Pages

Saturday, September 5, 2009

“အဲဒီဘုန်းကြီးဆွမ်းမလောင်းဘူး”


အကျွန်ုပ်တို့၏ ရွာ၌ မဌေးဆိုသော အပျိုကြီးတစ်ယောက်ရှိလေသည်၊ သူမသည် အရပ်(၅)ပေ ခြောက်လက်မ ခန့်ရှိမည်ထင်၏၊ သူမသည် အလွန်လှပသည်၊ မာနကြီးသည်က တစ်ချက်၊ မိဘများက သူမ လိုချင်သော အမျိုးသားနှင့် မပေးစားသည်က တစ်ချက်၊ ဤသို့သော အကြောင်းများကြောင့် အသက်လေးဆယ်ကျော်ထိ အပျိုကြီးဘ၀ဖြင့် နေခဲ့ရသည်၊
တစ်နေ့ ရွာမှ သူမထက်အသက်ငယ်သော သူမအိမ်တွင် လုပ်ငန်းကိစ္စများကို ၀ိုင်းဝန်းလုပ်ကိုင်ပေးနေသော လူပျိုကြီးကိုဝင်းအောင်နှင့်ချစ်ကြိုက်သွားကြလေသည်၊လူပျိုကြီးဆိုသော်လည်းအပျိုကြီးမဌေးထက်အသက်ငယ်သည်၊
အပျိုကြီးမဌေးသည် ဤအကြောင်းကို မိဘများကို ဖွင့်ပြောလေသည်၊ မိဘများသည် တဖက်ကောင်လေးက ဆင်းရဲတော့ သဘောမတူခဲ့ပေ၊ သူတို့ကတော့ သူတို့ကိုယ်သူတို့ မီလျယန်နာတွေလို့ ထင်ကောင်းထင်နေမှာပေါ့၊
သူတို့မှာ လယ်ဆယ်ဧကလောက်နှင့် နွားနှစ်ကောင်ရှိကြတာကိုး၊ ဒီတခါက အပျိုကြီးမဌေး စွန့်စားလေပြီ၊ သူမကြိုက်နှစ်သက်သော ကိုဝင်းအောင်နောက်လိုက်ပြေးလေတော့သည်၊
မီလျယန်နာမိဘများက ဆင်းရဲသားလေးနောက် လိုက်ပြေးရမလားဆိုပြီ အမွေပြတ်၊ သေခန်းပြတ် သမီးအဖြစ်မှ စွန့်လွှတ်လိုက်လေသည်၊
အပျိုကြီးမဌေး ချစ်လို့သာ ရည်းစားနောက်လိုက်ပြေးသည်၊ ဟိုမှာ နေစ၇ာက ကောင်းကောင်းမရှိ၊ အိမ်နောက်ဖေး အဖီတဲလေးထိုးပြီးနေကြရသည်၊
အခန်းလေးကကျဉ်းတော့ အပျိုကြီးမဌေးခမျာ အသက်ရှုတောင် ၀မယ်မထင်၊ ဒီလိုနှင့် ဆင်းဆင်းရဲရဲ ဇနီး မောင်နှံနှစ်ယောက်နေလာကြသည်၊
ကြာတော့ အပျိုကြီးမဌေး ရောဂါစွဲကပ်လာပြီ၊ ရောဂါစွဲကပ်လာတော့ မိဘထံပြန်လိုသော စိတ်များဖြစ်ပေါ် လာသည်၊ သူမကိုယ်တိုင်လဲ သွားမပြောရဲ၊
သို့နှင့် ရပ်ရွာမှ လူကြီးများကို အပူကပ်လေတော့သည်၊ ရပ်ရွာလူကြီးများသည်လည်း အပျိုကြီးမဌေး၏ မိဘများဖြစ်ကြသော ဦးခင်မောင်+ဒေါ်ဝင်းတို့ကို သွားရောက်၍ ကလေးနှစ်ယောက်ကို ပြန်လက်ခံရန်အတွက် ဖြောင့်ဖြပြောဆိုကြလေသည်၊ ဦးခင်မောင်က လက်မခံနိုင်ကြောင်း ငြင်းရုံမျှမက လူကြီးများကိုပင် ငေါက်ငန်းလွှတ်လိုက်လေသည်၊ သို့ဖြစ်၍ လူကြီးများလည်း စိတ်ညစ်ပြီ ပြန်လာခဲ့ကြရလေသည်၊ သူသမီးကိစ္စနှင့် ပတ်သက်လျှင်အိမ်အရိပ်ကိုပင် လာမနင်းနဲ့ ဟူ၍ပြောလွှတ်လိုက်သေးသည်၊ အပျိုကြီးမဌေးလဲ မိဘများထံပြန်လည်ကပ်ရန်အတွက် အမျိုးမျိုးကြိုးစားခဲ့သည်၊ မအောင်မြင့်ခဲ့ပါ၊ တစ်နေ့ လသာသောည တစ်ည၌ အကျွန်ုပ်သည် ကျောင်းသား ကိုရင်များအား ပုံပြင်ပြောပြနေလေသည်၊
ထိုအချိန်တွင် အပျိုကြီးမဌေးတို့ ဇနီးမောင်နှံနှစ်ယောက် အကျွန်ုပ်ထံရောက်ရှိလာလေသည်၊ အကျွန်ုပ်လည်း
“ဒကာမကြီးမဌေး ဘာအရေးကြီးကိစ္စရှိလို့ ညကြီးမင်းကြီး ဦးဇင်းဆီရောက်လာတာလဲ” ဟု မေးလိုက်လေသည်၊ ထိုအခါ အပျိုကြီးမဌေးက
“တပည့်တော်တို့နှစ်ယောက်ကို အိမ်မှာ ပြန်နေခွင့်ပေးဘို့ အမေနဲ့ အဖေကို ပြောပေးပါလား ဦးဇင်းရယ်“ တဲ့၊ ဤတွင်မိမိက
“ဒကာမကြီးမဌေး မလွယ်ဘူးထင်တယ်နော်၊ ခင်ဗျားရဲ့ အဖေ အမေအကြောင်းလဲ ခင်ဗျားသိသာနဲ့ ၊ ကျုပ်က ခင်ဗျားအဖေကို သွားပြောမယ့်အစား ကျားမြီးတောင်သွားဆွဲလိုက်ချင်သေးတယ်” ဟူ၍ မိမိကပြောသောအခါ
“ဦးဇင်းရယ် တပည့်တော်တို့မှာ ဆင်းဆင်းရဲရဲနေနေရတယ်၊ တပည့်တော်တို့ကို သနားသောအားဖြင့် သွားပြောပေးပါ” ဟူ၍ အတင်းပြောလာ အသနားခံလာလေတော့ မိမိလဲ တဖက်သားကို သနားတတ်သူပီပီ
”အေးဗျာ ဒါဆိုလဲ သဘက်ခါကျမှ သွားပြောပေးပါမယ်၊ “ဟူ၍ ၀န်ခံလိုက်လေသည်၊ ထိုကိစ္စကို မိမိမှ သွားရောက်၍ မပြောရသေးပါ ၊ထိုသတင်းဟာ ဒါယကာကြီး ဦးခင်မောင်ထံ ရောက်ရှိနေပြီဖြစ်လေသည်၊ ဒီနေ့ညတော့ ငါပြောမယ်လို့ဝန်ခံထားသည့်ညရောက်လာလေပြီး၊
သို့ဖြစ်၍ မိမိသည်လည်း သင်္ကန်းသေချာဝတ်ရုံပြီး ဒကာကြီးဦးခင်မောင်တို့ အိမ်ဘက်ဆီသို့ ချီတက်သွား လေသည်၊ အဝေးက မိမိလာနေသည်ကို မြင်သော ဒါယကာကြီး ဦးခင်မောင်သည်
”ငါ့သမီးကိစ္စကို ဘယ်ကောင်လာပြောပြော လက်မခံနိုင်ဘူး၊ ဘယ်ဘုန်းကြီးပြောပြောလက်ခံနိုင်ဘူး၊ အကယ်၍ ဘုန်းကြီးလာပြောရင်လဲ အဲဒီဘုန်းကြီးကို ဆွမ်းမလောင်းဘူး”
ဟူ၍ မိမိကြားအောင် အော်ပြောလိုက်လေသည်၊ ထိုအသံကို ကြားလိုက်ရသောအခါ အကျွန်ုပ်၏ ခြေလှမ်းများသည် ရှေ့သို့တက်ရန် အင်အားများမရှိတော့ပါ၊ သို့ဖြစ်၍ နောက်သို့ ပြန်လည် ဆုတ်ခဲ့ရလေသည်၊ ထိုအခါ
“အော် မောင်ဇ၀န! ကိုယ့်ကျောင်းမှာကို အသာမနေဘဲ သူများကိစ္စ၀င်ရှုပ်တာ၊ အပြောခံရနည်းသေး၊ မင်းကို ဒုတ်နဲ့ပစ်မလွှတ်တာ ကံကောင်းလို့မှတ်“ဟူ၍ မိမိကိုယ်ကို မိမိ ငေါက်ငန်းနေမိတော့သည်။
အပျိုကြီးမဌေးလဲ မျှော်လင့်ချက်နှင့် အကျွန်ုပ်ထံရောက်ရှိလာသည်၊ အကြောင်းစုံကို ပြောပြလိုက်တော့ သူမလဲ စိတ်ပျက်ပြီး ပြန်သွားလေတော့သည်၊ ဒီလိုနှင့် သူတို့ဇနီးမောင်နှံပေါင်းလာလိုက်သည်မှာ တစ်နှစ်ခန့်ရှိလာ လေသည်၊ စီးပွားတော့ တက်မလာပါ၊ သမီးလေးတစ်ယောက်တော့ ထွန်းကားလာခဲ့သည်။ သမီးဖြစ်သူ မဌေးမှ သမီးလေးမွေးဖွားတယ်လို့ သတင်းကြားလိုက်ရသော ဒကာကြီးဦးခင်မောင်နှင့် ဒကာမကြီးဒေါ်ဝင်းတို့သည် သူတို့၏ မြေးလေး ဘယ်လောက်ချော ဘယ်လောက်လှသလဲ ဆိုတာကို ကြည့်လိုကြသည်၊ သို့ဖြစ်၍ ဘေးအိမ်မှ တစ်ဆင့် မြေးလေးကို ခိုးတွေ့ကြသည်၊ကြာလာတော့ မြေးသံယောဇဉ်ကြောင့် သေခန်းပြတ်ဟူ၍ပြောဆိုနေ ကြသော ဒကာကြီး ဦးခင်မောင်နဲ့ ဒကာမကြီးဒေါ်ဝင်းတို့သည် သမီးနှင့် သမက်ကို လက်ခံလိုက်လေ တော့သတည်း၊ သူတို့ မိသားစုတွေကတော့ အဆင်ပြေသွားကြပြီ၊ အကျွန်ုပ်မှာတော့
“ဒကာကြီးဦးခင်မောင်ရေ! 'ဘယ်ဘုန်းကြီးပြောပြော လက်မခံနိုင်ဘူး၊ အကယ်၍ ဘုန်းကြီးလာပြောရင်လဲ အဲဒီဘုန်းကြီးကို ဆွမ်းမလောင်းဘူး' ဟူသော ဒကာကြီးရဲ့ ရက်ရက်စက်စက် ပြောလိုက်သော စကားသံများမှာ နားထဲက မထွက်သေးတဲ့ အတွက် အိမ်မပျော် စားမ၀င် ဆိုးဝါးတဲ့ ရောဂါဝေဒနာကြီးကို ခံစားနေရတယ် ဒကာကြီးရေ” ဟူ၍ ပြောလိုက်ချင်ပါတော့သည်။

0 comments:

Post a Comment

 

Go Up အပေါ်သို့