တစ်ခါက ရွာတစ်ရွာတွင် ဆရာတော်ကြီးတစ်ပါးကျောင်းထိုင်တော်မူသည်။ ထိုဆရာတော်ကြီးသည်ကား ဒွေးချိုး လေးချိုး လင်္ကာ သံပေါက်စသည်တို့ကို စပ်ဆိုခြင်း၌ အလွန်ဝါသနာပါတော်မူသည်။ ဆရာတော်သည် မျက်မှောက်ရှေ့၌ ဖြစ်ပျက်နေသော အရာကိုပင် လက်တမ်းထိုးစပ်ဆိုနိုင်ပေသည်။ ထိုကြောင့်လည်း ထိုနယ် တစ်လွှားတွင် ဒွေးချိုး လေးချိုးစသည်တို့ကို စပ်ဆိုရာ၌ နာမည်ကြီးလှပေသည်။ ထိုသို့စာစပ်တော်သောကြောင့် လည်း အနီးအနားရှိ ရွာများမှ ဆရာတော်သံဃာတော်များနှင့်တကွ ဒါယကာ+ဒါယကာများက သူ့ကို လေးစား ကြည်ညိုတော်မူကြလေသည်။
တစ်နေ့ ရွာအတွင်းမှ “ငမိုး”အမည်ရှိသော ဒါယကာတော်တစ်ဦးသည် ကြက်သားကို ကိုယ်တိုင် ကြော်ကာ ကျောင်းသို့ လာပို့လေသည်။ ဒကာမိုး၏ ကြက်သားကြော်သည်ကား လောလောလတ်လတ် ဒယ်အိုးမှ ထည့်လာသည်ထင်၏။ ဒကာမိုးသည် ကျောင်းအတွင်းသို့ ၀င်လာလိုက်သည်နှင့် တစ်ကျောင်းလုံး အလွန်အင်မ တန်မှ သင်းရနံ့မွှေးကြိုင်သွားလေသည်။ ကြက်သားပန်းကန်ကို လှယ်ထည့်သော ကပ္ပိယကြီးဦးရန်ပသည်ပင် တံတွေးကို မျိုချနေရသည်။ သူ၏ အတွင်းစိတ်မှာ စားလိုစိတ်များ တဖွားဖွားဖြစ် ပေါ်လာခဲ့ပေ၏။ ဆရာတော် သည်ကား အနီးအနားရှိနေပေလို့ပေါ။ ဆရာတော်သာ အနီးအနားမရှိခဲ့လျှင် ကပ္ပိယကြီးလည်း သေချာပေါက် ကြက်သား တစ်တုံးလောက်တော့ မျိုချမိမှာ မြေကြီးလက်ခတ်မလွဲပေ။ ကပ္ပိယကြီးဦးရန်ပသည် ဒကာမိုးပန်း ကန်မှ ကျောင်းရှိပန်းကန်အတွင်းသို့ လှယ်ထည့်ပြီးသောအခါ ဆရာတော်ကို ဆက်ကပ်လေသည်။ နဂိုကမှ ဘုဉ်း ပေးလိုစိတ် တဖွားဖွားဖြစ်ပေါ်နေသော ဆရာတော်သည်ပင် ဟန်ပင်မဆောင်နိုင်တော့ပေ။ ဒကာတော် မိုးရှေ့ မှာပင် အားရပါးရဘုဉ်းပေးတော်မူလိုက်လေသည်။ အကျိုးဆက်သည်ကား ဆရာတော်၏ သွားတော်နှစ်ချောင်း ကျိုးတော်မူသွားလေ၏။ ဆရာတော်သည် ထိုအဖြစ်ကို ကြက်သားကြော်အလှူရှင်ဒကာမိုးရှေ့မှာပင် စာကောက် စပ်တော်မူလိုက်လေ၏။
“စေတနာသဒ္ဓါဖြိုး၊ တကာမိုးလှူလိုက်တာ
မွှေးရနံ့ထုံးသင်းရယ်နှင့် အသားဟင်းမာတာတာ
စားဘွယ်ရာ ဧရာမကြက်ညို
ကောင်းလိမ့်မယ်အထင်နှင့် အာစောက်တွင်ကြိတ်ခါဝါးမှ
သွားနှစ်ချောင်းကျိုး။
ကြက်သားနှင့်ပတ်သက်လာဖြင့် မိမိ၏ အတွေ့အကြုံလေးကို တင်ပြပေအံ့၊ မိမိသည် သာသနတက္ကသိုလ်၌ ပညာသင်ကြားစဉ် ဒုတိယနှစ်တွင် အစာအိမ်ရောဂါပြန်လည်ဖေါက်လာသဖြင့် ရုတ်တရက် ဆေးရုံးတက်လိုက်ရ လေသည်။ ထိုရောဂါကြောင့်ပင် တပိန်ပိန် တလိန်လိန်ဖြစ်လာသည်။ ရွာမှ မိဘဆွေမျိုးများသည် ပိန်လိန် နေသော မိမိကို ပြန်လည်အသားအရေပြည့်ဖြိုးလာစေရန်လာအလို့ငှာ ကြက်ပေါင်းရည်ကို နေ့စဉ်ဆက်ကပ်ကြ လေ၏။ ထိုကြက်ပေါင်းရေ၏ တန်ခိုးကား အစွမ်းထက်လှပေ၏။ မိမိသည်ပင် တစ်လအတွင်းသိသိသာသာ ပြန်လည် အသားအရေပြည့်ဖြိုးလာသည်။
တစ်နေ့တော့ ကိစ္စတစ်ခုဖြင့် ရွာပြန်သွားသည်။ ရွာရောက်သောအခါ ကြက်ပေါင်းရေ တော့ပစ်သို့ ရောက်ရှိသွား ရာ မိမိက ဆွေမျိုးများကို
“ဒကာကြီး ဒကာမကြီးတို့ ဦးဇင်းကို ကြက်ပေါင်းရေကပ်တာတော့ ဟုတ်ပါပြီ၊ ကြက်ဘယ်ကရလို့လဲ” ကပ်သည်ကို အသားမဘုဉ်းပေးမူ၍ လျှာရှည်ကာ သွားမေးလေတော့ ဆွေးမျိုးများ
“ဦးဇင်းကလဲ ဈေးထဲက ကြက်သွားဝယ်နေရင် ကောင်းလဲကောင်းမှာလဲမဟုတ်ဘူး၊ ဒီတော့ ဆွေမျိုးတွေအိမ်မှာ ရှိတဲ့ကြက်ကို အလှည့်ကျ တစ်ကောင်စီ သတ်ပြီ ကြက်ပေါင်းရည်လုပ်ကပ်လိုက်ရတာပေါ့ ဦးဇင်းရဲ့” သံပြိုင် လျှောက်ထားကြရာ မိမိက
“ဟာ အဲလိုကြီးလား၊ နောက်တော့အဲလိုမဟုတ်ပါနဲ့ဗျာ၊ ဦးဇင်းက ဈေးက ကြက်ကို ၀ယ်ပြီး ကြက်ပေါင်းရည်လုပ် ကပ်တယ်ထင်နေတာ၊” ဤတွင် ဆွေမျိုးများ
“ဈေးကမွေးမြူရေးကြက်တွေ၊ ဘယ်လိုလုပ်အဟာရပြည့်မှာလဲ ဦးဇင်းရဲ့၊ ဒါကြောင့် ဦးဇင်းကျန်းမာရေးမြန်မြန် ကောင်းအောင် အကောင်းဆုံးစီစဉ်လိုက်တာပေါ့ ဦးဇင်းရဲ့၊ ” ဟု ဆိုလိုက်သောအခါ ဘာမျှမပြောသာ တော့ပေ၊ အသာလေးငြိမ်နေလိုက်ရလေတော့သည်။
ထိုအကြောင်းကို ကျောက်ပန်းတောင်နယ်မှ မိမိသူငယ်ချင်းတစ်ပါးကို ပြောပြရာ သူငယ်ချင်းက အောက်ပါ အတိုင်း သူ၏ ကြက်နှင့်ပတ်သက်သော ကြားဖူးနားဝလေးကို ဖေါက်သည်ချပေ၏။
“ရှေးပါတီကောင်စီခေတ်ကဖြစ်ပါပေ၏။ ပါတီကောင်စီလူကြီးများသည် ရွာများသို့ စစ်ဆေးရေးဝင်ကြသောအခါ သူတို့၏ လက်သုံးတော် လက်ဆွဲသားရေအိတ်ကလေးများကို ကိုင်ကာ ရွာအတွင်းဝင်ရောက်စစ်ဆေးကြ လေ၏။ အထက်လူကြီးများ လာတိုင်း ရွာမှ လူကြီးများက တစ်အိမ်ကို ကြက်တစ်ကောင်နှုန်းတောင်းကာ ချက်ပြုတ်ဧည့် ခံရလေ၏။လူကြီးများသည် မကြာခဏဆိုသလို ရွာအတွင်းသို့ လက်ဆွဲအိတ်များကို ဆွဲကာဝင်လာလေသည်။ ထိုလူကြီးများလာတိုင်း ကြက်များကို အလှည့်ကျ သတ်ဖြတ် ချက်ပြုတ်ဧည့်ခံနေရလေသည်။ ကြာတော့ တိရစ္ဆာန် ဖြစ်သော ကြက်များပင်သိလာသည်။ ရွာအတွင်းသို့ လက်ဆွဲအိတ်ကို ဆွဲလာသော လူကြီးများကို မြင်တိုင်း ကြက် များသည်လည်း အော်ဟစ်ကာ ထွက်ပြေးသွားကြလေ၏။ ထိုအချိန်မှစ၍ ရွာသားများက ပါတီကောင်စီလူကြီးများ ကိုင်သော လက်ဆွဲအိတ်ကို “ကြက်ကြောက်အိတ်” ဟူ၍ အမည်ပေးကြတော့လေသတည်း။
တစ်ဆက်တည်းမှာပင် သူငယ်ချင်းဖြစ်သူက
“ခုလဲ ဦးဇ၀နရေ ကိုယ်တော်ရွာအတွင်းက ကြက်တွေက ကိုယ်တော်ကို မြင်တိုင်း ပြေးများပြေးကုန်ကြမ လားမသိ”ဟူ၍ မိမိကိုယ်ပင် ကြက်ကြောက်အိတ်စာရင်းထဲသို့ ထည့်သွင်းသွားပြန်သေး၏။ ထည့်မည်ဆိုလျှင် ထည့်ထိုက်ပါပေ၏။ မိမိကို အကြောင်းပြုပြီး ရွာအတွင်းက ကြက်များသည်လည်း တော်တော်လေးသေကုန် ကြ၏။
အသားနှင့်ပတ်သက်လာသဖြင့် ကြားဖူးနားဝပုံပြင်လေးကို ဆက်လက်ဖေါ်ပြလိုက်ရပေသည်။
တစ်ခါက ၀က်သားအမိနှစ်ကောင်သည် ရွာထိပ် အမှိုက်ပုံတွင် အစာရှာနေလေ၏။ ထိုစဉ် ဦးဇင်းငယ်တစ်ပါး သည် ထိုဝက်သားအမိအနီးမှ ဖြတ်ကာ ရွာအတွင်းသို့ ကြွသွားလေ၏။ ၀က်ပေါက်စလေးသည် ထိုဦးဇင်းနောက် သို့ လိုက်သွားရန် ဟန်ပြင်နေစဉ် မိခင်ဝက်မကြီးက
“ဟဲ့ငါ့သား အဲဒီကိုယ်တော်နောက်ကိုများ လိုက်မသွားလေနဲ့၊ အန္တရာယ်များပါဘိသနဲ့၊ အဲဒီကိုယ်တော် ရဟန်း တက်တုံးက မင်းအဖေပါသွားတယ်၊ ဒီတစ်ခါ အဲဒီကိုယ်တော်ပြန်လွန်တော်မူရင် ငါ့သားလေးပါ ပါသွားလိမ့်မယ်၊ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးက ရှောင်လေလော့ ငါ့သားရေ”ဟူ၍ မှတ်သားဖွယ်ရာ သားငယ်ကို ဆုံးမလိုက်ပါ ပေသတည်း။“အော် မိဘမေတ္တာတရား တယ်ကြီးပါပေစွတကား၊ မှတ်သားထိုက်ပါပေစွတကား”။

0 comments:
Post a Comment