Pages

Friday, July 2, 2010

“မယားတရူး ရူးနေသူကိုမှ တရားဟောမိတဲ့ မိမိအဖြစ်”

မိမိသည် ရန်ကုန်တိုင်း အလုံမြို့နယ် အောင်မင်္ဂလာစာသင်တိုက်တွင် စာပေသင်ကြားခဲ့စဉ်က ဒီအဖြစ်အပျက် ကလေးကို လက်တွေ့ကြုံခဲ့ရခြင်းဖြစ်ပေသည်။ မိမိသည် ထိုကျောင်းတိုက်၌ သီတင်းသုံးနေစဉ် တစ်နေ့ သူငယ်ချင်းဖြစ်သူ၏ ဖခင်ကြီးသည် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်သို့ ဆေးကုသရန် ရောက်ရှိလာ ခဲ့လေသည်။သူငယ်ချင်းဖြစ်သူ၏ ဇာတိသည်ကား ညောင်တုန်းမြို့နယ်အတွင်း ရွာတစ်ရွာကဖြစ်သည်။

သူသည် သူ၏ ဖခင်ကြီးကို နေ့စဉ် ပြုစုလုပ်ကျွေးနေရလေ၏။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ရက်ပေါင်းများ စွာကြာ ပြုစုလုပ်ကျွေးနေရလေသည်။ ထိုအခါ မိမိသည်ပင် ထိုဒါယကာနှင့် ရင်းနှီးသွားလေသည်။ မရင်နှီးလို၍ မရပေ။ မိမိနှင့် သူငယ်ချင်းသည်ကား အိပ်ယာကုဋင်ချင်းကပ်လျှက်ဖြစ်ပေသည်။ ဒီလိုနှင့် မိမိသည် ထိုဒါယကာ ကြီးနှင့် နေ့စဉ် စကားပြောဖြစ်သည်။ ဒါယကာကြီးသည် စကားပြောတိုင်း တရားစကားကို ပြောလေ့မရှိပေ။ အမျိုးသမီးကိစ္စ ကာမဂုဏ်ကိစ္စကိုသာပြောလေ့ရှိသည်။ အခြား ဘာအကြောင်းအရာမျှပြောလေ့မရှိပေ။ တစ်နေ့ ၀ါဆိုလပြည့်အခါရက်ကြီးပင်ဖြစ်သည်။ ရပ်ကွက်အတွင်းမှ ဒါယကာ ဒါယိကာမများသည် ကျောင်းတွင် ဥပုသ် စောင့် တရားနာရောက်လာကြသည်။ ထိုနေ့မှာပင် မိမိသည် ဒါယကာကြီးနှင့်စကားပြောဖြစ်ကြပြန်သည်။ ဒါယ ကာကြီးသည် စကားမှ ပြောမည်မကြံသေး၊ ကာမဂုဏ်ကိစ္စ အမျိုးသမီးကိစ္စကို စပြောလေတော့သည်။ ဤတွင် မိမိက
“ဒကာကြီး ဒီနေ့ဝါဆိုလပြည့်အခါရက်ကြီးဖြစ်တယ်၊ သူများတွေက ဥပုသ်စောင့်နေတာ ဒကာကြီးက မိန်းမအ ကြောင်းတွေပဲ ပြောနေတာ၊ အသက်လဲကြီးလှပြီ၊ တရားစကားလေး ဘာလေးပြောပါအုံး ဒကာကြီး”ဟု တရား စကားပြောလိုက်ရာ ဒါယကာကြီးက
“ငါမ ကိုရင် မင်းက အငယ်လေးရှိသေးတယ်၊ ငါ့လာပြီး ဆုံးမနေတာ” ဟု သံဃာတော်အများအကြားဆဲလေတော့ သည်။ ဘေးမှ ကြားရသော သံဃာတော်များက
“မောင်ဇ၀နတို့တော့ တရားဟောကောင်းလို့ အဆဲခံရပြီ” ဟု နောက်ပြောင်ကာ ရယ်ကြလေသည်။ မိမိသည်ပင် အတော်လေးအရှက်ရခဲ့လေသည်။ ထိုအခါ သူငယ်ချင်းဖြစ်သူက
“ဒကာကြီး ကိုရင်ကို အဲလိုမဆဲရဘူးလေဗျာ ငရဲကြီးတတ်တယ်၊ အပြစ်သင့်တတ်တယ်”ဟု ဆုံးမယူရလေသည်။ နောက်မှ မိမိသည် သူငယ်ချင်း၏ ပြောပြချက်အရ သူ၏ ဒါယကာကြီးအကြောင်းကိုကောင်းကောင်း သိရလေ သည်။ သူ၏ ဖခင်သည် အသက်ငယ်ငယ်အရွယ် အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျရာ ထို အမျိုးသမီး ကလေးမှ အိမ်ရှိ အတွင်းအပသုံးဆောင် များမြောင်ကြွယ်ဝကုန်သော ပစ္စည်းများယူ၍ ထွက်ပြေးသွားသော ကြောင့် ထိုအမျိုးသမီးကလေးကို စွဲပြီး မယားတရူး ရူးနေကြောင်းသိရလေသည်။
“အော် မောင်ဇ၀နရယ် မယားတရူး ရူးနေတဲ့သူကိုမှ တရားသွားဟောတာ၊ အဆဲခံရနည်းသေး၊ အရိုက်မခံရ ကံကောင်း၊ အဆဲခံပေအုံးတော့ မင်းထိုက်နှင့်မင်းကံ၊ နောင်တခါဆိုရင်တော့ မယားတရူး ရူးတဲ့သူကို တရား ဟောခြင်းမှ ဝေရာမဏိ သိက္ခာပဒံ ဝေးဝေးမှ ရှောင်ကြဉ်ပါ၏ဘုရား”
တစ်ဆက်တည်းမှာပင် မိမိသည် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော ပရာဘ၀သုတ်တော်ကို သတိရမိလေသည်။ ထိုသုတ်တွင် မြတ်ဗုဒ္ဓက အမျိုးသားများ ပျက်စီးရခြင်း၏ အကြောင်းကို ဟောထားရာ ကိုးခုမြောက်ပျက်စီးခြင်း၏ အကြောင်းသည်ကား ထိုဒါယကာကြီး၏ အ ဖြစ်နှင့် ကိုက်ညီလှပါပေ၏။ အကြောင်းအရာသည်ကား
“အသက်ရှစ်ဆယ် ကိုးဆယ်အရွယ်ရှိသော အဘိုးကြီးသည် သူ၏ မြေးအရွယ် အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော အမျိုးသမီးကလေးနှင့် အိမ်ထောင်ကျလေသည်။ အဘိုးကြီးသည် သူ၏ လှပသော ဇနီးသည်အား အခြားအမျိုးသားလေးများနှင့် ဖေါက်ပြားမှာကို စိုးရိမ်သည်။ ဣဿာ(ငြူစူခြင်း)ဖြစ်သည်။ ထိုသို့စိုးရိမ်သည့် အတွက် မအိပ်နိုင်၊ မစားနိုင်ဖြစ်လေသည်။ ကာမရာဂတည်းဟူသော အကြောင်းအကြောင့်လည်းကောင်း ဣဿာတည်းဟူသော အကြောင်းကြောင့်လည်းကောင်း သူသည် အိမ်၏ စီးပွားရေးကိစ္စတို့ကိုလည်း မလုပ်နိုင် တော့ပေ၊ နောက်ဆုံးပျက်စီးခြင်းသို့ ရောက်သွားပေသည်။

ဤနေရာ၌ စကားစပ်လာသဖြင့် နောက်အဖြစ်အပျက်တစ်ခုကို တင်ပြပေအံ့။ တရားဟောကောင်းသဖြင့် မိမိသည်သာ အဆဲခံရသည် မဟုတ်ပါ၊ ကျောက်ပန်းတောင်းနယ်အတွင်း ရွာတစ်ရွာက ဆရာတော်တစ်ပါးသည် လည်း အဆဲခံခဲ့ရလေသည်။ ထိုဆရာတော်သည် တစ်ရက်သော ဥပုသ်နေ့တွင်
“ကာမေသုမိစ္ဆာစာရကံဆိုတာ ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုကျင့်တာ၊ ဥပမာပြောရမယ်ဆိုရင် ရွာထဲက တင်မောင်ကြီးတို့လိုပေါ့၊ ဒီကောင်က ဟိုအမျိုးသမီးကောက်ယူ၊ ဒီအမျိုးသမီးကောက်ယူနဲ့၊ ကောင်းကောင်းလဲ လုပ်ကိုင်မကျွေး၊ ပြီးရင် ပစ်ထားခဲ့တာ၊ ဒါဟာကာဂုဏ်တို့၌ မှားမှားယွင်းယွင်းကျင့်တာပဲ ဥပုသ်သည်အပေါင်း သူတော်ကောင်းတို့”ဟု ကာမေသုမိစ္ဆာစာရကံအကြောင်းကို ဥပုသ်သည်များအား ဟောပြောရာတွင် ရွာအတွင်းမှာ သူဖာသာနေသော ဦးတင်မောင်ကိုပါ ဆွဲထည့်လိုက်သေးသည်။ ထိုအကြောင်းကို ဦးတင်မောင် ကြားသွားရာ ဦးတင်မောင်က
“ငါမဘုန်းကြီး ကိုယ့်တရားကို ကောင်းကောင်းမဟောဘူး၊ ရွာထဲနေတဲ့ ငါ့ပါဆွဲထည့်လိုက်သေး” ဟု ဆဲဆိုနေ လေတော့သတည်း။ဤနေရာတွင်ကား ဆရာတော်ကြီးသည် ဦးတင်မောင်ကို ဆွဲထည့်ရာတွင် အဆွဲမတတ် သောကြောင့် အဆဲခံရလေ၏။ ဆွဲထည့်နည်း ထည့်ဟန်ကား လိုသေးပေသည်တကား။




0 comments:

Post a Comment

 

Go Up အပေါ်သို့