Pages

Wednesday, September 2, 2009

“အကျွန်ုပ်တို့ရွာမှ ပညာရှိ မောင်ဂွတို”

အကျွန်ုပ်တို့ရွာ၌ မောင်ဝင်းညွန့်ဦးဆိုသော လူငယ်တစ်ယောက်ရှိသည်၊ သူသည် အရပ်အလွန်ပုသည်၊ သို့ဖြစ်၍ ရွာဦးကျောင်းဆရာတော်သည် သူ့ကို “ဂွတို”ဟူ၍ နာမည်သစ်ပေးလိုက်လေသည်၊ ထိုအချိန်မှ စ၍ ရွာသူရွာသားများကလည်း သူ့ကို “ဂွတို”ဟူ၍ပင် ခေါ်ဆိုကြလေသည်၊ ဤနေရာ၌ မောင်ဂွတို၏ အရည်အသွေးကို အနည်းငယ်ပြောပြပါရစေ၊ မောင်ဂွတိုသည် ငါးနှစ်သားအရွယ်တွင် စာပေပညာသင်ကြားရန် သူ့၏ အမေဖြစ်သူဒေါ်ထွေးမှ ရွာဦးကျောင်းဆရာတော်ထံတွင် လာရောက်အပ်နှံသွားလေသည်၊ သူသည် အလွန်အင်မတန်မှ ဥာဏ်ထိုင်းသည်၊ မောင်ဂွတိုလက်ထက် အကျွန်ုပ်တို့ရွာတွင် ကျောင်းထိုင်တော်မူသွားသော ဆရာတော်များသည် သုံးပါးရှိပြီဖြစ်လေသည်၊ သို့သော်မောင်ဂွတို၏ ပညာအရည်အသွေးသည်ကား“ကကြီရေက ကကြီးရေးချကာ” မှ တက်မလာပေ၊ သင်ပုန်းကြီးနှင့်ပင် လည်ထွက်နေသည်၊ ဘုန်းကြီးသုံးဆက်ပင် ရှိသွားပြီးဖြစ်လေသည်၊ သို့ဖြစ်၍ သူ့၏ အမေဖြစ်သူ ဒေါ်ထွေးသည်
“ငါ့သားလေး စာမတတ်တာ ဘုန်းကြီးကျောင်းထားလို့ဖြစ်မှာ” ဟူသော အတွေးဝင်လာလေသည်၊ ထို့ကြောင့် ဒေါ်ထွေးသည် သားဖြစ်သူကို အစိုးရ စာသင်ကျောင်းသို့ ပြောင်းထားလေသည်၊ သူသည် ဆရာမများထံ သူသားကို အပ်နှံရာ၌
“ဆရာမရယ်! ကျမသားလေး ဘုန်းကြီးကျောင်းထားတာ စာမတတ်လို့ ၊အဲဒါ ဆရာမဆီကို လာအပ်တာပါ” ဟူ၍ ဆရာတော်များကိုပင် အပြစ်ပြောလိုက်သေးသည်၊ သို့ဖြစ်၍ ဆရာမသည် မောင်ဂွတိုအား တစ်နှစ်လောက် စာသင်လိုက်သေးသည်၊ သို့သော် “က, ခ,”စသည်က တက်မလာပေ၊ ဆရာမလည်း မောင်ဂွတိုကို စာသင်ရသည်မှာ စိတ်ညစ်လာသည်၊သို့ဖြစ်၍ သူမသည် မောင်ဂွတိုကို သူ့အမေလက် ပြန်အပ်လိုက်ရလေသည်၊ထိုစဉ် အကျွန်ုတို့ရွာသို့ ကျောင်းထိုင်ဆရာတော်အသစ်တစ်ပါးရောက်ရှိလာလေသည်၊ ထိုဆရာတော်သည် ဥာဏ်ကောင်းသည်၊ ပညာတတ်သည်၊ စည်းကမ်းကောင်းသည်၊ စာသင်ရာတွင်လည်း အလွန်တော်သည်၊ သို့အတွက်ကြောင့် ဒေါ်ထွေးသည် သူ့သား မောင်ဂွတိုကို ပညာတတ်ကြီးတစ်ယောက်ဖြစ်လာစေရန် ထိုဆရာတော်အသစ်ထံ အပ်နှံလေပြန်သည်၊ မောင်ဂွတို၏ အကြောင်းကိုလဲ ရွာအတွင်းမှ ဒကာ ဒကာမများလျှောက်ထားပြီးဖြစ်၍ ဆရာတော်ကြိုတင်သိရှိနေပြီး ဖြစ်လေသည်၊ သူ့ကို လာအပ်စဉ်က ဆရာတော်က
“ဒကာမကြီးဒေါ်ထွေးရေ! ကျုပ်နဲ့ တွေ့ရင် ဒကာမကြီးရဲ့သား ပညာတတ်တစ်ယောက်ဖြစ်ပြီလို့သာ အောက်မေ့လိုက်တော့”ဟူ၍ ဆရာတော်သည် အားကြိုးမာန်တက်ပြောလိုက်သေးသည်၊ ဆရာတော်သည် မောင်ဂွတိုကို ဖိဖိစီးစီး စာသင်ပေးလိုက်လေသည်၊ သင်ပုန်းကြီးကုန်၍ ငါးပါးသီလအနက်ပေးအထိ ရောက်ရှိလာလေပြီ ဖြစ်သည်၊ ဆရာတော်လည်း သူ့ကိုသူ ဂုဏ်ယူနေသည်၊ မောင်ဂွတိုသည် သူ့လက်ထက်တွင် ပညာအရည်အသွေးမြင့်လာလေပြီးဖြစ်လေသည်၊တစ်ည ဘုရားဝတ်တက်ပြီးနောက်ဆရာတော်သည် သူ့၏ တပည့်ကျော်ကိုရင်များကို ငါးပါးသီလအနက်(ငါးပါးသီလအဓိပ္ပာယ်) ကို တစ်ပါးစီပြောခိုင်းလေသည်၊ မောင်ဂွတိုအလှည့်ရောက်သော အခါ “အဗြဟ္မစရိယာ” ပါဠိပုဒ်ကို အနက်ပေးခိုင်းလေသည်၊ အဓိပ္ပယ်ပြောခိုင်းလေသည်။ မောင်ဂွတို၏ အနက်ပေးလိုက်သည်ကား(အဓိပ္ပယ်ပြောလိုက်သည်ကား)
“အဗြဟ္မစရိယာ၊ မေထုန်နွားတို့ကို တပိုးကောက်ခြင်းမှ” ဟူ၍ ပညာရှင်များမှတ်သားစေရန် အနက်ပေးလိုက်(အဓိပ္ပယ်ပြောလိုက်)လေသတည်း၊ “အဗြဟ္မစရိယာ၏ အနက်အမှန် အဓိပ္ပာယ်မှန်သည်ကား မမြတ်သော မေထုန်အကျင့်တို့ကို ကျင့်ခြင်းမှ” ဟူ၍ပင်ဖြစ်လေသတည်။ ဤသည်ကား မောင်နကြီး မောင်ဂွတိုနှင့်ပတ်သက်သော အကြောင်းပေတည်။
ဤသည်နှင့်စပ်၍ ပုံပြင်လေးတစ်ပုဒ်ရှိလေသည်၊
တခါက စာမတတ်သော မိသားစုတစ်စုရှိလေသည်၊ ထိုမိသားစုမှာ မိဘနှစ်ပါး၊ သားတစ်ယောက်ဟူ၍ သုံးယောက်သာရှိလေသည်၊ မိဘနှစ်ပါးသည် စာမတတ်ကြပါ၊သို့သော်သူတို့သည် သူတို့၏သားလေးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်သည်၊ သို့ဖြစ်၍ ငယ်ငယ်ရွယ်ရွယ်မှာပင် အတန်းကျောင်းကို ပို့ထားလေသည်၊ တစ်နေ့ ဖခင်ဖြစ်သူက သူ့သား စာဘယ်မျှလောက်တတ်ပြီလဲဆိုသည်ကို သိလိုသည့်အတွက် “ငါ့သား ကျွဲကို စာလုံးပေါင်းပြစမ်းပါ”ဟုမေးလေသည်၊ ထိုအခါ သားဖြစ်သူက
“အဖေကလဲ သားက ကျောင်းနေတာမှ မကြာသေးတာ ဘယ်လိုလုပ်ပြီး ကျွဲကို စာလုံးပေါင်းတတ်မှာလဲဗျ” ဟု အကြောင်းပြလာလေသည်၊ ဤတွင် ဖခင်ဖြစ်သူက
“မင်းကလဲ ကျွဲတောင် စာလုံးပေါင်းမရဘူး၊ ငါ့ ပေါင်းပြမယ်၊ နားထောင်၊ ကျွဲရေးချကျွဲ”တဲ့ ၊ထိုအခါ ဇနီးမယားဖြစ်သူက အောက်ပါအတိုင်း ပြောလိုက်လေသည်။
“တော်က ကျွဲစာလုံးပေါင်းရမှာပေါ့၊ လူကြီးကိုး” တဲ့၊ မိမိကောက်ချက်ချမိလိုက်သည်ကား
“အော် ဒီမိသားစုထက်သာရင် ဒို့ရွာက ပညာရှိကြီးမောင်ဂွတိုကမှ တော်သေးဟ”ဟူ၍သာဖြစ်လေသတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့