Pages

Thursday, July 22, 2010

“ရတနာလေးပါးရှိခိုးကြရအောင်”

ဤပုံပြင်လေးသည် မိမိ သထုံမြို့ ဟိတကာရီကျောင်းတိုက်၌ ပညာသင်ကြားစဉ် တွေ့ကြုံရသော အဖြစ်အပျက် ကလေးပါပေတည်း။ သထုံမြို့တွင် ဟိတကာရီစာသင်တိုက်သည် နာမည်ရှိသော စာသင်တိုက်တစ်တိုက်ဖြစ် သည်အားလျှော်စွာ ဒါယကာ+ဒါယကာမများသည် အလွန်ပင်ကြည်ညိုကြလေသည်။ မိမိတို့သည် ဆွမ်းစာ ကွမ်းစာကို မပြတ်တမ်းလိုက်နေခဲ့ရသည်။ အထူးအားဖြင့် မန္တလေးမြို့ တောင်ပြုံးပွဲကြီးနီးလာပြီဆိုလျှင် ဆွမ်းစား ကွမ်းစားများကို ပိုမိုကြွကြရလေသည်။အဘယ်ကြောင့်ဆိုသော် သထုံမြို့မှ နတ်ကတော်များ၊ အခြောက်များ သည် တောင်ပြုံးပွဲတွင် သူတို့၏ လုပ်ငန်းကိစ္စများအဆင်ပြေစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် သံဃာတော်များ ကို ပင့်၍ ဆွမ်းကပ်လေ့ရှိကြသည်။

တစ်နေ့ မိမိသည် လမ်းမတော်ကျောင်းဆရာတော် ဦးမာလာ, သူ၏ တပည့်တော်သုံးပါးတို့နှင့်အတူ နတ်ကတော် အိမ်တစ်အိမ်သို့ ဆွမ်းစားကြွခဲ့ရသည်။ ထိုအိမ်သို့ ရောက်ပြီဆိုသည်နှင့် ဆွမ်းဒါယကာ+ဆွမ်းဒါယကာမများ သည် ဆရာတော်ဦးမာလာထံမှ သီလယူရန် သံဃာတော်များထံသို့ စုဝေးရောက်ရှိလာကြလေသည်။တရား နာပရိသတ်များ စုံသောအခါ နတ်ကတော် ဆွမ်းဒါယကာမကြီးက
“ကဲ ကဲ ရတနာလေးကို ညီညီညာညာ ရှိခိုးကန်တော့ကြပါစို့ရှင်”ဟု တရားနာပရိသတ်ကို တိုက်တွန်းလေသည်။
ဤတွင် ဆရာတော်မာလာက သီလမပေးသေးမူ၍
“ဒကာမကြီး ရတနာသုံးပါးရှိတာ ဘယ်ကရတနာတစ်ပါးက တိုးလာတာလဲ ဒကာမကြီးရဲ့”ဟု မေးလေသည်။ ထိုအခါ ဒါယကာမကြီးက
“ဆရာတော်ကလဲ တပည့်တော်တို့က တောင်းပြုံးအရှင်နှစ်ပါး၊ ကိုကြီးကျော်၊ ဦးရှင်ကြီးစသော ပုဂ္ဂိုလ်တို့ကိုလည်း ရတနာတစ်ပါးအဖြစ်သတ်မှတ်ထားတယ်ဘုရား၊ ဒါကြောင့် ရတနာလေးပါါးလို့ ဆိုပါတယ်ဘုရား”ဟု လျှောက် ထားသောအခါ ဆရာတော်က
“ဒကာမကြီး ဘုရားစကားတော်တွေကို မဖျက်ပါနဲ့၊ ရတနာဆိုတာ ဘုရား တရား သံဃာလို့ သုံးပါးရှိတာပါ၊ မြတ်ဗုဒ္ဓ၀ါဒက ဒကာမကြီးပြောတဲ့ နတ်တွေကို ရတနာလို့မသတ်မှတ်ဘူး ၊ ဒကာမကြီးသူတို့ကို ပူဇော်လိုက ပူဇော်နိုင်တယ်၊ ရတနာလုပ်ပြီးကိုးကွယ်လို့မရပါဘူး၊ နောက်ကို အဲဒီလို ဘုရားစကားတော်တွေကို မဖျက်စီးပါနဲ့ ဒကာမကြီး”ဟု သြ၀ါဒပေးလေ၏။ လူကြားသူကြားတွေ သြ၀ါဒအပေးခံရသော နတ်ကတော် ဆွမ်းအမကြီးသည် မျက်နှာများနီရဲကာ ရှက်သွားလေသည်။ စကားကိုပင် ကောင်းကောင်းမပြောနိုင်ရှာတော့ပေ။ မိမိတို့သည်လည်း ခပ်သုတ်သုတ်ဆွမ်းစားကာ ပြန်ကြွလာခဲ့ကြရလေတော့သည်။

အကျိုးဆက်သည်ကား နောင်နတ်ကတော်ဆွမ်းအမကြီးက ဆွမ်းကပ်တိုင်း ဆရာတော်ဦးမာလာကို ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးက ရှောင်သွားလေတော့သတည်း။ “အော် ဆရာတော်ကြီး၏ စကားသည်ကား မှန်ပါပေ၏၊ိသို့သော်လည်း မှန်တိုင်းလဲ မကောင်းပါပေစွတကား။”

ဤနေရာတွင် အခြောက်များနှင့် ပတ်သက်လာသဖြင့် နောက်ထပ်အတွေ့အကြုံလေးတစ်ခုကို တင်ပြပေအံ့။ မိမိသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့မစာသင်တိုက်တွင် သီတင်းသုံးနေထိုင်စဉ် ရန်ကုန်မြို့မှ “ကိုကို ညီညီ မိတ်ကပ်ပညာရှင်များအဖွဲ့သည် မိမိတို့၏ ကျောင်းသို့ ကထိန်လာခင်းလေသည်။ ကိုကို ညီညီ တို့သည် မိတ်ကပ်ပညာရှင်များဖြစ်သည်အားလျှော်စွာ သူတို့၏ မိတ်ဆွေများ တပည့်များသည်ကား အခြောက် များသာဖြစ်ကြလေသည်။ ကထိန်ခင်းသော ညကဖြစ်ပါပေ၏။ အချိန်သည်ကား ညကိုးနာရီ လောက်ဖြစ် မည်ထင်သည်။ မိမိတို့၏ ကျောင်းတိုက်သည် အခြောက်များနှင့်သာ ပြည့်နေလေသည်။ သူတို့သည် အထူး အားဖြင့် ဘုရားဝိုင်းအတွင်းသို့ သွားရောက်ကြကာ ဘုရားကို ရှိခိုးကြလေသည်။ ထိုတွင် ကိုရင်ကေလာသက ဘုရားရှိခိုးပြီးပြန်လာသော အခြောက်အုပ်စုတစ်စုကို
“ဒကာမလေးတို့ ဘုရားရှိခိုးပြီး ဘာဆုတွေများတောင်းခဲ့သလဲ ”ဟု မေးလိုက်ရာ အခြောက်အုပ်စုတစ်စုလုံးက
“တပည့်တော်မတို့ကလေ ကိုရင်လေးတို့နဲ့ အတူတူအိပ်ရပါလို၏ဟု ဆုတောင်းခဲ့တယ် ကိုရင်လေးတို့ရဲ့”ဟု ဆိုကာ ကိုရင်လေးတွေကို အတင်းပြေးဖက်ကြလေသည်။ ကိုရင်လေးများသည်လည်း အတင်းအကုန်ရုံးကာ ထွက်ပြေးသွားကြရလေသည်။ ထိုနေ့ညသည်ကား အခြောက်ကထိန်ဒါယကာလေးများဆိုမလား ကထိန် ဒါယိကာမလေးများဆိုမလားတော့မသိ။ သူတို့တစ်စု သောင်းကျန်းသဖြင့် ကိုယ်တော်လေးများသည်ပင် ဟိုပြေး ဒီပြေး ထွက်ပြေးနေကြရလေတော့သတည်း။
“အော် တော်တော်လေးဆိုတဲ့ ကထိန့်ဒါယကာ+ဒါယကာမလေးများတို့ပေတည်း။”

0 comments:

Post a Comment

 

Go Up အပေါ်သို့