တစ်နေ့ အကျွန်ုပ်သည် ဥပုသ်သည် ဒါယကာမကြီးများနှင့် အလ္လာပ သလ္လာပစကားပြောနေလေသည်၊ ထိုစဉ် ရွာအတွင်းမှ မခင်ဌေးဝင်အမည်ရှိသော အမျိုးသမီးသည် အကျွန်ုပ်ထံသို့ ပြာပြာနှင့် ရောက်ရှိလာသည်၊ သို့နှင့် အကျွန်ုပ်သည်
“ဟ မခင်ဌေးဝင် ပြာပြာနဲ့ ဘာဖြစ်လာသလဲ” လို့ မေးလိုက်လေသည်၊ထိုအခါ မခင်ဌေးဝင်းသည်
တပည့်တော်မရဲ့ ယောက်ကျားကို သေသွားတဲ့ ကိုစိန်ဝင်းက ၀င်ပူးနေလို့ပါဘုရား၊ အဲဒါဦးဇင်း အန္တရာယ်ကင်း ပရိတ်တရားရွတ်ပေးပါအုံးဘုရား၊” ဟုလျှာက်လာလေသည်၊ သို့ဖြစ်၍ မိမိသည် လိုက်ရွတ်ပေးပါမည်ဟု ၀န်ခံကတိပေးလိုက်လေသည်၊ သေသွားသော ကိုစိန်ဝင်းဟူသည်ကား မခင်ဌေးဝင်း၏ အမဖြစ်သူ မတင်ဝင်း၏ ယောက်ကျားဖြစ်လေသည်၊ မခင်ဌေးဝင်း၏ ယောက်ကျားသည်ကား ကိုအောင်ခင်ဖြစ်သည်၊ ကိုစိန်ဝင်းသည် ကိုအောင်ခင်ကို ၀င်ပူးနေလေသည်၊ သို့နှင့် အကျွန်ုပ်လည်း ကျောင်းက ဦးဇင်းတစ်ပါးခေါ်ကာ လိုက်သွားလေသည်၊အိမ်ရောက်သောအခါ အကျွန်ုပ်အခြေအနေကို ကြည့်လိုက်သည်၊ မခင်ဌေးဝင်းယောက်ကျား ဖြစ်သော ကိုအောင်ခင်သည် သေသွားသူ ကိုစိန်ဝင်း၏ မိန်းမဖြစ်သူ(မတင်ဝင်း)ကို အတင်းဖက်ပြီး ငိုယိုပြောနေလေသည်၊ သူပြောသည်က
“မိန်းမရယ် ငါဟာ ယခုအခါ သရဲ(တစ္ဆေ)ဖြစ်နေရတယ်၊ ရွာရဲ့အနောက်ဖက်က သုဿန်မှာနေရတယ်၊ စားစရာမရှိ၊ မင်းနဲ့ ငါ့သားလေးတွေကို လွမ်းလိုက်တာ၊ဒါကြောင့် ငါ ဒီကို ရောက်လာတာ” ဟုပြောပြီ ကလေးနှစ်ယောက်ဖက်လိုက်၊ မတင်ဝင်းဖက်လိုက်ပေါ့၊ အခြေအနေက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေသည်၊ မိမိလည်း ရောက်လျှင်ေ၇ာက်ချင်း
“ကဲ ဒကာကြီး ဒကာမကြီးတို့ သီလယူကြရအောင်၊ ရတနာသုံးပါးကန်တော့ကြပါ၊” ဟု တိုက်တွန်းလိုက်လေသည်၊ သီလပေးပြီ၊ အကျွန်ုပ်တို့သည် ပရိတ်စတင်ရွတ်ကြလေသည်၊ မိမိတို့ ကျက်မှတ်ထားသော ပရိတ်ကြီး(၁၁)သုတ်သာ ကုန်သွားသည်၊ ကိုစိန်ဝင်းကလဲ မထွက်သေး၊ ကိုအောင်ခင်ကလဲ မတင်ဝင်းနှင့် သူ့မသားတွေကို အတင်ဖက်ပြီး ငိုယိုကာ အလွမ်းသည်နေလေသည်၊ အကျွန်ုပ်လည်း အလွန်စိုးရိမ်လာသည်၊ အကယ်၍သာ ကိုစိန်ဝင်းထွက်မသွားပါက အကျွန်ုပ်တို့သည် အရှက်တကွဲ အကျိုးနည်း အခြေအနေသို့ ရောက်ရှိလာပေတော့မည်၊လူတွေကလဲ ၀ိုင်အုံကြည့်နေကြသည်၊ အကျွန်ုပ်လည်း ချွေးဇောများပင် ပြန်လာတော့သည်၊ ကိုအောင်ခင်ကတော့ မတင်းဝင်းကို ဖက်မြဲဖြစ်သည်၊ ကိုအောင်ခင်သည် အရက်ကို အလွန်အမင်းသောက်လေ့ရှိသည်၊ အကျွန်ုပ်ပါးစပ်မှ ရုတ်တရက်
“မတင်ဝင်းရေ! ဦးဇင်းတို့လဲ တတ်သမျှ မှတ်သမျှ အကုန်ရွတ်ဖတ်ပေးပြီးပြီ၊ ခင်ဗျားယောက်ကျား ကိုစိန်ဝင်း ၀င်ပူးတာတော့ ဟုတ်မယ်မထင်ဘူး၊ ကျုပ်အထင်တော့ ကိုအောင်ခင် အမူးလွန်ပြီး ဖြစ်တဲ့ကိစ္စလို့ ဦးဇင်းထင်တယ်”ဟူ၍ ပြောလိုက်သောအခါ သေသွားသော ကိုစိန်ဝင်း၏ ၀င်ရောက်ပူးဝင်ခြင်းကို ခံနေရသော ကိုအောင်ခင်သည် မိမိအား
“ဦးဇင်း တပည့်တော်အဲဒီလောက်မမိုက်ရိုင်းဘူး၊”ဟု ဒေါသတကြီးမိမိအား ပြန်ပြောကာ ပရိသတ်ကြားမှ ရှက်ကိုးရှက်ကန်း တိုးထွက်ပြီး ယိုင်ထိုးယိုင်ထိုးနှင့် သူ့အိမ်ဘက်ဆီသို့ ထွက်သွားလေတော့သတည်း၊ ထိုအခါ ရွာမှ လူကြီးတွေကလဲ
“အောင်ခင်ဆိုတဲ့ကောင် ကိုယ်ဘာသာမူးတဲ့ကိစ္စ တင်ဝင်းမိသားစုကို ဒုက္ခလာပေးတယ်၊ ဒီကောင် တော်တော်ဆိုးတဲ့ ကောင်”ဟူ၍ တီးတိုးတီးတိုးပြောသွားကြသည်။ မိမိသည်လည်း
“ပရိတ်ကြီး(၁၁)သုတ်ရွတ်ဖတ်ထားသော အကျွန်ုပ်၏ ပါးစပ်သည်ကား တော်တော်အစွမ်းထက်ပါကလား” ဟုမိမိကိုယ်ကို မိမိဂုဏ်ယူနေမိတော့သည်။ကိုအောင်ခင်ကတော့ မိမိအား အမုန်းပွားကောင်း ပွားလာနိုင်သည်၊ အဘယ်ကြောင့် ဆိုသော် မိမိသည် သူ့အား အမှန်အတိုင်း လူအများကြားတွင် ပြောလိုက်သောကြောင့်ပေတည်း၊
တစ်နေ့ ထိုအကြောင်းနှင့် ဆက်စပ်၍ အကျွန်ုပ်သည် မိမိဆရာသမားအား လျှောက်ထားမိသည်၊ ဆရာတော်က
“မောင်ဇ၀နရေ! နောင်ဒါမျိုးပေါ်လာလျှင် ပရိတ်မရွတ်နဲ့၊ ဒုတ်တုတ်တုတ်နဲ့သာ ဆော်ပေး၊ ဒါမှ နောက်မပူးရဲတော့မှာကွ၊ အဲဒီလိုမှ မဟုတ်ရင် ၀င်ပူးနေအုံးမှာကွ” ပြတ်သားစွာ မိန့်ကြားတော်မူပါပေသည်။
ဤစကားနှင့်စပ်၍ ပုံပြင်တစ်ပုဒ်ရှိသေးသည်၊ တခါက ဆရာတော်တစ်ပါးနှင့် ကပ္ပိယတို့သည် တောလမ်းအတိုင်း ခရီးထွက်လာကြသည်၊ တစ်နေရာအရောက် ကျွဲတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လေသည်၊ ထိုအခါ ဆရာတော်သည်
“အမောင်ကျွဲ ကျန်းမာပါစေ ချမ်းသာပါစေ”ဟု မေတ္တာပို့နေလေသည်၊ သို့သော် ကျွဲကြီးသည်ကား ဆရာတော်နှင့် ကပ္ပိယကို ဝှေ့ရန် နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုးလာလေသည်၊ ထိုအခါ ကပ္ပိယက အနီးရှိ ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ ထိုကျောက်ခဲဖြင့် ပစ်ပေါက်လိုက်လေသည်၊ ထိုအခါမှ ကျွဲကြီးသည်လည်း တဟုန်ထိုးထွက်ပြေးလေတော့သည်၊ ဤတွင် ဆရာတော်သည်
“အော် ကပ္ပိယကြီးရေ! ကပ္ပိယကြီးရဲ့ ကျောက်ခဲက ဦးဇင်းရဲ့ မေတ္တာထက် အစွမ်းထက်ပါလား”ဟူ၍ ချီးကျူးမိန့်တော်မူလေသည်။ မိမိစဉ်းစားမိသည်ကား
“အော် မိမိဆရာသမားပြောသလို တခါတလေတော့လဲ တရားနဲ့ မ၇ပါးလား၊”ဟူ၍ပင် ဖြစ်လေတော့သတည်း။
ဤစာမျက်နှာ၏ အဆုံးတွင် older post နှိပ်လိုက်ပါ၊ နောက်ထပ်ပုံပြင်များကို တွေ့ရပါလိမ့်မည်။
Thursday, September 3, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment