါယကာများသည် ဆရာတော်ကြီးများကို သွားပင့်တိုင်း ဆရာတော်ကြီးများက“ဒို့က အသက်ကြီးပြီ၊ ဘုရားစုကျောင်းက မောင်ကလျာဏကို ပင့်သွားပါကွာ၊ သူက လူငယ်ဆိုတော့ ဖျတ်ဖျတ် လတ်လတ်ရှိတာပေါ့”ဟု မိန့်သဖြင့် ဒါယကာများသည် မိမိ၏ သူငယ်ချင်းဖြစ်သူ ဦးကလျာဏကိုသာလျှင် ပင့်ကြ တော့သည်။ မသာရှိတိုင်း ဦးကလျာဏချည်းကြွနေရသည်။

မသာရှိတိုင်း ဦးကလျာဏချည်းမြင်နေကြရာ နောက်ဆုံးတွင် ကူမဲမြို့မှ ဒါယကာ+ဒါယိကာမအပေါင်းက ဦးကလျာဏကို “မသာ ကိုယ်တော်” ဟုအမည်ကင်ပွန်းတပ်ပေးလိုက်လေတော့သည်။

ထိုအကြောင်းကို သူကိုယ်တိုင်ပင် သံဃာတော်များကို ပြောပြရာ သံဃာတော် အရှင်သူမြတ်များကလည်း သူ့ကို မြင်တိုင်း “မသာ ကိုယ်တော်ကြွလာပဟေ့” ဟု မိန့်တော်မူလေ့ရှိကြ၏။“အော် ဘာမှမကုန်ဘဲ ရလိုက်တဲ့ နာမည်ပါပေတကား။”

ဤနေရာ၌ အသုဘအကြောင်းနှင့် စပ်လာသဖြင့် မိမိ၏ အတွေ့အကြုံ အဖြစ်အပျက်ကလေးတစ်ခုကို တင်ပြပါရ စေအုံး။ မိမိသည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မြို့မပရိယတ္တိကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သည်။ ထိုကျောင်းမှာနေစဉ် ရပ်ကွက်အတွင်းမှ ဒါယကာ+ဒါယိကာများဆုံးသွားလျှင် ကျောင်းမှ မိမိထက် အသက်၊ ၀ါအားဖြင့် ကြီးသော မထေရ်ကြီးမှ “ဦးဇ၀န သက်ပျောက်ဆွမ်းလာပင့်နေတယ် လိုက်သွားလိုက်ပါကိုယ်တော်” ဟု မိန့်သဖြင့် မိမိသည် အမြဲလိုလို သက်ပျောက်ဆွမ်း၊ မြေချဆွမ်း၊ ရက်လည်ဆွမ်းတို့ကို လိုက်ပေးနေရလေသည်။

တစ်နေ့မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ နှစ်ပေါင်းများလာတော့ မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်အတွင်းမှ ဒါယကာ+ ဒါယိကာမများနှင့် လှိုင်မြို့နယ် မာလာမြိုင်အမှတ် (၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀လမ်းတို့မှ ဒါယကာ+ဒါယိကာမများသည် မိမိအား မှတ်မိနေကြလေသည်။

ထို့ကြောင့်ပင် သူတို့သည် မိမိကို မြင်တိုင်း “အင်း ကိုယ်တော်လေးတော့ ကြွလာပြန်ပြီ၊ ဘယ်အိမ်က ဆုံးပြန်ပြီလဲတော့မသိဘူး၊”ဟု တီးတိုးတီးတိုး မှတ်ချက် ပေးနေကြသည်။

တစ်နေ့ မိမိသည် သက်ပျောက်ဆွမ်းတစ်ခုတွင် သီလပေး၊ တရားဟော၊ ရေစက်ချပြီး ကျောင်းသို့ အလှူရှင်ဒါယကာများနှင့်အတူ စကားပြောရင်း ပြန်ကြွလာခဲ့လေသည်။ ကျောင်းအပေါက်ဝ ရောက်သောအခါ တပည့်ဖြစ်သူ ကိုရင်ပေါက်စမှ “ဦးဇင်း ဒီနေ့ တွက်ခြေ ဘယ်လောက်ကိုက်ခဲ့လဲ”ဟု လှမ်းမေးလေသည်။

ဒါယကာများ၏ ရှေ့တွင် အမေးခံရသောအခါ မိမိသည် အလွန်ပင် ရှက်မိသည်။ ဒါယကာများ ပြန်သွားပြီးနောက် ကိုရင်ကို ခေါ်ကာ “ကိုရင် နောက်ကို ဒီလိုဘယ်တော့မှ မမေးရဘူးနော်၊ နောက်တစ်ခါမေးရင်တော့ မင်းနာမယ်သာပြင်”ဟု ခေါ်ငေါက်ချိန်းခြောက်ထားရလေသည်။

တစ်နေ့ မိမိနှင့် အလွန်ရင်နှီးသော ဒါယကာကြီးဦးကျော်သည် မိမိထံမှောက် ရောက်လာကာ “ငွေရေး ကြေးရေကော သုံးရ စွဲရတာ အဆင်ပြေရဲ့လား၊” ဟု မေးလေတော့သည်။ ထိုအခါ မိမိက “သေခြင်းတရားတွေရှိနေသရွေ့၊ ငွေရေးကြေးရေးမပူပါဘူး ဒကာကြီး၊”ဟု နောက်လိုက်လေသည်။ ထိုအခါ ဒါယကာကြီးက “ဟုတ်ပါတယ်လေ၊ ကိုယ်တော်က အသုဘကိုယ်တော်ဆိုတော့”ဟု ဆက်နောက်လေသည်။

ဆရာ+ဒကာ တစ်ယောက်နှင့် တစ်ယောက် ပြောမနာ ဆိုမနာများဖြစ်သဖြင့် မိမိက “ဟုတ်တယ်ဒကာကြီးရေ၊ ကျုပ်က အသုဘကိုယ်တော်၊ အသုဘပွဲပဲလိုက်နေရတာကိုး၊ အင်း အဲဒါအရေးမကြီးဘူး ဒါယကာကြီးတို့ အိမ်ဘက်လဲ မျက်စောင်းထိုးလာပြီနော်၊ ဒါယကာကြီးလဲ သတိထားနေအုံး” စလိုက်ရာ “ကိုယ်တော် တော်တော်၊ နမိတ်မရှိ၊ နမာမရှိ၊ အဟုတ်မှတ်လို့ နားထောင်နေတာ”ဟု ပြောကာ ဒါယကာကြီး ဦးကျော်လည်း တစ်ချိုးတည်း လစ်သွားလေတော့၏။

“အော် ဒကာကြီးဦးကျော် ဘယ်အရာကို စစ၊ သူသည်းခံလေ့ရှိတယ်၊သေခြင်းတရားနဲ့ စလိုက်တော့ အသက် (ရ၅) နှစ်ရှိပြီး ဖြစ်သော မိမိ၏ ဒကာကျော်လည်း လစ်ပြေးတော့တာပဲ၊ ပုထုဇဉ်ဖြစ်တော့လည်း ကြောက်ပေအုံးမှာပေါ့၊ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က “အရိယာပုဂ္ဂိုလ်တို့မှတစ်ပါး အားလုံးသော လူသား တိရစ္ဆာန်ကအစ သက်ရှိ သတ္တ၀ါအားလုံးတို့သည် သေဘေးကို ကြောက်ကြကုန်၏”ဟု မိန့်တော်မူတာပေပဲ။

သေဘေးမှ လွတ်ရန် နည်းလမ်းသည်ကား မဂ်လမ်းစဉ်ကို ကျင့်ခြင်းမှတစ်ပါး အခြားမရှိတော့ပါပေ။ ထို့ကြောင့် မဂ်လမ်းစဉ်ကို လိုက်သဖြင့် သတ္တ၀ါအားလုံး သေဘေးမှ လွတ်မြောက်နိုင်ကြပါစေ”ဟု ဆုတောင်းပတ္ထနာပြုရင်း ဤအကြောင်းအရာကို နိဂုံးချုပ်လိုက်ရပေသည်။

0 comments:

Post a Comment

 

Go Up အပေါ်သို့