တစ်ခါက ပင်လယ်ကမ်းခြေအနီး ရွာတစ်ရွာတွင် ဇနီးမောင်နှံနှစ်ယောက်တို့ရှိကြလေသည်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အလွန်အင်မတန်မှ ချစ်ခင်ကြသည်။ “မောင်တစ်ထမ်း မယ်တစ်ရွက်” တက်ညီလက်ညီဖြင့် လုပ်ကိုင်စားသောက်ခဲ့ကြလေသည်။
တစ်နေ့သော ညချမ်းအချိန်ဝယ် သူတို့ သည် တစ်နေတာ ပင်ပန်းမှုများပြေပျောက်စေရန်အလို့ငှာ ပင်လယ် ပြင်သို့ လမ်းလျှောက်ထွက်ကြလေသည်။သူတို့သည် ပင်လယ်ပြင်မှ ဖြတ်ကာ တိုက်ခတ်လာသော လေအေးများ ကို တစ်ဝကြီးရှုရှိုက်ကြသည်။ ထိုစဉ် ဇနီးသည်ဖြစ်သူသည် ပင်လယ်ထဲတွင် ပျော်ပါးနေသော ငှက်ကလေးများ ကို မြင်သောအခါ
“မောင်ရယ် အဲဒီငှက်ကလေးတွေက ဘာငှက်ကလေးတွေကွယ်”ဟု မေးလေသည်။ထိုအခါ ခင်ပွန်းသည် ယောင်္ကျားက
“အချစ်ရယ် အဲဒီငှက်ကလေးတွေက ဇင်ယော်ငှက်ကလေးတွေပေါ့ကွယ်”ဟု ကြင်နာသော ကရုဏာသံပါသော လေသံဖြင့် ဖြေကြားလေသည်။ ဒီလိုနှင့် ဇနီမောင်နှံနှစ်ယောက်တို့သည် ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်လာကြ သည်။နှစ်အနည်းငယ်ကြာပြီးနောက် ထိုဇနီးမောင်နှံတို့သည် လမ်းလျှောက်ထွက်ဖြစ်ခဲ့ကြပြန်သည်။ ဇနီးဖြစ်သူ သည် ဇင်ယော်ငှက်ကလေးတွေကိုမြင်သောအခါ
“ဘာငှက် ကလေးတွေလဲ မောင်ရယ်”ဟု မေးပြန်လေသည်။ ခင်ပွန်းယောက်ျားသည်လည်း
“ဇင်ယော်ငှက်ကွာ၊ဇင်ယော်ငှက်ကွာ”ဟုစိတ်တိုစွာဖြေလိုက်လေသည်။ ခင်ပွန်းသည်ယောက်ျား၏ လေသံသည် ပထမဖြေသောလေသံနှင့် မတူတော့ပေ။ အနည်းငယ် ကြမ်းတမ်းလာ၏။ ဒီလိုနှင့် ဇနီးမောင်နှံနှစ်ဦးတို့သည် ပေါင်းသင်းလာခဲ့ရာ
ကလေးနှစ်ယောက်ပင်လာရခဲ့လေပြီ။ ကလေးများရပြီးနောက် တတိယအကြိမ်မြောက် ပင်လယ်ကမ်းခြေသို့ လမ်းလျှောက်ထွက်ခဲ့ကြပြန်သည်။ ထိုအချိန်အတွင် ဇင်ယော်ငှက်ကလေးများသည်လည်း အုပ်စုလိုက် ပျံသန်း နေကြသည်။ အစာရှာနေကြသည်။ ထိုငှက်ကလေးများကို မြင်သောအခါ ဇနီးဖြစ်သူက
“မောင်ရယ် ငှက်ကလေးတွေ တစာစာနဲ့အော်နေတာ ဘာငှက်ကလေးတွေလဲကွယ်”ဟု တတိယအကြိမ် မြောက်မေးရာ ယောက်ျားဖြစ်သူက
“ခွီးမှပဲ ဇင်ယော်ငှက်ကွာ၊ ဇင်ယော်ငှက်ကွာ”ဟု ဆဲဆိုပြီး ဖြေဆိုလိုက်လေတော့သတည်း။
ရခါစတွင်တော့ ပထမအဖြေသည်ကား“ဇင်ယော်ငှက်ကလေးတွေပေါ့ အချစ်ရယ်”တဲ့၊ ပြာသကာကပင် အရှုံး ပေးရပေမည်။ အလွန်ပင် ချိုမြိန်လှပေသည်။ “ဇင်ယော်ငှက်ကွာ၊ဇင်ယော်ငှက်ကွာ၊” ဒုတိယအကြိမ် မြောက်ဖြေ ဆိုလိုက်သောအသံသည် အနည်းငယ်ကြမ်းတမ်းလာသည်။ ပထမအဖြေကဲ့သို့ နူးညံ့သိမ်မွေ့မှုမရှိတော့ပေ။ အချိုဓာတ်တွေပျောက်သွားပေသည်။ တတိယအဖြေသည်ကား “ခွီးမှပဲ ဇင်ယော်ငှက်ကွာ၊ ဇင်ယော်ငှက်ကွာ၊”ဟု ကြမ်းတမ်းမှုအပြင် ဆဲဆိုမှုများပင် ပါလာလေသည်။
လင်ချစ်မယားချစ်သည်ကား တစ်ထောင့်ငါးရာ (၁၅၀၀) ကိလေသာမေတ္တာအချစ်ပင်ဖြစ်သည်။ ကိလေသာ အချစ်သည်ကား ပူပန်စေတတ်နှိပ်စက်တတ်သော အချစ်ပင်ဖြစ်သည်။ ထိုအချစ်သည် မခိုင်မြဲပေ။ ရှေးပညာရှိ များသည်ကား (၁၅၀၀)မေတ္တာအချစ်ကို မြေသားကို လုံးထားသော လောက်စာလုံးနှင့် နှိုင်းယှဉ်ထားပေသည်။ လောက်စာလုံးသည် လေဒဏ် မိုးဒဏ်မခံရသရွေ့ မပျက်စီးပေ။ သို့သော် လေဒဏ်မိုးဒဏ်ခံလိုက်ရလျှင်ကား ကြေမွပျက်စီးသွားပေသည်။ထိုနည်းတူစွာ(၁၅၀၀)မေတ္တာချစ်သည်လည်း လောကဒဏ်တရားတွေနှင့် ကြုံကြိုက် လာရသောအခါ ပျက်စီးသွားရလေ၏။ခိုင်မြဲခြင်းမရှိပေ။
နောက်တစ်နည်းမေတ္တာသည်ကား(၅၂၈)သွယ်မေတ္တာပင်ဖြစ်သည်။ ယင်မေတ္တာတရားသည်ကား မိဘနှင့်သား သမီးကြားအချစ်မျိုး၊ မောင်ချစ်နှမချစ် အချစ်မျိုးကိုဆိုသည်။ ထိုချစ်ခြင်းကို ရှေးပညာရှိများက ကျောက်ပေဒိုး ဖြင့်နှိုင်းထားသည်။ ကျောက်ပေဒိုးသည် လေဒဏ်မိုးဒဏ်ဘယ်လောက်ပင် ခံရသော်လည်း ပျက်စီးမသွားပေ။ ထို နည်းတူစွာ မိဘနှင့် သားသမီးအကြားချစ်ခြင်း၊ မောင်ချစ် နှမချစ် (၅၂၈)သွယ်မေတ္တာသည်ကား ဘယ်လိုပင် လောကဒဏ်တွေနှင့် ရင်ဆိုင်ရသော်လည်း ပျက်ပျယ်မသွားပေ။ အလွန်အင်မတန်မှ ခိုင်မြဲလှပါပေသည်။ လူသားတိုင်း ဤ(၅၂၈)သွယ်သော မေတ္တာတရားဖြင့် တစ်ဦးပေါ်တစ်ဦး ကျင့်သုံးနေထိုင်ကြမည်ဆိုလျှင်ဖြင့် လောကကြီးသည် ငြိမ်းချမ်းသာယာသွားမည်မှာ ဧကန်စင်စစ်ဖြစ်ပါပေသည်။ လူသားတိုင်း စစ်မှန်သော မေတ္တာ တရားကို ကျင့်သုံးနိုင်ကာ ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို ဖန်တီးနိုင်ပါစေသတည်း။ စစ်မဲ့ကင်းသော ကမ္ဘာ ကြီးကို ဖန်တီးနိုင်ပါစေသတည်း။
၁၅ဝဝ-ကိလေသာ တစ်နည်း ၁၅၀၀ မေတ္တာ မြှောက်ပွားပုံကို ဤသို့သိလေ။
''နာမ် တေပညာသ (၅၃)၊ နိပ္ဖန္နရုပ် (၁၈)၊ လက္ခဏရုပ် (၄)၊ ယင်းတို့ကိုပေါင်းသော် နာမ်ရုပ်ပေါင်း
၇၅-ပါး ရသည်။ ယင်းကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့်မြှောက် (၁၅ဝ) ရသည်။ ယင်းကို
ကိလေသာ ၁ဝ-ပါးနှင့်မြှောက်သော် (၁၅ဝဝ) ဖြစ်သည်။
ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ။ ။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၁၃။ ဋ္ဌ။ ဒု-အုပ်။ ၂ဝ၇။
မေတ္တာစစ် မေတ္တာမှန်များ၊ အနောဓိသ မေတ္တာ ၅-ပါး၊ သြဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂-
ပါးကိုတည်၊ အဝေရာဟောန္တု , အဗျာဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရ န္တု,
၎-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊ ယင်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈ဝ-ဖြစ်၏။ ယင်း
၄၈-နှင့် ၄၈ဝ-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။

0 comments:
Post a Comment