Pages

Monday, September 7, 2009

“ငါမြင်ပါတယ်ကွ”

ကျောက်ပန်းတောင်နယ်အတွင်း ရွာတစ်ရွာ၌ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးရှိလေသည်၊ ထိုဆရာ တော်ကြီးသည် ၀ါတော် (၆၅)၀ါ လောက်ရှိ၍ သက်တော်သည်ကား (၇၅) နှစ်လောက်ရှိမည်ထင်ပါ၏၊ ကျန်းမာရေး ကောင်းသည်၊ ဆရာတော်သည် အလွန်ရိုးသားသည်၊ ဆရာတော်၏မျက်စိကတော့ အတော်မှုန်နေပြီဖြစ်သည်၊ ကောင်းကောင်းမမြင်ရတော့ပါ၊ သို့သော် ဆရာတော်သည် ဘယ်သောခါမျှ မမြင်ဘူးဟူ၍ ၀န်ခံလေ့မရှိပါ၊ ခပ်တည်တည်ဘဲ မြင်သလို ဟန်ဆောင်ကာ နေလာခဲ့သည်၊ တစ်နေ့ အကျွန်ုပ်သည် ထိုရွာသို့ ရောက်ရှိသွားသည်၊ အကျွန်ုပ်သည် ထိုရွာမှ သူငယ်ချင်းဦးဇင်းများ, ဒါယကာကြီးများနှင့် စကားပြောနေလေသည်၊ ထိုစဉ် ဆရာတော်ကြီး သည် အပြင်မှ ရေချိုးပြီး ကျောင်းအတွင်းသို့ ၀င်လာလေသည်၊ ဆရာတော်သည် မျက်စိကမှုန်နေလေတော့ ကျောင်းအတွင်းထိုင်နေသော ဦးရန်ပကို တက်နင်းမိတော့ မလိုဖြစ်သွားသည်၊၊ ဤတွင် ဒါယကာများက
“ဘုန်းကြီး ရှေ့မှာ ဦးရန်ပ တက်နင်းမိအုံးမယ်” ၀ိုင်းဝန်းအော်လျှောက်ထားကြလေသည်၊ ထိုအခါ ဆရာတော်က
“မြင်ပါတယ်ကွ၊ ဒီ ရန်ပဆိုကောင် အများသွားတဲ့ လမ်းပေါ်ထိုင်နေလို့ တမင်သက်သက် တက်နင်းမလို့ကွ” ဟု ခပ်တည်တည်နှင့် ပြောလိုက်လေသည်၊ ဒကာများကလဲ ဆရာတော်နောက် ဖော်လိုလိုက်ကာ
“ဟုတ်တယ်ဘုရား ဦးရန်ပကလဲ လမ်းပေါ်ထိုင်နေတာ တက်သာနင်းပစ်ဆရာတော်”ဟု ပြောကာ ဟားတိုက်ရယ်ကြလေတော့သတည်း၊
တစ်နေ့ ထို ဆရာတော်ကြီးသည် မိမိတို့ ရွာသို့ အလည်ကြွတော်မူလာလေသည်၊ ထိုအချိန် မိမိ၏ ရွာကျောင်းဆရာတော်သည်ကား မရှိပေ၊ သို့ဖြစ်၍ မိမိသည် ဆရာတော်ကြီးအား ၀တ်ကြီးဝတ်ငယ်ပြုနေရလေသည်၊ တစ်နာရီလောက်စကားပြောပြိးနောက် ဆရာတော်ကြီးက
“ဇ၀နရေ ငါကုဋီသွားချင်တယ်ကွာ(ငါအိမ်သာ သွားချင်တယ်ကွာ) ဘယ်နားမှာလဲ ဟု မေးလေသည်၊ မိမိက
“ဆရာတော် အိမ်သာက ဆွမ်းစားကျောင်းမြောက်ဘက်မှာ၊ အနည်းငယ်ဝေးတယ်၊ ဆရာတော်က မျက်စိမှုန်တော့ မြင်မှာမဟုတ်ဘူး၊ တပည့်တော်လိုက်ပို့ပေးမယ်၊” ဤတွင် ဆရာတော်က
“မြင်ပါတယ်ကွ၊ ငါဘာသာ ငါသွားမယ်၊ နေပါစေ”လို့ မိန့်တော်မူလေသည်၊ သို့ဖြစ်၍ မိမိလဲ လိုက်မပို့တော့ပေ၊
သိပ်မကြာလိုက်ပါ ဆရာတော်၏ “အား” ဟူသော စူးစူးရှရှ အော်သံကို ကြားလိုက်ရသည်။ သို့ဖြစ်၍ အကျွန်ုပ်သည် ဆရာတော်နောက်သို့ ပြေးလိုက်သွားသည်။ မြင်ပါတယ်ကွလို့ ပြောသော ဆရာတော်ကြီးသည် အိမ်သာထဲရှိ အိမ်မက်ကမ္ဘာထဲ နက်မျောနေသော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ခွေးနက်ကို တက်နင်းလိုက်လေသည်၊ ထိုအခါ ခွေးနက်သည် ဒေါသတကြီး ဆရာတော်၏ ပေါင်းကို ဖြတ်ကိုက်ပစ်လိုက်လေသည်၊ ထို့ကြောင့် ဆရာတော်ကြီး၏ နက်ရှိုင်း စူးရှသော အသံကြီးသည် ပေါ်ထွက်လာခြင်းဖြစ်ပါပေသည်၊ထိုနေ့ ထိုအချိန်ခါမှစ၍ ဆရာတော်ကြီးသည် မိမိတို့ကျောင်းကို စိတ်နာပြီး “တော်ပြီးကွာ မင်းတို့ကျောင်းကို ဘယ်တော့မှ မလာတော့ဘူးကွား”ဟု ပြောပြီး ထွက်သွားလေတော့သတည်း။
သို့သော် ဆရာတော်ကြီးသည် သူ၏ မြင်ပါတယ်ကွ ဆိုသော အပြောကို တော့ လျှော့မှာ မဟုတ်တော့ ကြောင်းအကျွန်ုပ် ကောင်းကောင်းသိလိုက်ရပေသည်၊ တစ်နေ့ အကျွန်ုပ်သည် ဆရာတော်ကြီးရွာသို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိသွားလေသည်၊ ထိုအချိန်၌ ဆရာတော်ကြီးသည် မျက်စိခွဲထားလေသည်၊ သို့ဖြစ်၍ အကျွန်ုပ်သည်
“ဆရာတော် မျက်စိအခြေအနေ ဘယ်လိုလဲဟု မေးလျှောက်လိုက်လေသည်၊ ဆရာတော် က
မျက်စီခွဲလိုက်တာ ဟန်ကျတယ်ကွ၊ အပ်ပေါက်က အစ ယခုမြင်နေပြီကွ” တဲ့၊ ဤတွင် အနီးနားရှိနေသော လက်ထောက်ဆရာတော်က မိမိအား လက်ခါပြပြီး
“ဇ၀နရေ! မြင် မမြင်တော့ ငါမပြောလိုဘူး၊ ဆရာတော်နဖူးက ဒဏ်ရာတွေသာကြည့် ၊ မြင်တယ်ဆိုပြီ တစ်ပါးတည်းသွားလို့ တိုင်တွေနဲ့ တိုက်ထားလေ၊ နည်းတာမဟုတ်ဘူး၊”တိုးတိုးလေးလေးပြောပြလေသည်၊ ဤသို့ ပြောလိုက်မှ မိမိသဘောပေါက်လိုက်သည်၊ ဆရာတော်သည်ကား သူ၏ မြင်ပါတယ်ကွဆိုသော အယူအဆကို အသက်ထင်ရှားရှိနေသ၍ ပြောနေအုံးမှာဖြစ်လေတော့သတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့