တစ်ခါက ရွာတစ်ရွာတွင် မောင်ဖြူအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်။ သူ၏ ငယ်စဉ်ကတည်းက မေ့တတ်သော အကျင့်သည် ယခုအိမ်ထောင်ကျသည့်အထိ မပျောက်သေးပေ။ တစ်နေ့ မှောင်မိုက်သော ညတစ် ည၀ယ် သူသည် အခြားရွာ၌ ပွဲကြည့်ရန်အလို့ငှာ တစ်ယောက်တည်း ထွက်လာခဲ့လေသည်။ ပွဲကြည့်လိုဇောဖြင့် ထွက်လာခဲ့ရာ ရေကိုပင် မချိုးခဲ့ရပေ။လမ်းတွင် အလွန်အင်မတန်မှ ကြည်လင်အေးမြသော ရေမြောင်းတစ်ခုကို တွေ့ရာ ရေဆင်းချိုးလိုက်လေသည်။ ရေချိုးပြီးနောက် မောင်ဖြူသည် ပွဲခင်းဆီသို့ သုတ်ခြေတင်ခဲ့လေသည်။ ပွဲခင်းသို့ရောက်သောအခါ မောင်ဖြူတစ်ယောက်ဇာတ်စင်နားတွင် ရပ်နေလေသည်။ သူသည် ဇာတ်စင်နား ရောက်သည်နှင့်တစ်ပြိုင်နက် ပွဲကြည့်ပရိသတ်သည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ ပရိသတ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသောအခါ မောင်ဖြူစဉ်းစားလိုက်သည်ကား
“ယနေ့ ပရိသတ်ဟာ ရုတ်ရုတ်သဲသဲနဲ့တော့ ပွဲတော့ဆူလိမ့်မယ်နဲ့တူ”ဟု အကြံဖြစ်ကာ ဇာတ်စင်ပေါ်သို့ တက် သွားလေသည်။ မောင်ဖြူတစ်ယောက်ဇာတ်စင်ပေါ်ရောက်သွားသောအခါမှ ပရိသတ်သည် ပိုမိုရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။ ဤတွင် မောင်ဖြူစဉ်းစားလိုက်မိသည်ကား
“ဒီနေ့ ပရိသတ်ရုတ်ရုတ်သဲသဲနဲ့တော့ ပွဲတော့ တကယ်ဆူမှာ ရန်တွေဖြစ်ကြမှာ သေချာတယ်၊ အိမ်ပြန်တာပဲ ကောင်းတယ်”ဟု လမိုက်မိုက် အိမ်ကို ပြန်လာခဲ့လေသည်။ သူအိမ်ရောက်သောအခါ ဇနီးဖြစ်သူသည် တံခါးကို ပိတ်ကာ အိပ်ယာဝင်နေပြီဖြစ်သည်။ သို့ဖြစ်သဖြင့် မောင်ဖြူသည် တံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်ရသည်။ ထိုအခါမှ ဇနီးဖြစ်သူသည် နိုးလာကာ တံခါးကို လာဖွင့်ပေးလေသည်။ တံခါးဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုက်နှင့် သူမ၏ ယောင်္ကျား၏ အဖြစ်ကို တွေ့လိုက်ရသော ဇနီးဖြစ်သူသည် ခွက်ထိုးခွက်လန် ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ မောင်ဖြူသည်ကား
“ဒီမိန်းမ ငါက ပွဲမကြည့်ခဲ့ရလို့ စိတ်တိုလာတာ၊ နင်က ငါ့ကို ကြည့်ပြီး လှောင်နေတယ်ပေါ့လေ”ဟု စိတ်ဆိုးသွား လေသည်။ သူသည်
“ဒီလောက်တောင်ရှိလှတဲ့မိန်းမ အားရှိပါးရှိရိုက်လိုက်အုံးမယ်” ဟု ပုဆိုးကို ခါးတောင်းကြိုက်ရန် ပြင်လိုက်သော အခါမှ မောင်ဖြူတစ်ယောက်အဖြစ်မှန်ကိုသိလိုက်ရသည်။ သူ၏ ခါးမှာ ပုဆိုးမပါ ကိုယ်တုံးလုံးချည်ဖြစ် နေလေတော့သည်။ ထိုအခါမှ အဖြစ်မှန်ကို သိကာ ရှက်ရှက်နှင့် အိမ်နောက်ခန်းသို့ ၀င်ပြေးလေတော့သတည်း။ အကယ်စင်စစ် ပုဆိုးသည်ကား သူရေချိုးသော ရေမြောင်းအနီးတွင် မေ့ကျန်နေခဲ့လေ၏။ ပုဆိုးဝတ်ဘို့ရန်ပင် မေ့နေလေသည်။ ပုဆိုးမပါပဲ ပွဲသို့ သွားသော မောင်ဖြူ၏ အဖြစ်သည်ကား တွေးကြည့်လေ ရယ်စရာကောင်း လေပါ။(ကြာနီကန်ဆရာတော်၏ တရားမှ)
“အော် ဒီလောက်တောင် မေ့လည်းမေ့တတ်ပါပေ မောင်ဖြူရယ်၊” ဒါကြောင့်လည်း မြတ်ဗုဒ္ဓက ပရိနိဗ္ဗာန်စံ ခါနီးတွင် “မမေ့မလျှော့ မပေါ့မဆ ထက်သန်သော သတိတရားဖြင့် ကုသိုလ်ကောင်းမှုတရားတို့ကို ပြုကာ နေရစ် ကြကုန်လော့ ချစ်သားတို့”ဟု သူ၏ တပည့်သားများကို နောက်ဆုံးသြ၀ါဒစကားကို မိန့်ကြားတော်မူခဲ့ခြင်းပေ သည်။ သတိတရားသည်ကား ပိုသည်မရှိ အမြဲတမ်းလိုနေသည်သာဖြစ်သည်။ မြတ်ဗုဒ္ဓက
“သတိရှိခြင်းသည် မသေရာနိဗ္ဗာန်သို့ ရောက်ရာ ရောက်ကြောင်းနည်းလမ်းကောင်းပါပေတည်း။ သတိမေ့ လျှော့ခြင်းသည်ကား သေခြင်းတရားဆီသို့ သွားရာလမ်းကြောင်းပါပေတည်း။ မမေ့မလျှော့သတိရှိကြသော သူတို့သည်ကား မသေတော့ပေ။ သတိမရှိကြသော သူတို့သည်ကား သေသော သူများကဲ့သို့ ဖြစ်ကြပါပေကုန်၏။
သတိတရားသည်ကား အဆုံးတွင် ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန် နိဗ္ဗာန်ကိုပင် ပို့နိုင်ပါပေ၏။ အဘယ်သို့ ပို့နိုင်ပါသနည်းဟူမူကား မိမိ၏ ခန္ဓာကိုယ်ကို သတိမပြတ်စောင့်ကြည့်မည်ဆိုလျှင် ခန္ဓာကိုယ်၏ ဖြစ်မှု ပျက်မှု သဘောတရားတို့ကို သိမြင်ကာ၊ သဘောမှန်ကို သိမြင်မှန်သော ယထာဘူတဥာဏ်၊ ခန္ဓာကိုယ်၏ ဖြစ်ပျက် သဘောတို့ကို ရွံမုန်းသော နိဗ္ဗိန္ဒဥာဏ်၊ ဖြစ်ပျက်ဆုံးသွားသော မဂ်ဥာဏ်တို့ကို ရရှိမည်ဖြစ်ပေသည်။ စာရှုသူ အပေါင်း သတိရှိပြီး နိဗ္ဗာန်သို့ ရောက်နိုင်ကြပါစေသတည်း။