Pages

Wednesday, September 16, 2009

“ရှုံးခြင်းရှုံး မဟာမြတ်မုနိဘုရားသာရှုံး“

တစ်ခါက တောမှ ဒါယကာကြီးတစ်ယောက်သည် မဟာမြတ်မုနိဘုရားကြီးကို ဖူးရန် မန္တလေးမြို့သို့ ရောက်ရှိလာ သည်၊ သူသည် မဟာမြတ်မုနိဘုရားဖူးရန်နှင့် ဘုရားကြီးကို ရွှေသင်္ကန်းကပ်ရန်ဖြစ်သည်၊သူသည် ဘုရားကြီး အရှေ့မုခ်သို့ရောက်သောအခါ ယောင်လည်လည်ဖြစ်နေသည်၊ ဤသည်ကိုသိသော အမျိုးသမီးတစ်ယောက် သည် သူမ၏ ဆိုင်အတွင်းမှ ထွက်လာပြီး အဘိုးကြီးကို သွားရောက်နှုတ်ဆက်လေသည်၊
“အဘိုး ဘယ်ကလာတာလဲ ၊ ဘယ်မှာတည်းမှာလဲ ၊ ဘာကိစ္စဖြင့် ဒီကိုလာတာလဲ” မေးလေသည်။ထိုအခါ အဘိုးကြီးသည်
“ငါ့မြေးရေ အဘိုးက တောက လာတာ၊ ဘုရားဖူးရင်း ရွှေသင်္ကန်းကပ်ရင်းပေါ့။” ဟုဖြေကြားလေသည်။ ထိုအခါ အမျိုးသမီလေးက
“အဘိုး ရွှေသင်္ကန်းကပ်ရင် သမီးတို့ဆိုင်မှာဘဲ ရနိုင်ပါတယ်၊ သမီးတို့ဆိုင်မှာ တည်းလို့လဲရပါတယ်၊ သမီးတို့က ထမင်းလဲ ကျွေးအုံးမှာပါ” ဟု ပြောသဖြင့် အဘိုးကြီးလဲ ထိုအမျိုးသမီးလေး ခေါ်ရာနောက်ပါသွားလေသည်၊ ထိုအ မျိုးသမီးလေး၏ ဆိုင်၌ တစ်ညတည်း၍ ငွေ (၄၀)ကျပ်တန်ရွှေဆိုင်းတစ်ဆိုင်းကိုလည်း ထိုဆိုင်မှ ၀ယ်ခဲ့လေသည်၊ ထိုခေတ် ထိုအခါက ၄၀ကျပ်သည် အလွန်အင်မတန်မှ တန်ဖိုးကြီးလှလေသည်၊ ထိုအဘိုးကြီသည် ထိုရွှေဆိုင်းတစ်ဆိုင်းကို မဟာမြတ်မုနိဘုရားကြီးကို သွားရောက် ကပ်လှူလေသည်၊ ထိုနောက် သူသည် မန္တလေးမှ ရွာသို့ ပြန်လာခဲ့လေသည်၊ သူသည် ရွာရောက်လျှင် ရောက်ချင်းဘဲ သားသမီးများကို အမျိုးသမီး ကလေးတစ်ယောက်၏ ဆိုင်တစ်ဆိုင်မှာ တည်းခဲ့ကြောင်း၊ ပြီးနောက် ရွှေဆိုင်းတစ်ဆိုင်းကိုလည်း ထိုအမျိုး သမီးကလေးဆိုင်မှ ၀ယ်ယူ၍ မဟာမြတ်မုနိဘုရားကို လှူဒါန်းခဲ့ကြောင်း ၀မ်းသာအားရ ပြောကြားလေသည်။ ဤတွင် သမီးအကြီးက
“အဖေ ရွှေဆိုင်း တစ်ဆိုင်းဘယ်လောက်ပေးခဲ့ရသလဲ”ဟူ၍ မေးလေသည်၊ ထိုအခါ ဖခင်ဖြစ်သူက
“အေး ရွှေဆိုင်းတစ်ဆိုင်းကို (၄၀)ကျပ်ပေးခဲ့ရတယ်”ဟု ပြောကြားလေသည်၊ ဖခင်ဖြစ်သူ၏ အဖြေစကားကို ကြားရသောအခါ သမီးများက
“အဖေတော့ အလိမ်ခံလိုက်ရပြီ၊ ရွှေဆိုင်တစ်ဆိုင်းမှ အလွန်ဆုံး ၃၀ ကျပ်ဘဲပေးရတယ်၊”ဟူ၍ ပြောကြလေ သည်။ ဤတွင် ဖခင်ဖြစ်သူက
“ငါကတော့ လေးဆယ်ကျပ် တန်ရွှေဆိုင်းတစ်ဆိုင်းပေးပါ၊ ဘုရားကြီးလှူဒါန်းချင်လို့ပါ ”လို့ပြောတာဘဲ၊ သူတို့ ညာတာတော့ ငါလဲဘယ်သိမလဲ၊ ငါကတော့ အဲဒီအမျိုးသမီးလေး အိမ်မှာ တစ်ညအိပ်ခဲ့ရတယ်၊ ထမင်းနှစ် နှပ်စားခဲ့ရတယ်၊ ဒါကြောင့် ငါကတော့ မရှုံးဘူး၊ ရှုံးခြင်းရှုံး မဟာမြတ်မုနိဘုရားကြီးသာ ရှုံးတယ်ဟေ”ဟူ၍ ပြောကြားလိုက်လေတော့သတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့